Saturday 11 February 2012

အလုပ်ရုံမီလောင်မှု ဖြစ်ပွါး

   ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထိုင်းယူနီယမ်အလုပ်ရုံတွင် ယနေ့  11.02.2012 ရက်နေ့ နေ့ လည် 14း00 ခန့်တွင် မီးလောင်မှု တစ်ခုဖြစ်ပွါးခဲ့ပါသည်။
   ထိုင်းယူနစ်အလုပ်ရုံတွင် မြန်မာ အလုပ်သမား 8000 ခန့်နှင့် ထိုင်းအလုပ်သမား 2000 ကျော် စုစုပေါင်း အလုပ်မား 10000ကျော် ခန့် လုပ်ကိုင်လျှက်ရှိပါသည်။ အလုပ်ရုံတွင် ငါးနှင့် ပုဇွန် များလုပ်ကိုင်လျှက်ရှိပါသည်။
မီးလောင်မှုမှာ ပုဇွန်ခန်းတွင်ဖြစ်ပါသည်။ အလုပ်သမားပေါင်3း00ခန့်ရှိပါသည်။

 အခင်းဖြစ်အချိန်မှ ယ္ခုအချိန်ညနေ  5း00 နာရီထိ မီးညိမ်းသွားခြင်းမရှိသေးပါ ၊လူနာများအား စီဝီချိုင်5 ဆေးရုံ
 တွင် 41  ယောက် နှင့် စမွန်ဆာခွန်ဆေးရုံတွင် 30 ခန့် ရှိကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှု့သော မျက်မြင်သက်သေနှင့်  mwrn အဖွဲ့ဝင်များမှပြောပြခဲ့သည်။
 နောက်ပိုင်း ထူးခြားသတင်းများဆက်လက်တင်သွားမည်။

အရှင်ဂမ္ဘီရ ပြန်လွတ်

သောကြာနေ့မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့ ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။ သောကြာနေ့ ညဥ့်နက်ပိုင်းမှာ ကိုကျော်ကျော်သိန်းက မခင်သူဌေးကို ဆက်သွယ် မေးမြန်းတဲ့အခါ အရှင်ဂမ္ဘီရ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

“၁၀ နာရီလောက်က ကျမဆီကို ဖုန်းဆက်ပါတယ်။ ဥပဉ္ဇင်းက လွတ်လာပြီဆိုတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ကျမကို ပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီပါ။”

ဥပဉ္ဇင်းကို လာခေါ်သွားတာ ဘယ်နေ့ ဘယ်အချိန်ကပါလဲခင်ဗျာ။ - 

“သောကြာနေ့မနက် ၂ နာရီလောက်ကပါ။ လယ်တီ ကျောင်းတိုက်ကနေ လာခေါ်သွားတာရှင့်။”

ဥပဉ္ဇင်းကို ပင့်ပြီးတော့ ဘယ်ကိုပင့်သွားတယ်လို့ သိရပါသလဲ။ - 

“သူ ပြောသွားတာက ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးလို့ ပြောတယ်။ နေ့ခင်းတုန်းက ကိုအောင်ကျော်ကျော်နဲ့ ကိုညီညီထွေး လိုက်သွားတယ်၊ လိုက်သွားတုန်းကတော့ စုံစမ်းလို့ မရခဲ့ဘူး။ ဌာန လေးဌာန ရောက်တယ်။ သူတို့က အုပ်ချုပ်ရေးမှူး အစိုးရက ဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး မရှိဘူးလို့ စာထောင်ထားတယ်။ နောက် လူမှုဌာနကို လွှဲတယ်။ လူမှုဌာနကလည်း မှုခင်းတပ်ဖွဲ့ကို ပြန်ပြီး လွှဲတယ်။ မှုခင်းတပ်ဖွဲ့ကို မေးတော့လဲ ထလရ နိုင် ကိုလွှဲတယ်။ အဲဒါနဲ့ အဆင့်ဆင့်မေးတာ။ လေးနေရာ ရောက်ခဲ့တယ်။ ဒါပေမဲ့ မသိကြဘူးပေါ့။ ကျမတို့လည်း စိတ်ပူတာပေါ့။ 
မိုးချုပ်မှ ကျောင်းကနေ အိမ်ကို ပြန်လာခဲ့တယ်။ ပြန်လာတော့ ည ၁၀ နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်။ ဘုန်းကြီးက သူ ကျောင်းကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါပြီတဲ့။ ရောက်ပြီဆိုတာနဲ့ အဲဒါ ဥပဉ္ဇင်း ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ သူက မဟန ဆရာတော်ကြီးတွေနဲ့လည်း တွေ့ပြီးပါပြီတဲ့။ ဥပဉ္ဇင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လားဆိုတော့ ဆက်ဆံပါတယ်တဲ့။ အဲဒီလိုပဲ ပြောပါတယ်။ ဆရာတော်ကြီးတွေနဲ့တော့ အေးအေးဆေးဆေးပါပဲ တဲ့။”

ဒါဆို အစ်မနဲ့ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ ဥပဉ္ဇင်း ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်မှာ သတင်းပြန်သုံး ပြီးပေါ့နော်။ - 

“ဟုတ်ပါတယ်။”

မဂ္ဂင်ကျောင်းတိုက်ကို သူတို့ လာပို့သွားတာလား။ ဒါမှမဟုတ် ဥပဉ္ဇင်းက ကိုယ့်ဘာသာ ကိုယ် ပြန်ကြွလာတာလား။ - 

“သူတို့ ပြန်လာပို့တာလို့ ပြောတယ်။”

အရှင်ဂမ္ဘီရ ရဲ့ အစ်မတော်ဖြစ်သူ မခင်သူဌေးပါ။ အရှင်ဂမ္ဘီရဟာ ရွှေဝါရောင် တော်လှန်ရေးလို့ နောက်ပိုင်းမှာ ထင်ရှားတဲ့ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာသံဃာထု လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်မှုကြောင့်ပဲ ဖမ်းဆီးခံခဲ့ရပြီး ပထမ ထောင်ဒဏ် ၆၈ နှစ်၊ နောက် ၅ နှစ်လျှော့ပြီး ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီး ထောက်လှမ်းရေး စစ်ကျောရေး စခန်းမှာရော အကျဉ်းထောင်ထဲမှာပါ ညှဉ်းပန်း နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့လည်း မိသားစုဝင်တွေက ပြောထားဖူးပါတယ်။

အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး မြောင်းမြထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
Ref: VOA

Friday 10 February 2012

မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်

ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ

ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။

Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Amara News Agency
Ref: သစ်ထူးလွင်
ဖေ့စ်ဘွတ်တွင် နောက်ဆက်တွဲ ဖေါ်ပြလာသော ယင်းဖြစ်စဉ်အတွင်း မှတ်တမ်းဓာတ်ပုံအချို့





ဦးဂမ္ဘီရကို အာဏာပိုင်တွေ ခေါ်ဆောင်သွား


မကြာခင်ကမှ ပြန်လွတ်လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်သူ အရှင်ဂမ္ဘီရကို သောကြာနေ့ မနက်အစောကြီးပိုင်း (၂း၀၀) မှာ သူယာယီသီတင်းသုံးနေတဲ့ လယ်တီကျောင်းကနေ အဏာပိုင်တွေက လာခေါ်သွားတယ်လို့ ဆရာတော်ရဲ့ အကိုဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

၂၀၀၇ သံဃာလှုပ်ရှားမှုမှာ ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်ခဲ့ဘူးတဲ့ အရှင်ဂမ္ဘီရကို လာရောက်ခေါ်ဆောင် သွားသူတွေက သူတို့ကိုသူတို့သာသာနာရေးဦးစီဌာနကလို့ ပြောသူတွေလည်းပါဝင်သလို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရကလို့ ပြောသူတွေလည်း ပါဝင်ကြောင်း လယ်တီတိုက်က သံဃာတပါးက ဘီဘီစီကို ပြောပါတယ်။

ဘယ်ကိုခေါ်သွားမယ်ဆိုတာ မပြောကြောင်းနှင့် အရှင်ဂမ္ဘီရယူဆောင်သွားတဲ့ဖုန်းကိုလည်း ဆက်သွယ်လို့ မရတော့ကြောင်းလည်း အဲဒီဦးဇင်းက ပြောပါတယ်။

ဆရာတော်ဦးဂမ္ဘီရဟာ ဇန်န၀ါရီလမှာ သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်း ချိန်ပိတ်ခံထားရတဲ့ မဂ္ဂင်ကျောင်းအပါအ၀င် ကျောင်းတိုက်တချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီအတွက် မဂ္ဂင်ကျောင်းကို အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က တခါပြန်ချိတ်ပိတ်ပြီး ဦးဂမ္ဘီရအပါအ၀င် သံဃာတော်တချို့နဲ့ကပ္ဗိယတွေကို ကျောင်းကနေ နှင်ထုတ်ခဲ့ပါတယ်။ 

အဲဒီနောက် ဆရာတော်ဦးဂမ္ဘီရနှင့် သံဃာတော်တွေဟာ သင်္ကန်းကျွန်းက လယ်တီကျောင်းမှာ ခေတ္တသီတင်းသုံးနေထိုင်နေပြီး ခုအဲဒီကျောင်းကနေ အာဏာပိုင်တွေရဲ့ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

Ref: BBC

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှုဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများတောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။

“New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်” ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္ဈိမကို ပြောသည်။

New Way  စက်ရုံအလုပ်သမားများက အခြေခံလစာ နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေးများ တိုးမြှင့်ပေးရန်၊ အလုပ်ပျက် ရက် တရက်ကို ၄,ဝဝဝ ကျပ် ဖြတ်တောက်ခြင်းအား ရုပ်သိမ်းပေးရန်နှင့် ကျန်းမာရေးအရ ရှောင်တခင် ဆေးခွင့်ပေးဖို့ အပါအဝင် စုစုပေါင်း အချက် ၁ဝ ချက် တင်ပြတောင်းဆိုခဲ့ကြသည်။

မနက် ၇ နာရီမှ မွန်းလွဲပိုင်း ၂ နာရီခွဲထိ ဆန္ဒထုတ်ဖေါ်နေကြသည့် စက်ရုံအလုပ်သမားများကို စက်ရုံ တာဝန် ရှိသူများနှင့် ရန်ကုန်တိုင်းနှင့် လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးသော်လည်း ကြေလည်မှုမရရှိသေးဘဲ ဆန္ဒပြပွဲ ရက်ဆက်ဦးမည့် အနေအထားသို့ ရောက်ရှိ သွားသည်။

တနင်္လာနေ့က စတင်ဆန္ဒပြခဲ့သည့် တိုင်ရီစက်ရုံအလုပ်သမားများကို စက်ရုံတာဝန်ရှိသူများက တနာရီကို ကျပ်တဆယ် တိုးမြှင့်ပေးထားသလို အချိန်ပိုကြေးကိုလည်း ၂၁ ကျပ် တိုးမြှင့်ပေးကြောင်း၊ ထိုနှုန်းဖြင့် လုပ်ကိုင်နိုင်သူများ ၁၁၊ ၂၊ ၂ဝ၁၂ ရက်နေ့တွင် အလုပ်ပြန်ဆင်းနိုင်ပြီး မလုပ်နိုင်သူများကို ယင်းနေ့မှစ၍ မိမိသဘောဖြင့် အလုပ်ထွက်သည်ဟု စက်ရုံက သတ်မှတ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

တိုင်ရီစက်ရုံ အလုပ်သမားများကို မူလက ၁ နာရီလျင် ၇၅ ကျပ်၊ အချိန်ပိုကြေးကို တနာရီလျင် ၁၆၂ ကျပ်နှုန်းဖြင့်ပေးချေပြီး အလုပ်တရက်ပျက်လျှင် ကျပ် ၄,ဝဝဝ နှုန်း ဖြတ်ကြောင်း သိရသည်။

တိုင်ရီစက်ရုံ တာဝန်ရှိသူ တဦးက “ဒီဘက်က တိုးပေးနိုင်သလောက်ထိ လုပ်ပေးပြီးပါပြီ။ မလုပ်နိုင်တဲ့ လူတွေ အတွက်တော့ သူတို့လစာ လာထုတ်သွားရုံပဲ ရှိတော့တယ်။ သူတို့ တောင်းဆိုပုံအတိုင်းဆို ကျနော်တို့က တယောက် ကို အသားတင် ၄ သောင်းလောက်ထိ တိုးပေးရမှာ။ လူက နှစ်ထောင်ကျော်တောင်။ မတက်နိုင်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများက အခြေခံ လစာ ၅ သောင်းမှ စပေးရန်၊ ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်းမပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အိမ်သာ လွတ်လပ်စွာ တက်ခွင့်ရရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

တိုင်ရီစက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဝင်းမာ က “ကျမတို့ ရတဲ့ လစာနဲ့က ကျမတို့က ဒီမှာ အဒေါ်အိမ်မှာ အလကား ကပ်နေတာတောင် မလောက်ဘူး။ ခရီးစရိတ်လည်း ရှိသေးတယ်။ တချို့ဆိုရင် နယ်က တက်လာပြီး အိမ်ငှားနေတဲ့ လူတွေက များတယ်။ သူတို့ဆို ဘာမှမကျန်ဘူး အကြွေးတောင် တင်သေးတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်ကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြုံတွေ့ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြအလုပ်သမားများအပေါ် တင်းကြပ်ထားသည့် မလိုအပ်သည့် စည်းကမ်းများ၊ အလုပ်သမားများ၏ ထိုက်တန် သည့် ရပိုင်ခွင့်များကို ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးနှင့် ကလေးအခွင့်အရေး ဆောင်ရွက်နေသူ မစုစုနွေးနှင့် ဥပဒေရေးရာ ရှေ့နေ ကိုဖိုးဖြူတို့ကသောကြာနေ့တွင် အလုပ်သမား ရေးရာဌာန၊ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

ပြေလည်မှု မရရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။ တရာဥပဒေအရ ရှေ့နေများနှင့်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

Thursday 9 February 2012

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။

ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။

“သံရုံးကနေ ကျနော်တို့ကို Report လုပ်ထားတာကတော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်နဲ့ US ambassary နဲ့ အစ္စရေး Ambassary က သူတို့ကို- သံရုံးကို အကြောင်းကြားထားတယ်၊ အဲဒီစာဟာ တကယ်တော့ မဟုတ်ဘူးဆိုတာ US ambassary နဲ့ အစ္စရေး Ambassary က အတည်ပြုပေးထားပါတယ်”

ဘန်ကောက်မြန်မာသံရုံးမှာ ခြိမ်းခြောက်စာ ရရှိခဲ့ပြီးတဲ့နောက်မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီရက်တွေမှာ MAI လေကြောင်းလိုင်းက လေယဉ်တွေမစီးဖို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကုလသမဂ္ဂက ရုံးတွင်းအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ MAI ဘန်ကောက်ရုံး အကြီးအကဲကတော့ လုပ်ကြံခြိမ်းခြောက်စာထဲမှာ အဓိက ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မယ်လို့ ပြောထားတာလို့ ခုလို ရှင်းပါတယ်။

“ကျနော်ပြောနိုင်တာ အဲဒီစာထဲမှာ ရေးထားတဲ့ဟာကတော့ ရန်ကုန်လေဆိပ်ကို attack လုပ်မယ် (တိုက်ခိုက်မယ်) ဆိုပြီးတော့ပဲ ပြောတာပါ။ Myanmar Airway International လို့ မပါဘူး။ ဒါပါပဲ။ အဲဒီဟာကို မြန်မာ အဲယားဝေး ကော်မာရှယ် ဖလိုက် (Myanmar Airway Commercial Flight) နဲ့ သယ်သွားမယ် ဆိုပြီး ရေးထားတယ်။ ဘယ်ကသယ်မယ်လို့လည်း မရေးထားဘူး၊ ဘယ်က လာမယ်လို့လည်း မရေးထားဘူး။ ဘာမှလည်း မပါတဲ့ဟာ တခုပေါ့နော်- ရက်ကတော့ ၈ ရက်နဲ့ ၉ ရက်လို့ ပြောထားတယ်”

မြန်မာသံရုံးကရရှိတဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစီအိုင်ဒီ (CID) ရဲဌာနကို သံရုံးက အကြောင်းကြားထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကနေ သိရပါတယ်။ ဒီစာဟာ အစစ်အမှန်မဟုတ်တဲ့အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက အခုနောက်ဆုံး အသိပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိတာဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိရသလောက် ပထမဆုံးဖြစ်ပါတယ်။

Ref: VOA

ကျန်ရှိ ယုံကြည်ချက်အကျဉ်းသားများ စိစစ်၍ ထပ်မံလွှတ်ပေးမည်ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့အား တွေ့ရစဉ်
ယုံကြည်ချက် အကျဉ်းသားများ ကျန်ရှိနေသေးကြောင်း NLD မှ ထပ်မံ စာရင်းပေးလာပါက သက်ဆိုင်ရာမှ စိစစ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás  Ojea Quintana နှင့်တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “လူ့အခွင့်အရေးနဲ့ပတ် သက်လို့ သူက UNကို လာမယ့် မတ်လမှာ အစီရင်ခံစာတင်မယ်။ အဲလိုတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံ က သတင်း အချက်အလက်တွေကို လာလေ့လာတာ။ သူပြောတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက အင်မတန် အားရစရာ ကောင်းပါတယ်။ ကျေနပ်စရာ ကောင်းပါတယ်။ ဒီအတွက်လည်း သူတို့ဘက်က ဆက်လက်ပြီးတော့ ဒီလိုတိုးတက်အောင် ဆောင်ရွက်ဖို့အတွက် မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောတယ်။
 
မိမိတို့ဘက်ကလည်း ကိုယ့်နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးအတွက် ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်မှာလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ သူက ဘာထပ်ပြောလဲဆိုရင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက် များစွာ အခွင့်အလမ်းတွေ ကောင်းပါတယ်လို့ ပြောတယ်။ မိမိတို့ကလည်း ကတိပေး လိုက်တယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရ မယ်။ စောင့်ကြည့်ပါ။ အပြော မဟုတ်ဘူး။
 
အလုပ်နဲ့ စောင့်ကြည့်ပါလို့ ပြောလိုက်တယ်။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လောလောဆယ်သူတို့က တို့နိုင်ငံရဲ့ ရပ်တည် ဆောင်ရွက်ချက်တွေက အင်မတန် တိုးတက်ကောင်းမွန်တယ်။ အားရကျေနပ်ပါတယ်လို့ ပြောပါတယ်။ ယုံကြည်ချက် အကျဉ်းသား နဲ့ပတ်သက်လို့ သူတို့က မေးတယ်။ မေးတဲ့အခါမှာ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ယုံကြည်ချက် အကျဉ်းသားလို့ခေါ်သော သူများကို NLD ဘက် က စာရင်းပေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက စိစစ်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ။ သို့ရာတွင် အဲဒီအထဲမှာ ကျန်နေသေးတယ်လို့ ပြောတယ်။ ပြောတော့ သူတို့ပေးတဲ့ စာရင်းအတိုင်းပဲ ဒီကခွင့်ပြုပေးလိုက်တာ။
 
သို့ရာတွင် ကျန်နေသေးတယ် ဆိုတဲ့လူတွေက တခြားပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူ ခံထားရတဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့်ထပ်ပြီး သူတို့ဘက်က ကျန်နေသေးတယ်လို့ စာရင်းပေးတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီး ညှိုနှိုင်းပြီး ဆောင်ရွက်ပေးပါလိမ့်မယ်။ အဲဒီအတွက်လည်း မိမိတို့က ကတိပြုလိုက်ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

Ref: EMG

မတ်လအတွင်း ချပေးမည့် ဂျီအက်စ်အမ်ဖုန်းမှာ ကျပ်နှစ်သိန်းအထက်တွင်သာ ရှိမည်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မတ်လအတွင်း ချပေးဖွယ်ရှိသည့် ဂျီအက်စ်အမ်ဖုန်းများနှင့် ပတ်သက်၍ ကျပ်တစ်သိန်းခွဲခန့်ဖြင့်သာ ရောင်းချမည်ဟု သတင်းအချို့ ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းမှာမဖြစ်နိုင်ကြောင်း၊ ဈေးနှုန်းအတိအကျ မသတ်မှတ်ရသေး သော်လည်း ကျပ်နှစ်သိန်းနှင့် ကျပ်သုံးသိန်းကြားတွင်သာ ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

“အခုချပေးမယ့် ဂျီအက်စ်အမ် ဖုန်းကဈေးနှုန်း သေချာ မသတ်မှတ်ရသေးပါဘူး။ ကျပ်နှစ်သိန်းအောက်တော့ မဖြစ်နိုင်ပါဘူး။ ကျပ်နှစ်သိန်း နဲ့သုံးသိန်းကြားအတွင်းမှာပဲ ဖြစ်မှာပါ။ ကျပ် ၂၃၀၀၀၀ ဖြစ်ချင်ဖြစ်မယ်၊ ကျပ်နှစ်သိန်းခွဲဖြစ်ရင်လည်းဖြစ်မယ်၊ ဒါမှမဟုတ် ကျပ် ၂၈၀၀၀၀ လည်း ဖြစ်ချင်ဖြစ်ပါမယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန မှတာဝန်ရှိသူကပြောကြားသည်။

“အခုချပေးမယ့် ဖုန်းကအရင်ဖုန်းတွေထက် ဈေးနှုန်းသက်သာတယ်ဆိုပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းများနေပါသေးတယ်။ အခုချပေးမယ့် ကျပ်သုံးသိန်းထက် နည်းတဲ့ဖုန်းကို ၀ယ်မယ့်သူအများစုက လည်း ရှိစုမဲ့စု ချွေးနည်းစာလေးတွေ စုဆောင်းပြီး ၀ယ်ကြရမယ့်သူတွေ များပါတယ်။ တဖြည်းဖြည်းဈေး လျှော့ပေးသွားတာထက် လူအများစုတတ်နိုင်တဲ့နှုန်းထား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မကွာခြားတဲ့ နှုန်းထားနဲ့ရောင်းပေးနိုင်ရင် ပိုကောင်းပါတယ်”ဟု လခစားဝန်ထမ်းတစ်ဦး က သူ၏အမြင်ကို ပြောပြသည်။

“ဈေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရဖို့ တောင်းဆိုကြတာကလည်း ပြည်သူတွေရဲ့တာဝန်၊သူတို့ရဲ့အခွင့် အရေးပါပဲ။ တစ်ဖက်ကလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့  ပွင့်လင်းမြင်သာမှုတွေ အခုထက်ပိုရှိသင့်ပါပြီ။ ပုဂ္ဂလိက ကဏ္ဍပါဝင်မှု တွေကလည်း အခုထက်ပိုပြီး ရှိလာ သင့်ပါတယ်”ဟု အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူကပြောကြားသည်။
 
ကျပ်ငါးထောင်ဖုန်း သတင်းများကြောင့် ပြည်သူအများစုမှာ ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းဖုန်း တစ်လုံးကိုင်ဆောင်နိုင်ရန် မျှော်လင့်ချက်ကြီးမားလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများမှာလည်း ယခင်သတ်မှတ်ချက်များထက် ဈေးနှုန်းလျော့ကျ လာမည်ဟု မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။

Ref: EMG

Wednesday 8 February 2012

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်ဖြစ်လာရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တင်ပြသည့် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

Shwe Mahn Parliament speech 07022012 by dvbradio

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုပြုပြောကြားနေစဉ်
သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“အမှန်အတိုင်း ၀န်ခံပြောဆိုရ မည်ဆိုလျှင် ယနေ့တာဝန်ထမ်း ဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ ခေတ်ကာလနှင့် လိုက်လျော ညီထွေမရှိကြပါ။ အခြေခံ စားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှ စွာမရရှိပါ။ ဒါကြောင့် ကျွန်တော်၏ တင်ပြချက်သည် ယနေ့ဝန်ထမ်း များ၏ လခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျှင်အမြန်တိုးပေးရန်လိုသည် ဆိုတဲ့ အချက်ကို တင်ပြရခြင်းပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပြုချက် ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ လစာတိုးမြှင့်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းကြီးမြင့် လာမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစိုးရိမ်မှုများဖြင့် ၀န်ထမ်းများ၏ လိုငွေကို ယခုအတိုင်း ဆက်လက်ထားရှိရန် မဖြစ်သင့်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။

“ထိုသို့ လစာနှင့်စရိတ်များကို တိုးပေးလျှင်လည်း ကုန်ဈေးနှုန်းကြီးမြင့် လာနိုင်တယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်၊ ငွေကြေးဖောင်းပွနှုန်းတွေ ဖြစ်လာမှာစိုးလို့ ထိုက်သင့်သော လုပ်ခ၊ လစာချီးမြှင့်မှုနှင့် စရိတ်များဒီလိုပဲ ဆက်ထားနေလျှင် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ပိုင်းဘ၀၊ ရုပ်ပိုင်းဘ၀များအား ထိခိုက်ကာ ယင်းတို့၏ လိုငွေကို နည်းလမ်းမျိုးစုံသုံးပြီးရှာကြရပါမယ်။ ကိုယ့်လုပ်အား ကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပိုကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုကပြင်ပဆေးခန်းမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင် ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာ မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီးလုပ်နေရတာတွေ ရှိနေဦးမှာဖြစ်ပါတယ်။ ၀န်ထမ်းများ လုပ်ငန်းခွင်ပျော်စေရေး ကျောင်းသားများ ကျောင်းနေပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန် နှင့် လုပ်ပိုင်ခွင့်အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိကသက်ဆိုင်တယ်ဆိုတာ သတိပြုရ မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောပါသည်။

လက်ရှိအချိန်တွင် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြုပြီး ၀န်ထမ်းများအနေဖြင့် လာဘ်စားနေကြသည်ကို စိတ်မကောင်းဖွယ် ကြားသိနေရကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
“အခြားအချို့ဌာနများမှ တာ ၀န်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာ နည်း ခြင်းကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာ တမ်းကြေးများ တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့၊ ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံ အမျိုးမျိုးဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောပါသည်။

“ဒီအခြေအနေများကြောင့် မိမိတို့ဝန်ထမ်းများ အကျင့်ပျက်လာကြတယ်။ စာရိတ္တတွေ ပျက်လာကြတယ်။ အကျင့်ပျက်၊ စာရိတ္တပျက်တဲ့ ၀န်ထမ်းများတွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော်အပိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပိုင်းမှာပါ တာဝန်ရှိတယ်လို့ ခံယူရ မှာဖြစ်ပါတယ်။ ၀န်ထမ်းမဟုတ်သော နိုင်ငံသားများကလည်း အကျင့်ပျက်သော အကျင့်ကိုပျက်စေသော ပြုမူဆောင်ရွက်ပေးမှု၊ ဖန်တီးမှုများ မလုပ်လိုသော်လည်း လုပ်ကြရပြန်တယ်။ သူတို့က စည်းကမ်းအတိုင်း၊ ဥပဒေအတိုင်း လုပ်မယ်ဆိုရင်လည်း ငွေပေးပြီး၊ လာဘ်သဘောပေးပြီး လုပ်ရတာထက် ခက်ခဲမှုတွေ၊ အကုန်အကျရှိမှုတွေ များပြီး အဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ရပြန်တော့ နောက်ဆုံးအကျင့်ပျက်၊ စာရိတ္တပျက် လမ်းကြောင်းလည်း ရောက်နေကြရပါတယ်လို့ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ပါ သည်။


အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဖက်က အခွင့်အရေးနှင့် သက်သာချောင်ချိရေး၊ အခြားတစ်ဖက်က စည်းကမ်းနှင့် ဥပဒေ အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါတယ်။ Clean  ဖြစ်လာမှ  Good Governance လုပ်လာနိုင်မှာဖြစ်ပါတယ် . . .

ထို့အပြင်” ဥစ္စာဓနဆုံးရှုံးလျှင် ဘာမှမဆုံး ရှုံးဟုမှတ်ပါ။ (When Wealth Is Lost , Nothing Is Lost)၊ ကျန်းမာ ရေးဆုံးရှုံးပြီဆို လျှင် တစ်စုံတစ်ရာ ဆုံးရှုံးပြီဟု မှတ်ပါ (When Health is Lost, Something is Lost)၊ ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုလျှင် အားလုံး ဆုံးရှုံးပြီဟု မှတ်ပါ(When Character is Lost, Everything is Lost)ဆိုသည့် အတိုင်း လူတစ်ယောက်အတွက်သော် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ အတွက် သော်လည်းကောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ပျက်ယွင်းသွားလျှင် နိုင်ငံအတွက်များစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်လို့ ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလား၊ တာဝန်ရှိလျှင် ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါတယ်”ဟု ဆက်လက်ပြော ကြား ခဲ့ပါသည်။

“မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ယနေ့ တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန် ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့် သီးနှံများဈေးနှုန်းကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်မှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှုဟာ နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာ လည်းရောက်ပါတယ်။ ဒီအခြေအနေများကို ၀မ်းနည်းစိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါ”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် အဆို ၌ နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လ စာနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားခဲ့သည့် နည်းတူ အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ ဖြိုးရေးစီမံကိန်းများကို လုံလောက် သော ရင်းနှီးမြုပ်နှံမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေး နှင့် ကျန်းမာရေးအပါအ၀င် အခြားသော ၀န်ကြီးဌာနနှင့် ပေါင်းစပ်ပြီး စနစ်တကျ လစ်ဟာမှုမရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရင်းနှီးမြုပ်နှံမှု၊ အကုန်အကျခံမှုများဖြင့် ဆောင်ရွက်မှ သာလျှင် နိုင်ငံသားအားလုံး စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ဖြစ်လာနိုင်ကြောင်း အစရှိသည်တို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသည်။

သူရဦးရွှေမန်း တင်သွင်းခဲ့သော အဆို၌ နိဂုံးချုပ်အနေဖြင့် အချက် ခြောက်ချက်ကို ဖော်ပြခဲ့ပြီး ထိုအချက်များမှာ  -

(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီနေထိုင် စားသောက်နိုင်ဖို့ နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ၀န် ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို လာမည့် ဘတ်ဂျက် နှစ်အစတွင်  မဖြစ်မနေတိုးမြှင့်ပေးရေး။

(၂) ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်း များကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး။

(၃) နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (သို့မဟုတ်) လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုများကို တင်ပြ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး။

(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ၊ အဖွဲ့အစည်းများအား နားလည်လက်ခံပြီး လေးစားချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။

(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့စေသော ပြည်တွင်း ပြည်ပမှ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကို မဆို၊ ဆန့်ကျင်သွားရေး။

(၆) တည်ဆဲဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး  စသည်တို့ ပါဝင်ခဲ့ပါသည်။

ထိုကဲ့သို့တင်သွင်းခဲ့သော အဆိုကို  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

Ref: EMG

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို မတ်လကုန် ဧပြီလဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ်

4453
၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းက ညောင်ဦးလေဆိပ်သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ၂၀၁၂ ခုနှစ် မတ်လကုန် ဧပြီလ ဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

ယင်း E-Visa စနစ်ကိုဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်နှင့် ပတ်သက်၍ လွယ်ကူမှုရှိစေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဒီစနစ်ကို မတ်လကုန် ဧပြီလ ဆန်းလောက်မှာ စတင်နိုင်မှာပါ။ E-Visa ကို လောလောဆယ် ရန်ကုန် လေဆိပ်မှာစပေးမယ်။ နောက်ပိုင်းမှာတော့ ခရီးသွားအ၀င်ရှိတဲ့ တခြား ၀င်ပေါက်တွေမှာပါ ပေးနိုင်အောင် စီစဉ်သွားမှာပါ။ ဧည့်သည်မှာ သူဗီဇာရပြီးသားပါဆိုတဲ့ Barcode ပါလာမယ်။ လေဆိပ်မှာ scanner နဲ့ စစ်မယ်။ ပတ်စပို့မှာ စတေကာကပ် ပေးလိုက်မှာပါ။ ဧည့်သည်က ဗီဇာရရှိဖို့အတွက် အချိန်ပေးရတာတွေ မရှိတော့ဘဲ လွယ်ကူသွားမယ့် သဘော ဖြစ်ပါတယ်”ဟု E-Visa စနစ်အား အကောင်အထည်ဖော်နေသည့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါစနစ်သည် အကောင်အထည် ဖော်နေဆဲဖြစ်ကာ www. myanmarevisa.gov.mm ၌ စတင် လွှင့်တင် ဖော်ပြထားသည်။ ခရီးသွားသည် E-Visa ကို လျှောက်ထားလိုပါက အဆင့်လေးခုကို ဖြတ်သန်းရမည်ဖြစ်ပြီး ကိုယ်ရေး အချက်အလက်များကို ဖြည့်သွင်းခြင်း၊ ထပ်မံစစ်ဆေးခြင်းနှင့် credit card ဖြင့် ငွေပေးချေခြင်း၊ လုပ်ဆောင်မှုနှစ်ရက်မှ သုံးရက်အတွင်း အတည်ပြုစာကို လက်ခံရရှိခြင်း၊ လေဆိပ်တွင် ပတ်စပို့စတေကာကို ရရှိခြင်းတို့ ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် မေလဆန်းမှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ကြိုတင်စီစဉ်ရန် မလိုအပ်သည့် ဆိုက်ရောက်ဗီဇာများကို ပထမဦးဆုံးအကြိမ် စတင် ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။ ယင်းစနစ် သည် စတင်ပြီး လေးလအကြာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလဆန်း ၌ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။

ယခင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားခြင်းမှ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောင်းလဲ တာဝန်ယူခဲ့ကာ ၂၀၁၁ ခု နှစ် မေလကုန်ပိုင်းတွင်မူ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ ပြန်လည်လျှောက်ထားမှု ပြုလုပ်နိုင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် MAI မှ ကွမ်ကျိုး နှင့် ဆီယမ်ရိ ခရီးစဉ်များဖြင့် လိုက်ပါလာသော ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ပေးအပ်ခြင်းရှိနေကာ မြန်မာနိုင်ငံသည် ဆိုက်ရောက် ဗီဇာရရှိခြင်း၊ ငွေကြေးသုံးစွဲမှု အဆင်ပြေခြင်းတို့ ရှိလာပါက ခရီးသွား ၀င်ရောက်မှု ပိုမို တိုးတက်လာမည့် အလားအလာများလည်း ရှိကြောင်း သိရှိရပါသည်။

Ref:EMG

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ၁၆ ရာခိုင်နှုန်းနှင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်းဝန်းကျင် လျာထားကြောင်း သိရှိရ

4452

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ စုစုပေါင်းအသုံးစရိတ်၏ ၁၆ ရာခိုင်နှုန်းနှင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ၁၂ ရာ ခိုင်နှုန်းဝန်းကျင် လျာထားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ရသုံးမှန်း ခြေငွေစာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားခဲ့သည်။
“အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွက် လျာထားချက်က ပညာရေးအသုံးစရိတ်ကို ၅ ဒသမ ၃ရာခိုင်နှုန်းဝန်းကျင်လောက်အသုံးချဖို့ လျာထားပြီး ကျန်းမာရေးမှာတော့ အားကစားပါ ထည့်သွင်းမယ်ဆိုရင် ၆ ဒသမ ၆ ရာခိုင်နှုန်းလောက် အသုံးချသွားမယ်ဆိုတော့ ဒီနှစ်ခု ပေါင်းသွားမယ်ဆိုရင် ၁၂ ရာခိုင်နှုန်း ၀န်းကျင်လောက်ရှိပါတယ်။ ဒီပမာဏက ယခင်နှစ်ကထက် စာရင်တော့ မြင့်တက်သွားပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။
ယခင်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း ရှိသောကြောင့် ယခုနှစ်တွင် ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း လျှော့သုံးဖွယ်ရှိကြောင်း သိရှိရသည်။ “အမှန်ကတော့ ဘတ်ဂျတ်နဲ့ပတ်သက်ရင် ပြည်သူတွေ သိသင့်သိထိုက်ပါတယ်။ ဘတ်ဂျတ်ဆိုတာ ဂျီဒီပီနဲ့ရောထွေးပြီး နားလည်တတ်ကြပါတယ်။ တကယ်တော့ ဘတ်ဂျတ်ဆိုတာက ရေခဲတုံးတစ်တုံးရဲ့ ရေပေါ်မှာပေါ်နေတဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲရှိပါတယ်။ နိုင်ငံတော်ပိုင်းက ပညာရေး၊ ကျန်းမာရေး တွေမှာ ဒါထက်များများ သုံးနိုင်ဖို့လိုသလို အခွန်ထမ်း ပြည်သူတွေကလည်း အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ လိုပါတယ်။ အလားတူပဲ အခွန်ကို ကောက်ခံတဲ့နေရာမှာလည်း မျှမျှတတ အားလုံးလက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ကောက်ခံနိုင်ဖို့လိုပါတယ်။ ဥပမာတစ်ခုပြောရရင် Wealth Tax လိုဟာမျိုးလည်း လုပ်သင့်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေး၊ ပညာရေးမှာ ပြန်သုံးတဲ့အခါ မှာ စုစုပေါင်းအသုံးစရိတ်ရဲ့ ၃၅ ရာခိုင်နှုန်းလောက်အထိတောင် သုံးသင့်တယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒါက ဘယ်နိုင်ငံရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြီးတော့ ဖော်ပြတာမျိုး မဟုတ်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားအရ ဒီကဏ္ဍတွေ တိုးသုံးဖို့လိုတယ်ဆိုတဲ့ အမြင်နဲ့ပြောတာပါ။ ဥပမာ ပညာရေးမှာဆိုရင် သင်ထောက်ကူပစ္စည်း တွေရဲ့တန်ဖိုးဟာ အလွန်မြင့်ပါတယ်။ နောက်တစ်ခုက အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမ တွေရဲ့လစာဟာ ကွာဟနေပါတယ်။ ဒီနေရာမှာ အခြေခံပညာက ဆရာ၊ ဆရာမတွေရဲ့လစာကို တိုးပေးနိုင်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကာကွယ်ရေး အသုံးစရိတ်လိုဟာမျိုးဟာလည်း အရမ်းကြီးလျှော့ချလို့ မရတဲ့အပိုင်းလည်းရှိနိုင်ပါ”ဟု ၎င်းကပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းလာစေရန် နိုင်ငံတော်အစိုးရအဖွဲ့မှသည် အဆင့်ဆင့်သော အောက်ခြေအဖွဲ့များအထိ ထင်သာမြင်သာ ပွင့်လင်းမှုရှိစေရန် လက်တွေ့တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရန် ဆိုသည့် အချက်များအပေါ် မူတည်၍ ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Ref: ENG

နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ

နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသန လုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

နျူးကလီးယားဆိုင်ရာ သုတေသနသနလုပ်ငန်းများအနေဖြင့် ဓာတ် ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ Non Destructive Testing သုတေသနလုပ်ငန်းများ၊ အစားအစာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ကတော့ နိုင်ငံတော် အကျိုးပြုလုပ်ငန်းတွေမှာ ဘက်စုံအသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်း မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီးတဲ့လေယာဉ်တွေကိုလည်း အလိုအလျောက် ပျံသန်းမှုစနစ်နဲ့ ထိန်းကျောင်းပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကိုလည်း သုတေသနပြုဆောင်ရွက် လျက်ရှိပါတယ်''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နာနိုနည်းပညာ သုတေသနလုပ်ငန်းများ၊ Computer Numerical Control Machine သုတေသန လုပ်ငန်းများ၊ အင်ဂျင်ထုတ် လုပ်ရေး သုတေသနလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် အသုံးချရေးဆိုင်ရာ သုတေသန လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများ၊ ဒြပ်ပစ္စည်းဆိုင်ရာ သုတေသန လုပ်ငန်းများ၊ မောင်းသူမဲ့လေယာဉ် သုတေသနလုပ်ငန်းများ၊ ကွန်ပျူတာဆိုင်ရာ သုတေသန လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်စစ်ဆေးခြင်းစသည့် လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားဓာတ်ခွဲခန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: EMG

အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ (ရုပ်သံ)

အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာကြတဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။


အလုပ်သမားအချင်းချင်း လူသတ်မှု

05.02.2012 တနင်္ဂနွေနေ့ ညနေ (183း0)နာရီ အချိန်ခန့်တွင် ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မြို့ ရှိ

မောင်ဝင်းထွန်းပိုင်၏ ဇနီးသည်နှင့် ၃ ရက်သားကလေးငယ်
ထိုင်းယူနီယမ်အလုပ်ရုံအနီး ဆွယ်(လမ်းသွယ်) တစ်နေရာတွင် ဓါးထိုးလူသတ်မှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။
ဓါးထိုးခံရ၍သေဆုံးသူမှာ တနင်္သရီတိုင်း ပုလောမြို့နယ် ထမင်းမစားရွာမှ  မောင်ဝင်းထွန်းပိုင် အသက် ၂၃ နှစ် ဖြစ်ပြီး ထိုင်းယူနစ်အလုပ်ရုံတွင် ညဂိုဏ်းအလုပ်သမား ဖြစ်သည်။ သေဆုံးသူမှာ ဇနီးသည်နှင့် အသက်၂ နှစ်သမီးတယောက်နှင့်  ၃ ရက်သား သမီး ၁ ယောက် ကျန်ရစ်ခဲ့သည်။

အခင်းဖြစ်ပွါးရာသို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီး အလောင်းအား ဘန်ကောက် မှုခင်း  စစ်ဆေးရေး  ဆေးရုံသို့သယ်ဆောင်သွားသည်။ အလောင်းအား သဂြိုင်္လ်နိုင်ရေးအတွက် ဂရုဏာဝါဒီ နာရေးကူညီမှု အသင်းမှ  ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေးကွန်ယက် M.W.R.N သို့ အကြောင်း ကြားကူညီတောင်းခံလာသဖြင့် အသင်းတာဝန်ရှိသူ ကိုမောင်ခိုင် ကိုဇေ နှင့် လူ့အခွင့်ရေးဖေါင်ဒေးရှင်း H.R.D.F. မှ မဇာတို့ ပူးပေါင်း၍   07.02.2012 ရက်နေ့တွင်   အလောင်းအား ဘန်ကောက်ဆေးရုံမှ သွားရောက် သယ်ဆောင်လာပြီး  မဟာချိုင်မြို့ ဝပ်ဟုန် ဘုန်းတော်ကြီးကျောင်းတွင်သဂြိင်္ုလ်နိုင်ရန် ဂရုဏာဝါဒီ အသင်းအား လွှဲပြောင်းအပ်နှံခဲ့ပါသည်။

သေဆုံးသူ မောင်ဝင်းထွန်းပိုင်မှာ ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) နေထိုင်ခွင့်လက်မှတ် (ဗီဇာ ) အလုပ်လုပ်ခွင့်လက်မှတ် (၀ပါမင့်) စသည်တို့ ကိုင်ဆောင်ထားသော်လည်း အလုပ်ရှင်မှ လူမှုဖူလုံရေး (ပကာန်စန်ခွန်) ကို အခုချိန်ထိလုပ်ပေးထားခြင်းမရှိသောကြောင့် ကျန်ရစ်သောမိသားစုအတွက်အလွန်ပင် အခက်ခဲတွေနေရပါသည်။

ကျန်ရစ်သူဇနီးသည်မှ   မီးဖွါးပြီး ၃ ရက်မျှသာ ရသေးသူဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှစပြီး ကျန်းမာရေးအရ အလုပ်မလုပ်နိုင်ကြောင်းယခုအချိန်တွင်  မောင်နှစ်မများထံတွင်မှီခိုနေထိုင်ရကြေင်းအကူညီများလိုအပ်
ကြောင်းကို M.W.R.N အဖွဲ့အားပြောကြားသွားပါသည် ။နစ်နာကြေးများရှိရန်အတ်ွက်  M.W.R.N မှ H.R.D.F.ထံသို့ ကူညီတောင်းခံသွားမည်ဖြစ်ကြောင်း M.W.R.N မှ ပြန်ကြးရေးမှုး ကိုမောင်ခိုင် မှပြော ကြားသွားပါသည်။

Tuesday 7 February 2012

ရွှေညဝါဆရာတော်အား ပြန်လည် တရားဟောပြောခွင့် ပြုသည့် အမိန့်ထုတ်ပြန်

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)မှ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ဦးပညာသီဟ (ရွှေညဝါဆရာတော်ကြီး)အား ၁၁.၂.၂၀၁၂နေ့မှစပြီး တရား ဟောပြော နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Ref: PNA

လှိုင်သာယာ အလုပ်သမားများ ဆက်လက် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေး၍ ယနေ့ တွင်လည်း ဒုတိယနေ့ အဖြစ် ဆက်လက် ဆန္ဒပြသည်။
ထောင်ချီသည့် အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် စက်ရုံဝင်းတွင် ငြိမ်းချမ်းစွာထိုင်၍ ဆန္ဒပြကြကြောင်း၊ နေ့ လယ် ၁၂ နာရီ ၀န်းကျင်တွင် အာဏာပိုင်များလာရောက်၍ လူစုခွဲ အိမ်ပြန် ခိုင်းသော်လည်း အလုပ်သမားများ၏ တောင်းဆိုမှုတစုံတရာ မရရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီ ကိုပြောသည်။
လှိုင်သာယာရှိ တိုင်ရီ ဖိနပ်စက်ရုံ (ဓာတ်ပုံ - Burma VJ Media)
အလုပ်သမားများသည် အလုပ်ရှင်က ဖြတ်တောက်ထားသော လုပ်ခလစာများ ပြန်မရသည့်အပြင် ၎င်းတို့နေထိုင်ရာ အဆောင် များ သန့်ရှင်းမှုမရှိခြင်းကိုလည်း ဆောင်ရွက်မပေး၍ ယမန်နေ့ နံနက် ၇ နာရီ မှ စတင် ဆန္ဒပြနေခြင်း ဖြစ်ပြီး မနက်ဖြန်တွင် လည်း ဆက်လက် ဆန္ဒထုတ်ဖော်ကြဦးမည်ဟု သိရသည်။

“မြို့နယ်မှူးနဲ့ အလုပ်သမားဌာနက လူတွေလာပြီးတော့ လူစုခွဲခိုင်းပါတယ်၊ တနေကုန် ဆန္ဒပြခွင့်မရှိဘူးလို့ ပြောတယ်၊ တကယ် လို့ ပြမယ်ဆိုရင် မနက်ဖြန်မှ လာကြပါ ဆိုတဲ့အတွက် မနက်ဖြန် မနက် ၇ နာရီမှာ ဆန္ဒပြကြမယ်လို့ ပြောတယ်”ဟု ကိုဖိုးဖြူ ကဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် တရားဝင် ရုံးပိတ်ရက် ၅ ရက်နှင့် တရုတ် နှစ်သစ်ကူး ပိတ်ရက် ၅ ရက် စုစုပေါင်း ၁၀ ရက် လုပ်အား ခကို အလုပ်ရှင်က ဖြတ်တောက်လိုက်ကြောင်း၊ အလုပ်သမား တဦးလျှင် ကျပ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ဖြတ်တောက် ခံခဲ့ ရ ၍ စားဝတ်နေရေး အခက်အခဲဖြစ်သောကြောင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ကိုဖိုးဖြူက ဆက်လက် ပြောဆိုသည်။

အလုပ်သမားများ၏ လိုအပ်ချက်များကို ဦးဆောင်၍ တာဝန်ယူပြောဆိုမည့်သူ မရှိသောကြောင့် အာဏာပိုင်များ က ဖြေရှင်း မပေးခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“အရင်တုန်းက ဆန္ဒပြရင် သူတို့လိုအပ်ချက်တွေကို ဦးဆောင်ပြီး တောင်းဆိုမယ့်သူတွေ ရှိခဲ့တယ်၊ အဲဒီလူကို အာဏာပိုင်တွေက ဖမ်းဆီးတာ၊ အရေးယူတာ၊ ခြိမ်းခြောက်တာတွေ လုပ်ပြထားတော့ အခု ခေါင်းဆောင်ထွက်မလာဘူး”ဟု ကိုဖိုးဖြူ က ပြော ဆိုသည်။ ၎င်းတို့ အနေဖြင့် ဥပဒေအရသာ အကူအညီပေးနိုင်ကြောင်းလည်း ကိုဖိုးဖြူက ဆိုသည်။

လှိုင်သာယာ စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လာရောက် ညှိနှိုင်း ဖြေရှင်းလျက်ရှိကြောင်း၊ နှစ်ဦးနှစ်ဘက် အဆင်ပြေမည့် နည်းလမ်းကို ဆောင်ရွက် ပေးသွားမည်ဟု သိရကြောင်း ပြောသည်။

“အခုပဲ စက်ရုံက အကြောင်းကြားထားပါတယ်၊ သူတို့ဖြေရှင်းနေတယ်၊ မကြာခင် အဆင်ပြေသွားမယ်လို့ ကျနော့်ဆီကို ဖုန်းဆက် ပါတယ်”ဟု ဦးမြတ်သင်းအောင် က ဧရာဝတီကို ပြောသည်။

အလုပ်သမားများ ဆန္ဒပြနေသည့် ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို တိုင်ရီ ဖိနပ် စက်ရုံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အစည်းအဝေးလုပ်နေဆဲ ဖြစ်၍ အတိအကျ မသိရသေးဟု တာဝန်ရှိသူ အမျိုးသမီးတဦးက ဖြေဆို သည်။

တိုင်ရီ စက်ရုံ၏ လုပ်ခ လစာပေးမှု၊ လုပ်အားခ ဖြတ်တောက်မှုများကို မကျေနပ်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၀ ၊ ၂၀၁၁ ခုနှစ် တို့ တွင်လည်း အလုပ်သမား ထောင်ချီ၍ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သေးသည်။
၎င်းစက်ရုံသည် တရုတ်လူမျိုးပိုင် စက်ရုံတခု ဖြစ်ပြီး အလုပ်သမား တထောင်ကျော် ရှိကြောင်း သိရသည်။ လှိုင်သာယာ စက်မှုဇုန် (၆) ခု တွင် အထည်ချုပ် စက်ရုံ၊ ပလတ်စတစ် စက်ရုံ၊ ဖိနပ် စက်ရုံ၊ လျှပ်စစ် ပစ္စည်း စက်ရုံ စသည့် စက်ရုံ၊ အလုပ်ရုံ များရှိပြီး အလုပ်သမားဦးရေ ၄ သောင်းကျော် ရှိသည်ဟု ဦးမြတ်သင်းအောင် က ပြောပြသည်။

Ref: ဧရာဝတီ

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများအနက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အမေရိကန်က ရန်ပုံငွေထည့်ဝင်ထားသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစရှိသည့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံကို ငွေကြေးဆိုင်ရာ အကဲဖြတ်မှု၊ နည်းပညာ ထောက်ပံ့မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်သည်။
၂၀၁၁ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အား လွှဲအပ်ထားခြင်း ဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်ကို မစ္စ ကလင်တန်က ယမန်နေ့က လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် တုန့်ပြန် အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ အမေရိကန်က ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများ ဆက်လက်ရှိနေမည်ဖြစ်သော် ယခု ကန့်သတ်ချက်တချို့ ရုပ်သိမ်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF တို့ထံမှ နည်းပညာနှင့် အကူအညီ ရရှိရေး လမ်းကြောင်းများ လမ်းပွင့်သွားမည် ဖြစ်သည်။

ယခုကဲ့သို့ ကန့်သတ်ချက်တချို့ ရုပ်သိမ်းခြင်းသည် မြန်မာ့စီးပွားရေး အခြေအနေကို ပိုမိုအားဖြည့်လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

“အမေရိကန် ပြန်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ အားပေးထောက်ခံရင်း အတူလုပ်ဆောင်စရာများ ဆက်လက်ရှိနေပါသေးတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို နောက်ကြောင်းပြန်လှည့်ရန် မရှိကြောင်းနှင့် ပိတ်ဆို့ အရေးယူထားခြင်းများကိုအနောက်နိုင်ငံကြီးများက ဖယ်ရှားပေးရန် တိုက်တွန်းကြောင်း အမေရိကန် အခြေစိုက် ၀ါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ကန့်သတ်ချက်တချို့ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ကမ္ဘာဘဏ်နှင့် IMF တို့၏ ငွေကြေးဆိုင်ရာ နည်းပညာနှင့် အကဲဖြတ်မစ်ရှင်များ လာရောက်ခြင်းကို အမေရိကန်က ထောက်ခံပြီး အဆိုပါ မစ်ရှင်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရုံသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့၊ စွမ်းရည် မရှိတာတို့နဲ့ပတ်သက်ပြီး အကဲဖြတ်မစ်ရှင်တွေ လာမယ်ဆိုရင် အမေရိကန်က အခု ထောက်ခံတယ်။ အမေရိကန်က မြန်မာ့စီးပွားရေးအပေါ် အကဲဖြတ်ချက်တွေက အရေးပါတယ်ဆိုပြီး ထောက်ခံတာ။
သူက အဲဒီမစ်ရှင်တွေလာရင် ငွေကြေးထောက်ပံ့နိုင်တယ်။ ငွေချေးလို့တော့ မရသေးဘူး” ဟု ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
အမေရိကန်ဘက်က လိုလားနေသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတစေရေး စသည့်တို့ကို မြန်မာအစိုးရက ဆက်လက် ဖော်ဆောင်ရန် ရှိကြောင်း၊ အမေရိကန်ဘက်က အလွယ်တကူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း ရုပ်သိမ်းသွားမည် မဟုတ်ဘဲ တဆင့်ချင်းသာဖြစ်ကြောင်း ခင်မောင်ညို (ဘောဂဗေဒ) က ဆက်လက်ပြောသည်။

အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် မစ်ခ်ျ မက်ကောနဲလ်၊ ဂျွန်မက်ကိန်း ၊ ဂျိုး လီဘာမန်တို့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာစဉ်ကလည်း အဆိုပါအချက် များကို ပြောကြားတိုက်တွန်းခဲ့သေးသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံကို လွန်ခဲ့သည့် ဒီဇင်ဘာလက လာရောက်လည်ပတ်ခဲ့စဉ်က ကမ္ဘာ့ဘဏ်၏ ဆန်းစစ် လေ့လာရေး မစ်ရှင်များကို ခွင့်ပြုရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကလည်း အမေရိကန် ပြည်ထောင်စု၏အရေးယူမှုများ ရုပ်သိမ်းရန် အချိန်ကျ၊ မကျ အစိုးရနှင့် ဥပဒေပြုလွှတ်တော်အကြားဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောဆိုသွားသေးသည်။

Ref: ဧရာဝတီ

“သမိုင်း၏တရားခံ”

ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ-မစိုးရိမ်) ရေးသားသည့် ‘မဟန’ အကြောင်း
wirathu-dhamma

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးဆိုင်ရာ အက်ဥပဒေတစ်ရပ်ကို ၂၀၀၃ ခုနှစ်မှာ ချမှတ်ခဲ့ပေမဲ့ ပြောင်းလဲမှု မရှိခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်မှာ လွှတ်တော်အမတ် တွမ်လန်းတို့စ် (Tom Lantos) တင်သွင်းတဲ့ JADE အက်ဥပဒေနဲ့ အရေးယူမှုတွေကို တိုးမြှင့် တင်းကျပ်ခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်ကစပြီး မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ တစ်စစ လုပ်ဆောင်လာခဲ့သလို ဒီ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ မြန်မာအစိုးရသစ်က တောင်းဆိုခဲ့ပါတယ်။ အခုထိ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားမပေးသေးတဲ့ အမေရိကန်ဘက်က မြန်မာနိုင်ငံအတွင် ပြောင်းလဲ တိုးတက်မှုတွေအတွက် ညီမျှတဲ့ တုံ့ပြန်မှုတွေ ပေးနေပါတယ်လို့ မစ္စတာ ကမ့်ဘဲလ် က ပြောပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အထင်ကရ အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ မစ်ခ်ျမက်ကောနဲလ် (Mitch McConnell)၊ ဂျွန်မက်ကိန်း (John McCain) နဲ့ ဂျိုးလစ်ဘာမန်း (Joe Liberman) တို့ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအရေးယူ ဒဏ်ခတ်မှုဆိုင်ရာ ဥပဒေကို ပြင်ဖို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့ လိုနေပြီး အခုအခါမှာ ဆွေးနွေးမှုတွေ လုပ်နေပြီမို့ မကြာခင် လအနည်းငယ်အတွင်းမှာပဲ အဖြေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒေသတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ထင်းရှားတဲ့ တက္ကသိုလ်နဲ့ ပညာရေး၊ စီးပွားရေးကအစ ထိပ်ဆုံးမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေအတွက် စိန်ခေါ်မှုတွေ ရှိနေတာမို့ အားလုံးက ၀ိုင်းဝန်း ကူညီဖို့ လိုနေတယ်လို့လည်း မစ္စတာ ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

Ref: VOA

Taiyi ဖိနပ်စက်ရုံ လုပ်သား ၂,၀၀၀ ကျော် ဆန္ဒပြ

ရန်ကုန် လှိုင်သာယာ စက်မူဇုန် (၃) တိုင်ယီ ဖိနပ်စက်ရုံက  မြန်မာ အလုပ်သမား ၂,၀၀၀ ကျော်ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမားတွေ အနေနဲ့ အခြေခံလုပ်အားခ နည်းပါးတာကြောင့်ရော၊ ပြီးခဲ့တဲ့လက လစာ ဖြတ်တောက် ခံရတာတွေအတွက် မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီလား၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဘယ်လို ညှိယူခဲ့ကြသလဲ ဆိုတာကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြထားပါတယ်။

ဇန်န၀ါရီလအတွင်းမှာ အလုပ်ပိတ်ရက်တွေ များတယ်ဆိုပြီး လုပ်အားခထဲက ကျပ်ငွေ တစ်သောင်းကျော် ဖြတ်တောက်ခံရတာကို အကြောင်းပြုပြီး အလုပ်သမားတွေ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရကြောင်း ဆန္ဒပြ အလုပ်သမားတွေ အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပြပါတယ်။

“ပြီးခဲ့တဲ့ ဇန်န၀ါရီလက ရုံးပိတ်ရက် ၅ ရက်ရှိတယ်။ လွတ်လပ်ရေးနေ့ အပါအ၀င် ၅ ရက် ရှိတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော် ဖြစ်လို့ဆိုပြီး လုပ်ငန်း အလုပ်ရှင်ကနေပြီးတော့ ၅ ရက်ပိတ်တယ်။ အခု ဒီ လကုန်လို့ ငွေရှင်းတဲ့ အခါကျတော့ ငွေရှင်းတယ်ဆိုတာက လကုန်ပြီး ၅ ရက်ကနေ ၇ ရက် အတွင်း ရှင်းတတ်တယ်။ အဲဒီ ငွေရှင်းတဲ့ အခါကျတော့ အလုပ်ပိတ်ရက် များလို့ ဆိုပြီးတော့ တယောက်ကို ၁ သောင်း၊ ၁ သောင်း ၂ ထောင် အဲလို ဖြတ်တယ်။ ဖြတ်ချလိုက်တယ်။ အဲလို ဖြတ်လိုက်တော့ တဘက်က အလုပ်သမားတွေမှာ ဘာပြဿနာတွေ ရှိလဲ ဆိုတော့ သူတို့ လုပ်ခဲ့တဲ့ လစာလေးက စားလို့လောက်ရုံပဲ။ အခု ဒီလထဲမှာ ပြီးခဲ့တဲ့ လကစပြီးတော့ သူတို့နေတဲ့ အဆောင်တွေမှာ အဆောင်စာရိတ်တွေ တက်တယ်၊ ထမင်းစာရိတ်တွေ တက်တယ်။ အဲလို အခက်အခဲတွေ ဖြစ်တယ်။ သူတို့ဒီ ကြွေးယူထားတဲ့ ကိစ္စတွေ ဘာတွေ အဲလို ကိစ္စတွေ အများကြီး ရှိတယ်။ ဒီပိုက်ဆံနဲ့ သူတို့ ဘယ်လိုမှ လှည့်လို့ ပတ်လို့ ရပ်တည်လို့ မရတော့ဘူး။ အဲတော့ ဒီလို ကိစ္စတွေကတော့ လုပ်ခ လစာ ဖြတ်တောက်တိုင်း ဖြတ်တောက်တိုင်း စက်မှုဇုန်မှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်တာ အဓိကကတော့ သူတို့ စားဝတ်နေရေး လုံးဝ ရပ်တည်လို့ မရလို့ ဖြစ်တာ။ ဒီ လုပ်ခလစာ အပေါ်မှာ မကျေနပ်တာပေါ့။ ဒီပေါ်မှာ ညှိနှိုင်းပြီး သွားတာ။ အဓိက ဒီသဘောပဲ။

ဆန္ဒပြတာကတော့ မနက်ပိုင်း ၇ နာရီကျော် အချိန်လောက်က စပြီး အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ စုရုံးခဲ့တာဖြစ်ကြောင်း၊ အလုပ်သမားတွေ အနေနဲ့ တောင်းဆိုတာက အခြေခံလစာ တိုးပေးဖို့၊ တစ်နာရီကို ၇၅ ကျပ်ကနေ ကျပ်ငွေ ၂၅၀ ထိ တိုးပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း အလုပ်သမား တစ်ဦးက ပြောပြပါတယ်။
လိုချင်တဲ့ဟာ တောင်းတာလေ။ အခြေခံ လစာတောင်းတာလေ။ အဲဒါ မရသေးဘူး။ တနာရီကို ၇၅ ကျပ် ၂၅၀ တောင်းတာ အခြေခံ လစာ အရမ်းနည်းတယ် ပေါ့နော်။ အလုပ်မလုပ်ဘဲနဲ့ ပြန်လာကြတာ။

အလုပ်သမားတွေအနေနဲ့ တခြား မကျေနပ်မှုတွေ ရှိနေကြောင်း သူတို့ကို အလုပ်ရှင်က ခြိမ်းခြောက်မူတွေ လုပ်နေတယ်လို့လည်း ခံစားရကြောင်း ဆန္ဒပြ အလုပ်သမားအရေး ဆောင်ရွက်နေသူက  ပြောပြပါတယ်။
စက်ရုံတွေထဲမှာ ဘာလဲ ဆိုတော့ ထိခိုဒဏ်ရာရတဲ့ ကိစ္စတွေ ဆိုလည်း ထိထိရောက်ရောက် လုပ်ပေးတာ ဘာညာ မရှိဘူး။ ပိုဆိုးတာ အလုပ်သမားတွေ မကျေနပ်တာ ဇန်န၀ါရီလဆန်းပိုင်းမှာ အမေရိကန် နိုင်ငံရဲ့ ကိုယ်စားလှယ်က ဗမာပြည် အလုပ်သမား စက်ရုံတွေ လာမယ်ဆိုပြီး စက်ရုံတွေမှာ သတင်းဖြန့်တယ်။ ဖြန့်ပြီးတော့ အဲဒီ ရက်ပိုင်းမှာ အဲဒီ လာမယ့် တစ်ရက် နှစ်ရက် လောက်မှာ အဲဒီ စက်ရုံထဲမှာ သောက်ရေအိုးတွေ ဘာတွေက အစပေါ့ဗျာ စုတ်ပြတ်နေတဲ့ဟာတွေ အကုန်လုံး အသစ်တွေ အကုန်လဲပေးတယ် စက်ရုံပိုင်ရှင်က။ အဲဒီနေ့မှာပဲ နိုင်ငံခြားသား လူဖြူ တစ်ယောက်လာတယ်ပေါ့ဗျာ။ အမေရိကန် နိုင်ငံကလို့ ပြောတယ်ပေါ့။ စကားပြန်ကတဆင့် အလုပ်သမားတွေကို စကားပြောတယ်။ ပြောတော့ ဘာပြောလဲ ဆိုတော့ အလုပ်သမားတွေ အနေနဲ့ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြမယ် ဆိုလို့ ရှိရင် ဥပဒေအရ အရေးယူလို့ ရတယ်။ အဲတော့ အလုပ်သမားတွေက ကိုယ့်ရဲ့ အခက်အခဲတွေကို လေဘာရုံးကို တင်ပြရမယ် ဆိုပြီး ဒီလူက ပြောတယ်ဆိုပြီး စကားပြန်ကနေ ပြန်ပြောပြတယ်ပေါ့ဗျာ။ အလုပ်သမားတွေက ဒီကိစ္စကို စက်ရုံပိုင်ရှင်ဘက်က အကြံအဖန်လုပ်တယ် ဆိုပြီး ထင်ကြတယ်။ ဒါကိုလည်း မကျေနပ်ကြဘူး။ ခုန အဲဒီလူလာတော့ လဲထားတဲ့ ပစ္စည်းတွေ ဘာတွေက အဲဒီလူပြန်တော့ အကုန်သိမ်းပစ်လိုက်တယ်။ အဲလို မကျေနပ်ချက်တွေလည်း ရှိတယ်။ တကယ်ဆို အဲဒီလူပြောတဲ့ အတိုင်းလည်း ဟုတ်ချင်မှ ဟုတ်မှာ ပေါ့ဗျာ။ စကားပြန်က သူပြန်ချင်သလို ပြန်နေတာလည်း ဖြစ်နိုင်တာပေါ့။ အလုပ်သမားတွေက ဒါကို မယုံဘူး။ ပြီးတော့ အသားလွတ်ကြီးလာပြီးတော့ ခြိမ်းခြောက်သလို ဖြစ်တော့ လက်မခံဘူး။ မကျေနပ်ကြဘူးပေါ့ဗျာ။ ဒါတွေလည်း ရှိနေတယ်။

တိုင်ယီ ဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အခြေခံလစာ တိုးပေးဖို့ တောင်းဆို ခဲ့ရာမှာ အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း မရရှိဘဲ အနည်းငယ် တိုးပေးရုံနဲ့ ကျေနပ်ခဲ့ရကြောင်း၊ လက်ရှိမှာတော့ အလုပ်သမားတွေဟာ အခြေခံလစာ အပါအ၀င် မနက် ၇ နာရီကျော် ကနေ ည ၉ နာရီကျော်အထိ အလုပ်လုပ်ရပေမဲ့ တစ်လလုံးမှ ကျပ်ငွေ  ၅ သောင်းကနေ ၆ သောင်း ထိသာ ရပြီး လစာငွေ ဖြတ်တောက်ခံရတာတွေဟာ အဆင်မပြေ ဖြစ်ရကြောင်းတွေကိုလည်း ပြောသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ယီ ဖိနပ်စက်ရုံကို ဆက်သွယ်တဲ့အခါမှာဆက်သွယ်လို့ မရခဲ့ပါဘူး။
Ref: VOA

Monday 6 February 2012

ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်ပြီးသေဆုံး

20120106a
Photo: Wichai Witthawat - Phuket Gazette(၂၃.၁၂.၂၀၁၁)ရက်နေ့
(၂၃.၁၂.၂၀၁၁)ရက်နေ့ ည(၉း၀၀)နာရီကျော်ခန့်တွင် ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတစ်ဦးနှင့် သူမ၏ ဖခင်ဖြစ်သူတို့သည် ဖူးကက်မြို့၊ ထန်လန်းအရပ်ရှိ ဖူးကက်လေဆိပ်သို့သွားသော လမ်းမကြီးကို ဖြတ်ကူးစဉ် အဝေးမှလာသော တိုယိုတာဗီဂို ပစ်ကပ်ကားနှင့် တိုက်မိသဖြင့် အသက်(၁၆)နှစ်အရွယ်ရှိ သမီးဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

“ညပိုင်း (၉)နာရီ (၁၀)နာရီ လောက်ရှိပြီ၊ မုန့်ဝယ်စားဖို့ လမ်းဖြတ်ကူးတာ၊ လမ်းမကူးခင် ကားက အဝေးကြီးမှာဗျ။  ကားက တော်တော်မြန်တယ်ဗျ။ လမ်းကိုလည်း ဖြတ်ကူးရော ကျွန်တော်နဲ့ သမီးလေးကို တိုက်သွားတယ်။ သမီးလေးက တစ်ခါတည်း ပွဲချင်းပြီး သေတယ်။ ကျွန်တော့်ခေါင်းမှာ ချုပ်ရတယ်။ ကျွန်တော့် သူဌေးက ကောင်းပါတယ်။ အစစ အရာရာ လိုက်ကူညီပေးတယ်”ဟု ဖခင်ဖြစ်သူ ဦးဥာဏ်ထွန်းမှ ပြောပြသည်။

အမှုကို ထန်လန်း ရဲစခန်းတွင် ဘတ်သုံးသိန်းဖြင့် အမှုကျေအေး လိုက်သော်လည်း အာမခံ ကုမ္ပဏီအနေဖြင့် သေဆုံးသူ၏ ဖခင်အား အဖေအရင်း ဟုတ်မဟုတ် မြန်မာပြည်မှ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် အထောက် အထားများ အစုံအလင်ပြနိုင်မှ လျော်ကြေးပေးရန် ပြောဆိုထားကြောင်း သိရသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)၏ အလုပ်သမား ဖွံ့ဖြိုးရေးဌာနမှ ဥပဒေကြောင်းအရ အကြံပေးကာ လိုက်ပါ ဆောင်ရွက် ပေးလျက်ရှိသည်။

သေဆုံးသူမှာ မွန်အမျိုးသမီး မိရင်ရင်ထွန်းဖြစ်ပြီး ဖခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေး(ပန်းရံ)လုပ်ငန်းကို လုပ်ကိုင်လျက် (ဖူးကက်)ထန်လန်းရှိ ဘန်းပွန်း ပရိဘောဂဆိုင် (Baan Porn Furniture store)၏ နောက်ဘက် အလုပ်သမား တန်းလျားတွင် နေထိုင်ကြပြီး မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းကြီး ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

Ref: GHR
 

မယ်မြ (ရေးသူ-အမျိုးသားပညာဝန် ဦးဖိုးကျား)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။

ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ 
သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ င်း၏ယောင်္ကျားကုလားက...

 “ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-

“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်လေ”

“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”

“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။ ၄င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။

ကျွန်ုပ်တို့လူစုတွင် မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။

“မယ်မြရယ်၊ နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”

“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”

“နင့်ကုလားကကော၊ဘယ်လောက်များလူစကောင်းလို့လဲဟဲ့။”

(မခံချင်၍ဒေါသနှင့်မေးသည်။) “ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊  နှယ်နှယ်မမှတ်နဲ့”

“ဟင်-နို့နင်ကိုယ်တိုင်လဲ နွားသတ်သလား”

“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင် ရောဂါဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာတွေ သင်ရတာ မပါဘူးလား”

“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”

ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”

“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာမဟုတ်လား”

“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုး ကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊ တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”

မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”

“ဟေ့၊ တော်၊ မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”

“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”

“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ်မလုပ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လယ်ငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”

“မယ်မြ နင့်ဟာလွန်ကုန်ပြ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”

ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”

“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။

ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက်၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား “ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။

နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကို တက်နိုင်သမျှ လူများနားလည်အောင်ပြုလုပ်ဖို့ရှိတယ်။ ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။

ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသတစ်ခုလည်း လုပ်ကြစို့။

“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌ “မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။

စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေ တကား။

“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”

“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင်ကြေ
ာင်း ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။

ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက်မိလေ၏။

နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။

"နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်"

ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ)
 နိုင်ငံခြားဖုန်းခေါ်ဆိုခ နှုန်းထားများကို ဖေဖော်ဝါရီလကုန်တွင် လျှော့ချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ဈေးနှုန်းမည်မျှ လျှော့ချမည်ကို ညှိနှိုင်းဆဲဟု ၄င်းကပြောသည်။
''မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေနဲ့ လက်ရှိအနေအထား အရ လူတိုင်းနီးပါးအလွယ်တကူ ဖုန်းကိုင်ဆောင်နိုင်အောင် မလုပ် နိုင်သေးပေမယ့် ဖုန်းအလွယ်တကူ ကိုင်ဆောင်နိုင်ဖို့နဲ့ ခေါ်ဆိုခနှုန်းထား တွေ လျှော့ချဖို့အတွက်တော့ အဆင့်ဆင့်ဆောင်ရွက်ထားပါတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက် ပြောသည်။
လက်ရှိတွင် နိုင်ငံခြားခေါ်ဆို မှုနှုန်းထားများမှာ နိုင်ငံအပေါ် မူ တည်၍ ဈေးနှုန်း ကွာခြားခြင်းများ ရှိပြီး အနိမ့်ဆုံးခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ်လျှင် ကျပ်သုံးထောင်နီးပါး ရှိကြောင်းဆက်သွယ်ရေးမှသိရသည်။
ယင်းသို့ ခေါ်ဆိုခမြင့်မားနေမှု ကြောင့် တရားဝင်ဖုန်းခေါ်ဆိုခွင့် မပြု ထားသော်လည်း ဈေးနှုန်းသက်သာ သော Pfingo ၊ Skype စသည့် အင်တာနက်ဖုန်းခေါ်ဆိုမှုများကို သုံး စွဲလာကြောင်း ၄င်းကပြောသည်။
''အင်တာနက် ဖုန်းခေါ်ဆိုမှု အတွက်လည်း ရတနာပုံတယ်လီပို့ နဲ့ပူးပေါင်းပြီး Y-talk စနစ်ကို စီစဉ် ဆောင်ရွက်ထားပါတယ်။ လာမည့် ဖေဖော်ဝါရီလအတွင်းမှာပဲ အပြီး သတ်ဆောင်ရွက်သွားမှာပါ''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော သည်။
အဆိုပါ Y-talk စနစ် အပြီးသတ် ဆောင်ရွက်ပြီးပါက လက်ရှိ နှုန်းထား များထက် လျော့နည်းမည် ဖြစ်ကြောင်း၊ ၄င်းအပြင် မိုဘိုင်း ဖုန်း ဖြင့် ခေါ်ဆိုသည့် နှုန်းထားကိုလည်း နိုင်ငံတကာနှုန်းထား များနည်းတူ အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။
နိုင်ငံတကာ ဖုန်းခေါ်ဆိုခတွေ လျှော့ချပေးမယ်ဆိုတာကတော့ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ တော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ လက်ရှိ နှုန်းထားထက် ဘယ် လောက်လျှော့ချသွားမှာလဲ။ ထက် ဝက်နှုန်းလျှော့ချပေးမယ်ဆိုတာ တောင် အသုံးပြုဖို့ခက်ခဲနေမှာပါ'' ဟု ပုဇွန်တောင်မြို့နယ်ရှိ ဖုန်းသုံးစွဲ သူကိုစည်သူက ပြောသည်။
ပေါ်ပြူလာဂျာနယ် 
Ref: သစ်ထူးလွင်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes