Tuesday 20 November 2012

အမေရိကန် သမတ အိုဘားမား ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

၁၉ နိုဝင်ဘာ ၂၀၁၂
အမေရိကန် သမတ ဘားရက် အိုဘားမား ဟာ ဒီနေ့မှာ သူ့ရဲ့ ၆ နာရီကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန် သမတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ်လဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သမတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကိုလဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကနေ တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သမတ အိုဘားမားနဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်လည်း အတူ လိုက်ပါခဲ့ပါတယ်။ သမတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ မိန့်ခွန်း ရုပ်/သံ ထုတ်လွှင့်တင်ဆက်မှုကို အောက်ပါ ဗီဒီယို တွေမှာ ကြည့်ရှုနိုင်ပါတယ်။

အမေရိကန် သမတ အိုဘားမား မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာစဉ် (DVBTV Live)

သမတ ဦးသိန်းစိန် နှင့် သမတ အိုဘားမား တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံစဉ် (SkyNet TV Live)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သမတ အိုဘားမား လာရောက်တွေ့ဆုံစဉ် (DVB/SkyNet Live)

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ သမတ အိုဘားမား မိန့်ခွန်းပြောကြားစဉ် (DVBTV Live)

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ပြောကြားသော သမတ အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံ မြန်မာပြန် မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံမင်္ဂလာပါ (မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။ ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့ အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့ မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။ ဒီနေ့အစောပိုင်းမှာ ရွှေရောင်လွှမ်းနေတဲ့ ရွှေတိဂုံဘုရားကို ဖူးမြင်ခွင့်ရခဲ့တယ်။ အချိန်ဆိုတဲ့အရာကို လွန်မြောက်တဲ့ မေတ္တာတရားဆိုတဲ့ အိုင်ဒီယာ-ကျွန်တော်တို့ ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလကို သည်းခံမှု(ခန္တီ)နဲ့ ချစ်ခြင်း(မေတ္တာ) ဆိုတဲ့ အရာတွေနဲ့ ဖွင့်ဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့ပါတယ်။ ဒီမြေဟာ ဒီမြို့ဟောင်းကြီးရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်ဝန်းကျင်တွေကနေ ကျေးရွာပေါင်း ၆၀၀၀၀ ကျာ်အထိ၊ ဟိမ၀န္တာတောင်ထွတ်ဖျားကနေ၊ ကရင်ပြည်နယ် သစ်တောတွေအထိ၊ ဧရာဝတီ မြစ်ကမ်းပါးတွေအထိ ကျယ်ပြောတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီတက္ကသိုလ်ကို လေးစားမှုကြောင့်ပါပဲ။ ဒီကျောင်းမှာ ကိုလိုနီအုပ်စိုးမှုကို အတိုက်အခိုက်ပြုမှုဟာ ပထမဆုံး စတင်ခဲ့တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကို မဦးဆောင်မီ ဒီနေရာမှာ (ဗိုလ်ချုပ်)အောင်ဆန်းဟာ မဂ္ဂဇင်းတစ်စောင်ကို တည်းဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂကို မကွပ်ကဲမီ ဒီနေရာမှာ ဦးသန့်ဟာ ကမ္ဘာကြီးရဲ့ လားရာတွေကို ဆည်းပူးခဲ့ပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့ ရာစုနှစ်က ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ အားကောင်းခဲ့သလို ကျောင်းသားတွေဟာလည်း အခြေခံ လူ့အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတာပါ။ အခုနေအခါမှာတော့ ခင်ဗျားတို့ရဲ့ လွှတ်တော်က ဒီကျောင်းတော်ကြီးကို ပြန်လည်အသက်သွင်းဖို့ သဘောတူခဲ့ကြပြီ ဖြစ်သလို ဒီကျောင်းတော်ကြီးဟာ သူ့ရဲ့ကြီးမြတ်မှုကို ပြန်လည်ရယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရဲ့အနာဂတ်ကို လူငယ်တွေရဲ့ ပညာရေးက အဆုံးအဖြတ်ပေးမှာ ဖြစ်လို့ပါပဲ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြားက သမိုင်းကြောင်းကြောင့်ပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုတုန်းက အမေရိကန်က ကုန်သွယ်သူတွေ၊ ကုန်သည်တွေ၊ သာသနာပြုတွေဟာ ဒီနေရာကို လာပြီးတော့ ယုံကြည်မှု၊ ကူးသန်းရောင်းဝယ်ရေးနဲ့ မိတ်ဆွေဖြစ်မှုဆိုတဲ့ ကတိက၀တ်တွေကို တည်ဆောက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ် အတွင်းကလည်း ဒီနယ်ခြားတွေကို ကျွန်တော်တို့ လေယာဉ်မှူးတွေက ဖြတ်သန်းပြီးတော့ တရုတ်နိုင်ငံတွင်းကို ၀င်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စစ်သည်များစွာရဲ့ အသက်တွေ ပေးဆပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ ဗြိတိသျှအင်ပါယာအောက်က ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရတာကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ အမေရိကန်စင်တာတစ်ခု ရှိတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိသလို ဒီကျောင်းလိုမျိုး ကျောင်းကြီးတွေနဲ့ ပညာအပြန်အလှန် ဖလှယ်ခွင့်ရရင်လည်း ဂုဏ်ယူမိမှာပါ။ ကွဲပြားခြားနားတဲ့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းလာခဲ့တဲ့ တစ်လျှောက်မှာလည်း အမေရိကန်တွေဟာ ဒီနိုင်ငံနဲ့ ဒီလူမျိုးအပေါ် တစ်ညီတစ်ညွတ်တည်း သံယောဇဉ် ရှိခဲ့ကြတာပါ။
ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာဟာ လူသားရဲ့ ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ ယုံကြည်မှုကြောင့်ပါပဲ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်း မျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သံဃာတော်တွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန်ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါပြီ။ လွတ်လပ်မှုသံစဉ်ကို ဖန်တီးခဲ့ကြတဲ့ ဟစ်ဟော့ပ် အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်း သိခဲ့ရပါပြီ။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှ အဆက်အသွယ် မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပမှာ သွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့ နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့ မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။
ကျွန်တော်သမ္မတတာဝန် ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ'' လို့ ကျွန်တော် သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ ပြဇာတ်ဆန်တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေ ဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်ပွဲတစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။
ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့ လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက် ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ် မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။ အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့ မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။
ဒီအားထုတ်မှုတွေမှာ ခင်ဗျားတို့ရတဲ့ အောင်မြင်မှုတွေက အမေရိကန်ပြည်ထောင်စုအတွက်လည်း အရေးပါသလို ကျွန်တော့်အတွက်လည်း အရေးပါပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ အရပ်ဒေသတွေကနေ လာကြတာ ဖြစ်ပေမဲ့လည်း တူညီတဲ့ အိပ်မက်တွေကို မျှဝေခံစားနေကြတာပါ။ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်ရွေးခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်၊ ပညာသင်ခွင့်နဲ့ ကောင်းကောင်းမွန်မွန်နေခွင့်၊ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းကို မြတ်နိုးခွင့်တို့လို အိပ်မက်တွေပေါ့။ ဒါကြောင့် လွတ်လပ်မှုဆိုတာ အကောင်အထည်မရှိတဲ့ အိုင်ဒီယာမဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ မဲပုံးတွေမှာတင်မကဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာပါ လူသားရဲ့တိုးတက်မှုကို ဖန်တီးပေးတဲ့ တစ်ကယ့်အရာပါ။
ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးကျယ်ဆုံး သမ္မတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖရန်ကလင်ဒီနာရုစဗဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကရဲ့ အကြောင်းတရားဆိုတာ မဲတစ်မဲပေးခွင့်ထက် ပိုတယ်လို့ ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက် မဟုတ်ဘူးဆိုတာ သူနားလည်ခဲ့ပါတယ်။ အခြေခံလွတ်လပ်ခွင့် လေးခုကို ကိုင်စွဲဖို့ ကမ္ဘာကြီးကို သူတောင်းဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဆန္ဒစွဲတွေကနေ လွတ်မြောက်မှု၊ ကြောက်ရွံ့မှုကနေ လွတ်မြောက်မှုတို့ပါပဲ။ ဒီလွတ်မြောက်မှု လေးခုဟာ တစ်ခုကိုတစ်ခု အားဖြည့်ပေးပါတယ်။ အားလုံးကို အမှန်တစ်ကယ် နားမလည်ဘဲ တစ်ခုကို အမှန်တစ်ကယ်နားလည်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒါကြောင့် အဲဒါဟာ ကျွန်တော်တို့အတွက်ရှာတဲ့၊ ပြည်သူအားလုံးအတွက်ရှာတဲ့ အနာဂတ်ပါပဲ။
ပထမဆုံးအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှ သာမန်လူတွေရဲ့ အသံကို ကြားနိုင်မှာဖြစ်ပြီးတော့ အစိုးရဟာ သူတို့ ဆန္ဒ၊ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် လုပ်ဆောင်နိုင်မှာပါ။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးအတွက် ကတိစကားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ရာစုနှစ် နှစ်ခုကျော်လောက် ကျွန်တော်တို့ လုပ်ခဲ့ကြရတယ်။ ကျွန်ပြုခံရသူတွေ လွတ်မြောက်ဖို့၊ အမျိုးသမီးတွေနဲ့ အာဖရိကန် အမေရိကန်တွေ မဲပေးခွင့်ရဖို့၊ အလုပ်သမားတွေ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရဖို့ အစရှိသဖြင့်ပေါ့။
ပြီးတော့ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းအတိုင်း တစ်ခြားတစ်နိုင်ငံမှာလည်း ပုံတူကူးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့နိုင်ငံဟာ ပြည်သူအားလုံးရဲ့ ခွန်အားကိုသုံးနိုင်ရင် သန်စွမ်းလာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါကပဲ နိုင်ငံတွေအောင်မြင်အောင် လုပ်နိုင်တဲ့အချက်ပါ။ အဲဒါကပဲ ဘယ်ပြုပြင်ပြောင်းလဲမှု စမယ်ဆိုတာကို ဖြစ်စေတာပါ။
ပြည်သူတွေရဲ့ အတူတကွ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀ လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ် ဆင်ဆာလွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့ အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလ အတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး'' လို့ ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အား ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက် ထိန်းချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ ကျွန်တော်က အမေရိကန်သမ္မတအနေနဲ့ စစ်တပ်က လုပ်ဆောင်ရမှာကို ဆုံးဖြတ်ပေးနိုင်ပေမဲ့ တစ်ခြားဟာတွေ သွားလုပ်ခိုင်းလို့ မရပါဘူး။ သမ္မတအနေနဲ့သာမက တပ်မတော် စစ်သေနာပတိချုပ် အနေနဲ့ပါ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်သူတွေကို တာဝန်ခံရလို့ပါ။
အခြားတစ်ဖက်မှာလည်း သမ္မတအနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့်ဆန္ဒအတိုင်း လွှမ်းမိုးလို့ မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်ဟာ သူ့ကိုယ်ပိုင် အာဏာရှိသလို သူရဲ့ကိုယ်ပိုင် လုပ်ငန်းဆောင်တာလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော့်ရဲ့အာဏာကို စစ်ဆေးပြီးတော့ ကျွန်တော့်အာဏာကို ဘက်မျှစေပါတယ်။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လို တရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ တရားသူကြီးတစ်ဦးဟာ ကျွန်တော် ဥပဒေချိုးဖောက်တာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥပဒေအတွက် အပြည့်အ၀ တာဝန်ရှိပါတယ်။
ကျွန်တော်တို့အမေရိကန်ရဲ့ စနစ်ကို ဘာလို့ပြောပြရတာလဲဆိုတော့ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ဘယ်လိုရောက်အောင် သွားရမယ်ဆိုတာ အတွက်ပါ။ အနာဂတ်တစ်ခု၊ ဥပဒေက ပြည်သူကို တာဝန်ခံတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတယ်ဆိုတဲ့ အနာဂတ်။ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အန္တရာယ်ပြုရလွယ်တဲ့ သူတွေကိုတောင် သူတို့တွေက အားနည်းသူတွေဖြစ်ရင်တောင် ဥပဒေက ကာကွယ်ပေးထားတဲ့ အနာဂတ်ကို ခင်ဗျားတို့ရောက်ဖို့ လိုပါတယ်။ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့ အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ပါပဲ။
အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင် အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။ ခရီးစဉ် အရှိန်မြင့်လာတာနဲ့အမျှ ခင်ဗျားတို့ဟာ ကျွန်တော်ပြောတဲ့ ဒုတိယလွတ်မြောက်မှုဖြစ်တဲ့ လူတွေဟာ ဆန္ဒတွေက လွတ်မြောက်မှုဆိုတဲ့ ယုံကြည်မှုကို ချဉ်းကပ်လာနိုင်အောင် ကူညီလာနိုင်လိမ့်မယ်။
ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့ မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။
သာမန်ပြည်သူတွေက သူတို့ရဲ့အနာဂတ်အတွက် ပြောပိုင်ခွင့်ရှိရပါမယ်။ ခင်ဗျားတို့ရဲ့ မြေကို ခင်ဗျားတို့လက်ထဲက ယူသွားလို့မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေမှာ သေချာရမှာက ဒီနိုင်ငံက ပြည်သူတွေမှာ အခြေခံကျတဲ့ ပိုင်ဆိုင်မှု အများစုရှိရပါမယ်။ ခင်ဗျားနေပြီး ခင်ဗျားအလုပ်လုပ်တဲ့ မြေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု ခေါင်းစဉ်တစ်ရပ်ရှိရမဲ့ အခွင့်အရေး ရှိပါတယ်။
အရည်အချင်း အစွမ်းအစတွေ ထုတ်သုံးနိုင်လာတဲ့အခါ အခွင့်အလမ်းတွေဟာလည်း လူတိုင်းအတွက် ဖန်တီးနိုင်လာပါလိမ့်မယ်။ အမေရိကဟာ ဒီမှာစီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပါပြီ။ ခင်ဗျားတို့ အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်သလို စီးပွားရေးတံခါးဖွင့်ဖို့ ခြေလှမ်းတွေ လှမ်းနေပါပြီ။ အခုနေအခါမှာ ခင်ဗျားတို့နယ်ခြားတွေကို ဖြတ်ပြီး ဓနဥစ္စာတွေ ပိုပြီးစီးဆင်းလာပါပြီ။ အဲဒါဟာ လူအမြောက်အများရဲ့ ဘ၀တွေကို မြင့်မားစေလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီလိုစီးပွားရေး ဖွံ့ဖြိုးမှုမျိုးမှာ လူတိုင်းမှာ အခွင့်အရေးရှိပြီး ခင်ဗျားကြိုးစားရင် ခင်းဗျားအောင်မြင်မယ်ဆိုတာမျိုး ရှိလာရင် နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးလာတာနဲ့အတူ လျင်လျင်မြန်မြန် တိုးတက်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီလိုဖွံ့ဖြိုးမှုမျိုးဟာ အကျင့်ပျက်ချစားမှုဆိုတာကို နောက်ချန်ထားနိုင်ပါမှ ဖန်တီးနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံမှုကနေ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဘတ်ဂျက်ကို ဖန်တီးမြှင့်တင်ရမှာ ဖြစ်သလို ပုဂ္ဂလိကပိုင် လုပ်ငန်းနယ်ပယ်ကိုလည်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။
ဥပမာ စံပြုအနေနဲ့ဆိုရင် အမေရိကက ပြောနေတာက ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေ အလုပ်လုပ်လုပ်ရင် ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မြင့်မားတဲ့ စံနှုန်းတွေရှိရပါမယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ စီးပွားရေးလုပ်ငန်းငယ်တွေကို ထောက်ပံ့ပေးဖို့၊ အသေးစား စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုခွင့်ပြုတဲ့ စီးပွားရေးကို ဖန်တီးပေးဖို့၊ စီးပွားရေးလုပ်ငန်းရှင်ငယ်တွေ အားကောင်းလာဖို့၊ အလုပ်သမားတွေ သူတို့ရတာကို သူတို့ စုဆောင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျွန်တော်တို့ အလုပ်လုပ်ပါတယ်။ ပြီးတော့ မကြာသေးမီက ခင်ဗျားတို့အစိုးရက ကျွန်တော်တို့ ပွင့်လင်းအစိုးရ မိတ်ဖက်ပြုမှုလို့ခေါ်တဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ဒါမှ နိုင်ငံသားတွေဟာ ပွင့်လင်းမြင်သာမှုတွေကို မျော်လင့်လို့ရမှာ ဖြစ်သလို ပိုက်ဆံတွေ ဘယ်လိုသုံးတယ်။ အစိုးရစနစ် ဘယ်လိုလည်ပတ်တယ်ဆိုတာ တိတိကျကျ နားလည်လာမှာပါ။
အထက်က ပြောခဲ့တာတွေ အားလုံးအတိုင်း ခင်ဗျားတို့ရဲ့ အသံတွေကို အစိုးရက ကြားတယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေပြည်စုံဖို့ အဝေးကြီး လိုဦးမှာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ငတ်မွတ်နေသူတွေ၊ ဖျားနာနေသူတွေ၊ လျပ်စစ်မီး ဒါမှမဟုတ် ရေမရှိဘဲ နေနေရသူတွေရဲ့ နေ့စဉ်ဘ၀ တွေအထိ ရောက်ဖို့လိုတယ်လို့ ပြောတာပါ။ ဒါကြောင့်မို့ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ကျွန်တော်တို့အပိုင်းကို ကျွန်တော်တို့လုပ်မယ်လို့ ပြောတာပါ။
ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ဖွံ့ဖြိုးရေး အေဂျင်စီတစ်ခုဖြစ်တဲ့ USAID ရဲ့ မစ်ရှင်တစ်ခုကို ဒီနိုင်ငံမှာ ပြန်လည်ထူထောင်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်ချိန်က အာရှရဲ့ စပါးကျီဖြစ်ခဲ့တဲ့ ဒီနိုင်ငံကို ကူညီရာမှာ၊ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေကို ကျွေးမွေးနိုင်စွမ်းနဲ့ နာမကျန်းသူတွေကို ကုသနိုင်စွမ်းကို ပြန်လည်ထူထောင်ရာမှာ၊ ဒီနိုင်ငံက ကလေးတွေကို ပညာသင်ကြားရာမှာ၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ခင်ဗျားတို့ ဆက်သွားနေတဲ့အချိန်မှာ ဒီနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို တည်ထောင်ရာမှာ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်အနေနဲ့ ကူညီချင်ပါတယ်။
ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေနဲ့ ထင်ရှားတဲ့ နိုင်ငံပါ။ ဒီသယံဇာတတွေကို အလွန်အကျူး ထုတ်ယူခြင်းကနေ ကာကွယ်ပေးရပါမယ်။ ကမ္ဘာ့စီးပွားရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးမားဆုံး သယံဇာတရင်းမြစ်ဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်သူတွေပဲဆိုတာ ကျွန်တော်တို့ မေ့လို့မဖြစ်ပါဘူး။ ဒါကြောင့် ဒီပြည်သူတွေကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ပဲ ဒီနိုင်ငံဟာ ပိုမိုသာယာဝပြောမှုဆိုတဲ့ တံခါးကို ဖွင့်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အလားအလာတွေကို ဖော်ထုတ်ပေးတယ်ဆိုတာဟာ အဲဒီနိုင်ငံက ပြည်သူအားလုံးရဲ့ အားကောင်းမှု အထူးသဖြင့် လူငယ်တွေရဲ့ အားကောင်းမှုပေါ်မှာ မှီတည်နေလို့ပါပဲ။
ပညာရေးဟာ အမေရိကန်အနာဂတ်အတွက် သော့ချက်ဖြစ်သလို ခင်ဗျားတို့ရဲ့ အနာဂတ်အတွက်လည်း သော့ချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေနဲ့ လက်တွဲလုပ်ကိုင်နေသလို ခင်ဗျားတို့နဲ့ ရှေ့ဆက်လုပ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အပြန်အလှန်ဖလှယ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံက ကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုကိုလာပြီး ကျွန်တော်တို့ဆီက သင်ယူစေချင်သလို အမေရိကန်ကျောင်းသားတွေလည်း ဒီကိုလာပြီး ခင်ဗျားတို့ဆီက သင်ယူစေချင်ပါတယ်။
ဒီအမှန်တရားကနေ ကျွန်တော်ဆက်ပြီး ဦးတည်ပြောချင်တာက ရှေ့မှာပြောခဲ့တဲ့ တတိယလွတ်မြောက်မှုပါပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာပါ။ ခင်ဗျားကြိုက်တာ ခင်ဗျားကိုးကွယ်ခွင့် ဆိုတာဟာ အခြေခံကျတဲ့ လူသားဂုဏ်သိက္ခာ အခွင့်အရေးပါပဲ။
ဒီနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံလိုပဲ မတူကွဲပြားစွာ တည်ရှိမှုနဲ့ ကောင်းချီးပေး ခံထားရပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ လူတိုင်းဟာ တစ်ဒေသတည်းက လာတာမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်မျိုးတစ်စားတည်း ကိုးကွယ်ယုံကြည်ကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မြို့ကြီးတွေ မြို့ငယ်တွေမှာ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ချာ့ခ်ျကျောင်းတွေ ဘေးချင်ယှဉ် တည်ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ သမိုင်းဇာတ်လမ်းမှာ ရာပေါင်းများစွာသော လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီနယ်ခြားမျဉ်းတွေကြားမှာပဲ မရေတွက်နိုင်တဲ့ အသက်တွေ သေကြေပျက်စီးစေတဲ့၊ မိသားစုတွေ တစ်ကွဲတစ်ပြားဆီဖြစ်စေတဲ့၊ အသိုင်းအ၀ိုင်းတွေကို ကွဲပြားသွားစေတဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပုန်ကန်ထကြွမှုတွေဖြစ်ပွားနေတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးဖြစ်သလို အဲဒါဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ကြားခံနေတယ်ဆိုတာကိုလည်း မြင်ခဲ့ရပြီးပါပြီ။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။ (လက်ခုပ်သံများ) အခုနေအချိန်အခါဟာ အပစ်အခတ် ရပ်စဲရေးတွေကနေ အရှည်တည်တဲ့ အခြေချနေထိုင်မှုအဖြစ် အသွင်ပြောင်းဖို့၊ ပဋိပက္ခတွေ ရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တကယ်ကို ကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီအားထုတ်မှုတွေဟာ ပိုပြီး မျှတရှည်ကြာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့ နေရာရွှေ့ပြောင်းခဲ့သူတွေ အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာလည်း အပါအ၀င်ဖြစ်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ကြည့်ကြည့်ပါမယ်။ ဒါကြောင့်ပဲ ဒုက္ခတွေအများကြီး ကြုံခဲ့ရသလို တင်းမာမှုအန္တရာယ်တွေ ဆက်ရှိနေမယ့် အလားအလာတွေလည်း မြင်နေရပါတယ်။ ကာလရှည်ကြာစွာပဲ တိုင်းရင်းသားလူမျိုးစု ရခိုင်တွေအပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွင်းချက်ဆိုတာမရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာ ရှိသလို ကျွန်တော်တို့မှာ ရှိသလို တူညီတဲ့ လူ့ဂုဏ်သရေဆိုတာ ရှိပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ အချိန်ယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာအတွက် ဒီနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာအတွက် ဥပဒေမဲ့ ပြုမူမှုတွေကို ရပ်တန့်ဖို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ တရားမမျှတတဲ့ ကိစ္စတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ဖြေရှင်းဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားတာကို ကျွန်တော်ကြိုဆိုပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်တဲ့နေရာမှာ ကမ္ဘာကြီးဟာ အဲသလို အမြင်မျိုးကို ထောက်ပံ့ပေးမှာပါ။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားမှုတွေ ရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နေရာ အနှံ့အပြားကလာတဲ့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ နိုင်ငံတစ်ခုဖြစ်လို့ပါပဲ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တာက တချို့သော မူဝါဒတွေဟာ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တယ်ဆိုတာပါပဲ။ ခင်ဗျားဘယ်လိုပုံရှိတယ်။ ခင်ဗျားဘယ်က လာတယ်။ ခင်ဗျားဘယ်ဘာသာရေးကို ကိုးကွယ်တယ်ဆိုတာ အကြောင်းမဟုတ်ဘဲ လူတိုင်းပေါ်မှာ ကျင့်သုံးနိုင်တဲ့ မူဝါဒတွေပါ။ သူတို့ ဘယ်သူဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
ဒီနိုင်ငံက ပြည်သူတွေကပဲ ခင်ဗျားတို့ပြည်ထောင်စုကို ဖွင့်ဆိုခွင့် အပြည့်အ၀ ရှိပါတယ်။ ဒီနိုင်ငံသားတစ်ယောက်ဆိုတာ ဘယ်လိုဆိုတဲ့ ဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာရှိတဲ့ ယုံကြည်မှုက မတူကွဲပြားခြားနားမှုတွေကို ခင်ဗျားတို့အနေနဲ့ အားနည်းချက်အဖြစ် မမြင်ဘဲ ခွန်အားအဖြစ် ကိုင်စွဲနိုင်တယ်ဆိုတာပါ။ ခင်ဗျားတို့တိုင်းပြည်ဟာ မတူကွဲပြား ယဉ်ကျေးမှုတွေကြောင့် အားကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီအခွင့်အရေးကို အရယူရပါမယ်။ ဒီခွန်အားကို အသိအမှတ်ပြုရပါမယ်။
ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင် တိုင်းပြည်၊ ကျွန်တော့်ကိုယ်ပိုင်ဘ၀က ဒါကို သင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ လျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။ အမေရိကမှာ ရိုးရှင်းတဲ့ အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်း ဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
ဒီကမ္ဘာမှာ သြဇာအကြီးဆုံးနိုင်ငံရဲ့ သမ္မတအနေနဲ့ ခင်ဗျားတို့အရှေ့မှာ ကျွန်တော်ရောက်နေပါတယ်။ ‘ဒါပေမဲ့ ကျွန်တော့ အသားအရောင်ဟာ တစ်ခါတုန်းကတော့ ကျွန်တော့်ရဲ့ မဲပေးခွင့်ကို ငြင်းဆိုနေခဲ့တယ် ဆိုတာကို အသိအမှတ်ပြုပေးပါ။ ဒီလိုအသိအမှတ်ပြုလိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ သူ့ရဲ့ကွဲပြားမှုတွေကို ကျော်လွန်နိုင်ခဲ့သလို ခင်ဗျားတို့ရဲ့ ကွဲပြားမှုတွေကို ခင်ဗျားတို့လည်း ကျော်လွန်နိုင်မယ်ဆိုတဲ့ အသိတစ်ခုကို ပေးမှာပါ။ ဒီနယ်နိမိတ်ပိုင်နက်အတွင်းမှာ နေထိုင်ကြတဲ့ လူသားတိုင်းဟာ ခင်ဗျားတို့နိုင်ငံအကြောင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ ဒါကိုခင်ဗျားတို့က လက်ခံကြိုဆိုရမှာပါ။ ဒီလိုကွဲပြားမှုတွေကို ခင်ဗျားတို့က အသိအမှတ် ပြုမယ်ဆိုရင် ဒါဟာ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာခွန်အားပါ။ ဒီနေ့ကျွန်တော်ဆွေးနွေးမယ့် နောက်ဆုံးသော လွတ်လပ်မှုဆိုတာနဲ့ ပတ်သက်တဲ့နေရာကို ရောက်လာပါပြီ။ ဒါဟာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကနေ လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။
ကြောက်ရွံ့ခြင်းဆိုတာဟာ နည်းမျိုးစုံနဲ့ လူသားနဲ့ သူတို့ရဲ့အိပ်မက်တွေကြားထဲမှာ အင်အားပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို ကြောက်ရွံ့တာ။ စစ်ပွဲတွေကို ကြောက်ရွံ့တာ။ အတိတ်နဲ့ မတူတော့တဲ့ အနာဂတ်ကို ကြောက်ရွံ့တာ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ပြန်လည်နေရာချထားတဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့တာ။ ပုံစံမတူတဲ့ လူတွေကို၊ နေရာမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ကိုးကွယ်မှုပုံစံမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှောင်မိုက်ဆုံးကာလ အကျဉ်းချခံထားရစဉ်မှာ သူဟာကြောက်ရွံ့မှုမှ လွတ်မြောက်ရေးအကြောင်းကို အက်ဆေးရေးခဲ့ပါတယ်။ အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ 'အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့တယ်။ အာဏာကို အသုံးချပြီး ပျက်စီးနေတဲ့သူတွေက အာဏာရဲ့ ဖိစီးနှိပ်စက်မှုကို ကြောက်ရွံ့ပါတယ်'။
ဒီကြောက်ရွံ့မှုတွေက ခင်ဗျားတို့ကို နောက်ကျန်ရစ်စေခဲ့ နိုင်ပါတယ်။ အာဏာဟာ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုဆီက လာတာမဟုတ်ဘဲ ပြည်သူတွေရဲ့ မျော်လင့်ချက်ဆီကနေ လာတာဆိုတာကို နားလည်လာနေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ အခုအချိန်ဟာ ပြောင်းလဲမှုတွေ ရှိလာပြီး အပြောင်းအလဲတွေ ဆက်လက်ဖြစ်နေရမယ်လို့၊ ခုချိန်ဟာ ကွဲပြားခြားနားနေရမယ်လို့ အခိုင်အမာဆိုနေတဲ့ နိုင်ငံသားတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သလို 'ကြောက်ရွံ့မှုဟာ ယဉ်ကျေးတဲ့ လူသားရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာ' ကို ကျွန်တော်ယုံကြည်ပါတယ်။ ကြောက်ရွံ့မှုဟာ ဒီနိုင်ငံမှာ ဘ၀ရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာကို ကမ္ဘာကို ခင်ဗျားတို့က ဒီနေ့ဖော်ပြနေပါပြီ။
အဲဒါကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်ရန်ကုန်ကို လာခဲ့တာပါ။ အဲဒါကြောင့်ပဲ ဒီဒေသအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ အရာတွေ ဒီမှာဖြစ်ပေါ်နေတာပါ။ လူတွေအများကြီးကို အားကျစေနိုင်တဲ့ ခရီးတစ်ခုကို ခင်ဗျားတို့ သွားနေတဲ့ အတွက်ကြောင့်ပါ။ နိုင်ငံတစ်နိုင်ငံဟာ ပိုကောင်းတဲ့ နေရာတစ်နေရာကို ပြောင်းလဲနိုင်မလားဆိုတာအတွက် ဒါဟာ စမ်းသပ်မှုတစ်ခုပါ။
အမေရိကန်ဟာ ပစိဖိတ်နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ပစိဖိတ်နိုင်ငံတွေနဲ့ ကျွန်တော်တို့ အနောက်တိုင်းက ပြည်သူတွေနဲ့ စည်းနှောင်ထားတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ စီးပွားရေး ပြန်လည်ဦးမော့လာရင် ကြီးမားလှတဲ့ တိုးတက်မှုကြီးကို ကျွန်တော်တို့ ရှာတွေ့မယ်လို့ ယုံကြည်တဲ့ နေရာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို စစ်ပွဲတွေက ဆယ်စုနှစ်တစ်ခုကြာအောင် လွှမ်းမိုးထားတာ အဆုံးသတ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသဟာ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဗဟိုချက်ဖြစ်လာမှာပါ။
ဒီအရှေ့တောင်အာရှမှာ နိုင်ငံတွေနဲ့ ပြည်သူတွေအကြား ပေါင်းစည်းညီညွတ်မှု အလားအလာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သမ္မတအနေနဲ့ ကျွန်တော်ဟာ အာဆီယံကို လက်ခံကြိုဆိုရတာ အကြောင်းများစွာ ရှိပါတယ်။ ဒီဒေသမှာ အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ငယ်ဘ၀အချိန်အများစု ကုန်ဆုံးခဲ့ရတယ်ဆိုတဲ့ အချက်ထက်ပိုပါတယ်။
အာဆီယံနဲ့အတူ နိုင်ငံတွေဟာ ပြောင်းလဲနေတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီနိုင်ငံတွေဟာ တိုးတက်နေပြီး ဒီနိုင်ငံတွေမှာ ဒီမိုကရေစီဖြစ်ထွန်းနေပါတယ်။ အစိုးရတွေဟာ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ သမုဒ္ဒရာတွေ၊ ကျွန်းတွေ၊ သစ်တောတွေ၊ မြို့တွေ၊ လူမျိုးစုံ၊ ဘာသာစုံ ဖြန့်ကျက်ထားတဲ့ မတူကွဲပြားမှုတွေအပေါ်မှာ တိုးတက်မှုတွေကို တည်ဆောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင် ၂၁ ရာစုဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြသနိုင်မှာပါ။
ဒီရန်ကုန်ကနေ အာရှအတွက် ကျွန်တော်သတင်းစကားတစ်ခု ပါးချင်ပါတယ်။ အတိတ်ရဲ့ အကျဉ်းချမှုတွေကနေ ကျွန်တော်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုစရာ မလိုပါဘူး။ အနာဂတ်ကိုပဲ ကျွန်တော်တို့ မျော်လင့်ဖို့လိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်မှုအတွက် ရွေးချယ်စရာတစ်ခု ကျွန်တော်ကမ်းလှမ်းထားပါတယ်။ ခင်ဗျားတို့ရဲ့ နျူးကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုလမ်းကြောင်းကို ရွေးချယ်လိုက်ဖို့ပါပဲ။ ခင်ဗျားတို့ ရွေးချယ်ခဲ့မယ်ဆိုရင် အမေရိကန်က လက်ဆန့်တန်းထားတာကို တွေ့ရမှာပါ။
၂၀၁၂ ခုနှစ်မှာ အရှေ့ အနောက် တောင် မြောက် ကွဲလွဲမှုတွေအပေါ် ကျွန်တော်တို့ ဖက်တွယ်ထားဖို့ မလိုတော့ပါဘူး။ ခင်ဗျားတို့ မြောက်ဘက်က အိမ်နီးချင်း တရုတ်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ခင်ဗျားတို့ရဲ့ အနောက်ဘက်က အိမ်နီးချင်း အိန္ဒိယကိုလည်း ကြိုဆိုပါတယ်။ ကုလသမဂ္ဂမှာ အမေရိကန်ဟာ နိုင်ငံကြီးကြီးသေးသေး ဘယ်နိုင်ငံနဲ့မဆို ဆောင်ရွက်ပြီး ပိုငြိမ်းချမ်းပြီး ပိုသာယာဝပြောတဲ့ ပိုပြီးတော့ တရားမျှတတဲ့ ပိုပြီးတော့ လွတ်လပ်တဲ့ ကမ္ဘာတစ်ခုအတွက် ဖြည့်ဆည်း ဆောင်ရွက်သွားမှာပါ။ အဲဒါအပြင် အမေရိကန်ဟာ နိုင်ငံတကာဥပဒေရဲ့ ၀တ္တရားတွေ သူ့နိုင်ငံပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားတဲ့ ဘယ်နိုင်ငံနဲ့မဆို မိတ်ဆွေဖြစ်သွားမှာပါ။
‘ဒီလိုနိုင်ငံကို ဒီလိုကမ္ဘာကို ဒီသမိုင်းဝင်မြို့မှာ ခင်ဗျားတို့ စတင်တည်ဆောက်နိုင်ပါတယ်။ အထီးကျန်နေခဲ့တဲ့ ‘ဒီနိုင်ငံဟာ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီလက်ချင်းယှက်သွားနေတဲ့ ခရီးကို နောက်တစ်ကြိမ် သွားနေပြီဆိုတာနဲ့ နိဒါန်းသစ်တစ်ခုရဲ့ စွမ်းအားကို ကမ္ဘာကို ပြသနိုင်မှာပါ။ ‘ဒီနိုင်ငံမှာ ခင်ဗျားတို့ ခုဒီမှာထိုင်နေကြတဲ့ သူတွေလို အခွင့်အရေးကို မခံစားနိုင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ သိထားပြီး ကျွန်တော်ပြောတာပါ။ လျှပ်စစ်မီးမရတဲ့ သူတွေ သန်းချီရှိနေပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရပြီး လွတ်မြောက်လာဖို့ စောင့်စားနေရတဲ့ လူတွေရှိနေဆဲပါ။ ဒုက္ခသည်တွေ၊ မျော်လင့်ချက်ဆိုတာ ဟိုးမိုးကုတ်စက်ဝိုင်းမှာရှိနေတဲ့ တစ်စုံတစ်ရာဖြစ်နေဆဲ ဒုက္ခသည် စခန်းတွေမှာ နေနေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူတွေရှိနေပါတယ်။
ဆင်းရဲနေကြတဲ့သူတွေ၊ ၀ိုင်းပယ်ခံထားရတဲ့သူတွေ၊ လက်လွတ်ဆုံးရှုံးသွားကြတဲ့သူတွေ၊ မေ့လျော့ခံထားရတဲ့ သူတွေ အပါအ၀င် ခင်ဗျားတို့နဲ့အတူ အမေရိကန် ရှိနေပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အသံကို လူတိုင်းက ကြားနိုင်မယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ခင်ဗျားတို့အကြောင်းကို သယ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတို့ရဲ့ မျော်လင့်ချက်တွေကို သယ်ဆောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရာစုမှာ နည်းပညာ ကျယ်ပြန့်လာမှု၊ အတားအဆီးတွေ ပြိုလဲလာမှု၊ လွတ်လပ်မှုရဲ့ ရှေ့တန်းမျက်နှာစာတွေဟာ သူတို့အချင်းချင်းကြားမှာတင် ဖြစ်ထွန်းနေတာမဟုတ်ဘဲ နိုင်ငံတွေနဲ့ လူတစ်ဦးချင်းကြားမှာ ဖြစ်ထွန်းနေလို့ပါပဲ။
အကျဉ်းသားဟောင်းတစ်ဦးက သူ့နိုင်ငံသားတွေကို ပြောတဲ့အခါမှာ အခုလို ထည့်ပြောခဲ့ဖူးပါတယ်။ 'နိုင်ငံရေးဆိုတာ ခင်ဗျားတို့ရဲ့ အလုပ်ပဲ၊ နိုင်ငံရေးသမားတွေအတွက်တင် မဟုတ်ဘူး။' အမေရိကန်မှာ ကျွန်တော်တို့ ပြောလေ့ရှိတာက ဒီမိုကရေစီအတွက် အရေးကြီးဆုံး ရုံးဟာ နိုင်ငံသားတွေရဲ့ ရုံးပါ။ သမ္မတမဟုတ်သလို လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ပါဘူး။ ပြည်သူတွေပါ။
‘ဒီခရီးစဉ်ဟာ အလွန့်အလွန်ထူးခြားပြီး ခက်ခဲတဲ့ စိန်ခေါ်မှုပြင်းထန်တဲ့ တစ်ခါတစ်ရံမှာ စိတ်ရှုပ်စရာကောင်းလှတဲ့ ခရီးစဉ်လို့ ထင်ကောင်းထင်မှာပါ။ အဆုံးမှာတော့ လွတ်လပ်မှုဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာက ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပါပဲ။ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားကိုယ်စီမှာ စတင်ခဲ့ကြတဲ့အတွက်ကြောင့် ခင်ဗျားတို့ဟာ လွတ်လပ်မှုကို ဖမ်းဆုပ်ရမယ့် သူတွေပါပဲ။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်များစွာက ပြသခဲ့ကြတဲ့ သတ္တိမျိုးကို လိုအပ်နေပါတယ်။
စိန်ခေါ်မှုကြီးတွေကတော့ ရှေ့ခရီးမှာ ရှိနေမှာပါ။ အပြောင်းအလဲရဲ့ အင်အားကို တောင့်ခံနေကြတဲ့ သူတွေလည်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနိုင်ငံဟာ နောက်ပြန်မလှည့်နိုင်တော့တဲ့ တစ်စုံတစ်ရာ ဖြစ်နေတယ်ဆိုတာ ပြီးတော့ ဒီနိုင်ငံကို မြှင့်တင်နိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကမ္ဘာအတွက် ဧရာမ ဥပမာတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်တော် ဒီမှာရှိနေတာပါ။ အဲဒါတွေအပြင် ဒီခရီးရှည်ကြီးမှာ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ မိတ်ဖက်အဖြစ် ရှိနေမှာပါ။ ကျေးဇူးတင်ပါတယ်။(မြန်မာဘာသာဖြင့် ကျေးဇူးတင်ကြောင်းပြောကြား)
(Eleven Media Group: http://www.news-eleven.com/index.php?option=com_content&view=article&id=16464%3A2012-11-19-18-46-59&catid=42%3A2009-11-10-07-36-59&Itemid=112 )










Wednesday 31 October 2012

မြန်မာအလုပ်သမားများ စုပေါင်းပြီး အဘိဓမ္မာတရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ

     မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့စည်းတွေ စုပေါင်းပြီး သီတင်းကျွတ်လပြည့်အဘိဓမ္မာတရားတော်
များရွတ်ဖတ်ပူဇော်ပွဲအခမ်းနားကို ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်ဒေသ ဝပ်ထစ်ဘုန်းတော်ကြီး
ကျောင်းတွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့(31.10.2012)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သီတင်းကျွတ်အဘိဓမ္မာတရားတော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား
     ဒီသီတင်းကျွတ်လပြည့်အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး
ဒီနှစ်ဟာဆိုရင် တတိယအကြိမ်မြောက်ပွဲကြီးဖြစ်ပါတယ်။ဒီပွဲကြီးကို ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်
သမားတွေက အလုပ်တွေမအားလပ်တဲ့ကြားကနေ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ၊ကိုယ့်ယဉ်ကျေးမှုကို ထိန်း

သိမ်းစောင့်ရှောက်တဲ့အနေနဲ့ ပင်ပန်းဆင်းရဲခံပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီသီတင်းကျွတ်အဘိဓမ္မာ
တရားတော်များရွတ်ဖတ်ပူဇော်ပွဲကို  မြန်မာလူငယ်အယောက်(၁၀၀)လောက်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
     ထို့နောက် အခမ်းအနားကိုနေ့ညမရွေးတတ်အားသမျှ ကူညီပေးခဲ့သော လူကြီးများကိုလက်ဆောင်များ
ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ကြသော မြန်မာလူငယ်များကို
လည်း မှတ်တမ်းတင်ဂုဏ်ပြုလွှာကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
    ထိုအခမ်းအနားကို ဦးစီးကျင်းပကြသော အဘိဓမ္မာပြန့်ပွါးရေးအသင်းကြီးကလည်း  ဒီလိုအဘိဓမ္မာတရား
တော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို  အလုပ်သမားများစုပေါင်းပြီး နောက်နှစ်စဉ်နှစ်တိုင်းကျင်းပ
ပြုလုပ်သွားမည်ဟု ပြောကြားသွားခဲ့ပါသည်။
   

Tuesday 23 October 2012

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်

အောက်တိုဘာလ ၂၃ ရက် ၂၀၁၂၊ စဖန်းရှောင်း (ကေအိုင်စီ)

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။

မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။

ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။
မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။
၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။
တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။
ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။
kic

ရွှေ့ပြောင်းလုပ်သား သားသမီးများ မြန်မာပြည်တွင် ပညာသင်နိုင်ရေး စီစဉ်မည်

ပထမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားအရေး အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဆွေးနွေးစဉ် (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)
နိုင်ငံရပ်ခြားတွင် ကာလကြာမြင့်စွာ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ္ပ္ပ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ပြည်တွင်းတွင် ပညာပြန်လည် သင်ကြားနိုင်ရန် အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံ အရပ်ရပ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မိခင်နိုင်ငံနှင့် ကာလကြာမြင့်စွာ ဝေးကွာနေသည့်အတွက် ဘာသာစကား၊ ယဉ်ကျေးမှုတို့တွင် အခက်အခဲ ပြဿနာများ ရှိနိုင်သဖြင့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က တက္ကသိုလ် စိန်ရတု
ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
“မိဘတွေက ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နှစ် ၂၀၊ ၃၀ လောက် ကိုယ့်နိုင်ငံနဲ့ ဝေးနေတော့ ကလေးတွေရဲ့ ပညာရေး စနစ်က ပြဿနာရှိနေတာကြောင့် သူတို့တွေရဲ့ ပညာရေး အပါအဝင် လူမှုဘဝ တိုးတက်ရေးတွေကို အဆင်ပြေစေမယ့် နည်းတွေနဲ့ စီစဉ်ဖို့ရှိတယ်” ဟု သူက ဆိုသည်။
ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ နည်းပါးသဖြင့် ဝင်ငွေပိုမို ရရှိနိုင်သည့် ပြည်ပ အလုပ်အကိုင်များသို့ နည်းမျိုးစုံဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမား အများစုမှာ အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရခြင်း စသည်ဖြင့် ကြုံတွေ့နေရသော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ အထိ ဝန်ကြီးဌာန စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပေါ်ခံစားနေရသည့် ပြဿနာများ ပြေလည်နိုင်စေရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများစုပေါင်းကာ အသင်းတခုဖွဲ့စည်း၍ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းလိုက်မည် ဆိုပါက အစိုးရဌာနမှ ဖြေရှင်းနေရသည့် ပြဿနာများကို အေဂျင်စီများက သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းကိုယ်စားလှယ်များ ထားရှိ၍ လုပ်သားစေလွှတ်ရာတွင် မှန်ကန်မှုရှိ မရှိ စိစစ်နိုင်မည် ဖြစ်သည့်အပြင် လုပ်သားများ၏ အခက်အခဲ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည်ဟု ယူဆကြောင်း၊ လက်ရှိတွင် ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးကိုယ်စားလှယ်များ ထားရှိကာ ဆောင်ရွက် နေသော်လည်း ဖြေရှင်းရမှု များပြားသဖြင့် ကြန့်ကြာခြင်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
Today Top Star ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်ကလည်း “လုပ်သားတွေက နိုင်ငံတကာမှာ ဆိုတော့ သူတို့အတွက် လုံခြုံ စိတ်ချရမှုက အရေးပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေတင် မဟုတ်ဘဲ သူတို့ရဲ့ ရင်သွေးတွေ အတွက်ကိုပါ ထည့်စဉ်းစား သင့်တယ်။ နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုတယ်” ဟု ဆိုသည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံး ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ fax နံပါတ်၊ လိပ်စာတို့ကို ပြည်တွင်းမှ မထွက်ခွာမီ ပေးထားမည် ဆိုပါက ပြဿနာ တစုံတရာ ရှိလာချိန်တွင် တိုင်ကြားရန် လွယ်ကူမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းကို ခံနေရခြင်း၊ နိုင်ငံသား မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများကို လုပ်ငန်းရှင်က သိမ်းယူထားခြင်း၊ လိင်မှု စော်ကားခံရခြင်း စသည့် အခြေအနေများ ရှိနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။
“အထောက်အထားတွေ မရှိတဲ့ အလုပ်သမားအချင်းချင်း ယူပြီး မွေးလာတဲ့ ကလေးကို မြန်မာနိုင်ငံ ကလည်း မွေးစာရင်း မပြနိုင်တော့ လက်မခံဘူး၊ အလုပ်လုပ်နေတဲ့ နိုင်ငံကလည်း နိုင်ငံသားအဖြစ် လက်မခံတော့ ကလေးက ဘယ်နိုင်ငံသားမှန်း မသိတဲ့ အခြေအနေတွေ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုရှိုင်းက ပြောသည်။
ပြည်တွင်းရှိ အေဂျင်စီများက လုပ်သားစေလွှတ်ရာတွင် ဌာနကို မတင်ပြဘဲ တရားမဝင် ပို့ခြင်း၊ အလုပ်စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက်များနှင့် လက်တွေ့ အခြေအနေ ကွဲပြားနေခြင်း၊ အခြေခံ ဝန်ဆောင်မှု စရိတ်ကို လုပ်သား၏ လေးလစာထက် ပိုမို တောင်းခံခြင်းများ ရှိနေပါက စိစစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဆိုသည်။
ပြည်ပ အလုပ်အကိုင် အေဂျင်စီများသည် ပြည်ပ အလုပ်အကိုင် ကြော်ငြာခေါ်ယူပါက အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရှိမှသာ ကြော်ငြာရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ခွင့်ပြုချက် မရှိဘဲ လုပ်သား ကြော်ငြာ ခေါ်ယူနေသည့် အေဂျင်စီများ ရှိနေကြောင်း သူကဆက်ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် နည်းလမ်းဖြင့် သွားရောက်ကြရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပ လုပ်သား စေလွှတ်ရာတွင် မသမာသော နည်းများဖြင့် ဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပြဿနာတချို့ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်နွေဦးက သုံးသပ်သည်။
စင်ကာပူနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် အိမ်အကူ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမ အများစုမှာ အသက်မပြည့် သူများ ဖြစ်နေသည့်အတွက် ယင်းနိုင်ငံသို့ အေဂျင်စီများမှ တဆင့် အိမ်အကူအလုပ်အတွက် စေလွှတ်မည် ဆိုပါက သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အများဆုံး တွေ့ကြုံနေရသည့် ယာယီနိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းကို လုပ်ငန်းရှင်များ မလုပ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနသို့ ညွှန်ကြားထားကြောင်းနှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တိုးတက်မှု မှတ်တမ်းကို အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ တီမားဆက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ် ရေးဆွဲလျှက် ရှိကြောင်း သိရသည်။
“စင်ကာပူနိုင်ငံကို သက်ဆိုင်ရာက အိမ်ဖော် စေလွှတ်ခွင့်မပြုထားပေမယ့် အဲဒီမှာ မြန်မာအိမ်ဖော်တွေ အများကြီးပဲ။ အစိုးရ အနေနဲ့ မြန်မာ အလုပ်သမားတွေနဲ့ သင့်လျော်မယ့် နိုင်ငံသစ်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ပြုဖို့ လိုပါတယ်” ဟု သုခစုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဒါရိုက်တာ ဦးချမ်းသာက ပြောသည်။
လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားတင်ပို့ရာတွင် ယင်း နိုင်ငံရှိ အေဂျင်စီများမှတဆင့် ဆောင်ရွက် နေရပြီး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ရခြင်း မရှိသည့်အတွက် မြန်မာ အေဂျင်စီများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် စက်ရုံများ၊ ကုမ္ပဏီများ၊ အထည်အလိပ် လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၂ ဒဿမ ၄သန်း၊ မလေးရှားတွင် တသိန်းကျော်၊ ဂျပန်တွင် ၁၅၀၀၀ ဦးရေ၊ ဘင်္ဂလားဒေ့ရှ်တွင် ဦးရေ ၂၀၀၀၀ မှ ၁ သိန်းကြား၊ ကိုရီးယားတွင် ဦးရေ ၄၀၀၀ မှ ၁၀၀၀၀ ကြား သွားရောက် လုပ်ကိုင်နေပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူနန် ပြည်နယ်တို့တွင် လုပ်ဆောင် နေသော်လည်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား စာရင်းမှာ အတိအကျ သိရခြင်း မရှိသေးကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သော သတင်း အချက်အလက်များနှင့် လုပ်သားဈေးကွက်၊ လုပ်သားများ အပေါ် ထိထိရောက်ရောက် ကာကွယ်ပေး နိုင်မည့် အစီအမံများ၊ လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရစေရေး စသည်တို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားများသည် မိမိတို့ သွားရောက် လုပ်ကိုင်သည့် နိုင်ငံတွင် ပြဿနာများ ဖြစ်ပေါ်လာပါက အလုပ်သမား ဝန်ကြီးဌာနသို့ အွန်လိုင်းမှဖြစ်စေ၊ ဌာန၏ ဖုန်းများသို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဧရာဝတီ

Thursday 11 October 2012

တနှစ် ကား နှစ်သောင်းကျော် ထုတ်မည့် ဆူဇူကီး စက်ရုံကြီး မြန်မာပြည်မှာ ဆောက်ရန်ရှိ


နယူးဒေလီ (မဇ္ဈိမ)။   ။ ဂျပန်နိုင်ငံမှ ဆူဇူကီး ကော်ပိုရေးရှင်းက မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကြီး
တခုကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အပြီး တည်ထောင်ရန် စီစဉ်လျက်ရှိသည်။

Photo: globalsuzuki.com
Photo: globalsuzuki.com
တနှစ်လျှင် မော်တော်ကားစီးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ထိ ထုတ်လုပ်သွားကာ ကမ္ဘာ့အကြီး
ဆုံး စက်မှုရုံကြီးများထဲမှ တခုအဖြစ် ဖွံ့ဖြိုး
လာရန် ရည်ရွယ်ထားကြောင်း The Asahi
Shimbun သတင်းတရပ်တွင် ဖော်ပြပါရှိ
သည်။

ထိုအတွက် ဆူဇူကီး အနေနှင့် ယန်းငွေ သန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံရမည်
ဖြစ်ပြီး ရန်ကုန်တိုင်း၊ သီလဝါရှိ မြေအကျယ် ၄၀ ဟက်တာတွင် တည်ဆောက်မည်ဟု လျာထားသည်။

၁၉၉၉ ခုနှစ်မှစ၍ ဆူဇူကီးကုမ္ပဏီသည် ခရီးသည်တင်ကားများနှင့် မော်တော်ဆိုင်ကယ်များကို တင်သွင်းလာခဲ့သည်။ ဤသည်မှာ ကားထုတ်လုပ်သူများနှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထားသည့် ကုမ္ပဏီတခုမှတဆင့် တင်သွင်း
ခဲ့ရခြင်းဖြစ်ကာ ၂၀၁၀ ခုနှစ်တွင် ခွင့်ပြုချက် ကုန်ဆုံးပြီး ပူးပေါင်းကုမ္ပဏီလည်း ဖျက်သိမ်းခံရပြီး စီမံကိန်းများ ရပ်တန့်
သွားခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ယ္ခင်ကဲ့သို့ ပြန်လည်တင်သွင်းခွင့်ရ
ရန် ဆူဇူကီး က မြန်မာအစိုးရအား လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ သို့သော် ထိုအစား ထုတ်လုပ်မှု စက်ရုံကြီးတခု တည်ထောင်ရန် မြန်မာအစိုးရက ကမ်းလှမ်းလာ၍ ယ္ခုကဲ့သို့ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆူဇူကီး
မော်တော်ကားစက်ရုံကြီး စီမံကိန်း ပေါ်ပေါက်လာခဲ့ရသည်။

မြန်မာနိုင်ငံတွင် မော်တော်ကားစင်းရေ နှစ်သန်း သုံးသိန်းကျော် လိုင်စင်ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ရာ အများစုမှ ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဂျပန် မော်တော်ကား ကုမ္ပဏီများအနက် ဆူဇူကီးသာလျှင် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အမာခံနယ်မြေ ရရှိထားသည်။

ကြာသပတေးနေ့တွင် တိုကျိုမြို့၌ ကျင်းပမည့် မြန်မာနိုင်ငံအား ကူညီရန် ရည်ရွယ်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့် တရပ်တွင်လည်း ဂျပန်အစိုးရနှင့် ကမ္ဘာ့ဘဏ် အပါအဝင် မြီရှင်များက ကြွေးထူလှသည့် မြန်မာအစိုးရအား
ချေးငွေများ ထပ်မံချပေးရန် ရှိနေသည်။

ဂျပန်အစိုးရအနေနှင့် ၎င်းတို့ အဓိက ပါဝင်နေသည့် သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာစေရေးအတွက်
မြန်မာအစိုးရအား ချေးငွေများ အမြန်ဆုံးချပေးလိုသည့် ဆန္ဒရှိနေသည်။

လူဦးရေ သန်း ၆၀ ကျော်မျှရှိသော မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ပြဿနာမှာ အစိုးရရော၊ အတိုက်အခံပါ ပြောဆို
လာရသည့်ကိစ္စတခုဖြစ်နေပြီး လုပ်အားခမှာလည်း ထိုင်းနိုင်ငံ၏ လေးပုံတပုံမျှသာ ရှိ၍ နိုင်ငံခြားကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားခြင်း ခံရသည့် အကြောင်းအချက်တခု ဖြစ်နေသည်။
မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်


ပြည်သူ လိုလားလျှင် သမ္မတ လုပ်ရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုရာ ဥပဒေပြင်ရေး NLD ကျားကုတ်ကျားခဲ ကြိုးစားရတော့မည် (ဓာတ်ပုံ- ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ သမ္မတ အရည်အချင်းပြဌာန်းချက်ကို ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေအရ ပြင် ဆင်ရန် အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဒီမိုကရေစီသစ်ပါတီခေါင်းဆောင် ဦးသိန်းညွှန့်က
ဧရာဝတီကို ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၃ ၊ ပုဒ်မ ၅၉၊ ၆၀ ဆိုသည်မှာ သမ္မတ အရည်အချင်းဆိုင်ရာ ပြဌာန်းချက် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိစွန်းနေသည်မှာ နိုင်ငံခြား တိုင်းပြည်တခုခုတွင် နေထိုင်၊ လုပ် ကိုင်၊ နိုင်ငံခြားသားအဖြစ် ခံယူထားသည့် သား၊ သမီး ရှိပါက သမ္မတဖြစ်ခွင့် မရှိဆိုသည့်အချက်ဖြစ်နေပြီး အခြား ပြဿနာမှာ သမ္မတတွင် စစ်ရေး အမြင်ရှိရမည်ဆိုသည့်အချက်ဖြစ်ကြောင်း ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောသည်။
သမ္မတဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ ပုဒ်မ ၅၉၊ ၆၀ တို့ကိုပြင်ဆင်လိုပါက အခန်း ၁၂၊ ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရမည်ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရေးသည်လည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်သာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ မဲပေးနိုင်သူများ၊ မဲပေးသူ များ၏ ထက်ဝက်ကျော် ထောက်ခံ မှု ရရန်လိုအပ်သည်။
“ဖွဲ့စည်းပုံ ပြင်ရေးကို သူတို့က တမင်ကို ခက်ခဲအောင် လုပ်ထားတာ” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။
ဦးသိန်းညွှန့်ကလည်း “အခန်း ၃ ၊ ပုဒ်မ ၅၉ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းများနဲ့ ကိုက်ညီမှသာလျှင် သမ္မတဖြစ်မှာကိုး၊ အခုပဲ ကျနော်တို့ ဒုတိယ သမ္မတ အဖြစ်တင်တဲ့အခါမှာ အတင်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ သားမက်ဟာ မြန်မာနိုင်ငံမှာမွေးတာပဲ၊ ဒါပေမယ့် သြစတြေးလျ နိုင်ငံသားဖြစ်နေတော့ ဒု သမ္မတလောင်းကို အစားထိုးရတယ်လေ” ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် လွှတ်တော်တွင် ကြိုးစား စည်းရုံးသွားရန် နှင့် ပြည်သူလူထု ထောက်ခံမှုရှိရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
“လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ ဒါ ငြိနေ တာပေါ့။ ဒါပြင်ဖို့ဆိုတာကတော့ အကျိုးသင့် အကြောင်းသင့်နဲ့ ဒါ သူတို့ ကြိုးစားရမှာပေါ့။ လွှတ်တော်ထဲမှာ ကြိုးစားမယ်ဆိုရင် ပြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ လူထုရဲ့ ထောက် ခံမှု ရတယ်။ ထောက်ခံမှု ရတဲ့အပေါ် မူတည်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ သူတို့ကလည်း ဒီ ဥစ္စာကို ပြင်သင့်တယ်လို့ သူတို့ ဒီလို ယူဆလို့ တင်ပြတယ် ဆို ရင် မဲခွဲလို့လည်း ပြင်လို့ ရတယ်ဆိုရင် ဒါ ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဦးဌေးဦးက ဧရာဝတီကိုပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံမှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တဦးတယောက် တည်း ဖွဲ့စည်းပုံကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ ပြည်သူလူထုက လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်နိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကားခရီးစဉ်တွင် ပြောဆိုထားသည်။
အောက်တိုဘာလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့  ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့  ခေါင်းဆောင် ဆိုမှတော့ သမ္မတလည်း လုပ်ရဲ တဲ့ သတ္တိရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး “ကျမ သမ္မတဖြစ်ရေး ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာ လိုပါတယ်” ဟုလည်း ဆိုသည်။
လက်ရှိ နိုင်ငံရေး အပြောင်းအ လဲတွင် တပ်မတော်၏ အနေ အထားမှာ ဒီမိုကရေစီ အနည်းငယ်ဆန်လာပြီဟု ပြောဆိုခဲ့ပြီး မကြာသေးမီကလည်း လွှတ်တော်တွင်း လူများစု ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့နှင့် လက်တွဲကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့ စည်းပုံပြင်ဆင်ရေး ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတတဦးအဖြစ်ရွေးချယ်မှုမှာ သမ္မတလောင်း ၃ ဦးကို ပြည်သူ့လွှတ် တော်မှ တဦး၊ အမျိုးသား လွှတ်တော်မှ တဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် တဦး၊ အသီးသီး ရွေးချယ်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ၃ ဦးထဲမှ တဦးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပူးပေါင်းထားသည့် ပြည်ထောင်စု လွှတ်တော်တို့မှ သမ္မတအဖြစ် အတည်ပြု ရွေးချယ်ခန့်ထားပြီး ကျန် ၂ ဦးသည် ဒုသမ္မတများအဖြစ် ခန့် ထားသော စနစ်ကိုပြဌာန်းထားသည်။
If you see this message, it means that your browser doesn't support frames or they are disabled.

Saturday 6 October 2012

စာရေးဆရာ ကာတွန်းအော်ပီကြယ်နှင့်အဖွဲ့ mwrn ရုံးသို့ရောက်ရှိ

    06.10.2012
07.10.2012 နေ့ ၌ မဟာချိုင်တွင် ပြုလုပ်မည် စာပေဟောပြောပွဲတွင်ဟောပြောမည့် စာရေးဆရာ
ဦးအော်ပီကြယ် ဦဆောင်သောအဖွဲ့ 05 ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး 06 ရက်နေ့
မနက် 10 နာရီခန့်တွင် မဟာချိုင်မြို့ ရှိ mwrn ရုံးခန်းသို့လာရောက်လည်ပတ်သွားခဲ့သည်။
စာရေးဆရာများနှင့် mwrn အဖွဲ့ဝင်များ

    mwrn ဥက္ကဌ ဦးအောင်ကျော်မှ အဖွဲ၏ လုပ်ဆောင်ချက်နှင့်  ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်း
စဉ်များအားရှင်းပြသည်။" မြန်မာကို မြန်မာက ကယ်နိုင်တာ လုပ်နေတဲ့ ပရဟိတလုပ်ငန်းကို သာဓုခေါ်
ကြောင်းကို ကာတွန်းဆရာ ဆရာအော်ပီကြယ်မှပြောသွားပြီးနောက် ဘယ်နေရာဘယ်ဒေသရောက်ရောက်
မြန်မာနိုင်ငံသားအားလုံး စည်းလုံးဖို့လိုပါမည်၊ အမှန်တရားကို မြတ်နိုးဖို့လိုပါမည်၊ အဆင်ပြေကြပါစေလို့
တေးရေးဆရာ အဆိုတော် ကိုဆောင်းဦးလှိုင်မှပြောသွားသည်"၊၊
  ထိုနောက် စာရေးဆရာများနှင့်အဖွဲ့ hrdf ရုံးခန်းတွင် နေ့လည်စာ သုံးဆောင်ပြီး နေ့လည် 12 နာရီ

အချိန်တွင် ဘန်ကောက်ရှိ မြန်မာရဟန်းတော်များ စုစည်းထူထောင်ထားသော မြန်မာကျောင်းသား
ရဟန်းတော်များရုံးခန်းတွင် စာပေဟောပြောရန်အတွက်          ပြန်လည် ထွက်ခွာသွားခဲ့သည်။
    ဆရာအော်ပီကြယ်နှင့်အတူ  ဆရာမ ဒေါ်သန်းမြင့်အောင် ၊ဆရာဦးမြင့်သူရ အဆိုတော် ဆောင်းဦးလှိုင်
တို့ သည် 07.10.2012 နေ့ ၌ မဟာချိုင်တွင် mwrnမှ ဦးဆောင်ကျင်းပ ပြုလုပ်သော စာပေဟော
ပြော ပွဲတွင် နေ့လည် 12 နာရီမှစတင်၍ ညနေ 6 နာရီအထိဟောပြောသွားမည်ဖြစ်ပါသောကြောင့် စာချစ်သူပရိတ်သတ်များလာရောက်ကြပါရန်..........










ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့သို့ ရဟန်းတော်များ သွားရောက်ဆန္ဒပြ


ရန်ကုန် (မဇ္ဈိမ) ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက် လူအုပ်များက ဗုဒ္ဓသာသနိက အဆောက်အအုံများ အား ဖျက်ဆီးခဲ့သော ဖြစ်ရပ်အတွက် ရဟန်းရှင်လူ အယောက် ၃ဝဝ ကျော်ခန့်က ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်၍ တောင်းဆိုချက်များ ပေးပို့ခဲ့ကြသည်။

သောကြာနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်ရောက် ရခိုင် ရဟန်းတော်များ သာရေးနာရေး အသင်းမှ ဦးဆောင်၍ ပြုလုပ် ခဲ့သော အဆိုပါ ဆန္ဒပြပွဲတွင် ရန်ကုန် မြို့နယ်ပေါင်းစုံမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ပါဝင်ဆင်နွှဲ ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဘာသာရေး အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ကြသည်။

စက်တင်ဘာလ ၂၉ ရက်ညနှင့် ၃ဝ ရက်နေ့များက မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်နှင့် စစ်တကောင်းနယ်တို့တွင် ဗုဒ္ဓသာသနိက အကောက်အအုံ ၁၂ လုံးနှင့် ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ် ၅၀ ခန့်ကို မူဆလင်ဘာသာဝင် လူအုပ်ကြီးများက မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။
demo
ရန်ကုန်မြို့ ဓမ္မစေတီလမ်းနှင့် အင်းလျားကန်လမ်းထောင့်ရှိ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ သံရုံးရှေ့တွင် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာရဟန်းတော်များနှင့် လူပုဂ္ဂိုလ် ၃ဝဝ ကျော်က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ထိုအကြမ်းဖက်မှုများမှ ပျက်စီးမှုများကို ဘင်္ဂလားဒေရှ့်အစိုးရမှ ပြန်လည် တည်ဆောက်ပေးရန်၊ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်သူများကို တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် နောင်တွင် အဆိုပါ အကြမ်းဖက်လုပ်ရပ်မျိုး ထပ်မံမဖြစ်စေရေးနှင့် ဘေးကင်းလုံခြုံရေးတို့ကို အာမခံပေးရန်တို့ကို ယနေ့ ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုကြသည်။

ထိုသို့ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များသို့ ကြိုတင်ခွင့်ပြုချက် ယူခြင်းမရှိဘဲ စုဝေးခဲ့ကြခြင်း လည်း ဖြစ်သည်။

မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက အေးချမ်းစွာ ဖြေရှင်းသွားရန်နှင့် မြို့နယ် သံဃာ့နာယကသို့ တင်ပြပြီးမှ လုပ်ဆောင်ရန် ရှင်းပြလျှောက်ထားသော်လည်း သံဃာတော်များက ယခုဆန္ဒဖော်ထုတ်ခြင်းသည် အကြမ်းဖက် လုပ်ရပ် မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြသည်။

“နိုင်ငံတော် သံဃာ့နာယကကို ကျောင်းတော်တော်များများက ဆန္ဒပြခွင့် တင်တယ်။ ခွင့်မပြုဘူး။ သံဃာ့နာယက ကို စောင့်နေရင် ဟိုနိုင်ငံက ကျုပ်တို့ဘာသာ လူနည်းစုတွေရဲ့ အမွေအနှစ်တွေ ပြာကျပြီးရုံပဲ ရှိတော့တယ်။ သံဃာ့နာယကကို တင်ပြပါ ဆိုတာက မလုပ်ပါနဲ့လို့ ပြောတာနဲ့ အတူတူပဲ” ဟု ဆန္ဒပြ သံဃာတပါးက မိန့်ဆိုသည်။

လေးဝတီ ရခိုင်ငြိမ်းချမ်းရေး လူငယ်များအဖွဲ့မှ လူငယ်တဦးကလည်း “ထိုင်းနဲ့ သီရိလကာင်္က ဘုန်းတော်ကြီးတွေ ကတောင် မြန်မာတိုင်းရင်းသား ဘုန်းတော်ကြီးတွေ အကြမ်းဖက်ခံနေရတာကို ကာကွယ်ပေးဖို့အတွက် ဆန္ဒပြပေး
နေတယ်။ ကျနော်တို့ အရမ်းရှက်ဖို့ကောင်းတယ်။ အရှက်နဲ့သိက္ခာကို ကာကွယ်ပေးဖို့အတွက် သမ္မတ ကိုယ်စား လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ အဲတာကိုမှ အပြစ်ပေးမယ် အရေးယူခံရမယ် ဆိုတာကလည်း သမ္မတ အပေါ် မူတည်တယ်” ဟု ပြောဆိုသွားသည်။

ထို့ပြင် ဆန္ဒပြသူများ တောင်းဆိုသည့် အချက် ကိုးချက်တွင် မြန်မာနိုင်ငံအတွင်း OIC ကမ္ဘာ့မူဆလင် အဖွဲ့ကြီး၏
လေ့လာရေးရုံးများ ထားရှိမည်ကို ကန့်ကွက်ထားသည်။

သံဃာတော်များက ဘင်္ဂလားဒေရှ့်သံရုံးသို့ တောင်းဆိုချက် စာတမ်းကို ပေးပို့ပြီးနောက် သံရုံးရှေ့တွင် မေတ္တာသုတ် ရွတ်ဆိုခဲ့ကြသည်။

ဆန္ဒပြမှု ဖြစ်စဉ်အတွက် တာဝန်ရှိသူ နယ်မြေတပ်ဖွဲ့ကို မေးမြန်းခဲ့ရာတွင် ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

မူဆလင် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မီးရှို့ထားသည့်ပုံကို ဖေ့စ်ဘွတ် အင်တာနက်ပေါ်တွင် တင်သူမှာ ဗုဒ္ဓဘာသာဝင် လူငယ်တယာက်ဖြစ်သည်ဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထိုကဲ့သို့ ဒေါသတကြီး အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမ

ပုဂ္ဂလိက ဘဏ်များကို စိတ်ချယုံကြည်ရန် ဗဟိုဘဏ်အရာရှိ ပြော


ရန်ကုန် (မဇ္ဈိမ) ။         ။ ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဗဟိုဘဏ်၏ စနစ်တကျ ကွပ်ကဲမှု အောက်တွင် ရှိနေသောကြောင့် စိတ်ချယုံကြည်မှုရှိကြရန် ဗဟိုဘဏ်အရာရှိ တဦးက ပြောဆိုလိုက်သည်။

“ပုဂ္ဂလိက ဘဏ်တွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ ရှိနေတာပါ။ စည်းကမ်း ဥပဒေများနှင့်အညီ လုပ်ငန်းများကို စိစစ်ခိုင်မာစွာနဲ့ လုပ်ကိုင်နေပါတယ်။ ပုဂ္ဂလိကဘဏ် အားလုံးကို
ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ အပ်နှံနိုင်ပါတယ်” ဟု ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က မဇ္ဈိမကို ပြောသည်။

သောကြာနေ့ နေ့ခင်းက ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခြင်းနှင့် တိုက်ဆိုင်စွာ ပုံမှန်ထက် ငွေထုတ်မှု များပြား ခဲ့သော ကမ္ဘောဇဘဏ်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမိုးအောင်ဆန်း ကလည်း ပိတ်ရက်ခံခဲ့သည့်အတွက် လူများရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
KBZ1
ရန်ကုန်မြို့ရှိ ဘဏ်များတွင် ငွေထုတ်ယူသူဦးရေ ထူးခြားစွာ များပြားလျက်ရှိရာ ကမ္ဘောဇဘဏ်၏ မြေနီကုန်း ဘဏ်ခွဲ၌ ငွေထုတ်ယူနေသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

“(အောက်တိုဘာလ) ၁ ရက်နေ့ ရုံးပိတ်လိုက်တဲ့အတွက် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်ပဲ ကျန်ပါတော့တယ်ခင်ဗျာ။ ရက်တိုတိုအတွင်းမှာ လူကလည်း နဂိုကလည်း များတဲ့အတွက် ၁ ရက်နေ့ကလည်း ပိတ်ရက်ဖြစ်တဲ့အတွက် လူများ
ခြင်းပဲ ဖြစ်ပါတယ်။ Normal Transaction ပါ။ ကျနော်တို့ ကမ္ဘောဇကြီးကတော့ ခိုင်မာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဘဏ်တွေထဲမှာလည်း အကြီးဆုံး အတောင့်တင်းဆုံး ဖြစ်ပါတယ်။ ယုံကြည်မှု မရှိစရာ အကြောင်းမရှိဘူးဆိုတာ
ပြောချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘဏ်များတွင် ကြိတ်ကြိတ်တိုး ငွေထုတ်ယူမှု ပြုနေသည်ဆိုသော ကောလာဟလ ထွက်ခဲ့အပြီး မဇ္ဈိမ သတင်းထောက်များက ဘဏ်များသို့ သွားရောက်လေ့လာရာ ငွေထုတ်သူအချို့က အကြောင်းရင်း မယ်မယ်ရရ မပြောနိုင်ဘဲ စိုးရိမ်၍ ငွေလာထုတ်သည် ဟုသာ ဆိုကြသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ပိုက်ဆံ ထုတ်လာသော အသက် ၅ဝ အရွယ် အမျိုးသမီးကြီး တဦးက “ဘာသတင်း၊ ညာသတင်းတွေ ကြားတော့ ကျမလည်း လာထုတ်တာပါ။ အခု ကျမ ထည့်ထားသမျှ ပိုက်ဆံ အကုန်ထုတ်သွားတယ်” ဟု ဆိုသည်။

မြေနီကုန်း ဘဏ်ခွဲတွင်လည်း မွန်းလွဲ ၃ နာရီဘဏ်ပိတ်ချိန်တွင် ဘဏ်ရှေ့တွင် လူ ခြောက်ယောက်ခန့်က ငွေထုတ် ရန် ဘဏ်ထဲဝင်ဖို့ ပြောနေသည်ကို ဘဏ်လုံခြုံရေးက မစိုးရိမ်ရန် ပြန်လည်ရှင်းပြနေသည်ကို တွေ့ခဲ့ရသည်။

“ဘဏ် ဒေဝါလီခံမယ် ကြားလို့ လာထုတ်တာ။ ဒီဘဏ်က လေယာဉ်တွေ၊ ဘောလုံးကွင်းတွေ ပိုင်တယ်ကြားလို့ အပ်ထားတာဖြစ်ပြီး အခုတော့ အားလုံး ပြန်ထုတ်သွားတော့မယ်” ဟု ဘဏ်ရှေ့တွင် စောင့်နေသူ တဦးက ပြော သည်။

မည်သို့မည်ပုံ ယခုကဲ့သို့ ကြားသိခဲ့ရခြင်းကိုမူ ရေရေရာရာ ရှင်းပြနိုင်ခြင်း မရှိပေ။

AGD ဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေကလည်း “ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီးတော့ လာမေး
ကြတယ်။ ဒါတွေက ကောလာဟလတွေလို့ပဲ ထင်တယ်။ ဒီလူတွေဟာ မဟုတ်တာ လုပ်မယ့်သူတွေလည်း မဟုတ်ဘူး။ ဘဏ်တွေ အားလုံးက အခိုင်အမာပဲ” ဟု ပြောသည်။
မဇ္ဈိမ

Friday 5 October 2012

သမ္မတ ဦးသိန်းစိန် မကြာမီ တောင်ကိုရီးယား သွားမည်


နယူးဒေလီ (မဇ္ဈိမ) ။        ။ ကိုရီးယားမှ ဒေဝူးကုမ္ပဏီက အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းရန် မြန်မာလူမှုအဖွဲ့များမှ တောင်းဆိုထားစဉ် တောင်ကိုရီးယား နိုင်ငံသို့ သမ္မတကြီးဦးသိန်းစိန် သွားရောက် လည်ပတ်ရန်ရှိကြောင်း သိရသည်။

သမ္မတ ခရီးစဉ် ရက်အတိအကျ ဖော်ပြမထားသော်လည်း မကြာမီ ကာလအတွင်း သွားရောက်မည် ဖြစ်ကြောင်း
အောက်တိုဘာ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ New Light of Myannmar တွင် ဖော်ပြပါရှိသည်။

ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် ပါဝင်ထားသည့် ရွှေဂက်စ်စီမံကိန်း အား ရပ်ဆိုင်းပေးရန်အတွက် မြန်မာနိုင်ငံမှ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၊ ရခိုင်နှင့်ရှမ်း ဒေသခံအဖွဲ့များ အပါအဝင် လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က ကြေညာချက်ထုတ်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီများသို့ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
Thein Sein and Lee Myung Bak
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် (Photo: Burmese government)

ထိုစီမံကိန်းတွင် စာချုပ်ပါ စီမံကိန်းအခြေခံ အချက်အလက်များ၊ နိုင်ငံရေး သဘော တူညီချက်များ၊ ပိုက်လိုင်း လုံခြုံဘေးကင်းရေး စံနှုန်းများ၊ ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်များ၊ နောက်ဆက်တွဲ အကောင်အထည်ဖော်မည့် အစီစဉ်များကို ပြည်သူလူထုအနေဖြင့် သိရှိခွင့်မရရှိခဲ့ဟု ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် ထိုစီမံကိန်းကြောင့် လယ်ယာမြေနှင့်စိုက်ခင်းများ၊ ကျေးရွာသုံးရေကန်များ၊ သာသနိက နယ်မြေများ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေ သတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲ၊ သစ်တောများ၊ ကမ်းရိုးတန်းနှင့် သန္တာ ကျောက်တန်းများ အပါအဝင် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကို ကြီးမားစွာ ထိခိုက်လျက် ရှိ၍ စီမံကိန်းအား လုံးဝ ရပ်ဆိုင်းထားစေလိုကြောင်း ဖော်ပြထားသည်။

ရွှေဂက်စ်က ထွက်သည့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံ၊ ယူနန်နယ်သို့ ကီလိုမီတာ ၁,၂ဝဝ ရှည်လျားသည့် ပိုက်လိုင်းဖြင့် သွယ်တန်း ပို့ဆောင်ပေးမည်ဖြစ်ပြီး ၂ဝ၁၃ ခုတွင် စတင်လည်ပတ်မည်ဟု သိရှိရသည်။

ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂ဝဝဝ ခုနှစ် ကတည်းက ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂ဝဝ၄ ခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ပြီးလျှင် တောင်ကိုရီးယာ နိုင်ငံသည် မြန်မာနိုင်ငံတွင်း စတုထ္ထမြောက် ရင်နှီးမြှပ်နှံ သည့်နိုင်ငံဖြစ်သည်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန က ဖော်ပြထားသည်။

စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ပူးပေါင်း အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင် မြန်မာနှင့် ကိုရီးယား အရာရှိများက ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြသေးသည်။

နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် မေလအတွင်းက လာရောက် လည်ပတ်ခဲ့သေးသည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံစဉ် မြောက်ကိုရီးယားထံမှ စစ်လက်နက် ပစ္စည်းများ ဆက်လက် ဝယ်ယူတော့မည် မဟုတ်ကြောင်း ဦးသိန်းစိန် က ကတိပေး ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်က တောင်ကိုရီးသားသမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုရာတွင် မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၁ ဦး ရှိခဲ့ရာ ၁၇ ဦးမှာ တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ကြသည်။

ထိုအထဲတွင် တောင်ကိုရီးယား ဝန်ကြီး လေးဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့ ပါဝင်သွားသည်။

ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားလိုက်ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။
မဇ္ဈိမ

Thursday 4 October 2012

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ

 
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာ သယ်ဆောင်လာသော  ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှာ အသုံးပြုရန် ပြည်ပမှ မှာထားသော ဂျုံစေ့များကို သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါစက်ရုံအတွင်းသို့ ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက်   လက်နက်ခဲယမ်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် လက်နက်ခဲယမ်းအမျိုးအစားများမှာ ၇ ဒသမ ၆၂ ကျည် ၂၈ တောင့်၊ ကျည်ကတ်နှစ်ခု၊ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ အပြာရောင်ကြိုးအိတ်တစ်ခုနှင့် ကာကီရောင် သေနတ်လွယ်ကြိုးတစ်ခုတို့ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှ တာဝန်ရှိသူ စီမံကိန်းမန်နေဂျာအား သွားရောက်မေးမြန်းရာ '' ဒီကိစ္စကို လုံဝမသိပါဘူး''ဟု ပြန်ဖြေကြားခဲ့သည်။
ဂျုံစေ့များအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသည့် ဂျုံများမှာ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များဖြစ်ပြီး စင်ကာပူကုမ္ပဏီမှတာဝန်ခံ တင်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များပါရှိသည့် ကွန်တိန်နာအတွင်းမှ တွေ့ရှိခဲ့ရသော လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ပြည်တွင်းလမ်းကြောင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရဲတပ် ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒဂုံအရှေ့မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးဖြစ်သူရဲအုပ် ထွန်းလင်းအား သွားရောက်မေးမြန်းရာ '' ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြေလို့ လုံးဝမရပါဘူး''ဟု ပြန်လည်ပြောကြားခဲ့သည်။
ဒဂုံအရှေ့စက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသော စက်ရုံအရေအတွက်မှာ ၂၉ ရုံရှိပြိး ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း အဆိုပါစက်မှုဇုန်စီမံခန့်ခွဲရေးရုံးမှ သိရှိရသည်။

ဧရာဝတီ

ဆောက်လုပ်ဆဲတိုက် ငြမ်းပြိုကျပြီး ၇ ဦးသေဆုံး

၇ ထပ်တိုက် ၅ လွှာရှိ ငြမ်း ပြုတ်ကျပြီးနောက် မြင်ကွင်း (ဓာတ်ပုံ – John Chitnyein)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  ပြည်တော်သာ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတခု၏ တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျပြီး စုစုပေါင်း လူ ၇ ဦး သေဆုံးကြောင်း သိရသည်။
ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ပုဂ္ဂလိက အထူးကုဆေးရုံကို ၇ ထပ်ရှိ အဆောက်အအုံ အဖြစ်တည်ဆောက်နေရာ အဆောက် အအုံ၏ ၅ လွှာတွင် တပ်ဆင်ထားသည့် ငြမ်း ယမန်နေ့က ပြုတ်ကျ၍ ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ အတွင်း
လူနာအဖြစ် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေ ယနေ့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း မြို့ခံများက ဧရာဝတီကို ပြောသည်။
“ကွန်ကရစ် လောင်းနေရင်း ငြမ်းကြိုးပြတ်ကျပြီး ပြုတ်ကျတော့ လူတွေက အဆောက်အအုံ ပြိုကျတဲ့ ပစ္စည်းတွေအောက်မှာ ပိကုန်ကြတယ်၊ ငြမ်းကြိုးက ဆွေးနေတဲ့ ကြိုးဖြစ်လို့ပါ” ဟု  မျက်မြင်တဦးက ပြောသည်။
သေဆုံးသွားသူများမှာ ဦးတင့်အောင်၊ ဦးအောင်ကိုလတ်၊ ဒေါ်ပြုံးရီ၊ မလစန္ဒာ၊ မလှလှခိုင်၊ မထွေးထွေးတို့ ဖြစ်ကြသည်။ ကိုတင့်နိုင်ဦး၊ ဦးကြည်ဝင်း၊ ကိုကုလား၊ ကိုသက်ပိုင် တို့မှာ အတွင်းလူနာများ အဖြစ်ဆေးကုသ ခံနေစဉ် ကိုကုလားမှာ ယနေ့ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
ထိုလုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၁၂၀ ၀န်းကျင်ရှိပြီး အများစုမှာ ဒေသခံများဖြစ်ကြောင်း၊ လုပ်ငန်းခွင် တာဝန်ခံ အင်ဂျင်နီယာ ၃ ဦးကို အာဏာပိုင်တို့က ယခုအခါ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း  ဒေသခံတချို့က ပြောသည်။
နောက်ဆုံးရရှိသော သတင်းများအရ မူခင်းရဲတပ်ဖွဲ့က တာဝန်ခံ အင်ဂျင်နီယာ ကိုသန့်ဇင်အား ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူထားကြောင်း သိရသည်။
အလုပ်သမားများ ယခုကဲ့သို့ အစုအပြုံလိုက် သေဆုံးရခြင်းသည် အဆောက်အအုံပိုင်ရှင်နှင့် လုပ်ငန်းခွင် တာဝန်ရှိသူ တို့၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း၊  အလုပ်သမားတို့၏ လုပ်ငန်းခွင် လုံခြုံမှုကို အလေးထားမှု နည်းပါးသည့် အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဧရာဝတီ

၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး

ပါတီညီလာခံ ကျင်းပရေးအတွက် ပဲခူးတိုင်းခရီးစဉ်တွင် တွေ့ရသော NLD နာယက ဦးတင်ဦး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက တဦးဖြစ်သူ ဦးတင်ဦးကို ဧရာဝတီက စက်တင်ဘာလ အစောပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်း၊ ပြည်ပမှ ပြန်လာသူများနှင့် NLD ၏ ဆက်ဆံရေး အနေအထား၊ NLD နှင့် စီးပွားရေးမူဝါဒ၊ လွှတ်တော်တွင်းမှ NLD ၏ အခြေအနေ ၂၀၁၅ အတွက် NLD ၏ ပြင်ဆင်ချက်၊ မျှော်လင့်ချက်များကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ သတင်းထောက် ကျော်ခတို့က ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း
အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။
မေး ။     ။ ပြည်ပက ပြန်လာတဲ့သူတွေ ရှိတယ်။ မကြာခင်ကပဲ ကိုသောင်းထွန်းတို့၊ ကိုမိုးသီးဇွန်တို့ တွေ့ကြတယ်။ နောက် ၈၈ မျိုးဆက်အုပ်စုရှိတယ်။ သူတို့တွေဆိုရင် လွန်ခဲ့တဲ့ NLD စဖွဲ့ကတည်းက အဖွဲ့ဝင်တွေ မဟုတ်သော်လည်းပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသုက္ခတွေ ရောက်ခဲ့တဲ့ကာလတွေမှာ စိန်ခေါ်မှုကာလတွေမှာ NLD ကို အမြဲတမ်း ၀န်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အခုလိုပွင့်လာတဲ့ NLD ဘယ်လိုလဲလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခုကာလမှာ သူတို့တွေရဲ့ အားကို ဘယ်လို ယုံကြည်ပြီး သုံးမှာလဲ။

ဖြေ ။     ။ ကျနော်တို့သဘောထားက NLD ထောင်လာနိုင်တယ်ဆိုတာ ဒီ ၈၈ က ကျောင်းသားစုတွေရဲ့ ကိုယ်ကျိုးစွန့် သက်စွန့်ကြိုးပမ်းမှုကနေ ရလာတာ ဖြစ်တယ်လို့ ကျနော်တို့ လက်ခံထားတယ်။ ဒီနေ့၊ ဒီရက်တွေထဲမှာ အခုသူတို့လည်းပဲ သွားလာလုပ်ကိုင်နေတဲ့ အပိုင်းမှာ အဖွဲ့အစည်းလို ပါတီမဖွဲ့ဘူးပေါ့။ အခုလို ငြိမ်းချမ်းရေးအတွက် ဆိုပြီး သွားတယ်။ သူတို့ တပြည်လုံးသွားတယ်။ တပြည်လုံးက အားလုံးကို ချစ်ကြည်ရင်းနှီးစွာ လက်ခံကြတယ်။
ကျနော်တို့ကတော့ NLD အခု ညီလာခံ ကျင်းပဖို့အတွက် NLD ပါဝင်တဲ့ပုဂ္ဂိုလ်တွေ လာချင်တယ်ဆိုရင်လည်း ကျနော်တို့ ဖွင့်ထားတယ်ပေါ့။ လာကြပေါ့။ မလာဘဲနေပြီးတော့ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူတို့ဟာသူတို့ သီးခြားလုပ်ချင်တယ်ဆိုလဲ ဒါ သူတို့ရဲ့ Right လေ။ အခု ၈၈ မျိုးဆက်လုပ်နေတဲ့ အပိုင်းမှာတော့ ဒီနေ့လုပ်ကိုင်တဲ့ အားလုံးသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ပြည်သူလူထုထဲမှာ ၀င်ပြီးတော့ မှန်မှန်ကန်ကန် လုပ်နေတဲ့ဟာသည် ဘာမှ အငြင်းပွားစရာ မရှိဘူး။
မေး ။     ။ ၈၈ မျိုးဆက်အုပ်စုတို့၊ ကိုကိုကြီးတို့က NLD ၀င်လာမယ်ဆိုရင်ရော ၀င်လာလို့ ရမလား။
ဖြေ ။     ။ ရတယ်။ အချိန်မရွေး ၀င်လာလို့ ရတယ်။ NLD ၀င်လာမယ်ဆိုရင် လက်ခံတယ်။ သူတို့တင် မဟုတ်ဘူး။ ဟိုနေ့ကလာတဲ့ သူတွေ (ပြည်တော်ပြန်များ) ကိုလည်း ကျနော့်ကို မေးတယ်။ ကျနော် ကောင်းကောင်း ပြောလိုက်ပါတယ်။ သူတို့စိတ်ထဲမှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နားလည်တာမှ ကောင်းကောင်း နားလည်တယ်။ ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေသည် နိုင်ငံခြားကို သွားရတာဟာ သွားချင်လို့ သွားတာမဟုတ်ဘူး။ ဒီမှာ သူတို့ဆောင်ရွက်ချင်တဲ့ ကိစ္စအ၀၀ကို ဒီမှာ လုပ်တာ အန္တရာယ်ရှိကောင်း ရှိမယ်။ သူတို့ ဒီမှာလုပ်တာထက် ဒီထက်လုပ်လို့ကောင်းတဲ့ နေရာရှိရင်ရှိမယ်။ သူတို့သွားတာ သူတို့စေတနာသည် စေတနာအမှန် ရှိတယ်ဆိုတာကိုတော့ ကျနော်တို့က သိပြီးသား လက်ခံပြီးသား။ သူတို့သွားပြီး လုပ်ကိုင်နေတဲ့အတွက် ဟိုမှာ တော်တော့်ကို ကြိုးစားပမ်းစား ဆင်းဆင်းရဲရဲ လုပ်ရတယ်။ သူများနိုင်ငံမှာ လုပ်တယ်ဆိုတာက အင်မတန် ဆင်းရဲပါတယ်။ မျက်နှာငယ်ပါတယ်။ နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ ဒါတောင်ကျနော်တို့ အရှိန်အ၀ါနဲ့ သွားတာတောင် ဆက်ဆံရေးမှာ သိပ်ပြီးတော့ ဘ၀င်ကျတာတွေ မရှိပါဘူး။ အဲတော့ ဒီလို ပုဂ္ဂိုလ်မျိုးတွေဆို ကျနော် သဘောပေါက်တယ်။ ခင်ဗျားတို့ လုပ်ကိုင်တဲ့အခါ အတွေ့အကြုံ ပညာအရည်အချင်း တချို့လည်း ဟိုမှာ ပညာသင်ကြားတာတွေ ရှိမယ်။ ဒါတွေ အားလုံးဟာ ပြန်လာပြီးတော့ အသုံးချမယ်ဆိုရင် အသုံးချလို့ ရတယ်။ NLD ထဲမှာ လာမယ်ဆိုရင်လည်းလာ။ သို့သော် ဒီမိုကရေစီရအောင် သူတို့လုပ်ချင်တယ် ဆိုရင်လည်း လုပ်။ လုပ်ခွင့်ရှိတာပေါ့။
မေး ။     ။ NLD ပါတီက သူတို့ကို ကမ်းလှမ်းတာတွေ၊ စကားပြောတာတွေ ရှိခဲ့ဖူးလား၊ ကိုကိုကြီးတို့ အုပ်စုတွေ၊ အပြင်က အုပ်စုတွေနဲ့။
ဖြေ ။     ။ အခုအချိန်နဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးနဲ့ မင်းကိုနိုင်ကတော့ NLD ၀င်မယ် ပြုမယ်ဘာမယ်၊ ဒါကတော့ မသိသေးဘူး။ ဒါကတော့ မကြားမိသေးဘူး။ ဒါကတော့ သူတို့လည်း မပြောဘူး ကျနော်တို့လည်း မပြောဘူး။ သို့သော် သူတို့ အခုရောက်ခါစမှာ ရှိနေတဲ့ NLD နဲ့ပတ်သက်တဲ့ လုပ်ကြောင်း အားလုံး ပင်ပန်းခံပြီးတော့ သူတို့ လုပ်ခဲ့တာကြောင့်မို့လို့ အဲဒီအပေါ်မှာ လေးစားတဲ့ အနေနဲ့ ၀ိုင်းဝန်းပြီးတော့ ရောက်တဲ့နေရာမှာ NLD ရှိတဲ့အနေထားက လူတွေနဲ့ပေါင်းစပ်ပြီးတော့ တပေါင်းတည်း လုပ်ကူနေတဲ့ဟာတွေတော့ ကျနော်တို့ ဒါရှိနေတာတော့ အမှန်ပဲ။ နယ်တွေမှာတော့ သွားပြီးလုပ်နေတာတော့ အမှန်ပဲ။
မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ အန်ကယ်အပါအ၀င် အပြင်က လူတွေ၊ အဖွဲ့အစည်းတွေအပေါ်မှာ အန်ကယ်တို့ ဘယ်လို သဘောထားရှိလဲ။
ဖြေ ။     ။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စရပ် အ၀၀ကို ၀ိုင်းဝန်းဆောင်ရွက်မယ့် ဆိုတဲ့အနေအထားနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ တကယ်စစ်မှန်တယ်ဆိုရင်၊ ယုံကြည်သေးတယ်ဆိုရင်ဖြင့် ကျနော်တို့အဖွဲ့က Welcome လုပ်တယ်။ ကျနော်တို့ကတော့ ခင်ဗျားတို့လာမယ်ဆိုရင် ခင်ဗျားတို့အားကို အများကြီးမျှော်ကိုးတယ်။ ခင်ဗျားတို့က အတွေ့အကြုံတွေ အများကြီး ရှိတယ်။ လူလတ်ပိုင်းတွေ တော်တော်များတယ်။ လုပ်ပေးမယ်ဆိုရင် ကျနော်တို့က Welcome ။ ဒါနဲ့ ပတ်သက်ပြီး အားလုံးကို ကျနော်တို့က နောက်ဆက်လာမယ့် ပုံသဏ္ဍန်အနေထားမှာတော့ ရှိတော့မှာ မဟုတ်ဘူးလေ။ နောက်ကျန်မယ့်လူနဲ့ ဆက်လုပ်မယ့်အပိုင်းမှာ လုပ်နိုင်တဲ့အတိုင်းအတာတွေရှိရင် လုပ်ကြ၊ လုပ်ပေးကြပေါ့။ မပစ်ပယ်ဘူး။
မေး ။     ။ ဒီနေ့ တိုင်းပြည်မှာ ဆင်းရဲချမ်းသာပဲ ရှိတယ်။ ကြားမှာ အလယ်အလတ် မရှိဘူး။ ဆိုတော့ အဲဒီလို တိုင်းသူ ပြည်သားတွေရဲ့ ဖူလုံရေး၊ စီးပွားရေးအရ NLD က ဘယ်လောက်ပြင်ထားလဲ။
ဖြေ ။     ။ ကျနော်တို့ရဲ့ စီးပွားရေး ပေါ်လစီနဲ့ပတ်သက်တဲ့ Economic Statement တခု ကျယ်ကျယ်ကြီးကို ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ရေးသားပြီးပြီ။ အခု အိုဘားမာက Sanction တနှစ်လျှော့ပေးတယ်။ ဒီ Sanction ကို Lift လုပ်တော့မယ့် သဘောဘဲ။ တနှစ်ပြောပြော၊ နှစ်နှစ်ပြောပြော စပြီး လုပ်တယ်ဆိုရင်တော့ ဒါ လုပ်တာပဲ။ သူတို့မှာ တခုရှိတာက ဒါပြင်ထားတာသည် ကွန်ဂရက်က ပြင်ထားတာဖြစ်တဲ့အတွက် ကွန်ဂရက်ကို သဘောထားယူရမှာ ဖြစ်တယ်။ ကျနော်တို့ကတော့ စီးပွားရေးနဲ့ ပတ်သက်တာ အားလုံးကို Investment လုပ်မယ်၊ နောက်ပြီး Business လာမယ်။ ဘာမှ ကျနော်တို့ ပြောစရာ မလိုဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ မကန့်ကွက်ဘူး။
မေး ။     ။ လွှတ်တော်ထဲ NLD ပါတီရဲ့ အခြေအနေက ဘယ်လိုလဲ။ အားရလား။
ဖြေ ။     ။ ကျနော်တို့ကတော့ လွှတ်တော်ထဲမှာ အတားအဆီး မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကတော့ သူဟာ သမ္မတကြီးနဲ့ အလုပ်လုပ်လို့ ရတယ်၊ ဒါပေမယ့် ဒီနေ့အထိ အစိုးရနဲ့ အလုပ်လုပ်လို့ ရတယ်လို့တော့ မပြောသေးဘူး။ ဒီလိုတော့ ရှိသေးတာပေါ့။ သို့သော် အခု လောလောဆယ်လုပ်နေတဲ့ Process မှာတော့ ကျနော်တို့ တင်ခွင့်ရှိတယ်၊ ပြောခွင့် ဆိုခွင့်ရှိတယ်၊ လူပ်ရှားခွင့် ရှိတယ်။ သူ့ကို ရေးရာကော်မတီ အဓိကပေးတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ ပွင့်လင်းမယ့် သဘောဆောင်တယ်။
မေး ။     ။ နိုင်ငံရေး လေ့လာသူတွေကြားထဲမှာ သုံးပွင့်ဆိုင်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းရယ်၊ သမ္မတကြီး ဦးသိန်းစိန်ရယ်၊ ဒီ ၃ ယောက်ရဲ့ ဒိုင်ယာလော့ဂ်က တိုင်းပြည်ရဲ့ Stabality … အဲဒီ ၃ ယောက်က အရေးကြီးတယ်လို့ ပြောတယ်။
ဖြေ ။     ။ ကျနော်တို့ မြင်နေရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ ပတ်သက်တာက မဏ္ဍိုင်ပြုပြီးတော့ ပိုမိုညှိနှိုင်းဖြေရှင်းအောင် လုပ်နိုင်မလားဆိုတဲ့ အတွေးအခေါ်တခုကတော့ ဒီလိုရှိတယ်။
မေး ။     ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နိုင်ခဲ့တယ်။ ဆိုတော့ သဘောက ၂၀၁၅ မှာ NLD ပါတီက နိုင်ဖို့သေချာပြီလား။
ဖြေ ။     ။ ဒီလိုပြောလို့ မရသေးဘူး။
မေး ။     ။ ဘာကြောင့်လဲ။
ဖြေ ။     ။ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့်လူတွေက သူတို့ကိုမုန်းတယ်ဆိုတာ သူတို့လည်း သူတို့ဟာသူတို့  အကြောင်းရှာပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာလုပ်ရမလဲဆိုတာ သူတို့လည်း စဉ်းစားမှာပေါ့။ ဒါက လူ့သဘာဝပဲ။ ကျနော်ရှုံးနေတယ်။ ဘာကြောင့် ရှုံးတာလဲ စဉ်းစားရမှာပဲ။ ငါ့ကို သဘောမကျတာ ဘာတွေလဲ။ အဓိပ္ပာယ်က ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ လူတွေပေါ်မှာ ငါတို့ဟာ ပိုပြီးတော့ မလျော်သြဇာတွေ သုံးနေတာလား၊ အနိုင်ကျင့်နေတာလား၊ လက်နဲ့ အနိုင်ကျင့်တာလား၊ ဒါမှမဟုတ် စီးပွားရေးနဲ့ အနိုင်ကျင့်လား။ ဆိုပါစို့ လယ်ယာတွေနဲ့ ပတ်သက်လို့ မတရားသိမ်းလို့ လူတွေက မကျေနပ်ဖြစ်တာလား။ သူတို့ဟာ သူတို့လည်း ပြန်ပြီးတော့ ရှာဖို့ အချိန်တွေ ရှိတယ်။ အဲဒါကြောင့်မို့ သူတို့လည်း ရှာနိုင်သမျှ ရှာဖို့လိုတယ်။ ကုစားရမယ်။
သို့သော် တခုတော့ ရှိတယ်။ ကျနော်တို့နဲ့ ပတ်သက်လို့ သူတို့နဲ့ယှဉ်ရင် သူတို့ဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် အာလုံးမှာ အများကြီး တောင့်တဲ့အတွက် သူတို့က ငွေရေးကြေးရေးနဲ့ သုံးမှာဖြစ်တဲ့အတွက် မသိနားမလည်တဲ့ သူများတွေအပေါ်မှာလည်း ဒီအကြောင်းပြုပြီးတော့ လုပ်ငန်းပြ စည်းရုံးထားပြီး အဲဒီစည်းရုံးရေး အင်းအားစုကို ရအောင်ယူဖို့ သူတို့ကြိုးစားမယ်။ ဒါတွေကတော့ ရှိမှာပဲ။ ဒါကြောင့်မို့ ကျနော်တို့က ကြိုးစားရမယ်။ နိုင်အောင်တော့ လုပ်မှာပဲ။ တခုရှိတာက အရင်တုန်းက ကျနော်တို့ ယှဉ်ပြိုင်ရတယ်ဆိုတာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ပဲ လုပ်ရတာ။ တပါတီပဲ။ အခုက များလာပြီ။ ဒါကို ပြိုင်ရမယ့်နေရာမှာ ကျနော်တို့ဟာ ရှိသမျှခွန်အားကို သေချာစည်းရုံးပြီးတော့ လုပ်ငန်းပြပြီးတော့ လုပ်နိုင်မှ။ အရင်တုန်းက ပြနေတဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်တာလေး၊ ဥပဒေနဲ့ပတ်သက်လို့ ကာကွယ်ပေးတာ အဲလောက်နဲ့ မရဘူး။
မေး ။     ။ ပြောချင်တာက ၂၀၁၅ က NLD အတွက် တကယ့် စိန်ခေါ်မှုကြီး  ဆိုပါတော့။
ဖြေ ။     ။ ဒါပေါ့။ စိန်ခေါ်မှုကြီး။
မေး ။     ။ NLD ပါတီကို နှစ်ပေါင်း၂၀ လောက် ခေါင်းဆောင်လုပ်ခဲ့တဲ့ အန်ကယ့်မှာ သံသယသံလေးတွေကြား နေရသလိုပဲ။
ဖြေ ။     ။ သံသယတောင် မဟုတ်ဘူး။ ဆဲနေတာ။ အဲဒီတော့ အရေထူတယ်။ ကျနော်က ပြန်မေးချင်တာက အဲဒီဆဲတဲ့ကောင် မင်းရော ဘယ်လောက်လုပ်လို့လဲလို့ မေးလိုက်မယ် တခွန်းတည်းပေါ့။ ကျနော်မမေးပါဘူး။ ကျနော် ပြောလိုက်တယ် မင်းတို့ ဘယ်လောက်ပြောပြော တံခါးဖွင့်ထားတယ်။ မင်းတို့လာခဲ့ကြ။
မေး ။     ။ ၂၀၁၅ အတွက် အန်ကယ်တို့ ဘာတွေ ပြင်ထားလဲ။
ဖြေ ။     ။ အခု အခြေခံအားဖြင့် အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီရအောင် ဒီမိုကရေစီနဲ့ ညီတဲ့ အဖွဲ့အစည်းတခု လူထုလက်ခံနိုင်အောင် အဲဒါကို ကျနော်တို့ ရနိုင်သမျှ တည်ဆောက်ပြီးတော့ လူထုထဲဝင်နိုင်သမျှ ၀င်အောင်လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အလုပ်တွေကတော့ အများကြီးပဲ။
ပြည်နယ် တိုင်းကလူတွေကိုပါ ကျနော်တို့က ပညာတိုးပွားအောင် ကြိုးစားလုပ်ပေးပြီးတော့ တချို့ဒီထဲကနေပြီးတော့ တော်တဲ့သူတွေကို ကျနော်တို့က လွှတ်လွှတ်ပြီးတော့ ပညာသင်ပို့တယ်။ နောက် ဒီမှာလည်း Workshop တွေ လုပ်တယ်။ တခါတလေ တခြားနေရာတွေမှာ လုပ်တယ်။ သူတို့ကို ပညာပေးတယ်။ လာမယ့်နှစ်မှာ သူတို့လည်း ထိုက်သင့်အားလျှော်စွာ ပါဝင်နိုင်အောင် ကျနော်တို့က ပေးနေတာတွေ အများကြီး ရှိတယ်။ အဲတော့ ဒီဟာက တခါတည်းနဲ့ မပြီးဘူး။
သူတို့ကို သူတို့ကလည်း လာမယ့်နှစ်မှာ လုပ်နိုင်အောင်ဆိုပြီးတော့ လူငယ်တွေကို ဖွင့်ပေးလိုက်ပြီးတော့ အဲဒီလူငယ်တွေ များများလာနိုင်အောင် အခုက သင်တန်းတွေပေး၊ လွှတ်တဲ့သူလွှတ်။ အခုလည်းပဲ ကျနော် အမှန်အတိုင်းပြောမယ်၊ ဒါတွေပြီးသွားရင် လူငယ်ညီလာခံ လုပ်မှာဘဲ။ ညီလာခံလုပ်တဲ့အခါ သူတို့က အထူးခြားဆုံး အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက ပါဝါဖြစ်တဲ့အတွက်ကြောင်မို့ အခု အခြေခံညီလာခံ လုပ်တဲ့အထဲမှာ အမျိုးသမီးကတော့ ကျနော်တို့အမျိုးသားနဲ့ အတူတကွ တပေါင်းတည်း လုပ်ကြတာ။ သို့သော် လူငယ်လို့ သတ်သတ်သီးခြားဖွဲ့ပြီးတော့ သူတို့ကို ညီလာခံ ကျင်းပနိုင်အောင် သူတို့ဟာသူတို့ လုပ်နိုင်အောင် ကျနော်တို့က စည်းမျဉ်းတွေ ချပေးမယ်။
မေး ။     ။ NLD ပါတီက Instituional building ကို သွားနေတယ်လို့ ကျနော်တို့ နားလည်တယ်။ အရင်က NLD ပါတီသည် လူပုဂ္ဂိုလ် တဦးတယောက်ကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLD ပါတီဟာ မရှိဘူးဆိုပြီးတော့ ပြောကြတာရှိတယ်။ အဲဒါတာတွေကို ဘယ်လို ပြင်ကြမှာလဲ။
ဖြေ ။     ။ အခုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ ၀င်ပြီး လာပြီး လုပ်ကိုင်နိုင်မယ့် သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့အတွက် သူ့ခေါင်းထဲမှာ ရှိတယ်။ သူစဉ်းစားထားတယ်။ ကျနော်တို့လည်း စဉ်းစားထားတယ်။ အဲဒါကြောင့်မို့လို့ Personality နဲ့ လုပ်တဲ့ Politics က မမြဲပါဘူး။ ခင်ဗျား ယူဂိုစလပ်နဲ့ပတ်သက်ပြီး မာရှယ် တီးတိုး ရှိတုန်းက ကွန်မြူနစ်ပါတီတခုလုံး စည်းလုံးတယ်။ တီးတိုးလည်း သေရော ကွဲတာပဲ။ မော်စီတုန်း သေတဲ့အခါ အခု ပြဿနာတွေ အများကြီးပေါ်တာပဲ။ One party rule ပဲ။ တယောက်တည်းကိုင်တာ။ ကျနော်တို့ သဘောပေါက်ပြီးသားပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်တွေကို သိပ်ပြီး ပညာပေးနေတာ၊ လူငယ်တွေကို မွေးထုတ်ပေးနေတာ။ အခုမွေးထုတ်နေတာမှာ သူကျေနပ်ရလောက်အောင် သူမွေးထုတ်နေတာပဲ။ ဒါပဲ။
မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် လွတ်ခါစက သူမှတ်မှတ်ရရ ပြောတဲ့စကားတခွန်း ရှိတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်မယ်တဲ့။ ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ဆိုရင် သူက ပြည်သူ့အသံကို အခုအချိန်အထိ နားထောင်နေတုန်းပဲလား။ ပြည်သူ့အသံကို နားထောင်နိုင်မယ့် အင်အားရှိရဲ့လား။
ဖြေ ။     ။ နားထောင်တယ်။ နားထောင်တဲ့ အင်အားလည်း ရှိပါတယ်။ ခင်ဗျားကြည့်လေ အပြင်မှာ သွားတာနဲ့ ပတ်သက်လို့ သူ့ကို လက်ခံကြတယ်ဆိုတာက သာမန်ခေါင်းဆောင် တယောက်အနေနဲ့ လက်ခံတာမှ မဟုတ်ဘဲကိုး။
မေး ။     ။ ၂၀၁၅ မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်မယ်လို့၊ အုပ်ချုပ်နိုင်မယ်လို့ အန်ကယ်တို့ ယုံကြည်လား။
ဖြေ ။     ။ ၀ိုင်းပြီး ကူညီခြင်းအားဖြင့် ခေါင်းဆောင်ကောင်း ဖြစ်အောင်တော့ ကျနော်ပြောမယ် သူဟာ တချိန်သောအခါမှာ ဒီမှာရှိတဲ့ စစ်တပ်တခုလုံးသည် သူမကိုယုံကြည်အားကိုးသော တပ်မတော်တခုအထိ ရောက်ရှိလာမယ်ဆိုတာကို ကျနော်ယုံတယ်။     ။
ဧရာဝတီ

သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်း တရားစွဲမည်

ရန်ကုန်မြို့ရှိ ဂျာနယ် အရောင်းဆိုင် တခုကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှုကျူးလွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက်
တရားစွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“တရားရုံးက အမှုကိုစစ်နေဆဲ၊ အဆုံးအဖြတ် ဘာမှမလာသေးဘူး။ အဲဒါကို မီဒီယာက ဘယ်သူဟာ ဘာပြစ်မှုကို ကျူးလွန်တယ်၊ ဘာအပြစ်ရှိတယ်လို့ ရေးတာဟာ တရားရုံးအလုပ်ကို အနှောက်အယှက် ပေးရာကျပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း တရားလွှတ်တော်ကလည်း အဆိုပါ ဂျာနယ်နှစ်စောင်အား တရားစွဲဆိုသည့် အမှုကို လက်ခံထားကြောင်း၊ မကြာမီ ဆင့်ခေါ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။
ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပါတီအောင်နိုင်ရေးတာဝန်ကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲရုံတချို့တွင် ဖယောင်းသုတ်ကာ မဲမသမာမှုများရှိသည့်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကော်မရှင်က မမှန်မကန် သတင်းပေးသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသူဖြစ်သည်။
အဆိုပါ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ပြည်မြန်မာနှင့် Messenger ဂျာနယ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြည်မြန်မာဂျာနယ်သို့ ဆက်သွယ်၍ မရခဲ့ပေ။ Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင်ကမူ တရားစွဲဆိုမှုကို မသိရှိကြောင်း ပြောသည်။
ဧရာဝတီ

မော်လမြိုင်ထောင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ


စံခလပူရီ (မဇ္ဈိမ) ။      ။ မွန်ပြည်နယ်၊ မော်လမြိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်များ ချမှတ်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်
 နိုင်ငံသား ၈၂ ဦးအနက် ၄၃ ဦးကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

“မနေ့က မနက် ၆ နာရီခွဲလောက်မှာ လွှတ်ပေးလိုက်တယ်။ အခုလွှတ်လိုက်တာက ပထမ အသုတ်၊ နောက်ထပ် လွှတ်ပေးဖို့ ရှိသေးတယ်” ဟု မော်လမြိုင် အကျဉ်းထောင်နှင့် နီးစပ်သူ ကိုမင်းထွန်း က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် စက်လှေဖြင့် ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် စက်ချွတ်ယွင်းမှုကြောင့်မြန်မာနိုင်ငံ တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာ မြို့နယ်ခွဲ၊ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်ရာမှ ဖမ်းဆီးခံရ ကာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ဇွန်လ ၁၉ ရက်နေ့က ထောင်ဒဏ် တနှစ်စီ ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင်သို့ အပို့ခံရသူများ ဖြစ်သည်။


၎င်းတို့မှာ သမ္မတ၏ စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား ၅၁၄ ဦးတွင် ပါဝင်ကြသည်။

လွတ်မြောက်လာသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မော်လမြိုင်ထောင်မှတဆင့် ရွှေစင်စကြာ
 မော်တော်ယာဉ်ဖြင့် ပဲခူးတိုင်း၊ ပြည်ထောင်သို့ ပို့ဆောင်ခဲ့ရာ နေ့လည်ပိုင်းတွင် ပဲခူးမြို့သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲ တနာရီခန့်တွင် ကားပြောင်း ကာ ပြည်သို့ ထွက်ခွာသွားခဲ့သည်ဟု မျက်မြင်တဦး ဖြစ်သည့် ပဲခူး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဂျမား က ပြောသည်။

ပဲခူးတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ အကြောင်းကြားမှုဖြင့် ပဲခူးမြို့ရှိ အစ္စလာမ် ဘာသာရေးအဖွဲ့က လွတ်မြောက် လာသည့် အကျဉ်းသားများအား အကူအညီ ပေးခဲ့သည်ဟုလည်း သူက ပြောသည်။

“စားရေး သောက်ရေး အခက်အခဲ ရှိတယ် ဆိုတဲ့အကြောင်း၊ ကူညီနိုင်ရင် ကူညီပေးပါ ဆိုပြီး ပဲခူးမှာ ရှိတဲ့ အစ္စလာမ် သာသနာကို လှမ်းပြီး အကြောင်းကြားတယ်။ သူတို့ကလည်း လက်ခံတယ် ဆိုတော့ ကျနော်တို့ကလည်း ထမင်းဗူး၊ရေသန့်ဗူးတွေကို ကူညီပေးပါတယ်” ဟု ကိုဂျမား က ပြောသည်။

၎င်းတို့ကို ပြည်မြို့ အကျဉ်းထောင်တွင် သုံးရက်ကြာ ထားရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းခွင့်ဖြင့် လွတ်မြောက်လာသည် အကျဉ်းသား ၅၁၄ အနက် ၃၉၉ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ပြီး လဝက ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ချခံရသူများ ဖြစ်ကာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ကော့သောင်း အကျဉ်းထောင်တွင် ဖမ်းဆီးထောင်ချခံနေရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် လေးကြိမ် ထုတ်ပြန်ခဲ့ရာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၆၅၆ ဦး၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၆၅၁ ဦး၊ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ တွင် ၈၃ ဦးနှင့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ၅၁၄ ဦး ပါဝင်သည်။
မဇ္ဈိမ

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်


ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ်သော
ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေစိုက် KNO က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သမ္မတ က ဒီကချင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဥပဒေအရ လုပ်တယ် ဆိုတော့ ဒါက ဘယ်ဥပဒေမှ မတွေ့ပါဘူး။ လူတွေကို နှိပ်စက်တာ၊ သတ်တာတွေက ဘယ်ဥပဒေမှာမှ လုပ်နိုင်တယ်ဆိုတာ မရှိဘူး။ နောက် KIO က စစ်မရပ်လို့ သူတို့က ခုခံစစ် တိုက်ရတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ စစ်တပ်တွေ ရှိရှိသမျှ ကချင်ပြည်မှာ တိုက်နေတာ။ ပို့နေတာ ဖြစ်တယ်” ဟု KNO ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် က မဇ္ဈိမကို ပြောသည်။
SAM
ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော် (ဓါတ်ပုံ မဇ္ဈိမ)

ထိုသို့ ပြောဆိုနေခြင်းသည် သမ္မတအနေဖြင့် မြန်မာပြည်သူများအား တန်ဖိုးမထားခြင်းကို ထုတ်ဖော်လိုက်ခြင်းနှင့် စစ်ပြေးဒုက္ခသည်များကို လျစ်လျူရှု့ရာ ရောက်ကြောင်း ကြာသပတေးနေ့ထုတ် KNO ကြေညာချက်တွင် ပါရှိသည်။  

“သမ္မတ ဦးသိန်းစိန် မှားတာ မဟုတ်ဘူး။ KIO လည်း မှားတာ မဟုတ်ဘူး။ မှားတာက အခြေခံဥပဒေကိုက မှားနေတယ် ဆိုတော့ အဲဒီအခြေခံဥပဒေကို ပြုပြင်မှုမှတပါး ကျနော်တို့မှာ ဆေးမရှိဘူး။ အဲဒါကို ပြောချင်တာပါ။ အခြေခံဥပဒေ မှားနေတာကို အတူနေဖို့ဆိုတာ မလွယ်တော့ အမြဲတမ်းပဲ တိုက်ပွဲဖြစ်မှာပဲ” ဟု ဒူဝါ ဘောမ်ဝမ် လရော် က ဆိုသည်။

အစိုးရတပ်များမှာ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်လက်နက်အင်အားများ ဖြည့်တင်းနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ်၊
မြစ်ကြီးနား-ဗန်းမော်လမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောဆိုသွားသည်။

KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ဇွန်လ ၂၈ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးနောက် KIO နှင့်အတူ ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ဖွဲ့စည်းခဲ့သော်လည်း KIO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ဖွဲ့သဘောထား
ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာ မှ ထိုင်း၊ အမေရိကန်၊ ဂျာပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ တိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

လွန်ခဲ့သည့်နှစ် ဇွန်လက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေနှင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံမည့် ရက်နှင့်နေရာကို နှစ်ဘက် ညှိနှိုင်း၍မရသေးဘဲ ဖြစ်နေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အမေရိကန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး ဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း KIO နှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ဆိုသည်။
မဇ္ဈိမ

အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ် က ပြောသည်။

“ဒီလက်နက်ဟာ အစွန်းရောက်တွေ ထကြွနေတဲ့ မြန်မာနိုင်ငံကနေ မော်ဝါဒီတွေ လက်ထဲကို ရောက်လာတာဖြစ်တယ်” ဟု ဂျာရ်ခန်း ရဲညွှန်ချုပ် G S Rath က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

အိန္ဒိယနယ်စပ် မြန်မာနယ်မြေတွင် အိန္ဒိယခွဲထွက်သူပုန် ၁ဝ ဖွဲ့ခန့် ခိုလှုံနေထိုင်ကြသည်ကို ရည်ညွှန်းပြောဆိုလိုက်
ခြင်း ဖြစ်သည်။
The Red Corridor ver 1သြဂုတ်လ ၂၉ ရက်နေ့က တောတွင်းတနေရာမှ ဖမ်းဆီးရမိခဲ့သည့် ဒေသတွင်း မော်ဝါဒီ သူပုန်ခေါင်းဆောင်တဦးနှင့် လက်နက်ထောက်ပံ့သူတဦးတို့အား စစ်ဆေးမေးမြန်းရာမှ အဆိုပါ နိုင်ငံခြားလက်နက်များရရာ လမ်းကြောင်းကို သိရှိခဲ့ရပြီး ထိုလမ်းကြောင်းကိုမူ သတင်းထောက်များအား ရဲညွှန်ချုပ်က ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ယခင်ကလည်း ဤသို့ နိုင်ငံခြားဖြစ် သေနတ်များကို မော်ဝါဒီ သူပုန်များထံမှ ရရှိခဲ့ဖူးကြောင်းလည်း ၎င်းကထည့်သွင်း

ပြောကြားသွားသည်။

ကြာသပတေးနေ့က တမူးမြို့တွင် မြန်မာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြန်လာသည် မဏိပူရပြည်နယ်၊ ချန်ဒယ် ခရိုင် ရဲမှူးကြီး E Priyo Kumar နှင့် ကိုယ်ရံတော်အဖွဲ့အား မြန်မာနယ်စပ်နှင့် ၃ မိုင်ခန့်အကွာတွင် သူပုန်များက ဗုံးခွဲတိုက်ခိုက်ရာ ကိုယ်ရံတော် ခုနှစ်ဦး ဒဏ်ရာရရှိသွားပြီး အပြန်အလှန်ပစ်ခတ်မှုများ တနာရီခန့်ကြာ ပြင်းထန်စွာ
ဖြစ်ပွားခဲ့ရသည်ဟု မဏိပူရမှ ပေးပို့သော Indian Express သတင်းတရပ်တွင် ပါရှိသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဟု စွပ်စွဲမှု မရှိသေးသော်လည်း ထိုနယ်မြေတွင်
ဒေသခံ ကသဲ(မဏိပူရ)သူပုန် ခြောက်ဖွဲ့ခန့် လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယ အရှေ့မြောက်ဒေသများမှ ခွဲထွက်ရေးသူပုန်အဖွဲ့များ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းနှင့် ကချင်ပြည်နယ်တို့တွင် ခိုလှုံနေထိုင်ကြကြောင်း အိန္ဒိယအစိုးရနှင့် သတင်းစာများက မကြာခဏ ထောက်ပြ
ပြောဆိုလျက် ရှိကြသည်။

မြန်မာ့မြေပိုင်နက်ထဲတွင် မော်ဝါဒီ သူပုန်များ စစ်သင်တန်း စခန်းများ ဖွင့်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ
တွေ့ရှိရပြီး ထိုစစ်စခန်းများအား မဏိပူရ ခွဲထွက် သူပုန်တဖွဲ့ဖြစ်သည့် PLA နှင့် Naxalites တို့ ပူးတွဲ စီစဉ်ခြင်း
ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့က နယူးဒေလီမြို့တော်၌ ဖမ်းဆီးရမိခဲ့သည့် PLA အဖွဲ့ဝင်
နှစ်ဦး၏ ခရီးဆောင် ကွန်ပျူတာများမှ ဖော်ထုတ်သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များကိစ္စ အမြဲတစေ
ဆွေးနွေးရလေ့ရှိသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာ ပိုင်နက်ထဲတွင် အိန္ဒိယလက်နက်ကိုင် သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားကြသည်။
မဇ္ဈိမ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes