Friday 9 March 2012
ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဧပြီလ၁ရက်ကျင်းပမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင်တွေကို  နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -
“ကျနော်တို့မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို
 ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။” 
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
Ref: VOA
ဒေါ်စု စည်းရုံးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း
Burma's pro-democracy leader Aung San Suu Kyi waves her hand to supporters on her arrival in Dawei, about 615 km (380 miles) south of Rangoon, January 29, 2012.
ဓာတ်ပုံ AP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် မွန်ပြည်နယ်ကို သွားရောက်မယ့် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက
 ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မန္တလေး-နေပြည်တော် စည်းရုံးရေးခရီးစဉ်အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း - ခဲနဲ့ပစ်ပေါက်ခံခဲ့ရတာပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် ပြင်ဆင်ချက်တွေကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန် - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတ၀ှမ်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက်လျှောက် ပြုလုပ်နေတာမှာ မနက်ဖြန် မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ မွန်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ မနက် ၈ နာရီမှာ တက္ကသိုလ်ရိပ်သာလမ်း သူမရဲ့ နေအိမ် ကနေ ယာဉ်တန်းက စတင်ထွက်ခွာမှာပါ။ ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့တခေါက် မန္တလေး-နေပြည်တော် ခရီးစဉ်အပြန်လမ်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတာမျိုးလို ပြဿနာမျိုးတွေ မကြုံရလေအောင် ဒီကနေ့မှာပဲ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
“အုပ်ချုပ်တဲ့ အစိုးရပိုင်းကပေါ့ - အဲ့လိုဖြစ်လိမ့်မယ်တော့ မထင်ဘူးပေါ့ အခုဟာကတော့ ကျနော်တို့ သိရသလောက်ပေါ့။ အဖွဲ့အစည်းတခုခု ကနေ တမင်ရည်ရွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား ပစ်လိုက်မယ်ဟေ့လို့ မဟုတ်ဘဲနဲ့ လမ်းဘေးက လက်ဆော့ပြီးတော့ ကောက်ပစ်တဲ့ဟာမျိုး ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးတော့ ဒီလူတွေက အုပ်ချုပ်တဲ့သူတွေဖြစ်နေတော့ တကမ္ဘာလုံးက ၀ိုင်းပြောကြမှာပေါ့လေ။ အဲ့တော့ သူတို့က အများကြီး- ဒီနေ့ပဲ အဲ့ဒါကို သွားပြီးတော့ ညှိနှိုင်းပါတယ်။ ကျန်တဲ့ခရီးစဉ်တွေအတွက် သူတို့ လုပ်ဆောင်ပေးမယ့်ဟာတွေ၊ သူတို့ ကြိုတင်ပြင်ဆင်ပေးမယ့်ဟာတွေပေါ့။”
ဒါ့အပြင် မော်လမြိုင်ကို သွားရောက်မယ့် ခရီးစဉ်တလျှောက် မြို့ရွာတွေက လူထုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နှုက်ဆက်သွားမှာ ဖြစ်ပြီး - မော်လမြိုင် မြို့ခံလူထုကို ပြောကြားမယ့် မိန့်ခွန်းအတွက် နေရာကတော့ အရင်စီစဉ်ထားတဲ့အတိုင်း ခွင့်ပြုချက်မရခဲ့ဘဲ မြို့ပြင်မှာ ဖြစ်တဲ့အတွက် တက်ရောက်နိုင်တဲ့ ပြည်သူလူထု အင်အားကတော့ နည်းသွားနိုင်ချေရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။
“ဟိုမှာ စီစဉ်ထားတာတွေ တော်တော်အဆင်ပြေပါတယ်။ မနက်ဖြန်မနက် ၈ နာရီ ထွက်ပါတယ်။ ထွက်ပြီးတော့ လမ်းမှာတော့ မြို့တွေ ဖြတ်ရမှာပေါ့။ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် ခရီးစဉ်ဆိုပေမဲ့ မော်လမြိုင်မြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်အတွက်ကို သွားတာပါ။ မွန်ပြည်နယ်ကိုရောက်တာလည်း ပြည်နယ်နဲ့ပတ်သက်တဲ့စကားတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့စကားတွေကိုလည်း ပြောဖို့ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာကတော့ ပထမပိုင်းမှာက မြို့ထဲမှာရှိတဲ့လွတ်လပ်ရေးကွင်းကို တောင်းတာပေါ့။ တောင်းတော့မရဘူးပေါ့။ ပေးလိုက်တာကတော့ 
 မော်လမြိုင်မြို့နဲ့ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် သွားရမယ်ပေါ့လေ။ နောက် တခုကတော့ ကွင်းက အဲ့လောက်ဝေးတော့ကျတော့ ပရိသတ်ကြားဖြတ်သွားလို့ရှိရင် ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့လိုက်ရတယ်။ လက်ပြလိုက်ရတယ်။ အော်ဟစ်ပြီး နှုတ်ဆက်လိုက်ရတယ်။ ပန်းစည်းပေးလိုက်ရတယ်ဆိုရင်ကို ကျေနပ်သွားကြ တာပါပဲ။ ပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ တက်ရောက်နိုင်မယ့်သူကတော့ နည်းသွားတာပေါ့”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့် ဖြစ်ပါတယ်ရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၈ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ - စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားတာဖြစ်ပါတယ်ရှင်။
Ref: VOA
အာရှ စီးပွားရေးမျက်နှာစာ မြန်မာ ရောက်နိုင်
မြန်မာနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း အာရှတိုက်၏ စီးပွားရေးမျက်နှာစာ တွင် ရောက်ရှိလာ နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap University ကစီးပွားရေး ပညာရှင် ဒေါက်တာ သိန်းဆွေက ပြောကြားလိုက်သည်။
ဒေါက်တာ သိန်းဆွေ (ဓာတ်ပုံ - ဧရာဝတီ)
“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင်ကျင်းပ ရာ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက ထို့ကဲ့သို့ ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည်ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။
တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာဝ ဓာတ် ငွေ့၊ ရေအား လျှပ်စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာမှုကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာကြောင်း ဒေါက်တာ သိန်းဆွေက ဆိုသည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင်ရမည် ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့်စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်းအကျင်းမျာသည် အရေးကြီးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဒေါက်တာ သိန်းဆွေက ထောက်ပြသည်။
မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်“ကျနော်တို့အစိုးရ လက် ထက် မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။
အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ၀န်းကျင် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း လေ့လာသူများကလည်းပြောဆိုကြ သည်။
ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေအဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လိုတယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လိုတယ်”ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံအခြေဆိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှုသည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေမယ့် ဖွဲ့ စည်းပုံက ဟာကို လုပ်ရမှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေက ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၄င်း၏ မြန်မာ ခရီးစဉ် အသစ်တွင်ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်္ခန်းစာယူနိုင်ရေး ဆွေးနွေးတင်ပြသွားသည်။
အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ကျန်လူများ ဖြစ်သော ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်းကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူများဖြစ်သည်။
ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်
ချင်းမိုင် (မဇ္ဈိမ) ။        ။ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြော သည်။
၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှလေ့လာစရာများ ရှိနေသည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကိုပြောသည်။
"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိသည်။
ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိသည်ဟု ဒေါက်တာ
 မောင်မောင်လေးကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။
Thursday 8 March 2012
အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုး
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င်အချက် ၃ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်)
KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် ဦးဆောင်သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့တို့ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးစခန်းများ ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်၊ နေ့ရက်၊ နေရာတို့ ညှိနှိုင်းရန် သဘောတူညီခဲ့ကြသည်။
“နှစ်ဖက် အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့တော့ သမ္မတဆီ တင်ပြပေးမယ် ပြောတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ခူးဒယ်နီယယ်က ဧရာဝတီသို့ ပြောသည်။
လေ့လာစောင့်ကြည့်သူ နိုင်ငံတကာအဖွဲ့အစည်းများ ပထမဦးဆုံး တက်ရောက်ခွင့်ရခဲ့သည့် KNPP နှင့် အစိုးရတို့၏ ဆွေးနွေးပွဲတွင် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန်၊ KNPP အား မတရားသင်း ကြေညာခြင်းမှ ဖျက်သိမ်းပေးရန်နှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၆ လအတွင်း နိုင်ငံရေးဆွေးနွေးမှု စတင်ရန် အပါအ၀င် အချက် ၂၀ ကို KNPP ဖက်မှ တောင်းဆိုခဲ့သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့က အချက်တချို့ကို မူအားဖြင့် သဘောတူညီခဲ့သော်လည်း ကရင်နီ ပြည်နယ်အတွင်း စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်၊ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်တန်းကျောင်းများ တည်ဆောက်နေမှု ရပ်တန့်ထားရန် စသည့်အချက်များကို သမ္မတဦးသိန်းစိန်ထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“အချက် ၂၀ ထဲမှာ ကျနော်တို့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တာ ၉ ချက်လောက်ပဲ ပါမယ်။ အဲဒီထဲက ၄ ချက်က သူတို့ ဆုံးဖြတ်ချက် ချလို့ မရသေးဘူး။ သူတို့ သဘောမတူတဲ့အချက်တွေက ကျနော်တို့အတွက် အဓိကကျတဲ့ အချက်တွေပါပဲ” ဟု KNPP ဗဟိုကော်မတီဝင်လည်းဖြစ်သူ ခူးဒယ်နီယယ်က ပြောသည်။
ထိုအချက်များအားလုံးကို ထပ်မံပြုလုပ်မည့် ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် ဆွေးနွေးသွားရန် နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူညီခဲ့ကြသော်လည်း အစည်းအဝေး ကျင်းပမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေကို တင်ပြပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တိတိကျကျနဲ့ သဘောတူညီချက်တွေ မရသေးတဲ့အတွက် သိပ်တော့ အားမရဘူး” ဟု KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။
သို့သော် တခြားအဖွဲ့များ မရရှိခဲ့သည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ဆွေးနွေးခွင့် ရခဲ့သည့်အတွက် အားရမိကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ ဆွေးနွေးပွဲသို့ လေ့လာစောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်တန် ဖက်ဒ်၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖစ်ရှန်နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် မစ္စတာ အန်ဒရူး ၀က်ဘ်စတာတို့ တက်ရောက်ခဲ့ကြသည်။
အစိုးရနှင့် KNPP တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ လေ့လာနားထောင်ခွင့်ပေးရန် တောင်းဆို
ခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို တက်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ပြောဆိုကြောင်း သိရသည်။
ယမန်နေ့က ဆွေးနွေးပွဲသို့ ရောက်ရှိလာသည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်လင်းအောင် စုစုပေါင်း ၀န်ကြီး ၆ ဦးအထိ ပါဝင်သည်။
“၀န်ကြီး ၆ ယောက်စလုံးက အချက်အလက်တွေ အပေါ်မှာ အားလုံးတာဝန်ယူတယ်။ သူတို့ဘက်က မှားတယ်ဆိုရင်လည်း ဥပဒေအကြောင်းအရ တရားစွဲဖို့အထိ ပြောပါတယ်” ဟု ခူဒယ်နီယယ်က ပြောသည်။
KNPP နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတို့တွင် ထိုင်းနိုင်ငံ၌ ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြသည်။
KNPP သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်နေ့တွင် ပျက်ပြယ်သွားခဲ့သည်။
Ref: ဧရာဝတီ
အကြွေး ဘယ်သူဆပ်မလဲ
အကြွေး ဘယ်သူဆပ်မလဲ
မကြာသေးမီက ပြည်တွင်းပြည်ပမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး  ပြောဆိုနေတာက မြန်မာပြည်ကြီး အကြွေးတင်နေတယ် ဆိုတဲ့အကြောင်းအရာပါပဲ။
မြန်မာပြည် အကြွေး ဒေါ်လာ ၁၁၀၂၃ ဒဿမ ၂၉၈ သန်း တင်ရပုံကို ကာတွန်း ဘီရုမာက ဧရာဝတီအတွက် အခုလို သရုပ်ဖော်ပေးထားပါတယ်
သယံဇာတ အများအပြား ထွက်နေတဲ့ မြန်မာနိုင်ငံကြီးဟာ ပြည်ပကြွေးမြီ   ဒေါ်လာ ၁၁ ဘီလီယံကျော် တင်နေတယ် တဲ့။
ဦးနေ၀င်း အစိုးရ နဲ့ နအဖ စစ်အစိုးရ  ချေးယူခဲ့တဲ့ အကြွေးစာရင်းကို အခု သူတို့ရဲ့ နောက်ပေါက် တမတ်သားအစိုးရက ပထမဆုံး သတင်းထုတ်ပြန်လိုက်ခြင်းပါ။
ဒီလို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ပေးတာကိုပဲ ကျေးဇူးတင်ရမလား၊ ဒီလို သတင်းမျိုးကို မကြားရရင် အကောင်းသားလို့ ပြောရမလား ဆိုပြီး မြန်မာပြည်သူတွေအကြား အံ့သြ အပြစ်တင် ၀မ်းနည်းသံတွေကတော့ မိုးလုံး ညံနေပါတော့တယ်။
သြော် … ဟို ကျေးဇူးရှင်အစိုးရတွေဟာ တိုင်းသူပြည်သားတွေအတွက် အမွေတွေ ချန်ထားခဲ့တာပါလား၊ ဒီလောက် အကြွေးတင်ရလောက်အောင် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေများ သုံးခဲ့လို့လဲ ဆိုပြီး ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။
ရှေးဘုရင်မင်းများလက်ထက်မှာ တိုင်းသူပြည်သားတွေက သူတို့မှာ တင်နေတဲ့ အကြွေးတွေကို အရှင်မင်းကြီး ဆပ်ပေးဖို့ အသနားခံကြအခါမှာ ဘုရင်ကြီးက “ဘာမှ မစိုးရိမ်လေနဲ့။  ဖြေရှင်းပေးတော်မူမယ်” ဆိုတဲ့ စကားနဲ့အညီ “ကြွေးတင် ရှင်ဘုရင်ဆပ်” ဆိုတဲ့ စကားပုံတရပ် ရှိခဲ့ဖူးပါတယ်။
ကဲ မစပ်စုတို့ မြန်မာနိုင်ငံရဲ့ အရှင်မင်းကြီးများကရော ဘယ်ရောက်သွားပါလိမ့်။ တိုင်းသူပြည်သားတွေကရော ဘယ်မှာများသွားရောက် အသနားခံ တောင်းဆိုကြရပါလိမ့်မလဲလို့ တွေးတောစရာဖြစ်နေပါပြီ။
တချို့တွေကလည်း  ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့အရှိန်တွေကြောင့် တိုင်းပြည်ရဲ့ အဓိက စီးပွားရေး အခန်းကဏ္ဍတွေကို ရရှိထားကြတဲ့ ဦးတေဇ (Htoo Trading Company)၊ ဦးဇော်ဇော် (Max Myanmar Group) မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ ဇေကမ္ဘာ ဦးခင်ရွှေ (Zaykabar Company)၊ ဦးအိုက်ထွန်း (Olympic Construction Company)၊ ဦးဌေးမြင်(Yuzana Company)၊ ဦးထွန်းမြင့်နိုင် (Asia World Company) စတဲ့ စတဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းများတောင် ၀င်နေမလား မသိနိုင်တဲ့ နာမည်ကြီး စီးပွားရေးသမားကြီးတွေကများ စုပေါင်းပြီး ဒီအကြွေးတွေကိုများ ဆပ်ပေးလိုက်ရင်.. ဆိုတဲ့ အသံတွေကလည်း ထွက်လာပါတော့တယ်။
စပ်မိလို့ ပြောရရင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုတော် သရုပ်ဆောင် မင်းသမီးများကို ပိုက်ဆံထောင်တန် အုပ်လိုက် ဆုချီးမြှင့်နေတဲ့ ဓာတ်ပုံတွေ ဖေ့ဘုတ် စာမျက်နှာတွေပေါ် မကြာသေးမီက ရောက်လာတာနဲ့ ပတ်သက်ပြီး ဖြေရင်းချက်တောင် ထုတ်လိုက်ရပါသေးတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကလည်း  လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် အလုပ်လက်မဲ့ ဖြစ်နေရှာတယ် ဆိုပြီး အလုပ်အကိုင် ပေးထားပါတယ်။ ဒါဟာ  ကျေးဇူးဆပ်လိုက်တာပါလို့ ဆိုပါတယ်။
အဲ့ဒီလို သဒ္ဓါတရား ကျေးဇူးတရားများ နားလည် သိတတ်လှတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများကရော မြန်မာပြည် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးလိုက်ရင် ကောင်းလေမလားလို့ မစပ်စုနဲ့အတူ ပြည်သူတွေလည်း တွေးမိကြမယ် ထင်ပါတယ်။
အခုတော့ “ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့ စကားပုံလေးက “ကြွေးတင် ပြည်သူဆပ်” ဆိုပြီး ပြောင်းသွားလေတော့မလားလို့ စိုးရိမ် ပူပန်ရင်း..။
Ref: ဧရာဝတီ
မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။
RFA
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်သည့် International Women’s Courage ဆု ချီးမြှင့်ခံရသူ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်
ဒီဆုကို လက်ခံဖို့ မဇင်မာအောင်ဟာ အခု ဝါရှင်တန်ဒီစီမြို့ကိုရောက်နေပါတယ်။ ဆုရရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မဇင်မာအောင်က အခုလို ပြောပြပါတယ်။
“လတ်တလော ဖြစ်နေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စ၊ အဲဒီကိစ္စအပေါ်မှာ ပြည်သူလူထုက ပိုပြီး စိတ်အားထက်သန်လာအောင်လို့၊ အဲဒီမှာ အများစု ဒုက္ခရောက်တာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်၊ peace process မှာ အမျိုးသမီးတွေ အများစု ပါဝင်လာနိုင်အောင်၊ ထို့အတူပဲ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်အောင် ကိစ္စတွေမှာ အကူအညီပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်”
မဇင်မာအောင်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုကနေ ၂၀၀၉ ခုအထိ ထောင် ၁၁ နှစ်ကျခံခဲ့ရပြီး ထောင်က လွတ်လာတဲ့နောက်မှာလည်း ဒီမိုကရေစီရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို တိုင်းရင်းသားရေးရာတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လူ့အဖွဲ့အစည်းအတွက် ရှေ့တန်းကနေ မဆုတ်မနစ် ရဲရဲရင့်ရင့် ကြိုပမ်းသူ အမျိုးသမီးတွေကို အခုလို အမျိုးသမီးသတ္တိရှင်ဆုပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ်ကွန်ဒိုလီဇာရိုက်စ်က ၂၀၀၇ ခုက ဒီဆုကို စတင်ဖန်တီးခဲ့ပါတယ်။
ဒီနှစ်အတွက် မြန်မာနိုင်ငံက မဇင်မာအောင်အပြင် အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ လစ်ဗျား၊ မောလ်ဒိုက်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ တူရီကီနိုင်ငံတို့က အမျိုးသမီးတွေ ဆုရကြပါတယ်။
ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းစံတော်ချိန် မနက် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။
Ref: RFA
တောင်ငူလူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဂျင်ကလိထိမှန်
တောင်ငူမြို့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ်
ဟောပြောပွဲမှာ ဟောပြောနေစဉ်  ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို 
တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံရကြောင်း
သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
ရောက်ထိမှန်တာဖြစ်ပြီ ဂျင်ကလိထိမှန်ခံထားရတဲ့ လုံခြုံရေးအဖွဲ့ ဝင်ကို
ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
Ref: MNN
Wednesday 7 March 2012
ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ
ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနှင့်မြန်မာ လူနေမှု အဆင့်အတန်းတို့ နှိုင်းယှဉ်ကာ မြန်မာတို့ နိမ့်ကျနေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ အသံလွှင့်ရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ၊ သဘောထားများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြော သည်။
အသံလွှင့်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး မတ်လ ၄ ရက်နေ့တွင် ကော်မရှင်မှ ပယ်ချခံခဲ့ရကြောင်း ဦးသုဝေက ပြောသည်။
“အကြောင်းပြချက်ကတော့ ပထမ ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်ပြီးတော့မှ ဒါဟာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပယ်တယ်လို့ပဲ ရေးထားတာပေါ့။ သူတို့ကို ထိခိုက်တယ်လို့ ယူဆသလား မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
မတ်လ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဟောပြောရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ ဆောင်းပါး နှစ်ပုဒ်လုံး အပယ်ခံခဲ့ရသည်ဟုလည်း ဦးသုဝေက ပြောသည်။
“မြန်မာပြည်နဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ပြတာပေါ့ဗျာ။ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေ၊ မွေးလာတဲ့ ကလေးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နောက် ကျောင်းသား အရွယ် အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ လူအိုအရွယ် အခြေအနေတွေမှာ နှိုင်းယှဉ်ပြီးတော့မှ ကျနော်တို့ တိုင်းပြည်က ဘယ်လောက်လိုသေးတယ်၊ ကျနော်တို့အားလုံး ပြုပြင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ” ဟု ပြောသည်။
ဤသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အသစ် ပြန်လည်ရေးသားခဲ့ရပြီး ဆောင်းပါး အသစ်ကို ဗုဒ္ဓဟူးနေ့က နေပြည်တော်မြန်မာ့အသံတွင် အသံသွင်းပြီး ဖြစ်သည်ဟုလည်း သိရသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ယင်းတို့ပါတီများ၏ မူဝါဒ သဘောထားများကို ယခုလ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များ ဟောပြောခွင့် ရရှိမည်ဖြစ်သည်။
ဦးသုဝေက သူပြောကြားမည့် ပါတီမူဝါဒ သဘောထားများ ပယ်ဖျက်ခံရမှုကြောင့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့
အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ပြုပြင်ပြောင်းလဲရေးများ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း သွားချက်ကို ကိုးကားကာ “အခုဖြစ်တာကိုပဲကြည့်ဗျာ။ ပြုပြင်ပြောင်းလဲရေးက သိပ်နှေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြတာ။ အဲဒါကြောင့် ကျနော်တို့က သူတို့ကိုတော့ သိပ်ပြီးတော့ အပြစ်မပြောချင် ဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ချင်တာကတော့ မြန်မြန်ပြောင်းချင်တယ်။ ဒါပေမယ့် မဖြစ်သေးဘူး” ဟု မဇ္ဈိမကို
ပြောသည်။
DPM ဥက္ကဋ္ဌ ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီမှ (ယခု အလုပ်သမားဝန်ကြီး) ဦးအောင်ကြည် အား ရှုံးနိမ့်ခဲ့သည်။ ယခု ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဒီမိုကရက်တစ် (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။
အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။
မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။
မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေက ဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့သည်။
''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။  အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာ ကုန် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့ မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ် .  .
''ကျွန်မတို့နိုင်ငံမှာ အဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်ရမယ်။ နှစ် ၂၀ အတွင်းလုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ မ အောင်မြင်ခဲ့လို့ ပြည်သူတွေရဲ့ဘ၀ နိမ့်ကျလာတာ ဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေး စနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အများကြီး သင်ကြားပေးရပါမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်တည်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့ လူငယ်တွေ အများကြီးပဲလို့ ကြားပါတယ်။ ဒီလူငယ်တွေ ယုံကြည်ချက်ရှိရှိ သိက္ခာရှိရှိနဲ့ နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရပါမယ်''ဟု ပြောကြားခဲ့သည်။
''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။  
Ref: EMG 
 မြန်မာနိုင်ငံတောင်ဘက်ပိုင်း မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါး၊ ပုစွန်များကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အဓိကတင်ပို့ မြန်မာနိုင်ငံမှထွက်ရှိသော ငါး၊ ပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိပြီး မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်းသာ ရရှိနေ
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီး
မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့် ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ဆုံးပိုင်းရှိ
 မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့ အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးတံတားတွင် ဆိုက်ကပ်ထားသောလှေများ
''ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ လာရောင်းတဲ့ လှေအားလုံးလိုလိုက မြန်မာနိုင်ငံက လာရောင်းတဲ့ ငါးလှေတွေပါ။ ရနှောင်းက ဂိုဒေါင်တွေမှာ လေလံတင်ပြီး သူတို့က မဟာချိုင်နဲ့ ဘန်ကောက်ကို ပြန်တင်ပို့ပေးတာပေါ့။ ဈေးကွက်အဆုံးကို ကျွန်တော်တို့က မတင်ပို့နိုင်သလို မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းကို အမှီပြုပြီး ရနှောင်းမှာ ငါးဈေးကွက်ကြီး ဖြစ်နေတာတွေ့ရတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေပါ သွားရောက်လုပ်ကိုင်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက ရေထွက်ပစ္စည်းလည်း တင်ပို့ပေးရ၊ အဲဒီလုပ်ငန်း အဆင်ပြေစေဖို့ ရွှေ့ပြောင်းလုပ်သားတွေလည်း တင်ပို့ပေးရတယ်။ ငါးပုစွန် ဈေးကွက်က ရတဲ့အကျိုးအမြတ်ကိုတော့ ထိုင်းနိုင်ငံက တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တာတို့၊ အခွန်အခတွေကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့ ငါးပုစွန်တွေပေါ်မှာ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံက  ၃၀ ရာခိုင်နှုန်းလောက်သာ ရရှိတယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံကထွက်တဲ့ငါးပုစွန်တွေကို မြန်မာနိုင်ငံမှာ ဈေးကွက်ပြန်လည်ရရှိရေးအတွက်
 မြန်မာနိုင်ငံမှာ ရှိပြီးသားလည်းဖြစ်တဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး ပြန်လည်လည်ပတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအသီးသီးနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်မယ့် ပညာရှင်အဖွဲ့ကို မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီးကို စေလွှတ်ပြီး ဆွေးနွေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့သိရတယ်''ဟု ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေးကြီးသို့ လာရောက်လေ့လာပြီး သက် ဆိုင်သည့် နယ်ပယ်အသီးသီးမှ ပညာရှင်အဖွဲ့ စေလွှတ်ပြီး ငါးလေလံဈေးကြီး ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆွေးနွေးသွားရန် မှာကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့နိုင်ငံတွင် ငါးမျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာထားခဲ့သော်လည်း မြန်မာနိုင်ငံမှထွက်ရှိသော ငါးပုစွန်များကို အမှီပြုကာ အရှေ့တောင်အာရှတွင် ကြီးမားသော ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ရယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာ့ပင်လယ်မှထွက်ရှိသော ငါးပုစွန်များကိုအမှီပြုကာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းကြား အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ကာ အဆင့်မီလမ်းဖောက်လုပ်နိုင်ပါက ဒေသခံလုပ်ငန်းရှင်များ အပါအ၀င် အခြေခံလူတန်းစားများ၊ အလယ်အလတ်လုပ်ငန်းရှင်များပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်သွားနိုင်ပြီး ရေထွက်ကုန်တင်ပို့မှုများလည်း မြန်ဆန်စွာ တင်ပို့နိုင်မည့်အပြင် ငါးဈေးကွက်ကြီးမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာမည်ဟု ဒေသခံလုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက်ရှိကြောင်း သိရသည်။  
  Ref: EMG
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်
နိုင်ငံခြားခရီးသွားများကို သိမ်ဖြူငွေလဲစင်တာတွင် တွေ့ရစဉ်
လာမည့်၂၀၁၂-၂၀၁၃ဘဏ္ဍာ ရေးနှစ်မှစ၍ မြန်မာငွေလဲနှုန်းထားကို ဈေးကွက်ပေါက်ဈေးအတိုင်း
 နှုန်းရှင်အဖြစ် ထားရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ရ-သုံးငွေရှင်းတမ်းနှင့် ၀န်ကြီးဌာနများ၏ နိုင်ငံခြားငွေသုံးစွဲမှုများကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နီးစပ်သည့် ပညာရှင်များနှင့် ငွေလဲနှုန်းတစ်ခုတည်း ပေါင်းစည်းရေးနှင့် ပြောင်းလဲရေးတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိပါသည်။
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါသည်။
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုပါသည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်) ကလည်း ''ဒါက ဗဟိုဘဏ်က ဆုံးဖြတ်ပြီး လုပ်ကိုင်မှရမယ့် ကိစ္စပါ။  ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး။ အခုထိတော့ တရားဝင် မကြေ ညာသေးဘူး။ ဒီကိစ္စက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ လုပ်နည်းကိုင်နည်း မှန်ဖို့အရေးကြီးတယ်။ အလောသုံးဆယ်လည်း လုပ်ဖို့မသင့်တဲ့ထဲမှာ ပါတယ်။ အိုင်အမ်အက်ဖ်လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုလည်း လိုတယ်။ အခုလို နှုန်းရှင်ထားတော့မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားနိုင်တယ်''ဟု ထင်မြင်ချက်ပေးပါသည်။
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float  အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက် နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏ လက်ရှိ ငွေပေး ငွေယူ ရှင်းတမ်း (balance of payments)၊ သာမန်စာရင်း(current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရန်လိုအပ်ကြောင်း ယမန်နှစ်က ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးမြင့်က ထင်မြင် သုံးသပ်ထားပါသည်။ 
ပါမောက္ခ Dr. Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝ သယံဇာတကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှုမမျှတခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှ ရရှိငွေများကို  . . .
ပါမောက္ခ Dr. Joseph Stiglitz က ''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး  ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက်တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြား ငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက်ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်း အမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာ မရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်း မထား  နိုင်သေးရင်တောင် ဈေးကွက်ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''ဟု ငွေလဲနှုန်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းကိစ္စ အပါအ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိကြောင်း၊ အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကိုတစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး ထွန်းသစ်လာသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါသည်။
Ref: EMG
Tuesday 6 March 2012
မဲဆွယ်စည်းရုံးမှု အကန့်အသတ်များအပေါ် ဒေါ်အောင်ဆန်းစုကြည် သတိပေး
မြန်မာနိုင်ငံသည် အမှန်တကယ် ဒီမိုကရေစီလမ်းကို သွားနေခြင်း ရှိမရှိကို ကြားဖြတ် ရွေးကောက်ပွဲ မဲထည့်မှုသာမက မဲဆွယ်စည်းရုံးမှု လွတ်လပ်ခွင့်ကိုပါကြည့်ပြီး နိုင်ငံတကာကသတ်မှတ်မည် ဖြစ်ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
နေပြည်တော် ဒက္ခဏိသီရိမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကိုကြည့်ပြီး နိုင်ငံတကာက ဆုံးဖြတ်မှာပါ။ ရွေးကောက်ပွဲဖြစ်စဉ်ဆိုတာ ဒီရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဲထည့်တာ၊ လွတ်လပ်တာ၊ တရားမျှတာတာကိုပဲ ကျမတို့ ပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်မီအချိန်မှာ၊ စည်းရုံးရေး ကာလမှာ လုပ်ပုံလုပ်နည်းတွေက မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကမ္ဘာက ကြည့်နေတယ်ဆိုတာ ကျမ အသိပေးပါရစေ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ မိုင်ဒါကွင်း မဲဆွယ်ဟောပြောပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။
NLDပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်မှထွက်ခွာလာသော ဒေါ်အောင်ဆန်း စုကြည်သည် တောင်ငူမြို့သို့ ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်က ရောက်ရှိလာပြီး မိုင်ဒါကွင်းအတွင်းရှိ ရာနှင့်ချီသော လူထုပရိတ်သတ်ကို ၁၅ မိနစ်ခန့် မဲဆွယ်ဟောပြောသည်။
“ကိုယ့်ဟာကိုယ်ချည်း နိုင်ချင်ဇောနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ကျမတို့ တနိုင်ငံလုံး နာမယ်ဆိုတာ သေချာမှတ်ထားကြပါလို့ ကျမတို့ ပြောချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အကူအညီပေးရေး စိတ်ဝင်စားလာကြသည်မှာ တနှစ်ခန့်သာ ရှိသေးပြီး ကန့်သတ်မှုများ လုပ်ဆောင်ပါက လိုအပ်သည့် နိုင်ငံတကာအကူအညီများလည်း မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် တက်တော့မယ်၊ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အစုအဖွဲ့ပေါင်းစုံ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရတော့မယ်လို့ ထင်လို့ ကူညီချင်တဲ့ စိတ်တွေ ရှိနေတာပါ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘယ်သူ မပါကြေး၊ တို့ပဲပါကြေးဆိုတာ လုပ်လို့တော့ ဒီမိုကရေစီလမ်းပေါ်မှာ ရောက်မှာလည်း မဟုတ်ဘူး၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း ရမှာ မဟုတ်ဘူးဆိုတာကို ကျမက ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများကို မိမိ၏ သားသမီးအရင်းပမာ စိတ်ထားပြီး နိုင်ငံသားများ နစ်နာမည့်အရာများကို မလုပ်သင့်ကြောင်းလည်း မဟောသဓာ သားတရား စီရင်ခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားသည်။
“ဒါကြောင့်မို့ ကိုယ့်အတွက်ကိုယ်တင် မကြည့်ပါနဲ့။ မဟောသဓာ သားစီရင်ခန်းထဲက ဘီးလူးမလို ကိုယ်လိုချင်တာပဲ ကိုယ်မဆွဲပါနဲ့။ ကိုယ်လိုချင်တာကိုပဲ ဆွဲလို့ရှိရင် ကိုယ့်သားနာမယ်ဆိုတဲ့ ပြည်သူတွေ နာမယ့်ကိစ္စတွေ မလုပ်ပါနဲ့။ ကျမတို့ နိုင်ငံကို ကမ္ဘာက အထင်သေးရမယ့် ကိစ္စတွေကို မလုပ်ပါနဲ့လို့ ကျမကတော့ သက်ဆိုင်သူ အားလုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
NLD အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ လုပ်မှားကိုင်မှား ရှိခဲ့လျှင်လည်း NLD အဖွဲ့ချုပ်သို့ စာရေးတိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တင်ပြပြောဆို တိုင်ကြားမှုများကို သိရမှသာ၊ ပြည်သူ၏အသံကို ကြားသိရမှသာ NLD အဖွဲ့ချုပ်ကို မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ယနေ့ နံနက် ၇ နာရီခန့်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာ်သော်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိ မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အောက်တန်းကျသည့်လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက NLD ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်တချို့သည် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို ကန့်သတ်နေကြောင်း၊ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း ပြောဆိုဝေဖန်ခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး အစောပိုင်းက ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကိုလည်း ဦးဉာဏ်ဝင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က မန္တလေးတိုင်း တံတားဦးမြို့၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့များမှတဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး ယနေ့တွင် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
Ref: ဧရာဝတီ
အမျိုးသမီး အမှုဆောင် အများစုဖြင့် တိုင်ရီသမဂ္ဂဖွဲ့စည်းပြီး
 ယူးဒေလီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများက အခြေခံ စက်ရုံ အလုပ်သမားသမဂ္ဂကို တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
အဆိုပါ သမဂ္ဂအမှုဆောင် ၂၁ ဦးတွင် အမျိုးသမီး အများစုဖြင့် ဖွဲ့စည်းလိုက်ကြခြင်းဖြစ်ကြောင်း သမဂ္ဂဖွဲ့စည်းနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ မစုစုနွေး က မဇ္ဈိမကို ပြောသည်။
“တိုင်ရီစက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော် ရှိတဲ့အထဲမှာ ယောက်ျားလေးက အယောက် ၂၀၀ တောင် မရှိပါဘူးရှင်။ ကျတဲ့ဥစ္စာ အမျိုးသမီးတွေချည်းပါ” ဟု ပြောသည်။
ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ အတွင်းရေးမှူးများအဖြစ် မသန်းသန်းစိန်နဲ့ မစုသက်မာတို့က ဆောင်ရွက်ပြီး ဘဏ္ဍာရေးမှူးများ အဖြစ် မချိုမာဝင်းနဲ့မချိုဇင်ဝင်းတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။ ထို့ပြင် အမှုဆောင်အဖွဲ့တွင် မစုငွေဇင်၊ မဇင်မာဝင်း၊ မသီတာဝင်း၊ မနွယ်နွယ်စံ၊ မအေးသက်မော်၊ မစန္ဒာမော်၊ မသူဇာဝင်း၊ မဖြူယုယုဝင်း၊ မ၀င်းဝင်းသန်း စသူတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ 
taiye1
ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်သပိတ်မှောက်ခဲ့သော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
သမဂ္ဂကို မတ်လ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော်လည်း ၄ ရက်နေ့တွင် အမှုဆောင် ၂၁ ဦးဖြင့် ထောက်ခံသူများက အတည်ပြု လက်မှတ်ထိုးလိုက်ကြခြင်းဖြစ်သည်။
“လက်မှတ်ရေးထိုးပြီး အတည်ပြုပွဲလုပ်တာပါ။ ဒီအလုပ်အမှုဆောင်အဖွဲ့ကို ထောက်ခံ လက်မှတ်ထိုးထားတာက တရာကျော် ရှိပါတယ်။ ဆက်ထိုးကြဖို့လည်း ရှိပါတယ်” ဟု မစုစုနွေး က ပြောသည်။ အခြားစက်ရုံတချို့မှလည်း သမဂ္ဂဖွဲ့စည်းနိုင်ဖို့ အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ဆက်ပြောသည်။
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေအရ အခြေခံအလုပ်သမားသမဂ္ဂတခုကို အဖွဲ့ဝင် ၃၀ ရှိပါက ဖွဲ့စည်းနိုင်သည်ဟု ပါရှိသည်။ သို့သော် ထိုဥပဒေမှာ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိသေးပေ။
ယခုကဲ့သို့ အလုပ်သမားများက မိမိတို့ဆန္ဒအလျောက် သမဂ္ဂဖွဲ့စည်းလိုက်ဖြင်းအားဖြင့် အစိုးရဘက်မှ ဖိအားပေးမှုများ ရှိလာပါက ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။
“ကျမတို့က နိုင်ငံရေးပါတီတွေကလည်း မဟုတ်ဘူး။ အလုပ်ရုံထဲမှာ တကယ်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဖြစ်တယ်။ အလုပ်ရုံထဲကနေ အလုပ်သမားတွေ ရပိုင်တဲ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဖွဲ့တာပါ။ အလုပ်သမား အခွင့်အရေးတွေကို စနစ်တကျနဲ့ သင်တန်းတွေပေးပြီးတော့ နစ်နာမှုတွေကို အဖွဲ့အစည်းက ဦးဆောင်ပြီး တင်ပြတောင်းဆိုသွားဖို့ပါ” ဟု ပြောသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၈၀၀ ကျော်က တနေ့တာလုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရန်အပြင် အခြား လူမှုဖူလုံရေးများအတွက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ သပိတ်မှောက်ဆန္ဒပြလာကြရာ ၁၆ ရက်နေ့တွင် အလုပ်ရှင်နှင့် ဆွေးနွေးခဲ့ကြသည်။
အလုပ်သမားများက တနေ့လုပ်ခ ၇၅ ကျပ်ကို ၁၅၀ ပေးရန်၊ ရက်မှန်ကြေး ၆၀၀၀ အား ၈၀၀၀ အထိ တိုးပေးရန်တောင်းဆိုထားသော်လည်း အလုပ်ရှင်က တနေ့လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး ၇၀၀၀ ကျပ် ပေးမည်ဟု ဆိုခဲ့သည်။
ဤသည်ကို မကြေလည်နိုင်ကြသည့် အလုပ်သမားများက ၀ါဏိဇ္ဇပဋိပက္ခခုံရုံးသို့ အဆုံးအဖြတ်ပေးရန် လျှောက်လဲခဲ့ရာ မတ်လ ၁ ရက်နေ့ ခုံရုံးဆုံးဖြတ်ချက်အရ တနေ့လုပ်ခ ၁၂၀ ကျပ် ရရှိမည်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမနှင့် မေးမြန်းရာတွင် ပြောဆိုခဲ့သည်။
"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု ပြောသည်။
သို့သော်  မစုစုနွေး က “၀ါဏိဇ္ဇက ၁၂၀ ကျပ် ပေးတယ်လို့ ဆုံးဖြတ်တယ်ဆိုတာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ကျမကို ပြောပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား ဆွေးနွေးရေးလမ်းကြောင်းပေါ်က ကျမတို့ သွားနေတာပါ” ဟု မဇ္ဈိမကို ပြောသည်။
အလုပ်သမားအချို့မှာ ၀ါဏိဇ္ဇခုံရုံးသို့ တက်ခဲ့ကြသော်လည်း အချို့မှာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က အလုပ်ရှင် ကတိပေး စာချုပ်ချုပ်ဆိုထားသည့် တနေ့လုပ်ခ ၁၀၀ ကျပ်၊ ရက်မှန်ကြေး ၇၀၀၀ ရယူ၍ ဆက်လက် အလုပ်လုပ်နေကြပြီ ဖြစ်သည်။
စာချုပ်ပါအတိုင်း အလုပ်ရှင်ဘက်မှ ခံစာခွင့်များ တိုးမြှင့်မပေးပါက ဆက်လက်အရေးယူ သွားမည် ဖြစ်ကြောင်းလည်း မစုစုနွေး က ပြောသည်။
လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်းကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။
ယခုဖွဲ့စည်းလိုက်သည့် သမဂ္ဂအနေဖြင့် အခြေခံ အလုပ်သမား အခွင့်အရေးများနှင့်ပတ်သက်၍ သင်တန်းများပို့ချပြီး နစ်နာမှုများအား သမဂ္ဂမှ ဦးဆောင်တင်ပြတောင်းဆိုသွားမည်ဟုလည်း သိရသည်။
အရေးပေါ်သန္ဓေတားဆေး မကြာခဏသုံးစွဲပါက ထိရောက်မှု မရှိဟုဆို
ရန်ကုန်၊ မတ် ၆ ရက်၊ ၂၀၁၂ (YPI)
အရေးပေါ် သန္ဓေတားဆေးကို မကြာခဏအသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန် ကြီး ဒေါက်တာစိုးလွင်ကပြောသည်။
“အရေးပေါ် သန္ဓေတားဆေးဆိုတာ အရေးပေါ်အတွက်သာ အသုံးပြုရမယ်၊ မကြာခဏအသုံးပြုနေရင် သန္ဓေတားခြင်းကိုထိရောက်စွာ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး၊ အခုမလိုချင်ပဲ ကိုယ်ဝန်ရကြလို့လာလာပြ တဲ့အထဲမှာ မေးကြည့်တော့ အရေးပေါ် သန္ဓေတား ဆေးတွေ မကြာခဏသုံးလို့ ရသွားကြတာများတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် “သူကဟော်မုန်းဆေးဆိုတော့ အထဲက ဟော်မုန်းဖြစ်စဉ်တွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်၊ အမျိုးသမီးတွေဆို ခဏခဏသောက်ရင် ရာသီမမှန်တာတွေ ရာသီနောက်ကျတာတွေဖြစ်တတ်တယ်” ဟု ဒေါက်တာစိုးလွင်က အကျိုးဆက်များကို ရှင်းလင်းပြောပြသည်။
အရေးပေါ်သန္ဓေတားဆေးကို မကြာခဏအသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်ပေးနိုင်သည့် အပြင် အမျိုးသမီးများဧ။် ဓမ္မတာ လာသည့်လုပ်ငန်းစဉ်အချို့ကိုပါ ထိခိုက်နိုင်သည်ဟု ဒေါက်တာစိုးလွင်ကပြောပါသည်။
ယခုနောက်ပိုင်း လူငယ်များအကြား လက်မထပ်မီ အတူနေထိုင်ခြင်း များပြားလာကာ အဆိုပါစုံတွဲများသည် အရေးပေါ်သန္ဓေတားဆေးကို မကြာခဏ လာရောက်ဝယ်ယူကြသည်ဟု  ဒဂုံမြို့သစ်မှ ဆေးအရောင်းဆိုင် တဆိုင်က ပြောသည်။
“အမတို့ဆိုင်ဆို အရေးပေါ် သန္ဓေတားဆေး ဖောက်သည်တွေတောင်ရှိတယ် ၊တချို့ဆို တလ နှစ်ခါသုံးခါ လာဝယ်ကြတယ် ၊များသောအားဖြင့် လက်မထပ်ရသေးတဲ့စုံတွဲတွေ၊ ကောင်လေး၊ ကောင်မလေးတွေ လာဝယ်ကြတာများတယ်” ဟု ၎င်းကပြောသည်။
ကိုယ်တိုင် သုံးစွဲဖူးသူ တဦးဖြစ်သည့် သင်္ကန်းကျွန်းတွင် နေထိုင်သူ မနွယ်နွယ် (အမည်လွှဲ) က “ကျွန်မတော့တခါပဲသုံးဖူးတယ် ၊သူကသုံးပြီးတော့ ဓမ္မတာ လာရော ၊တခါပဲသုံးဖူးတော့ ဘာမှဘေးထွက် ဆိုးကျိုး မရှိဘူးပေါ့၊ ခဏခဏတော့မသုံးရဲဘူး” ဟု ပြောသည်။
ဆေးဈေးကွက်ထဲတွင် အရေးပေါ် သန္ဓေတား ဆေးအမျိုးမျိုးရှိပြီး အသုံးများသည့် ဆေးအမျိုးအစားမှာ ECee 2,Pill 72အစရှိသည်ဖြင့် ဈေးကွက်တွင် အရောင်းတွင်ကျယ်နေသည့် ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ အ၀င်များသည်ဟု ဆေးရောင်းသူများကပြောသည်။
ယင်းဆေးမှာ နှစ်လုံးပါရှိပြီး အတူနေပြီး ၃၆ နာရီအတွင်း၊၇၂ နာရီအတွင်းသောက်ရသည့်ဆေးဖြစ်၍ ဈေးနှုန်းမှာ ရောင်းချသည့်ဆိုင် အပေါ်မူတည်၍ ကျပ် ၆၀၀ နှင့် ၁၀၀၀ ကြားတွင်ရှိသည်ဟု သိရသည်။ ယင်းဆေးကို ဆေးဆိုင်တိုင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သောကြောင့် လူငယ်များ အသုံးများလာခြင်းဖြစ်သည်။
လက်မထပ်ရသေးသည့် လူငယ်များအနေဖြင့် လိင်ဆက်ဆံသည့်အခါ ဖြစ်ပေါ်လာသည့် အန္တရာယ်များမှာ မလိုလားအပ်သည့် ကိုယ်ဝန် ရရှိစေသည့်အပြင် လိင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါ အန္တရာယ်များလည်း ရှိနိုင်သည်။
လက်မထပ်သေးသည့်လူငယ်များအနေဖြင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်နိုင်ရန်
 စောင့်စည်းမှုများထားသင့်သည်ဟု ဒေါက်တာစိုးလွင်က အကြံပြုပြောဆိုသည်။      ။
Ref: သစ်ထူးလွင်
ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ
ယူနီဖောင်းတွေထဲမှာ ခွပ်ဒေါင်းတွေ အများကြီးရှိပါတယ်..။ ဝန်ထမ်းတွေ ဘဝအခြေခိုင်မာဖို့အတွက်
မဲပေးတဲ့ နေ့ရောက်ရင် ယူနီဖောင်းကို မေ့လိုက်ပါ ခွပ်ဒေါင်းကို ခြစ်လိုက်ပါ..
... အမှန်တရားအတွက် သက်သေပြလိုက်ပါ...။
နေပြည်တော်က ကျောင်းယူနီဖောင်းနဲ့
အမေ့မြေးတဦးက သက်သေပြနေပြီနော်...
(ပုံ Getty Images)
လူပြောများနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ
NLD ပါတီစည်းရုံးရေးဟောပြောပွဲ တက်ရောက်သူများကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မီးလင်းရေးကော်မတီမှ မီးမပေးဟု ဆို
(စိစစ်ရေးပယ်သော သတင်း)
ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်း ပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို
 တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက် နားထောင်ခဲ့ကြကြောင်း ၊အဆိုပါ အောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသားများ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။
အထက်ပါကိစ္စနှင့် ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာမင်းကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့ လုပ်ဆောင်ရတာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအား ပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင် “အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား ကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများ ဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။
ကိုရဲ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲမှာ ပြည်သူနဲ့ ဝန်ထမ်းအပါအဝင် သိန်းနဲ့ချီတက်ရောက် ကြတယ်လို့ သိရှိရပါတယ်...
နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ 
(စိစစ်ရေးပယ်သော သတင်း)
နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။
ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။
အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော် အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။
ကိုရဲ
ဒီမိုဝေယံ
Ref: သစ်ထူးလွင်
Monday 5 March 2012
ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ်
၁၅ သိန်းဖြင့်ငှားရမ်းထားသော GSM ဖုန်းများအားမြန်မာ့ဆက်သွယ်ရေးသို့ပြန်လည်အပ်နှံရန်စီစဉ် ၊ ပြန်လည်လက်ခံခြင်းမရှိပါက တရားစွဲသွားမည်ဟု စီစဉ်သူများပြောဆို။
ဆက်သွယ်ရေးရဲ့ ၁၅သိန်းတန်ဖုန်းများကိုငှားရမ်းစာချုပ်ပါ
ဒါကတော့ ဆက်သွယ်ရေးကတယ်လီဖုန်းခတွေ ဈေးလျော့မည့်အကြောင်းကြေညာချက်
Ref: သစ်ထူးလွင်
MWRN သင်တန်းများ ပြန်လည်ဖွင့်လှစ်
ထိုင်းနိုင်ငံ စမွန်ဆာခွန်ခရိုင် မဟာချိုင်မြို့ ဝီလတ် (၉)လမ်း ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေးကွန် ယက် mwrn စာကြည့ိုက်တွင် အခြေခံ အင်္ဂလိပ်စာသင်ကို တတိယအသုတ်ဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီ။
ဆရာတော်ဦးဇောတိကမှ သင်တန်းပို့ချနေစဉ်
မြန်မာအလုပ်သမားများအင်္ဂလိပ်စာသင်တန်းသင်ယူနေစဉ်
စာကြည့်တိုက်ဖွင့်လှစ်ခဲ့သည်မှစပြီး အခြေခံထိုင်းစာသင်တန်း ကွန်ပျူတာသင်တန်း များအား ပို့ချသင်ကြားလျှက်ရှိရာ ထိုင်းနိုင်ငံ ရေလွမ်းမိုးမှု ကြောင့် သင်တန်းများအား ခေတ္တ၇ပ်နားထားရာမှ ယခုလိုပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။  အလားတူပဲ ထိုင်းစာသင်တန်းကို 05.02.2012 လည်းကောင်း ကွန်ပျူတာသင်တန်းအား 15.02.2012 ရက်နေ့တို့တွင်ဖွင့်လှစ်ပြီး အခြေခံ အင်္ဂလိပ်စာသင်တန်းအား  05.03.2012 တွင်ဖွင့်လှစ်လိုက်ပါသည်။ သင်တန်းအား ထိုင်းနိုင်ငံ မဟာကျူလာလွန်ကွန်း တက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆရာတော်ဦးဇောတိကမှ ပို့ချကာ မြန်မာအလုပ်သမား ၄၀ ကျော်သင်ယူလျှက်ရှိပါသည်။
Sunday 4 March 2012
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား စင်ကာပူတွင် ပြသ
The Lady - Singapore
မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကားကို စင်ကာပူနိုင်ငံရှိ ရုပ်ရှင်ရုံ လေးရုံတွင် ၂၀၁၂ မတ်လ ၁ ရက်နေ့မှ စတင်ကာ ပြသနေပြီဖြစ်ပါတယ်။ ထို ရုပ်ရှင်ကားကို သုံးပတ်တိုင်တိုင် ပြသသွားမှာ ဖြစ်ပြီး ဟုမ်းမ်ရဲန်း အေးရှား (HomeRun Asia) ကုမ္ပဏီက ဂိုးလ်ဒင်း ဗစ်လစ်ရှ် (Golden Village) ရုပ်ရှင်ရုံ လေးရုံတွင် ပြသနေတာ ဖြစ်ပါတယ်။
 မြန်မာမိသားစုအသိုင်းအ၀ိုင်းများအနေနဲ့ လက်မှတ်များ အလွယ်တကူ ၀ယ်ယူနိုင်ရန် သပြေနု၊ ရနံ့သစ်နဲ့ သဇင် Success မဂ္ဂဇင်းတို့က ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ပံ့ပိုး ဆောင်ရွက်ကြကြောင်း သိရပါတယ်။ ရုပ်ရှင်အပေါ် မြန်မာအသိုင်းအ၀ိုင်းရဲ့ စိတ်ဝင်စားမှု၊ ပြသမှုအတွက် ကူညီ ပံ့ပိုး ဆောင်ရွက်ရခြင်းနဲ့ ပတ်သက်ပြီး “စင်ကာပူရောက် မြန်မာမိသားစုများအနေနဲ့ ရုပ်ရှင်ကားကို စိတ်ဝင်စားမှုရှိကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး၊ တိုင်းပြည်ကောင်းစားရေးကို ကိုယ်ကျိုးတွေစွန့်လွှတ်ပြီး တိုက်ပွဲ ၀င်ရဲတဲ့သူတယောက်အကြောင်း မြန်မာတိုင်းရင်းသားအားလုံး သိစေချင်ပါကြောင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင်ရတာ အင်မတန်ခက်ခဲတဲ့အတွက် ဒီမိုကရေစီ အမြဲတည်တံ့အောင် ဒီမိုကရေစီနဲ့တန်တဲ့ တိုင်းသူပြည်သားကောင်းရဲ့ ကျင့်ဝတ်များ ထွန်းကားစေချင်တဲ့ ဆန္ဒနဲ့ အမျိုးသားရေး စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးထရှင်သန်စေချင်တဲ့ အာသီသများနဲ့ ဆောင်ရွက်တာ ဖြစ်ကြောင်း“ မြန်မာမိသားစု အသိုင်းအ၀ိုင်းများ လက်မှတ် အလွယ်တကူ ၀ယ်ယူ အားပေးနိုင်ရန် စီစဉ် ဆောင်ရွက်သူတဦးဖြစ်တဲ့ သဇင် Success မဂ္ဂဇင်း အယ်ဒီတာ ကောင်းမြတ်နွယ်က ယနေ့မြန်မာကို ပြောပြပါတယ်။ ရုပ်ရှင်ပြသမှုကို ၀ိုင်းဝန်း ပံ့ပိုးရခြင်း၊ မြန်မာအသိုင်းအ၀ိုင်းရဲ့ စိတ်ဝင်စားမှုနဲ့များနဲ့ ပတ်သက်ပြီး ဦးကောင်းမြတ်နွယ်နဲ့ အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။ 
ဘာကြောင့် မြန်မာအသိုင်းအ၀ိုင်း (Burmese Community) က 'The Lady' ကို ပြသဖို့ စီစဉ်ပါသလဲ။ ဒီကားရဲ့ တာဝန်ခံပြသသူကတော့ HomeRun Asia ဖြစ်ပါတယ်။ ကားကို ၀ယ်ပြီး မြန်မာအသိုင်းအ၀ိုင်းအတွက် သီးသန့်ပြသချင်ပေမည့်လည်း၊ ဈေးအရမ်းကြီးနေတာက တကြောင်း၊ ကျွန်တော်တို့ဖာသာ ရုပ်ရှင်ရုံ (Theatre) မှာပြရင် အရုပ်နဲ့ အသံ ရဲ့ အရည်အသွေး ကျသွားမှာ ဖြစ်တဲ့အတွက် Home Run Asia ပြသတဲ့ Golden Village ရုပ်ရှင်ရုံ (၄) ရုံမှာ မြန်မာများ သွားကြည့်နိုင်ဖို့ ကျွန်တော်တို့က ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ စင်ကာပူမှာရှိတဲ့ မြန်မာအားလုံးကို ကြည့်စေချင်တဲ့ ဆန္ဒကြောင့် အခုလို ပံ့ပိုးကူညီတာ ဖြစ်ပါတယ်။ မြန်မာ စင်ကာပူရီယမ် (Burmese Singaporean) များရဲ့ စိတ်ဝင်စားမှုကို ပြောပြပေးနိုင်ပါသလား။ 
စင်ကာပူမှာ မြန်မာတွေ အများကြီး နေထိုင်ကြပါတယ်။ အကြာကြီးမနေကြပဲ သွားချည် ပြန်ချည် ကူးချည် သန်းချည် လုပ်နေသူတွေလည်း အများကြီပါ။ ၁။ စင်ကာပုလူမျိုးအဖြစ် ခံယူသွားသူများ (Burmese Singaporean)
၂။ အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာများ PR (Permanence Resident)
၃။ အလုပ်လုပ်ခွင့် လက်မှတ်ရသူများ EP (Employment Pass)
၎။ အထူးအလုပ်လုပ်ခွင့် လက်မှတ်ရသူများ S'pass (Special Pass)
၅။ အလုပ် ပါမစ် ကိုင်ဆောင်သူများ WP (work Permit)
၆။ ကျောင်းသား ကျောင်းသူများ (Students)
၇။ ကျောင်းသား အုပ်ထိန်းသူ မိဘလက်မှတ် ကိုင်ဆောင်သူများ (Guardian Pass)
၈။ မှီခို လက်မှတ် ကိုင်ဆောင်သူများ (Dependent Pass)
စသည်ဖြင့် တသိန်းကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။ 
သူတို့က စာပေဟောပြောပွဲပရိသတ်၊ တရားပွဲ ပရိသတ်၊ ရုပ်ရှင်၊ တေးဂီတကို အားပေးတဲ့ ပရိသတ်ဆိုပြီး အမျိုးမျိုး ကွဲပြားနေကြသော်လည်း၊ နိင်ငံရဲ့ အရေးမှာ လူအတော်များများ စိတ်ဝင်စားတာ တွေ့ရပါတယ်။ THe Lady ပြမယ်။ မတ်လ (၁) ရက် လို့ ဆိုတာနဲ့ လက်မှတ်တွေဝယ်ဖို့ ဖုန်းခေါ်နေကြပြီ။ ဒီကားကတော့ ကျွန်တော်တို့ ဒီဇင်ဘာလ (၁၅) ရက်နေ့က NTUC Centre မှာ ပြသခဲ့တဲ့ " အတိတ်၏ အရိပ်" ဇာတ်ကားလို ကိုယ်တိုင်စီစဉ် ပြသနိုင်ခြင်း မရှိသော်လည်း၊ ပရိသတ်အတွက် ကမ္ဘာ့ အဆင့်မီ အရုပ်အသံအတိုင်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး ဇာတ်လမ်းမှာ ဘယ်လို လွဲချော်မှုတွေ ရှိသလဲ၊ ရုပ်ရှင်ဇာတ်ကားက ပေးချင်တဲ့သတင်းစကား (message) ကိုအပြည့်အ၀ ပေးနိုင်မလား ဆိုတာ ကိုယ်တိုင်ခံစားနိုင်မှာဖြစ်လို့ စင်ကာပူရှိ မြန်မာအသိုင်းအ၀ိုင်းရဲ့ ၈၀% လောက်ကတော့ စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဘယ်သူတွေက မြန်မာအသိုင်းအ၀ိုင်းအတွက် စီစဉ် ပံ့ပိုးကြတာပါလဲ။ ဇာတ်ကားထုတ်လုပ်သူက လု(ဂ်)ဘင်ဆန် ( Luc Besson) ဖြစ်ပါတယ်။ မုလင်ရု ( Moulin Rouge) ကားကို အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ပါ။ Homerun Asia က ပြသဖို့ ယူထားပြီးသားမို့ ကျွန်တော်တို့က ကားလိုက်ဝယ်ပြဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် စပွန်ဆာလုပ်ပြီး ပြသသူများနဲ့ အဆင်ပြေအောင် Marketing လုပ်ပေးတာ ဖြစ်ပါတယ်။ 
သပြေနု # 02-55 Peninsula Plaza
ရနံ့သစ် # B1 Peninsula Plaza နဲ့
Thazin SingaporeSuccess Magazin # 05-36 Peninsula Plaza တို့က ပူပေါင်းကူညီတာဖြစ်ပါတယ်။ စီစဉ် ပံ့ပိုးသူတွေက ဘယ်လိုအကျိုး မျှော်ကိုးပြီး ဆောင်ရွက်ပါသလဲ။ မြန်မာတွေအားလုံး "The Lady " ကို ကြည့်စေချင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး၊ တိုင်းပြည်ကောင်းစားရေးကို ကိုယ်ကျိုးတွေစွန့်လွှတ်ပြီး တိုက်ပွဲဝင်ရဲတဲ့သူတယောက်အကြောင်း သိစေချင်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲဝင်ရတာ အင်မတန်ခက်ခဲတဲ့အတွက် ဒီမိုကရေစီ အမြဲ တည်တံ့အောင် ဒီမိုကရေစီနဲ့ တန်တဲ့ တိုင်းသူပြည်သားကောင်းရဲ့ ကျင့်ဝတ်များ ထွန်းကားစေချင်တဲ့ ဆန္ဒနဲ့ အမျိုးသားရေး စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးထရှင်သန်စေချင်တဲ့ အာသီသများနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်ကို ပြောချင်တာလေးတွေ၊ အသိပေးလိုတာလေးတွေ ရှိရင် သိပါရစေ။ 
နိုင်ငံခြားသားတယောက်က မြန်မာ့နိုင်ငံရေးခေါင်းဆောင်တယောက်အကြောင်း ရိုက်ကူးတဲ့အခါ မြန်မာရုပ်ရှင် ဒါရိုက်တာများ၊ စာပေဝေဖန်ရေးသမားများက အားမလို အားမရဖြစ်တဲ့ အပိုင်းလေးတွေရှိပါတယ်။ ၈၈ အရေးအခင်း ပြကွက်တစ်ခုအဖြစ် မစ်ရှဲယိုက ရွှေတိဂုံဘုရားအနောက်ဖက်မှာ ပြည်သူလူထုကို မိန့်ခွန်းပြောတဲ့အခန်း ပါ ပါတယ်။ မစ်ရှဲက ဗမာလို ကျက်ပြီး ပြောထားတာ ပါ။ ပွဲကြည့်ပရိသတ်က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရာမှာ၊ မေးတဲ့ မေးခွန်းများကို ပြန်လည် ဖြေကြားရာမှာ ထိထိမိမိ အသားပါလှတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံပဲ ထည့်လိုက်ပါလား။ ဇာတ်ကို ပေါ့ပျက်စေတယ် စတဲ့ တုန့်ပြန်သံတွေ ကြားရပါတယ်။ ဒါကတော့ မစ်ရှဲလ်က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ရသော်လည်း မြန်မာအမျိုးသမီး မဟုတ်တဲ့အတွက် ဒီလောက် သရုပ်ဆောင်နိုင်တာကိုပဲ ချီးကျူးစရာ ဖြစ်နေပါပြီ။ နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ အခန်းမှာ သမိုင်းထဲကအတိုင်း အတွင်းဝန်ရုံးမှာ စက်သေနတ်နဲ့ ပစ်သတ်တဲ့ဟာ လူတိုင်းသိနေပေမယ့် The Lady မှာ ပစ္စတိုနဲ့ ပစ်သွားတယ်လို့ ပြောကြသံတွေ ကြားရပါတယ်။
 နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်သူဟာ တွေ့သမျှလူကို ပြုံုးပြတယ်။ တကယ်တမ်းက ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် စိတ်ဖိစီးမှုတွေ များနေတယ်၊ တကယ့်ကို တည်ကြည်လေးနက်မှုကို ပြသင့်တယ်လို့ ဝေဖန်ထားတာတွေ ရှိပေမယ့်လည်း၊ စင်ကာပူက ရုပ်ရှင်ဝေဖန်ရေးသမားများက ကြယ်ငါးပွင့်မှာ ကြယ်သုံးပွင့်ခွဲ ပေးထားတဲ့အတွက် နိုင်ငံရေးနဲ့ ဒရာမာ (Drama) ဇာတ်လမ်း The Lady ဟာ အသင့်အတင့်အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြည့်မြင်ပုံ၊ ခံစားပုံကို သိရအောင် ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
The Lady - Singapore 
Ref: Burma Today
ရွှေဂတ်(စ်) စီမံကိန်း ရပ်တန့်ရန် နိုင်ငံပေါင်း ၂၀ မှ အဖွဲ့အစည်း ၁၃၀ မှ တောင်းဆို
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းပေးရန် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့အပါအဝင် နိုင်ငံ ၂၀ မှ အဖွဲ့အစည်ပေါင်း ၁၃၀ က တောင်းဆိုလိုက်သည်။
Protest-in-Thai-Stop-shwe-gas-pipelines
အဆိုပါ တောင်းဆိုမှုကို မတ်လ ၁ရက်နေ့က ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ စီစဉ်ပြုလုပ်သော ရွှေဂတ်စ် စီမံကိန်း ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုနေ့တွင် သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား ပေးပို့ ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အင်္ဂလိပ်-မြန်မာ ၂ဘာသာဖြင့် ရေးသားထားသော ၎င်းအိပ်ဖွင့်ပေးစာကို ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့ အပါအဝင် နိုင်ငံပေါင်း ၂၀မှ မြန်မာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၃၀မှ တောင်းဆို ရေးသား ပေးပို့ခြင်းဖြစ်သည်။
၎င်းအပြင် တရုတ်၊ ကိုးရီယား၊ အိန္ဒိစသည့် နိုင်ငံများမှ ကုမဏီများသို့လည်း မိတ္တူပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် "ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကြီးမားသော သက်ရောက်မှုများ ရှိနေပါသည်။ ထိုကြောင့် မိမိတို့သည် အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဘောင်အတွင်းက ဆိုးကျိုးများကို ကာကွယ် တားဆီးနိုင်ပြီး အခွင့်အရေးများကို အကာအကွယ် ပေးနိုင်သည် အထိ အဆိုပါ စီမံကိန်းများကို ရွှေ့ဆိုင်းထားရန် တောင်းဆိုအပ် ပါသည်" ဟု ရေးသား ပါရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဧကထောင်ချီသော စိုက်ပျိုးမြေများကို ပိုက်လိုင်းလမ်းကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ပြည်သူများ၏ တောင်းဆိုမှုကြောင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ထားဝယ် ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံစီမံချက်ကို ရပ်ဆိုင်းပေးခဲ့သည့်အတွက် ရွှေဂတ်စ်စီမံကိန်းကိုလည်း ရပ်ဆိုင်း ပေးသင့်ကြောင့် တောင်းဆိုထားသည်။
Protest-in-Stop-shwe-gas-pipelines-Thai
အဆိုပါ မတ်လ ၁ရက်နေ့တွင် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ် သံရုံးရှေ့တွင် ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။
တောင်းဆိုဆန္ဒပြနေစဉ် တရုတ်သံရုံးမှတဆင့် တရုတ်အစိုးရထံသို့ ရွှေဂတ်စ်စီမံကိန်း ရပ်တန့်ရေး တောင်းဆို စာတစောင်ကိုလည်း ပေးပို့ခဲ့သည်။
" ဒီစီမံကိန်းက တိုင်းပြည်တစုံတခုထိ တည်တည် တံ့တံ့ ဥပဒေ စိုးမိုးတဲ့ အချိန်မှပဲ ဆက်လုပ်သင့် ပါတယ်။ သမ္မတ အနေနဲ့လည်း စီမံကိန်းတွေ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ ပိုပြီးတော့ တာဝန်သိသိနဲ့ ဒေသခံတွေအပေါ် မှာ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းပြီးတော့ ရေရှည်ဆက်လုပ်ဖို့ အလေးပေး သင့်တယ်။ အဲဒါတွေကို လိုက်နာမှပဲ ကျင့်သုံးမှပဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်။ စီမံကိန်းက ဒေသခံပြည်သူ တွေအတွက် အကျိုးအမြတ် တွေ မတွေ့ရသေးဘူး။ အဲဒါကြောင့် အကျိုးအမြတ်ရှိလာနိုင်တဲ့၊ တရားဥပဒေ ရှိလာတဲ့ အနေအထားကျမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်တယ်။ လောလောဆယ် ရပ်တန့်ပေးပါလို့ သမ္မတကြီး ကို ကျနော်တို့ တောင်းဆို တာဖြစ်ပါတယ်" ဟု ရွှေဂတ်စ် လူပ်ရှားမူ အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။
၎င်းအပြင် တရုတ် အစိုးရထံသို့ ပေးပို့သော စာနှင့် ပတ်သက်၍လည်း ကိုဝင်းအောင်က ဆက်ပြောသည်။
" သူတို့ဆီက သံရုံး ဝန်ထမ်းတယောက် လာယူပါတယ်။ အထက်ပိုင်း သံအမတ်ဆီကို တင်ပြ ပေးမယ်လို့ ပြော သွားပါတယ်။ ကျနော်တို့ တောင်းဆိုတာကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ လယ်မြေသိမ်းပိုက်မှုတွေ အပါအဝင် ဒီစီမံကိန်းကြောင့် ဒေသခံတွေ အလုပ်အကိုင်တွေ ပျက်သွားတဲ့ဟာတွေကို ကျနော်တို့ ထောက်ပြ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီဟာကို သတ်သတ်မှတ်မှတ် ကိုင်တွယ်ပြီးတော့ လုပ်ပေးပါ။ ကျနော်တို့ တိုင်းပြည်အနေအထားကလည်း ဒီလိုမျိုး ဥပဒေစိုးမိုးတဲ့ အနေအထား တခုကို မရောက်သေးဘူး။ အဲဒါကြောင့် ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် အနေအထားမှပဲ ဆက်လုပ်ပါလို့ တောင်းဆိုထားပါတယ်။"
ဆန္ဒပြတောင်းဆိုပွဲသို့ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့ဝင်များအပါဝင်၊ ချင်းမိုင်ရောက် တခြားမြန်မာများ၊ ထိုင်းကျောင်း သားများနှင့် နိုင်ငံခြားသားများ စုစုပေါင်း ၂၀ ကျော်တက်ရောက်ခဲ့သည်။
Ref: နေရဉ္ဇရာ
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes