Showing posts with label ၀၆။ ရုပ်/သံ. Show all posts
Showing posts with label ၀၆။ ရုပ်/သံ. Show all posts

Sunday, 17 June 2012

နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောသော ရုပ်သံ၊ အင်္ဂလိပ်လိုနဲ့ မြန်မာဘာသာပြန်စာသား



နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး
(Dr ကောင်းမြတ်ကျော်)

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ
 စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

(Dr ကောင်းမြတ်ကျော်)

အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။ (မြန်မာလို စာသားကို ကိုဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)

အင်္ဂလိပ်လိုစာသား (ဧရာဝတီ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်)
Ref: Nge Naing

Friday, 15 June 2012

Monday, 4 June 2012

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်စု ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။ 

မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးအပေါ်အမြင်၊ ရင်းနှီးမြှုပ်နှံသူများအပေါ် သတိပေးစကား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အရေးကြီးပုံနှင့် တိုင်းပြည်တွင်းခြစားလာဘ်စားမှု တိုက်ဖျက်ရေး အထူး လိုအပ်နေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားခဲ့သည်။

အဆိုပါ မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမက မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။



 

 “ကျမ အခုလို ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို တက်ရောက်ခွင့် ရရှိတဲ့အတွက် Professor Schwab နှင့် တကွ ကမ္ဘာ့စီးပွါးရေး ဖိုရမ် စီစဉ်ပြုလုပ်သူ organizer အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို တက်ရောက်ခွင့် ရတာဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပြီး ကျမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါ။ 

ကျမအနေနဲ့ ကမ္ဘာအရပ်ရပ်က လူတွေနဲ့တွေ့ဆုံခွင့် ရခဲ့ပြီး တွေ့ဆုံတဲ့သူတိုင်းကလည်း ကျမတို့ နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို အထူးစိတ်ဝင်စား ကြပါတယ်။ ဒီမနက်မှာ ကျမအနေနဲ့ ပြောချင်တာက တချို့တွေက Burma လို့ ခေါ်ကြပြီး တချို့တွေက Myanmar လို့ ခေါ်ကြတဲ့ ကျမတို့ နိုင်ငံရဲ့ တိုးတက်မှုတွေအတွက် လိုအပ်တဲ့ commitment အကြောင်းပါပဲ။ Commitment ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်မှု၊ ရည်ရွယ်ချက် ခိုင်မြဲမှု၊ သန္နိဋ္ဌာန်ဖြင့် စဉ်ဆက်မပြတ် ကြိုးစားမှုတွေနဲ့အတူ ရည်မှန်းချက် ရှင်းလင်းပြတ်သားမှုတွေ ပါဝင်ပါတယ်။ ကျမအနေနဲ့ မကြာခဏ အမေးခံရလေ့ရှိတဲ့ မေးခွန်းတခုကတော့ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန် လှည့်သွားနိုင်ခြေ ရှိ/မရှိ ဆိုတဲ့ မေးခွန်းပါပဲ။

“လူတွေ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အကြောင်း ပြောဆိုနေကြတဲ့အခါမှာ ကျမတို့ မေးခွန်းထုတ်ရမှာက အဲဒီ့ စကားရပ်ဟာ ဘာကိုဆိုလိုသလဲ ဆိုတာကိုပါ။ ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်း ကျမ နေအိမ်အကျယ်ချုပ်ကနေလွတ်လာခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအဖြစ်

 နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာတွေ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ခြေလှမ်း တချို့တွေ၊ နောက် ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာတွေ အဲလိုခြေလှမ်းတွေကို အားလုံးပါဝင်ခြင်းရဲ့ လက္ခဏာတွေလို့ မြင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာကျမတို့တွေလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ကြပါ တယ်။ အဲဒီမှာ ကျမ သတိထားမိတာက အလေးပေးမှုဟာ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုဆီကို ဦးတည်ချက် ပြောင်းသွားတာ ပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားကြတယ်လို့လည်း ကျမ ကြားသိခဲ့ရပါတယ်။ တပြိုင်တည်းမှာပဲ အရေထူနေပြီ ဖြစ်တဲ့ လုပ်ငန်းရှင် တချို့ အပါအဝင် တခြားသူတွေက ဘာပြုပြင်ပြောင်းလဲမှုလဲ ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ ဒါကြောင့်မို့ reform ဆိုတဲ့ စကားလုံးကို အသုံးပြုသူတွေက စိတ်ကြိုက် အဓိပ္ပါယ်ဖွင့်နေကြတာမို့  ကျမအနေနဲ့ တိုင်းပြည်ထဲက တိုးတက်မှုတွေ အကြောင်းပဲ ပိုပြောချင်ပါတယ်။ ဒါပေမယ့် ကျမအတွက်တော့ ကျမတို့ နိုင်ငံသားတွေရဲ့ အခြေအနေတွေ တိုးတက်လာမှုကိုပဲ ပြုပြင်ပြောင်းလဲမှုလို့ အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။

“Commitment အကြောင်းကို ပြောရမယ်ဆိုရင်တော့ ကျမအနေနဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရာကနေ နောက်ကို ပြန်ဆုတ်နိုင်သလားလို့ မေးခံရတဲ့အခါမျိုးမှာ ပြန်ဖြေခဲ့တာက နောက်ပြန် ဆုတ်မဆုတ်ဟာ စစ်ဘက် အနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာပေါ် မူတည်နေပါတယ်လို့ ပြန်ဖြေ ခဲ့ပါတယ်။ ကျမအနေနဲ့ အဲဒါကို အကျယ်ချဲ့ ပြောချင်တာကတော့ ကျမတို့ရဲ့ အောင်မြင်မှုတွေ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်သွား မသွားဆိုတာတွေက national commitment အပေါ်မှာ မူတည်နေပါတယ်။ ကျမတို့ရဲ့ နိုင်ငံကို တိုးတက်လာစေချင်သူ မှန်သမျှဟာ အဲဒီ့ commitment မျိုး ရှိရပါမယ်။ ကျမတို့ အနေနဲ့ ကျမတို့ ဘာလိုချင်တယ် ဆိုတာကို သိရပါမယ်။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ရိုးရှင်းတဲ့ ဆောင်ပုဒ်လေး ဖြစ်တဲ့ “ကမ္ဘာ့အခြေ အနေကို တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်လေးကို နှစ်သက်ရခြင်း ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ မြန်မာ
နိုင်ငံရဲ့ အခြေအနေကို တိုးတက်စေချင်ပါတယ်။ ကျမတို့ ပြုပြင်ပြောင်းလဲမှု (reform) လို့ ပြောတဲ့အခါ အဲဒါကိုပဲ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့ ပြုပြင်ပြောင်းလဲမှုလို့ ပြောတဲ့အခါ အုပ်စုတခု၊ ပုဂ္ဂိုလ်တယောက်၊ အဖွဲ့အစည်းတခု အတွက်ပဲ အကျိုးရှိမယ့်ဟာမျိုးကို မဆိုလိုပါဘူး။ သာမန်လူထု တရပ်လုံးအတွက် အကျိုးရှိမယ့် အရာမျိုးကိုပဲ ဆိုလိုပါတယ်။ ကျမအနေနဲ့ သာမန်လူထု တရပ်လုံးလို့ ရည်ရွယ်ချက်ရှိရှိ သုံးရတာက ကျမတို့ နိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျမတို့ အားလုံး ပါဝင်ပါတယ်။

“ဒါကြောင့်မို့လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ ကျမတို့အတွက် အလွန် အရေးကြီးပါတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်ရာကနေ အချိန်ကြာလာတာနဲ့ အမျှ national commitment ကို ကျမတို့ လုပ်ဆောင်ရပါမယ်။ ဘာလို့လဲဆိုတော့ national commitment ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ တကွ နိုင်ငံရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ ယူဆောင်လာစေနိုင်လို့ ဖြစ်ပါတယ်။

“ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့ ကျရှုံးရခြင်းအကြောင်း၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာတွေကို ကျမ အနေနဲ့ အများကြီးလေ့လာနေ ခဲ့ပါတယ်။ ကျမ လေ့လာခဲ့သမျှ အရာတွေ အားလုံးထဲက နှစ်ခြိုက်နေမိတာကတော့ Paul Collierရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာပါ။ သူရေးသား ထားတာက ပြုပြင်ပြောင်းလဲမှု နည်းဗျူဟာတွေ အလုပ်ဖြစ်ရေး အတွက် အတိုင်းအတာတခုအထိ ပညာတတ်တဲ့ လူဦးရေ အလုံအလောက် ရှိမှုဟာ အလွန်အရေးကြီးကာ မရှိမဖြစ်လို့ ဆိုခဲ့ပါတယ်။ သူဆိုလိုတာက နိုင်ငံမှာ ရှိတဲ့ လူဦးရေ အချိုးအစားရဲ့ အများစုဟာ အလယ်တန်းပညာ ရှိရမယ်လို့ ဆိုလိုတာပါ။ အလယ်တန်းပညာလို့ သူပြောသွားခဲ့တာက ကျမစိတ်ကို နှစ်ခြိုက်သွားစေတဲ့ အရာပါ။ သူက PhD ဘွဲ့ရသူတွေ၊ တက္ကသိုလ်ဘွဲ့ရတွေ ရှိရမယ်လို့ မပြောခဲ့ပါဘူး။ ပြုပြင်ပြောင်းလဲရေးတွေကို အောင်မြင်စွာ လုပ်ဆောင်
နိုင်ဖို့အတွက် အလယ်တန်းပညာတတ်တဲ့ လူဦးရေ အမြောက်အများပဲ လိုအပ်တာပါလို့ ပြောခဲ့တာပါ။

“အဲဒါဟာ ကျမရဲ့ တွေးခေါ်ပုံနဲ့လည်း တော်တော်လေး လျော်ညီပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံပညာရေး လိုအပ်ပါ တယ်။ အဲဒါကို အရင်ကတည်းက ကျမ အလေးအနက် ပြောခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်အဆင့် ပညာရေးတွေ ဘွဲ့လွန် ပညာရေးကိုပဲ အလေးအနက်ထားပြောကြတာ များပါတယ်။ ကျမ အနေနဲ့ အခြေခံပညာရေး ဆိုတာကို ရှင်းပြရရင် အဲဒါဟာ မူလတန်း ပညာရေးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျမဆိုလိုတာက လူတွေ လုံလောက် တဲ့ ဝင်ငွေရအောင် လုပ်ကိုင် စားသောက်ဖို့အတွက် လိုအပ်တဲ့ ပညာရေးမျိုးကို ဆိုလိုတာပါ။ အဲဒါဟာ ရိုးရှင်းပါတယ်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေကို ကြည့်ရင်လည်း အလုပ်လက်မဲ့နှုန်းက မြင့်မားနေပါတယ်။ အဲဒီ့ပြဿနာဟာ ချိန်ကိုက်ဗုံးတခုလိုပါပဲလို့ ကျမ အမြဲပြောခဲ့ပါတယ်။ အဲလို အလုပ်မရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိဘတွေအပေါ်မှာ ဘယ်အချိန်အထိ မှီခိုနေလို့ ရမှာလဲ။ နောက်ပြီးတော့ ဘယ်သူတွေက သူတို့ကို အလုပ်ခဲ့မှာလဲ။ တခါတလေမှာပြုပြင်ပြောင်းလဲရေး လမ်းစဉ်ဟာ မပြတ်မသား ဖြစ်နေတတ်ပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာပြည်ကို စိတ်ဝင်စားလို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်က လာရောက်ကြတဲ့သူတွေ မှတ်ချက်ပြုကြတာက အစိုးရအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဘယ်သူက အကောင်အထည် ဖော်မှာလဲလို့ မေးကြပါတယ်။ ဘယ်သူတွေက အဲဒီ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြမှာပါလဲ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဖို့ အာမခံနိုင်တဲ့ သူတွေကို ကျမတို့ ဘယ်လိုရှာမလဲ။ ဒီတော့ ကျမတို့ အနေနဲ့ capacity ကို လိုအပ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက မြင်သလို တအားမြင့်မားတဲ့ capacity တွေ အထိ မလိုအပ်သေးပါဘူး။ အခြေခံကနေ တိုးတက်ဖွံဖြိုးလာမယ့် capacity တွေပဲ လိုအပ်ပါတယ်။ အဲဒီ့ကဏ္ဍအတွက် လူကြီးမင်းတို့အားလုံးဆီက အကူအညီ ရချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ခိုင်ခန့်တဲ့ အခြေခံဖောင်ဒေးရှင်းတွေ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုလူကြီးမင်းတို့ကို လေးလေးနက်နက် တွေးစေချင် ပါတယ်။ အခုလောလောဆယ်အခါမှာတော့ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ် အများကြီး ရဖို့ မတွေးပါနဲ့။ ရင်းနှီးမြှုပ်နှံသူတွေဟာ အကျိုးအမြတ်ကို မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတာ ဆိုတာကိုတော့ ကျမနားလည်ပါတယ်။ ကျမတို့ အနေနဲ့ အဲဒီ့အချက်ကိုလည်း သဘောတူ လက်ခံပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဆီကနေ အကျိုးအမြတ်ရဖို့ ကျမတို့ဘက်ကလည်း မျှော်လင့်နေပါတယ်။ လာရောက် ရင်းနှီးမြှုပ်နှံသူတွေနည်းတူ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျမတို့အတွက်လည်း လေးလေးနက်နက်တွေးပေးစေချင်ပါတယ်။ 

ဖိုရမ်ထဲမှာ ရှိတဲ့ ဟောပြောသူ speaker တွေရဲ့ စကားတွေကိုလည်း ကျမ နားထောင်ခဲ့ ပြီးပါပြီ။ အဲဒီ့အထဲက မှတ်ချက်တခုကတော့ ကျမရဲ့ စိတ်ကို ဆွဲဆောင်ခဲ့ပါတယ်။ အလွန်ရိုးရှင်းတဲ့ မှတ်ချက်လေးပါ။ ကျမတို့အနေနဲ့ မညီမျှမှုတွေနဲ့ ခြစားမှုတွေကို ကိုင်တွယ်ဖြေရှင်းရဦးမယ် ဆိုတာပါပဲ။ ကျမအနေနဲ့အဲဒါကို လုံးဝ သဘောတူပါတယ်။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ခြစားမှုတွေနဲ့ မညီမျှမှုတွေကို တိုက်ဖျက်ရမှာပါ။ ရင်းနှီးမြှုပ်နှံမှု ကြီးထွားလာခြင်းနဲ့အတူ ခြစားဖို့အခွင့်အရေးတွေ ကြီးထွားလာမှာကို အလိုမရှိပါဘူး။ မညီမျှမှုတွေ ကြီးထွားလာမှာကို အလိုမရှိပါဘူး။ အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ ရထားပြီးသားလူတွေ ပိုပြီး အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ ရသွားမှာကို မလိုလားပါဘူး။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုလား တယ်ဆိုတာက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေကို တတ်နိုင်သမျှ များများ ဖန်တီးပေးချင် လို့ပါ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ဟာ အလွန့်အလွန်ကို အရေးကြီးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြာလာတာနဲ့ အတူ အလုပ်လက်မဲ့ လူငယ်တွေကို အလုပ်အကိုင်တွေမှာ အဆင်သင့်ဖြစ်ဖို့အတွက် သင်ကြားပေးမယ့် သင်တန်းတွေလည်း လိုအပ်ပါတယ်။ အသက်မွေးမှု သင်တန်းတွေနဲ့ formal မဟုတ်တဲ့ သင်ကြားမှုတွေ ဒေါက်တာဘွဲ့ အစီအစဉ်တွေထက် အများကြီး ပိုမို လိုအပ်ပါတယ်။ အဲလိုပြောတာ ဟာ ကျမအနေနဲ့ အဆင့်မြင့် ပညာရေးတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ ကျမအနေနဲ့ အဆင့်မြင့် ပညာရေးတွေ ကို အရမ်းတန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့ လိုအပ်ချက်ကို လက်တွေ့ကျကျ ကြည့်ရမှာပါ။ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းက လူတယောက်အနေနဲ့ ကျမ လူကြီးမင်းတို့ကို စကားပြောနေတာပါ။ 

အခြေခံကျွမ်းကျင်မှုတွေသာ လူတွေမှာ ပြည့်စုံလာရင် အားလုံးဟာ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ ပါဝင်နိုင်လာမှာ ပါ။ ကျမတို့ အနေနဲ့ national commitment ကို အလိုရှိပါတယ်။ အဲဒါမရှိဘဲနဲ့ ကျမတို့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အနေနဲ့ national commitment ကို ဒေသဆိုင်ရာ commitment တွေ၊ တကမ္ဘာလုံးဆိုင်ရာ commitmentတွေနဲ့ ချိတ်ဆက်ပြီး တူညီတဲ့ ရည်မှန်းချက်တွေအတွက် လုပ်ကိုင်ချင်ပါတယ်။ ကျမတို့ အနေနဲ့ ပိုမိုကြွယ်ဝပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို အလိုရှိပါတယ်။ အဲဒီ့လို ပိုမိုကြွယ်ဝပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်ရာမှာ ကျမ တို့အနေနဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ချင်ပါတယ်။ ကျမတို့အနေနဲ့ အရေးမပါသူ ဖြစ်မှာကို မလိုလားပါဘူး။ ကျမတို့ အနေနဲ့ နောက်မှာ ပြတ်ကျန်နေခဲ့မှာကို အလိုမရှိပါဘူး။ ကျမတို့အနေနဲ့ မှားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီးဘေးရောက်သွားမှာကိုလည်း အလိုမရှိပါဘူး။

“ကျမအနေနဲ့ ဒီကိုရောက်လာတာ လူကြီးမင်းတို့ ဘာလုပ်ရမယ်ကို ပြောဖို့ မဟုတ်ပါဘူး။ ကျမပြောချင်တာက ရိုးရိုးလေးပါပဲ။ ကျမတို့ နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ ဆိုတာကို ပြောပြဖို့ပါ။ ကျမတို့ အနေနဲ့ အဖြေရှာဖွေနေတဲ့နေရာမှာ လူကြီးမင်းတို့ဆီက အကူအညီတွေ ရချင်ပါတယ်။ တချို့နိုင်ငံတွေဟာ ခြစားမှု ပြဿနာတွေကို ထိန်းချုပ်လျှော့ချဖို့ ကြိုးစားရင်းနဲ့ လက်ရှိအချိန်မှာ မအောင်မမြင် ဖြစ်နေပါတယ်။ တချိန်မှာ သူတို့ အောင်မြင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျမတို့ အနေနဲ့လည်း ခြစားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရမှာပါ။ ကျမတို့ အနေနဲ့ အဲဒါမှာအောင်မြင်ချင်ပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ သူများတွေထက် နောက်ကျ ကျန်နေတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲလို နောက်ကျ ကျန်နေခြင်းကလည်း တခြားနိုင်ငံတွေရဲ့ အမှားတွေကနေ တဆင့် သင်ယူဖို့ အခွင့်အလမ်းကို ရစေပါတယ်။ အဲဒီ့နည်းနဲ့ အမှားတွေကို ရှောင်ရှားကာ ကျော်လွှားပြီး ခရီးပိုမိုတွင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက် ပိုမိုမြန်ဆန်သွားမှာ ဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ အမှားတွေကို သတိ မထားမိတာနဲ့စာရင် ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။

“ဒီအစည်းအဝေးမှာ လူကြီးမင်းတို့အားလုံး ဒါမှမဟုတ် လူကြီးမင်းတို့ထဲက တချို့ရဲ့ အကြံဉာဏ်တွေကို လှိုက်လှိုက် လှဲလှဲ ကြားလိုပါတယ်။ အားလုံးဆီကတော့ ကြားရလိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့တုန်းဆိုတော့ အားလုံးကနေ အကြံဉာဏ်တွေ ပေးဖို့ဆိုတာ အချိန်လုံလောက်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။

“အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ကြိုးစားနေဆဲ ဖြစ်တဲ့ နိုင်ငံတနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ အကြံဉာဏ် ရလိုပါတယ်။ ကျမတို့အနေနဲ့ national commitment ကနေ တဆင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကြိုးစားနေတာမို့ ကျေးဇူးပြုပြီးတော့ လက်တွေ့ကျမယ့် အိုင်ဒီယာတွေ၊ အကြံဉာဏ်တွေ ပေးကြပြီးတော့ ကျမတို့နိုင်ငံအတွက် အခွင့်အလမ်းတွေရော လူကြီးမင်းတို့အတွက် အခွင့်အလမ်းတွေကိုပါ တွေးကြပါလို့ ပြောချင်ပါတယ်။


“ကျမအနေနဲ့ လူကြီးမင်းတို့ မေးလာမယ့် မေးခွန်းတွေကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမပြောချင်တာတွေ အကုန်ပါပဲ။ ကျေးဇူးပြုပြီးတော့ ကျမတို့ နိုင်ငံကို ကူညီပေးကြပါ။ လူကြီးမင်းတို့ အနေနဲ့ အလွန့်အလွန် တန်ဖိုးရှိတဲ့ အလုပ်တွေကို ပြီးမြောက် အောင်မြင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

Monday, 7 May 2012

Thursday, 12 April 2012

Tuesday, 13 March 2012

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း

မတ်လ (၁၄)ရက်နေ့ တွင် အစိုးရပိုင် မီဒီယာများမှထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ရုပ်/သံဖြစ်ပါသည်။


Wednesday, 8 February 2012

အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ (ရုပ်သံ)

အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာကြတဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။


Wednesday, 1 February 2012

Monday, 23 January 2012

Wednesday, 18 January 2012

ပြည်သူ့နီတိဟောပြောပွဲ ....ဒေါက်တာနေ၀င်းမောင်





ဆရာနေရဲ့ ပထမဆုံးနဲ့ နောက်ဆုံး စာပေဟောပြောပွဲ ( မော်လမြိုင်မြို့)

Monday, 2 January 2012

အင်တာနက်ပေါ်ပျံ့နှံ့နေတဲ့ ၀ိဝါဒကွဲစရာ ဗွီဒီယိုဖိုင်.......

ဘယ်သူတွေလဲ ဘာတွေလဲ ဘာလုပ်တာလဲ။ လူမှောင်ခိုပွဲစားတွေလား၊ သံသယပွားစရာ မေးခွန်းတွေနဲ့ ဒီဗွီဒီယိုဖိုင်ကိုကြည့်ရတာ တော်တော်ကို စိတ်မသက်မသာဖြစ်ရတယ်။ အသံကလဲ နားထောင်ရတာ သိပ်မရှင်းဘူး ဒါပေမယ့် နောက်ဆုံးပိုင်းမှာ ကြားရတဲ့အသံတစ်ချို့တစ်ဝက်ကတော့။ အရိုက်ခံရတဲ့ အမျိုးသမီးက ပြည်ပ တစ်နေရာက မြန်မာအသိုင်းအ၀ိုင်းမှာ အရှက်ရစရာအလုပ်နဲ့ အသက်မွေးမှုကြောင့် မြန်မာတွေသိက္ခာကျရတယ်လို့ သဘောသက်ရောက်တဲ့စကားမျိုး ကြားရပါတယ် "လုပ်စားချင်ရင် မြန်မာပြည်မှာ လုပ်စားပါလား ဘာလို့ ဒီမှာ လာလုပ်စားရတာလဲ" ဆိုတဲ့စကားမျိုးတွေလဲ ကြားရပါတယ်။ မကြာခင် ဖြစ်ရပ်မှန်ကို သိရဖို့ ဒီဖိုင်ကို ကြည်ရသူတိုင်းက မျှော်လင့်နေကြပါတယ်။

Friday, 30 December 2011

မြန်မာအလုပ်သမားတွေကြားက အာဆီယံ မူးယစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ အာဆီယံ မူးယစ်ဆေး တွင်ကျယ်စွာသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဧရာဝတီမှ တွေ့ဆုံမြေးမြန်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်သံ ဖြစ်ပါတယ်။

အလုပ်သမားအရေး စိတ်အေးရတော့မလား

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ စီစဉ်နေပြီဖြစ်ကြောင်း နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနရုံး တာဝန်ရှိတဦးက ပြောဆို။ MWRN ကော်မတီဝင်များ တက်ရောက်အကြံပေး ဆွေးနွေးခဲ့သော အစည်းအဝေး၊ ဧရာဝတီရဲ့ ရုပ်သံမှတ်တမ်း။

Wednesday, 21 December 2011

မပြောချင်လို့ကြည့်နေတာကြာပြီ...

အမောပြေမယ့်သီချင်းတစ်ပုဒ်.....ကြည့်ရင်းမောတယ်ဆိုလေမလား...မေခလာခုန်နေတာကြည့်ပြီးတော့လေ။...ဒါပေမယ့်... နင့်ကိုငါချစ်တယ်....ငါ့ကိုနင်ချစ်လား သီချင်းတွေနဲ့ မှိုင်းဝနေတဲ့ဦးနှောက်ဟာ...တခါတလေ အခုလို ဘ၀သရုပ်အမှန်သီချင်းတွေကြောင့် ဘ၀ကို ယထာဘူတကျကျ နေတတ် ထိုင်တတ် ရှုမြင်တတ်သွားတာတွေလည်း ရှိပါတယ်။


Monday, 19 December 2011

အဲဒီအခန်းဖြတ်.... အဲဒီအခန်းဖြတ်!!!!!!

မြန်မာနိုင်ငံတွင် လက်ရှိတွေ့ကြုံနေရသော ရုပ်ရှင် ဆင်ဆာအဖွဲ့ အကြောင်းကို နာမည်ကျော် ရုပ်ရှင်အနုပညာရှင် များက ရဲရဲဝံ့ဝံ့ ပီပီပြင်ပြင် သရုပ်ဆောင် တင်ပြထားသော ဇာတ်လမ်းတို တပုဒ် ဖြစ်ပါသည်။

Friday, 9 December 2011

ဖို့ဝိန်းက မြန်မာတိုင်းရင်းသားဒုက္ခသည်များအကြောင်း တစေ့တစောင်း ရုပ်သံ

ဖို့ဝိန်းက မြန်မာတိုင်းရင်းသားဒုက္ခသည်များအကြောင်း တစေ့တစောင်း ရုပ်သံ
ဂိုးလ်ဒင်းမွန်းရုပ်သံအစီအစဉ်၊ ဖို့ဝိန်း၊ ဒီဇင်ဘာ ၉၊ ၂၀၁၁
အမေရိကန်ပြည် စီးပွားရေးကြပ်တည်းနေချိန်မှာ ဖို့ဝိန်းမြို့ရောက် ရွှေ့ပြောင်းမြန်မာတိုင်းရင်းသား ဒုက္ခသည်များလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရုန်းကန်နေကြရပါတယ်။ အဲသည်အခြေအနေတွေကို ဖို့ဝိန်းက မြန်မာရုပ်သံအစီအစဉ်တခုဖြစ်တဲ့ ဂိုးလ်ဒင်းမွန်းက ဦးသီဟဘကြည်၊ ဦးစိုးချိန်န်၊ ဦးမျိုးမြင့်တို့နဲ့အတူ လူမှုဝန်ထမ်းအလုပ်လုပ်ဆောင်သူ ဦးငြိမ်းချမ်းဝင်းတို့ စကားဝိုင်းမှာ တင်ဆက်ထားတာကို ပြန်လည် တင်ဆက်လိုက်ပါတယ

Ref: မိုးမခ

Monday, 28 November 2011

ကိုင်း......... လုပ်ချလိုက်ပြီ ဒို့လူတွေကတော့

ကိုင်း.... ဘယ်လိုလုပ်ကြမလဲ။
အရှေ့တောင်အာရှအားကစားအလံကို မြန်မာကတော့ ကိုကြီးကျော်သီချင်းနဲ့ကြိုသွားပါပြီ...။
မြန်မာ့ Music မြန်မာ့အပျိုတော်အက ကိုကြီးကျော်သီချင်းနှင့် အားကစားအလံ..... အင်း...ရသကတော့ ပေါင်မုန့်ကို ငပိရည်ဆန်းစားရသလိုပါ့။ ဒီပုံကိုကြည့်ခြင်းအားဖြင့် လာမည့် ၂၀၁၄ အာဆီယံဥက္ကဌမြန်မာက ကျဉ်းပပေးမယ့် အရှေ့တောင်အာရှဆိုင်ရာ အစည်းအဝေး ၆၀၀ ၀န်းကျင်ကိုလည်း စည်တော်ယွန်း၊ ရေကင်းဗျော၊ နှဲတော်နှင့် ၀င်းခင်းလို့ ကြိုဆိုကျင်းပမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ ကြိုမြင်မိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပြည်ထောင်စုသီချင်းကိုဆိုပြီး ပြည်ထောင်စု မောင်မယ်တို့ လက်တွဲညီညီအကကိုကြည့်ရတာတော့ မျက်ရည်လည်းဝဲ ကိုယ့်ပြည်ကို အသဲထဲက ဘယ်လောက်အထိချစ်တယ်ဆိုတာ အဲဒီမှဗူးပေါ်သလို ပေါ်တာဗျိုး။

Monday, 21 November 2011

၉၁ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့၊ ဂျပန်ရောက်မြန်မာများအတွက် စာပေဟောပြောပွဲ (ရုပ်/သံ)

မောင်စိန်ဝင်း(ပုတီးကုန်း)၊ ချစ်ဦးညိုနှင့် နုနုရည်(အင်းဝ)

ဂျပန်ရောက်မြန်မာများအတွက် စာပေဟောပြောပွဲသို့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ချစ်ဦးညိုနှင့်
နုနုရည်(အင်းဝ)သို့ တက်ရောက်ဟောပြော
ထွန်းဝေ၊ တိုကျို၊ နိုဝင်ဘာ ၂၁၊ ၂၀၁၁
ယမန်နေ့
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၉၁ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့၊  စာပေဟောပြောပွဲ (ဂျပန်) အတွက်  ပည်တွင်းမှ စာရေးဆရာများဖြစ်သည့်းမောင်စိန်ဝင်း ပုတီးကုန်း။ ဆရာချစ်ဦးညို ။ ဆရာမ
နုနုရည်အင်းဝ တို့  ယနေ့တိုကျိုမှ ဟောပြောပွဲခဲ့တဲ့ ရုပ်သံမှတ်တမ်းခွေဖြစ်ပါတယ်၊၊ (ဖေ့စ်ဘွတ်ကတဆင့် ကူးယူပါတယ်)

ဟောပြောပွဲမြင်ကွင်းနဲ့
မောင်စိန်ဝင်း (ပုတီးကုန်း) 

မောင်စိန်ဝင်း
(ပုတီးကုန်း) နိဂုံးချုပ်



နုနုရည်(အင်းဝ)
ဟောပြောချက်



ချစ်ဦးညို
ဟောပြောချက်



Ref: မိုးမခ

Saturday, 19 November 2011

အကောင်းဆုံးကိုမျှောင်လင့်ထားသလို အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားကြ (ဘောလုံးပွဲက ပေးလိုက်တဲ့ သင်္ခန်းစာ)


ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနှင့် မလေးရှား တို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မလေးရှား အသင်းက (၁-၀)ဖြင့် အနိုင်ရရှိ ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီး မြန်မာ အသင်းမှာမူ တတိယ နေရာလုပွဲနှင့်သာ ကျေနပ် ခဲ့ရသည်။

ပွဲစသည်နှင့် မြန်မာအသင်းက မလေးရှာ အသင်းဘက်သို့ ဖိအားပေး ကစားရန် ကြိုးပမ်းခဲ့ပြီး မလေး နောက်ခံလူများ ကြံ့ကြံ့ခံ ဖျက်ထုတ် နေခဲ့သည်။ ပွဲချိန် (၃)မိနစ်တွင် မလေးရှား အသင်း ထိုးစစ်ဆင်ရာ ပြိုင်ဘက် တိုက်စစ်မှူး အမှတ်မထင် လွတ်ထွက် သွားရာ သီဟစည်သူ အနာခံ ထွက်တားခဲ့ပြီး လျှံထွက်လာသည့် ဘောလုံးအား နောက်တွင် အသင့်ပါသည့် မလေးရှား ကစားသမား အသာ ကန်သွင်းချက်ကိုလည်း သီဟစည်သူပင် ကာကွယ် နိုင်ခဲ့၍ မြန်မာတို့ ကံကောင်းခဲ့သည်။

ပွဲချိန် (၇)မိနစ်တွင် မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်ပေးသည့် ဘောလုံးအား ကြည်လင်း ခေါင်းတိုက် ချပေးခဲ့ သော်လည်း မြန်မာ တိုက်စစ်မှူး မပိတ်သွင်းမီ မလေးရှား နောက်ခံလူ ဖျက်ထုတ် သွားခဲ့သည်။ ထို့အတူ ပွဲချိန် (၁၀)မိနစ်တွင် မြန်မာတို့ ဒုတိယအကြိမ် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး နောက်ခံလူ ရှင်းထုတ်ရာမှ မြန်မာ ကွင်းလယ်လူ ကန်သွင်း ခဲ့သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ထိုးစစ်ဆင်ရာ ကျော်ကိုကို လွတ်ထွက် သွားသော်လည်း နောက်ခံလူ ဖျက်ထုတ် သွားခဲ့၍ ထောင့်ကန်ဘောသာ ထပ်ရခဲ့သည်။ ပွဲချိန် (၁၀)မိနစ်ကျော် သည်အထိ မြန်မာအသင်းက တောက်လျှောက် ဖိကစားနေခဲ့ပြီး မလေးရှား အသင်းက မြန်မာအသင်းအား တန်ပြန် ထိုးစစ်ဆင်ရန်သာ ချောင်းကစား နေခဲ့သည်။ (၁၃)မိနစ်တွင် ကျော်ဇေယျာဝင်းအား မလေးရှား ကွင်းလယ်လူ အဖျက်ကြမ်း ရာမှ မြန်မာတို့ ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ယင်း ဖရီးကစ်အား ကျော်ဇေယျာဝင်းပင် ကန်သွင်းခဲ့ရာ နောက်ခံလူ ထိထွက်ခဲ့သည်။ ထို့နောက်တွင် ရန်အောင်ဝင်း ဧရိယာ အပြင်မှ ကန်သွင်းရန် ကြိုးပမ်းချက် ကန်ချက်ပျော့ကာ ဂိုးသမား အလွယ်တကူ ဖမ်းနိုင်ခဲ့သည်။

ပွဲချိန် (၁၅)မိနစ်ကျော်တွင် မလေးရှား အသင်းက ကွင်းလယ်ကို ပြန်လည် စိုးမိုးလာခဲ့ပြီး မြန်မာ နောက်တန်းအား ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။ ပွဲချိန် (၂၃)မိနစ်တွင် ပြည့်ဖြိုးဦးအား မလေး နောက်ခံလူ လမ်းကြောင်းပိတ် ခဲ့၍ မြန်မာတို့ ဘယ်ခြမ်းမှ ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်ချက် မလေးရှား ဂိုးသမား ဖမ်းမိခဲ့သည်။ (၂၄)မိနစ်တွင် မလေးရှား အသင်း မြန်မာနောက်တန်းအား ခြိမ်းခြောက်မှုများ ပြုလုပ် လာခဲ့ပြီး နောက်ခံလူများ အလုပ်ရှုပ် နေခဲ့ရသည်။

(၃၅)မိနစ်တွင် မလေးရှား တိုက်စစ်ဆင်မှုအား တားဆီးရာမှ ဇော်မင်းထွန်း အနည်းငယ် ဒဏ်ရာရရှိ ခဲ့ပြီး မလေးရှား အသင်းက (၂၅)ကိုက် အကွာခန့်မှ ဖရီးကစ် ကန်ခွင့်ရသည်။ ယင်းဖရီးကစ်အား မလေးရှား ကွင်းလယ်လူ ကန်ချက် အတော်လေး သေသပ် လှပသော်လည်း ဂိုးဘေး ကပ်ထွက်သွား၍ မြန်မာတို့ သက်သာခဲ့သည်။ မိနစ် (၄၀)တွင် ညာခြမ်းမှ ထိုးဖောက်ရာမှ ကြည်လင်း ဂိုးရှေ့ ဖြတ်တင်ပေးမှု ကောင်းမွန် သော်လည်း နောက်ခံလူ ဖျက်ထုတ် သွားခဲ့သည်။ ပွဲချိန် (၄၃)မိနစ်တွင် မလေးရှား အသင်း ထိုးဖောက်မှု မြန်မာတို့ အသည်းအသန် ခုခံ ခဲ့ရပြီး (၄၃)မိနစ်တွင် မြန်မာတို့ မလေးရှား ဂိုးဧရိယာ အပြင်နားတွင် ဖရီးကစ် ကန်ခွင့်ရခဲ့သည်။ ယင်း ဖရီးကစ်အား ကျော်ကိုကို တိုက်ရိုက် ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ (၄၆)မိနစ်တွင် ရွှေလှိုင်ဝင်း တန်ပြန် ထိုးစစ်ဆင် သည်အား မလေးရှား နောက်ခံလူ အဖျက်ကြမ်း၍ အ၀ါကတ်ပြ ခံခဲ့ရပြီး ပြစ်ဒဏ်ဘော ကန်ချက်မှာလည်း နောက်ခံလူ ဖျက်ထုတ် နိုင်ခဲ့၍ ပထမပိုင်း အပြီးတွင် မြန်မာနှင့် မလေးရှားတို့ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်စသည်နှင့် မလေးရှား အသင်းက တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး မြန်မာ နောက်ခံလူ များအား ဖိအား ပေးခဲ့သည်။ (၄၉)မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ထိုးစစ်ဆင် ရာမှ မြန်မာတို့ ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ သို့သော် ထောင့်ကန်ဘော ကန်ချက် နောက်ခံလူများ ဖျက်ထုတ် နိုင်ခဲ့သည်။ မြန်မာနှင့် မလေးရှား တို့သည် ဒုတိယပိုင်း ပြန်အစတွင် တိုက်စစ်အား ပိုမို လိုက်ပါ ကစားခဲ့ကြပြီး ဂိုးရရှိရေး ပိုမို အားထုတ် လာခဲ့သည်။ ပွဲချိန် (၅၇)မိနစ်တွင် မြန်မာ နောက်ခံလူ ဇော်ဇော်ဦး ခေါင်းကွဲ သွားခဲ့၍ ကွင်းလယ်လူ ရန်အောင်ကျော်နှင့် လူစားလဲ ခဲ့ရသည်။ ထို့ကြောင့် အသင်းခေါင်းဆောင် အေးဆန်း နောက်တန်းသို့ ဆင်းကစား ခဲ့ရသည်။

မိနစ် (၆၀)တွင် မလေးရှား အသင်း ဘယ်ခြမ်းမှ ထိုးဖောက်မှုမှ တစ်ဆင့် ဂိုးရရန် နီးစပ်ခဲ့ပြီး ဂိုးသမား သီဟစည်သူနှင့် အေးဆန်းတို့ အသည်းအသန် ဖျက်ထုတ် ခဲ့ရသည်။ မလေးရှား အသင်းသည် ၎င်းတို့၏ ထိုးစစ်အား ရပ်တန့်ခြင်း မရှိဘဲ တရစပ် ထိုးစစ်ဆင် နေခဲ့ရာ မြန်မာ နောက်ခံလူများ အလုပ်များ နေခဲ့ရသည်။ (၆၄)မိနစ်တွင် ရန်အောင်ကျော် ဘယ်ခြမ်းမှ ထိုးပေးသည့် ဘောလုံးအား ကျော်ကိုကို ကန်သွင်းချက် မင်းမင်းသူ အသာ ပိတ်သွင်းခဲ့ သော်လည်း မလေးရှား ဂိုးသမား အစွမ်းပြ ကာကွယ် သွားခဲ့၍ မြန်မာအသင်း အပိုင် ဂိုးသွင်းခွင့် တစ်ကြိမ် နစ်နာခဲ့ရသည်။ (၆၅)မိနစ်တွင် မြန်မာ အသင်းက ပြည့်ဖြိုးအောင် နေရာတွင် အောင်မြင့်အေးအား ၀င်ရောက် ကစားစေခဲ့သည်။ (၆၇)မိနစ်တွင် မြန်မာတို့ မလေးရှား ဂိုးဧရိယာ အပြင် အစပ်မှ မြန်မာတို့ ဖရီးကစ် ကန်ခွင့်ရခဲ့သည်။ ယင်း ဖရီးကစ်အား ကျော်ဇေယျာဝင်း ကန်ခဲ့ရာ တံတိုင်း မကျော်ခဲ့ဘဲ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ရန်အောင်ဝင်း ဧရိယာ အပြင်မှ အပြင်းကန်ချက် ပြင်းထန် လှပသော်လည်း ဘေးကပ်ထွက် သွားခဲ့သည်။

(၇၃)မိနစ်တွင် မလေးရှား အသင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် ခေါင်းတိုက် အဆုံးသတ်ချက် ကောင်းမွန် သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့၍ မြန်မာတို့ သက်သာခဲ့သည်။ (၇၇)မိနစ်တွင် မြန်မာတို့ နှစ်ကြိမ်ဆက်တိုက် ထောင့်ကန်ဘော ရခဲ့သော်လည်း အခွင့်အရေး မရခဲ့ပေ။ (၇၈)မိနစ်တွင် မလေးရှား ရှေ့တန်းလူ အပိုင် ပိတ်သွင်းခွင့် တစ်ကြိမ် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ပွဲချိန် (၈၅)မိနစ်တွင် မလေးရှား အသင်း ဘယ်ခြမ်းမှ ဖြတ်တင်ဘောမှ တစ်ဆင့် နောက်မှ လိုက်ပါလာသည့် ကစားသမား အပိုင် ပိတ်သွင်းခဲ့ရာ မလေးရှားအသင်း ဦးဆောင် အဖွင့်ဂိုး စတင် ရရှိ သွားခဲ့သည်။ ထို့နောက်တွင် မြန်မာ အသင်းက ချေပဂိုး ပြန်လည် ရရှိရေး ကြိုးပမ်း လာခဲ့ပြီး ကျော်ဇေယျာဝင်း နေရာတွင် အရန် တိုက်စစ်မှူး မင်းမင်းထွန်းအား ၀င်ရောက် ကစား စေခဲ့သည်။ ထို့နောက်တွင် နာကျင် အချိန်ပို (၃)မိနစ် ဆက်လက် ကစားခဲ့ရကာ (၉၁)မိနစ်တွင် ရန်အောင်ကျော် ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ ထောင့်ကန်ဘော ရရှိခဲ့သည်။ သို့သော် ယင်း ထောင့်ကန်ဘော မှတစ်ဆင့် မြန်မာတို့ လိုအပ်နေသည့် ချေပဂိုး ရရှိခဲ့ခြင်း မရှိဘဲ မလေးရှား အသင်းက (၁-၀)ဖြင့် အနိုင်ရရှိ ခဲ့သည်။ ထိုရလဒ်ကြောင့် မြန်မာအသင်းသည် ၎င်းတို့၏ မျှော်လင့်ချက် ဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ တတိယ နေရာလုပွဲ သို့သာ တက်လှမ်း နိုင်ခဲ့သည်။ လက်ရှိ ချန်ပီယံ မလေးရှား အသင်းမှာမူ ဗီယက်နမ် - အင်ဒိုနီးရှား တို့၏ ပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည် ဖြစ်သည်။

 Ref: Soccer Myanmar

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes