Saturday 8 September 2012

မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး

စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ်
       စက်တင်ဘာလ ၇ ရက်နေ့  ည၈နာရီခန့် ကတနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက်စကားဝါ
လမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။

       မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ
အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။

      ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ  ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။ ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ  ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။

    ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။ အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။

       မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ  အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို  တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။






Ref...Myanmar New Now

Tuesday 4 September 2012

ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု

ကာကွယ်ရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ရေး လာမည့် စက်တင်ဘာ ၇ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် (ဓာတ်ပုံ – ဧရာဝတီ)
  သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ၀န်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ၀န်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့သည်။
       သမ္မတရုံး ၀န်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင်
တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့သည်။
အဆိုပါ သမ္မတရုံး ၀န်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်စွာ ဆောင်ရွက်ဖို့ရယ် ၂၀၁၄ ခုနှစ်မှာ စတင်မယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို သီးခြားဆောင်ရွက်ဖို့တွေ ရှိတာကြောင့် ဖွဲ့စည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးများအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးအခွန် ၀န်ကြီး ဦးလှထွန်းတို့ ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
      ထို့အပြင် ဗိုလ်ချုပ် သိန်းဌေး တာဝန်ယူသည့်  မြန်မာ့စက်မှုဖွံဖြိုးရေး ၀န်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမှတ် (၁) နှင့် (၂) ကိုလည်း ပြန်လည်ပေါင်းစည်းကာ ၀န်ကြီးတဦးတည်းမှ ကိုင်တွယ်စေခဲ့သည်။ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးတဦးတည်းမှ ပူးတွဲတာဝန်ယူရသည့် ၀န်ကြီးဌာနများကိုလည်း ခွဲထုတ်ကာ ၀န်ကြီးတဦးချင်း သီးသန့်တာဝန်ယူစေသည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် တပ်မတော် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးရေး ခန့်အပ်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်အဖြစ် လက်ရှိ သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရေးအား လာမည့်သောကြာနေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

Ref, ဧရာဝတီသတင်းဌာန

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes