Monday 31 October 2011

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူများထဲ၌ စာချုပ်ပါအချက်နှင့်ငြိစွန်း၍ ပြန်လာရသူများရှိနေ

w75_32
ကိုရီးယားသွားရောက်အလုပ်လုပ်ရန် အထောက်အကူပြုသည့် ဒုတိယအကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲသို့ လာရောက်ဖြေဆိုသူများအား အရှေ့ပိုင်းတက္ကသိုလ်၌ တွေ့ရစဉ်။
ကိုရီးယားနိုင်ငံသို့ EPS ဖြင့် အလုပ်သွားရောက်လုပ်ကိုင်သူများထဲမှ အလုပ်သွားရောက်မလုပ်ကိုင်မီ လုပ်သားနှင့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတို့အကြား ချုပ်ဆိုသည့်စာချုပ်ပါအချက်များနှင့် ငြိစွန်း၍ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးမှ ပြန်လာရသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။  
အစိုးရပြည်ပအလုပ်အကိုင်နှင့်  ကိုရီးယားသမ္မတနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်သားတို့အကြားချုပ် ဆိုသည့်ဝန်ခံစာချုပ်တွင် အသက်လိမ်ညာခြင်း၊ နိုင်ငံကူးလက်မှတ် (pass-port) ပါအချက်အလက်များကို လိမ်ညာခြင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် တရားမ၀င် နေထိုင်ခဲ့ဖူးခြင်း(သို့) ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း၊ အကြောင်းတစ်ခုခုကြောင့် ပြန်လည်စေလွှတ်မှုခံခဲ့ရခြင်းစသည့် အချက်တစ်ခုခုနှင့် ငြိစွန်းခဲ့ပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ထည့်သွင်းချုပ်ဆိုမှုရှိကြောင်း သိရသည်။
''အလုပ်သွားမလုပ်ခင်ကတည်းက စာချုပ်ပါအချက်တွေကိုလည်း သွားမယ့်သူတွေသိအောင် ပြောပြထားတယ်။ ကျွန်တော်တို့ဘက်ကတော့ အလုပ်သွားလုပ်မယ့်သူတွေပြောတဲ့ အတိုင်းသိနိုင်ပေမယ့် ကိုရီးယား လေဆိပ်မှာက လူတွေကို Web Cam  နဲ့ စစ်ဆေးတာဖြစ်တော့ အဲဒီမှာ အရင်က သူတို့အပြစ်လုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆိုတာ ဘယ်လိုမှလိမ်လို့မရဘူး။ အကုန်ပေါ်တာပဲ။ ဒါဆိုရင်တော့ ပြန်လွှတ်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကုန်ကျခဲ့တဲ့ စရိတ်တွေအားလုံး ပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှမကူညီနိုင်ပါဘူး'' ဟု အစိုးရပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီမှတာဝန် ရှိသူတစ်ဦးက ဆိုသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes