Saturday 25 June 2011

မလေးတွင် တရားဝင်နေခွင့် စတင်တော့မည်

မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။

“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။

ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့်  မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။

စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။

“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။
အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဝန်ဆောင်မှု ပေးလိုသော ကုမ္ပဏီများ ထောင်နှင့်ချီ ရှိနေသည့်အတွက် တရားဝင် လုပ်ခွင့်ရမည့် ကုမ္ပဏီများ စာရင်း မကြာမီ ထွက်ပေါ်လာဖွယ် ရှိသည်ဟု  မဟာနန်း ကုမ္ပဏီမှ တာဝန်ခံတဦးက ပြောသည်။

“မလေးရှားမှာ အေးဂျင့် လုပ်ချင်တဲ့ ကုမ္ပဏီတွေက များလာတယ်။  ကြိုတင်ငွေတောင်းပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက ရှိနေတော့ Black list ပြခံလိုက်ရတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဒါကြောင့် တရားဝင် စာရင်းထုတ်ပြန်ဖို့ မလေးရှားအစိုးရက စီစဉ်လိုက်တာပါ” ဟု မဟာနန်း ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။

စိစစ်ပြီး တရားဝင်နေထိုင်ခွင့် ရမည့် နိုင်ငံခြားသား တဦးသည် အခွန်၊ တရားမ၀င် နေထိုင်ခဲ့မှု အတွက် ဒဏ်ကြေး၊  စသည်တို့ အတွက် ရင်းဂစ် ၈၀၀ ပေးဆောင်ရမည် ဖြစ်ပြီး စာရင်းပေးသွင်းပြီးသော သူများမှာ Yellow Card ဟုခေါ်သော တရားဝင် သွားလာခွင့် ကတ် ရရှိမည်ဟု သိရသည်။

ဘဏ်အာမခံကြေး၊ ဆေးရုံ အာမခံကြေးများ၊  ကျန်းမာရေး ဆေးစစ်ချက်များ အတွက် အခြား ကုန်ကျစရိတ် အနည်းငယ်လည်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။

လအနည်းငယ် အကြာတွင် ပါမစ်ကြေး (Levy ကြေး) ပေးသွင်းပြီးနောက် တရားဝင် နေထိုင်ခွင့် လက်မှတ် ရရှိမည် ဖြစ်သည်ဟု သိရသည်။

ပါမစ်ကြေးများမှာ မတူညီဘဲ လယ်ယာ လုပ်ငန်း အတွက် ရင်းဂစ် ၃၆၀၊ ဥယျာဉ်ခြံ လုပ်ငန်း အတွက် ရင်းဂစ် ၅၄၀၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်း အတွက် ရင်းဂစ် ၁၂၀၀၊ စားသောက်ဆိုင်နှင့် ၀န်ဆောင်မှု လုပ်ငန်း အတွက် ရင်းဂစ် ၁၈၀၀ စသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ပြုရေး အတွက် စိစစ်ခြင်း အစီအစဉ် မည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မသိရသေးပေ။

၆ လ ကြာမည့် ယခု စီမံကိန်း ကာလပြီးနောက် မလေးရှား နိုင်ငံအတွင်း တရားမ၀င် နေထိုင်သော နိုင်ငံခြားသားများကို  ဖမ်းဆီးရမိပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်မည် ဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။

မလေးရှားအစိုးရက ယခုကဲ့သို့ စီစဉ်နေသော်လည်း ငွေကြေး မတတ်နိုင်သည့် မလေးရှားရောက် မြန်မာပြည်သားများ အတွက် အခက်အခဲ ဖြစ်နေဦးမည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

“တနေ့မှ ၁၈ ရင်းဂစ်ပဲ ရပြီး တလ လုံးမှ ၅၀၀ ၀န်းကျင်ပဲ ရတဲ့ အလုပ်သမားတွေ ရှိနေသေးတယ်။ မြန်မာသံရုံးကလည်း အထောက်အကူ မပေးဘူး။ မလေးရှား အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဘာမှ အကာ အကွယ် မပေးနိုင်ဘူး ဆိုရင် အခုလို တရားဝင်အဖြစ် လုပ်ပေးနေတာတွေဟာ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ပြန်ပြီး တရားမ၀င် ဖြစ်သွားကြဦးမှာပါပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကိုကျော်ထူးအောင်က ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု မလေးရှား အခြေစိုက်  Burma Campaign Malaysia (BCM) အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှ တဆင့် ၀င်ရောက်သော မြန်မာပြည်သား အရေအတွက်မှာ နှစ်စဉ် ငါးထောင် ၀န်းကျင် ရှိသည် ဟုလည်း BCM က ဆိုသည်။

Friday 24 June 2011

ယာယီပတ်စ်ပို့လုပ်ပြီးပြန်လာစဉ် ယာဉ်တိုက်၍မြန်မာ(၃)ဦး ထိုင်း(၁)ဦးသေဆုံး



ရနောင်းမြို့တွင် ယာယီပတ်စ်ပို့လုပ်ပြီးပြန်လာသောကားသည် ပကျွပ်ခီရီခန်ခရိုင်အရောက် တွင် မြေကြီးသယ်ဆောင်လာသော ဆယ်ဘီးကားကို အရှိန်ပြင်းစွာဝင်တိုက်မိ၍ ကားမောင်းလာသော ထိုင်းတစ်ဦးနှင့် လိုက်ပါလာသော မြန်မာနိုင်ငံသားထဲမှ သုံးဦးသေဆုံးသွားခဲ့သည်။ ဇွန်လ၂၃ရက်နေ့ ညနေ ၆နာရီခွဲတွင် ဖြစ်ပွါးခဲ့သော ထိုဖြစ်ရပ်တွင် သေဆုံးသွားသူများမှာမြန်မာနိုင်ငံသားများဖြစ်သော မောင်နောင် ၂၈နှစ်၊ မဇင် ၂၆နှစ်၊ မစီ ၂၄နှစ်တို့ဖြစ်ပြီး ကားမောင်သူထိုင်းလူမျိုး နိုင်စန်ချိုင်ဖေါင်ဝိ၀ပ် ၃၂နှစ်တို့ ဖြစ်ကြသည်။ ထို့အပြင် ကျား၃ဦး မ၃ဦးတို့လည်း ဒဏ်ရာရှိသွားကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

Thursday 23 June 2011

ခွဲခြားဆက်ဆံခြင်းအတွက် ILO သို့တိုင်ကြားစာပို့ခြင်း






ဇွန်လ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းရှိရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအစိုးရက အခွင့်အရေးချိုးဖေါက်နေကြောင်း တိုင်ကြားစာပေးပို့ခြင်းကို ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ရှိ ILOရုံးချုပ်နှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ ILO ရုံးခွဲတွင် တစ်ချိန်တည်း ပြုလုပ်ခဲ့သည်။ ထိုတိုင်ကြားစာကို ILOညီလာခံတက်ရောက်နေသော ထိုင်းနိုင်ငံပြည်သူပိုင်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(State Enterprise workers' Relations Confederation SERC) အတွင်းရေးမှူးချုပ် နိုင်စာဝစ် ကဲ့အိုဝမ်ကပေးပို့ခြင်းဖြစ်ပြီး ဗန်ကောက်မြို့တွင် SERC ဒု-အတွင်းရေးမှူးချုပ် ကလည်း ILOရုံးခွဲတွင် တချိန်တည်းပြုလုပ်ခဲ့သည်။ ထိုဗန်ကောက်မြို့တွင်ပြုလုပ်သော တိုင်ကြားစာပေးပို့ခြင်းကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) ဥက္ကဌ နှင့်အဖွဲ့ဝင်များတက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထိုတိုင်ကြားစာနှင့်အတူ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ်အခွင့်အရေးချိုးဖေါက်ခြင်းကိုစုစည်းထားသောအဖြစ်အပျက်များပါဝင်သည့် စာမျက်နှာ၅၀၀ကျော်သောမှတ်တမ်းကိုလည်း သက်သေခံအဖြစ် ပူးတွဲပေးပို့ခဲ့ခြင်းဖြစ်သည်။

Wednesday 22 June 2011

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။” လို့ ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ၀င်မ၀င် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။
“ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။
“အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”
အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။
“ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ၀နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။” လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။

ဒေါ်ခင်မျိုးသက်

Source : VOA

လုပ်ငန်းခွင်အတွင်း မတရားသည့်လုပ်ရပ်များကြောင့် အလုပ်သမားများ မကျေနပ်ဖြစ်

လှိုင်သာယာစက်မှုဇုန် (၄) အမှတ် (၁၀၅) ၀က်မစွပ်ဝန်ထောင့်လမ်းမှာ ရှိသည့် Brilliant star (shoe factory) ဖိနပ်စက်ရုံတွင် စက်ရုံတာဝန်ရှိသူများက အလုပ်သမားများအပေါ် လုပ်အားခအပါအ၀င် လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်နေသည့် လုပ်ရပ်များကြောင့် အလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။
အဆိုပါ ဖိနပ်စက်ရုံသည် တရုတ်လူမျိုးပိုင်ဖြစ်ပြီး မြန်မာအလုပ်သမ (၂၅၀)ခန့် အလုပ်လုပ်ကိုင်နေသည့် စက်ရုံဖြစ်သည်။ စက်ရုံတွင်း မကျေမနပ်ဖြစ်နေသည့် အခြေအနေကို အလုပ်သမများနှင့်နီးစပ်သူ တဦးက “အလုပ်ချိန် နောက်ကျရင် ၅၀၀ ဖြတ်တယ်၊ အလုပ်သမားကဒ် မတပ်ရင် ၅၀၀ ဖြတ်တယ်၊ နေမကောင်းလို့ အလုပ်သွားမဆင်းရင် နောက်နေ့ ဆေးစာပါတာတောင် ၅၀၀ ဖြတ်တယ်။ နေမကောင်းလို့စက်ရုံကနေ အိမ်ပြန်ရင် တရက်လုပ်အားခထဲက နေ့တစ်ဝက်စာ ဖြတ်တယ်။ သုံးလမပြည့်သေးလို့ သူတို့မကြိုက်ရင် အလုပ်ထုတ်တယ် လျော်ကြေးမရဘူး။ နားချိန် မိနစ် ၅၀ ပဲ တနေ့ကို။ စနေ၊ တနင်္ဂနွေဆို မိနစ် ၃၀ ပဲ နားရတယ်။ အဓိကကတော့ တနင်္ဂနွေနေ့ အလုပ်နားရက်ကိုပါ အလုပ်ဆင်းနေရတာကို လုံးဝမကျေနပ်ကြဘူး။ တနင်္ဂနွေနေ့ လာမဆင်းရင် ပိုက်ဆံအများကြီး ဖြတ်တယ်” ဟု ရှင်းပြသည်။

ထို့ပြင် လုပ်အားနှင့်ပတ်သက်၍လည်း အချိန်ပိုကြေး တနာရီကို ကျပ်ငွေ (၁၀၀)သာ ပေးဆောင်ခြင်း၊ ပုံမှန်အလုပ်ချိန်ကို နံနက် (၈) နာရီမှ ညနေ (၅)နာရီအတွင်း ထမင်းစားနားချိန် (၁) နာရီအစား မိနစ် (၃၀) သာ အချိန်ပေးပြီး အချိန်ပိုခိုင်းစေခြင်း၊ အချိန်ပို ခိုင်းစေခံရပေမယ့် အလုပ်သမားအများစုမှာ အခြေခံလစာ ကျပ်ငွေ (၄၀,၀၀၀) သာ ရရှိသည့် အခြေအနေများကြောင့် အလုပ်သမားတွေက စက်ရုံပိုင်ရှင် တရုတ်လူမျိုး သူဌေးအပါအ၀င် အလုပ်သမားကြီးကြပ်သူများကိုပါ မကျေမနပ်ဖြစ်နေကြကြောင်း အလုပ်သမများနှင့် နီးစပ်သူက ဆက်ရှင်းပြသည်။
အဆိုပါ ဖိနပ်စက်ရုံတွင် တနင်္ဂနွေနေ့အပါအ၀င် အစိုးရအလုပ်ပိတ်ရက်များအတွင်း အလုပ်သမားများကို ခိုင်းစေးနေခြင်းနှင့်ပတ်သက်၍ ဖိနပ်စက်ရုံက အလုပ်သမား၏ မိသားစုဝင်တဦးက “အလုပ်သမားခေါင်းဆောင်ဆိုပြီး သူတို့လူနှစ်ယောက်ကို လက်မှတ်ထိုးခိုင်းတယ်၊ အလုပ်သမားတွေက သူတို့ဆန္ဒအရ တနင်္ဂနွေနေ့ကို ဆင်းချင်ပါတယ်ဆိုပြီး လေဘာရုံး (အစိုးရ အလုပ်သမားရုံး) ကို သွားတင်တယ်။ Sunday ဆို အလုပ်လာတဲ့ အလုပ်သမားတွေရဲ့ စက်ဘီးတွေကို စက်ရုံတာဝန်ရှိသူတွေက ဝှက်ထားတယ်။ သက်ဆိုင်ရာက မြင်မှာစိုးလို့ပါ။ အဲဒီစက်ရုံမှာ အမြင့်ဆုံး လစာက ၆၅,၀၀၀ ကျပ်ပါ။ လုပ်သက် ၄ နှစ် ရှိသူတွေတောင် ၅၅,၀၀၀ ကျပ်ပဲ ရပါတယ်။ တနေ့ထမင်းဖိုး ၃၀၀၊ ကားခ ၃၀၀ ပေးတယ်ဆိုပေမဲ့ လကုန်မှ လစာထဲ ထည့်ပေါင်းပေးတာပါ။ အဲဒါပါ ပါမှ အခြေခံလစာ ၄၀,၀၀၀ ကျပ်ပဲ ရပါတယ်” ဟု ပြောသည်။
လှိုင်သာယာစက်မှုဇုန် (၄) ရှိ Brilliant star (shoe factory) ဖိနပ်စက်ရုံသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် ရူးဖိနပ်ကုန်ကြမ်းများကို ဖိနပ်အချော ပြန်လည်လုပ်ဆောင်သည့် စက်ရုံဖြစ်ပြီး မြန်မာအမျိုးသမီးအလုပ်သမ (၂၅၀) ခန့် အလုပ်လုပ်ကိုင်နေသည့် စက်ရုံဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများတွင် စက်ရုံတာဝန်ရှိသူများဘက်က ထုတ်ပြန်သည့်စည်းကမ်းချက်များ အခြေခံလစာအပါအ၀င် အထွေထွေမကျေနပ်ချက်များကြောင့် အလုပ်သမားဆန္ဒပြမှုများ မကြာခဏဆိုလို ဖြစ်ပွားခဲ့သည်။
အဆိုပါ ဆန္ဒပြမှုဖြစ်စဉ်များကို ယခင်အစိုးရအဆက်ဆက်နှင့် ယခုသမ္မတ ဦးသိန်းစိန်လက်ထက်အထိ ဆန္ဒပြမှုများ မဖြစ်ပွားစေရန် အလုပ်ရှင်နှင့်အလုပ်သမားကြား ရေရှည်ပြေလည်မှုရအောင် အလုပ်သမားအခွင့်အရေးများကို စောင့်ရှောက်ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။

မလေးရှားရှိ တရားမ၀င်မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများကို တရားဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာပြီးသည့် နောက်ပိုင်း မြန်မာများအတွက် ၀န်ဆောင်မှုပေးသည့် ဈေးကွက်တခု ပေါ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။ 

ယင်းအစီအစဉ်ကို မလေးရှားအစိုးရက အတည်ပြုခြင်းမရှိသေးသော်လည်း တရားဝင်နေထိုင်ခွင့် ရရှိရန်အတွက် မလေးရှား ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ (မြန်မာငွေ ကျပ် ၇ သိန်းခွဲမှ ၁၃ သိန်း) ကြား ကုန်ကျမည်ဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက“ဒီအစီအစဉ်မှာ ပါဝင်ဆောင်ရွက်နေပါတယ်။ သံရုံး တာဝန်ရှိသူတွေ အနေနဲ့ ဆွေးနွေးနေဆဲဖြစ်တဲ့အတွက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ မဖြစ်သေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို ၃ ပတ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမဆုံးအဆင့် မှတ်ပုံတင်ခြင်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကျန်သည့်အဆင့်များကို လာမည့်လတွင် ဆောင်ရွက်သွားဖွယ်ရှိကြောင်း မလေးရှားအစိုးရက ဆိုသည်။

တရားမ၀င်နေထိုင်သူများမှာ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသိသေးသည့်အချိန်တွင် မလေးရှားနိုင်ငံရှိ အကျိုးဆောင်ကုမ္ပဏီများက ၀န်ဆောင်မှုပေးရန်အတွက် စာရင်းများ ကောက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စအတွက် လုပ်ကိုင်နေသော မဟာနန်း ကုမ္ပဏီ မှ တာဝန်ရှိသူတဦးက မြန်မာများအတွက် စာရင်းများ ကောက် ယူနေပြီဖြစ်ကြောင်း၊ ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ ကြားကုန်ကျနိုင်ကြောင်း ရှင်းပြသည်။

“မြန်မာသံရုံးဘက်က ဈေးနှုန်းကို တရားဝင် မထုတ်ပြန်သေးဘူး။ ၁၅ ရက်နေ့မှာ တရားဝင်ဈေးနှုန်းတွေ ကြေညာပေးမယ်ပြော တယ်။ အခုကျနော်တို့ ဆောင်ရွက်ပေးနေတာ ဖောင်လက်ခံတဲ့ သဘောပဲရှိပါသေးတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ်ရှိပြီး ရက်လွန်နေသူများမှာ လက်မှတ် မိတ္တူတင်ပြရမည်ဖြစ်ပြီး မိတ္တူမတင်ပြနိုင်ပါက နံပါတ် ပြောပြနိုင်ရမည်ဖြစ် ကြောင်း၊ တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်သူများမှာ မြန်မာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် ရဲစခန်းထောက်ခံစာများ လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် စာရင်းပေးထားသူမှာ ၄၀၀ ကျော်ခန့်သာ ရှိသေးကြောင်း မဟာနန်း ကုမ္ပဏီက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ၇ နှစ်ခန့် နေထိုင်နေသော ကိုယုပိုင် က“တကယ် ဟုတ်မဟုတ်ကို စောင့်ကြည့်နေတာပေါ့။ စိတ်ချယုံကြည် ရ တဲ့ အခြေအနေရောက်မှ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ပွဲစားကနေ မသွားချင်ဘူး။ ဖြစ်နိုင်ရင် တိုက်ရိုက် လုပ်ချင်တယ်။ စုံစမ်းနေတယ်။ တကယ်ပဲ အပြင်ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရထားလား ဆိုတာကိုပါ”ဟု ပြောသည်။

တရားဝင်အဖြစ် လုပ်ဆောင်နိုင်ရန် အခွင့်အရေးများရှိနေသော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မလုပ်နိုင်မည့်သူများလည်း ရှိနေသည်။

“လက်ရှိအချိန်မှာ လုပ်ပေးမယ့် အေးဂျင့်တွေဆီက စုံစမ်းကြည့်တာ ဈေးကတော်တော်များတယ်။ ကျနော့်အနေနဲ့က အဲဒီလောက် အထိ အကုန်အကျမခံနိုင်ဘူး”ဟု ဆောက်လုပ်ရေးလုပ်ငန်းတွင် နေ့စားလုပ်ကိုင်နေသူ တဦးက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းအပါအ၀င် အခြား အခြေခံ နေ့စား အလုပ်သမားများမှာ တရက်လျှင် ၃၅ ရင်းဂစ် ၀န်းကျင်သာ ရရှိကြောင်း၊ စက်ရုံ အလုပ်ရုံများနှင့် စားသောက်ဆိုင်များတွင် လခစားများမှာ ရင်းဂစ် ၈၀၀ ၀န်းကျင်သာ ရရှိကြောင်း သိရသည်။

စက်ရုံတွင် လခစား အလုပ်အဖြစ် ၀င်ရောက်လုပ်နေသော မဖြူဖြူဝင်းကလည်း“ငွေကြေးက အခက်အခဲရှိတယ်။ ရရစားစား ဆိုတော့ ၊ လစာကလည်း သိပ်ကောင်းတာမဟုတ်တော့။ လုပ်ခ အရမ်းများရင်တော့ မလုပ်နိုင်ဘူး”ဟု ပြောသည်။

မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှ မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်နေသူများ ၂ သန်း ခန့်ရှိကြောင်း မလေးရှား သတင်းစာများတွင် ဖော်ပြထားသည်။

မလေးရှားတွင် တရားမ၀င်ရောက်ရှိနေသော မြန်မာ အရေအတွက်မှာ သိန်းနှင့်ချီ ရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဒုက္ခသည်အဖြစ် စာရင်းပေးထားသည့် မြန်မာနိုင်ငံသား ၈၅၈၀၀ ရှိကြောင်း UNHCR ၀က်ဆိုဒ်မှ သိရသည်။

ဟိန်းသူ

မလေးရှားအပေါ်လမ်း ၆ လ ပိတ်မည်

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ၆ လကြာ ရပ်နားရတော့မည်ဟု အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများက ပြောသည်။

တရားမ၀င် နေထိုင်သူများကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပေးရန် မလေးရှားအစိုးရက စီစဉ်နေသဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ထိုသို့ ရပ်နားမည်ဟု သိရကြောင်း မလေးရှားအခြေစိုက် မဟာနန်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

“မြန်မာသံရုံးက ကျနော်တို့ဆီကို တရားဝင် စာပို့ပြီး အကြောင်းကြားထားတာပါ” ဟု မဟာနန်းမှ ကိုမျိုးက ရှင်းပြသည်။

ထိုကာလအတွင်း ကုမ္ပဏီတို့၏ အလုပ်သမားတင်ပို့ရေး လျှောက်လွှာများကို  မြန်မာအစိုးရက လက်ခံမည် မဟုတ်ကြောင်း စာတွင် ဖော်ပြထားသည်ဟု သိရသည်။
ဤအပြောင်းအလဲကြောင့် မလေးရှားသို့  လာရောက် အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေသူများ ထိခိုက် နစ်နာမည်ဟု အလုပ်သမား ရေးရာ ကုမ္ပဏီများက ပြောသည်။

“ပွဲစားတွေက သူတို့ပွဲစားခကို ကြိုသုံးထားလိုက်လို့ ပြန်မအမ်းနိုင်တာတွေ ဖြစ်လာနိုင်တယ်။ အလိမ်အခေါက်တွေ ပိုများလာနိုင်တယ်။ ကုမ္ပဏီတွေလည်း ပိတ်ရတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု မလေးရှားရှိ ပုဂံနက် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

၆ လတာ ကာလအတွင်း နစ်နာမည့်သူများထဲတွင် လေကြောင်းလိုင်းတချို့ နှင့် ရန်ကုန်မှ အလုပ်သမား ပို့ဆောင်ရေး ကုမ္ပဏီများ ပါဝင်မည်ဟု သိရသည်။

မလေးရှားသို့  တရားဝင် စာရွက်စာတမ်းများ ရယူပြီး သွားရောက်ခြင်းကို အပေါ်လမ်းဟု ခေါ်ပြီး နယ်စပ်မှ လျှို့ဝှက် သွားရောက်ခြင်းကို အောက်လမ်းဟု ခေါ်ကြသည်။

ယခုကဲ့သို့ တရားဝင်လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်မည့် ကာလအတွင်း မလေးရှားသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်သူ များပြားလာမည်ဟု သုံးသပ်သူလည်း ရှိသည်။

“မြန်မာနိုင်ငံမှာက စီးပွားရေး ကျပ်တည်းတော့ အရဲစွန့်ပြီး ထွက်လာကြ တာ ပေါ့။ ပြန်သွားပြီး ပြန်မလာတော့ဘူးလို့ ဆိုတဲ့သူတွေတောင် ပြန်ရောက်လာကြတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသော Burma Campaign Malaysia (BCM)မှ ကိုရန်နိုင်ထွန်းက ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု BCM အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှတဆင့် ၀င်ရောက်သော မြန်မာပြည်သားအရေအတွက်မှာ နှစ်စဉ် ငါးထောင်ဝန်းကျင် ရှိသည်ဟုလည်း BCM က ဆိုသည်။

 ဟိန်းသူ

Tuesday 21 June 2011

နေပြည်တော်နှင့် ရန်ကုန်တွင် GSM ဖုန်းများ အင်တာနက် စသုံးနိုင်ပြီ

နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
phone400
GSM ဖုန်းပြောနေသူများ
“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့်ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာတဦးက ပြောသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။
“၅ သိန်းတန် GSM ဖုန်းကတ်တွေကိုတော့ ကုမ္ပဏီမှာပဲ ချက်ချင်း ကျပ် ၁ သောင်းသွင်းခိုင်းပြီး အင်တာနက်ကတ်ပြောင်းထုတ် ပေးလိုက်တယ်။ ၁၅ သိန်းတန်ဖုန်းတွေ ကတာ့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ သွားပြီး လျှောက်မှ အင်တာနက် တပ်လို့ရမယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ အကြီးတန်း ၀န်ထမ်းတဦးက ပြောသည်။

အင်တာနက် တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်းပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ ၁ မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။

GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးလိုက်သောကြောင့် အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းဟန်းဆက် များ ဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းမွန် လှုပ်ရှားလာမည်ဟု ရန်ကုန်မြို့ရှိ Mr. Fone ဟန်းဆက် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။

“အင်တာနက် သုံးနိုင်တဲ့ ဟန်းဆက်တွေ ၀ယ်အား ထိုးတက်လာမယ် ထင်ပါတယ်။ ကျပ် ၅ သိန်းတန် 800 MHz ဖုန်းတွေမှာ အင်တာနက် သုံးခွင့်ပေးလိုက်တုန်းကလည်း အင်တာနက်သုံးနိုင်တဲ့ Huawai C8500၊ C8600 လို ဖုန်းမျိုးတွေ ချက်ချင်း ဆိုသလို ၀ယ်တဲ့သူ အရမ်းများလို့ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားတယ်” ဟု လူကြီးမင်း ဖုန်းဆိုင်ဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့ခံ တချို့က GSM ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် ပေးလိုက်သည်ကို ကြိုဆိုကြသော်လည်း နေရာကန့်သတ်ချက်ရှိမှုအပေါ် သဘောမကျကြကြောင်း ပြောဆိုကြသည်။

  1. “ဘာပဲပြောပြော အင်တာနက်ကို ထိတွေ့ခွင့်ပေးတာကို တော့ကြိုဆိုတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ ရန်ကုန်ပဲ သုံးခွင့်ပေးတာကိုတော့ မကြိုက်ဘူး။ အကုန်လုံး သုံးခွင့်ပေးသင့်တယ်။ နိုင်ငံတကာမှာလိုပဲ ဈေးပေါပေါနဲ့ ဖုန်းသုံး နိုင်အောင် လုပ်ပေးသင့်တဲ့အပြင် မြို့ရော တောပါမကျန် အင်တာနက် သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုခွင့် ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖုန်းအလုံးရေ ၂ သန်းကျော်ရှိပြီး လာမည့် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်း အလုံးပေါင်း သန်း ၃၀ ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

Source : ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် သတင်းပါသည့် Bangkok Post အချပ်ပို ဖြန့်ခွင့်မရ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ဆောင်းပါးနှင့် ဓာတ်ပုံများ ပါဝင်သော ထိုင်းနိုင်ငံ အခြေစိုက် Bangkok Post နေ့စဉ် သတင်းစာ၏ ယမန်နေ့ထုတ် အပတ်စဉ် အချပ်ပိုကို ရန်ကုန်မြို့တွင် ဖြန့်ချိခွင့် မရခဲ့ကြောင်း သိရသည်။

bkkp-spectrum
ဇွန်လ ၁၉ ရက်နေ့ထုတ် Bangkok Post အချပ်ပို

အဆိုပါ အချပ်ပို စာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဓာတ်ပုံများ၊ ရွှေဝါရောင် တော်လှန်ရေးကာလ ဓာတ်ပုံများအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့လာမည့် ခရီးစဉ်နှင့်ပတ်သက်၍ စာမျက်နှာ ၄ မျက်နှာခန့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
“လေဆိပ်ကို သတင်းစာရောက်ပြီဆိုတာနဲ့ သံရုံးနဲ့ အစိုးရ အဖွဲ့အစည်းတွေကို အရင်ဝေပြီးရင် စာပေစိစစ်ရေးကို သွားရတယ်။ စာပေစိစစ်ရေးက ခွင့်ပြုတယ် ဆိုမှ ကျန်တဲ့ ဟိုတယ်တွေ၊ စာဖတ် ပရိသတ်တွေ ဆီကို ရောက်တာ” ဟု Bangkok Post ကိုယ်စားလှယ် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။

မြန်မာပြည်တွင် ဇွန်လ ၁ ရက် နေ့မှ  စတင်၍ ထိုင်းနိုင်ငံထုတ် Bangkok Post နှင့် The Nation သတင်းစာများကို  Success International Publisher’s Distributor ကုမ္ပဏီမှ ကိုယ်စားလှယ် အနေဖြင့် ဖြန့်ချိခွင့် ရထားသည်။ 

“လေဆိပ်မှာ သွားထုတ်လာ ကတည်းက ဖတ်ကြည့်တော့ ခွင့်မပြုလောက်ဘူးဆိုတာ သိတယ်။ စာပေ စိစစ်ရေးကို ရောက် တော့  ကျနော်တို့ ဘက်က ဒီလို အကြောင်းအရာတော့ ပါနေတယ်၊ ခွင့်ပြုနိုင်လား မေးလိုက်တော့ ပြဿနာ ရှိတယ်၊ ဖြုတ် လိုက် ဆိုတာနဲ့ ဖြန့်တဲ့အချိန်မှာ အချပ်ပို စာစောင် တခုလုံး ဖြုတ်သိမ်းလိုက်တာ” ဟု ဦးမျိုးအောင်က ပြောသည်။

ယမန်နေ့ထုတ် Bangkok Post အချပ်ပို စာစောင်များကို ဖြန့်ချိခြင်း မပြုကြောင်း သက်သေပြသည့် အနေဖြင့် မြန်မာပြည်တွင် ဖြန့်ချိမည့် သတင်းစာများတွင် ပါရှိသော အချပ်ပိုစာစောင် အရေအတွက် အားလုံးကို စာပေစိစစ်ရေးသို့ ပေးပို့ရကြောင်း ၎င်းက ဆိုသည်။

စာပေစိစစ်ရေးသို့ ဖြတ်သန်းပြီးသော ထိုင်းနိုင်ငံအခြေစိုက် သတင်းစာများသည် စာဖတ်ပရိသတ် လက်ထဲသို့ နေ့လယ် ၁ နာရီ ခန့်တွင် ရောက်ရှိသည်။

လက်ရှိ စာပေစိစစ်ရေး၏အနေအထားသည် ယခင်ကထက် ဆင်ဆာကင်းလွတ်ခွင့်များ ရလာသည် ဟု ပြောနိုင်ပြီး  တဖြည်းဖြည်းနှင့် ဆင်ဆာ တင်းကျပ်မှုများ လျော့နည်းလာမည်ဟု မျှော်လင့်ကြောင်း ဦးမျိုးအောင်က ဆက်ပြောသည်။

“ဆင်ဆာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖြည်းဖြည်းပဲ သွားလို့ ရမယ်ထင်တယ်။ ချက်ခြင်းကြီး ဆင်ဆာတွေ လုံးဝ လွတ်သွားတာ မျိုးကတော့ ဖြစ်လာဦးမှာ မဟုတ်သေးဘူး။ အရင်တုန်းက အခြေအနေက စာအုပ်တိုက်နဲ့ အယ်ဒီတာတွေမှာ တာဝန် မရှိဘူး။ စာပေစိစစ်ရေးက ဖြုတ်ခိုင်းရင် ဖြုတ်လိုက် ခပ်ပေါ့ပေါ့ပဲ၊ တာဝန်သိပ် မရှိဘူး။ အခုက ကိုယ့်ဘာသာကိုယ် ဆင်ဆာ လုပ်ရမယ့် အပိုင်းတွေပါလာပြီ” ဟု သူက ဆိုသည်။

Bangkok Post  သတင်းစာကို မြန်မာပြည် အတွင်း၌ တစောင်လျှင် ကျပ် ၂၁၀၀ ဖြင့်  ၁ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် သတ်မှတ်ကာ လပေးစနစ်ဖြင့် ရောင်းချနေသည်။

အိမ်နီးချင်းထိုင်းနိုင်ငံနှင့် စီးပွားရေး ဆက်သွယ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် များပြားလာကြောင်း၊ Bangkok Post သတင်းစာကို ၀ယ်ယူဖတ်ရှုသူ အများစုမှာ လုပ်ငန်းရှင်များဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိတွင် Time ၊ Newsweek ၊ Reader’s Digest ၊ The Economist အပါအ၀င် နိုင်ငံတကာ စာစောင် ၆ မျိုးကို ဖြန့်ချိလျှက်ရှိသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အားကစား၊ နည်းပညာ၊ ကျန်းမာရေး၊ အနုပညာနှင့် ကလေးစာပေ စသည့် စာပေအမျိုးအစား ၅ မျိုးကို စာပေ စိစစ်ရေးသို့ တင်ရန်မလိုဘဲ (ထုတ်တင်စနစ်ဖြင့်) ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ထုတ်ဝေ ခွင့် ပြုထားသည်။
 
 နရီလင်းလက်

Monday 20 June 2011

ဟင်္သာတတွင် စားဝတ်နေရေး မပြေလည်မှုကြောင့် မိမိကိုယ်ကို သတ်သေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် မိမိကိုယ်ကို သတ်သေသည့် ဖြစ်ရပ်တခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဟင်္သာတမြို့မှ ကိုဘိုဘိုသည် ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့အဝင် ချောင်းဖျားရွာအနီးတွင် ရထားအလာကိုစောင့်၍ ရထားအကြိတ်ခံပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“ဖြစ်တာက နေ့လည် (၁၁) နာရီလောက်မှာ ကြံခင်းဘက်က လာတဲ့ရထားက ဟင်္သာတမြို့အဝင် ချောင်းဖျားရွာနားအရောက် သူက ချုံပုတ်ထဲကနေထွက်ပြီး ရထားအောက် ဝင်အကြိတ်ခံလိုက်တာ၊ သူက စားဝတ်နေရေးတော်တော်ကို မပြေမလည်ဖြစ်နေတာ” ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

အဆိုပါ သေဆုံးသွားသူ ကိုဘိုဘိုမှာ အသက် (၃၇) နှစ်ရှိပြီး ဟင်္သာတမြို့ ဘူးဘုရားဈေးအနီးနေထိုင်သူ ဖြစ်သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်ကိုင်ရှားပါးမှုနှင့် အထွေထွေအကြပ်အတည်းများကြောင့် မြန်မာပြည်တွင် မိမိကိုယ်ကို သတ်သေမှုများဖြစ်ပွားခဲ့ပြီး ကြွေးမဆပ်နိုင်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ဗိုင်းနားရွာက လယ်သမား မိသားစုလိုက် ဟင်းထဲ အဆိပ်ခတ်သတ်သေမှုများလည်း ဖြစ်ပွားခဲ့သည်။
ထို့အပြင် စီးပွားရေးအကြပ်အတည်းမှုနှင့် အလုပ်ကိုင်ရှားပါးမှုကြောင့် မိသားစုလိုက် နေရပ်ကိုစွန့်ခွာပြီး နီးစပ်ရာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်နေကြသူများ တနေ့တခြား ပိုမိုများပြားလာလျှက်ရှိသည်။

အစိုးရသစ် အခွန် တင်းကျပ်တော့မည်

အစိုးရသစ်လက်ထက် ပြောင်းလဲလိုက်သည့် အခွန်ဥပဒေသစ်ကြောင့် လာမည့် ဇူလိုင်လမှ စတင်၍ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ရရှိခဲ့သော ၀င်ငွေအပေါ် အခွန်ပေးဆောင် ရမည်ဖြစ်ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ငွေကြေးကျပ်တည်းမှု ကြုံတွေ့လာနိုင်ကြောင်း လေ့လာသူများနှင့် လုပ်ငန်းရှင်များက ပြောသည်။

18215-myanmar_currency၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမြတ်ခွန်ဥပဒေသည် ပျက်ပြယ်သွားသည်။ ထို့ကြောင့် ယခင် “အမြတ်ခွန် ဥပဒေ” ဖြင့် ပေးဆောင်နေရသည့် အခွန်ထမ်းများကို “၀င်ငွေခွန် ဥပဒေ” ဖြင့် ယခု ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြောင်းလဲ ကောက်ခံရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက ယခုလအတွင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်က အမြတ်ခွန် ဥပဒေ၊ ၀င်ငွေခွန် ဥပဒေ ဟူ၍ ၂ မျိုးရှိရာ၊ တဦးပိုင်ကုမ္ပဏီနှင့် တဦးတည်း လုပ်ငန်းရှင်များသည် အမြတ်ခွန် ဥပဒေဖြင့် ပေးဆောင်ရပြီး၊ ကုမ္ပဏီ၊ သမ၀ါယမအသင်း၊ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများသည် ၀င်ငွေခွန် ဥပဒေဖြင့် ပေးဆောင်ရသည်။ယခင်အမြတ်ခွန် ဥပဒေဖြင့် တဦးတည်းပိုင် ကုမ္ပဏီများကို ကောက်ခံစဉ်က တနှစ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ ကြား ၀င်ငွေရှိသူသည် ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀ နှင့် ကျပ် ၂၀၀၀၀ ကြား ၀င်ငွေ ရှိသူသည် ၁၁ ရာခိုင်နှုန်း၊ ကျပ် ၂ သိန်း နှင့် ၃ သိန်းကြား ၀င်ငွေရှိသူသည် ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၂၀ နှင့် ၄၀ ကြား ၀င်ငွေရှိသူသည် ၄၀ ရာခိုင်နှုန်းစသဖြင့်ပေးဆောင်ရ သည်။

အမြတ်ခွန် ဥပဒေမှ ၀င်ငွေခွန် ဥပဒေဖြင့် ပြောင်းလဲ ထမ်းဆောင်ရမည့်နောက်တွင် အခွန်ထမ်း၏ တနှစ် ၀င်ငွေသည် ကျပ် ၃ သိန်းနှင့်အထက်ရရှိပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

သို့ရာတွင် ၀င်ငွေခွန်ဥပဒေဖြင့် ယခင်ကတည်းက ထမ်းဆောင်နေရသည့်  ပြည်တွင်း ကုမ္ပဏီများသည် တနှစ်အသားတင် အမြတ်ငွေ ၃၀ ရာခိုင်နှုန်း၊ နိုင်ငံခြား ကုမ္ပဏီများသည် အသားတင်အမြတ်ငွေ၏ ၃၅ ရာခိုင်နှုန်းကို အပြောင်းအလဲမရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင်  ဆက်လက်ပေးဆောင်ရမည်ဖြစ်သည်။

နိုင်ငံခြားငွေ ရှာဖွေပေးသည့် ကုမ္ပဏီများအတွက်မူ အသားတင်အမြတ်၏ ၁၀ ရာခိုင်နှုန်း၊ အခြေပစ္စည်း (အိမ်၊ ခြံ၊ မြေ၊ မော်တော်ကား၊ စက်ရုံ၊ တိုက်ခန်း) များ ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သူများသည် အမြတ်ငွေ ကျပ် ၅၀၀၀၀ ကျော်ပါက ၁၀ ရာခိုင်နှုန်း စသဖြင့် လုပ်ငန်းအလိုက်၊ ၀င်ငွေအလွှာအလိုက် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြတ်ခွန် မကောက်ခံတော့ဟု ဆိုသော်လည်း ယခုကဲ့သို့ ၀င်ငွေခွန်ဖြင့် ပြန်လည် ကောက်ခံခြင်းသည် အခွန်ထမ်းဆောင်နေရသည့် လူထုအတွက် အပြောင်းအလဲတခု မဟုတ်ဟု အခွန် ဥပဒေဆိုင်ရာ ဆောင်းပါးနှင့်စာပေများ ရေးသားနေသည့် ဦးဟန်ထွန်း (အခွန်) က ဧရာဝတီကို ပြောသည်။

သို့ရာတွင် ယခင်က တင်းကြပ်သည့် လုပ်ထုံးလုပ်နည်း မရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်မှ စတင်၍ ၀င်ငွေခွန် ဥပဒေဖြင့် စတင်ပေးဆောင်ရမည့် ပုဂ္ဂလိက တဦးချင်း လုပ်ငန်းရှင်များ၊ တဦးချင်း ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်းများသည် ၀င်ငွေကြေညာလွှာနှင့်အတူ သက်ဆိုင်ရာ ၀င်ငွေနှစ်အတွက် စာရင်းရှင်းတမ်း တစောင်ကို ပူးတွဲတင်ပြရမည်ဟု အစိုးရပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။

ဝင်ငွေခွန် ဥပဒေဖြင့် စတင်ထမ်းဆောင်သည့် နှစ်တွင် လုပ်ထုံးလုပ်နည်း ပြောင်းလဲလိုက်သောကြောင့် အဆိုပါ စီးပွားရေးလုပ် ငန်းရှင်များအတွက် ခက်ခဲသည့် အနေအထားဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အစိုးရပိုင် သတင်းစာများက ၀င်ငွေကြေညာလွှာ တင်သွင်းရန် ကြေညာခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရှိ အခွန်ရုံးမှ တာဝန်ရှိသူများကလည်း စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခဲ့ကြောင်း သိရသည်။

စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က “တနိုင်ငံလုံးမှာရှိတဲ့ အသေးစား၊ အလတ်စားမကျန် လုပ်ငန်းရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကောက်သွားမယ်ဆိုတဲ့ သဘောပါပဲ” ဟု ပြောသည်။

ဒီမိုကရေစီ နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း အခွန်ဆောင်ရန် တာဝန်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်စဉ်က ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် အပါအ၀င် အခွန်ကိစ္စအများစုကို တင်းကျပ်မှုမရှိဘဲ အပြုသဘောဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲလာချိန်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်သူများအတွက် ပြစ်မှုကြောင်းအရ တရားစွဲဆို ထောင်ချ အရေးယူနိုင်သော အချက်ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ယခု ၀င်ငွေခွန် ဥပဒေဖြင့် စတင်ထမ်းဆောင်ရမည့် အခွန်ထမ်းများသည် အခွန်ငွေ ပိုပေးဆောင်ရနိုင်ကြောင်း ဝေဖန်ပြောဆို နေကြသည်။

ကျုံပျော်မြို့ရှိ ဓာတ်ပုံတိုက်ပိုင်ရှင်တဦးက “အရင်တုန်းက ၀င်ငွေကြေညာလွှာဆိုတာ ကိုယ်ရသလောက်ငွေလေးကို တနှစ်မှာ ဘယ်လောက် ရပါတယ်ဆိုပြီး တင်လိုက်ရင်ရပြီ။ အခု ၀င်ငွေကြေညာလွှာအပြင်၊ စာရင်းနဲ့ တွဲတင်ရမယ်ဆိုတော့ အသေးစိတ် တလချင်းစီရဲ့ ၀င်ငွေ၊ သုံးစွဲငွေ၊ ကျန်ငွေ ဘယ်လောက်ဆိုပြီး စာရင်းပြုစုပြီး ၀င်ငွေကြေညာလွှာနဲ့ တွဲတင်ရမယ်ဆို တာမျိုးပြောင်းသွားတယ်” ဟု ပြောသည်။

“အရင်နှစ်တွေက တနှစ်ကို အမြတ်ခွန် ကျပ် ၄ သောင်းကျတယ်။ ဒီနှစ်ကတော့ အသေးစိတ် စာရင်းတွေနဲ့ တွဲတင်ရမယ်။ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ ၁ နှစ် ၀င်ငွေ ကျပ် ၃ သိန်းက လုပ်ငန်းတိုင်း ရနိုင်တာဆိုတော့ အစိုးရအတွက် တယောက်ချင်းစီကနေ ၃၀ ရာခိုင်နှုန်း ၀င်ငွေခွန်တွေ ပိုပြီးရလာမှာပေါ့။ ပြည်သူတွေဘက်ကတော့ ၀င်ငွေခွန်က ပိုကျလာမယ့် သဘောမျိုးရှိနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ၀င်ငွေနှစ်အတွင်း လစာခေါင်းစဉ်မှ ၀င်ငွေ ၃၀၀၀၁ ကျပ်နှင့်အထက်ရရှိသူသည် ၀င်ငွေ ကြေညာလွှာပေးပို့ရန် မလိုသော်လည်း အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် လစာနှစ်ချုပ်စာရင်းကို ပေးပို့ရန် လိုအပ်သည်ဟု ကြေညာထားသည်။

လစာခေါင်းစဉ်ဖြင့် ၀င်ငွေရရှိသူသည် ၀င်ငွေခွန် ဥပဒေအရ လစာဝင်ငွေ ကျပ် ၃၀၀၀၀ မှ  ၅၀၀၀၀ ၀င်ငွေရှိသူ ၁၂ ရာခိုင်နှုန်း၊ ၀င်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ရရှိ သူတိုင်း ၁၅ ရာခိုင်နှုန်း၊ ၇၀၀၀၀ မှ ၉၀၀၀၀ ကြားရရှိသူတိုင်း ၁၆ ရာခိုင်နှုန်း၊ ၉၀၀၀၀ မှ ၁၁၀၀၀၀ ရရှိသူတိုင်း ၁၇ ရာခိုင်နှုန်း၊ ၁၁၀၀၀၀ မှ ၁၅၀၀၀၀ အကြားရရှိသူတိုင်း ၁၈ ရာခိုင်နှုန်း၊ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ရရှိသူတိုင်း ၁၉ ရာခိုင်နှုန်း စသည့် ဖြင့်ရရှိသော ၀င်ငွေပေါ်မူတည် ကောက်ခံမည်ဖြစ်ပြီး လစာ ၅၀၀၀၀၀ ကျော်လျှင် အခွန် ၃၀ ရာခိုင်နှုန်း နှစ်စဉ် ပေးဆောင်ရမည်ဖြစ် သည်။

“တိုင်းပြည်မှာနေရင် တိုင်းပြည်က ချမှတ်တဲ့ အခွန်ဆောင်ရမယ်ဆိုတာ ဥပဒေပဲလေ။ ဒါကို လိုက်နာရမယ်။ တဖက်ကလည်း စည်းကမ်းတကျနဲ့ ဥပမာ ၀န်ထမ်းဆိုရင်လည်း ရနေတဲ့ လစာငွေပဲ ဖြစ်ဖြစ်၊ လုပ်ငန်းရှင်ဆိုလည်း အမြတ်ရနေတဲ့ ငွေပေါ် မူတည်ပြီး သင့်တော်တဲ့ နှုန်းတခု သတ်မှတ်ထားပေးတာမျိုး ဖြစ်သင့်တယ်” ဟု IT ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ ကိုထွန်းထွန်းက ပြောသည်။

၎င်းက ဆက်လက်၍ “အခွန်ထမ်းဘက်က တာဝန်ကျေသလို အခွန်ကောက်ခံသူတွေကလည်း ကိုယ့်တိုင်းသူပြည်သားအတွက် တဖက်ကနေ ကျန်းမာရေးစရိတ်၊ ပညာသင်ကြားရေးစရိတ်တွေမှာ ဘယ်လို ပြန်စီစဉ်ပေးမလဲ။ ဘာပြန်လုပ်ပေးမလဲဆိုတာတွေ စဉ်းစားရမယ်။ ဒါမှလည်း အာဏာပိုင်တွေ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာ ပီသမှာလေ။ အခွန်ကောက်တဲ့ အချိန်မှာ ကျတော့ ဒီမိုကရေစီ နိုင်တော် ပီသအောင် ကောက်တယ်၊ ပြည်သူတွေကို ခံစားခွင့်ပြန်ပေးရမယ့် အချိန်မှာလည်း ဒီမိုကရေစီ နိုင်ငံတော် ပီသအောင် ကျင့်သုံးနိုင်ဖို့လိုတယ် ” ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗဟိုအစိုးရသည် အခွန်အမျိုးအစားများအနက် အခွန် ၁၉ မျိုးကို တိုင်းဒေသကြီးအစိုးရများကို လွှဲပြောင်း တာဝန်ပေးအပ်လိုက်သည်။ ထို့ကြောင့် ဗဟိုအစိုးရ၏ အခွန်ကောက်ခံမှုမှ ရရှိသည့် ၀င်ငွေသည် လျော့နည်းလာမည်ဖြစ်သောကြောင့် ၀င်ငွေခွန်ကို စည်းကြပ်ရာတွင် ယခင်ကထက် ပိုမို ကောက်ခံနိုင်ဖွယ်ရှိကြောင်း အခွန်ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်သည်။

တိုင်းဒေသကြီးများရှိ မြို့နယ်များက ကောက်ခံရရှိလာသည့်  ၀င်ငွေခွန်ကို ဗဟိုအစိုးရသို့ တင်ပြရမည်ဖြစ်သည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေခွန် အများဆုံးပေးသွင်းသည့် ကုမ္ပဏီ ၁၀ ခုကို အစိုးရမှ တရားဝင်ထုတ်ပြန်လိုက်သည်။

သို့သော် အဆိုပါ စာရင်းများတွင် မြန်မာနိုင်ငံ၏ ထင်ရှားသည့် စီးပွားရေးလုပ်ငန်း ကုမ္ပဏီ အုပ်စုကြီးများဖြစ်သည့် ထူး၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ ယုဇန၊ IGE၊ ACE၊ ဇေကမ္ဘာ၊ ဧဒင် စသည့် ကုမ္ပဏီများမပါဝင်ကြောင်း တွေ့ရသည်။

ကုမ္ပဏီတခုက ၎င်းတို့ ပေးသွင်းသည့် အခွန်ငွေ ပမာဏနှင့် ပတ်သက်၍ သက်ဆိုင်ရာ အခွန်ရုံးသို့ စောဒကတက် မေးမြန်းခဲ့ရာ အမေရိကန် ဒေါ်လာနှင့် ပေးဆောင်သည့် အခွန်ပေးသွင်းငွေများကို အခွန်ရုံးက အစိုးရငွေလဲလှယ်နှုန်း တဒေါ်လာလျှင် ၆ ကျပ်ဖြင့် တွက်ချက်ဖော်ပြကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းအများစုကို ထိန်းချုပ် လုပ်ကိုင်နေသည့် စီးပွားရေးဦးပိုင် လီမိတက်၏ အခွန်ကိစ္စနှင့် ပတ်သက်၍မူ နိုင်ငံတော် အဖွဲ့အစည်းများသည် နိုင်ငံတော် စာရင်းစစ်အဖွဲ့မှတဆင့် စစ်ဆေးပြီး လိုအပ်သောအခွန်များ ပေးဆောင်မည် ဖြစ်သည့်အတွက် တခြားစီးပွားရေး လုပ်ငန်းများကဲ့သို့ အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း၊ စီးပွားရေးဦးပိုင် လီမိတက်မှာမူ အခွန်ပေးဆောင်ရန် မလိုသော စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
 
နရီလင်းလက် Friday, 17 June 2011 17:03  

လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့တခုတို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တခုကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင် လိုက်ကြောင်း သိရသည်။
TACDB-01
လူကုန်ကူးခံရသည့် မြန်မာများကို ပိတ်လှောင်ထားသော
 ဆူဖန်ဘူရီခရိုင်ရှိ ဆမ်ချုပ်မြို့နယ်ရှိ ဝက်ခြံနှစ်ခုအနက် တခု (ဓာတ်ပုံ - TACDB)
ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) တို့ ပူပေါင်း၍ ဝင်ရောက် ဖမ်းဆီးရာတွင် လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာတွင် သုံးသည့် ငွေစာရင်း စာရွက်စာတမ်းများကိုပါ သိမ်းဆည်းရမိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

လူကုန်ကူးခံရသူများကို ဆူဖန်ဘူရီခရိုင်၊ ဆမ်ချုပ်မြို့နယ်ရှိ ဝက်ခြံနှစ်ခုတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးမြင့်ဝေက “ကျနော်တို့ TACDB နဲ့ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) က ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆူဖန်ဘူရီမှာရှိတဲ့ လူကုန်ကူး အဖွဲ့တခုကို ဖမ်းဆီးမိလိုက်တယ်။ အဲဒီမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား မောင်နှမ ၂ ယောက်ရယ်၊ ရောင်းစားဖို့ လှောင်ပိတ်ထားတဲ့ တခြား မြန်မာနိုင်ငံသား ယောက်ျား ၂၉ ယောက်နဲ့ မိန်းမ ၂၆ ယောက်ကိုပါ တပါတည်း ဖမ်းမိတယ်။ အားလုံးဆိုရင် ၅၇ ယောက်ပေါ့” ဟု ပြောသည်။

ရောင်းစားခံရသူ မောင်နှမ နှစ်ဦးမှာ ကိုချက်နှင့် မစိမ်းမို့မို့တို့ ဖြစ်ကြောင်းသိရသည်။

မစိမ်းမို့မို့ကို ၀ယ်ထားသူ  လူမှောင်ခိုသမားက နေ့စဉ် ဖုန်းဆက်ကာ သမီးဖြစ်သူအား ရွေးလိုက ရွေးနိုင်ကြောင်း ပြောသည်ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးက ပြောသည်။

“ကျမသားနဲ့ သမီးကို ရောင်းစားထားတဲ့ ပွဲစားက နေ့စဉ် ဖုန်းဆက်ပြီး ပြောတာက သားကိုတော့ လှေထဲ ရောင်းစားလိုက်ပြီ။ သမီးကို ပြန်လိုချင်ရင်တော့ ဘတ် ၁ သိန်းပေးရမယ်။ ကျမကလည်း အဲဒီလောက် မတတ်နိုင်ဘူး ဆိုတော့ နောက်ထပ်ပြောတာက ၃၀၀၀၀ ဆိုရင် ရမယ်ပေါ့။ ကျမတို့ မတတ်နိုင်တော့ နောက်ဆုံး သူပြောလာတာက သူက သမီးကို ဘတ် ၁၃၀၀၀ နဲ့ဝယ်ထားရတာမို့  ၁၅၀၀၀ တော့ ပေးပါ။ အမြတ် ၂၀၀၀ တော့ပေးပါလို့ ပြောတယ်။ ကျမကလည်း သူတို့ကို မယုံတာနဲ့ အဖွဲ့အစည်းကို တိုင်လိုက်တာ အခုလို ကျမသမီးလေးကို ပြန်မိတာ” ဟု ဆိုသည်။

ထိုင်းရဲများ၏ အကူအညီဖြင့် ၎င်း၏သားဖြစ်သူ ကိုချက်အားလည်း ရောင်းစားထားသည့် လှေမှ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း၊ ကိုချက်ကို ရောင်းစားခဲ့သည့်နေရာမှာ စမုပရာကန်ခရိုင် ခရောင်ဒင် လှေဆိပ်တွင် ဖြစ်ကြောင်း သိရသည်။

TACDB-02
ကယ်တင်ထားသော လူကုန်ကူးခံရသည့် မြန်မာများ (ဓာတ်ပုံ - TACDB)

ယင်းသို့ ဖမ်းဆီးရာတွင် ကိုယ်တိုင် လိုက်ပါသွားခဲ့သူ TACDB ၏ တရားဥပဒေ အထောက်အကူပြုအဖွဲ့မှ ကိုနိုင်က “ကျနော်တို့ တနေ့ညကတည်းက ဖမ်းဖို့ သွားကြတာ။ ဒါပေမယ့် ညကလည်း မှောင်နေတော့ နေရာကို အသေအချာ ရှာမတွေ့ဘူး။ မနက်ကျမှ နေရာကို အသေအချာရှာတွေ့လို့ ဒေသခံ ရဲတွေကိုပါ အကူအညီတောင်းပြီး အင်အားဖြည့်ကာ ဖမ်းလိုက်ကြတာ” ဟု ပြောသည်။

သားသမီး နှစ်ယောက်ကို ကယ်တင်ရေးအတွက် ဒေါ်ဌေးဌေးက သက်ဆိုင်ရာသို့ တိုင်တန်းပြီးနောက် စမုပရာကန်ခရိုင်ရှိ မြန်မာ လူမှောင်ခိုသမားတဦးကို စတင်ဖမ်းမိရာမှ ဆက်လက်ခြေရာခံကာ ဆူဖန်ဘူရီခရိုင်မှ လူကုန်ကူးအဖွဲ့ကို ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူအားလုံးကို ဆူဖန်ဘူရီ ရဲစခန်းတွင် ထိမ်းသိမ်းထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းဝန်းကျင်အတွင်းရှိသည် အလုပ်သမားရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
Source : ဧရာဝတီ

ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာရန် သက်ဆင် ကြိုးပမ်းနေ

w63808
ရာထူးမှ ဖြုတ်ချခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ကျင်းပတော့မည့် ထိုင်းရွေးကောက်ပွဲတွင် အာဏာရပါတီကို အနိုင်ရရှိရန် ကြိုးပမ်းနေသော ညီမဖြစ်သူကို ထောက်ခံခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လာရန် ဖြစ်နိုင်ဖွယ် ရှိနေသည်။

ဆက်သွယ်ရေး လုပ်ငန်းရှင် သူဌေးကြီး သက်ဆင်သည် ခြစားမှုအတွက် ပြစ်ဒဏ် ချမှတ်ထားမှုကို ရှောင်ရှားရန် အတွက် နိုင်ငံခြားတွင် သွားရောက် နေထိုင်နေသည်။ သက်ဆင်က ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သက်ဆင်က  ပထမဆုံး သြဇာကြီးသော သူ၏ ရန်သူတို့နှင့် စေ့စပ်ညှိနှိုင်းရမည် ဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ နှစ်ကြိမ် အနိုင်ရရှိထားသော အသက် ၆၁ နှစ် အရွယ် သက်ဆင်သည် ၅ နှစ် တာဝန်
ထမ်းဆောင်စဉ် အတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သက်ဆင်က ယခုအခါ စေ့စပ်ညှိနှိုင်းရေးကို ရှေ့တန်းတင်လာပြီး ထိုင်းဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းလာသည်။
''နိုင်ငံရေးမှာ သံလက်သီးရယ်၊ ကတ္တီပါလက်အိတ်ရယ်ကို ကျွန်တော်တို့ သုံးရပါတယ်။ ဒီနေ့ခေတ်မှာတော့ သံလက်သီးထက် ကတ္တီပါ လက်အိတ်ကို ပိုသုံးလာကြပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ အချိန်မှာ အခြား တစ်ဖက်ကို ဖိနှိပ်ဖို့ ဥပဒေကိုသုံးဖို့ ကြိုးစားမယ့် အစား စေ့စပ်ညှိနှိုင်းမှုကို ပိုသုံးဖို့ လိုပါတယ်''ဟု သက်ဆင်က ထိုင်းနိုင်ငံရေး အကျပ်အတည်းကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

အေသင်မြို့တော်မှ ဆန္ဒပြပွဲ အဓိကရုဏ်း

    ဂရိနိုင်ငံ အေသင်မြို့တော်မှ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့နေသည့် ခွေးတစ်ကောင်ကို တွေ့ရစဉ်။ အစိုးရအသုံးစရိတ်များ လျှော့ချဖြတ်တောက်ခြင်း၊ နိုင်ငံပိုင် အဆောက်အုံများ ရောင်းချခြင်း၊ အခွန်အခများ မြင့်တက်လာခြင်းတို့ကြောင့် ဒေါသထွက်နေသည့် ရရာလက်နက်ကိုင် ဆန္ဒပြလူထုနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ မြို့တော်အေသင်တွင် ထိပ်တိုက်ရင်ဆိုင် အဓိကရုဏ်များ အပြင်းအထန် ဖြစ်ပွားနေသည်။  
Athens Protests


Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

Athens Protests

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes