Tuesday 27 September 2011

အပြောင်းအလဲဆိုတာ

အခုတလော မြန်မာနိုင်ငံရေးမှာ ခေတ်စားနေတဲ့ ဝေါဟာရတခုကို ပြောပါလို့ စကားထာ ဝှက်လာမယ်ဆိုရင် အပြောင်းအ လဲ (Change) ဆိုတဲ့ ဝေါဟာရကို လူအများစုက ထောက်ပြကြမယ်လို့ ထင်ပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရ ရင် ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဘားရက်အိုဘားမားက တွင် တွင်ကျယ်ကျယ် သုံးတာကြောင့် သည်ဝေါဟာရကို အမေရိကန်မဲဆန္ဒရှင်များကြား အတော်လေးကို ရေပန်းစားခဲ့ဘူးပါ တယ်။ သမ္မတဖြစ်လာပြီးမှ သူကတိပေးခဲ့သလို တကယ်ချိန်းနိုင်၊ မချိန်းနိုင်ဆိုတာကတော့ သီးခြားဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်။
မြန်မာပြည်မှာရေပန်းစားလာတဲ့ အပြောင်းအလဲ (Change) နဲ့ပတ်သက်ပြီး မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်တဦး တည်း မေးနေမိပါတယ်။
(၁) အပြောင်းအလဲရဲ့ သဘောသဘာဝဆိုတာဘာလဲ။
(၂) အပြောင်းအလဲများဟာ ဘယ်သူတွေရဲ့ အကျိုးစီးပွားအတွက်လဲ။
(၃) အပြောင်းအလဲဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဘာနဲ့တိုင်းတာမလဲ။
(၄) အနိမ့်ဆုံးအဆင့် ဘယ်အရာတွေကို ပြောင်းလဲပေးရမှာလဲ။
(၅) အပြောင်းအလဲများရဲ့ ဖြစ်ပေါ်တိုးပွားမှုများဟာ ဘယ်လိုလက္ခဏာဆောင်သလဲ။
(၆) တကယ်လို့ အပြောင်းအလဲများဖြစ်ပြီဆိုရင် မြန်မာပြည် လက်တွေ့ပကတိဘဝနဲ့ ဆီလျော်ညီညွတ်တဲ့ အပြောင်းအလဲ များ ဖြစ်ပေါ်စေဖို့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ နိုင်ငံရေးအနုပညာမြောက်မြောက် ကြိုးပမ်းသင့်သလဲ စသည် စသည်ပေါ့ ဗျာ။

(၁) အပြောင်းအလဲရဲ့ သဘောသဘာဝဆိုတာဘာလဲ
အပြောင်းအလဲဟာ သဘာဝရဲ့ နိယာမတွေထဲမှာ စွမ်းပကား အကြီးမားဆုံး နိယာမတခု ဖြစ်တယ်။ ဒါကို ဘယ်လိုမှ၊ ဘယ်သူမှ လွန်ဆန်လို့မရပေမဲ့ တပြိုင်နက်ထဲမှာ လူသားဟာ ပြဋ္ဌာန်းခံသတ္တဝါ မဟုတ်တာကြောင့်၊ သဘာဝရဲ့ နိယာမ တွေကို အသုံးချပြီး ကိုယ်လိုချင်တဲ့ အပြောင်းအလဲများကို ဖန်တီးနိုင်တဲ့ အခြေအနေမျိုးတွေကို လူ့သမိုင်းအဆက်ဆက် က သက်သေပြခဲ့တာတွေ ရှိပါတယ်။ အပြောင်းအလဲကို (Evolution) တရွေ့ရွေ့ပြောင်းလဲမှုဖြစ်စဉ်နဲ့ (Revolution) ရုတ်ချည်းပြောင်းလဲမှု ဖြစ်စဉ်ဆိုတာမျိုး နှစ်မျိုးတွေ့မြင်နိုင်ပြီး သည်ပြောင်းလဲမှုသဏ္ဌာန်နှစ်မျိုးဟာလဲ တမျိုးနဲ့တမျိုး အ တွင်းကျကျ (Interlinked) ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အပြောင်းအလဲတခုဟာ Revolution အဆင့်ရောက်ပြီ လား၊ ဒါမှမဟုတ် Evolution ဖြစ်စဉ် အတွင်းမှာပဲရှိသေးလားဆိုတဲ့ အကဲဖြတ်မှုအပေါ် မူတည်ပြီး အပြောင်းအလဲများမှ တဆင့် ပေါ်ထွက်လာတဲ့ ရေတို၊ ရေရှည် မျှော်မှန်းချက် ဒီဂရီအနိမ့်အမြင့် ကွာခြားတတ်ပါတယ်။ ဒါ့အပြင် ကနေ့ မြန်မာ လက်ရှိ ပကတိဘဝနိုင်ငံရေးအခြေအနေနဲ့ အပြောင်းအလဲများအပေါ် ဘယ်ဖြစ်စဉ်နဲ့ ဖြစ်ထွန်းနေတယ်ဆိုတာကို ဝါဒ၊ ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အတွေးအခေါ်၊ အယူအဆ၊ အစွဲအလန်းများကင်းစင်စွာနဲ့ ဘယ်လောက်မှန်မှန်ကန်ကန် ဘယ်လောက် ဆုံးဖြတ်နိုင်သလဲဆိုတာအပေါ် မူတည်ပြီး အပြောင်းအလဲများအပေါ် လက်ခံနိုင်စွမ်းများ ခံယူကျင့်သုံးနိုင်မှုများဟာ တဦး နှင့်တဦး၊ တဖွဲ့နဲ့တဖွဲ့သဘာဝကျစွာ ကွာခြားချက်များ ရှိနေတတ်ပါတယ်။
(၂) ဘယ်သူတွေရဲ့ အကျိုးစီးပွားအတွက်လဲ
သည်အပြောင်းအလဲမှာ အဓိကပါဝင်ပတ်သက်နေကြတဲ့ အင်အားစုများအနေနဲ့ တူညီတဲ့ Common Ground တခုအ ပေါ်အခြေခံပြီး အပြောင်းအလဲဖြစ်ပေါ်ရေး အခြေအနေတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူလူထုရဲ့ အ ကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွား ပါပဲ။ စံထားရမယ့် ကိုက်တံ၊ ပေတံများဆိုလဲ မမှားပါ။ အင်အားစုများဟာလဲ လူသား များဖြစ်တာမို့ အပြောင်းအလဲများအပေါ် ကိုယ့်ဘက်က အသာရရေးကို မုချ ကြိုးပမ်းကြမှာပါ။ ဘယ်လိုပဲ ကြိုးပမ်းကြိုး ပမ်း ပြည်သူလူထုနဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ မူဘောင် Framework  ထဲကပဲ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အဆုတ် အတက်၊ အခင်းအကျင်းဗျူဟာများနဲ့ ရေတိုရေရှည်အကျိုးစီးပွားများ သတ်မှတ်ရမှာကတော့ အင်အားစုများအကြား ထပ် ကာတလဲလဲ လုပ်ဆောင်ရမယ့် ဆက်စပ်ညှိနှိုင်းရေးဖြစ်စဉ်များကတဆင့် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။
(၃) အနိမ့်ဆုံး ဘယ်အရာတွေကို ပြောင်းလဲပေးရမှာလဲ
ပထမဦးဆုံးနဲ့ အဓိကအကျဆုံး ပြောင်းလဲပေးရမှာကတော့ ပြည်သူလူထုအတွက် ဒီမိုကရေစီဝန်းကျင်သစ် (New Democratic Atmosphere) ကို ဖန်တီးပေးရဘို့ ဖြစ်ပါတယ်။ ဘယ်အတိုင်းအတာ ဘယ်အခြေအနေအထိဆိုတာ က တော့ ပကတိရောက်နေတဲ့ အခြေအနေကစပြီး တည်ဆဲဟန်ချက် (balance) ကို မပျက်ယွင်း ဆက်ပြီးထိန်းထားနိုင် သည့်အထိ ဆက်တိုးချဲ့သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုရဲ့ စိတ်အနေအထား (Mindset) များမှာ သူတို့ ရဲ့လွတ်လပ်မှု (Freedom) နဲ့ လုံခြုံမှု (Secure) တို့အတွက် အာမခံပေးနိုင်မဲ့ အနိမ့်ဆုံးလိုအပ်ချက်များကို ဖြည့်စွမ်းပေး မှုများ ဖြစ်ထွန်း ပေါ်ပေါက်စပြုနေပြီလို့ ယုံကြည်သက်ဝင်မှုရှိလာစေရေး အခြေအနေတရပ်ကို ဖန်တီးကြရမှာဖြစ်ပါတယ်။ တဖက်က ကြည့်ပြန်ရင်လည်း အဓိကပါဝင်ပတ်သက်နေတဲ့ အင်အားစုများအတွက်ပါ လုံခြုံစိတ်ချရတဲ့ စိတ်အနေအ ထားမျိုး ဖန်တီးပေးရမဲ့ အင်မတန်သိမ်မွေ့တဲ့ အနုပညာမြောက်ဖန်တီးမှုတခုလဲ လိုအပ်နေပါသေးတယ်။
(၄) အပြောင်းအလဲများ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဘာနဲ့တိုင်းတာမလဲ
အဓိက အကျဆုံး စံချိန်စံနှုန်းကတော့ နိုင်ငံသားတိုင်းအတွက် အစဦးပိုင်းမှာ ကျဉ်းကောင်းကျဉ်းနေနိုင်ပေမဲ့ (Sustainab lity) ကျွံကျမသွားနိုင်တဲ့ လုပ်သာကိုင်သာရှိတဲ့ အလုပ်ဂွင်ကလေးများ (Space) ရှိ၊ မရှိဆိုတာ တိုင်းတာဘို့ ပါပဲ။ သည် space များဟာ ရေပွက်သဖွယ်ပေါ်လာပြီး ပြန်ပျောက်ပျက်မသွားဖို့ (Irreversibility) လဲ လိုပါသေးတယ်။ သည် (Space) များဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ မှန်ကန်တဲ့လမ်းကြောင်း (Right Direction) ပေါ်မှာရှိနေပြီး ကျန် (Space) များနဲ့ ဟန်ချက်ညီညီ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အခွင့်အလမ်းများ (Opportunity) ပွင့်လန်းနေရပါမယ်။ တချိန်တည်းမှာပဲ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်မှု (Freedom) နဲ့ ညီမျှမှု (Equality) ဟန်ချက်ကို ထိန်းသိမ်းပေးနိုင်ဘို့ အ တွက် ဥပဒေပြုအာဏာ၊ တရားရေးစီရင် ရေးအာဏာနဲ့ စီမံခန့်ခွဲမှုအာဏာများကို နိုင်ငံတော်အဆင့်မှာ စတင်ကျင့်သုံး ဆောင်ရွက်ရပါလိမ့်မယ်။ အရေးကြီးဆုံးအချက်က အတိတ်ကအမှားအယွင်းများအပေါ် သင်ပုန်းချေရေး၊ အာဏာကင်း စင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများဟာ အများပြည်သူ လက်ခံယုံကြည်နိုင်လောက်တဲ့ အခြေအနေ တခုအထိ ဖြစ်ထွန်းပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ ရာနှုန်းပြည့် အားလုံးကျေနပ်လက်ခံဖို့ မဖြစ်နိုင်ပေမယ့် “သားရွှေအိုး ထမ်းကိန်း” ပဲလို့ လူနတ်သာဓုခေါ်နိုင်ဖို့တော့လိုပါတယ်။
(၅) အပြောင်းအလဲများရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ ဘယ်လိုလက္ခဏာဆောင်သင့်သလဲ
ပြည်သူလူထုတရပ်လုံး စွန့်လွှတ်အနစ်နာခံပြီး ကျားကုတ်ကျားခဲကြိုးပမ်းမှုရဲ့ အစဦး အသီးအပွင့်ပါ။ ဒါကြောင့် အနှစ်သာ ရအားဖြင့် အမျိုးသားရေးလက္ခဏာရှိတဲ့ အပြောင်းအလဲဖြစ်ရမှာဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အဓိကအင်အားစုများဟာ သူတို့ တဦးချင်းစီရဲ့ အကျိုးစီးပွားအတွက် ရွေးချယ်စရာ တခြားနည်းလမ်းမရှိတော့ဘူးရယ်လို့ ဘက်နှစ်ဘက်စလုံးက လက် တွေ့ပကတိ သဘောအရ ရှုမြင်လာစေတဲ့ ပဋိပက္ခရဲ့ အမြင့်ဆုံးနိုင်ငံရေးအဆင့်မှာ နေမြဲ (Status Quo) ဟာ ပျက်သုဉ်း သွားပြီး အပြောင်းအလဲ (Change) ဟာ စတင် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ကြံ့ဖွံ့အစိုးရဟာ သည်အပြောင်းအလဲမှတပါး ရွေးချယ်စရာမရှိတော့ပါ။ မြန်မာပြည်ရဲ့ ပစ္စုပ္ပန်အရွေ့ဟာ Globalization ဖြစ်စဉ်ထဲကို ရွေ့မလား၊ မရွေ့လား။ တနည်း အားဖြင့် Global Village နဲ့ ဆက်စပ်မလား၊ မဆက်စပ်ဘူးလားဆိုတာ သူတို့အဖြေပေးရမယ့် အချိန်ကာလပါ။ သည်မေး ခွန်းတွေဟာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်အချိုးကျနေတာမို့ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းတောင်မှ ပင့် သက်ရှိုက်ကြရမှာ မလွဲပါ။ ဒါကြောင့် သည်အပြောင်းအလဲများဟာ နိုင်ငံတကာလက္ခဏာ ဆောင်တယ်လို့လည်း ဆိုနိုင်ပါ တယ်။
(၆) အပြောင်းအလဲများ ဖြစ်ပြီဆိုရင် မြန်မာပြည် လက်တွေ့ဘဝနဲ့ ဆီလျော်ညီညွတ်စေဘို့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ နိုင်ငံရေးအနုပညာမြောက်မြောက် ကြိုးပမ်းသင့်သလဲ
အပြောင်းအလဲများဖြစ်မြောက်ရေး အခြေအနေများကို တဦးကောင်း တယောက်ကောင်း စတင်ဖန်တီးကောင်း ဖန်တီးရ မှာ ဖြစ်ပေမယ့် သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့အခြေအနေတရပ်မှာ အများပါဝင်ပတ်သက်မှုများ (inclusive) ဖြစ် ထွန်းရေးကို ဦးတည်ရမှာ ဖြစ်ပါတယ်။ အခြေအနေပေးရင် ပေးသလောက် သည်အပြောင်းအလဲများရဲ့ ဖြစ်ပေါ်တိုးတက် မှုတိုင်းမှာ လူထုကိုယ်တိုင် ပါဝင်ပတ်သက်တဲ့လက္ခဏာ ဆောင်သင့်ပါတယ်။ For the people, By the people ဆိုတဲ့ အဓိကကျတဲ့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ကြန်အင်လက္ခဏာကို တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သ ဟဇာတဖြစ်ရေး စံချိန်စံညွှန်းများကို မထိခိုက်နိုင်စေဘဲ တိုးချဲ့ဆောင်ရွက်ရပါမယ်။ ခေတ်သစ် မြန်မာ့လူ့ဘောင်အဖွဲ့အ စည်း ရင်ဆိုင်နေရတဲ့ပြဿနာများဟာ အင်မတန်သိမ်မွေ့ပြီး တခုနှင့်တခုလည်း အပြန်အလှန် ဆက်နွယ်နေတဲ့ကိစ္စရပ် များဖြစ်တာမို့ Top Down ပုံစံကို အတတ်နိုင်ဆုံးရှောင်ပြီး Bottom Up စနစ်ကို ကျင့်သုံးသင့်ပါတယ်။ သတိထားရမယ့် အချက်တချက်ကတော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို မထိပါးဘို့ ပါပဲ။
တချိန်တည်းမှာပဲ Democratic Institutions များ ဖြစ် တဲ့ နိုင်ငံရေးပါတီများ၊ NGOs များ၊ CBOs များနဲ့ သမဂ္ဂများ၊ Media များဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထိခိုက်စေတဲ့ အခြေအနေအောက်မှာ တစထက်တစ ဖွံ့ဖြိုးလာဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ လူတိုင်းလူတိုင်းဟာ အပြောင်းအလဲများဖြစ်မြောက်ရေး အခြေအ နေဖန်တီးကြဖို့ တာဝန်ရှိသလို အပြောင်းအလဲများ ပိုပြီးအဆင်ပြေချောမွေ့အောင်၊ ပိုပြီးညင်သာအောင်မြင်အောင် ပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ အပြောင်းအလဲများဖြစ်ပေါ်ဖို့သာမက အ ပြောင်းအလဲများ တိုးတက်ကောင်းမွန်အောင် လူတိုင်းပါဝင်လုပ်ဆောင်ကြဖို့ လိုပါတယ်။ တဖက်မှာလည်း ဒီအပြောင်း အလဲများကို ထိန်းကြောင်းတည့်မတ်ပေးတဲ့ ညှိနှိုင်းအဖြေရှာမှုဖြစ်စဉ်တခု မလွဲမသွေ လိုအပ်ပါတယ်။
သည်ဆောင်းပါး ရေးနေတုန်းမှာပဲ ကျွန်တော့်ထက် နိုင်ငံရေးလုပ်သက်အများကြီးရင့်ပြီး အတွေ့အကြုံရော စဉ်းစားမှုပါ သာတဲ့ သင်ဆရာ မြင်ဆရာတဦး ရောက်လာတာမို့ ဖတ်ကြည့်ပါအုံးလို့ဆိုပြီး ရေးလက်စစာမူကို ထိုးပေးမိတယ်။ သူ ဖတ်ကြည့်ပြီးပြီးချင်းပဲ ကျနော်က Is it acceptable? လို့ လှမ်းမေးတော့ သူက ချက်ချင်းပဲ to be considered မဟုတ် သေးဘူး၊ မဟုတ်သေးဘူး to be considered earnestly လို့ ပြုံးပြုံးကြီး ပြောပါတယ်။ ကျနော် ဥာဏ်မီသလောက် ဖြစ် ညှစ်ထုတ်ထားတဲ့ စိတ်ကူးစိတ်သန်းများကို လက်ခံနိုင်တဲ့အဆင့်မရှိရင်တောင်မှ စဉ်းစားဝေဖန်ကြမယ်၊ ထင်မြင်ချက်များ ပြန်ပြီး feed back တွေပေးကြသူတွေအာလုံးကို လေ့လာမှုဖြစ်စဉ် (Learning process) အတွင်းမှာ ရှိနေတဲ့ ကျနော့် အတွက်တော့ သင် ဆရာ၊ ကြားဆရာများအဖြစ် မှတ်ယူပြီး ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။
မြင်းရည်တက်ဦးသာ
Source: နေ့သစ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes