Saturday 23 July 2011

မြန်မာအလုပ်သမားများ အလုပ်ရှင်ပြောင်းခွင့်မရှိကြောင်း ထိုင်းအစိုးရကြေငြာ

မစ်စတာ စူရဖုန်း ကောင်ကျန်ထ
ထိုင်းနိုင်ငံမှာ မြန်မာတွေအပါအ၀င် ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ပြုထားသူအားလုံး အလုပ်ရှင်ပြောင်းလဲလုပ်ကိုင်ခွင့်မရှိတော့ဘူလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက မနေ့(20/ 07 / 2011)က ကြောငြာလိုက်ပါတယ်။
မြန်မာအလုပ်သမားတွေအလုပ်ရှင်ပြောင်းရင် ထုတ်ပေးထားတဲ့ အလုပ်သမားမှတ်ပုံတင် တွေ အလိုအလျောက် ပျက်ပျယ်သွားပြီး တရားမ၀င်အလုပ်သမားအဖြစ်ကို ရောက်သွား မယ်လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ 
ခရိုင်အသီးသီးက အလုပ်ရှင်တွေရဲ့ ၀ိုင်းဝန်းတောင်းဆိုချက်ကို ၀န်ကြီးဌာနက လိုက်လျောလိုက်တာဖြစ်ပါတယ်။
ဇူလိုင်လ အလုပ်သမားမှတ်ပုံတင်ပေးတဲ့ အစီအစဉ်ပြီးတဲ့နောက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုအားခပိုရတဲ့နေရာတွေကို ပြောင်းသွားကြတဲ့အတွက် ခရိုင်က လုပ်ငန်းတွေမှာ လုပ်အားပြတ်လပ်မှုတွေအထူးသဖြင့် ရေလုပ်ငန်းတွေမှာ ဖြစ်လာပြီးနောက် ခရိုင်အလုပ်ရှင်တွေ အစည်းအဝေးတခုကို ဇူလိုင် ၁၉  ရက်နေ့က ကျင်းပပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဥပဒေ မူလရှိရင်းစွဲအရလည်း အလုပ်ပြောင်းခွင့်ကို အလုပ်သမားဘက်က သက်ဆိုင်ရာရဲ့ခွင့်ပြုချက်ရမှ ပြောင်းရတဲ့စနစ်ရှိထားပြီး အခုထုတ်ပြန်ချက်ကို ပိုမိုတင်းကျပ်မှုအဖြစ် အလုပ်သမားအခွင့်အရေးဆောင်ရွက်သူတွေက မြင်ပါတယ်။ 
ဒီအခြေအနေတွေနှင့်ပတ်သက်လို့ ထိုင်းရှေ့နေများကောင်စီရဲ့ ကော်မတီဝင် မစ်စတာ စူရဖုန်း ကောင်ကျန်ထိက “အလုပ်သမားတွေအနေနဲ့က ဘယ်လမ်းကိုရွေးလဲဆိုတော့ အများအားဖြင့် သူတို့တကယ်အလုပ်လုပ်တဲ့ အလုပ်ရှင်နဲ့ မှတ်ပုံမတင်ဘဲနဲ့ လွယ်လွယ်ကူကူပြောင်းလို့ရအောင် သာမန်ထိုင်းပြည်သူတွေရဲ့ အကူအညီနဲ့ ပွဲစားပဲ ခေါ်ရမှာပေါ့နော် သူတို့ကို ပိုက်ဆံပေးပြီးတော့ မှတ်ပုံတင်တာမျိုးတွေ ကျနော်တို့တွေ့ရတယ်” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ခြံလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ရေလုပ်ငန်းတွေမှာ သန်းချီ အလုပ်လုပ်ကိုင်နေကြပါတယ်။ 

Source : DVB

Friday 22 July 2011

တရားမဝင် မြန်မာလုပ်သားများ ကျန်ရှိဆဲဟု ကျွမ်းကျင်သူပြော

ချင်းမိုင် (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၄၅ သန်းကျော် ရှိသွားပြီဖြစ်သော်လည်း မှတ်ပုံမတင်ရသေးသူ အများအပြား ရှိသေးကြောင်း မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ပြောသည်။

“ဒီကိစ္စက ခန့်မှန်းပြောဆိုဖို့ ခက်ပါတယ်။ ဒါပေမဲ့ မြန်မာ ၂ သန်းလောက် ရှိနေတယ်ဆိုတာတော့ အခု တရားဝင် စာရင်းတွေအရ သိနေရပါပြီ။ ခန့်မှန်းချေ ၅ သိန်းလောက် မှတ်ပုံမတင် ရသေးတာ ရှိချင်ရှိမယ်။ ဒါကလည်း
အတိအကျ မသိနိုင်ပါဘူး” ဟု Andy Hall က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၄ ရက်နေ့ အဆုံးသတ်ခဲ့သော တလကြာ တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ပြုခဲ့ချိန်အတွင်း
 လျှောက်ထားသူ ၆ သိန်း ၄ သောင်းကျော်ရှိကာ ယခင်နှစ်များတွင် မှတ်ပုံတင်ထားသူ ၈ သိန်းကျော် ရှိခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားပေါင်း ၉၈၄, ၅၄၅ ဦး မှတ်ပုံတင်ကြသည့် အထဲ၌
 မြန်မာနိုင်ငံသား ၆၄၃, ဝ၉၂ ဦး ပါဝင်ပြီး လာအိုနိုင်ငံသား ၁ဝ၂, ၈၅၄ ဦးနှင့် ကမ္ဘောဒီးယား ၂၃၈, ၅၈၆ ဦးသာ ရှိသည်။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ် သူ Andy Hall
က ထိုင်း-မြန်မာ အစိုးရများက တရားဝင် မှတ်ပုံတင်နိုင်ရန် ထပ်မံခွင့်ပြုခဲ့သည်မှာ အပြုသဘောဆောင်သည်ဟု
ဆိုပြီး၊ “အလုပ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာမယ်၊ လုံခြုံမှု ပိုရှိလာမှာဖြစ်တယ်။ သန်းနဲ့ချီပြီး မှတ်ပုံတင်ပြီးတယ် ဆိုတော့ ဒီလုပ်ငန်းအောင်မြင်တယ်လို့ ဆိုရမှာပေါ့” ဟု ဆိုသည်။

တနှစ်သက်တမ်းအတွက် ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ကျန်းမာရေး စစ်ဆးခ၊ ကျန်းမာရေး အာမခံခ၊ အလုပ်လုပ်ခွင့် တို့အတွက် ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား အလုပ်သမားက ကျခံရမည်ဟု တရားဝင် သတ်မှတ်ထားသည်။

အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ကြားပွဲစားများနှင့်သာ လုပ်ရသဖြင့် အနည်းဆုံး
ဘတ် ၆ဝဝဝ ခန့် ကုန်ကျခြင်း၊ အလုပ်ရှင်များက မှတ်ပုံမတင်စေလိုခြင်းနှင့် လုပ်ငန်းစဉ် ရှုပ်ထွေးခြင်းတို့ကြောင့် မှတ်ပုံမတင်သေးသည့် အလုပ်သမားများ ရှိနေရသည်ဟု ပြောဆိုကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီး၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ရှိပြီးသူ၊ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရန် ပုံစံတင်ထားသော်လည်း အလှည့်မကျသေးသဖြင့် စောင့်နေရသူ၊ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားပြီးသော်လည်း နိုင်ငံသား စိစစ်ရန် ပုံစံကိုပင် မတင်ရသေးသူ ဟူ၍ ၃ မျိုး ရှိနေသည်။

တရားဝင် လုပ်ကိုင်နေသော မြန်မာ ၁.၄၅ သန်းအနက်  ယာယီနိုင်ငံကူး လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း Andy Hall က ပြောသည်။

ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အတွက် မြန်မာဘက်ကို ငွေကျပ် ၃ဝဝဝ နှင့်  ထိုင်းဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျရမည် ဖြစ်သော်လည်း ပွဲစားကုမ္ပဏီများဖြင့်သာ လုပ်ကိုင်ကြမှသာ အဆင်ပြေသဖြင့် ဘတ်ငွေ ၆၀၀၀ မှ ၇၀၀၀ ကြား ကုန်ကျလေ့ ရှိသည်။

မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏ ဇွန်လ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ယခင်က ယာယီနိုင်ငံကူး သက်တမ်းကို ၃ နှစ်သာ
 ပေးခဲ့သော်လည်း ဇူလိုင် ၁ ရက်နေ့တွင် စတင်လျှောက်သူများကို သက်တမ်း ၆ နှစ်အထိ ပေးရန် သဘောတူညီခဲ့သည်။

တရားမဝင် အလုပ်သမားခိုင်းသည့် လုပ်ငန်းရှင်ကို အလုပ်သမားတဦးအတွက် ဘတ်ငွေ တသောင်းမှ တသိန်းအထိ လည်းကောင်း၊ အလုပ်သမားအား ၂,၀၀၀ မှ တသိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက် မပိုသော
 ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်။ သို့သော် ပုံမှန်အားဖြင့် အလုပ်သမားများကို ဖမ်းဆီး၍ မြန်မာဘက်သို့ ပြန်ပို့လေ့ရှိသည်။

ခိုးဝင် လုပ်ကိုင်နေသူများ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သား အရေအတွက်မှာ တိတိကျကျ မသိနိုင်ချိန်မှာ ဝင်ရောက်မှု ပိုမိုတိုးပွားလာနေပြီး ၃ သန်းနီးပါးပင် ဖြစ်နိုင်သည်ဟု ခန်မှန်းမှုများလည်း ရှိသည်။

ဘန်ကောက်သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၅၀၀ ခန့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။

"ဒီလူတွေက တရားမ၀င်တဲ့ နည်းနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်မှာ ဖြစ်တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်တယ်" ဟု မဲဆောက်မြို့ ရဲတပ်ဖွဲ့ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံက ဒေသခံ သတင်းထောက်များကို ပြောသည်။

news_Maesot2
ယမန်နေ့က အဖမ်းခံရသည့် မြန်မာပြည်သားများ (ဓာတ်ပုံ - ဧရာဝတီ)

၎င်းတို့အား မည်သို့  အရေးယူနိုင်ဖွယ် ရှိကြောင်း ပြောဆိုခြင်း မရှိပေ။

မဲဆောက်တွင် ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပြီး ဘန်ကောက်သို့ သွားရောက်ရေးအတွက် အလုပ်ရှင်၊ ပွဲစားများနှင့် ညှိနှိုင်းစဉ် ကာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်ဟု အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။

"အရင် ကျနော်တို့အသိတွေ ဒီလိုပဲ နေထိုင်ခွင့် လုပ်ပြီး ဘန်ကောက်ကို တက်ကြပါတယ်။ ဘန်ကောက်က သူဌေးတွေ ကိုယ်တိုင် လာခေါ်တာ ဖြစ်တယ်။ ကျနော်တို့ကို ဖမ်းတာက အလုပ်သမား မှတ်ပုံတင် လုပ်ပေးတဲ့ရက် ကျော်သွားလို့ ဆိုပြီး ပြောတယ်" ဟု မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းခံနေရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို ယခင်လ ၁၅ ရက်နေ့မှ ယခုလ ၁၄ ရက် နေ့အတွင်း မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မှတ်ပုံတင် ကာလ ကျော်လွန်သွားပြီး ဖြစ်သောကြောင့် မဲဆောက်ဒေသအတွင်း  တရားမ၀င် နေထိုင်လုပ်ကိုင်သူများကို ဖမ်းဆီးမှုများ မကြာမီ ပိုမို များပြားလာဖွယ် ရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းနေကြသည်။

မဲဆောက်မြို့ အပါအ၀င် တာ့ခ်ခရိုင်အတွင်း စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မြန်မာပြည်သား လေးသိန်းခန့် ရှိသည့် အနက် တရားဝင် မှတ်ပုံတင်သည့် အရေအတွက်မှာ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမား ရှာဖွေရေးရုံး၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းအာဏာပိုင်တို့က တရားမ၀င် အလုပ်သမား ခန့်ထားသည့် အလုပ်ရှင်ကို ထိထိရောက်ရောက် အရေးယူမည်ဟု ကြိုတင် သတိပေး ကြေညာထားပြီးဖြစ်သည်။

အလုပ်ရှင်ကို တရားမ၀င် အလုပ်သမားတဦးအတွက် ဒဏ်ငွေ ထိုင်းဘတ် ၁ သောင်းမှ ၁ သိန်းအထိ၊ တရားမ၀င် အလုပ်သမားကို ဘတ် ၂ ထောင်မှ ၁ သိန်း အထိ (သို့မဟုတ်) ၅ နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်ပေါင်းပြီး ဖြစ်စေ ချမှတ်သွားမည်ဟု ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသူ မြန်မာပြည်သား အများအပြားကို ကာလကြာမြင့်စွာ ထိန်းသိမ်းထားခြင်း မရှိဘဲ ရက်ပိုင်းအတွင်း မြန်မာပြည်ဘက်သို့ ပြန်လွှတ်ပေးလေ့ရှိသည်။

Tuesday 19 July 2011

(၆၄) နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ

၆၄ ခေါက်မြောက်
ခေါင်းမြီးခြုံပြီး
သင်ရောက်လာတယ်.....။
၆၄ ခါမြောက်
ခေါင်းမြီးခြုံပြီး
သင်ထွက်ခွါသွားပြန်တယ် ....။

သင်နဲ့ငါ…
ရင်ဘတ်ခြင်းအပ်ခွင့်မရ....
ရှေးဟောင်းနှောင်းဖြစ်တွေပြောခွင့်မရ.....
အနာဂတ်ကိုအတူမော့ကြည့်ခွင့်မရ.....
အခိုးခံလိုက်ရတဲ့
ခြေထောက်တွေကိုလိုက်ရှာရင်းနဲ့ဘဲ
ဒီတစ်ခေါက်လဲ
ငါတို့...သက်ပြင်းတွေ .... ချလိုက်ရပြန်ပြီ။

By
မောင်ရွယ်ရောက်
...

(၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်



ဖိုင်အသစ်ရှာမရသည့်အတွက် ၂၀၀၉  ခုနှစ် (၆၂) ကြိမ်မြောက်အာဇာနည်နေ့ ရုပ်၊သံ အဖိုင်ကိုသာ တင်ပေးလိုက်ပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes