Saturday 1 October 2011

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု အမေရိကန်ကြိုဆို

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှု ရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမဲ့ မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်လို့ ဆိုခဲ့ကြတဲ့အတွက် အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ်အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။
မနေ့ကတော့ မြန်မာသမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာထဲမှာ ဒီ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ်လို့ ဖော်ပြလိုက်တာကြောင့် ဒီအရေးအတွက် ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတက်ကြွသူတွေရော ပညာရှင်တွေရော အနုပညာရှင်တွေကပါ ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာလူထုအကျိုးစီးပွားကို ကြည့်ပြီး ပြောင်းလဲမှုအတွက် နောက်ထပ်  ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အခုလို ဆုံးဖြတ်ချက်ကို အပြုသဘော ခြေလှမ်းတရပ်အဖြစ် သတ်မှတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းက မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်အပေါ်မှာ ကြိုဆိုပါတယ်။ ဒီစီမံကိန်းဟာ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီဘူးလို့လည်း သူ့ကြေညာချက်မှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာလူထုရဲ့ စိုးရိမ်ချက်အပေါ် တုံ့ပြန်ပြီး အနိမ့်ဆုံးတော့ အမျိုးသား သင့်မြတ်ရေးဖြစ်လာစေမယ့် မြန်မာအစိုးရရဲ့ ဒီကြိုးပမ်းမှုဟာ သိသာမြင်သာပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက တွက်ဆပါတယ်။”
အခု မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာပြည်မှာ တင်းမာနေတဲ့ ပြဿနာတခုဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါကြောင့်လဲပဲ တိုင်းရင်းသားလူနည်းစုတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အပါအ၀င် မြန်မာလူထု အကျိုးစီးပွားအတွက် နောက်ထပ် အပြုသဘောဆောင်တဲ့ တိုးတက်တဲ့ခြေလှမ်းတွေ လှမ်းသွားဖို့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။
Source: VOA

"စာမျက်နှာ"


ဒီကနေ့တော့.....
စာမျက်နှာတွေကို အပြန်ပြန် လှန်လှောနေမိတယ်
ဦးတည်ချက်မရှိ/  ရည်ရွယ်ချက်မရှိ/ အကြောင်းပြချက်မရှိ
မရှိ......မရှိ......။

တစ်ချို့စာမျက်နှာတွေက ဆွေးမြေ့မြေ့ မှုန်ဝါးဝါး
တစ်ချို့ကျတော့ ကြည်လင်ပြတ်သားလို့..........။

နေပူပူ ဖုန်ထူထူ ရွာလမ်းတွေရယ်.....
ရွက်နုအေးအေး အရိပ်ပေးတဲ့
မန်ကျည်းပင်ညို့ညို့ အဖေါ်တစ်ချို့ရယ်....
မှုံ...ပြာ...ရီ...ဝေ...ဟိုးည...ည...တွေရယ်....။

ကျောင်းစာ/ အိမ်စာ/ ဘ၀စာ
နောက်... မျက်နှာတွေ... ခြေရာတွေ
မှတ်မှတ်ရရ စကားလုံးတွေ............။

စာမျက်နှာဆိုပေမယ့် စာတစ်အုပ်တော့မဟုတ်ဘူးကွဲ့
ဒါပေမယ့်... စာဖတ်လို့ရတယ်။

တစ်ချို့က အဲဒီစာမျက်နှာတွေကို
လောင်ကြွမ်းခြင်းနှင့် အဆုံးသတ်တဲ့ ဆေးတလိပ်နှင့်နှိုင်းတယ်
တချို့ကျတော့ အလင်းနှင့်ဆုံးတဲ့ ဖယောင်းတတိုင်နှင့် ခိုင်းတယ်
ငါကတော့ စာမျက်နှာကို စာမျက်နှာအတိုင်းဘဲထားတယ်........။

ဒါပေမယ့်......
ငါပိုင်ဆိုင်တဲ့ အဲဒီစာမျက်နှာတိုင်းတော့
ငါ မပိုင်ပြန်ဘူး.....
နိုင်ငံရေးဆန်ဆန်ပြောရလျှင်
တစ်ချို့ကို ကိုလိုနီ အပြုခံခဲ့ရတယ်.....။

အဲဒီစာမျက်နှာတွေပေါ်မှာ
ငါပန်ဆင်ခွင့်ရခဲ့တဲ့ ဆန္ဒနေ့စွဲအချို့တွေရှိတယ်
တစ်ခါတရံမှ ထ လမ်းလျောက်တတ်တဲ့
နှင်းဆီမြစ်ရဲ့ ခြေတစ်စုံရှိတယ်
လေညာမှာ ဆေးခါးတွေ နေလာလှမ်းကြတဲ့
ဘိန်းနှောကုလားမတွေရှိတယ်
မိုးပေါက်တွေရွာရွာချတတ်တဲ့ ကောင်းကင်အတုတစ်ခုရှိတယ်....။

အော.... နောက်ထပ် အရေးကြီးတာတစ်ခုရှိသေးတယ်
တစ်သက်လုံး ဘယ်တော့မှ ပန်ဆင်ခွင့်ရတော့မှာ မဟုတ်တဲ့
လ  မင်း  အ  ကြွေ  တွေ  လည်း  ရှိ  တယ်.....
အခု ကဗျာရေးနေတဲ့ စာမျက်နှာပေါ်မှာ
ငါတကယ်ရေးချလိုက်ချင်တာတွေနှင့် လွဲခဲ့ရသလိုမျိုးပေါ့.....။

အင်း............
အခုတလော ဘာရယ်မသိ
ရမှတ်မကောင်းတဲ့ အိမ်စာအဟောင်းတွေနှင့်ဘဲ
ငါ့ရင်ဘတ်ကြီး ပြည့်ပြည့်နေတယ်......။
..........................................
..........................................
..........................................
လွမ်းမယ့်သာ လွမ်းရတာပါလေ.....
အဲဒီညက ကြယ်ကြွေတွေကလွဲလို့
တခြားလိုက်ကောက်စရာ
သစ်တစ်ရွက်တောင် မကြွေခဲ့ပါဘူး.......။

မောင်ရွယ်ရောက်
(၂၉ ၊ ၀၉ ၊ ၂၀၁၁)
(သမဆက်တက္ကသိုလ် စာကြည့်တိုက်တွင် ရေးသည်)

Friday 30 September 2011

မြစ်ဆုံမှသည် ထာဝရငြိမ်းချမ်းရေးသို့ (ဧရာဝတီ အယ်ဒီတာ့အာဘော်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ခြင်းကို လက်ရှိအစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားမည် ဆိုသည့် သဝဏ်လွှာ လွှတ်တော်သို့ ပေးပို့လိုက်သည်မှာ အလေးထားကြိုဆိုစရာ ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယနေ့ အလုပ်သမားရေးရာ ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရာတွင် အဆိုပါကိစ္စရပ်အား ကြိုဆိုသည်ဟု ပြောဆိုလိုက်သည်။

သမ္မတ၏ သဝဏ်လွှာပါ နံပါတ် ၅ အချက်တွင် “ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်သည့် အချက်များကြောင့် ပြည်သူတချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့ အစိုးရသည် ပြည်သူများ ရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” ဟု ပါရှိသည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အာဏာပိုင်များဘက်မှ ပြည်သူလူထု၏ တောင်းဆိုချက်ကို မည်သည့်အခါကမှ မလိုက်လျောခဲ့ သောကြောင့် ယခုလုပ်ရပ်သည် နိုင်ငံတော်၏ စီးပွားရေး စီမံကိန်းတခုအား ပြည်သူ့ဆန္ဒကိုကြည့်၍ ရပ်ဆိုင်းပေးလိုက်ခြင်း ဖြစ်ရာ သမ္မတ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု ကြိုဆို သင့်ပါသည်။

၎င်းအနေဖြင့် ယခုဆုံးဖြတ်ချက်ကို အလွယ်တကူ ချခဲ့ခြင်း မဖြစ်နိုင်ပါ။ ယင်းစီမံကိန်းမှ အတိုက်အခံပြုလာမှု၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် မျက်နှာပျက်ရမှု စသည့် တွေ့ကြုံလာနိုင်သော အခက်အခဲများအား မှန်းဆထားပြီး ဖြစ်ပေလိမ့်မည်။

သို့သော် ထို ထိုသော ရင်ဆိုင်ရနိုင်သည့် အခက်အခဲများကြားမှ ဤသဝဏ်လွှာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

သမ္မတ၏ သဝဏ်လွှာပါ အချက်များကို ထောက်ချင့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များသာမက လူ့အခွင့်အရေး ကိစ္စရပ်များကိုပါ အလေးထားကြောင်း သတိပြုမိသည်။

မည်သို့ဆိုစေ ပြည်သူလူထု၏ ဆန္ဒကို လိုက်လျောပေးလိုက်ခြင်းက ဒီမိုကရေစီနိုင်ငံသို့ ခြေလှမ်းရာတွင် အရေးအကြီးဆုံးအချက် ဖြစ်သည်ကို သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရအဖွဲ့အား မြစ်ဆံဆည်စီမံကိန်း ရပ်တံ့မည်ဟု ပြောခြင်းဖြင့် လက်တွေ့ ပြသလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် မြန်မာ ပြည်သူတို့၏ ဆန္ဒဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေးကိုလည်း မကြာမီ အကောင်အထည် ဖော်ပေးလိမ့်မည်ဟု ယူဆပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်တွင် ကတိကဝတ် ပြုထားသည်ကိုလည်း အသိအမှတ်ပြုပါသည်။

စိမ်းလဲ့ကန်သာဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံကြရာတွင်လည်း အထက်ပါ ကိစ္စရပ်များကဲ့သို့ အထူးအရေးကြီးသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ရရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သေးသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသား ဒေသများအတွင်း ထိုးစစ်ဆင်နေမှုများကို အမြန်ဆုံးရပ်တံ့ကာ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းကိုသုံး၍ အဖြေရှာသင့်ပါသည်။

မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တံ့ရေးမှသည် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိသည်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်း များနှင့်အတူ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းနှိုးဆော် အပ်ပါသည်။
Source: ဧရာဝတီ

ဒေါ်စုတို့ ဆွေးနွေးပွဲတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ငြိမ်းချမ်းရေးပါရှိ

ရန်ကုန် (မဇ္ဈိမ) ။        ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် အစိုးရမှ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး
ဆောင်ရွက်နေသည့် ကိစ္စများကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သော ရန်ကုန်မြို့ စိမ်းလဲ့ကန် သာ အစိုးရဧည့်ရိပ်သာတွင် ၇၇ မိနစ်ကြာ တွေ့ဆုံဆွေးနွေးအပြီး နှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း တည်ငြိမ်
အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက်လည်း ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။ နှစ်ဘက် ဆက်လက်၍ လည်း ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။
dasskmettuagyi
ဆွေးနွေးမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည့် ဖြေကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
မြစ်ဆုံဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသော သမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ပြည်သူရဲ့ အသံကို နားထောင်တယ် ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။
ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီး
တော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျမဒါကို ကြိုဆိုပါတယ်” ဟု သတင်းစာဆရာများကို ပြောသွားသည်။
ယနေ့အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်နှစ်ရပ်သို့ သမ္မတဦးသိန်းစိန်က သဝဏ်လွှာ တစောင်ပေးပို့ရာတွင် ပြည်သူအများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှု ရှိသည်ကို
ထောက်ပြပြီး မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဟု ပါရှိသည်။

တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသော စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆,ဝဝဝ ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

သမ္မတ၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုမှုများလည်း အင်တာနက်တွင် တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော် အပြင်ဘက် အဓိက အတိုက်အခံ ဖြစ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် တို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုမှု ရှိ၊ မရှိဆိုသော အမေးကို  လူမှုဝန်ထမ်းဝန်ကြီးလည်း
ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။

၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်သို့မဟုတ် အချုပ်အနှောင် ဖြင့် နေခဲ့ရသော နဒ်ါအောင်ဆန်းစုကြည်ကတော့ ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။

"ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ  ဒီမိုကရေစီစနစ်အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။

(ထုတ်ပြန်ကြေငြာချက်အသံဖိုင်ကို မဇ္ဈိမ မှာနားဆင်နိုင်ပါသည်

မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်

mm president thein sein speak
၂၀၁၁ သြဂုတ်လက နေပြည်တော်တွင် တွေ့ရသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - AP)
ဧရာဝတီမြစ်ဆုံ တည်ဆောက်ရေး စီမံကိန်းအား လက်ရှိအစိုးရ သက်တမ်းတွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က  ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။

မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို သွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။ ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်သည် ပြည်သူလူထု၏ အသံကို အလေးထားမည်ဟု ပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့် အပြင် ဤဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှု၏ ရလဒ်တခု ဟုလည်း ယူဆနိုင်ကြောင်း ဧရာဝတီရှင်သန်ရေး အဖွဲ့ကို ဦးဆောင်သူတဦး ဖြစ်သော ကိုမြတ်သူက  ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီး လူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။

ဒေါ်လာ ၃ ဒသမ ၆  ဘီလီယံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်း ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံ ပြည်သူ ၁၂၀၀၀ ၀န်းကျင်အထိ ပြောင်းရွှေ့ပေးရသည့် စီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုခဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင် ယခုနှစ် ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ပြောဆိုချက်နှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ရပ်ဆိုင်းထားမယ် ဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် တနှစ် ရပ်တာလား၊ ဘယ်လောက် ရပ်ဆိုင်းတာလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော်တို့က အပြီးအပိုင် ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးက ပြင်းပြင်းထန်ထန် ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်နေသည့် သူများကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် သမ္မတ၏ ပြောဆိုချက်အား ကြိုဆိုကြောင်း ရေးသားထားကြရာ ထိုအထဲတွင် ကာတွန်းဆရာ အော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။
Source: ဧရာဝတီ 

မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

မန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။

dassk uaungkyi
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိနေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်၊ မ၀င် သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊

“ကျမတို့က ရွေးကောက်ပွဲကို မူအရ မဆန့်ကျင်ဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံတယ်။ ဒီလိုရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်း တွေကိုပဲ ကျမတို့ ကြည့်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။

Source: ဧရာဝတီ

ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မကွေးတိုင်း  ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီးထားသည်ဟု ရဲက ပြောသည်။

“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟု
ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က  ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

“ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့ တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်း ကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ် တွဲချည်ပြီးတော့ ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ” ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏
နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေး
သော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟု ဖော်ပြထားပြီး အသက် ၃၁ နှစ်
အရွယ် ရှိသည်။

Thursday 29 September 2011

ဆန္ဒပြခွင့် ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

စုဝေး၊ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ အခွင့်အရေးများ၊ ကန့်သတ်ချက်များ ပါဝင်သည့် ဥပဒေကြမ်း အဆိုတရပ်ကို ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း အလဲဗင်းမီဒီယာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။


ယခင်လက တွေ့ရသည့် နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်များ (ဓာတ်ပုံ - ဧရာဝတီ)
“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ တန်းစီ လှည့်လည်ခြင်းတို့ကို သုံးစွဲသူတွေကြောင့် အများ ပြည်သူကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက် နစ်နာစေခြင်းတို့ကို ကာကွယ်ဖို့ ရည်ရွယ်ပြီးတော့ အသစ် ရေးဆွဲရခြင်းဖြစ်ပါတယ်”ဟု ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက လွှတ်တော်၌ ရှင်းပြခဲ့သည်ဟု ဆိုသည်။

ကိုယ်စားလှယ်တချို့၏ ပြောပြချက်အရ ဥပဒေကြမ်းတွင် စုဝေး၊ စီတန်း လှည့်လည်မည် ဆိုပါက အာဏာပိုင်များထံ ၇ ရက် ကြိုတင် အကြောင်းကြားခြင်း၊ နေရာသတ်မှတ်ခြင်း စသည့် အကြောင်းအရာများ ပါရှိကြောင်း သိရသည်။၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ဘောင်ကျဉ်းသော သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းရန် မလိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြသည်။

“ဆန္ဒပြခွင့်ပေးတယ် ဆိုတော့ ကောင်းတဲ့သဘော ဆောင်ပါတယ်၊ ဒါပေမယ့် ကန့်သတ်မှုတွေက ဆန္ဒမပြနိုင်အောင် ဥပဒေအရ တားမြစ်သလို ဖြစ်နေတယ်၊ ဥပဒေ အရပဲ တရားဝင် နှိပ်ကွပ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီ ကျင့်စဉ် ကျင့်သုံးရန်အတွက် ဥပဒေတရပ် ပြဋ္ဌာန်းခြင်းက ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊  ဆန္ဒထုတ်ဖော်မှုကို နှိပ်ကွပ်ရေးအတွက် ပြဋ္ဌာန်းမည့် သီးခြားဥပဒေ မဟုတ်ရန် အရေးကြီးကြောင်း ရန်ကုန်မြို့မှ ရှေ့နေဦးအောင်သိန်းက  ဧရာဝတီကို ပြောသည်။

“အာဏာပိုင်ဆိုတာက ငြိမ်ဝပ် ပိပြားမယ့် အရာကိုပဲ စဉ်းစားလေ့ရှိတယ်။ ဒီမိုကရေကရေစီ နည်းလမ်းတကျ  ဆန္ဒ ဖော်ထုတ် ခွင့်ပြုဖို့ ရည်ရွယ်ပြီး ဥပဒေတရပ် ပြဋ္ဌာန်းတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ဦးအောင်သိန်းက ဆိုသည်။

ယခင်က ခွင့်မပြုခဲ့သည့် ငြိမ်းချမ်းစွာ စုဝေး၊   စီတန်း လှည့်လည်ခြင်းအား မည်ကဲ့သို့သော စည်းမျဉ်း၊ စည်းကမ်းများဖြင့် ခွင့်ပြုမည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)  ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ဧရာဝတီကို ပြောသည်။

“လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဆန္ဒပြမယ့်သူတွေအတွက် ဘယ်လောက်ထိ လုပ်ခွင့်ပေးမလဲ၊ မျှမျှတတ လုပ်ဆောင်ခွင့် ရရင်တော့ အကောင်းဆုံးပါ” ဟု ဒေါက်တာသန်းငြိမ်းက ဆိုသည်။ 

နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း(၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားသည်။

အခြေခံ ဥပဒေတွင်  နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ရေးသားချက်များက ကျယ်ပြန့်ကြောင်း၊  ထိုအချက်များအား အခြေခံ၍ သီးခြားဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်ခြင်း ဖြစ်၍ ကန့်သတ်မှု တချို့ နှင့် အကာအ ကွယ်ပေးမှုတချို့လည်း ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်းရေးရာကော်မတီဝင် ဦးဘရှိန်က ဆိုသည်။

“သီးခြားဥပဒေ ပြဋ္ဌာန်းလိုက်ရင် အာဏာပိုင်တွေအတွက် ကိုင်တွယ်ရ လွယ်ကူသွားမယ်၊ ပြည်သူတွေအနေနဲ့ မိမိတို့ ဆန္ဒတွေ ထုတ်ဖော်တဲ့အခါမှာ အခြေခံဥပဒေထဲက အတိုင်း အခွင့်အရေး အပြည့်အ၀ ရစေချင်တယ်” ဟု ၎င်းက  ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က ရွှေဝါရောင် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့ ဆုတောင်းပွဲကို  ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် နော်အုံးလှက ၎င်းတို့၏ လှုပ်ရှားမှုကို ၂၀၀၈ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် အာဏာပိုင်တို့ထံ အကြောင်းကြားခဲ့ခြင်း မရှိဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးကိုကို တင်သွင်းခဲ့သည့် အဆိုအား သောကြာနေ့ လွှတ်တော်အစည်းအဝေး၌ အသေးစိတ် ဆွေးနွေး ကြမည်ဟု သိရသည်။


Source: ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြည်အောင်တို့ ထပ်တွေ့ကြည်မည်

မန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရရာနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။ 


Aung_Kyi400
ရွှေဝါရောင် လှုပ်ရှားမှုအပြီး ၂၀၀၈ ဇန်နဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တတိယအကြိမ် တွေ့ဆုံဆွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးသော်လည်း ယခင်က ဆွေးနွေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။ 

သို့သော်လည်း လေ့လာသူများက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ပါတီ မှတ်ပုံ တင်ရေး ကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။ 

ယမန်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။ 

တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။
ယင်းအတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက လွတ်မြောက်ရန် မျှော်လင့်လျက်ရှိပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ကိုဇာဂနာတို့အား လွှတ်ပေးလိုက်ပြီ ဆိုသော ကောလာဟလများ ပျံ့နှံနေသည်။ 

“မနေ့ကတည်းက အဲဒီသတင်းတွေက ပျံ့နေတာ။ အဲဒါနဲ့ မြစ်ကြီးနား အကျဉ်းထောင်ကို ဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။


Source: ဧရာဝတီ

မြန်မာ ဝေါဟာရသုံးစွဲခြင်းကို ကန့်သတ်ရန် လွှတ်တော်တွင်းကြိုးစား

ချင်းမိုင် (မဇ္ဈိမ) ။       ။ တပ်မတော်သား လွှတ်တော်အမတ်တဦးက မြန်မာဟူသည့် ဝေါဟာရကို အကန့်အသတ်ဖြင့် သုံးစွဲရန် ဥပဒေပြုနိုင်ရေး အဆိုကို ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင်မှ 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့်နေရာများတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲလာကြမည်မှာ မသင့်တော်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ ဟူသည့် စကားရပ်ကို အကန့်အသတ်ဖြင့် သုံးစွဲရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂) ၏ အဆိုတွင် "မြန်မာဆိုသည့် စကားရပ်ကို မြန်မာ တမျိုးသားလုံး၏ အမျိုးဂုဏ် ဇာတိဂုဏ်၊ မြင့်မားစေရန် အလို့ငှာ ရည်ရွယ်ဖေါ်ညွှန်းသည့် ရေးသား ထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံနှင့် တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သော မြင့်မြတ်သည့်နေရာ အသုံးအနှုန်းများတွင်သာ သုံးစွဲခွင့်ပြုရေးနှင့် အမှတ်တံဆိပ် အပါအဝင် အခြားမသင့်လျော်သော နေရာ အသုံးအနှုန်းများတွင် သုံးစွဲခွင့် မပြုစေရေး ဥပဒေ တရပ် ပြဋ္ဌာန်းရန်" ဟူ၍ ပါရှိသည်။

lotdaw99
အဆိုကို လွှတ်တော်အမတ် ခုနှစ် ဦးမှ ဆွေးနွေးရာ နှစ်ဦးမှ ကန့်ကွက်ပြီး ငါးဦးက ထောက်ခံခဲ့သည်။ ယင်းအဆိုကို နှစ်ပိုင်း ခွဲသင့်ကြောင်း လွှတ်တော် အမတ်များမှ တင်ပြကြခြင်းကြောင့် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန် အဆို"နှင့် "မသင့်တော်သော နေရာများတွင် သုံးစွဲခွင့် မပြုရေးအဆို" ဟူ၍ အဆိုနှစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

"မြန်မာဟူသည့် ဝေါဟာရကို အခြားမသင့်လျော်သော နေရာများတွင် သုံးစွဲခွင့်မပြုစေရေး" ကို လွှတ်တော်မှ မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့်ရှုံးနိမ့်ကာ လွှတ်တော်မှ ဆွေးနွေးရန် မသင့်သည့် အဆိုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်တခုဖြစ်သော "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မြင့်မြတ်သည့် နေရာ ဆိုသည်မှာ မည်သည့် နေရာကို သတ်မှတ်သည်ကို လွှတ်တော်တွင် ထပ်မံ ဆွေးနွေးကြဦးမည် ဖြစ်သည်။

အာဆီယံ ညီလာခံတွင် အမေရိကန်နှင့် ရုရှ သမ္မတတို့ တက်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်
နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏
နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီး အစည်းအဝေးတွင်မူ သမ္မတ
အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။



မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှား
နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်း
မြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။

ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်း ထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။

The-Buddha-images-perverted-by-muslimစစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

Source: Burma News International 

စက်ရုပ် ရိုက်ချသဖြင့် မြန်မာ အလုပ်သမား တဦး သံရည်ပူလောင်ပြီး ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ JRD BRIGHTUHEELS THAILAND Co.,Ltd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား တစ်ဦးကို အဆိုပါ စစ်ရုံတွင် အလုပ် လုပ်နေသော စက်ရုပ် တစ်ရုပ်မှ ရိုက်ချလိုက်သဖြင့် သံရည်ပူ အိုးထဲသို့ ပြုတ်ကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးယခု အခါ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
Ko-Kyaw-Naing-injuredအဆိုပါ စက်ရုပ် ရိုက်ချ၍ ဆေးရုံတင်ထားရသူမှာ ကိုကျော်နိုင် အသက် ၂၇ နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဗန္ဓုလ ရပ်ကွက်မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။ သူ၏ အလုပ်သမား နံပတ်မှာ ၀၀၉၀ ၇၁၁၀ ၀၈ ၄၄၂ ဖြစ်သည်။

JRD BRIGHTUHEELS THAILAND Co.,Ltd သည် ကားဘီးအတွင်းပိုင်းရှိ သံခွေကို ပုံသွင်း သွန်းလောင်း သည့် စက်ရုံဖြစ်သည်။ ယင်းစက်ရုံတွင် လူများနှင့်အတူ စက်ရုပ် အလုပ်သမားများလည်း အလုပ်လုပ် လျှက်ရှိကြသည်။

အခင်းဖြစ်ပွါးသည့် စက်တင်္ဘာလ ၁၇ ရက်နေ့က ကိုဦးကျော်နိုင်သည် သံရည်ကြိုသည့် အမှတ် ၂ အိုးထဲရှိ သံချေးများကို ဖယ်ရှားနေစဉ် အမှတ် ၁ သံရည်ကြိုအိုးသို့ အလုပ်လုပ်ရန်လာသော စက်ရုပ်အလုပ်သမား က သူ့ကို ရိုက်ချလိုက်သဖြင့် ယခုကဲ့သို့ သံရည်ပူ လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း ဦးကျော်နိုင်၏ သူငယ်ချင်းဖြစ်သူ ကိုခိုင်စိုးက ပြောသည်။

'ဦးကျော်နိုင်က ဘွိုင်လာအိုးက ကျလာတဲ့ သံရည်တွေထဲမှာပါလာတဲ့ သံချေးတွေကို ဖယ်နေတုန်းမှာ အမှတ် ၂ သံရည်ပူ အိုးထဲမှာ အလုပ်လုပ်ဖို့လာတဲ့ စက်ရုပ်က သူ့ကို ရိုက်ချလိုက်တာ တခါတည်း သံရည်ပူ အိုးထဲကို မှောက်လျှက် ကျသွားခဲ့ပါတယ်' ဟု ဆိုသည်။

ကိုဦးကျော်နိုင်၏ လက်နှစ်ချောင်း ရှေးဦးစွာ သံရည်ပူအိုးထဲသို့ ထိုးကျသွားပြီး သံရည်ပူများက အင်္ကျီ အ၀တ်အစားများ ကို စွဲလောင်သဖြင့် ဒူးဆစ်အထက်ပိုင်း ခန္ဓာကိုယ်တခုလုံး သံရည်ပူလောင်ခြင်းခံရ သည်ဟု ဆေးရုံတွင် အကူအညီပေးနေသူ ကိုထွန်းကျော်က ပြောသည်။

ကိုကျော်နိုင်သည် ကုတင် ၉ အခန်း ၅၃၀ ၅ထပ် ဟတ်ယိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြောင်း သိရသည်။

'ဒူးဆစ် အထက်ပိုင်းက ခန္ဓာကိုယ် တခုလုံး သံရည်ပူလောင်ထားတယ်။ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဖားတကောင်ကို မီးဖုတ်ထားတဲ့အတိုင်းဘဲ။ လက် ၂ဘက်က သံရည်အိုးထဲကို ဒိုင်ဗင်ပစ်သလို ကျ သွားတာဆိုတော့ အကောင်း ပြန်ဖြစ်ပါ့မလားမသိဘူး။ မျက်လုံး ၂လုံးကို မထိခိုက်တာအင်မတန် ကံကောင်းတယ် ပြောရမယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာနေရမလဲတော့ ကျနော်လည်း မသိဘူး' ဟု ကိုထွန်းကျော်က ဆက်ပြောသည်။

သူ့တွင် အလုပ်သမား လက်မှတ်ရှိသော်လည်း ဆေးရုံလက်မှတ် မရရှိသေးသဖြင့် ဆေးရုံမှ ဘတ် ၃၀ ဖြင့် ကုသခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

ဆေးရုံမှ သူနာပြုဆရာမများ၏ ပြောပြချက်အရ ဘတ်သိန်းနှင့်ချီ ကုန်ကျမည်ဟု ပြောကြောင်း သိရသည်။ သူဆေးရုံတက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၁ ရက်နေ့က ယင်းစက်ရုံမှ စာရေးမ နှစ်ယောက် ဆေးရုံသို့ လာပြီး ဆေးကုခ ၃၁၂၀၆ ဘတ် ပေးသွင်းသွားပြီး လူနာအသုံးပြုရန် ဘတ် ၅၀၀ ပေးသွား ကြောင်းနှင့် နောက်ထပ် စက်ရုံမှ မည်သူမျှ လာရောက်ခြင်းမရှိတော့ဟု ကိုထွန်းကျော်က ပြောသည်။

ယခုကဲ့သို့ အသက်အန္တရာယ် ထိခိုက်စေနိုင်သော အလုပ်မျိုးတွင် အတွေ့အကြုံနုနယ်သူ ကျန်းမာရေး အာမခံ အသက်အာမခံ စသော မည်သည့်အာမခံမျိုးမှ မရှိသူများကို အလုပ်ရှင်က စေခိုင်းခြင်းနှင့် ငွေရလျှင် ပြီးရော ဆိုပြီး အလုပ်ရှင်က ခိုင်းသည့်အလုပ်ကို လုပ်ခြင်းများကြောင့် ယခုကဲ့သို့ ရင်နာဖွယ် အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးသည့် TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

' ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဆေးရုံမှာ တောင်းခံဖို့ လိုပါဦးမယ်။ အခုလက်ရှိ အခြေအနေရ ပြောရမယ်ဆိုရင် လုပ်ငန်းခွင် မလုံခြုံမှုပေါ့ဗျာ။ စက်ရုံကလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေတွေကို မလိုက်နာဘဲနဲ့ ခုလို အတွေ့အကြုံမရှိသေးတဲ့ အလုပ် သမားတွေကို ခိုင်းတဲ့ကိစ္စကြောင့် ခုလို ဖြစ်ရတယ်။ အလုပ်သမား ဘက်ကလည်း အလုပ်ရချင်တဲ့ဇောတခု တည်းနဲ့ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို ပိုက်ဆံရပြီးရော ဆိုပီး လုပ်တဲ့ အတွက် ခုလိုမျိုးဝမ်းနည်းဖွယ် ရာ အဖြစ်တွေ ကြုံရတာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ခုကိစ္စမှာ သူ့ရဲ့ အလုပ်သမား ရပိုင်ခွင့်အတွက်တိုက်ပွဲဝင် သင့်တယ်' က ပြောသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၆၀ ခန့် အလုပ်လုပ်လျှက် ရှိကြောင်း သိရသည်။
Source: Burma News International 

မြန်မာ့အလုပ်သမား အရေးကို ထိုင်းစာနယ်ဇင်းများက စိတ်ဝင်စား

မြန်မာ့အလုပ်သမားရေးရာ အကြောင်းအရာများကို ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် မည်သို့ ရေးသားသင့် သည် ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သော အစည်းအဝေး တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့ကထိုင်း နိုင်ငံတောင်ပိုင်းရှိ ပရစွပ်(ဇ်)ခီရီခန်ခရိုင်၊ မိန်းမြို့နယ်၊ ဟာဒ်ထောင်း ဟိုတယ်၌ ကျင်းပခဲ့ပါ သည်။ ထိုအစည်းအဝေးကို Thai BPS မှ သတင်းထောက်များ၊ ရေဒီယို သတင်းထောက်များ၊ အခြား သက်ဆိုင်ရာ သတင်းနှင့် စာနယ်ဇင်းများမှ သတင်းထောက်များနှင့် ခရိုင်အလုပ်သမား ရေးရာရုံးမှ ဝန်ထမ်းများ၊ ရဲဘက်မှ အရာရှိဝန်ထမ်းများ၊ ကုမ္ပဏီပိုင်ရှင် အလုပ်ရှင်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ၊ အလုပ်သမား ငှားရမ်းရေး တာဝန်ခံများက တက်ရောက် ခဲ့ကြသည်ဟု Rak Thai ဖောင်ဒေးရှင်းမှ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် တစ်ဦးကပြောကြားခဲ့ပါသည်။

“တက်ရောက်သူ (၄၀) ယောက်လောက် တက်ရောက် ကြပါတယ်။ ထူးခြားတာက ဒီလိုခေါင်းစဉ်နဲ့ အကြောင်းအရာ ဖြစ်လောက်အောင် ဆွေးနွေးပွဲပုံစံလိုလို၊ အစည်းအဝေးလိုလို ပွဲတွေလုပ်တာ တော်တော် နည်းပါတယ်။ အခု အစည်းအဝေး ပွဲမှာတော့ ထိုင်းသတင်းစာနဲ့ စာနယ်ဇင်းတွေမှာ ရေးတဲ့ သတင်းထောက် တွေက မြန်မာ့ အလုပ်သမားအရေးရာ အကြောင်းအရာတွေကို ထိုင်းနိုင်ငံထုတ် သတင်းစာထဲမှာ ဘယ်နည်းဘယ်ပုံ ရေးသားသင့်၊ တင်ပြသင့်တာကို အကြေအလည် အမြင်တွေ တင်ပြပြီး ဆွေးနွေး ကြပါတယ်။”
ဒီအစည်းအဝေးကို စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ အပြန် အလှန် အကြေအလည် ဆွေးနွေးခဲ့ကြပါသည်။
“သူတို့ကနေပြီးတော့ မဖိတ်ကြားတာလား၊ မတက်ရောက် နိုင်ကြတာလားတော့ မသိဘူး။ NGO တွေထဲမှာ တော့ ကျွန်တော်တို့ Rak Thai ဖောင်ဒေးရှင်း တစ်ဖွဲ့ပဲ တက်ရောက် ခဲ့ပါတယ်။ အမြင်တွေ တင်ပြ ဆွေးနွေး ကြတဲ့ အခါမှာတော့ ကျွန်တော်တင်ပြခဲ့တာက ကျွန်တော်တို့ သတင်းစာတွေထဲမှာ မြန်မာ့အလုပ်သမားအရေး နဲ့ ပါတ်သက်တဲ့ ရေးသားချက်တွေ အများစုဟာ အဖြစ်သဘောကိုပဲ တင်ပြထားတာ ရှိပါတယ်။ အဖြစ်ရဲ့နောက် ကွယ်က အကျိုးအကြောင်းတွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားတာမျိုး အတော့်ကိုအားနည်းတာကို တွေ့ရပါ တယ်။ ဒီအားနည်း ချက်ကို ဖြည့်စွက်ပေးပြီး အဖြစ်အပျက်ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ တင်ပြပေးဖို့ တော့လိုမယ်လို့  ကျွန်တော်တင်ပြခဲ့ပါတယ်” Rak Thai ဖောင်ဒေးရှင်းမှ အစည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သူ ကိုလဝီမွန်က အတည်ပြု ပြောကြားပေးခဲ့ပါသည်။
stop_humantrafficking
ဤအစည်းအဝေးမျိုး ပရစွပ်(ဇ်)ခီရီခန်ခရိုင်၊ မိန်းမြို့နယ်၌ ပထမအကြိမ် ကျင်းပ ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။ NGO များခန့်မှန်းထားသည်မှာ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာအလုပ်သမားအများ (၂) သန်းကျော် ခန့်အထိရှိနိုင်ပြီး အများဆုံးဖြစ်သည်ဟု ခန့်မှန်းထားကြပါသည်။
ဤသို့ ကြောင့် ဤမျှများပြားလာနေသည့် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများအတွက် ၄င်းတို့နှင့် ပါတ်သက်သည့် အကြောင်းအရာများ ရေးသားတင်ပြမှု လိုအပ်လာနေသည်ကို  ထိုင်းနိုင်ငံ စာနယ်ဇင်းများက စိတ်ဝင်စား လာနေပြီး ဖြစ်ပါသည်။

Source: ရွှေဟင်္သာသတင်းဌာန

Wednesday 28 September 2011

နီကယ်နှင့် ခရိုမိုက်သိုက်များ ချင်းပြည်နယ်တွင်တွေ့

နယူးဒေလီ (မဇ္ဈိမ) ။      ။ နီကယ်နှင့် ခရိုမိုက်သတ္တုရိုင်းသိုက်များ ချင်းပြည်နယ်တွင် တွေ့ရှိရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ သတ္တုတွင်း ဝန်ကြီးဌာနဝန်ကြီး ဦးသိန်းထိုက်က ပြောသည်။

“ချင်းပြည်နယ် မြွေတောင်၊ ဝေဘူလတောင်၊ ဟားခါးလေးနှင့် နတ်တောင်တွင် နီကယ်ဖြစ်ထွန်းမှု လေးနေရာ နှင့်
မြွေတောင်၊ ဝေဘူလတောင်၊ ဟားခါးလေး၊ နတ်တောင်၊ ဘိုပီဘွန်း၊ မူဝယ်လွတ်၊ မောင်တော်-နှမတော်နှင့် ဖလမ်း တို့တွင် ခရိုမိုက်ဖြစ်ထွန်းမှု ရှစ်နေရာ ဖော်ထုတ်နိုင်ခဲ့သည်”ဟု ဝန်ကြီး ဦးသိန်းထိုက်၏ စကားကို ကိုးကား၍ စက်တင်ဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယင်းတွေ့ရှိမှုအရ နီကယ်သတ္တုရိုင်း ၁၁ဝ ဒသမ ၅၇ သန်းနှင့် ခရိုမိုက် ၃၈,၁ဝဝ တန်ခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နီကယ်သတ္တုရိုင်းများကို ကျောက်ဆည် တကောင်းတောင်၊ သပိတ်ကျင်းမြို့နယ်နှင့် ချင်းပြည်နယ်
မြွေတောင်ဒေသတို့တွင် တွေ့ရှိထားခြင်းဖြစ်ကာ ခရိုက်မိုက်ကိုမူ ချင်းပြည်နယ် မြွေတောင်ဒေသ တခုတည်းတွင်  သာ တွေ့ရှိရသည်။

ယင်းစမ်းသပ်ရှာဖွေမှု အတွက် သတ္တုတွင်း ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ New Top Hong Kong Group Ltd တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ North Mining Investment Co.,Ltd, China Nonferrous Metal Industry’s
Foreign Engineering & Construction Co.Ltd နှင့် Guiling Research Institute of Geology for Mineral Resources တို့နှင့်လည်း မြွေတောင်ဒေသ နီကယ်သတ္တု တူးဖော်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ထားသည်။

တွေ့ရှိထားသည့် မြွေတောင်ဒေသ သတ္တုရိုင်းများမှာ စမ်းသပ်တူးဖော်မှု အဆင့်သာ ရှိသေးပြီး လျှပ်စစ်မီး လုံလောက်စွာ ရရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် တူးဖော် ထုတ်လုပ်မှုများ ရှိလာမည်ဟု ဝန်ကြီး ဦးသိန်းထိုက်က ပြောဆိုသည်။

ယခုတွေ့ရှိထားမှုမှာ မှန်ကန်ကြောင်းနှင့် တူးဖော်နိုင်မှုမှာ နောက်တနှစ်ခန့်တွင်သာ ဖြစ်နိုင်ခြေရှိသည် ဟုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ဒေသခံပါတီများက ခန့်မှန်းထားသည်။

“ဒါတော့ သိပ်မကြာတော့ဘူး ထင်တယ်။ သူတို့ လေ့လာရေး လုပ်တာက တော်တော်ကြာပြီလေ။ လျှပ်စစ်မီးက ထိထိရောက်ရောက် အားမလာဘူး ဆိုရင်တော့ သူတို့ တူးဖော်လို့ မရဘူးတဲ့။ အဲဒီမီးကိုပဲ စောင့်နေရတာ။ ဆိုတော့ နောက်တနှစ်လောက်တော့ ကြာဦးမယ် ထင်တယ် ကျနော်တို့ ခန့်မှန်းတာလေ။ ကလေးမြို့နယ်မှာ
မီးအားမှ မကောင်းတာ” ဟု ဒေသခံ ပါတီတခုဖြစ်သည့် ချင်းပြည်နယ် တိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌ
ပူးနိုးထန်ကပ်က မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ် မြွေတောင်ဒေသတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ၁၉၆၅-၆၆ တွင် မြန်မာ့ဓာတ်သတ္တု တိုးချဲ့ လုပ်ကိုင်ရေး ကော်ပိုရေးရှင်းက တကြိမ်၊ ၁၉၇၃၊ ၁၉၈၂၊ ၁၉၉၉  ၌ သတ္တုတွင်း ဝန်ကြီးဌာန ဘူမိနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနတို့မှ စတင်ရှာဖွေခဲ့ပြီး ယင်းအချိန်က နီကယ်သတ္တုရိုင်းများစွာ တွေ့ရှိခဲ့သော်လည်း ခရိုမိုက်ကိုမူ အကွက်လိုက်ဖြင့်သာ ဖြစ်ထွန်းမှု ရှိခဲ့ကြောင်း သတ္တုဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

ယင်းနောက် အမှတ် ၃ သတ္တုတွင်း လုပ်ငန်းနှင့် Kingbao Mining Ltd နှင့် တူးဖော်ရေးအတွက် ပဏာမလေ့လာမှု များပြုခဲ့ကာ မြွေတောင်ဒေသတွင် နီကယ်သတ္တုရိုင်း ၄၄ ဒသမ ၈၉ သန်းနှင့် ယင်းမှ ပျမ်းမျှ  နီကယ် ၁ ဒသမ ၄၈ ရာခိုင်နှုန်း ပါဝင်သော စီးပွားဖြစ် တူးဖော် ထုတ်လုပ်နိုင်မှုမှာ ၃၃ တန်ခန့် ရှိသည်။ သို့သော် တူးဖော်မှု လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် စာချုပ်မူကြမ်း ပျက်ပြယ်ခဲ့သည်။

ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဗဟိုအစိုးရမှသာ လုပ်ကိုင်နေခြင်းဖြစ်ပြီး
ပြည်နယ် အစိုးရအတွက် မည်မျှအကျိုးအမြတ် ရမည်ကို တိကျစွာ မသိရသေးသည့်အတွက် စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း CPP ပါတီက ဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂၅၄ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရမှ ကောက်ခံခွင့်ရှိသည့် အခွန်အခ များတွင် တွင်းထွက် ရတနာသိုက်များမှ ရရှိမည့် အခွန်များကို ကောက်ခံခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား သည်။

“ကျနော်တို့ ပြည်နယ်မှာ ကျနော်တို့ ပြည်သူလူထုတွေ ရှိတယ်။ ပြည်သူလူထုတွေကပဲ မြေယာတွေ အားလုံးကို ပိုင်ဆိုင်တယ်။ သတ္တုတွေ၊ မြေအောက်မြေပေါ် တွင်းထွက်ပစ္စည်းတွေ တူးဖော်မယ်ဆိုရင်တော့  ပြည်နယ် အစိုးရ
ကပဲ ကိုင်တွယ်တယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေမှူး ပူးပေါလ်ဆီထာက ဆိုသည်။

CNF မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ချင်းတိုင်းရင်းသား အဖွဲ့ ဖြစ်သည်။

Tuesday 27 September 2011

မိုး

မိုးရာသီကို ရောက်လာပြန်ပြီ။ ဒီလို မိုးတွေရွာနေတာကိုမြင်တိုင်း ကျမ မိုးကို သတိရနေမိတယ်။ မိုး ကျမတို့ကို ခွဲခွါသွား တာတောင် နှစ်အချို့ ရှိနေပြီပဲ။ ကျမနဲ့ မိုး စတွေ့တဲ့ အခြေအနေတွေကို ပြန်မြင်ယောင်နေမိတယ်။
ကျမ မိုးနဲ့ စတွေ့တာက နယ်စပ်မြို့လေးတမြို့ရဲ့ စည်ကားလှတဲ့ ဈေးတခုမှာပါ။ “မိုးရေ မိုး ..” အသံလာတဲ့ဘက်ကို ကျမ လှည့်ကြည့်မိလိုက်တယ်။ ကျမမြင်ကွင်းထဲကို မိန်းကလေးတယောက် ရောက်လာပါတယ်။ ကိုယ်ကျပ်အင်္ကျီ လက်တို၊ ဂုတ်ပေါ်မှာဝဲနေတဲ့ သူ့ဆံပင်နက်တွေနဲ့ စကပ်ရှည်အကျပ်ဝတ်ထားတဲ့ မိန်းကလေးတယောက်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ကျမ သူ့ကို ငေးကြည့်နေမိတယ်။ သူက ကျမ ရပ်နေတဲ့ဘက်အတိုင်း လျှောက်လာပါတယ်။ ကျမ သူ့ကို ဆက်ငေးကြည့်နေမိတယ်။ သူကလဲ ကျမကြည့်နေတာကို မြင်သွားသလိုပါပဲ၊ ကာလာဖျော့ဖျော့လေးချယ်ထားတဲ့ သူ့မျက်နှာ ကျမဘက်လှည့်လာပြီး ကျမကို ပြုံးပြပါတယ်။ ကျမလဲ သူ့ကို ခေါင်းငြိမ့်နှုတ်ဆက်လိုက်တယ်။ လူတွေက သူ့ကို ဒီလို ကြည့်နေကျပဲ ထင်ပါတယ်၊ သူ့အပြုံးက ဒီလောက် သဘာဝကျတယ်။ သူ့အပြုံးကို ကျမ အခုချိန်ထိ မှတ်မိ နေတယ်။ အဲဒီတုန်းက သူ့နာမည် မိုး ဆိုတာကိုပဲ ကျမ သိလိုက်တာပါ။ သူနဲ့ စကားတခွန်းမှ မပြောဖြစ်ပါဘူး။
မိုးကို ဒုတိယအကြိမ်တွေ့တာက သင်တန်းတခုမှာပါ။ အဲဒီတုန်းက သင်တန်းတခုမှာ စကားပြန်လုပ်ဖို့ ကျမ  ရောက်နေ တာပါ။ သင်တန်းတက်မလို့လာတဲ့ မိန်းကလေးတစုထဲမှာ ကျမ မိုးကို တွေ့လိုက်တယ်။ မိုး ကျမကို ပြုံးပြနှုတ်ဆက် နေပါ တယ်။ ကျမလဲ သူ့ကို ပြန်နှုတ်ဆက်လိုက်တယ်။ ဒီသင်တန်းဟာ ကျန်းမာရေးသင်တန်းဆိုတာကိုတော့ ကျမသိပါတယ်။ ဒီမိန်းကလေးတစုဟာ ဒီသင်တန်းနဲ့ ဘယ်လို ပတ်သက်နေတယ်ဆိုတာ ကျမ နည်းနည်းမှ မသိပါဘူး။ သူတို့ရဲ့ အလုပ် ဟာ ပြည့်တန်ဆာလို့သိရတော့ ကျမ စိတ်မကောင်းဖြစ်မိတယ်။ ဒီလို နုပျိုလှပသွက်လက်နေတဲ့ မိန်းကလေးတစု ဘာလို့ ဒီအလုပ်ကို လုပ်ရတယ်ဆိုတာကိုလဲ ဘယ်လိုမှ စဉ်းစားမရပါ။ ဒီသင်တန်းရက်တွေမှာ သူတို့နဲ့ ဆက်ဆံရင်း ဒီကလေးမ လေးတွေ အများစုဟာ စာမတတ်တာကို အံ့သြကြီးစွာ သိလိုက်ရတယ်။ တချို့ဆို ကိုယ့်နာမည်ကိုတောင် မရေးတတ် ပါဘူး။ ဒါပေမဲ့ မိုးရဲ့လက်ရေးတွေကတော့ ဝိုင်းစက်လှပနေတာ တွေ့ရတယ်။ မိုးက သင်တန်းမှာ လိုအပ်တဲ့မှတ်တမ်း တွေ ကူလုပ်ပေးပါတယ်။ ကျမနဲ့ မိုးဟာ ဒီလိုနဲ့ပဲ ရင်းနှီးလာခဲ့တာပါ။

မိုးက သူ့အကြောင်း ကျမကို ဒီလိုပြောပြပါတယ်။
မိုးက မြို့ကြီးတမြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ အဖေအမေကလဲ ဝင်ငွေမဆိုးပါဘူး။ မိုးမှာ မောင်တယောက်နဲ့ ညီမတ ယောက် ရှိတယ်။ မိုးက သမီးကြီးပေါ့။ မူလတန်း အလယ်တန်းကျောင်းသူဘဝမှာ စာတော်ခဲ့သလို ဆရာရဲ့ တပည့် ကောင်း၊ မိဘရဲ့ သမီးအလိမ္မာလေးပါ။ မိုးမှာ အလွန်ခင်ရတဲ့ သူငယ်ချင်းတစုလဲ ရှိပါတယ်။ ဒီသူငယ်ချင်းတွေဟာ မိုးနဲ့ ညီအကို မောင်နှမ အရင်းတွေလို ချစ်ခင်သလို မိုးရဲ့မောင်နဲ့ညီမလေးတွေကိုလဲ ဂရုစိုက်ကြပါတယ်။ ဒါတွေကတော့ မိုး ရဲ့ပျော်စရာ ကလေးဘဝလေးပါ။ သိတတ်တဲ့ အရွယ်ရောက်လာချိန်မတော့ ဘဝရဲ့ အချိုးအကွေ့ အချိန်တွေ မိုးဆီ တ ဖြည်းဖြည်း ကပ်လာနေပြီလေ။
အမေ့မျက်နှာ ညှိုးနွမ်းနေတာကို မိုးသတိထားမိတာ ရက်အချို့ရှိပြီ။ အမေ့ရင်ဘတ်က အောင့် အောင့်နေတယ်လို့ အမေ ခဏခဏပြောနေတာ ကြားရတယ်။ ဆေးတွေသောက်နေပေမယ့်လဲ သက်သာတာ မတွေ့ရဘူး။ အမေဟာ တရက်  ထက်တရက် ပိန်လာတယ်။ ချောင်းတွေလဲ တအားဆိုးနေတယ်။ အမေ့အတွက် မိုး တအားစိုးရိမ်နေခဲ့မိတယ်။ဒီရက်တွေ မှာ အဖေ အိမ်ပြန်နောက်ကျတာကိုလဲ သမီးအကြီးဖြစ်တော့ သတိပြုမိတယ်။ အဖေနဲ့အမေ စကားများသံလဲ မိုး မကြာ မကြာ ကြားနေရတယ်။ ဘာအကြောင်းကြောင့် စကားများရတယ်ဆိုတာကိုတော့ မိုးမသိရပါ။ ဒီအိမ်လေးဟာ အရင်လို နွေးထွေးမှု  မရှိတော့ပါဘူး။ အရင်လို ပျော်ရွှင်ကြည် နူးစရာလဲ မကောင်းတော့ဘူး။ မိုး အိမ်ပြန်ရမှာကို ကြောက်လာ တယ်။
သူငယ်ချင်းတွေထဲက ကိုယ့်ကို လိုလေသေးမရှိ လိုက်လုပ်ပေးနေတဲ့ ကောင်လေးတယောက် ရှိတယ်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်း။ ဒီလိုနဲ့ မိုး တို့နှစ်ယောက် ကျောင်းသွားအတူ ကျောင်းပြန်အတူ တတွဲတွဲ ဖြစ်လာကြတယ်။ သူနဲ့ နေရ တာ အရမ်းပျော်မိသလို အိမ်က မရနိုင်တော့တဲ့ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ သူ့ဆီက မိုးရနေတယ်မဟုတ်လား။ သူနဲ့ ငယ်ငယ်ထဲက ရင်းနှီးခဲ့တဲ့အတိုင်း လွတ်လွတ်လပ်လပ် သွားလာနေတယ်။ မိုးတို့ရဲ့ သမီးရည်းစားအဖြစ် ပထမဆုံးချိန်း တွေ့တဲ့နေ့က စိတ်တွေ တအားလှုပ်ရှားမိတယ်။(ဒီအကြောင်း ပြန်ပြောပြနေတဲ့ မိုးဟာ စိတ်လှုပ်ရှား ကြည်နူးနေပုံပါ။)
မိုးရဲ့အမေက မိုးတို့ကို ရုတ်တရက်ခွဲခွာသွားတော့ အမေမရှိတော့တဲ့အတွက် မိုးဟာ ဒီအိမ်ကြီးကိုပြန်ရမှာ ခြေလှမ်းတွေ ပိုလေးနေခဲ့တယ်။ မိုး သူနဲ့ခိုးရာလိုက်ပြေးခဲ့တော့တယ်။ ကျောင်းတက်နေဆဲ ကျောင်းသားအရွယ် ကလေးနှစ်ယောက် ဘယ်ကိုသွားနိုင်မှာလဲ။ မကြာပါဘူး၊ မိုးတို့ အိမ်ပြန်လာခဲ့တယ်။ အဖေက လောင်းကစား စွဲမက်သွားပြီး အိမ်ကို မှန်မှန်ပြန် မလာတော့ဘူး။ အိမ်မှာရှိတဲ့ ပစ္စည်းတွေလဲ အဖေပေါင်ပြီး လောင်းကစားလုပ်လိုက်တာ ဘာမှမရှိသလောက်ဖြစ်နေပြီ။ အဖေနဲ့ မိုးရဲ့သူဟာလဲ အမြဲစကားများကြတော့ မိုး စိတ်ဆင်းရဲခဲ့ရတယ်။
မိုး ခေါင်းတွေမူးမူးနေတယ်။ ခဏခဏအန်တယ်။ မိုး ကိုယ့်ကျန်းမာရေးကို တအားစိုးရိမ်သွားတယ်။ ဒါပေမဲ့ မိုးရော ဖေ ဖေရော သူပါ ဝမ်းသာရမယ့် သတင်းလေးကတော့ မိုးမှာ ကိုယ်ဝန်ရှိနေ ပြီဆိုတာပါပဲ။ ဖေဖေနဲ့ သူလဲ စကားများတာ တွေ သိသိသာသာ နည်းသွားတယ်။ ဒီမိသားစုလေးဟာလဲ အရင်လို ပျော်ရွင် ဖို့ကောင်းတဲ့ မိသားစုလေးဖြစ်လာတော့ မယ်လို့ တွေးမိတိုင်း မိုး အရမ်းဝမ်းသာနေခဲ့မိတယ်။ ဒါပေမဲ့ ကံကြမ္မာက မိုးကိုမျက်လှည့်ပြလိုက်ပါပကော။ မိုး ကိုယ်ဝန် ပျက်ကျသွားခဲ့တယ်။ ငြိမ်းလုလု ဖြစ်နေပြီဖြစ်တဲ့ ဖေဖေနဲ့ သူရဲ့ တိုက်ပွဲဟာလဲ အရှိန်ပြန် မြင့်လာခဲ့ပါတော့တယ်။
တဘက်က အသက်အရွယ်ရနေပြီဖြစ်တဲ့ ဖေဖေ၊ လူလား မမြောက်သေးတဲ့ မောင်နဲ့ ညီမလေး၊ တဘက်က ကိုယ့်ကို အားလုံးအလိုလိုက်နေတဲ့ ချစ်သူ၊ မိုး ဘယ်ဘက်ကို ရွေးချယ်ရမလဲ။ မိုး ဘက်စုံစဉ်းစားပြီးမှ ဖေဖေတို့ဘက်က ရပ်လိုက် တယ်။ သူက မိုးကိုထား ပြီး အိမ်ပေါ်က ဆင်းသွားတော့တယ်။ မိုးလဲ အရုပ်ကြိုးပြတ် ခွေကျသွားခဲ့တော့တယ်။
နောက်တော့ မိုးတို့ အိမ်နီးချင်း သူငယ်ချင်းတယောက်က ကောင်မလေးတွေ လာလာခေါ်နေတာ ကြားနေရတယ်။ တ ခြားမြို့တမြို့ကို သွားအလုပ်လုပ်ရမယ်၊ ဝင်ငွေလဲ မဆိုးဘူးလို့ သိရတယ်။ မိုး စဉ်းစားမနေတော့ပါဘူး။ လိုက်ဖို့ ဆုံးဖြတ် လိုက် တယ်။ ဒီမြို့ကနေ ထွက်ခွါသွားရဖို့က အဓိကမဟုတ်လား။ မိုးနဲ့အတူ မိန်းကလေးတစုဟာ မြို့လေးတမြို့ကို ရောက်လာခဲ့တယ်။ မိုးနဲ့အတူလာတဲ့ မိန်းကလေးတွေကို တခန်းထားပြီး မိုးကိုတော့တခန်း သီးသန့်ထားတယ်။ ညဘက် ရောက်တော့ မိုးတို့ကို အပြင် အလည်ခေါ်ပြပါတယ်။ မီးတွေ ထိန်ထိန်လင်းနေတာ မြင်တော့မှ မိုးတို့ တခြားတနိုင်ငံ ရောက်နေမှန်း သိကြတော့တယ်။
ဒီမှာ ဆက်နေရမလား၊ အိမ်ပြန်ရမလား၊ မိုး ကိုယ့်ကိုယ်ကို အခါခါ မေးမိတယ်။ ပြန်မယ်ဆိုရင် တလမ်းလုံး ကုန်ခဲ့တဲ့စ ရိတ်တွေ ဘယ်လို ပြန်ဆပ်မလဲ။ ဘာကြောင့် အိမ်ပြန်ရမှာလဲ။ အိမ်မှာ စိတ်ဆင်းရဲစရာတွေပဲ ရှိတယ်။ ဒီမှာ ဆက်နေမယ် ဆိုရင်ကော ဘယ်လိုအလုပ်မျိုးလုပ်ရမလဲ။ မိုး ဟာ လဲပေါင်းများစွာနဲ့ တွေးပူနေမိလိုက်တာ ဘယ်လိုကနေ ဘယ်လိုအ ချိန်ကုန်သွားမှန်းတောင် မသိတော့ပါဘူး။ ဟင်း …
မိုး သက်ပြင်ချရင်း မျက်ရည်ရွဲရွဲနဲ့ ဆက်ပြောပြန်ပါတယ်။
မိုးနဲ့ မိန်းကလေးတွေကို အလှပြင်ခိုင်းကြတယ်။ ကိုယ်ကျပ် ဝတ်ရမယ်၊ မျက်နှာကို အလှခြယ်ရမယ်။ ပြင်ဆင်တာတွေ ပြီးတော့ မိုးကို အခန်းထဲထားခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ အပြင်ခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်သွားတယ် ဆိုတာ တော့ မိုးမသိရဘူး။ အဲဒီနေ့က အလုပ်စတက်တဲ့ရက်မို့ မိုး ထိုင်မနေနိုင်အောင် စိတ်တွေ လှုပ်ရှားနေတယ်။ သိပ်မကြာ လိုက်ပါဘူး။ တံခါးခေါက်သံနဲ့အတူ လောပန်ရဲ့ နောက်က အမျိုးသားတယောက် ပါလာပါတယ်။ လောပန် အခန်းထဲ  မဝင်ဘဲ ဟိုအမျိုးသားက အခန်းထဲ တန်းဝင်လာတယ်။ သူဝင်လာတာနဲ့အတူ အရက်နံ့က ထောင်း ကနဲထွက်လာပါ တယ်။ လောပန်က သူ့စိတ်တိုင်းကျ လုပ်ပေးရမှာ မင်းအလုပ်ပဲလို့ ပြောပြီး တံခါးပိတ် ထွက်သွားပါတယ်။
မိုး အခုမှ ကိုယ့်အလုပ်ကို ကောင်းကောင်း သဘောပေါက်လိုက်တော့တယ်၊ မိုး အိမ်ထောင်ကျဖူးတယ် ဆိုပေမယ့်လဲ အခုလို ကိုယ်တခါမှ မမြင်ဖူးတဲ့၊  ပြီးတော့ အရက်မူးနေတဲ့ လူတယောက်နဲ့ အတူတူနေရမှာမို့ ဇောချွေးတွေ တကိုယ်လုံး စိုရွှဲသွားတာပေါ့။ ဒီအချိန်ကျမှ ငြင်းလို့မရတော့ဘူးဆိုတာလဲ မိုး ကောင်းကောင်းသဘောပေါက်ခဲ့တာ။ ဒီလိုနဲ့ အဲဒီည မိုးရဲ့အခန်းတံခါး ဘယ်နှစ် ကြိမ်ဖွင့်လိုက်လဲ ပိတ်လိုက်လဲ ဆိုတာတောင် မိုး မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဒီတညဟာ မိုးအတွက်တော့ ရာစုနှစ် တခုလောက် ကြာသလို ခံစားခဲ့ရတာ အမှန်ပဲ။
ဝင်ငွေမဆိုးဘူးဆိုတဲ့ အလုပ်ဟာ ဒီလိုအလုပ်ကိုး။ မိုး နောင်တရခဲ့မိတယ်။ မိုး သူ့ကို သတိရနေခဲ့မိတယ်။ သူနဲ့ ဒီဘဝမှာ တော့ အတူတူမနေရတော့ဘူးဆိုတာလဲ မိုးသိနေတယ်။ မိုး သူ့ကိုတွေ့ရမှာ ကြောက်နေမိတယ်။ ရက်တွေကြာလာတော့ မိုးလဲ တခြားမိန်းကလေးတွေလို လမ်းမပေါ်မှာရပ်ပြီး ဧည့်သည်ရှာရတယ်။ မိုး သံပတ်ပေးထားတဲ့ စက်ရုပ်လို အလုပ် လုပ်နေခဲ့ရတယ်။ ဒီအလုပ်ဟာ ကိုယ့်အတွက် ဘယ်လို အန္တရာယ်တွေ ရှိတယ်၊ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို မိုးမသိခဲ့၊ မကြားခဲ့ပါဘူး။ မိုးနဲ့အတူ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေလဲ မသိဘူး။ သူတို့ကို ပြောပြမယ့် လူလဲ မရှိဘူး။
မိုးက မိန်းကလေးတွေထဲမှာ ဝင်ငွေအများဆုံးလေ၊ အလုပ်အဖြစ်ဆုံးပေါ့။ ဒီအတွက် မိုး ပျော်ခဲ့မိတယ်။ ဒါမှ ငွေမြန်မြန်ရ မယ်။ ညီမလေး၊ မောင်လေးတွေဆီ ငွေပို့နိုင်မယ် မဟုတ်လား။
ကျမ မိုးကိုစတွေ့တော့ မိုး ဒီမြို့ကိုရောက်နေတာ လေးငါးလရှိနေပြီ။ အခုလို ကျန်းမာရေးသင်တန်းတွေတက်မှ သူ့အ လုပ်ဟာ အန္တရာယ်ရှိတယ်ဆိုတာကို သူသိရတော့တာ။ သင်တန်းတွေ  ပြီးတဲ့အခါကျမှ မိုးတို့တတွေ ဆေးသွား စစ်ကြ တယ်။ အဲဒီစစ်ဆေးချက် အဖြေကတော့  မိုးမှာ အိပ်ခ်ျ အိုင်ဗွီ ပိုးရှိနေပြီ။ မိုး ကျမကို ဒီအကြောင်း လာပြောပြတော့ သူ စိတ်တအား လှုပ်ရှားနေတာ မတွေ့ရပါဘူး၊ ကံဆိုးတဲ့ မိုးကို ကျမ ဘယ်လို အားပေးစကားပြောရမလဲ၊ ဘယ်လို နှစ်သိမ့်ရ မလဲ အပြောတတ်အော င်ပါပဲ။ မိုးရဲ့ မှိုင်းညို့ညို့မျက်နှာလေးကို ငေးကြည့်ရင်း ကျမ စကားမရှိ စကားရှာကာ “မောင် လေးနဲ့ ညီမလေးဆီ ပိုက်ဆံပို့ဖြစ်သေးလား၊ ဖုန်းအဆက် အသွယ်ရလား” မေးတော့ ကျမကို ပြုံးကြည့်ရင်း ခေါင်းညိမ့်ပြ ပါတယ်။
နောက်တော့ ကျမ မိုးဆီကို မကြာမကြာ သွားဖြစ်တယ်။ သူ့ ကျန်းမာရေး အခြေအနေကို မေးမိတယ်။ မိုးဟာ ကျန်းမာ ရေးသင်တန်းတွေကို တက်တက်ကြွကြွ ပါဝင်တယ်။ တခြားမိန်းကလေးတွေကိုလဲ ကျန်းမာရေး သင်တန်းတွေတက်ဖို့ နှိုး ဆော်တယ်၊ သင်တန်းမှာလဲ သူ့ရဲ့ဗဟုသုတခေါင်းပါးမှုကြောင့် အခုလိုဖြစ်ရတယ်ဆိုတာတွေကို ပြောပြနေတယ်။ ကျမ မိုးကို ပိုခင်လာမိတယ်။ သူ့ရဲ့  သတ္တိရှိမှုကိုလဲ ချီးကျူးမိတယ်။
တရက် မိုး ကျမဆီ ရောက်လာတယ်။ သူစိတ်တွေ တအားလှုပ် ရှားနေပုံပါပဲ။ မျက်လုံးတွေလဲ နီရဲလို့၊ ငိုထားတယ်ဆိုတာ သိသာနေတယ်။ မိုးဟာ သတ္တိရှိတဲ့ မိန်းကလေးတယောက်ပါ။ ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ။ ကျမ မေးအောင် စောင့်မ နေဘဲ မိုးပြောလိုက်တာကတော့
“သူရောက်လာတယ်” တဲ့။
“သူဆိုတာ ဘယ်သူလဲ” ကျမ လွှတ်ကနဲမေးလိုက်မိတယ်။
“ကျမယောင်္ကျားလေ … ကျမတို့ မြို့ကနေ လိုက်လာတာ” လို့ မိုး ပြန်ဖြေတယ်။
“သူ မိုးကို ဘာလုပ်လိုက်လို့လဲ” ကျမက သိချင်ဇောနဲ့ ဆက်မေးလိုက်တော့ မိုးက
“ကျမ ဘာလုပ်နေတယ်ဆိုတာ သူသိတယ်။ သူက ကျမကို အပြစ်မတင်ဘူး။ သူ ဒီမှာပဲ နေတော့မယ် ပြောနေတယ်”
“ဟာ ဒါကောင်းတာပေါ့” လို့
ကျမကပြောတော့ မိုးက ခေါင်းကို မရပ်တမ်း ရမ်းခါနေတယ်၊ နှုတ်ကလဲ
“မကောင်းဘူး၊ ဒါ မဖြစ်ဘူး” လို့ တတွတ်တွတ် တိုးတိုးလေး ရွတ်နေတယ်။
“သူ ဒီမှာနေလို့မဖြစ်ဘူး။ ကျမနဲ့အတူတူနေလို့ မဖြစ်ဘူး။ ကျမ အခြေအနေကိုလဲ ဆရာမ သိနေသားပဲ။ ဘယ်လိုမှ သူနဲ့ အတူနေလို့မဖြစ်ဘူး”။
ကျမ မိုးရဲ့သူနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
မိုးရဲ့သူဟာ အလွန် စကားနည်းပါတယ်။ ကျမက သူ့ကို မိုး အခြေအနေ ပြောပြလိုက်တော့ သူက အေးအေး   ဆေးဆေး ပဲ ကျမကို ပြန်ပြောပါတယ်။
“မိုး ဘယ်လို အခြေအနေကိုပဲ ရောက်ရောက် မိုးအနားမှာပဲ နေသွားမယ်” တဲ့။
ကျမ မိုးအတွက် အရမ်း ဝမ်းသာနေမိခဲ့ပါတယ်။
ဒီလိုနဲ့ မကြာခင်ပဲ မိုးရဲ့ကျန်းမာရေးဟာလဲ တရက်ထက် တရက် ဆိုးလာလို့ မိုး တရက်ထက်တရက် ပိုပိန်လာတယ်။ မိုးဟာ စတွေ့ခါစတုန်းကလို အလှပိုင်ရှင်မလေး မိုး မဟုတ်တော့ပါဘူး။ လေတိုက်ရင်တောင် လွင့်သွားမှာ စိုးရိမ်နေရမလို ဖြစ်နေပြီ။ မိုးရဲ့သူကတော့ မိုးကို ပြုစုစောင့်ရှောက်နေဆဲပါ။ မိုးရဲ့မောင်လေးနဲ့ညီမလေးလဲ မိုးနဲ့အတူလာနေကြတယ်၊ မိုး အလုပ် မလုပ်နိုင်တော့ပါဘူး။ သူ့ယောကျာ်းရတဲ့ ဝင်ငွေလေးနဲ့ နေနေရတယ်။
မိုးကို သူများအကူအညီနဲ့ တခြားမြို့တမြို့မှာ ဆေးသွားပြဖို့ ကြုံလာပါတယ်။ မိုးကို ကျမ လိုက်ပို့မှာ ဖြစ်ပါတယ်။ မိုးရဲ့ သူဟာ ကားဂိတ်အထိ မိုးနဲ့ကျမကို လိုက်ပို့ပါတယ်။ သူက မိုးကို ဘယ်လို ဂရုစိုက်ရမယ်၊ မိုး ဘာနဲ့မတည့်ဘူးဆိုတာတွေ ကျမကို တတွတ်တွတ်မှာနေပါတယ်။ ကျမတို့ ကားမထွက်မချင်း ကားဂိတ် အုတ်ခုံလေးမှာထိုင်ရင်း ကျမတို့ကို စောင့် ကြည့်နေတယ်။ ကျမတို့ ကားထွက်သွားတဲ့အထိ ကားဂိတ်မှာ ရပ်ကျန်နေရစ်ပါတယ်။ ကျမနဲ့မိုး တခန်းထဲ အတူ တည်း တာပါ။ မိုးအတွက် ပစ္စည်းလိုလို့ ကျမက မိုးရဲ့အိတ်ကို ဖွင့်လိုက်တော့ မိုးအတွက် သူပြင်ပေးထားတဲ့ ပစ္စည်းတွေကို တွေ့ ရတယ်။ အဝတ်အစားက အစုံလိုက်၊ ပန်းကန်၊ ခွက်၊ တူ၊ ဇွန်း အစုံပါတယ်။ ဘယ်အချိန်မှာ ဘာဝတ်ရမယ်၊ ဘာစားရမယ် ဆိုတာ စာရွက်လေးနဲ့ ရေးထားပြီးသား။ ခွက်လေးနှစ်ခွက်ကို ကျမသတိထားမိတယ်။ အဲဒီခွက်ပေါ်မှာ ကာတွန်းရုပ်လေး နှစ်ရုပ် ဆွဲထားတယ်။ တယောက်က မိုး တယောက်က သူပေါ့။ မိုးအနားမှာ သူအမြဲရှိနေတယ် ဆိုတာကို သိအောင်လို့ ပါတဲ့။
မိုးမှာ သူ့ကိုနားလည်တဲ့ သူ့ကိုချစ်တဲ့သူ ရှိနေလို့ ကံကောင်းသူလေးလို့ ကျမ မိုးကို ခဏခဏပြောမိတယ်။ မိုးဟာ သတ္တိ ရှိသလို သိတတ်သူလဲ ဖြစ်တယ်။ မိုးကို လိုက်ပို့တော့ ကျမမှာ လသားအရွယ် သမီးလေးတယောက် ပါပါတယ်။ မိုးဟာ ကလေးအလွန်ချစ်တတ်ပါတယ်။ ဒါပေမဲ့ သူက ကလေးကို တခါမှ မပွေ့ပါဘူး။ ကလေးပစ္စည်းတွေကိုလဲ မကိုင်ပါဘူး။ ကျမက ကိစ္စမရှိပါဘူးလို့ပြောနေပေမယ့် မိုးဟာ သူ့မှာ ဘာရောဂါတွေရှိနေမှန်းမသိဘူး၊ ကလေးကို ကူးမှာစိုးတယ်ဆိုပြီး ကလေးနားကို မကပ်ပါဘူး။ ရေလဲ သူ့ခွက်နဲ့သူ သောက်ပါတယ်။ သူထမင်းစားတဲ့ တူနဲ့ ဟင်းနှိုက်တာမျိုးကိုလဲ သူမလုပ် ပါဘူး။
မိုးက အပြင်သွားလည်ချင်တယ်လို့ ပြောလာပါတယ်။ ကျမ မိုးကို မသွားစေချင်ပါ။ ဒီတလော မိုး ဝမ်းတွေ  လျှောနေ တယ်မဟုတ်လား။ မိုးက နောက်ဆို ကျမ ထပ်လာနိုင်တော့မှာ မဟုတ်ဘူး၊ ရောက်တုန်း သွားနိုင်တုန်း လျှောက်လည်  ချင်တယ်တဲ့။ ကျမ မိုးနဲ့ အတူလျှောက်လည်ဖို့ သဘောတူလိုက်တယ်။ မိုးဟာ လမ်းနည်းနည်းလျှာက်တာနဲ့ မောနေပါပြီ။ ဒါပေမဲ့ သူအပြုံးမပျက်ပါဘူး။ အခုလို မိုးနဲ့အတူ လျှောက်သွားနေသူဟာ ကျမမဟုတ်ဘဲ မိုးရဲ့သူဆိုရင် မိုး ဘယ်လောက် များ ပျော်လိုက်မလဲလို့ မိုးကို ကြည့်ရင်း ကျမတွေးနေမိတယ်။
အဲဒီက ပြန်လာပြီးကတည်းက မိုးရဲ့ကျန်းမာရေးဟာ သိသိသာသာ ကောင်းလာပါတယ်။ မိုးကို ကျန်းကျန်းမာမာနဲ့ မိုးရဲ့ သူနဲ့ တတွဲတွဲသွားနေတာ မြင်ရတော့ ကျမ တအားဝမ်းသာမိတယ်။ ဒါပေမဲ့ ကံကြမ္မာဟာ မိုးကို နောက်တခေါက် မျက် လှည့်ပြလိုက်ပြန်ပါ ပြီ။ မိုးရဲ့သူ ဆုံး ပြီ။
ဒီသတင်းကို ကြားရတဲ့ ကျမဟာ ကိုယ့်နားကိုယ် မယုံနိုင် အောင်ပါဘဲ။ ကိုယ် နားကြားလွဲတာ ဖြစ်ပါစေ။ ကျမ ရေခဲတိုက် မှာ မိုးကိုတွေ့လိုက်တယ်။ ဟိုမှာလှဲနေတာကတော့ မိုးရဲ့သူပါ။ မိုး မျက်နှာ ခုလိုညှိုးနွမ်းနေတာ ကျမတခါမှ မကြုံဖူးပါ ဘူး။ မိုး ဘယ်လိုဖြစ်တာလဲလို့ ကျမ မေးနေတာကို မိုးမှာဖြေနိုင်တဲ့ အင်အားတွေ မရှိတော့ပါဘူး။ အနားက အမျိုးသမီးက ပြောပြပါတယ်။ “မိုးရဲ့ မောင်လေးက ဓားနဲ့ ထိုးလိုက်တာ” တဲ့။ ဘုရား ဘုရား… မကြားရဲစရာပါလား။ “မိုးရဲ့မောင်လေးနဲ့ သူဟာ အရက်သောက်ထားတော့ နည်းနည်း စကားများကြတာကနေ ဓားနဲ့ထိုးလိုက်တာ၊ မိုးရဲ့မောင်ဟာ သူငယ်ငယ်က ထိန်းလာတဲ့ ကလေးမို့ တကယ်ထိုးမယ် မထင်ဘူး။ ဒါကြောင့် ဟိုက ဓားနဲ့ထိုးမယ်လို့ပြောနေတာကို သူက လည်ပင်းငုံ့ ပေးလိုက်တာ” ဆိုပဲ။ “ဓားက လည်ပင်းသွေးကြောမကြီးကို ထိသွားတော့ မိုးရဲ့သူဟာ သွေးတွေ ပန်းထွက်နေတဲ့ လည် ပင်းကို သူ့လက်နဲ့အုပ်ရင်း မိုးဆီကို မိုး … မိုး နဲ့ အော်ခေါ်ပြီး အရောက်ပြေးလာသေးတယ်။ မိုး လှဲနေတဲ့ ကုတင်ရှေ့ရောက်မှ လဲကျသွား ပြီး အသက်ထွက်သွားတာ” တဲ့။
အားလုံးက မိုးကို ဆေးရုံတင်ထားတယ်လို့ပဲ ပြောထားကြတာ။ မိုးလဲ အခုမှ သူမရှိတော့မှန်းသိတာတဲ့။ သူ့မောင်လဲ ထွက်ပြေးသွားပြီတဲ့။ မိုး ဘယ်လို ရင်ဆိုင်ရမှာလဲ။ တရားခံက သူသိပ်ချစ်တဲ့ မောင်လေး။ သေဆုံးသူက သူ့ကို လိုလေ သေးမရှိ ပြုစုနေတဲ့ သူ့ယောက်ကျား၊ သေဆုံးသူရဲ့ ဇနီးအနေနဲ့ တရားခံကို မြန်မြန်မိစေချင်တယ်။ တရားခံရဲ့ အမအနေ နဲ့ သူ့မောင်ကို မမိစေချင်ဘူး။ မိုးရဲ့ စူးစူးရှရှ သူ့ကို အော်ခေါ် ငိုနေသံကို ကြားနေရတယ်။
“မင်း သူ့ကိုချစ်တယ်ဆိုတာ ငါသိတယ်၊ သူကလဲ မင်းကို အကိုတယောက်လို ချစ်ပါတယ်၊ သူလက်လွန်သွားတာပါ။ မင်း ဘာလို့ ခေါင်းငုံ့ပေးရတာလဲ။ မင်းဘာလို့ မရှောင်လိုက်တာလဲ၊ မင်းဘာလို့သူ့ကို မတွန်းလိုက်တာလဲ” မိုး ထပ်အော်ဖို့ အင်အားတွေ ကုန်ခန်းနေပါပြီ။ ကျမ မိုးကို ဆွဲထူလိုက်တယ်။ မိုးရဲ့သူ့ကို ရင်ခွဲရုံမှာပဲ နောက်ဆုံးနှုတ်ဆက်ဖို့ ကျမ ပြော မိတယ်။ သူ့ကို မြေချတဲ့အထိတော့ မလိုက်ဖို့ ကျမ ပြောမိတယ်။ မိုး ခေါင်းကိုတွင်တွင်ခါကာ မျက်ရည်တွေ သုတ်နေပါ တယ်။ သူ့ကို နောက်ဆုံး အထိတော့ ပို့ပါရစေတဲ့။ မိုးနဲ့ ကျမတို့ဟာ မိုးရဲ့သူ့ကို လိုက်ပို့ကြတယ်။
အဲဒီနေ့က မိုးလေးဖွဲဖွဲရွာနေတယ်။
သူမရှိတော့နဲ့နောက် မကြာပါဘူး။ မိုး အိပ်ရာထဲလဲပါတော့တယ်။ မိုးရဲ့ မိတ်ဆွေတွေ မိုးကို အလှည့်ကျ ပြုစုကြပါတယ်၊။ မိုးဆီကိုရောက်တိုင်း မိုးရဲ့ ကျန်းမာရေးဟာ တရက်ထက်တရက် ဆိုးလာတာတွေ့ရတယ်။ မိုး အစာမျိုမရတော့ပါဘူး။ ရေမျိုရတာတောင် ခက်နေပါပြီ။ နောက်ဆုံးတခေါက် မိုးဆီရောက်တော့ စကားကောင်းကောင်းတောင် မပြောနိုင်   တော့ ပါဘူး။ မိုးက ကျမ လက်ကို ဆုပ်ထား ပြီး သူ့ညီမလေးကို ညွှန်ပြနေပါတယ်။ သူ ဘာပြောချင်တယ်ဆိုတာကို ကျမ သိနေ ပါတယ်။
မိုးတွေ တဖွဲဖွဲရွာနေတဲ့ တရက်မှာပဲ မိုး ကျမတို့ ကိုခွဲသွားခဲ့တယ်။ ကျမတို့ မိုးကို သူ့နားမှာ မြေချလိုက်တယ်။ မိုးရည်စက် လေးတွေက မြေပုံလေး နှစ်ပုံပေါ်ကို ညင်ညင်သာသာ ညီညီမျှမျှ ရွာကျလို့ …
ကြည်ကြည်ကျော်မြ
(စာမျက်နှာတိုင်း မျက်ရည်စို … မှ)

Source: နေ့သစ်

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပြီး လက်မခံကြောင်း သတင်းစာ ဆရာကြီးများနှင့် လူများစု ပြောကြား

269
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့ (၂၆-၉-၂၀၁၁) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။

269c
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising  ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။
269d









ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး ကြားရတာ ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခု အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။ တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။ နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”

ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။ ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ်လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကို အနှောက်အယှက် မဖြစ်စေချင်ဘူး။ အခုချိန်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကာလပါ။ ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့ ရည်ရွယ်ချက် မပျက်စေချင်ဘူး။”
“ဆူးလေဘက်မှာလည်း လူတွေစုကြတယ်လို့ ပြောတယ်။ သန်လျင်ကအဖွဲ့တွေ၊ BG Group က လူတွေပါတယ်လို့လည်း ကြားတယ်။ BG Group ဆိုတာ ဗိုလ်ချုပ်သွေးလှူအဖွဲ့လို့ ပြောပါတယ်။ ဒဂုံဘက်ကလာတဲ့ ဒေါ်နော်အုန်းလှတို့ အဖွဲ့တွေလည်း သက်ဆိုင်ရာက တားလို့ န၀ဒေး ရုပ်ရှင်ရုံနားကနေ လူစုခွဲပြန်သွားကြပြီလို့ သိရတယ်”ဟု ဆူးလေဘုရားအနီးမှ စုဝေး၍ ရွှေဂုံတိုင်မီးပွိုင့် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။

ဆူးလေစေတီတော် အနီးမှ စုဝေးထွက်ခွာခဲ့သူ အချို့၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခန့်
- ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍
မွန်းလွဲ(၁)နာရီကျော်ခန့်
- ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့။
- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။
မွန်းလွဲ(၂)နာရီခွဲခန့်
- ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။

ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခွဲခန့်
- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။
- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။
မွန်းလွဲ(၁)နာရီကျော်ခန့်
- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။
- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။
- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။
မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်
- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။
- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။
“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့ အတွက်ကြောင့် မြောက်ဒဂုံ မကွေးကျောင်းတိုက် နားကနေပြီးတော့ BM ကား(၃)စီးငှား ပြီး ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို န၀ဒေးလမ်းဝမှတ်တိုင် အနားကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကားမောင်းသမားတွေကို သူတို့ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး ထပ်မံမောင်းနှင်ခွင့် မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူအယောက်(၂၀၀)နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့ အတွက် ဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက် ညီညီဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု ၊ဒေါ်နော်အုန်းလှ၊ ဦးဝင်းချို တို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေး ဘုရားလမ်း န၀ဒေးမှတ်တိုင် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။
“အရမ်းကြီးကြီးထွားလာမယ့်  အဆင့် အထိဖြစ်လာမယ်လို့ မထင်ပါဘူး။ အခုလိုလုပ်တာကလည်း ဒီမိုကရေစီ အခွင့်အရေးနှင့် အညီ စမ်းသပ်လုပ်တယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ထိပ်တိုက်တွေ့တဲ့နည်းကို မသုံးဘဲ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားပါလိမ့်မယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ်ဆိုရင် မလိုလားအပ်တဲ့ အကြမ်းဖက်တာ တွေကိုလုပ်မလာဘူးဆိုရင် ကောင်းပါ တယ်။ နောက်ပြီး ထိန်းမနိုင်သိမ်း မရ အခြေအနေတွေ ဖြစ်မလာအောင်လည်း သက်ဆိုင်ရာတာ ၀န်ရှိသူတွေ က ကြိုးစားသွားရပါမယ်။ ပြည်သူ တွေအနေနဲ့လည်း ပြည်သူ့အခွင့်အရေးကို အသုံးချတယ် လို့မြင်ပါတယ်။ လုံခြုံရေးပိုင်းက တာဝန်ရှိသူ တွေအနေနဲ့လည်းခေတ်စနစ်  ပြောင်း သွားပြီဖြစ်တဲ့အတွက် အရင်လိုမျိုး ထိပ်တိုက်တွေ့တာတွေမလုပ်ဘူး ဆိုရင် ငြိမ်းငြိမ်းချမ်းပြီးသွားမှာပါ” ဟု သတင်းစာဆရာ မောင်ဝံသက ပြောပြပါသည်။
“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်လုပ်ကြတာပါ။ အဲဒီတုန်းက သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်နစ်နာ တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူး ပြီး ကောင်းမှုကုသိုလ်လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲရည်ရွယ်ကိုယ်စား ပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်း အမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်း သားတွေရဲ့ မိသား စုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအ ဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်”ဟု ပါဝင်ခဲ့သူတစ်ဦးက ပြောပြပါသည်။
“ကျွန်တော်တို့ ဆူးလေဘုရားဘက်ကို ထွက်မလာခင် ဒဂုံမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆုတောင်းပွဲလုပ်ခဲ့ပါသေးတယ်။ ဆူးလေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆုတောင်းဖို့ရည်ရွယ်ပြု လုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ကား ကို သက်ဆိုင်ရာက တားတဲ့အခါမှာလည်း ကျွန်တော်တို့အဖွဲ့တွေဆင်းပြီး လမ်းလျှောက်ခဲ့ကြပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း အော်တာ လက်ခုပ်တီးတာတွေ ဘာမှမလုပ်ခဲ့ ကြပါဘူး။ ပြီးတော့ လမ်းဘေးပလက်ဖောင်းပေါ် တက်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းထိုင်ပြီး ဆုတောင်းတယ်။ ခဏနေတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်လာတယ်။ ပြန်ခိုင်းတယ်။ ကျွန်တော်တို့လည်း မိနစ်ပိုင်းအတွင်း လူစုခွဲပြီးပြန်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်စီးစေလို့တဲ့ ရည်ရွယ်ချက်မရှိပါဘူး”ဟု အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ဘာတွေပြောကြတယ်၊ဘာတွေဆုတောင်းကြတယ်တော့ သေချာ မသိပါဘူး။ ကမ္ဘာအေးဘုရား လမ်းမှာ လမ်းတွေနည်းနည်းပိတ်သွားတယ်။ ဆူပူတွေ တွေမပြုလုပ်ကြဘဲ ကိုယ်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြဖို့ လိုပါတယ်”ဟု ကမ္ဘာအေးဘုရား လမ်းနေ အသက် ၄၀ ၀န်းကျင်အရွယ်ရှိ ဦးအေးသန်းကပြောကြားခဲ့ သည်။
ဆူးလေစေတီ၌ ဆုတောင်း အမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည်လူစုခွဲခဲ့ကြကြောင်း သတင်းရ ရှိပါသည်။
“စကြားခါစကတော့ တစ်ယောက်စကား တစ်ယောက်နဲ့ တော်တော်ကြီးတယ် ထင်ခဲ့တာ။ သေချာသိရတော့မှ သိပ်မများဘူးဆိုတာ သိရတယ်။ ဒီဘက်မှာတော့ အေးအေးချမ်းချမ်းပါပဲ”ဟု တာမွေမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောပြသည်။
“ဖုန်းနဲ့လှမ်းပြောလို့ သိလိုက်ရတာပါ။ ညနေ လေးနာရီခွဲလောက် မြို့ထဲရောက်တော့ အားလုံး ပုံမှန်အတိုင်းပါပဲ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါသည်။
“သိလိုက်ရတဲ့အချိန် တုန်းက ကန်တော်ကြီးထဲ ရောက်နေတာ။ မသိလိုက်ကြပါဘူး။ ပြန်ထွက်မှပဲ သိလိုက်ရတယ်”ဟု မင်္ဂလာဒုံမြို့ နယ်မှလူငယ်တစ်ဦးကပြောပြခဲ့ပါသည်။
ယနေ့ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲကြောင့် မြောက်ဥက္ကလာ၊ န၀ဒေး၊ ဆူးလေနှင့် ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက် ရွှေဂုံတိုင်မီးပွိုင့်အထိ လူအများလှုပ်လှုပ်ရှားရှား ဖြစ်ပေါ်ခဲ့ပြီး ညနေ ၃နာရီ မိနစ်၃၀ အချိန်တွင် အားလုံးအေးအေးချမ်း ချမ်းဖြင့် ဆန္ဒထုတ်ဖော်မှုများပြီးဆုံးခဲ့ကြောင်း သိရပါသည်။ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ နေရာအချို့မှ လွဲ၍ ကျန်နေရာများတွင်မူ ပုံမှန်အနေအထားတိုင်း ရှိနေခဲ့ကြောင်း သိရှိ ရပါသည်။
“ နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒပြလိုက်ဆိုတာ ထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။ လူအများစုရဲ့ဆန္ဒဆိုတာ လူအများစု ရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ ဆန္ဒပြတာ မဟုတ်ဘူးဆိုပေမယ့် အများပြည်သူအကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော် သောင်း နင်းဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact  ရှိတယ်။ ဆူးလေဘုရားမှာ ဆန္ဒပြသူက(၇၀)ကျော်၊ သတင်းယူသူက (၁၀၀)ကျော်ရှိ တယ်။ တချို့သတင်းထောက် တွေက သတင်းကြိုရထားကြတယ်။ အလုပ်ဆိုတာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ နိုင်ငံရေးကို လုပ်ကိုင်နေတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ သိသင့်ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ Bird eye view  ဆိုတာ နယ်ပယ်အသီးသီး မှာရှိပါ တယ်။ တိုင်းပြည် ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစား နေရတဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်ကို လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO  ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
Source: Eleven Media Group 

အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် ဆောင်ရွက်နေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိ ဟု ဦးကျော်ဆန်း ပြောကြား

712
အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေကြားစဉ်
အမျိုးသားပြန်လည် စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထောင်စု အစိုးရကိုယ်စား ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့ အစီအစဉ်တွင် ရခိုင်ပြည်နယ် မဲဆန္ဒ နယ် အမှတ်(၁၀) အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးအုန်းတင်၏ ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်တွင် စတင်နိုင်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိဘူး ဆိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသား ပြန်လည်စည်းလုံးရေးနဲ့ ပတ်သက်ပြီး ကနေ့အခါမှာ နိုင်ငံတော် အစိုးရအနေနဲ့ နည်းလမ်းသုံးခု နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နံပါတ်(၁) နည်းလမ်းကတော့ မိမိတို့နဲ့ အမြင်သဘောထား မတူတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ အနေနဲ့ အမြင်သဘောထား တူတာတွေကို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ကမ်းလှမ်းဖိတ်ခေါ် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ ကနေ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ပြောရေးဆို ခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
‘‘အဲဒီလို နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနဲ့ သဘောထား တူညီတာတွေကို ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ရဲ့ စွမ်းအားနဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ဖော်ဆောင်နိုင်မှာ ဖြစ်သလို အဲဒီ နှစ်ဦးနှစ်ဖက် အတွင်းမှာလည်း နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုမြင့်မားရရှိအောင် ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဲဒီလို အမြင်သဘောတူတာတွေ ပူးပေါင်းဆောင်ရွက်လို့ နှစ်ဖက်နားလည်မှုနဲ့ ယုံကြည်မှုတွေ တိုးမြှင့်လာတာနဲ့ အမြင်မတူသေးတဲ့ အကြောင်းအရာတွေကိုလည်းပဲ တစ်ဆင့်တက်ပြီးတော့ ဖြေရှင်းဆောင်ရွက်နိုင်ကြပြီး နှစ်ဦးနှစ်ဖက်စလုံး အတွက် win-win situation ကို ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်’’ဟု ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။
‘‘ဒုတိယ ဆောင်ရွက်နေတဲ့ နည်းလမ်းကတော့ ၁၇-၈-၂၀၁၁ ရက်နေ့မှာ MICC ခန်းမမှာ ကျင်း ပခဲ့တဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ်က တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ နိုင်ငံတော် သမ္မတကြီးက အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိပါက အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော် တို့ စဉ်းစားပေးမှာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင်  တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာ ဖြစ်ကြောင်းလို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။  အဲဒီလမ်းညွှန်မှာကြားချက်အတိုင်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား များကို ကိုယ့်နိုင်ငံကို ပြန်လာဖို့ ကမ်းလှမ်းပြီး အမျိုးသားပြန်လည် စည်းလုံးရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ကနေ့အခါ ပြန်လာသူများနဲ့ ပြန်လာဖို့ ပြင်ဆင်နေသူများရှိနေတာကို ၀မ်းမြောက်ဖွယ် တွေ့ရှိကြရမှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
‘‘နံပါတ် (၃) နည်းလမ်း ကတော့ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ၊ အခြေခံဥပဒေနဲ့အညီ အသွင်ပြောင်းလဲမှုကို မဆောင်ရွက်နိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသားပြန်လည် စည်းလုံးရေးကိုတည်ဆောက်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး ကမ်းလှမ်း ချက် ၁/၂၀၁၁ ကို ထုတ်ပြန်ဆောင် ရွက်လျက်ရှိတာလည်း ကိုယ်စားလှယ်ကြီးများ အားလုံးအသိ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန် ဆောင်ရွက်မှုကြောင့် ယခုအခါ ‘၀’  အထူးဒေသ(၂) တိုင်းရင်းသား လက်နက်ကိုင်များနဲ့ လည်းကောင်း၊ မိုင်းလား အထူးဒေသ(၄)  တိုင်းရင်းသား လက်နက်ကိုင်များနဲ့ လည်းကောင်း ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး တည်ဆောက်မှုအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီး ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတဲ့အခါမှာ ပြည်ထောင်စုအစိုးရကဖွဲ့စည်းပေးတဲ့ ငြိမ်းချမ်း ရေးတည်ဆောက်မှုအဖွဲ့နဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးပြီးတဲ့အခါမှာ ငြိမ်းချမ်းရေး(သို့မဟုတ်) အမျိုးသား ပြန်လည်စည်းလုံးရေးကို အောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။ အလားတူပါပဲ အခြားသော လက်နက်ကိုင်များနဲ့ ထိတွေ့ဆွေးနွေးမှုများ စတင်နိုင်အောင် လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်’’ ဟု ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။
Source: Eleven Media Group 

ဗဟိုဘဏ်က အငှားဝယ်စနစ် မီးစိမ်းပြလိုက်ပြီ

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကုန်ပစ္စည်းများ ဝယ်ယူ ရာတွင် အရစ်ကျ ပေးချေနိုင်မည့် “အငှားဝယ်ယူခွင့်” စနစ်ကို အရောင်းကုမ္ပဏီနှင့် ဘဏ်တို့ ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် မြန်မာဗဟိုဘဏ်က ခွင့်ပြုချက် ပေးလိုက် ပြီးနောက် စိတ်ဝင်စားသည့် ပုဂ္ဂလိက ဘဏ်များက ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
နေပြည်တော်ရှိ ဗဟိုဘဏ် တာဝန်ရှိသူတဦးက " နိုင်ငံပိုင် ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံးကို Hire Purchase (အငှားဝယ်စနစ်) လုပ်လိုပါက ခွင့်ပြုကြောင်း အကြောင်းကြားထားပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ယင်းအသိပေးချက်က ဗဟိုဘဏ်မှ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များသို့  ယခုလ ၁၅ ရက်နေ့မှစ၍ ပေးပို့ထားကြောင်း သိရသည်။
centralbank
မြန်မာဗဟိုဘဏ်က အရောင်းကုမ္ပဏီနှင့် ဘဏ်တို့ ချိတ်ဆက်၍ ဆောင်ရွက်နိုင်သည့် “အငှားဝယ်ယူခွင့်” စနစ်ကို ခွင့်ပြုချက်ပေးပြီးနောက် ဘဏ်များ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ (Photo :: http://popularmyanmar.com)

အငှားဝယ်စနစ်ကို အကောင်အထည် ဖော်လိုသည့် ဘဏ်များ အနေဖြင့် တွဲဖက် လုပ်ကိုင်မည့် အရောင်းကုမ္ပဏီ အမျိုးအစား၊ ယင်းကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်၊ ပစ္စည်းဝယ်လိုသူနှင့် ချေးငွေ ထုတ်ချေးမည့် ဘဏ်တို့အကြား စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာရွက်စာတမ်းများကို ဗဟိုဘဏ်သို့ တင်ပြရမည် ဖြစ်သည်။

ယင်း အချက်အလက်များကို ဗဟိုဘဏ်က ကြည့်ရှု စစ်ဆေးပြီးနောက် အငှားဝယ်စနစ်ကို လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဝန်ထမ်းက ရှင်းပြသည်။

ပုဂ္ဂလိကဘဏ် တဘဏ်ဖြစ်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (Asia Green Development) မှ တာဝန် ရှိသူ ဦးရဲမင်းဦးက လာမည့် အောက်တိုဘာ လကုန်ပိုင်းတွင် အငှားဝယ်ယူမှု အစီအစဉ် စတင်နိုင်ရန် ပြင်ဆင်နေကြောင်းပြောသည်။

အငှားဝယ် စနစ်တွင် ဝယ်ယူသူကိုယ်စား ဘဏ်က အရောင်းကုမ္ပဏီသို့ ငွေလက်ငင်း ပေးချေ ပြီးနောက် သတ်မှတ် ကာလအတွင်း ဝယ်ယူသူက ဘဏ်သို့ အရစ်ကျ ငွေပေးချေ သွားရမည့် စနစ်ဖြစ်သည်။ ဘဏ်မှ ငွေချေးငှားထားသည့်အတွက် ငှားရမ်းခကို သီးခြား ကောက်ယူမည် ဖြစ်သည်။ ဘဏ်တိုးနှုန်းဖြင့် ချိတ်ဆက်ခြင်း မရှိဘဲ သီးခြားနှုန်း တခု ရှိမည်ဟု လည်း သိရသည်။

ငှားရမ်းခနှုန်းထားကို ပထမဆုံးပေးချေမူ (down payment) ပေါ်တွင် အခြေခံကာ ကောက်ယူမည် ဖြစ်သည်ဟုလည်း ဦးရဲမင်းဦးက ရှင်းပြသည်။

“ ဒီစနစ်မှာက ချေးငွေချေးတဲ့ အတိုးနှုန်းမျိုး မယူဘူး၊ ဥပမာ ငွေချေးရင် ၁၅ ရာခိုင်နှုန်း၊ ပေးရမယ် ဆိုတာမျိုး မဟုတ် ဘူး။ အငှား စနစ်ရဲ့ ပစ္စည်း  ငှားရမ်းခ သီးခြား ကောက်တာ ရှိတယ်၊ ဒီ ငှားရမ်းခ တချို့ ကျနော်တို့ တွက်ချက်နေတုန်း ရှိပါသေးတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်၏ တာဝန်ရှိသူ ဦးရဲမင်းဦးက ပြောသည်။

ဝယ်ယူသူဘက်မှ အလုပ်ရှင် သို့မဟုတ် အရောင်းကုမ္ပဏီက ဘဏ်သို့ အာမခံပေးသည့် စနစ်ကိုကျင့်သုံး သွားမည် ဟုလည်း သိရှိရသည်။

ကိုရဲမင်းဦးက “ဒီစနစ်က တိုင်းပြည်အတွက် လိုအပ်တယ်၊ သေချာတဲ့ အာမခံ စနစ်ကို ကျင့်သုံး မှာပေါ့ ”ဟုပြောဆိုကာ ယခုစနစ် ကျင့်သုံးခြင်းဖြင့် ဘဏ်များအနေဖြင့် ဆုံးရှုံးမှုရှိမည်ဟု မယူဆကြောင်းလည်း ၎င်းက ပြောသည်။

ဝယ်ယူနိုင်မည့် ပစ္စည်းများတွင် အိမ်သုံး ပရိဘောဂ၊ လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်းနစ် ပစ္စည်းနှင့် ကွန်ပြူတာ ပစ္စည်းရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ် တခု ဖြစ်သည့် ကမ္ဘာဇဘဏ်က ဗဟိုဘဏ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ကမ္ဘာဇဘဏ် တာဝန်ရှိသူ ကိုအောင်ကျော်မျိုးက ပြောသည်။

သြဂုတ်လနှောင်းပိုင်းမှ စတင်သည့် လွှတ်တော် စည်းဝေးပွဲများတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေ တို့အား ခေတ်စနစ်နှင့် အညီ လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက်ရန်  ပြည်ထောင်စု ရှေ့နေရုံးချုပ်နှင့် ညှိနှိုင်း ထားပြီး ဖြစ်ကြောင်း ပြောဆိုပြီးနောက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကလည်း အငှားဝယ် စနစ်ကို ယခု ဖျက်သိမ်းပြီး ဖြစ်သည့် အာရှဓနဘဏ်၊ မြန်မာ
မေဖလာဝါးဘဏ်တို့က ကျင့်သုံးခဲ့ဖူးသော်လည်း ၂ဝဝ၃ ခုနောက်ပိုင်း ဗဟိုဘဏ်က ပိတ်ပင်ခဲ့သည်။

ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသား ၅၀ဦး ထိုင်းတပ်ဖွဲ့အတွင်း ရက်တိုလေ့လာမှုပြုခဲ့

စက်တင်ဘာလ ၂၆ရက်။ နော်ခိုင် (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ရှိ CDC နှင့် ဆာသူးလေ မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းများမှ အထက်တန်းကျောင်း သူကျောင်းသား ၅၀ဦးမှာ ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့(တောချောဒေါ-၃၆) တပ်ထဲတွင် စက်တင်ဘာ ၂၃ရက်မှ ၂၅ရက်နေ့အ ထိ သုံးရက်တာ စခန်းသွင်း လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့ကြသည်။

Photo-KIC (မဲဆောက်ရှိ တောချောဒေါတပ်ဝင်း အ၀င်ဝ)

၎င်းအစီအစဉ်ကို ထိုင်းစာကို သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု Children Development Center-CDC အထက်တန်းကျောင်း၏ ဒု ကျောင်းအုပ်ဆရာ ဦးနေမျိုးအေးက ကေအိုင်စီကို ယခုလို ပြောသည်။ “ကလေးတွေနဲ့ ထိုင်းစစ်သားတွေ တွေ့ဆုံရုံသက်သက် မဟုတ်ပါဘူး။ ဒီပွဲကို စီစဉ်တဲ့ ဆရာ၊ဆရာမတွေ ပြောတာကတော့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးအတွက် လေ့ကျင့်ပညာပေးတာပါပဲ။ ထိုင်းစစ်သားတွေရဲ့ ဘ၀ကိုလေ့လာပြီး အခြေခံစစ်ပညာလောက်တော့ လေ့ကျင့်ရတာပေါ့။”ဟု ဆရာနေမျိုးအေးက ပြောသည်။
ယင်းသို့ သွားရောက်ရာတွင် ဆရာ၊ ဆရာမများက ၉တန်းနှင့် ၁၀တန်း ကျောင်းသူကျောင်းသားများထဲမှ ထိုင်းစကားပြော တတ်သူ၊ ထိုင်းစာရေးတတ်သူများကို ဦးစားပေးရွေးချယ်ကာ စီဒီစီနှင့် ဆာသူးလေကျောင်းများမှ ကျောင်းသူကျောင်းသား ၂၅ ဦးစီကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
CDC ကျောင်းမှ စောကျော်အဲက သူ တွေ့ကြုံလုပ်ဆောင်ခဲ့ရပုံများကို ယခုလို ပြောပြသည်။
“ကျနော်တို့တွေ တပ်ဝင်းထဲ ရောက်တာနဲ့ ဆေးလိပ်သောက်တတ်သူရှိမရှိ မေးတယ်။ နောက်ပြီး ကျနော်တို့ကို အုပ်စု ၅စုခွဲ ပေးတယ်။ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါနဲ့ ခရမ်းရောင် အုပ်စုတွေပေါ့။ နောက် သူတို့ စစ်သားတွေ နေထိုင်သလိုပဲ မနက်ဆို စစ် ရေးပြဆင်းရတယ်။ သတ်မှတ်ထားသလို အချိန်နဲ့ အိပ်၊ ရေချိုး၊ စားသောက်တာကအစ ၀ီစီနဲ့မှုတ်ပြီး အမိန့်အတိုင်း လုပ်ရ တယ်။ ကျန်တဲ့အချိန်မှာ ကျနော်တို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံပေမဲ့ တာဝန်ချိန်ကတော့ ခပ်ပြင်းပြင်းပဲ။”ဟု ဆိုသည်။
၉တန်းကျောင်းသူ မအိသူချိုကတော့ “သမီးတို့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးအတွက် အုပ်စုခွဲပြီး ဆွေးနွေး ခိုင်းပါတယ်။ ဆွေးနွေးတာ မြန်မာလိုပဲ ရေးရတာပါ။ စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ရေးလေ့ကျင့်တာကတော့ နည်းနည်း ပင်ပမ်းပါတယ်။ မနက် ၅နာရီ ထရတယ်။ ထမင်းစားခါနီးလည်း ချက်ချင်းမစားရဘူး။ စစ်ပုံစံနဲ့ပဲ စားရတယ်။ ထိုင်ရင်လည်း မတ်မတ်ထိုင်ရပါတယ်။ ပုံစံမကျရင် ထိုင်ထ အကြိမ် ၅၀ ပြစ်ဒဏ်ပေးပါတယ်။”ဟု ပြောသည်။
ထိုအစီအစဉ်အတွက် ရွှေ့ပြောင်းမြန်မာကျောင်းများတွင် ပညာရေးကိစ္စများ ဆက်စပ်လုပ်ဆောင်နေသည့် Help without Frontier-HWF နှင့် Ministry of Education-MOE အဖွဲ့တို့မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
ဆရာဦးနေမျိုးအေးကလည်း “ကလေးတွေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်။ စစ်သားတွေရဲ့ဘ၀ကို လေ့လာခွင့်ရတယ်ဆို တော့ ကောင်းပါတယ်။ ကျနော်ဆို ဒီအစီအစဉ်ကို အစက အံ့တောင်အံ့သြသွားတယ်။ သူတို့တွေဘက်က အဲလိုလက်ခံလုပ် ပေးတာလေ။ ကိုယ့်အခြေအနေနဲ့ဆို ဆန္ဒရှိတောင် တောင်းဆိုရဲမှာ မဟုတ်ဘူး။”ဟု ပြောသည်။
ထိုသို့ သွားရောက်ခဲ့သည့် အထက်တန်းကျောင်းသူကျောင်းသားများက မိမိတို့အတွက် ပထမဆုံး အတွေ့အကြုံဖြစ်၍ အကျိုး ရှိသလို ၎င်းတို့အထဲမှ ၃၀ဦးကို ပြန်လည်ရွေးချယ်ကာ ယခုထက်ပို အဆင့်မြင့်သည့် သင်တန်းမျိုးလည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရောက်ရှိလာသည့် ကျောင်းသူကျောင်းသားများက ပြောသည်။
တောချောဒေါတပ်သည် နယ်စပ်တစ်လျှောက် လုံခြုံရေးကို တာဝန်ယူရသည့် စစ်စိမ်းရောင်ဝတ်စုံဝတ်တပ်ဖွဲ့ဖြစ်ပြီး မဲဆောက် ရှိ အမှတ်(၃၆)တပ်ခွဲမှာ ထိုင်းနိုင်ငံသား ကျောင်းသားများကိုလည်း ယခုလိုပင် နှစ်စဉ် အလှည့်ကျ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပေးလေ့ရှိသည်ဟု သိရသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes