Wednesday 28 September 2011

နီကယ်နှင့် ခရိုမိုက်သိုက်များ ချင်းပြည်နယ်တွင်တွေ့

နယူးဒေလီ (မဇ္ဈိမ) ။      ။ နီကယ်နှင့် ခရိုမိုက်သတ္တုရိုင်းသိုက်များ ချင်းပြည်နယ်တွင် တွေ့ရှိရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ သတ္တုတွင်း ဝန်ကြီးဌာနဝန်ကြီး ဦးသိန်းထိုက်က ပြောသည်။

“ချင်းပြည်နယ် မြွေတောင်၊ ဝေဘူလတောင်၊ ဟားခါးလေးနှင့် နတ်တောင်တွင် နီကယ်ဖြစ်ထွန်းမှု လေးနေရာ နှင့်
မြွေတောင်၊ ဝေဘူလတောင်၊ ဟားခါးလေး၊ နတ်တောင်၊ ဘိုပီဘွန်း၊ မူဝယ်လွတ်၊ မောင်တော်-နှမတော်နှင့် ဖလမ်း တို့တွင် ခရိုမိုက်ဖြစ်ထွန်းမှု ရှစ်နေရာ ဖော်ထုတ်နိုင်ခဲ့သည်”ဟု ဝန်ကြီး ဦးသိန်းထိုက်၏ စကားကို ကိုးကား၍ စက်တင်ဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယင်းတွေ့ရှိမှုအရ နီကယ်သတ္တုရိုင်း ၁၁ဝ ဒသမ ၅၇ သန်းနှင့် ခရိုမိုက် ၃၈,၁ဝဝ တန်ခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နီကယ်သတ္တုရိုင်းများကို ကျောက်ဆည် တကောင်းတောင်၊ သပိတ်ကျင်းမြို့နယ်နှင့် ချင်းပြည်နယ်
မြွေတောင်ဒေသတို့တွင် တွေ့ရှိထားခြင်းဖြစ်ကာ ခရိုက်မိုက်ကိုမူ ချင်းပြည်နယ် မြွေတောင်ဒေသ တခုတည်းတွင်  သာ တွေ့ရှိရသည်။

ယင်းစမ်းသပ်ရှာဖွေမှု အတွက် သတ္တုတွင်း ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ New Top Hong Kong Group Ltd တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ North Mining Investment Co.,Ltd, China Nonferrous Metal Industry’s
Foreign Engineering & Construction Co.Ltd နှင့် Guiling Research Institute of Geology for Mineral Resources တို့နှင့်လည်း မြွေတောင်ဒေသ နီကယ်သတ္တု တူးဖော်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ထားသည်။

တွေ့ရှိထားသည့် မြွေတောင်ဒေသ သတ္တုရိုင်းများမှာ စမ်းသပ်တူးဖော်မှု အဆင့်သာ ရှိသေးပြီး လျှပ်စစ်မီး လုံလောက်စွာ ရရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် တူးဖော် ထုတ်လုပ်မှုများ ရှိလာမည်ဟု ဝန်ကြီး ဦးသိန်းထိုက်က ပြောဆိုသည်။

ယခုတွေ့ရှိထားမှုမှာ မှန်ကန်ကြောင်းနှင့် တူးဖော်နိုင်မှုမှာ နောက်တနှစ်ခန့်တွင်သာ ဖြစ်နိုင်ခြေရှိသည် ဟုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ဒေသခံပါတီများက ခန့်မှန်းထားသည်။

“ဒါတော့ သိပ်မကြာတော့ဘူး ထင်တယ်။ သူတို့ လေ့လာရေး လုပ်တာက တော်တော်ကြာပြီလေ။ လျှပ်စစ်မီးက ထိထိရောက်ရောက် အားမလာဘူး ဆိုရင်တော့ သူတို့ တူးဖော်လို့ မရဘူးတဲ့။ အဲဒီမီးကိုပဲ စောင့်နေရတာ။ ဆိုတော့ နောက်တနှစ်လောက်တော့ ကြာဦးမယ် ထင်တယ် ကျနော်တို့ ခန့်မှန်းတာလေ။ ကလေးမြို့နယ်မှာ
မီးအားမှ မကောင်းတာ” ဟု ဒေသခံ ပါတီတခုဖြစ်သည့် ချင်းပြည်နယ် တိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌ
ပူးနိုးထန်ကပ်က မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ် မြွေတောင်ဒေသတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ၁၉၆၅-၆၆ တွင် မြန်မာ့ဓာတ်သတ္တု တိုးချဲ့ လုပ်ကိုင်ရေး ကော်ပိုရေးရှင်းက တကြိမ်၊ ၁၉၇၃၊ ၁၉၈၂၊ ၁၉၉၉  ၌ သတ္တုတွင်း ဝန်ကြီးဌာန ဘူမိနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနတို့မှ စတင်ရှာဖွေခဲ့ပြီး ယင်းအချိန်က နီကယ်သတ္တုရိုင်းများစွာ တွေ့ရှိခဲ့သော်လည်း ခရိုမိုက်ကိုမူ အကွက်လိုက်ဖြင့်သာ ဖြစ်ထွန်းမှု ရှိခဲ့ကြောင်း သတ္တုဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

ယင်းနောက် အမှတ် ၃ သတ္တုတွင်း လုပ်ငန်းနှင့် Kingbao Mining Ltd နှင့် တူးဖော်ရေးအတွက် ပဏာမလေ့လာမှု များပြုခဲ့ကာ မြွေတောင်ဒေသတွင် နီကယ်သတ္တုရိုင်း ၄၄ ဒသမ ၈၉ သန်းနှင့် ယင်းမှ ပျမ်းမျှ  နီကယ် ၁ ဒသမ ၄၈ ရာခိုင်နှုန်း ပါဝင်သော စီးပွားဖြစ် တူးဖော် ထုတ်လုပ်နိုင်မှုမှာ ၃၃ တန်ခန့် ရှိသည်။ သို့သော် တူးဖော်မှု လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် စာချုပ်မူကြမ်း ပျက်ပြယ်ခဲ့သည်။

ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဗဟိုအစိုးရမှသာ လုပ်ကိုင်နေခြင်းဖြစ်ပြီး
ပြည်နယ် အစိုးရအတွက် မည်မျှအကျိုးအမြတ် ရမည်ကို တိကျစွာ မသိရသေးသည့်အတွက် စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း CPP ပါတီက ဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂၅၄ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရမှ ကောက်ခံခွင့်ရှိသည့် အခွန်အခ များတွင် တွင်းထွက် ရတနာသိုက်များမှ ရရှိမည့် အခွန်များကို ကောက်ခံခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား သည်။

“ကျနော်တို့ ပြည်နယ်မှာ ကျနော်တို့ ပြည်သူလူထုတွေ ရှိတယ်။ ပြည်သူလူထုတွေကပဲ မြေယာတွေ အားလုံးကို ပိုင်ဆိုင်တယ်။ သတ္တုတွေ၊ မြေအောက်မြေပေါ် တွင်းထွက်ပစ္စည်းတွေ တူးဖော်မယ်ဆိုရင်တော့  ပြည်နယ် အစိုးရ
ကပဲ ကိုင်တွယ်တယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေမှူး ပူးပေါလ်ဆီထာက ဆိုသည်။

CNF မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ချင်းတိုင်းရင်းသား အဖွဲ့ ဖြစ်သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes