Saturday 16 June 2012

ဦးဝီရသူအား ဆုံးမသြ၀ါဒပေးရန် သံဃာမဟာနာယကအဖွဲ့က စာထုတ်ပြန်

 
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၆၊ ၂၀၁၂
အရှင်ဦးဝီရသူအနေဖြင့် လက်ရှိမြန်မာနိုင်ငံ့အရေး အခြေအနေများတွင် ၎င်း၏သဘောထား ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်သည့်အနေဖြင့် ဆိုဆုံးမမှုများ ပြုလုပ်ပါရန် ညွှန်ကြားချက်ကို မန္တလေးတိုင်းဒေသကြီး သံယနာယကအဖွဲ့ဆရာတော်က မြို့နယ်သံယနာယကအဖွဲ့သို့ စာဖြင့် ပေးပို့လိုက်သည်။
 
အဆိုပါညွှန်ကြားလွှာတွင် ရခိုင်ပြည်နယ်အတွင်း ဒေသဆိုင်ရာ အရေးအခင်းများကို အကြောင်းပြုပြီး သဘောထားများ ထုတ်ပြန်ခြင်းသည် ထေရ၀ါဒရဟန်းတော်များအနေဖြင့် လူမှုရေးကိစ္စများတွင် ပတ်သက်ခြင်း မရှိစေရဟူသော အဖွဲ့၏ စည်းမျဉ်းနှင့် ထိခိုက်နေသည်ဟု ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
 
လက်ရှိအခြေအနေ တိုင်းပြည်မငြိမ်သက်မှုများကို အကြောင်းပြုပြီး အာဏာရအစိုးရနှင့် နောက်လိုက်အဖွဲ့အစည်းများသည် ပြည်တွင်းရှိ မီဒီယာများ၊ လူထု လူတန်းစားအသီးသီး၏ ကိုယ်ပိုင်သဘောထား ထုတ်ဖော်ပြောဆိုမှုများကို ပိုမို တင်းကြပ်စွာ ကန့်သတ်လိုသည့် အဆင့်သို့ ဦးတည်လာနေကြောင်း၊ ယင်းကဲ့သို့ ကန့်သတ်မှုများကို အခြေခံပြီး လူထုထံက အကျိုးရှိသည့် တုန့်ပြန်မှုထက် အဆိုးမြင်သော၊ သံသယကြီးမားစေသော၊ ကြောက်စိတ်ကို နှိုးဆွစေသော တုန့်ပြန်မှုများသာ ရရှိမည်ဖြစ်ကြောင်း၊ ထိုအချက်ကို အစိုးရက တမင်သက်သက် လှုံဆော်နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ရန်ကုန်မြို့နေ ကျောင်းထိုင်ဆရာတော်တပါးက မိုးမခကို ထင်မြင်ချက် ပေးလိုက်သည်။
 
နယူးယောက်ပြည်နယ်က ဆရာတော်တပါးဖြစ်သူ ဦးပညာနန္ဒကလည်း အဆိုပါအချက်ကို ထောက်ခံသည်ဟု ဆိုသည်။

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်

ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ့်အချိန်ကို စောင့်
ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ  ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။  နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။  ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”

ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ၀န်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-
“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”

နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။

“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။ သက်ဆိုင် ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”

သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည်ဖြစ် ခဲ့မိလား။ ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားပါတယ်။

Ref: VOA

မြန်မာနိုင်ငံကတိုးတက်မှု ထိုင်းနဲ့ အမေရိကန် ကြိုဆို

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုများနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်အောင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ ၀ိုင်းဝန်း ကူညီကြဖို့ လိုအပ်ကြောင်း အမေရိကန်နဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Photo: US Department of State
၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul တို့ အစည်းအဝေး မစတင်မီ ကြေညာချက် ထုတ်ပြန်နေစဉ်။
မနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန် - ထိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ အစည်းအဝေးကနေ ကြေညာချက် ထုတ်ပြန် ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောခဲ့တာပါ။

အဲဒီ နှစ်ဘက်အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong တို့ ဦးဆောင်ကျင်းပခဲ့တာပါ။

အာရှ ပစ္စဖိတ်ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးကြီးကြောင်း၊ နှစ်ပေါင်းများစွာ အမေရိကန် - ထိုင်း ဆက်ဆံရေး ကောင်းမွန်ခဲ့တာကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Ref: RFA

Friday 15 June 2012

တရားမ၀င်ကုန်သွယ်နေမှုများ ထိရောက်စွာအရေးယူဆောင်ရွက်မည်

နယ်စပ်ဒေသလမ်းကြောင်း များမှတစ်ဆင့် တရားမ၀င်ကုန် သွယ်နေမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမ၀င်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး တို့ကို ဆောင်ရွက်သည့်နေရာတွင် အသိပေးခြင်း၊ စည်းရုံးခြင်း၊ ပညာ ပေးခြင်း၊ အရေးယူခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထိထိရောက် ရောက်ဆောင်ရွက်မည်ဟု သိရ သည်။

““တရားဝင်ကုန်သွယ်မှု လမ်း ကြောင်းပေါ် ရောက်ဖို့ဆောင်ရွက် နေကြပေမယ့် လက်တွေ့မှာ တရားမ၀င်ကုန်သွယ်မှုများ ပိုမို များပြားနေတာကို တွေ့နေရပါ တယ်””ဟု အထက်ပါဝန်ကြီးဌာန မှ တာဝန်ရှိသူကပြောသည်။

တရားမ၀င်ကုန်စည်များ ၀င်ရောက်လာမှုသည် စားသုံးသူ များအား အဘက်ဘက်မှ လုံခြုံမှု ရှိအောင် စားသုံးသူအကာအကွယ် ပေးရေးသည် အရေးပါသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ကုန်စည်များ တရားမ၀င် ၀င် ရောက်နေခြင်းကို ပပျောက်အောင် ဆောင်ရွက်သင့်ပြီး စားသုံးသူများ ဘက်သို့ အကာအကွယ်ပေးရေး များ ဆောင်ရွက်သင့်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 မေဇင်ကို - Hot News Weekly 
Ref: MNN

စစ်တွေမြို့ တရားသီးစုရပ်ကွက် ထပ်မံ မီးရှို့ခံရ

295092 4130439536403 1428806987 nဇွန်လ ၁၅ရက်၊ နံနက် ၁နာရီခွဲခန့် အချိန်တွင် စစ်တွေမြို့ တရားသီးစုရပ်ကွက်ရှိ အိမ်ပေါင်း ၃၀ကျော်ကို ဘင်္ဂလီမူဆလင်များ မီးရှို့သွားကြောင်း သတင်းရရှိသည်။

“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့ လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။ 

မီးက တော်တော်လည်းကြောက်ဖို့ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့ မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ အဲဒီဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ် လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။ မြစ်ထဲအထိလိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့မရလိုက်တော့ဘူး”ဟု တရားသီးစုရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။

ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက်တစ်ဖွဲ့စီ ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင်ထားသောကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။

“အခု စစ်တပ်က အကုန်လုံးကို သူတို့အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ ရဲတွေလည်း သူတို့လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို အယင်နေ့တွေလို လေးယောက်တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို ခွင့်မပြုတော့ဘဲ သူတို့လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ လုံခြုံရေးမယူနိုင်တော့ဘူး။ ပြီးတော့ လုံခြုံရေးတွေက လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။ မြစ်ကမ်းမှာ သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့်ခြောက်ခြားမှုတွေကို ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Ref:Arakan Times

 ဇွန်လ နောက်ဆုံးပတ်တွင် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်

၂၀၁၂ခုနှစ် ဇွန်လ နောက်ဆုံး ပတ်အတွင်း ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ  Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရပါသည်။

''ဇွန်လ လကုန်ပိုင်းမှာ စပြီး ထုတ်ပေးမှာပါ။ စမ်းသပ်ကာဖြစ်တဲ့အတွက် လူအားလုံးကိုတော့ ထုတ်ပေးဦးမှာ မဟုတ်ဘူး။ စမ်းသပ်ကာလက တစ်လကြာမှာပါ ''ဟု ကမ္ဘောဇဘဏ်လီမိတက် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောကြားပါသည်။

အဆိုပါ  Debit Card  မှာ MPU Card(Myanmar Payment  Union Card)ဖြစ်ပြီး နောက်ပိုင်းတွင် Credit ကတ်နှင့်  Smart ကတ် အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များက ထုတ်ပေးပြီးဖြစ်သည့်  အေတီအမ်ကတ်များကိုလည်း အဆိုပါ MPU  ကတ်နှင့် ပြန်လည်လဲ လှယ်သွားရမည်ဖြစ်ပြီး အေတီအမ်ကတ်နှင့်  Debit  ကတ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းတစ်ခုလုံး ပါဝင်သည့် ငွေပေးချေမှုဆိုင်ရာ အဆင့်မြှင့်တင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပြီး မြန်မာငွေပေးချေမှုအဖွဲ့(Myanmar  Payment Union)ကိုတည်ထောင်ကာ နိုင်ငံတကာတွင် အသုံးပြုနေသော ငွေပေးချေမှု နည်းပညာများနှင့် စနစ်များဖြစ်အောင် ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ National Switch နှင့် Data Center ပြီးပါက ဘဏ်များ၏ Own Swith  နှင့်ချိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရပါသည်။ VISA ကတ်နှင့် CUP ကတ် (China Union Pay)ကဲ့သို့ နိုင်ငံတကာကတ်များ ၀င်ရောက်လာပါက MPU Network အတွင်း ၀င်ရောက် ချိတ်ဆက်သွားရမည် ဖြစ်ပါသည်။

လာမည့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားပါက
 နိုင်ငံတကာသို့ ငွေကြေးကိုင်ဆောင်ခြင်းပြုရန်မလိုဘဲ ငွေပေးချေနိုင်သည်အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာကတ်များ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများက ဆိုပါသည်။

Ref: ဧရာဝတီ

မြန်မာ ၁၁ ဦး ထိုင်း ငါးဖမ်းလှေတွင် ရောင်းစားခံရ

ထိုင်းနိုင်ငံ ရနောင်းမြို့ ဆိပ်ကမ်းတွင် တွေ့ရသော ငါးဖမ်း လှေများ (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရေလုပ်သားများ အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၁၁ ဦးကို ထိုင်း အာဏာ ပိုင်များက မကြာသေးမီ ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။

ရောင်းစား ခံထားရသူ တဦး၏ တိုင်ကြားချက် အရ ယခု တပတ် အင်္ဂါနေ့က ဆဲမ်ဆမ် လှေဆိပ်မှ လှေ ၂ စီးကို ထိုင်း အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) က ၀င်ရောက် စီးနင်း၍ ကယ်တင် ခဲ့ကြောင်း ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့် တင်မှု ကွန်ရက် (LPN) အဖွဲ့မှ ဒါရိုက်တာ ဆွန်ပေါင် ဆာကရော့ (Sompong Sakaew) က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသား ၁၁ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော မွန်တိုင်းရင်းသား ၃ ဦးကို ထိုင်း အာဏာ ပိုင်များက ဖမ်းဆီးထားပြီး ပြန်လည် လွတ်မြောက်လာသူများကိုလည်း ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

“မဲဆောက်က ပွဲစားတွေက သူတို့ကို စက်လှေ လိုက်စရာ မလိုဘဲ ငါးလုပ်ငန်း စက်ရုံတွေမှာ အလုပ်လုပ်ရမယ် ပြောတယ်။ ဒါကြောင့် သူတို့ လာလုပ်ကြတာ”ဟု ဆွန်ပေါင် ဆာကရော့က ဆက်ပြောသည်။

ထိုင်းသတင်းများတွင် ဖော်ပြချက်အရ လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် မွန်တိုင်းရင်းသား ၃ ဦးနှင့် လှေပိုင်ရှင်တို့ ကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“အဲဒီ မွန် လူမျိုးတွေက လှေအလုပ်သမားတွေကို တနေ့ ဘတ်ငွေ ၃၀ ပေးပြီးတော့ နာရီ ၂၀ အထိ အဓမ္မ အလုပ် ခိုင်းတယ်”ဟု DSI တာဝန်ရှိသူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရကြောင်း သတင်း များအရ သိရသည်။
ပြီးခဲ့သည့် မေလကလည်း ချွန်ဘူရီမြို့နယ် အချောင်းလှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံ သား၂၀ ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။

Ref: ဧရာဝတီ

 ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီ Jamaat e-Islami က ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ကာ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ပေးခဲ့သည့်ဟု မြန်မာအစိုးရက ပူပန်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြောကြား၊ ရိုဟင်ဂျာများနှင့် Jaamat အကြားခိုင်မာသော ချိတ်ဆက်မှုရှိနေကြောင်း ၀န်ခံ

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ပါတီ Jamaat e-Islami နှင့် အချို့သော အဖွဲ့အစည်းများက ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ကာ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်ပြီး လူမျိုးရေး အဓိကရုန်းများ ဖြစ်လာစေရေး လှုံ့ဆော်ပေးခဲ့သည်ဟု ယူဆရမှုအပါအ၀င် မြန်မာအစိုးရ၏ ပူပန်နေရသည့်ကိစ္စများကို မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ဆက်သွယ်အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ဇွန်လ ၁၄ ရက် နေ့တွင် ပြောကြားခဲ့သည်။

"Jamaat နဲ့ ရိုဟင်ဂျာတွေကြားမှာ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ Jamaat ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံတွင်းမှာ ရိုအင်ဂျာအုပ်စု အချို့လှုပ်ရှားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စကို အရမ်း အရေးကြီးတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်"ဟု မိုနီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများ ထပ်မံဝင်ရောက်မှုကို လက်ခံရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ဖိအားပေးနေသော်လည်း လက်မခံနိုင်ရခြင်းနှင့် ပတ်သက်ပြီးလည်း မိုနီက ဖြေရှင်းပြောကြားခဲ့သည်။

"စစ်ဖြစ်နေတဲ့ အခြေအနေမျိုး မရှိပါဘူး။ သူတို့ (ရိုဟင်ဂျာ)တွေမှာ သွားစရာနေရာမရှိတာလည်း မဟုတ်ပါဘူး။ (မြန်မာ)အစိုးရက သူတို့ကို နှင်ထုတ်နေတာလည်း မဟုတ်ပါဘူး။ ဒီပြဿနာကို ပြေလည်အောင်ပဲ ဖြေရှင်းပေးနေတာပါ" ဟု မိုနီကသုံးသပ်ခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို လက်ခံပေးရမယ်ဆိုတဲ့ ဘယ်နိုင်ငံတကာ သဘောတူညီချက်ကိုမှ လက်မှတ်မထိုးထားပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို အမိုးအကာပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ပါဘူး"ဟု မိုနီ ကပြောကြားခဲ့သည်။

"အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မဟုတ်ပေမဲ့ ကျွန်မတို့က သူတို့ကို လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံထဲမှာ နေခွင့်ပေးထားတာပါ"ဟု မိုနီက ပြောကြားခဲ့ပြီး လက်တလောအချိန်တွင် ရိုဟင်ဂျာ ၂၅၀၀၀ ခန့်ကို အကူအညီပေးထားပြီး တရားမ၀င် နေထိုင်သူ ငါးသိန်းနီးပါးအထိ ဘင်္ဂလားဒေ့ရှ် တွင် လက်ခံပေးထားရပြီးဖြစ်ကြောင်း မိုနီက အောက်လွှတ်တော်တွင် စာရင်းဇယားများ တင်ပြခဲ့သည်။

"ရိုဟင်ဂျာတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုရေး၊နိုင်ငံရေး၊ ပတ်ဝန်းကျင်ရေးရာနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ပြဿနာတွေ အမြောက်အများကို ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရင်ဆိုင်နေရပါတယ်"ဟု မိုနီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ရိုဟင်ဂျာအချို့သည် ယခင်(ဘင်္ဂလားဒေ့ရှ်) အစိုးရ လက်ထက်က အကူအညီရပြီး ပြည်ပသို့ထွက်ခွာရန် စီမံနိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ကိုင်ပြီး ပြည်ပတွင် ရာဇ၀တ်မှုများ ကျူးလွန်ရာ၌ ပါဝင်ပတ်သက်နေသည့် ရိုဟင်ဂျာများရှိကြောင်း မိုနီက ပြောကြားခဲ့သည်။

Ref: EMG

နိုးကြားပါစေကုန်သတည်း

Saya Chit Oo Nyo


* ကြည့်လိုက်စမ်း — သူငယ်ချင်း
မိုးကုတ်စက်ဝိုင်းအနှံ၊ တပြန့်တပြော ——
-      သောကမီးလျှံကို စားသုံးနေရသူတွေ
-      မောဟ အမှောင်တိုက်ထဲကျရောက်နေသူတွေ
-      ၀မ်းတစ်ထွာနဲ့ စစ်ခင်းနေရသူတွေ
-      ကိုးစရာ ကိုယ့်အား ရှားပါးနေသူတွေ
-      အာရောဂျံ ပရမံ လာဘံ နတ္ထိဖြစ်နေသူတွေ
-      တစ်ကိုယ်ရည်ဖော်မဲ့ ချည့်နဲ့နေသူတွေ  ………
ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋ္ဋေ ။


-  ငိုသူကို မျက်ရည်သုတ်ပေး
-  အမှောင်မိသူကို အလင်းပြပေး
-  ဆာလောင်သူကို အစာပေး
-  လဲကျသူကို ထူမတ်ပေး
-  နာဖျားသူကို ဆေးဝါးပေး
-  အထီးကျန်သူကို အဖော်ပြုပေး ။

* ကူညီဖေးမ နှလုံးသားတွေလှကြရဲ့။
သို့ပေမယ့် —- သူငယ်ချင်း
ရိုးရှင်းစွာ တွေးကြရအောင် ။


* ညောင်ပင်သာ ဦးပုည —– တဲ့
ရှေးကစာဆို က၀ိတစ်ပါးရဲ့
သိထားအပ်တဲ့ ဆုံးမစာ
( မမှီလောက်ဘဲ ၊ မှီခိုတွဲ ၊ ဆင်းရဲရောက်တက်စွာ )
( မှီခိုလောက်လျက် ၊ ကျိုးမတက် ၊ မဖက်ရှောင်ကြဉ်ခွါ )
( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ )
( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ )
( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ )
( လောကဓမ္မ ၊ တွေးကြံဆ ၊ နှစ်စခွဲစိတ်ဖြာ )
( စိတ်ဖြာဝေဖန် ၊ တွေးဆကြံ ၊ အမှန်သိပညာ )

* လာ ——- သူငယ်ချင်း
အတ္တ ဖယ်ရှင်း
မာန ပယ်ခွင်း
အတွင်းကျကျ ၊ စဉ်းစားကြမယ် ။


* မသိခြင်း ချောက်ကမ်းပါး
မရှိခြင်း ချောက်ကမ်းပါး
ရောက်သွားကြတဲ့ လူသားတွေ ………


* စောင့်ရှောက်ကယ်ဆယ်ခြင်း ကြိုးခွေကိုပစ်ချပေး
အားမွေးလို့ ဖေးကူစိတ်
ကမ်းပါးထိပ်ကနေ ဆွဲတင်ယူ
̏  တို့လူလေးများ ဆိုသလေ
အနိဋ္ဌာရုံကို ဘယ်လိုဖြိုမယ် ( ဒီလိုဖြိုမယ် )
ဣဋ္ဌာရုံကို ဘယ်လိုဖြိုမယ်   ( ဒီလိုဖြိုမယ် )
ညီစေနော်    ( ညီမယ် ) ˝
ကြွေးကြော် ကြုံးဝါး
တို့များအားလုံးရဲ့ သဘာဝပေးတာဝန်
ကျေပွန်ကြရမယ် ။
ကောင်းလေစွ —- ကောင်းလေစွပါကွယ် ။


* အင်း —- ကောင်းလေစွ ဆိုပြီး
အပေါင်းဝေနေယျကို ကြည့်လိုက်တော့
ပျော့ကွက် ဟာကွက် ဆိုတာ ရှိစမြဲ ၊
ဒုက္ခနဲ့လွန်ဆွဲ
နဖူးကွဲ — ဒူးပြဲ
အလူးအလဲ ပြန်ထရပ်
ဒီသံသရာ ချားရဟက်
တရစပ် လည်ပတ် နေဆဲပါလား ။


* ညောင်ပင်သာဦးပုညရဲ့ စာကိုပြန်ကြည့်စမ်း
( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ )
( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ )
( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ ) တဲ့ ။


* အမိုးအကာနဲ့ ပြည့်စုံ
လုံခြုံစိတ်ချရတဲ့ ရှင်သန်မှု ၊
သဘာဝဒဏ် ၊ လာသမျှရန်တွေ အတွက်
အာမခံချက်ရှိတဲ့ ရှင်သန်မှု ၊
အနိဋ္ဌာရုံ အစုစုတွေ ကင်းစင်ဖို့
ကြိုတင် တားဆီး
ဖြစ်ပြီးမှ ကုစားတာမဟုတ်
‘ မလဲခင်ကတည်းက ထိန်းမတ် ’
‘ မငတ်ခင်ကတည်းက အစာရှာ’
‘ မနာခင်ကတည်းက အားမွေး ’
‘ မဝေးခင်ကတည်းက အဖော်ပြု ’
လူမှု ဒုက္ခတွေ ဝေလာဝေး
နီထွေးရဲရင့်တဲ့ နှလုံးသားတွေနဲ့
သန်မာကျစ်လျစ် ပခုံးအားတွေနဲ့
ဟောဒီလို ကြုံးဝါး ကြွေးကြော်ကြမယ် ။


* အကြင်အရပ် ၊ ထိုအရပ်၌
ငါတို့တိုင်းပြည် ၊ တို့တိုင်းပြည်သည်
ငါတို့နိုင်ငံ ၊ တို့နိုင်ငံသည်
( အို ) ငါတို့ မိခင် ၊ တို့ မိခင်သည်
ရွှင်မြူးနှစ်ခြိုက်
သိုက်မြိုက် ခမ်းနား
အားသစ်များနှင့်
နိုးကြားပါစေ ကုန်သတည်း ။
နိုးကြားပါစေ ကုန်သတည်း ။
နိုးကြားပါစေ ကုန်သတည်း။          ။


ချစ်ဦးညို
၂၀၁၂   မေ   ၂၈

(ဆရာချစ်ဦးညိုသည် “နိုးကြားပါစေကုန်သတည်း” ကဗျာကို ဇွန်လ ၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်တွင် ကျင်းပသော National Forum For Social Protection ပွဲ၌ ရွတ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါပွဲသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို မီးမောင်းထိုးပြကာ ပြည့်စုံကောင်းမွန်၍ သာတူညီမျှသော လူ့ဘောင်ဖြစ်ပေါ်လာရေးအတွက် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာနယ်ပယ်နှင့် စာနယ်ဇင်းအလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ဆွေးနွေးသည့် ပွဲဖြစ်ပါသည်။)

Ref: မျက်ရှု

လာဘ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်



မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိသရွှေ့ အုပ်စုလိုက်ဖြစ်တဲ့ အထိကရုန်းတွေ ဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဖက်မှာ လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေးရှိဖို့ အရေးကြီးတယ် ဆိုတာကိုလဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား ဖြစ်သင့် မသင့်၊ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ အပေါ် အရေးယူ သင့် မသင့် စတဲ့ သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားတာကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အလုပ်သမားညီလာခံမှာ မိန့်ခွန်း ပြောကြားပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ ဘယ်လောက် အရေး ကြီးသလဲဆိုတာ ပြသနေတယ် ဆိုတာကို အလေးထားပြီး ဖြေဆိုသွားတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပါတ်သက်လို့ စိုးရိမ်သလားဆိုတဲ့ သတင်းထောက် တယောက်က မေးပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“ရခိုင်ပြည်ဖက်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ အပေါ်မှာ မြန်မာ တနိုင်ငံလုံးလိုပဲ ကျွန်မစိုးရိမ်တာပေါ့၊ တရားဥပဒေစိုးမိုးမှု ဘယ်လောက် လိုအပ်နေသလဲဆိုတာ ကျွန်မတို့ သင်ခန်းစာယူသင့်တဲ့ ကိစ္စကြီးပါ။ နိုင်ငံထဲမှာဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံး အဆုံးသပ်ရေးအတွက် တရားဥပဒေ စိုးမိုးမှု လိုအပ်တယ်ဆိုတာကို ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်ခါ ထပ်ခါပြောနေတာပါ။ လူတိုင်း လူတိုင်း ဥပဒေရဲ့ အကာအကွယ် ရရပါမယ်။ သူတို့အနေနဲ့လဲ နိုင်ငံရဲ့ ဥပဒေတွေကို လေးစား လိုက်နာဖို့လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် အုပ်စုလိုက်ဖြစ်ပွားတဲ့ အထိကရုန်းတွေ ဆက်ပြီးဖြစ်နေမှာပါဘဲ။ အခု ဖြစ်နေတဲ့ ပြဿနာကို ပါးပါးနပ်နပ် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာလိုလားနေတဲ့ ငြိမ်းချမ်းမှု ပြန်ရဖို့ သက်ဆိုင်သူတွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုလဲ လိုအပ်ပါတယ်။”

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် လက်ခံသလားဆိုတဲ့ မေးခွန်းမျိုးကိုလဲ သတင်းထောက်တွေ မေးကြပါတယ်။

“နိုင်ငံသားဖြစ်ရေးနဲ့ ပါတ်သက်လို့ အင်မတန် ရှင်းလင်းတိကျတဲ့ ဥပဒေလိုအပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့လိုတဲ့ လက်တွေ့ ပြဿနာကို ကျွန်မပြောပါရစေ။ နယ်စပ် တဖက်တချက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံဖက်ကရော ဘင်္ဂလားဒေ့ရှ် ဖက်ကပါ ၂ ဖက်လုံး မှာ စိုးရိမ်မှုတွေကြောင့် ခုလို ကြီးမားတဲ့ ပြဿနာကြီးတခု ဖြစ်နေရတယ်လို့ ကျွန်မထင်ပါတယ်။ အဆင်းရဲဆုံး နယ်စပ်ဒေသ ဖြစ်တဲ့အတွက် တရားမဝင် နယ်စပ် ဖြတ်ကျော်မှုတွေ တချိန်လုံး ဖြစ်နေမှာပါ။ ဒီထက် တာဝန်သိပြီး လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေး ရှိဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။”

ဘယ်လိုလူမျိုးတွေက နိုင်ငံသား ဖြစ်နိုင်သလဲဆိုတာကို ရှင်းရှင်း လင်းလင်းရှိဖို့ လိုအပ်သလို နိုင်ငံသားဖြစ်ခွင့်ရှိသူတွေ အနေနဲ့ နိုင်ငံသားတယောက် ရသင့်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိဖို့လိုအပ်တယ် ဆိုတာကိုလဲ နောက်ထပ် ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်သင့်သလားဆိုတဲ့ အမေးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ဖြေသွားခဲ့ပါတယ်။

မေးခွန်းတွေ  အတော်စုံစုံမေးကြတဲ့ သတင်းစာရှင်းပွဲမှာ အရင် စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာကိုလဲ သတင်းထောက်
တယောက်က မေးပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကော်မရှင် မြန်မာနိုင်ငံမှာ ဖွဲ့လာမယ် ထင်သလား ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“လောလောဆယ်မှာတော့ အမှန်တရား ဖော်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မတီဖြစ်ဖို့ အစီအစဉ်ရှိပုံ မရသေးပါဘူး။ အတိတ်မှာ ဖြစ်ခဲ့တာတွေကို ဘုန်းတော်ကြီး Desmond Tu Tu ပြောသလိုပဲ လက်တုံ့ပြန်မှုကို အခြေခံတဲ့ တရားမျှတမှုမျိုး မဟုတ်ဘဲ အမှားကို ပြန်ပြင်ချင်တဲ့ တရားမျှတမှုမျိုးသာ ဖြစ်သင့်ပါတယ်။ အခုအချိန်မှာတော့ ကျွန်မ အလိုလားဆုံးက ပြန်လည်သင့်မြတ်ရေးပါ။ လက်စားခြေရေး မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ သူ့ကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြလို့ အစိုးရ အကြီး အကဲတွေ စိတ်အနှောင်အယှက် ဖြစ်နိုင်သလားဆိုတာနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးနေတာတွေဟာ သိပ်စောလွန်းသေးတယ်လို့ ထင်သလားလို့ ဗွီအိုအေ သတင်းထောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“ပထမမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကျွန်မ ဘယ်လောက် စိတ်လှုပ်ရှားသလဲဆိုတာကို ကျွန်မနိုင်ငံက ခေါင်းဆောင်တွေသိရင် ကျွန်မကို စိတ်အညိုအညင် ဖြစ်မှာ မဟုတ်ပါဘူး။

သနားတောင် သနားမှာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပါတ်သက်တဲ့ ဒုတိယမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ အသေအချာ ရှေ့ဆက်ဖို့က မြန်မာနိုင်ငံသားတွေရဲ့ တာဝန်လို့ ကျွန်မယူဆပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားမှုကြောင့် ဒီလုပ်ငန်းစဉ်တွေ အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။ ဒါကြောင့် ကျွန်မက ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါလို့ ကျွန်မပြောနေတာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သွားလို့၊ ယာယီ ဖယ်ရှားပေးလို့၊ အသစ်ဝင်လာမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီမိုကရေစီရေးအတွက် အထောက်အကူပဲ ဖြစ်သင့်ပါတယ်။ အနှောင့် အယှက် မဖြစ်သင့်ပါဘူး။”

ဂျနီဗာမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ ကချင်ပြည်နယ်ဖက်က အခြေအနေနဲ့ ပါတ်သက်ပြီး အပြစ်အခတ် ရပ်ဆဲရုံနဲ့ မလုံလောက်ဘဲ၊ ရေရှည် အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

Ref: VOA

ဘင်္ဂလီရိုဟင်ဂျာ ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် လက်မခံ

မြန်မာဘက်က ခိုလှုံလာသူ ဘင်္ဂလီ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးတောင်းဆိုနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မနေ့က လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။
AFP
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အ၀င်မခံဘဲ ပြန်မောင်းထုတ်လိုက်သည့် ဘင်္ဂလီ ဒုက္ခသည်လှေကို တွေ့ရစဉ်။
မနေ့က ဘင်္ဂလီဒုက္ခသည် (၇၀၀) လောက်ပါတဲ့ လှေ (၁၇) စင်းလောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အ၀င်မခံဘဲ ပြန်မောင်းထုတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက လွှတ်တော်မှာပြောဆိုရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာဆိုင်ရာ ဘာသဘောတူညီချက်ကိုမှ လက်မှတ်မရေးထိုးခဲ့တဲ့အတွက် မြန်မာနိုင်ငံကထွက်လာတဲ့ ဒုက္ခသည်တွေကိုလက်ခံဖို့ တာဝန်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတချို့၊ ရင်းနှီးတဲ့နိုင်ငံတချို့က တောင်းဆိုတဲ့အတွက် ဒုက္ခသည်တချို့ကို ၀င်ခွင့်ပြုခဲ့ကြောင်း၊ တကယ်တော့ မိမိတို့အပေါ် ဒီလိုတောင်းဆိုဖို့ မသင့်ဘူးဆိုတာ ပြောလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလီ ရိုဟင်ဂျာ ဒုက္ခသည် (၃) သိန်းလောက် လက်ခံထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဂျမတ် အီ အစ္စလာမ်ပါတီက လှုံ့ဆော်ခဲ့တယ်လို့ မြန်မာအစိုးရက စွပ်စွဲထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောဆိုခဲ့ကြောင်း အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအပေါ် ပိတ်ဆို့မှု ဆွစ်ဇာလန် ရုပ်သိမ်း

မြန်မာနိင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အများစုကို ဆွစ်ဇာလန်နိင်ငံက ရုပ်သိမ်းလိုက်ကြောင်း မနေ့က Swiss နိုင်ငံခြားရေးဌာနက ပြောကြား လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း Swiss နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လူထုကို ဖိနှိပ်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းဝယ်မှုကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။

ဆန္ဒပြရွှေတွင်း လုပ်သားများ တောင်းဆိုချက်ရရှိ

နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ ရမည်းသင်းခရိုင်က ရွှေတွင်းလုပ်သားတွေ လမ်းခုလတ်မှာပဲ သူတို့ တောင်းဆိုတာတွေကို ကုမ္ပဏီဘက်က ဒီနေ့ လိုက်လျောလိုက်တယ်လို့ သိရပါတယ်။
RFA
ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ
နေပြည်တော် သမ္မတအိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ရမည်းသင်းခရိုင် မိုးထိ မိုးမိ ရွှေတွင်းက ရွှေလုပ်သားတွေဟာ လမ်းခုလတ်ရှိ ရွှေမြင်တင် ဘုရားတောင်ခြေ အရောက်မှာ လုံခြုံရေးတွေရဲ့ ပိတ်ဆို့တားဆီးတာ ခံနေရသလို တဘက်ကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်းမှုတွေ လုပ်နေရင်း သူတို့ တောင်းဆိုထားတဲ့ အခွင့်အရေးတွေရရှိပြီး ပြေလည်သွားတာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင် ကိုသက်လွင်က ပြောပါတယ်။

“ရာခိုင်နှုန်း ၁၀၀ လုံး အကုန်ပြေလည်တယ်လို့ ပြောလို့ရပါတယ်။ အင်းတွေကို ယခင်မူလအတိုင်း ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေးကို ကျွန်တော်တို့ တောင်းဆိုတဲ့ အခါမှာ အများနဲ့နည်းတူ တစ်နှစ်ပေးပါတယ်၊ နံပါတ် ၂ အနေနဲ့ ဇုန်အတွင်းမှာရှိတဲ့ စက်တွေကို ပြန်လည် လည်ပတ်ခွင့်ရရှိရေး တောင်းဆိုပါတယ်။ အဲဒီဟာကိုလည်း ဒီစက်တွေကို နောက်ရေရှည် ဆက်လုပ်ဖို့အတွက် သူတို့က တရားဝင်အဖြစ်နဲ့ တစ်နှစ်ခွင့်ပြုပါတယ်ခင်ဗျ။ နံပါတ်သုံးအချက်ဖြစ်တဲ့ ရွှေလုပ်သားများ ယခင်အတိုင်း အစုခံစားခွင့် ရရှိရေးကိုလည်း သူတို့ ကုမ္ပဏီ စာချုပ် စချုပ်တဲ့အချိန်မှာ ထုံးကြီးနဲ့ ရွှေစင်မှာ သီးခြား တသီးပုဂ္ဂလ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုလည်း အဆင်ပြေအောင် ဆိုပြီးတော့မှ ၈ လခွဲ ပြန်လည်ပြီးတော့မှ လုပ်ကိုင်ခွင့်ပေးပါတယ်ခင်ဗျ”

ဒါ့အပြင် အင်း မလုပ်တော့ဘဲ လျော်ကြေး ရလိုသူတွေအတွက်လည်း လျော်ကြေးပြန်ပေးမယ်လို့ သဘောတူသလို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အဆောက် အဦးတွေ ဆောက်လုပ်ဖို့ မြေညှိတဲ့အခါ၊ စက်တွေသယ်ဆောင်တဲ့အခါ တွေမှာလည်း အားလုံး ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရခဲ့တယ်လို့ သူကပြောပါတယ်။
အဲဒီသဘောတူညီချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေ အပါဝင် လက်မှတ်ထိုးပြီးရင် သူတို့ဆန္ဒပြတာတွေကို ရုပ်သိမ်းမယ်လို့ ကိုသက်လွင်က ဆက်ပြောပါတယ်။

“ခုန ပြေလည်တဲ့ ဟာတွေကို စာစီမယ်။ ပြီးရင် ဟိုဘက်က ယုံကြည်လောက်တဲ့ အသိသက်သေ၊ ကျွန်တော် တို့ဘက်ကလည်း ယုံကြည်လောက်တဲ့ အသိသက်သေ ဒီအဖွဲ့တွေနဲ့ အတူပေါင်းပြီးမှ နှစ်ဦး သဘောတူလက်မှတ်ထိုးမှာပါခင်ဗျ။ ကုမ္ပဏီဘက်မှာဆိုရင် တိုင်းဒေသကြီး သတ္ထုဝန်ကြီး ဦးသန်းစိုးမြင့်နဲ့ ပြည်ထောင်စု သတ္ထုတွင်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဌေးတို့ ပါမှာပါ။ ဆန္ဒပြနေတဲ့ ကျွန်တော်တို့ အဖွဲ့ရယ်၊ သူတို့ရဲတွေ၊ လုံခြုံရေးပိတ်နေတဲ့ နှစ်ခု ကြားထဲမှာ ညှိတာပါ။ ကျွန်တော်တို့ လက်မှတ်ထိုးပြီးလို့ ယုံကြည်စိတ်ချရပြီဆိုရင် ကျွန်တော်တို့ အဖွဲ့တွေက ကျွန်တော်တို့ ဌာနေကို ကျွန်တော်တို့ အရင်အာမခံထားတဲ့အတိုင်းပဲ ရှေ့ကို တဖ၀ါးမှ မတိုးပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်မှာပါ”

ရမည်းသင်းခရိုင်ရှိ မိုးထိ မိုးမိရွှေတွင်းလုပ်ငန်းကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းရှင်များကို လေလံခေါ်ပြီးတော့ အောက်တိုဘာလမှာ လုပ်ငန်းတွေစခဲ့ပါတယ်။
၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ကုမ္ပဏီက လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းသွားတာပါ။ ဒါကို ရင်းနှီးမြှုပ်နှံ ထားကြတဲ့ သူတွေက နစ်နာဆုံးရှုံးတာကြောင့် လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဇွန်လ ၁ ရက်နေ့ ကနေ စတင်ပြီးတော့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

Ref: RFA

ဒီမိုကရေစီအရေး ရှေးရှု ရင်းနှီးမြှုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - Reuters)
မြန်မာအစိုးရကို အားပေးသည့်အနေဖြင့် ဒီမိုကရေစီနှင့် သဟဇာတဖြစ်မည့် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံခြား ကုမ္ပဏီများကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရောက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။

ဥရောပ ခရီးစဉ်အတွင်း ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် ယနေ့ ပြောကြားသော ဥရောပရောက် ပထမဆုံး မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းခြင်း ဖြစ်သည်။
သို့သော် ရင်းနှီးမြှုပ်နှံရာ၌ သတိထားရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ထိုအခြေအနေမှ မတိုးတက်လာသရွေ့ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် MOGE နှင့် ပူးတွဲ အလုပ်လုပ်ခြင်း မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“စွမ်းအင်ကဏ္ဍမှာ ဖက်စပ်အနေနဲ့ နိုင်ငံခြားက ပူးပေါင်းလုပ်ဆောင်နေတဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုရော တာဝန်ယူမှုပါ လောလောဆယ် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုအတွက် IMF ၏ ကျင်းထုံးနည်းနာကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများကို လိုက်နာရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ILO ၌ မိန့်ခွန်းမပြောမီ ယမန့်က ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်ချက် အများစုကို ရုပ်သိမ်းပေး လိုက်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်မူကြမ်းကို ဇွန်လ ၆ ရက်နေ့မှ စတင်၍ ၅ ရက် အကြာ ILO မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အသေးစိတ် လေ့လာသုံးသပ်ဆွေးနွေးပြီး ညီလာခံအစည်းအဝေးသို့ တင်သွင်းခဲ့ကြောင်း၊ ILO ညီလာခံ အစည်းအဝေး တက်ရောက်သော အစိုးရကိုယ်စားလှယ်များ အပါအ၀င် အလုပ်သမားအဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်းတို့က မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်ချက်များအား ရုပ်သိမ်းရန် ထောက်ခံပေးခဲ့ကြောင်း သိရှိရသည်။

ILO အနေနှင့် မြန်မာနိုင်ငံအပေါ် တိုးတက်ပြောင်းလဲမှုများကို အသိအမှတ်ပြု၍ ပူးပေါင်းလုပ်ဆောင်ခွင့်ရရှိရန် အထူးအခွင့်အရေး ပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (HREIB) ၏ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်သည်။

“အရင် အစိုးရလက်ထက်တုန်းက ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူး။ အခု အစိုးရလက်ထက်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် ဒီအခြေအနေမျိုးမှာ အခွင့်အကောင်း ယူပြီးတော့ ငွေအား၊ အတတ်ပညာပိုင်း ကူညီပေးဖို့ သူတို့က အဆင်သင့်ရှိတယ်လို့ ထုတ်ပြန် တာဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ILOအနေဖြင့် ယခင်က မြန်မာပြည်ကို အဓမ္မစေခိုင်းမှု ဆိုးရွားသည့်အနေအထား သတ်မှတ်ထားပြီး လက်ရှိ အစိုးရလက်ထက်တွင် သာမှန်အနေအထားအဖြစ် ပြန်လည်သတ်မှတ်ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

ဦးအောင်မျိုးမင်းက လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေခံလုပ်ခလစာနှင့် ခံစားခွင့်များအတွက် ဆန္ဒပြမှုများကို ထောက်ပြပြီး “တဖက်မှာ လုပ်အားပေး စေခိုင်းမှုတွေ ပပျောက်အောင် လုပ်နေသလို တဖက်မှာ အလုပ်သမားအခွင့်အရေး တိုးတက်အောင် ကာကွယ်ပေးတဲ့ အနေအထားမျိုးတွေ တိုးတက်မြှင့်တင်အောင် အစိုးရက ဆက်လက် လုပ်ဆောင်ဖို့တော့ အများကြီးလိုတယ်။ အခု အချိန်အထိ အဲဒီလောက် အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ အဆင့်မျိုးတော့ မရောက်သေးဘူး” ဟု ဆိုသည်။

ILO အဖွဲ့ အစည်းအနေနှင့် မြန်မာနိုင်ငံမှ အဓမ္မ စေခိုင်းမှုများနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်မှ စတင်၍ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

Ref: ဧရာဝတီ

အစိုးရ စွမ်းအင်လုပ်ငန်း ပွင့်လင်းမှုနည်းဟု ဒေါ်စု ဝေဖန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ နည်းပါးနေသေး၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေနှင့် ၎င်းနှင့် ဖက်စပ်မလုပ်ကိုင်သင့်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တိုက်တွန်းလိုက်သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံတွင် ကြာသပတေးနေ့က တက်ရောက်၍ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြား စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖက်စပ်လုပ်ငန်း အစီအစဉ်တွေနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပြည်ပ ကုမ္ပဏီတွေအားလုံးနဲ့ တွဲလုပ်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်း MOGE ဟာ ခုချိန်မှာတော့ ပွင့်လင်းမြင်သာမှုရော၊ တာဝန်ခံမှု အပိုင်းမှာပါ အားနည်းနေ ပါသေးတယ်” ဟု သတိပေးပြောဆိုလိုက်သည်။

ထို့ကြောင့် “မြန်မာအစိုးရဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ စံတွေနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ကောင်းမွန်စွာ ကျင့်သုံးရေး ကျင့်ဝတ်စည်းကမ်း တွေလိုမျိုးပေါ့။ ဒီလို ကျင့်ဝတ်စည်းကမ်းတွေကို သဘောတူလက်မှတ်ရေးထိုးခြင်း မပြုဘူးဆိုရင်
တော့ ကိုယ့်နိုင်ငံက ကုမ္ပဏီတွေကို MOGE နဲ့ တွဲလုပ်ဖို့ တခြားနိုင်ငံတွေအနေနဲ့ ခွင့်မပြုခြင်းအားဖြင့် ကူညီရာ ရောက် ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

၁၃ နှစ်ကြာ မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ထားမှုများကို ILO က ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီး နောက်တနေ့တွင် မိန့်ခွန်းတက်ရောက်ပြောဆိုခွင့် ရသည့် ဒေါ်အောင်ဆန်းစုကြည် က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုမူ ကြိုဆိုရမှာဖြစ်ကြောင်း
ပြောဆိုလိုက်သည်။

မိန့်ခွန်းပြောဆိုအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦးမှ မေးလာသော ကျောက်ဖြူ သဘာဝဓါတ်ငွေ့ စီမံကိန်းနှင့် ပတ်သက်၍ ပိုက်လိုင်း ကန်ထရိုက်စာချုပ်ပါ အချက်အလက်တွေကို မသိဘဲနဲ့ တရုတ် CNPC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ အကျိုးအမြတ်ကို ချင့်တွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ပွင့်လင်းမြင်သာမှု အားနည်းခြင်းဟာ သင်္ကာမကင်းဖြစ်မှု အမျိုးမျိုးကို ပေါ်ပေါက်စေနိုင်ပြီး ဒါတွေကနေ အနာဂတ် အတွက် ဒုက္ခတွေကို ဖန်တီးပေးနေပါတယ်” ဟု ဖြေကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စွမ်းအင်ထုတ်ယူမှုနှင့်ပတ်သက်၍ “တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေရဲ့ ပြဿနာ က ဘာလဲဆိုရင် မြေကြီးထဲကနေ ထုတ်နုတ်ယူလိုက်ပြီးသကာလ ပြန်ဖြည့်သွင်းခြင်း မပြုနိုင်တာပါပဲ။ နောက်ပြီး ဒီလုပ်ငန်းတွေဟာ တခြားစက်မှုလုပ်ငန်းတွေက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်သလောက်လည်း မပေးနိုင်ကြပါ ဘူး” ဟု ၎င်း၏အမြင်ကို ဖော်ထုတ်ပြောဆိုသွားသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှာ ခိုင်မာထိရောက်တဲ့ စွမ်းအင်ပေါ်လစီ ရှိစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသွားသည်။

ဒေါ်စု ILO မိန့်ခွန်းပြောပြီး ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေး ဖြေကြား

မဇ္ဈိမသတင်းဌာန ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် ဇွန်လ ၁၄ ရက်နေ့က နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတခု လည်း ပြုလုပ်ခဲ့သည်။

မိန့်ခွန်းတွင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှ အသွင်ပြောင်း အရေခွံလဲလာသည့် နိုင်ငံများနှင့် ဆင်တူကြောင်းဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ILO ညီလာခံတွင် တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
dsilo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (Photo: ILO)

မြန်မာနိုင်ငံတွင် ရွေးကောက်ခံတပိုင်း အစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး တောင်အမေရိက နိုင်ငံများနှင့် အလား သဏ္ဍာန်တူကြောင်း ILO ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ပရိသတ်ကြီးအား NLD ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်နေသော်လည်း ယခုမိန့်ခွန်းမှာ မြန်မာအစိုးရကိုယ်စား မဟုတ်ကြောင်း ပြောဆိုလိုက်ရာ ညီလာခံခန်းမရှိ ပရိသတ်ကြီးမှာ ရယ်သံများ၊ သြဘာသံများ သောသောညံသွားခဲ့သည်။

နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီးနောက် ခေတ္တနားပြီး သတင်းစာရှင်းလင်းပွဲတခုလည်း NLD ဥက္ကဋ္ဌက ပြုလုပ်ခဲ့သေး သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် လူအများ စိတ်ဝင်တစား ရှိနေကြသည့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ရိုဟင်ဂျာအရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသေးသည်။
dsilo1
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မိန့်ခွန်းပြောဆိုနေစဉ် (Photo: ILO)

ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ မဟုတ်ကြောင်း မြန်မာအစိုးရက ကြေညာထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဇွန်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု နိုင်ငံပိုင် သတင်းစာများက ရေးသားသည်။ ယင်းအပြင် လူနေအိမ် ၁၆၆၂ လုံး၊ ဆိုင်ခန်း ခြောက်ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီးတို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်ကာ ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအား ကိုယ်တိုင်လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့သို့ သွားရောက်ကာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့၏ဖျော်ဖြေပွဲသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ချီးမြှင့်ထားပြီး ဖြစ်သည့် Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ ထိုဆုကို U2 ခေါင်းဆောင် ရော့ခ်အဆိုတော် Bono က ပေးအပ်ရန် စီစဉ်ထားသည်။
dsilo2
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မိန့်ခွန်းပြောဆိုနေစဉ် (Photo: ILO)

ထိုနေ့တွင်ပင် ဗြိတိန်နိုင်ငံသို့ ခရီးဆက်၍ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။ ထိုအတောအတွင်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက် မွေးနေ့ကိုလည်း သားနှစ်ယောက်နှင့်အတူ ကျင်းပရန်ရှိပြီး ဇွန် ၂၁ ရက်နေ့တွင် ဗြိတိန် လွှတ်တော်နှစ်ရပ်သို့ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ထို့ပြင် BBC Reith lectures တွင် “သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှု” ဟူသည့် ခေါင်းစဉ်ဖြင့် ပို့ချရန် စီစဉ်ထားပြီးဒေါ်အောင်ဆန်းစုကြည် အလွန်နှစ်သက်သော BBC တေးဂီတ အစီအစဉ်တခု ဖြစ်သည့် A Jolly Good Show ၏ အစီအစဉ်မှူး Hairy Cornflake နှင့်လည်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

ယခုခရီးစဉ်၏ နောက်ဆုံးနိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် သမ္မတ Francois Hollande ၏ ဧည့်သည်အဖြစ် ဇွန်လ ၂၉ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။

ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးများသို့ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်တက်ရောက်ဆွေးနွေးနိုင်မည် ဖြစ်သည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးရ သတင်းများ

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
ညနေ ၄ နာရီ ၁၀ မိနစ်
၂၀၁၂ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ စတင်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးတင်ကြပ်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုမှာ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ တားမြစ်ထားသည့် ရပ်ကွက်(၄)ခုအတွင်းနေထိုင်သော လူမျိုးခြားများမှာပြင်ပသို့ ထွက်ခွာခြင်းမပေးကြောင်း၊ ထို့အတူပြင်ပမှရခိုင်လူမျိုးများကိုလည်း အတွင်းသို့ ၀င်ခွင့်မပြုကြောင်း သိရှိရသည်။ စစ်တွေမြို့နယ်အတွင်းရှိ နေအိမ်များကို မီးရှို့ရန်နှင့် ဆူပူအောင် ဆောင်ရွက်သူများနှင့် ကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးစစ်ဆေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ ကွပ်ကဲရေးရုံးမှ သိရှိရသည်။ ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် (၄)ဦး၊ ညပိုင်းတွင် ၂၉ ဦး၊ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် (၂)ဦး၊ ညပိုင်းတွင်(၁၄) ဦးတို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးနေသူများထဲမှ ၁၃ ဦးကို အာမခံပေးခဲ့ပြီး ကျန်လူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ဇွန်လ ၁၅ ရက်နေ့ မွန်လွဲ ၄ နာရီ ၁၈ မိနစ်တွင် သတင်းပေးပို့ပါသည်။
နံနက် ၁၀ နာရီ ၀၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေသည် ငြိမ်သက်လျှက်ရှိနေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း သိရှိရပါသည်။ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ကျီးကန်းပြင် ကယ်ဆယ်ရေးစခန်း တို့တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် မောင်တောမြို့မှ ယနေ့ သွားရောက်ပေးပို့ရန် စီစဉ်ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ယနေ့ နံနက်ပိုင်းအထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
နံနက် ၉ နာရီ ၄၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဈေးဆိုင်ခန်းအချို့ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။


Ref: EMG

 နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းတိကျသော ဥပဒေများလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သုံးသပ်

နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းတိကျသော ဥပဒေများလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သုံးသပ်၊ အဓိကပြဿနာမှာ မလုံခြုံသော နယ်ခြားနှင့် တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူများရှိနိုင်သည့် ကိစ္စဖြစ်ပြီး အကျင့်ပျက် ချစားမှုမရှိသော နယ်ခြားစောင့်ကြည့်မှုမျိုးလိုအပ်ဟုပြောကြား


dassk
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့် ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့သို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များက မေးမြန်းခဲ့ရာတွင် နိုင်ငံသားဖြစ်မှုအတွက် အလွန်ရှင်းလင်း တိကျသော ဥပဒေများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ပါသည်။

အဓိကပြဿနာတစ်ခုမှာ မလုံခြုံသော နယ်ခြားနှင့် တရားမ၀င် ရွှေ့ပြောင်းဝင်ရောက် လာသူများရှိနိုင်သည့် ကိစ္စဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က သုံးသပ်ခဲ့ပြီး ပိုမိုတာဝန်ယူမှုရှိပြီး အကျင့်ပျက် ချစားမှုမရှိသော နယ်ခြားစောင့်ကြည့်မှုမျိုး လိုအပ်ကြောင်းလည်း သုံးသပ်ခဲ့ပါသည်။

ဇွန်လ ၁၄ ရက်နေ့က ဂျနီဗာ တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက  တရားဥပဒေစိုးမိုးရေး၊ လူမျိုးရေးပဋိပက္ခများ အဆုံးသတ်ရေး၊ အားကောင်းသော ဒီမိုကရက်တစ်အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာရေးတို့နှင့် ပတ်သက်ပြီးလည်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

ယခုမိန့်ခွန်းပြောကြားမှုမှာ အစိုးရကို ကိုယ်စားပြုပြီး ပြောကြားခြင်းမဟုတ်ကြောင်း ပြောခဲ့ပြီးနောက် "အခုထိမဟုတ်သေးဘူး ဆိုပါတော့"ဟု ပြောကြားခဲ့ရာ ပရိသတ်များ ပွဲကျခဲ့ကြသည်။

မိန့်ခွန်းပြောကြားအပြီး နောက်မေးခွန်းများကို ဖြေကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မေးမြန်းမှုများကိုလည်း ဖြေကြားခဲ့ရပါသည်။

"ကျွန်မလည်း ပူပန်သလို မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းလည်း ပူပန်တဲ့ကိစ္စပါ"ဟု သုံးသပ်ခဲ့သည်။

"ကျွန်မတို့ ထပ်တစ်လဲလဲ ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာ လိုအပ်တယ်ဆိုတာ။ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိရင် ဒီလိုမျိုး အသိုင်းအ၀ိုင်းတွေကြားမှာ ပဋိပက္ခ ဆိုတာ ရှိလာဦးမှပဲ"ဟု သုံးသပ်ခဲ့ပြီး အကျပ်အတည်းကို ပျော့ပြောင်းစွာဖြင့် ကိုင်တွယ်ရမည် ဖြစ်သလို သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ အလွန်ရှင်းလင်းပြီး တိကျတဲ့ဥပဒေမျိုး ကျွန်မတို့လိုအပ်သလို ဘယ်လို လူမျိုးတွေ အကျုံးဝင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ရှိရပါမယ်။  နိုင်ငံသားအဖြစ် သတ်မှတ်အကြုံးဝင်တဲ့သူ အားလုံးကိုတော့ သူတို့ကို ပေးရမဲ့ အခွင့်ရေးတွေ အားလုံးရတဲ့ အပြည့်အ၀ နိုင်ငံသားအဖြစ် ဆက်ဆံရပါမယ်"ဟု နိုင်ငံသားဖြစ်မှုဆိုင်ရာ ရှင်းလင်းသည့် ဥပဒေလိုအပ်ကြောင်း ပြောကြားခဲ့သည်။

"နယ်ခြားရဲ့ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရွံ့မှုကနေ အဓိကပြဿနာကြီး တစ်ခု ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပြောမယ်၊ မြန်မာကလည်း ပြောမယ်။ တရားမ၀င် ရွှေ့ပြောင်း အခြေချသူတွေက တစ်ချိန်လုံး ၀င်နေကြတာပဲဆိုတာ။ ဒါက နယ်ခြားမလုံခြုံလို့ပါ။ ပိုပြီး တာဝန်ယူမှုရှိပြီး အကျင့်ပျက် ခြစားမှု မရှိတဲ့နယ်ခြား စောင့်ကြည့်မှုမျိုး လိုပါတယ်"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော မငြိမ်သက်မှုများနှင့် ပတ်သက်ပြီးလည်း ထည့်သွင်းပြောကြားခဲ့ပြီး "အပြစ်အခတ် ရပ်ဆဲရုံနဲ့ မလုံလောက်ပါဘူး။ငြိမ်းချမ်းရေး ရှည်ကြာဖို့ နိုင်ငံရေးအရ တရားဝင် သဘောတူညီမှုတစ်ရပ် လိုအပ်ပါတယ်"ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

Ref: EMG

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၄)ရက်နေ့ နောက်ဆုံးရ သတင်းများ

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
ဇွန်လ ၁၄ ရက် ညနေ ၄း၃၀ နာရီ
စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၄၅ ခုအထိ ရှိလာပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း၌ ခိုလှုံသူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ၀ံလတ်ဖောင်ဒေးရှင်းမှ Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ဇွန်လ ၁၄ ရက် နေ့လည် ၂း၀၅ နာရီ
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသူများအား ကယ်ဆယ်ရေးစခန်း ၃ ခုတွင် နေရာချထားလျက်ရှိပြီး အဆိုပါ နေရာများမှာ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ကျီးကန်းပြင် ဌာနချုပ် တို့ဖြစ်ကြ ကြောင်းသိရသည်။ ဖားဝက်ချောင်း ကျေးရွာက ယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၅၀၀ ကျော် ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ၇၂၀ ခန့် ၊ ကျီးကန်းပြင် ဌာနချုပ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင်  ကျောင်းဆရာ၊ဆရာမ ၄၀ တို့ ခိုလှုံလျက်ရှိပြီး  အဆိုပါ ကယ်ဆယ်ရေးစခန်း ၃ နေရာတွင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်းနှင့် မောင်တောမြို့ပေါ်မှ ၎င်းတို့အား စားနပ်ရိက္ခာများ သွားရောက်ပေးပို့ရန် လတ်တလောတွင် အခက်အခဲ ရှိနေပြီး မနက်ဖြန် ဇွန်လ ၁၅ ရက်တွင် သွားရောက် ပေးပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။
ဇွန်လ ၁၄ ရက် နေ့လည် ၁း၄၅ နာရီ
မောင်တောမြို့တွင်း ယနေ့ အခြေအနေမှာ နံနက်ပိုင်းမှစ၍ မွန်းလွဲ ၁း၃၀ နာရီထိ အေးဆေးတည်ငြိမ်လျက်ရှိပြီး မိုးသည်းသည်းမဲမဲ ရွာသွန်းလျက်ရှိကာ လူအများစု အိမ်အပြင်မထွက်ကြကြောင်း သိရသည်။ ထို့အတူ မောင်တောမြို့ပေါ်ရှိ ဘဏ်များမှာ မွန်းတည့် ၁၂ နာရီထိသာ ဖွင့်လှစ်ကြောင်း သိရသည်။ ထို့အပြင် မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၄ ခု ကို လူမှုရေး အဖွဲ့အစည်းများက စားနပ်ရိက္ခာများ ပေးပို့ကူညီလျက်ရှိကြောင်း သိရပါသည်။
ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့သည့် ဝေသာလီရွာမှ ရခိုင်တိုင်းရင်းသားများအား ဝေသာလီရွာသို့ ပြန်လည် နေထိုင်ကြရန် တာဝန်ရှိသူများက ယမန်နေ့ (ဇွန်လ ၁၃ရက် ) က ပြောကြားခဲ့ကြောင်းနှင့် ဝေသာလီရွာသားများသည် ယခုအခါ ၄င်းတို့ရွာတွင် ပြန်လည်နေထိုင်လျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဝေသာလီရွာသည် နစက စခန်းနှင့် အနီးပတ်ဝန်းကျင်တွင် ရှိသော ကျေးရွာဖြစ်ကြောင်း သိရပါသည်။
မောင်တောမြို့ပေါ်တွင် ညနေပိုင်း၌ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ နှင့်ပတ်သက်၍ လှည့်လည်ကြေငြာကြောင်း သိရပါသည်။
ဇွန်လ ၁၄ ရက် နေ့လည် ၁၂း၄၅ နာရီ
စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအလောင်းသည် အောင်မင်္ဂလာရပ်ကွက် (သို့) မကျည်းမြိုင် ရပ်ကွက်ဘက်မှ မျောပါလာခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံများက ခန့်မှန်းကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် သတင်းပေးပို့ပါသည်။
ဇွန်လ ၁၄ ရက် နေ့လည် ၁၂း၀၀ နာရီ
စစ်တွေမြို့တွင် မိုးအရမ်းရွာနေသည့်အတွက် မီးလောင်မှုတွေ ယမန်နေ့(ဇွန်လ ၁၃ရက်)ကဲ့သို့ မရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေနှင့်အဖွဲ့က အိုးမဲ့အိမ်မဲ့ဖြစ်နေသော၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော သဲချောင်းရွာ၊ ပလ္လင်ပြင်ရွာ၊ အောင်ဒိုင်ရွာ၊ ဇောပူဂျာရွာတွေကို ဆန်တွေ သွားပေးရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၁း၄၅ နာရီ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၄ ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရပြီး လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေမြန်းမှုကို ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၁း၀၀ နာရီ
"ဒီနေ့ မနက် ၈ နာရီက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ထားတဲ့ သင်္ဘောတစ်စီး စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာသွားတယ်လို့ သိရတယ်။ အဲဒီပစ္စည်းတွေက ဘူးသီးတောင်နဲ့ မောင်းတောမှာရှိတဲ့ အိုးမဲ့ အိမ်မဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် ဖြစ်တယ်လို့ သိရတယ်။" ဟု စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၀း၅၅ နာရီ
"ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြို့ပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။ အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၄ ရက် နံနက် ၉း၁၀ နာရီ
"ဒီနေ့ မနက် စစ်တွေမြို့ရဲ့ အခြေအနေကတော့ တည်ငြိမ်နေပါတယ်။ မိုးကလည်း သည်းသည်းထန်ထန် ဆက်ပြီးရွာနေပါတယ်။ မနေ့ ညဦးပိုင်းက ကျောင်းကြီးလမ်း ရပ်ကွက်နဲ့ အောင်မင်္ဂလာ ရပ်ကွက်က ဘင်္ဂါလီတွေကို သဲကျောင်းနဲ့ ဘုမေဘက်ကိုသွားဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းကြီးလမ်းရပ်ကွက် ဘင်္ဂါလီအုပ်စု တော်တော်များများက အာဏာပိုင်တွေ စီစဉ်ပေးတဲ့အတိုင်း ထွက်သွားကြပေမယ့် အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီ ၉၀ ရာခိုင်နှုန်းလောက်ကတော့ မသွားခဲ့ကြပါဘူးလို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ည ၉ နာရီ ၂၀ လောက်အချိန်မှာတော့ အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီတချို့ကတော့ အုပ်စုဖွဲ့ပြီး ကသဲရွာမှာရှိတဲ့ ရခိုင်အိမ်တွေကို လေးခွနဲ့ စပစ်ပါတယ်။ အဲဒီအခါမှာ ရခိုင်တိုင်းရင်းသာတွေကလည်း ပြန်ပစ်ပါတယ်။ စစ်တပ်ရောက်လာပြီး သေနတ်ပစ်ဖောက် သတိပေးခဲ့တဲ့အတွက် ဘင်္ဂါလီတွေ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။"

"မနေ့က စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ (၆)ယောက် သေတယ်လို့ သိရပါတယ်။ ၃ ယောက်က မင်းဂံဘက်မှာ သေခဲ့တာပါ။ မနေ့မနက် အစောပိုင်းမှာဖြစ်ခဲ့တဲ့ ကသဲရွာ ရန်စမှုမှာ သေခဲ့တာလို့ သိရပါတယ်။ မင်းဂံဘက်မှာ သေခဲ့တဲ့ ၃ ယောက်မှာ ၂ ယောက်က ရခိုင်တိုင်းရင်းသား ဟန်ဆောင်ပြီး မြို့ပေါ်တတ်လာတဲ့သူတွေပါ။ ၁ ယောက်ဆီမှာ ကင်မရာ ၁ လုံးတွေ့ပြီး၊ နောက် ၁ ယောက်ဆီမှာ အသံဖမ်းစက်တွေ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ မီးရှို့ဖို့မြို့ပေါ်တက်လာတဲ့သူပါ။ သူ့ရဲ့ခါးကြားမှာတော့ မီးမညှိရသေးတဲ့ မီးကွင်းတွေကို တွေ့ရပါတယ်။"

"မနေ့က ရသေ့တောင်ဘက်မှာတော့ ကုန်တန်းကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက် မီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂါလီတစ်ဦးက သူ့အိမ်သူ မီးရှို့ရာက အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင် ဒေသခံတွေရဲ့ ပြောပြချက်အရ ရသေ့တောင်ဘက်ကို စစ်တွေဘက်က ပြေးလာတဲ့ ဘင်္ဂါလီ ၆၀၀ လောက် ရောက်လာတယ်လို့လည်း သိရပါတယ်။ မနေ့ည ၁၂ နာရီ အချိန်ကတော့ စစ်တွေ ကုန်တန်းရပ်ကွက် ဟိန္ဒူဘာသာဝင် ၄ ဦး၊ မရာမာကြီး ၁၄ ယောက်ကို ကား (၃)စီးနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်"ဟု Eleven Media Group သတင်းထောက်က ယနေ့(ဇွန်လ ၁၄ရက်)နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ပါသည်။

Ref: EMG

Thursday 14 June 2012

မြန်မာအပေါ် ILO အရေးယူမှု ရုပ်သိမ်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ကုလသမဂ္ဂ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေ ကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူခိုင်းစေမှု လုံးဝပပျောက်အောင် ဆောင်ရွက်မယ်လို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မတ်လက သဘောတူလက်မှတ်ရေးထိုး ခဲ့ပါတယ်။ အဲဒီနောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ ILO ညီလာခံက မနေ့ ညနေ (၆) နာရီလောက်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံဟာ ILO ရဲ့ တင်းပြည့် ကြပ်ပြည့်အဖွဲ့ဝင်အဖြစ် အခွင့်အရေးတွေ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ILO ဆုံးဖြတ်ချက်အရ မြန်မာ အပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ရပ်ဆိုင်းထားပြီး၊ ILO က ကျင်းပတဲ့ ညီလာခံ တချို့ကိုလည်း မြန်မာအနေနဲ့ တက်ရောက်ခွင့် မရှိပါဘူး။ အခုတော့ အကူ အညီတွေပြန်ရ မှာဖြစ်ပြီး ILO ညီလာခံတွေကိုလည်း တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ Kari Tapiola က အာအက်ဖ်အေကို ပြောဆိုရာမှာ -

ဒါဟာ မြန်မာအစိုးရအတွက် အလွန်အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှု လုံးဝ ပပျောက်အောင်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်နေတာမို့ အစိုးရအနေနဲ့ ILO နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါ တယ်။
ILO ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ ကိုယ်စားလှယ် ဒေါ်ခိုင်ခင်နွယ် ကလည်း -

"ကျွန်မတို့ကို ဒီ ၉၉ ပိတ်ပင်ထားတဲ့အထဲမှာ ဒီကျွန်မတို့ မြန်မာနိုင်ငံကိုပေါ့နော်။ technical assistance တွေမပေးရဘူး။ seminar တွေသူတို့ မခေါ်ဘူး။ symposium တက်ခွင့်မရှိဘူး ဆိုတဲ့ဟာတွေ၊ အကုန်လုံး ဒါတွေ ရုပ်သိမ်းပါတယ်ရှင့်။ အဲတော့ ကျွန်မတို့သည် အများနည်းတူပေါ့နော် တန်းတူအခွင့်အရေးတော့ ရလာပါပြီ။ ၈ ခု စလုံး ကို ရုပ်သိမ်းလိုက်တာကိုတော့ ပိုကြိုက်ပါတယ်။ သို့သော်လည်း ၈ ခုထဲက ၇ ခု လွတ်သွားတဲ့ အတွက်ကြောင့် ဒါမျှတတယ်လို့ ကျွန်မတို့ ယူဆပါတယ်။ နောက် ကျွန်မ တို့ နိုင်ငံတကာနဲ့ တန်းတူပေါ့နော်၊ Member တစ်ယောက်အနေနဲ့ အခွင့်အရေးရလာတဲ့အတွက် ကျွန်မတို့ အားရှိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေနဲ့က ဒီလို technical assistance တွေရလာမယ်ဆိုရင် ကျွန်မတို့ အများကြီး တိုးတက်ဖို့ အခွင့်အလမ်းတွေရှိလာမယ်လို့ ကျွန်မယူဆပါတယ်"

ILO ညီလာခံမှာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

Ref: RFA

Wednesday 13 June 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
သည်၂၀၁၂ခု၊ဇွန်လ(၁၃)ရက်နေ့နံနက်၁၀နာရီကဥရောပခရီး
စဉ်ထွက်ခွာသွားခဲ့သည်။
သတင်း-ဓါတ်ပုံ National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၃)ရက် ဗုဒ္ဓဟူးနေ့ မနက်က (TG)လေ ကြောင်းလိုင်းနဲ့  ထိုင်းနိုင်ငံကနေတဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကို ထွက်ခွာသွားပြီလို့ NLD-ဗဟိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် ၊ ကိုယ်ရေးအရာရှိ ဒေါက်တာ ဇင်မာအောင်၊ ပုပ္ဗသီရိလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယာသော်နဲ့  NLD-လူငယ် ကိုနေခြည်ဝင်းတို့  လိုက်ပါသွားပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျနီဗာမှာကျင်းပနေတဲ့ ILO-ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ မိန့် ခွန်းပြော မှာဖြစ်ပြီး အဲဒီကနေတဆင့် နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ခရီးဆက်မှာဖြစ်ပါတယ်။

Ref: MNN

ရခိုင်ပြည်နယ် ဒုက္ခသည်များအရေး ကုလသမဂ္ဂ ကူညီမည်


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ရှောင်တိမ်းခဲ့ရသည့် ဒုက္ခသည် အမျိုးသမီး တဦးကို ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များ အရေးကို မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက ယနေ့ ပြောဆိုလိုက်ကြောင်း သိရသည်။

အဓိကရုဏ်းဖြစ်ပွားမှုကြောင့် မြန်မာအစိုးရက အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားသော နယ်မြေများအနက် စစ်တွေနှင့် မောင် တော မြို့များသို့ မစ္စတာ နမ်ဘီယာ ရောက်ရှိလာပြီး ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ကျောင်းတိုက် က ဒုက္ခသည်များကို လာရောက် တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုလို အကြမ်းဖက်ခံရတဲ့ အတွက်ကြောင့် စိတ်မကောင်းဘူး။ ဒီလူတွေရဲ့ စိတ်ထဲမှာလည်း အကြောက် တရားတွေ လွှမ်းမိုးနေတဲ့ အတွက်ကြောင့် စိတ်ဒဏ်ရာတွေ ကိုလည်း ကုစားရမယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ကလည်းပဲ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ပံ့ပိုးပူညီသွားမယ်လို့ မစ္စတာ နမ်ဘီယာ က ပြောသွားပါတယ်” ဟု အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိသာရ က ဧရာဝတီသို့ မိန့်သည်။

မစ္စတာ နမ်ဘီယာနှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် အစိုးရ အရာရှိ တချို့ လိုက်ပါလာခဲ့ပြီး ဒုက္ခသည်များ၏ အခြေအနေများကို မေးမြန်း၍ အားပေးနှစ်သိမ့်မှုများပြုလုပ်ခဲ့ကြောင်း ဒုက္ခသည်များ ကလည်း ပြောသည်။

ထိုခရီးစဉ်အတွင်း အစ္စလမ် ဘာသာရေး အဖွဲ့ဝင်တချို့နှင့်လည်း တွေ့ဆုံရန်ရှိပြီး မောင်တောမြို့ အခြေစိုက် မြန်မာမွတ်စလင် အိုလမာ အဖွဲ့ချုပ် က ခေါင်းဆောင်တချို့နှင့်လည်း တွေ့ဆုံရန် ဆက်သွယ်ထားကြောင်း မောင်တောမြို့ပေါ်ရှိ အစ္စလမ် ဘာသာ ဝင် များနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ(NDPD) ဗဟို ကော်မတီအဖွဲ့ဝင် ဦးခင်ကျော် က ပြော ပြသည်။

“အဓိက ကတော့ ဒုက္ခရောက်နေတဲ့ ကျနော်တို့လူတွေကို ဘယ်လိုနေရာ ပြန်ချပေးမလဲ။ ဘယ်လိုကူညီနိုင်မလဲဆိုတာတွေ တင်ပြ ဆွေးနွေးကြဖို့ပေါ့”ဟု ဦးခင်ကျော် က ဧရာဝတီသို့ ပြောသည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးရန် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနှင့် ကမ္ဘာ့ဘဏ် အဖွဲ့များဖြင့် စုဖွဲ့ထားသော Peace Donor Support Group နှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ရခိုင်ပြည်နယ် ဖြစ် စဉ်များနှင့် ပတ်သက်၍ ယမန်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးပြီးနောက် မောင်တောနှင့် စစ်တွေမြို့များသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုလ ၈ ရက်နေ့က မောင်တောမြို့ပေါ်တွင် ဘင်္ဂလီလူမျိုး ၁၀၀၀ ကျော်က မြို့ပေါ်ရှိ လူနည်းစုဖြစ်သော ရခိုင်တိုင်းရင်းသား တို့၏ အိမ်များကို မီးရှို့ခြင်း အသက်ဆုံးပါးသည်အထိ လက်ရောက် ကျူးလွန်ခြင်းများမှ စတင်၍ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ အပါအဝင် အခြားမြို့များသို့ပါ အဓိကရုဏ်းဖြစ်ရပ်များ ကူးစက်ခဲ့သည်။

ထိုကဲ့သို့ဖြစ်စဉ်များကြောင့် မောင်တောနှင့် စစ်တွေမြို့များရှိ နေအိမ်နှင့် အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့၍ အနည်းဆုံး ရခိုင် ဒုက္ခသည် ဦးရေ ၁၇၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အစိုးရက စီစဉ်ပေးထားသော ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြ ရသည်။

NDPD ပါတီခေါင်းဆောင်များ၏ ပြောဆိုချက် အရ ဘင်္ဂလီများဘက်တွင်လည်း သေဆုံး ဒဏ်ရာရရှိမှုနှင့် အိုးအိမ်ပျက်စီးမှုများ ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒုက္ခသည်များရှိကြောင်း သို့သော်လည်း စာရင်း အတိအကျ ပြုစုထားခြင်းမရှိသေး ကြောင်း သိရသည်။

သက်ဆိုင်ရာမြို့နယ် ပြည်သူ့ ဆေးရုံကြီးများထံမှ စုံစမ်းသိရှိရသော စာရင်းများအရ မောင်တောမြို့တွင် ရခိုင်လူမျိုး ၇ ဦး သေဆုံးပြီး စစ်တွေမြို့တွင် ရခိုင်လူမျိုး၂၁ ဦးသေဆုံးကာ ဘင်္ဂလီ ၆ ဦးသေဆုံးကြောင်း သိရသည်။ ဆေးရုံနှင့် အလှမ်းဝေးသော ရပ်ကွက် ကျေးရွာများတွင်လည်း သေဆုံးမှုများရှိကြောင်း ကြားသိရသော်လည်း အတည်မပြုနိုင်ကြောင်း စစ်တွေဆေးရုံကြီးက ပြောသည်။

ယခုလ ၉ ရက်နေ့ ညနေပိုင်းမှစ၍ အုံကြွမှုများဖြစ်ပွားခဲ့သော စစ်တွေမြို့ပေါ်တွင် ယနေ့ညနေပိုင်းအထိ တည်ငြိမ်မှုရှိနေကြောင်း၊ ၈ ရက်နေ့ ညနေပိုင်းအထိ မြို့ပေါ်နှင့် မြို့ပြင်ဘက်ရှိ ကျေးရွာနှင့် ရပ်ကွက်များတွင် ဘင်္ဂလီများက ၎င်းတို့အိမ်များအပါအဝင် ရခိုင် လူမျိုးများနေထိုင်ရာ အိမ်များကိုပါ မီးရှို့ဖျက်ဆီးကြောင်း ယင်းမြို့ပေါ်ရှိ ပြည်တွင်းပြည်ပ သတင်းထောက်များက ဓာတ်ပုံ မှတ်တမ်း များနှင့်အတူ ဖော်ထုတ်ခဲ့ကြသည်။
ဘင်္ဂလီများက သေနတ်၊ ဂျင်ကလိ၊ ဓား၊ ဓာတ်ဆီပုလင်းနှင့် ခဲများကိုအသုံးပြု၍ ၎င်းတို့နေထိုင်ရာ ဗလီများထဲမှတဆင့် အစိုးရလုံခြုံ ရေး အဖွဲ့ဝင်များနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများအား တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရရှိသကဲ့သို့ အစိုးရ စစ်သားတစ်ဦး သေ နတ် ဒဏ်ရာနှင့် စစ်တွေဆေးရုံကြီးတွင် တင်ထားရကြောင်း စစ်တွေရောက် သတင်းထောက် များက ပြောသည်။

မြို့ပေါ်ရှိရခိုင်များကလည်း ဘင်္ဂလီများ အလုံးအရင်ဖြင့် ဝင်လာမည်ကို စိုးရိမ်နေကြပြီး ကာကွယ်ရန်အတွက် ဝါးချွန်၊ တုတ်နှင့် ဓား များကို ကိုင်ဆောင်၍ ကင်းစောင့်နေကြကြောင်း သိရသည်။

အစိုးရလုံခြုံရေးတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ခြင်း၊ လူ ၅ ဦးထက် စုဝေး သွားလာခြင်း မပြုရန်၊ တွေ့ရှိပါက ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဟု မြို့အနှံ့ လိုက်လံကြေညာ ခဲ့ပြီးနောက် လက်နက် ကိုင်ဆောင်ခြင်းများ မတွေ့ရှိရတော့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့တော့ တည်တည်ငြိမ်ငြိမ်ဖြစ်နေတာကို တွေ့ရတယ်။ လက်နက်တွေကိုင်ဆောင်တာ မတွေ့ရဘူး။ ကုလားတွေကိုလည်း မတွေ့ရတော့ဘူး”ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။ အစိုးရက လုံခြုံရေးယူထားပေးမှုမှာ အင်အားနည်းနေသေးသဖြင့် ဒေသခံ ရခိုင် လူမျိုးများက စိုးရိမ်နေဆဲဖြစ်သဖြင့် အလှည့်ကျ ကင်းစောင့်နေကြကြောင်း ပြောဆိုသည်။

စစ်တွေမြို့ မင်းဂံ ရပ်ကွက်တွင်နေထိုင်သူ ရခိုင်အမျိုးသား တဦးက “ကုလားတွေက ညီတယ်။ လာရင် အုပ်စုလိုက်လာတာ၊ ဓာတ်ဆီ ပုလင်းတွေ မီးရှို့ပြီး ရခိုင်တွေအိမ်တွေပေါ် ပစ်တင်တာ၊ ဒါကြောင့် ကျနော်တို့က ရရာလက်နက်နဲ့စောင့်နေတာ ညလည်း မအိပ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အိုးအိမ်မဲ့ ဒုက္ခသည် ၈၅၀၀ ကျော်ကို စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၃၄ ခုတွင် ထားရှိပြီး မောင်တောမြို့တွင်လည်း ဒုက္ခသည် ၅၀၀၀ ကျော်ကို မြို့ခံဘုန်းကြီးကျောင်းများနှင့် အစိုးရ အဆောက်အဦးများတွင် ထားရှိသည်။ ထိုဒုက္ခသည်များကို မြို့ခံလူမှု ကူညီ ရေး အသင်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက လှူဒါန်းပေးလျက်ရှိပြီး ယနေ့တွင် မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇ်ာဇော်၊ ရုပ်ရှင် သရုပ်ဆောင် ပြေတီဦး နှင့် ဒါရိုက်တာ ဝိုင်းတို့က လာရောက်လှူဒါန်းမှုများ ပြုလုပ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

အလုပ်သမားဝန်ကြီိးဌာနမှ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာကို ၅၆၇၀၀ ကျပ် သတ်မှတ်ပြီး လုပ်ငန်းရှင်များဘက်မှလည်း အကောင်ထည်ဖော်ပေးရန် မေတ္တာရပ်ခံ

လှိုင်သာယာစက်မှုဇုန်၊ ကနောင်မင်းသာကြီးခန်းမတွင် စက်ရုံလုပ်ငန်းရှင်များအား အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယာယီအခြေခံလစာနှင့်ပတ်သတ်၍ ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
အလုပ်သမားဝန်ကြီးဌာနမှ စက်မှုဇုံများရှိ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာအား ၅၆၇၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက် အကောင်ထည်ဖော်ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ သတင်းရရှိသည်။

အဆိုပါ အနိမ့်ဆုံး ယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ လှိုင်သာသာစက်မှုဇုန် ကနောင်မင်းသားကြီးခန်းမတွင် ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာဝန်ကြီးဌာနမှ အနိမ့်ဆုံး ယာယီလစာအား(OT ကြေး) မပါ  ၅၆၇၀၀ ကျပ်အား သတ်မှတ်လိုက်ကြောင်း၊ တရားဝင်အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များလည်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ယာယီအခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင်လည်း ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ရာတွင် စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီအခြေခံလစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါ စက်မှုဇုန်များရှိ ရုံများအား အနိမ့်ဆုံး ယာယီအခြေခံလစာအား တပြေညီသတ်မှတ်၍  စက်ရုံလုပ်ငန်းရှင်များအားလည်း ပါဝင်ဆောင်ရွက်သွားရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ ''ကျွန်တော်တို့အနေနဲ့အနည်း ဆုံးယာယီအခြေခံ လစာသတ်မှတ် လိုက်ပါတယ်။အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ အတွက် စက်ရုံလုပ်ငန်းရှင်များက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ လုပ်ငန်းရှင်တွေကို   ၀န်ကြီးဌာနကသတ်မှတ်လိုက်တဲ့ အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွား စေခြင်ပါတယ်။အတင်းအကြပ်တိုက် တွန်းတာမဟုတ်ဘဲ မေတ္တာရပ်ခံခြင်း  ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

''၀န်ကြီးဌာနက မေတ္တာရပ်ခံချက် က အလုပ်သမားလည်းမနစ်နာနိုင် ဘူး။အလုပ်ရှင်လည်း မထိခိုက်တဲ့   အနည်းဆုံးယာယီလစာက ကောင်းပါတယ်။ ဒါကို လုပ်ငန်းရှင်တွေဘက်ကဘဲ ဆောင်ရွက်သွားနိုင်ဖို့ဘဲ လိုတော့တယ်'' ဟုအလုပ်သမားများ ၏အ ခြေခံလစာညှိနှိုင်းမှုများတွင် ပါဝင် ဆောင်ရွက်ပေးနေသော မသက်သက်အောင်ကပြောကြား ခဲ့သည်။

အနည်းဆုံး ယာယီလစာ သတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊၂၀၁၂ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စတုထ္တအကြိမ်မြောက် ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှု စုပေါင်းဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

Ref: EMG

ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၈၀၀ ကျော် ပေး

ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဥပရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ကနဦး ကူညီထောက်ပံ့ မည်ပြီး ထပ်မံ၍လည်း သန်း ၃ဝဝ ကျော် ပေးဦးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ကတိ ပေးလိုက်ကြသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်မှလည်း ဖွံ့ဖြိုးတိုးရေးအတွက် အတိုးနည်းချေးငွေ ဒေါ်လာသန်း ၃ဝဝ ကိုလည်း နှစ်စဉ်ချေးပေးမည် ဟု ဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် Peace Donor Support Group-PDSG တို့ တွေ့ဆုံကြစဉ် ထိုသို့
ထောက်ပံ့ကူညီကြမည်ဟု PDSG အဖွဲ့ဝင်များက အသီးသီး ပြောဆိုသွားကြခြင်း ဖြစ်သည်။
pmetp
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peace Donor Support Group မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ (ministryofinformation.gov.mm)

နော်ဝေနိုင်ငံမှ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးသည့် PDSG တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှုတခု ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ကနေဦးအဖြစ် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီး လုပ်ငန်း စတင် အကောင်အထည်ဖော်သည့်အခါ ထပ်မံ ထည့်ဝင်သွားမည်ဟု အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ဒုတိယ အတွင်းရေးမှူးချုပ်လည်း ဖြစ်သည့် မစ္စတာ ဗီဂျေး နမ်ဘီးယား က ဆိုသည်။

သြစတြေးလျနိုင်ငံမှလည်း ကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီးဖြစ်ကာ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် ကျွမ်းကျင်သူများ စေလွှတ်ပေးမည်ဟု သြစတြေးလျ သံအမတ်ကြီးက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သမ္မတဦးသိန်းစိန် ဦးဆောင်၍ အလေးထား ဆောင်ရွက် နေခြင်းကြောင့် လိုရာသုံးနိုင် ရန်အတွက် ဒေါ်လာ ၅ သန်း ပေးအပ်လိုက်ပြီး သုံးနှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ဗြိတိန် သံအမတ်ကြီးက ဆိုသည်။

ဥပရောပသမဂ္ဂ EU ကလည်း နိုင်ငံက ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၁၅ဝ (ဒေါ်လာ ၁၈၇.၃၅ သန်း)၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းအတွက် နည်းပညာအကူအညီနှင့် ယူရိုဒေါ်လာ သန်း ၄ သန်း (ဒေါ်လာ ၅ သန်း) ထိ သုံးစွဲရန် လျာထားကြောင်း EU ဌာနေကိုယ်စားလှယ်က တင်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ သံအမတ်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အသိအမှတ် ပြုကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် လတ်တလောအသုံးပြုနိုင်ရန် ဒေါ်လာ ၅ သန်းနှင့် နောက် သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) ထူထောင် ဖွဲ့စည်းပြီး ဖြစ်၍ PDSG နှင့် ပူးပေါင်း၍ မဟာဗျူဟာ လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် လတ်တလော ဖြစ်ပွားနေသည့် “ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်များသည် ရှုတ်ထွေးနက်နဲသော နောက်ခံ အကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက်အစိုးရအနေဖြင့် လောလောဆယ် ထောက်ပံ့ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း” သမ္မတကြီးက ပြောဆို သွားသည်။

ယခု ကနဦး အလှူငွေများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကနဦး စီမံချက်များ ရေးဆွဲ၍ ဦးစွာ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နော်ဝေ သံအမတ်ကြီးက ပြောသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန်၊ ၂ဝ၁၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် မစ္စတာနမ်ဘီးယားနှင့် ဗြိတိန်သံဝန်ကြီးချုပ်တို့က ဖိတ်ကြားခဲ့သည်။

ဦးသိန်းစိန်က အခြားဥရောပသမဂ္ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများအား နော်ဝေနှင့် သြစတြေးလျတို့ကဲ့သို့ အပြည့် အဝ ဖြေလျှော့ပေးစေလိုကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် အပါအဝင် ဒုဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်း၊ ဦသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဇော်မင်း၊ ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ခဲ့ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်၍  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို မေလ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

နိုင်ငံကာမှ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အကူအညီများ ပေးနေသော်လည်း ခံစားနေရသော ဒေသခံပြည်သူများ ထံ တိုက်ရိုက် မရောက်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများကို ပါဝင်စေသင့်ကြောင်း၊ လူသားချင်း စာနာသော အထာက်အကူပေးမှုများကို သက်ဆိုင်ရာ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အတူ
ဒေသခံလူထုထံသို့ တိုက်ရိုက် ပေးအပ်ရန်တို့ကို ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက ဇွန်လ ၁၂ ရက်နေ့က
ကြေညာချက် ထုတ်ပြန်၍ အကြံပြုထားသည်။
 

 ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၃)ရက်နေ့ နောက်ဆုံးရ သတင်းများ

ဇွန်လ ၁၃ ရက် နေ့လည် ၂း၄၀ နာရီ
june13-1
june13-2
၁၄၄ အမိန့်ထုတ်ပြန်ကြေငြာချင်းအား လိုက်လံကြော်ငြာနေသည်ကို မြင်တွေ့ရစဉ်
june13-3
စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဓမ္မာရုံရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်သားများကို ဇွန်လ ၁၃ ရက်နေ့(ယနေ့)က မြင်တွေ့ရစဉ်

june13-4
စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဓမ္မာရုံရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်သားများကို ဇွန်လ ၁၃ ရက်နေ့(ယနေ့)က မြင်တွေ့ရစဉ်
ဇွန်လ ၁၃ ရက် နေ့လည် ၂း၂၅ နာရီ
ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
စစ်တွေမြို့တွင်း ကယ်ဆယ်ရေးစခန်းအချို့သို့ ရောက်ရှိနေသော ဒုက္ခသည် စာရင်း

အဒိဒါန်ကျောင်း ၂၀၀၀ ဦးခန့်
ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်
ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်
ဆင်ကူးလမ်းဓမ္မာရုံ ၆၀၀ဦးခန့်
မင်းခံဓမ္မာရုံ ၅၀၀ ဦးခန့်
ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်
ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်
စပါးထားကျောင်း ၄၀၀ ဦးခန့်
ဥာဏစက္က ၃၅၀ ဦးခန့်
ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်
ယတ္တရာကျောင်း ၃၅၀ ဦးခန့်
ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်
စိတ္တသုခကျောင်း ၂၅၀ ဦးခန့်
မရာမာကြီးကျောင်း ၂၅၀ ဦးခန့်
ရွာကြီးတောင် ဓမ္မာရုံ ၂၅၀ ဦးခန့်
ခေါင်းလောင်းကျောင်း ၂၅၀ ဦးခန့်
ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်
ဝါယမကျောင်း ၂၀၀ ဦးခန့်
ကယိချောင်းကျောင်း ၂၀၀ ဦးခန့်
ဘုရားလေးဆူကျောင်း ၂၀၀ ဦးခန့်
လမ်းမတော်မြောက် ဓမ္မာရုံ ၂၀၀ ဦးခန့်
အမျိုးသားကျောင်း ၁၅၀ ဦးခန့်
ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်
အသောကရုံကျောင်း ၁၅၀ ဦးခန့်
ဓမ္မရိပ်သာကျောင်း ၁၂၀ ဦးခန့်
ဗုဒ္ဓေါမွန်ကျောင်း ၁၂၀ ဦးခန့်
ဇောတိကာရုံကျောင်း ၁၀၀ ဦးခန့်
ဥာဏိကာရာမကျောင်း ၁၀၀ ဦးခန့်
ဘောဂသုခကျောင်း ၁၀၀ ဦးခန့်
သရက်တောကျောင်းတိုက် ၇၀ ဦးခန့်
သာသနာ့ဗိမာန် ၅၀ ဦးခန့်
စစစရုံး ၅၀ ဦးခန့်
မဟာကုသလကျောင်း ၅၀ ဦးခန့်

ယခုဖေါ်ပြထားသော ကယ်ဆယ်ရေးစခန်းများ နည်းတူ အခြား ကယ်ဆယ်ရေး စခန်းအချို့လည်း ဖွင့်လှစ်ထားပြီး ယင်းစခန်းများရှိ ဒုက္ခသည် စာရင်းများကိုလည်း ဆက်လက် စုံစမ်းလျက်ရှိပါသည်။
Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး စစ်တွေမှတစ်ဆင့် မောင်တောသို့ ဆက်လက်ထွက်ခွါမည် ဖြစ်ကြောင်း သိရှိရသည်။

ဗီဂျေးနမ်ဗီယာသည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အတူ စစ်တွေသို့ ရောက်ရှိလာခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဘာသာရေးေ ခါင်းဆောင်(၁၅)ဦး လိုက်ပါသွားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက် နေ့လည် ၁း၅၀ နာရီ
“စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။
ဇွန်လ ၁၃ ရက် နေ့လည် ၁း၃၀ နာရီ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀
ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
Fresh Air Con ကျပ်သိန်း ၁၀၀
လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
Eleven Media Group ကျပ်သိန်း ၂၀
ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀
ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း

အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက် နေ့လည် ၁၂ နာရီ
တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။
တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။ ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။

ဇွန်လ ၁၃ ရက် နံနက် ၁၁း၄၀ နာရီ
စစ်တွေမြို့တွင် ထုတ်ပြန်ထားပြီးဖြစ်သော ပုဒ်မ ၁၄၄ နှင့် ပတ်သက်၍ ယနေ့နံနက်၌ ထပ်မံအသိပေးကြေညာနေမှုကြောင့် ယခင်နေ့များကကဲ့သို့ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ကာ လူစုလူဝေးဖြင့် သွားလာမှုများ နည်းပါးသွားကြောင်း သိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၁း၃၅ နာရီ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်း AFP သတင်းတွင် ဖေါ်ပြထားပါသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၁း၃၀ နာရီ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၀:၅၀ နာရီ
ရခိုင်ပြည်နယ်အတွင်း ယခုဖြစ်ပွားလျက်ရှိသည့် ပြသနာများကို ကော်မတီများဖွဲ့စည်း၍ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ၊ ဖြစ်ပွားနေသည့် ပြသနာများကို ပိုမိုကြီးထွားအောင် နောက်ကွယ်မှ လှုံ့ဆော်နေသူများ၊ ထောက်ပံ့နေသူများ ရှိနေသဖြင့် အဆိုပါ လှုံ့ဆော်ထောက်ပံ့နေသည်ဟု ယူဆရသူများကို စစ်ဆေးလျက်ရှိပြီး လက်ဦးမှုရယူရန်အတွက်လည်း စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း အရာရှိကြီးတစ်ဦးက Eleven Media Group ၏ မေးမြန်းမှုကို ဇွန်လ ၁၃ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်က ပြန်လည် ဖြေကြားခဲ့သည်။
ဇွန်လ ၁၃ ရက် နံနက် ၁၀:၃၅ နာရီ
ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်အတွင်း လူနေအိမ် ၁၆၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူ ၂၁ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်းခြောက်ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက် နံနက် ၉:၂၀ နာရီ
ဥရောပက မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုများကို ကြိုဆို
ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုကို ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ''လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီခက်ခဲတဲ့ အသိုင်းအ၀ိုင်းကြား အကြမ်းဖက်မှုကို သင့်တော်တဲ့ နည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လူမျိုးရေး ပဋိပက္ခအားလုံးမှာ မြန်မာအစိုးရက ကိုင်တွယ်တဲ့ ဦးစားပေးပုံကို ကျွန်မတို့ ကြိုဆိုပါတယ်''ဟု ဥရော ပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်၏ ပြောခွင့်ရအမျိုးသမီး မာဂျာကိုစီဂျာနစ်က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက် နံနက် ၈း၂၀ နာရီ
ယမန်နေ့ ညနေ ၅ နာရီ ခန့်က စစ်တွေမြို့ အရှေ့ဘက်ရှိ ပေါက်တောမြို့ အကွက် အမှတ်၃ တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိကြောင်းသိရသည်။ ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားသဖြင့် ရခိုင်တိုင်းရင်းသားများက ခုခံကာကွယ်ရာမှ ထိုသို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူ ၄ ဦးခန့် သေဆုံးကြောင်း သိရှိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၇း၀၀ နာရီ
ယမန်နေ့ညက စစ်တွေမြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိသော အောင်ဒိုင်ရွာကို ဘင်္ဂါလီများ ချဉ်းကပ်လာသဖြင့် လုံထိန်းနှင့် စစ်တပ်များ သွားရောက်ခဲ့သဖြင့် ဘင်္ဂါလီများပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီခန့်အချိန်တွင် ကသဲရွာကို မီးရှို့ရန် ချဉ်းကပ်လာသော ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားများက ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ကမ်းနားလမ်းရှိ မိဇံရပ်ကွက်အတွင်း မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ အမျိုးသမီးများနှင့် ကလေးငယ်များ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။သို့သော် ဘင်္ဂါလီအမျိုးသားများမှာမူ မူလက ၄င်းတို့နေထိုင်ရာ အရပ်၌ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။
UN မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာနေပြီဟု သိရသည်။လတ်တလော အချိန်၌ စစ်တွေမြို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဘင်္ဂါလီများ၏ မီးရှို့ထွက်ပြေးမှုများ လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းကြောင်း စစ်တွေဒေသခံများက ပြောပါသည်။

Ref: EMG

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes