Friday 9 September 2011

စစ်တပ် အခန်းကဏ္ဍ ပြောင်းရမှာဖြစ်တယ်လို့ ယင်လပ်ပြော


၂၀၁၅ မှာ အကောင်အထည်ဖော်မယ့် အာဆီယံစီးပွားရေးအသိုက်အမြုံ တည်ဆောက်ရေး အစီအစဉ်တွေ နီးလာပြီ ဖြစ် လို့ အပြောင်းအလဲအတွက် ပြင်ကြဖို့ ဌာနကြီး ၃ ခုက ထိပ်တန်း တပ်မတော်အရာရှိကြီးတွေကို ၀န်ကြီးချုပ် ယင်လပ် က ညွှန်ကြားလိုက်ပါတယ်။ ကမ္ဘာ့အသိုက်အမြုံကြီး ကျယ်ပြန့်လာတဲ့အတွက် ထိုင်းနိုင်ငံဟာ ကမ္ဘာကြည့် ကြည့်မြင်ပြီး အ ပြောင်းအလဲတွေနဲ့အညီ လိုက်ပါရမှာဖြစ်ပြီး အမျိုးသားနယ်နိမိတ်အပြင်ဖက်ထိ ကျော်ကြည့်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ထုတ်လုပ်ရေုးလုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေဆီ ရွှေ့နေကြပါပြီ။ ဒါက လည်း နောက်ထပ် စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဒီလိုစက်မှုလုပ်ငန်းတွေ ရွှေ့ပြောင်းနေရာကနေ ထွက်ပေါ် လာတဲ့ အဓိကကျတဲ့ အခွင့်အလမ်းတွေကို အသုံးချဖို့ သူ့ရဲ့စီးပွားရေးစီးပွားရးလုပ်ငန်းတွေကို အဆင်သင့် ဖြစ်အောင် ပြင်ထားရမှာဖြစ်တယ်လို့ တပ်မတော် ကြည်း၊ ရေ၊ လေ က ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ကောလိပ် ၅ ခုမှာ လေ့ လာနေတဲ့ အရာရှိတွေကို ခွန်ယင်လပ်က ပြောကြားလိုက်ပါတယ်။ ဒီဟောပြောပွဲမှာ ၀န်ကြီးချုပ်က သဘာပတိ လုပ်ပါ တယ်။ 

တက်ရောက်လာတဲ့ အရာရှိတွေက ၀ိဟာဝဒီရန်စစ်လမ်း မကြီးဘေးမှာရှိတဲ့ တပ်မတော်ကလပ်မှာ ဆွေးနွေးတဲ့ ၂၀၁၀ ၂၀၁၆ အမျိုးသား မဟာဗျူဟာနဲ့ စစ်ရေးမဟာ ဗျူဟာတွေအတွက် သူတို့ရဲ့အကြံပြုချက်တွေကို တင်ပြ ခဲ့ကြပါတယ်။ ဒီ အစည်းအဝေးမှာ တက်ရောက်ကြတဲ့ ကျောင်းသားအရာရှိတွေဟာ အမျိုးသားကာကွယ်ရေး ကောလိပ်၊ ပူးတွဲစစ်ဦးစီး ကောလိပ်၊ ကြည်းတပ်စစ်ကော လိပ်၊ ရေတပ်စစ်ကောလိပ်နဲ့ လေတပ်စစ်ကောလိပ်တို့က ဖြစ်ပါတယ်။
ဒီမိုကရေစီ တိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုနဲ့ တန်းတူညီမျှမှုကို သူမြင်ချင်ကြောင်း ဒါတွေကို ကျော်လွှားမသွား သင့် ကြောင်း ဘာလို့လဲဆိုတော့ ဒါတွေက တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးမှာ ဖြစ်လို့ပါ။ လို့ သူ့မိန့်ခွန်းထဲမှာ ၀န်ကြီးချုပ်က ပြောပါတယ်။ လူမှုအပြောင်းအလဲတွေဖြစ်ဖို့အတွက်ဆို အစိုးရအနေနဲ့ ထိုင်းနိုင်ငံသားအာလုံးရဲ့ နေ ထိုင်မှုဘ၀ ကောင်းမွန်ရေး တိုးတက်စေရေးမှာ အကူအညီဖြစ်စေမယ့် မဟာဗျူဟာတွေကို ကြံဆတွေးတောဖို့နဲ့ ကြိုး ပမ်းရမှာဖြစ်ပြီး၊ ဆင်းရဲမှုနဲ့ လူအဖွဲ့အစည်းအတွင်းက မညီမျှမှုတွေ လျော့ပါးသွားစေဖို့ လုပ်ရမှာဖြစ်ပါတယ်။ လို့ ၀န်ကြီး ချုပ်က ပြောပါတယ်။
“ကျမတို့ အားလုံး အပြောင်းအလဲနဲ့ အန္တရာယ်ဆိုတဲ့ စကားလုံးတွေအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်၊ ပြဿနာတွေ ကိုပဲ မကြည့်ပါနဲ့၊ ဒီပြဿနာတွကို နားထောင်ပြီး သေချာဆန်းစစ်ရပါမယ်၊ ဒီနောက်မှာ အစိုးရက ဒီပြဿနာတွေကို ဖြေ ရှင်းပေးရပါမယ်” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ကောလိပ် ၅ ခုက ကျောင်းသားတွေက တိုင်းပြည်ရဲ့စစ်ရေး စွမ်းရည် တိုးတက်ဖို့၊ ခေတ်မီစစ်လက်နက်ပစ္စည်းတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ အစိုးရကို အကြံပြုကြပါတယ်။
စက်တင်ဘာ ၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)


Source: နေ့သစ်

ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

မင်းသုတ – မြန်မာနိုင်ငံတွင်ဖမ်းဆီးထောင်ချခံ နေရသော သတင်းထောက်များနှင့် နိုင်ငံရေး အကျဉ်းသား များကို ချက်ချင်းလွှတ်ပေးရန် ဘန်ကောက်မြန်မာသံရုံးရှေ့၌ဆန္ဒပြတောင်းဆို တောင်းဆိုမှုတရပ် ယနေ့နံနက် ၁၀ နာရီတွင်ပြု လုပ်ခဲ့ကြောင်း ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုဝင်းမွန်က ပြောသည်။
 Bangkok
“သတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ လုံးဝမတရားဘူး၊ ဒါကြောင့် ခုလိုသံရုံးရှေ့မှာ လာရောက်ဆန္ဒပြတာ ဖြစ်တယ်။ ဒီတောင်းဆိုချက်ကို မြန်မာသံရုံးကနေတဆင့် မြန်မာအစိုးရဆီကို ပို့သွားမယ်” ဟု သူကပြောသည်။
ဆန္ဒပြသူများသည် မြန်မာ့စွယ်စုံအနုပညာရှင် ကိုဇာဂနာမျက်နှာဖုံးနှင့် သတင်းထောက် မလှလှဝင်းတို့၏ မျက်နှာဖုံးပုံများကိုဖုံးအုပ်ကာ ဆန္ဒပြခဲ့ပြီး “ဖရီး ဇာဂနာ။ ဖရီးလှလှဝင်း” ဟု သံပြိုင် အော်ဟစ်ကာ တစ်နာရီခန့်အကြာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

“အစိုးရသစ်လည်းတက်လာပြီး သမ္မတကလည်း ပြည်တော်ပြန်ဖို့ပြောနေတာက တကယ်ဟုတ်ရဲ့လား၊ ဒီရက်ပိုင်းမှာလည်း ခေတ်ပြိုင်အယ်ဒီတာဟောင်း ဦးစိန်ကျော်လှိုင်က အသည်းအသန်နာမကျန်းဖြစ်နေတဲ့ သူ့မိခင်ကိုပြုစုဖို့ပြန်သွားတာ ရန်ကုန်မှာ သူ့ကိုဖမ်းလိုက်တယ်၊ ဒါကလည်းစဉ်းစားစရာပဲ” ဟုရခိုင်အမျိုး သား သတင်းထောက်တစ်ဦးက ပြောသည်။

ဦးစိန်ကျော်လှိုင်သည် BBC နှင့် RFA မြန်မာပိုင်းအစီအစဉ်များတွင် အသံလွှင့်ခဲ့ဘူးသူရခိုင်တိုင်းရင်းသား တစ်ယောက်ဟု သိရသည်။

ထို့အပြင် လန်ဒန်နှင့် နိုင်ငံတကာမြို့ကြီးများရှိ မြန်မာသံရုံးများရှေ့တွင်လည်း ပြုလုပ်သွားမည်ဟု Miss Geraldine May က ဆိုသည်။

ဒီဗွီဘီသတင်းထောက် မလှလှဝင်းအပါအ၀င် သတင်းထောက် ၁၇ယောက်နှင့် နိုင်ငံရေးအကျဉ်းသား များကို မြန်မာအကျဉ်းထောင်များတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားဆဲဖြစ်သည့်အတွက် Burma VJ အဖွဲ့မှ Miss Geraldine May က ဦးဆောင်ခဲ့သည်ဟု သိရသည်။
ယနေ့ဘန်ကောက်မြို့မြန်မာသံရုံးရှေ့ဆန္ဒပြမြင်ကွင်း
ယနေ့ဘန်ကောက်မြို့မြန်မာသံရုံးရှေ့ဆန္ဒပြမြင်ကွင်း
ဆန္ဒပြသူများသည် ရွှေဝါရောင်တော်လှန်ရေးကာလက ဖြစ်ရပ်မှန်များကို ပြည်ပသတင်းဌာနများသို့ ပို့ပေးခဲ့သဖြင့် အကျဉ်းကျခံနေရသူ မလှလှဝင်း၊ ကိုဝင်းမော်၊ ကိုငွေစိုးလင်း၊ ကိုမောင်မောင်ဇေယျနှင့် ကိုစည်သူဇေယျ တို့၏ ပုံများကိုလည်း ကိုင်ဆောင်ထားကြပြီး နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသား ၂၀ ဦးခန့်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) ၏ မှတ်တမ်းများတွင်မြန်မာ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။
 
 

စင်ကာပူ ကွန်ဒိုများ ဘဏ်ချေးငွေဖြင့် ဝယ်နိုင်ပြီ

စင်ကာပူနိုင်ငံရှိ အဆင့်မြင့် အိမ်ရာများအား မြန်မာကျောင်းသားမိဘ အချို့ ဝယ်ယူလာကြပြီး နှစ် ၃ဝ ဆပ်ရမည့်ချေးငွေကို အတိုးနှုန်း သက်သာစွာ စီစဉ်ပေးမည့်ဝန်ဆောင် မှုများ ပါဝင်လာကြောင်း စင်ကာပူ နိုင်ငံ ERA အေဂျင်စီမှ ဈေးကွက် ဒါရိုက်တာ မမေသူက ပြောသည်။ စင်ကာပူနိုင်ငံတွင် ယင်းကဲ့သို့ အိမ်ရာများ ဝယ်ယူလိုပါက နိုင်ငံသားဖြစ်ရန် မလိုသည့်အပြင် ပထမ အရစ်အနေဖြင့် တန်ဖိုး၏ ၂ဝ ရာ ခိုင်နှုန်းကို Far East ဆောက်လုပ်ရေးသို့ ပေးသွင်းရမည်ဖြစ်သည်။ ကျန်ရှိသော၈ဝရာခိုင်နှုန်းကိုအတိုးနှုန်း သက်သာစွာဖြင့် အများဆုံး နှစ် ၃ဝ အထိ ပြန်ဆပ်ရသော ချေးငွေရရှိရန် စင်ကာပူရှိ UOB ဘဏ်က စီစဉ်ပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ ”ကျွန်မတို့ အေဂျင်စီက စင်ကာပူမှာရှိတဲ့ ရောင်းမယ့်အိမ်တွေကို iPad မှာ အကုန်ထည့်လာတယ်။ ဝယ်သူတွေ စင်ကာပူသားကြည့်စရာမလိုဘဲ ရွေးချယ်နိုင်အောင်ပါ။ 

ကွန်ဒိုတစ်ခုကို ကြိုက်ပြီဆို စကြည့် တဲ့အချိန်ကနေ UOB ဘဏ်ကနေ ချေးငွေရရှိဖို့အထိ တာဝန်ယူပေးပါတယ်” ဟု ၄င်းက ပြောသည်။ အဆိုပါ ERA အေဂျင်စီ၊ UOB ဘဏ်နှင့် Far East ဆောက်လုပ်ရေးတို့ ပူးပေါင်း၍ စင်ကာပူ နိုင်ငံမှ ထိပ်သီးအိမ်ရာရောင်းဝယ်ရေး ဈေးကွက် ဆွေးနွေးပွဲကို ၂ဝ၁၁ ခု၊ စက်တင်ဘာ ၃ ရက်တွင် ကုန် သည်ကြီးများဟိုတယ်၌ ကျင်းပခဲ့ ရာ ၄င်းအစီအစဉ်များအား ရှင်းလင်းခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ကွန်ဒိုများအား နိုင်ငံသားများအဖြစ် တရုတ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ မှ ကျောင်းသားမိဘအချို့ ဝယ်ယူမှုများရှိနေကြောင်းလည်း ၄င်းက ပြောသည်။ UOBဘဏ်မှ ငွေချေးရာတွင် မိမိ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုပြရန်မလိုဘဲ မည်သည့်လုပ်ငန်းလုပ်ကိုင်နေသည်ကိုသာ ပြရမည်ဖြစ်သည်။ ချေးယူထားသောငွေကို ၂ နှစ်အတွင်း ပြန်ဆပ်လိုက ဆပ်နိုင်ပြီး စင် ကာပူဒေါ်လာ ၂ သိန်းကိုမူ မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း ၄င်း က ထပ်လောင်းဆိုသည်။ ၄င်းကွန်ဒိုများ၏ အနိမ့်ဆုံး ဈေးမှာ စင်ကာပူဒေါ်လာ ၁ မီလျံ မှ အမြင့်ဆုံး ၃ဝ မီလျံအထိရှိ ကြောင်း သိရသည်။ ”ကွန်ဒိုတစ်လုံးမှာ အခန်းတွေ အများကြီး ပါပါတယ်။ ဒီအခန်းတွေ ပေါ်မူတည်ပြီးတော့ စင်ကာပူအစိုးရက အခွန်ကောက်တယ်။ ကိုယ်ပိုင်နေရင် ၄ ရာခိုင်နှုန်း၊ အိမ်ငှား မယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း နှစ်စဉ် ပေးရပါတယ်” ဟု ၄င်းက ဆက် လက်ပြောသည်။ ၄င်း အေဂျင်စီအနေဖြင့် အဆိုပါ ဆွေးနွေးပွဲမျိုးကို မြန်မာနိုင်ငံ၌ ၆ လ တစ်ကြိမ် ပြုလုပ်သွားရန်စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ဒေါ်ဥမ္မာတင်မောင် (ရန်ကုန်) ဝ၉ ၅၁၅၁၃၂၃ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

ချစ်ဆုဆွေ

ယာဉ်ကြောပိတ်မှုများသည့်ဘန်ကောက်တွင် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး

တနင်္လာနေ့က ဘန်ကောက်ရဲများ အရေးပေါ် သားဖွားမှုတွင် အစွမ်းပြနေပုံ (မန်နေဂျာအွန်လိုင်း ဓာတ်ပုံ)

ဘန်ကောက်မြို့တွင် ဆေးရုံသွားနေသည့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးသည် လမ်းပိတ်ဆို့မှုကြောင့် ဆေးရုံသို့ အချိန်မီ မရောက်ရှိဘဲ အငှားကားပေါ်တွင်ပင် ကလေးမွေးဖွားခဲ့ရပုံကို ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားကြသည်။

တနင်္လာနေ့ နံနက်က ထိုသို့ မွေးဖွားစဉ် လမ်းပြပုလိပ်က အကူအညီပေးခဲ့သည်ဟု အသက် ၂၂ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းစန်းစန်းသိန်းက BBC မြန်မာဌာနကို ပြောပြသည်။"ဆေးရုံ မမီဘူး၊ ကားပေါ်မှာ မွေးတယ်လေ။ ရေမွှာလည်း ပေါက်ရော တက္ကစီပေါ်မှာ ခဏလေးနဲ့ မွေးတယ်။ ပုလိပ်တွေလည်း လာကူညီပေးတယ်။ အရမ်း ကျေးဇူးတင်တယ်။ ကလေးလည်း ကျန်းမာရေး ကောင်းတယ်" ဟု ဆိုသည်။

ကလေးမွေးရာတွင် ကူညီခဲ့သူ ရဲအရာခံဗိုလ်က "ကျနော်တို့အလုပ်က ကလေး မမွေးသေးဘူး ဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ရောက်အောင် ရဲကနေ ဦးဆောင်ပြီး ခေါ်သွားပေးရပါတယ်။ တကယ်လို့ ကားထဲမှာ မွေးတယ် ဆိုရင် ကလေး အသက်ရှူနိုင်အောင် သန့်ရှင်းမှုတွေ အရင်ဆုံး လုပ်ပေးရတယ်" ဟု ပြောဆိုကြောင်း BBC ၏ ထုတ်လွှင့်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့တဲ့ ၁၈ နှစ်ကစပြီး ဘန်ကောက်ရဲများက အရေးပေါ်ကလေးမွေးဖွားမှုတွင် ကူညီခဲ့ရာ ယခုအချိန်အထိ ကလေးပေါင်း ၁၀၀ နီးပါး ကူညီ မွေးဖွားပေးခဲ့သည်ဟု ရဲအရာခံဗိုလ်က ဆိုသည်။

ဘန်ကောက်မြို့ Din Daeng လမ်းဆုံ အနီးမွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တက္ကစီမောင်းသူက လမ်းပြပုလိပ်တို့ကို အကူအညီတောင်းသဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

ကလေးမွေးဖွားမည့်ရက်မှာ သောကြာနေ့ ဖြစ်မည်ဟု ဆေးရုံက ကြိုတင်တွက်ချက်ထားသော်လည်း တနင်္လာနေ့တွင် ဗိုက်နာပြီး မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြထားသည် ဘန်ကောက်တွင် နေထိုင်သော မိုးမခ ပရိသတ်တဦးက ပြောပြသည်။

ကလေး၏မိခင်သည် ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
မိုးမခအထောက်တော် အမှတ် ၀၁၂
(ဓာတ်ပုံ - dailynews co th)

(ဓာတ်ပုံ - toptenthailand.com)

ကလေးမွေးပြီး နောက်ဆုံးတွင် ဆေးရုံဝန်ထမ်းများ ရောက်လာသည် (မန်နေဂျာအွန်လိုင်း ဓာတ်ပုံ)
 

မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စ နိုင်ငံတကာခုံရုံးတွစ် စစ်ဆေး

၂၀၁၀ ပြည့်နှစ်အစောပိုင်းက ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာ အငြင်းပွားနေသည့် ရေပိုင်နက်အနီး တွေ့ရသော မြန်မာ စစ်သင်္ဘောများ (ဓာတ်ပုံ - The Dailystar)
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ပြင်ရေပိုင်နက် ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွင် စက်တင်ဘာ ၈ ရက်မှ ၂၄ ရက်အထိ ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea ( ITLOS) မှ ဖြေရှင်းပေးရန် ၂၀၀၉ ခုနှစ်က တင်ပြခဲ့ကြသည်။

ကြားနာ စစ်ဆေးမှုတွင် အကျိုးဆောင်ပေးနိုင်ရန် နှစ်နိုင်ငံ စလုံးဘက်မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများကို ခေါ်ယူထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်အား စက်တင်ဘာ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကြားနာ၍ မြန်မာနိုင်ငံဘက်ကို ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကြားနာမည်ဟု သိရသည်။ ထိုကိစ္စကို ၂၀၁၂ နှစ်ဆန်းပိုင်းတွင် အဆုံးအဖြတ် ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ရေကြောင်းပညာကျွမ်းကျင်သူ ပါမောက္ခ Bernard H.Oxman ကတင်ပြမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ဂါနာနိုင်ငံမှ Thomas Mensah တို့က တင်ပြကြမည်ဖြစ်ကာ တရားရုံး၏ သဘာပတိအဖြစ် တရားသူကြီး Jesus ဆောင်ရွက်မည် ဖြစ်သည်။

ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံသို့ တင်ပြခြင်းမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။

မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်းဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။

လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့် ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။

၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ခဲ့ပြီး ၎င်းနောက် အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

အငြင်းပွားမှုဖြစ်ပွားပြီးနောက် နယ်စပ်တလျှောက်၌ နှစ်နိုင်ငံ စစ်တပ်များက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံထားသည်။

Wednesday 7 September 2011

ဒေါ်လာဈေး အတက်အကျ ကြမ်း

မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရရှိသော အမေရိကန် ဒေါ်လာများ အပါအ၀င် တရားမ၀င် လုပ်ငန်းများမှ ရရှိသော ဒေါ်လာ ငွေများ နယ်စပ် ဈေးကွက်များမှ တဆင့် ရန်ကုန်ဈေးကွက် တွင်းသို့ ၀င်ရောက်နေမှုကြောင့် ဒေါ်လာငွေဈေး အတက်အကျ မြန်ဆန်ပြီး မတည်မငြိမ်ဖြစ်နေကြောင်း နယ်စပ်ဒေသများနှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

Myanmar_and_U.S._banknotes
(ဓာတ်ပုံ - AP)
အမေရိကန်ဒေါ်လာသည် စက်တင်ဘာလ ၂ ရက်နေ့က တဒေါ်လာ ၇၈၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ၅ ရက်နေ့တွင် ၇၄၀ ကျပ်၊ ၆ ရက်နေ့တွင် ၇၂၀ ကျပ်နှင့် ၇၃၀ ကျပ်အကြား ပြန်လည် ကျဆင်းခဲ့ပြီး ယနေ့ ဈေးအဖွင့်တွင် တဒေါ်လာ ၇၄၅ ကျပ်နှင့် ၇၅၀ အကြား ရှိနေသည်။

“ရန်ကုန်များ ဝယ်လိုအား များနေလို့ ဒေါ်လာဈေး တက်နေရာကနေ ချက်ချင်းဆိုသလို ပြန်ထိုးကျတယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကနေ တရားမ၀င် ဒေါ်လာတွေ အများကြီးဝင်လာလို့ ပြန်ကျတာပါ။ နယ်စပ်ကနေဝင်လာတဲ့ ဒေါ်လာ အများစုက မူးယစ်ဆေးဝါး ရောင်းလို့ရတဲ့ငွေတွေပဲ။ ဒါပေမယ့် ဒီနေ့ ပြန်တက်ပြန်တယ်” ဟု နယ်စပ်ဒေသများနှင့် ဟွန်ဒီငွေလွှဲ လုပ်ကိုင် နေသူ ရန်ကုန် အခြေစိုက် စီးပွားရေးသမားတဦးက ပြောသည်။

အစိုးရအနေနှင့် ငွေလဲနှုန်း ပြောင်းလဲပြင်ဆင်ရန် စဉ်းစားမည် ဆိုပါက နယ်စပ်ဒေသများရှိ ဘိန်း၊ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါးမှ ရရှိသော သန်းချီသည့် အမေရိကန်ဒေါ်လာ များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးက ပြောသည်။

“ရွှေတြိဂံနယ်မြေ၊ တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ ဖြစ်နေတဲ့ တရားမ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတွေကို
မနှိမ်နင်းနိုင်သမျှ ငွေလဲနှုန်းငြိမ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု ဟွန်ဒီငွေလွှဲ လုပ်ကိုင်သူက ဆိုသည်။

ပြည်တွင်းငွေဈေးကွက်၏ အဓိက ငွေလဲနှုန်းသည် နယ်စပ် ငွေဈေးကွက်များပေါ်တွင် များစွာ မူတည် ဖြစ်ပေါ်နေကြောင်း၊ နယ်စပ်တွင် ငွေလွှဲလုပ်ကိုင်သူများကလည်း ဈေးအတက်အကျကို ကစားနေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်နဲ့ နယ်စပ်ငွေဈေးကွက်က တိုက်ရိုက် ချိတ်ဆက်နေတယ်။ အများသောအားဖြင့် ငွေလဲနှုန်းက နယ်စပ် ငွေဈေးကွက်ပေါ် မူတည်ပြီး ပြောင်းတယ်။ ရန်ကုန်ဈေးကွက်မှာ ဈေးဆွဲတင်ရုံနဲ့ ဒေါ်လာဈေးက ကာလကြာရှည်
မြင့်နေဖို့ မလွယ်ဘူး။ အစိုးရဘက်က ဒါကို နားမလည်ရင် ဘယ်လိုပဲလုပ်လုပ် ဒေါ်လာဈေး တက်မှာမဟုတ်ဘူး။ အလဟသ ဖြစ်နေမှာပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား ငွေလဲဒိုင် တဦးက ပြောသည်။

အမှတ် ၁ နှင့် အမှတ် ၂ စက်မှုဝန်ကြီး ဦးစိုးသိန်းက အမေရိကန်ဒေါ်လာငွေ တန်ဖိုး မြင့်တက်စေရန် ရည်ရွယ်၍ ပြည်တွင်းသို့ တရားမ၀င်တင်သွင်းထားသော ဂျပန်နိုင်ငံလုပ် ကားများကို စက်မှုဇုန်ထုတ်ကားများအဖြစ် အမည်ခံကာ တရားဝင် လိုင်စင်ဝင်ရန်အတွက် စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထား၍ ကားတစီးလျင် ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမည်ဟု ကြေညာချက် ထုတ်လိုက်သည်။

ထို့ကြောင့် ကားအစီး ၈၀၀ နီးပါး ဒဏ်ငွေဆောင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဈေးကွက်အတွင်း ဝယ်လိုအား ဖြစ်ပေါ်ခဲ့သည်။

၎င်းနောက် ရက်အနည်းငယ်အတွင်း အစိုးရ အာဏာပိုင် အသိုင်းအ၀န်းနှင့် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး အသိုင်းအ၀န်း ကလည်း အမေရိကန်ဒေါ်လာများ ၀ယ်ယူစုဆောင်းမှုများ ပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာသည် ဈေးကွက်တွင် ရုတ်တရက် တန်ဖိုးတက်သွားခဲ့သည်။

ရန်ကုန်ဈေးကွက်တွင် ၀ယ်အားများသဖြင့် ဒေါ်လာဈေးတက်သွားခဲ့ပြီး တပတ်မပြည့်မီ နယ်စပ်မှ အမေရိကန်ဒေါ်လာများ အလုံးအရင်းနှင့် ဝင်ရောက်လာသောကြောင့် ဈေးထိုးကျသွားခဲ့ပြန်သည်။ ယမန်နေ့ ဈေးဖွင့်စတွင် အမေရိကန် တဒေါ်လာ ၇၅၀ ကျပ် ဝန်းကျင်ရှိနေရာမှ ညနေပိုင်းတွင် တဒေါ်လာ ၇၂၅ ကျပ်အထိ ထိုးကျသွားခဲ့သည်။

ယနေ့တွင် တဒေါ်လာ ၇၄၅ ကျပ်အထိ ဈေးပြန်လည် မြင့်တက်ခဲ့သော်လည်း အမေရိကန် ဒေါ်လာငွေဈေးမှာ တရက်အတွင်း ၌ပင် အတက်အကျ မြန်ဆန်၍ အပြောင်းအလဲ ဖြစ်နေနိုင်ကြောင်း ငွေလဲဒိုင်များထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင် တချို့က အမေရိကန် တဒေါ်လာလျှင် ၉၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်အကြား ပြောင်းလဲ ပြင်ဆင်နိုင်မှသာ လုပ်ငန်းများ လည်ပတ်မှုကောင်းလာမည်ဟု တင်ပြထားသောကြောင့် အစိုးရကလည်း ငွေဈေးနှုန်း ပြင်ဆင် သတ်မှတ်လိုကြောင်း ကျင်းပနေသည့် လွှတ်တော်တွင် ပြောဆိုခဲ့ကြသည်။

ငွေလွှဲနှုန်း ကိစ္စအတွက် မြန်မာအစိုးရကို အကြံဥာဏ်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)
မှ ပညာရှင်များ အောက်တိုဘာလတွင် မြန်မာနိုင်ငံလာရောက်မည် ဖြစ်သည်။

Source: ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး ပါသည့် ဂျာနယ်အရေးယူခံရ

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

The-Messenger-Journal
ပြည်သူ့ခေတ်ဂျာနယ်
Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို စိစစ်ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမိုပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ် လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်၊ အရင်က မလိုက်နာခဲ့တဲ့ ပြစ်ချက်ဟောင်းတွေရယ်ကို ပြန်ဖော်ပြီး ဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။ နောက်ဆက်တွဲ တင်ခွင့်မရတဲ့အတွက် နောက်ဆုံးသတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။

Messenger ဂျာနယ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်နှင့် ဓာတ်ပုံသတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည့် Hot News ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။

Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူ့ခေတ် ဂျာနယ်က ကြိုတင် ကြော်ငြာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အနားယူနေပုံကို မျက်နှာပြည့် မဖော်ပြ တော့ဘဲ စာပေစိစစ်ရေးက သတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။ 

ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ ဂျာနယ်တွေအားလုံးက အင်တာဗျူးရတယ်။ Messenger ဂျာနယ်မှာ အင်တာဗျူး ပါတော့ ကျန်တဲ့ဂျာနယ်တွေလည်း ရမယ်ထင်ပြီး စိစစ်ရေးတင်ကြတယ်။ ဒါပေမယ့် ဂျာနယ်တွေအားလုံး ဖော်ပြခွင့် မရတော့ ဘူး” ဟု စာပေစိစစ်ရေးထံ ဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးပါရှိသည့် Messenger ဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့် ဆောင်းပါးပါရှိသော ပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီတွင် ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

Tuesday 6 September 2011

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

News_Sein_Kyaw_Hlaing_Sep_6_2011Yan_Pai
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏  အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA  သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

Source: ဧရာဝတီ

ထိုင်း​ရောက် မြန်မာလုပ်သား​ ၄၀၀ ​ကျော် အလုပ်ပြုတ်

ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​အနီး​ ဘန်​ဘော်မြို့နယ်က အဝတ်အထည်အလုပ်ရုံတရုံက မြန်မာအလုပ်သမား​ ၄၀၀ ​ကျော် အလုပ်ဖြုတ်ခံရပါတယ်။

အနိမ့် ​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ မဲဆွယ်ပြီး​ အနိုင်ရတဲ့​အစိုး​ရ တက်​နေပြီမို့​ လုပ်အား​ခ​တွေ တိုး​လာမယ်လို့​ ​မျှော်လင့်​နေချိန်မှာ မြန်မာအလုပ်သမား​ ရာချီ အလုပ်ပြုတ်သွား​တာပါ။

ထိုင်း ​အစိုး​ရ အ​ကောင်အထည်​ဖော်မယ့်​ အနိမ့်​ဆုံး​ လုပ်အား​ခ ဘတ် ၃၀၀ ကို မ​ပေး​နိုင်လို့​ အလုပ်ရှင်က ကြိုပြီး​အလုပ်ထုတ်တာလို့​ အလုပ်သမား​တွေကို ကူညီတဲ့​ ဘန်​ကောက်အ​ခြေစိုက် ထိုင်း​-မြန်မာအသင်း​က နိုင်ငံခြား​ဆက်ဆံ​ရေး​တာဝန်ခံ ဦး​မျိုး​နိုင်က ​ပြောပြပါတယ်။

“ဘန်​ ဘော်မှာ မြန်မာအလုပ်သမား​ အား​လုံး​ပေါင်း​ အ​ယောက် ၈၀၀ ​လောက် ရှိတဲ့​ အထည်ချုပ်စက်ရုံမှာ အလုပ်သမား​တွေက ကျ​နော့်​ကို လာ​ပြောတယ်။ အလုပ်ရှင်က တ​နေ့​ကို ၂၁၀ ​ပေး​ထား​တယ်။ အလုပ်ရှင်က ​နောက်ပိုင်း​ကို ၃၀၀ သတ်မှတ်လို့​ရှိရင် မ​ပေး​နိုင်​တော့​တဲ့​အတွက် ဒီ​နေ့​ကစပြီး​ အလုပ်မလုပ်ပါနဲ့​တော့​လို့​ ​ပြောလိုက်တယ်။ ၃၀၀ ရတာမရတာက တကဏ္ဍ၊​ ​လော​လောဆယ် ကိုယ့်​အလုပ်သမား​တွေ ထုတ်ခံလိုက်ရတယ်။”

တရက် ဘတ် ၃၀၀ အစီအစဉ်ဟာ ထိုင်း​အလုပ်သမား​တွေ​တောင် ရဖို့​မ​သေချာ ​သေး​ဘူး​လို့​လည်း​ ဦး​မျိုး​နိုင်က ​ပြောပါတယ်။



ထိုင်း ​-မြန်မာနယ်စပ် တပ်ခရိုင် မဲ​ဆောက်မြို့​မှာလည်း​ တရက်လုပ်အား​ခ ဘတ် ၃၀၀ ရဖို့​ဖြစ်နိုင်​ခြေမရှိဘူး​လို့​ အလုပ်သမား​အခွင့်​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ မြန်မာပြည်သား​များ​အ​ရေး​ ပူး​တွဲလှုပ်ရှား​ရေး​ကော်မတီ ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ဦး​မိုး​ကြိုးက ​ပြောပါတယ်။


“မဲ​ ဆောက်မှာတင် တပ်ခရိုင် ၆ မြို့နယ်မှာ ​နေ့​စား​ခ ၁၆၂ ဘတ် သတ်မှတ်ထား​ တယ်။ တကယ်တမ်း​ရတာက အား​လုံး​ သတ်မှတ်ချက်ထက် ​လျော့​နဲစွာရတာဖြစ်တဲ့​အ တွက် ဘတ် ၃၀၀ ဆိုတာ အလုပ်သမား​တွေအတွက် လုံး​ဝပုံပြင်ပဲ။”


မြန်မာအလုပ်သမား​တွေဟာ လစာပုံမှန်မရတာမျိုး​က​တော့​ ရိုး​နေပြီလို့​လည်း​ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။


ရာဘာလုပ်ငန်း ​တွေများ​တဲ့​ ထိုင်း​တောင်ပိုင်း​ ဖန်ငါခရိုင်က ပညာ​ရေး​နှင့်​ဖွံ့​ဖြိုးတိုး​ တက်​ရေး​ဖောင်​ဒေး​ရှင်း​ တာဝန်ခံ ဦး​ထူး​ချစ်က​တော့​ အနိမ့်​ဆုံး​လစာ ဘတ် ၃၀၀ ဖြစ်နိုင်တယ်လို့​ အကဲဖြတ်ပြီး​ မရရင်လည်း​ အလုပ်သမား​တွေဘက်က အ​ရေး​ဆိုကြဖို့​လို တယ်လို့​ ​ပြောပါတယ်။


ထိုင်း​အစိုး​ရသစ်ဟာ ​ရွေး​ကောက်ပွဲမဲဆွယ်တုန်း​က အနိမ့်​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ ကတိ​ပေး​ခဲ့​ပြီး​ အနိုင်ရခဲ့​ပါတယ်။ ဒီလုပ်အား​ခကိစ္စကို အလတ် စား​နဲ့​အငယ်စား​ လုပ်ငန်း​ရှင်​တွေက အဆက်မပြတ် ကန့်​ကွက်​နေတာ​ကြောင့်​ အနိမ့်​ဆုံး​ လုပ်အား​ခအစား​ အနိမ့်​ဆုံး​ဝင်​ငွေလို့​ပြောင်း​လဲ​ကြေညာထား​ပါတယ်။


အနိမ့် ​ဆုံး​ဝင်​ငွေဆိုတဲ့​သတ်မှတ်ချက်​ကြောင့်​ ဘတ် ၃၀၀ ကို အသား​တင် လုပ်အား​ခအဖြစ် မရ​တော့​ဘဲ အလုပ်ရှင်​တွေ ပံ့​ပိုး​ပေး​ထား​တဲ့​ တခြား​ကိစ္စ​တွေရဲ့​ တန်ဖိုး​ကို ထည့်​ပေါင်း​မှာဖြစ်ပါတယ်။


ထိုင်း​ ဝန်ကြီး​ချုပ်ရင့်​လတ်ရဲ့​ ဇူလိုင် ၁၁ ရက် ​ပြောဆိုချက်အရ ဘတ် ၃၀၀ လုပ်အား​ခမူဝါဒဟာ ထိုင်း​အလုပ်သမား​တွေအတွက်ပဲ အကျိုး​ရှိပြီး​ နိုင်ငံခြား​သား​အလုပ် သမား​တွေ ခံစား​ခွင့်​မရှိတဲ့​သ​ဘော သက်​ရောက်​နေပါတယ်။


ထိုင်း​နိုင်ငံရဲ့​ တည်ဆဲဥပ​ဒေအရ ထိုင်း​အလုပ်သမား​တွေသာမက ​ရွှေ့​ပြောင်း​အ လုပ်သမား​တွေအတွက်ပါ အနိမ့်​ဆုံး​လုပ်အား​ခ သတ်မှတ်ထား​ပြီး​ ခွဲခြား​ခြင်း​မရှိ​စေရလို့​ ပြဋ္ဌာန်း​ထား​ပါတယ်။

Source: DVB 

နေရပ်ပြန်လုပ်သားအချို့ ရွေးယူခံပြီးမှသာ ပြန်ခွင့်ရနေ


ထိုင်းငွေကြေး အကျိုးသက်ရောက်မှုကြောင့် ရွှေ့ပြောင်းလုပ်သား အချို့ နေရပ်ပြန်ကြရာ အကြောင်း အမျိုးမျိုးကြောင့် မြ၀တီသောင်ရင်း မြစ်ကမ်းတွင်ရွေးယူမှု ခံပြီးမှသာ ပြန်လာခွင့်ရနေကြောင်း  မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ ပြန်လည် ရောက်ရှိနေကြသော ရွှေ့ပြောင်းလုပ်သား အချို့ထံမှ သိရှိရသည်။

“စက်ရုံမှာ လခကနည်းသလို အလုပ်ကလည်း ပင်ပန်း၊ ငွေဈေးကလည်း ကျနေတော့ မော်လမြိုင်ပဲ ပြန်ကြရအောင်ဆိုပြီး သူငယ်ချင်းသုံးယောက် စုပြီး တာဝန်ခံကို ပြောပါတယ်။ ကျန်တဲ့လုပ်ခတွေကို ပြန်ဖို့လမ်းစရိတ် ငွေလိုလို့ရှင်းပေးဖို့ပြောပါတယ်။အခု ရှင်းမပေးနိုင်ဘူး။ လကုန်မှ ကြိုယူတာတွေ နှိမ်ပြီးရမယ်လို့ ဆိုပါတယ်၊ စကားအပြန်အလှန် များကြပြီး ထွက်လာခဲ့ကြတယ်။ မကြာပါဘူး။ ဘယ်သူ ဖုန်းဆက်လိုက်လည်း မသိ၊ ထိုင်းရဲတွေလာဖမ်းပါရော၊ ရှိတာတွေသိမ်း၊ တစ်ညသိပ်ပြီး သောင်ရင်းမြစ် ကမ်းမှာလာသွန်ပါတယ်။ သူတို့ တင်ပေးတဲ့ ပဲ့ချိတ်စက်လှေနဲ့ သောင်ရင်း မြစ်ကိုဖြတ်ပြီး မြ၀တီဘက်ဂိတ်ကို ရောက်ပါတယ်။ အဲဒီဂိတ်ဝင်းကနေ အပြင်လည်း ပေးမထွက်ဘူး။ ဘတ်တစ်ထောင်နဲ့ လာရွေးမှ ထွက်ရမယ်ဆိုလို့ မော်လမြိုင်အိမ်ကို ဖုန်းဆက်ရပါတယ်။ အဖေက မြ၀တီ အသိတစ်ယောက်ကို အကူအညီတောင်းပြီး ငွေသုံးသောင်းလာပေးမှ ထွက်ပြီးပြန်လာရတာပါ”ဟု နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားက ဆိုသည်။

“ထိုင်းကနေ ပြန်လာတဲ့သူ သုံးမျိုးလောက် ရှိပါတယ်။ ပထမ တစ်မျိုးက တရားဝင်သွား၊ တရားဝင် ပြန်တာပဲ၊ ဘန်ကောက်နဲ့ မဲဆောက်က ကားခဘတ်ငါးရာပဲ ဆိုတော့ ပြဿနာမရှိပါဘူး။ ဒုတိယ နှစ်မျိုးက တရားမ၀င်သွားတဲ့သူတွေပဲ၊  တရားမ၀င်သွားတဲ့ထဲ နှစ်မျိုးကွဲသွားတယ်။ ငွေစုလို့ရတဲ့ သူတွေက မော်လမြိုင်၊ ရန်ကုန် အရောက် ဘယ်လောက်ဆိုပြီး ကယ်ရီနဲ့ ပြန်သူတွေပဲ။ ကျန်တစ်မျိုးက ငွေစုလို့လည်းမရ၊ စက်ရုံကလည်း ညစ်ပတ်ခံရပြီး ဒုက္ခရောက်သူတွေပါပဲ။ သူတို့က ထိုင်းရဲအဖမ်းခံ၊ ရှိတာလေးတွေ အရှာခံ၊ အသိမ်းခံပြီး၊ နောက်နေ့ သောင်ရင်းမြစ်မှာ လာသွန်တာခံရတာပဲ။ ထိုင်းရဲတွေရဲ့ စားကွက်အတိုင်း ဒီဘက်က ပွဲစားတွေနဲ့ချိတ်ပြီး အရောင်းစားခံရပါတယ်၊၊ လာသွန်တဲ့ သူတွေမှာ မွန်၊ ကရင်၊ ဗမာ၊ ကုလားဆိုပြီး အုပ်စုခွဲ၊ ပဲ့ချိတ်လိုက်တင်ပေးပြီး မြ၀တီဘက် ပို့တာပါပဲ။ မြ၀တီကမ်းဆိုက်တာ နဲ့ ၀င်းခြံတွေထဲမှာ ထားတယ်။ ပြည်မ ကအိမ်တွေကို ဖုန်းဆက်ခိုင်းပြီး လာရွေးခိုင်းတာပါပဲ။ ထွက်ပြေးရင် လ၀ကဥပဒေနဲ့ အရေးယူ ထောင်ချနိုင်တယ်လို့ ခြိမ်းခြောက်ကြတယ်”ဟုလေ့လာသူက ဆိုပါသည်။


Monday 5 September 2011

ထူးအိမ်သင်သို့ အလွမ်းပြေ

အသက်သည်  အိပ်မက်


အိပ်မက်သည်  သူ


သူသည် အသက်ဖြစ်စေ.......။


ဆောင်းနှောင်းလျှင်   နွေဦး၏....


နွေဦး၌   နှင်းကြွင်းသည်.......


နှင်းကြွင်းပြယ်သော်လည်း.....


သစ္စာကြွင်းစေ...............


မြတ်နိုးခြင်းကြွင်းစေ.......။       ။

(ထူးအိမ်သင်)

လုပ်ခ ဘတ် ၃၀၀ ပေးဖို့ ပညာရှင်တွေ သဘောတူ

ထိုင်းတနိုင်ငံလုံး အနိမ့်ဆုံးလုပ်ခိ ဘတ် ၃၀၀ ထိ တိုးမြှင့်ရေးဆိုတဲ့ စိတ်ကူးအယူအဆကို အပြည့်အ၀ထောက်ခံကြောင်း ထိုင်းနိုင်ငံဖွံ့ဖြိုးရေးသုတေသနအဖွဲ့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ပညာရှင်တွေက တနေ့က ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
“လက်ရှိလုပ်ခက ဆင်းရဲမွဲတေမှုကို ဖယ်ရှားပစ်ဖို့ အလုပ်သမားတွေအတွက် မလုံလောက်ဘူး” လို့ ထိုင်းနိုင်ငံဖွံ့ဖြိုးရေး သုတေသနအဖွဲ့ က အလုပ်သမားဖွံ့ဖြိုးရေးသုတေသန တွဲဖက်ပါမောက္ခ ဒေါက်တာ ယောင်ယုသ်ချလမ်ဝေါင်က တနေ့ က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ နေထိုင်မှုစရိတ်က ၃.၂၅%ထိ တက်လာချိန်မှာ နေ့စဉ်အနိမ့်ဆုံး လုပ် ခက ၂.၈၄% ပဲ တိုးပါတယ်။ လို့ ယောင်ယုသ်က ပြောပါတယ်။ ပြီးခဲ့တဲ့၁၀နှစ်အတွင်း ထုတ်ကုန်ဈေးနှုန်းတွေက ၂၈.၂% တိုးလာချိန်မှာ နေ့စဉ်အနိမ့်ဆုံးလုပ်ခက ၂၅.၇% ပဲ တိုးတယ်။ လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အမြဲတန်း အတွင်းရေးမှူး ရုံး၊ အကြံပေး၊ အမ်မောန်ချာဗာလစ်က ထပ်လောင်းပြောဆိုပါတယ်။
“နေ့စဉ်လုပ်ခ ဘတ် ၃၀၀ နဲ့ပတ်သက်လို့ ခင်ဗျားတို့ ဘယ်လိုမြင်သလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုမှာ သူတို့ပြော ဆိုနေကြတာ ဖြစ်ပါတယ်။ နေ့စဉ်လုပ်ခသိသိသာသာ တိုးလိုက်တာကြောင့် အလုပ်ရှင်အများအပြားကို ကမ္ဗောဒီးယား နိုင်ငံလို အိမ်နီးခြင်းတိုင်းပြည်တွေကို သူတို့ကုန်ထုတ်လုပ်ငန်းအခြေစိုက်စခန်းတွေ ပြောင်းရွှေ့ဖို့ တွန်းဆော်တာတွေ ဖြစ် လာနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ကိုယ်စားလှယ် သာဝီးကစ်ခ်ျ ကျတုကျာရန်ခွန်း က  သတိပေးပြောကြား လိုက်ပါတယ်။ “အဲဒီမှာ အလုပ်သမားတွေအတွက် လစဉ်လုပ်ခက ဘတ် ၂၀၀၀ ကျော်ရုံလေးပဲ ရှိတယ်။” လို့ သူကပြော ပါတယ်။

နေ့စဉ်အနိမ့်ဆုံးလုပ်ခကို ရုတ်ချည်း တိုးလိုက်ရင် မှတ်ပုံတင်မထားတဲ့အလုပ်သမားတွေနဲ့ပတ်သက်ပြီး စဉ်းစားပေးဖို့ ဗဟိုလုပ်ခကော်မတီထဲက အလုပ်ရှင်ကိုယ်စားလှယ် ၀မ်လော့ကင်းချာဆင်းက အစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ထုတ်ကုန်ဈေးနှုန်းတွေကလည်း တိုးလာမှာဖြစ်တယ်။ နောက်ပြီး လုပ်ခတိုးရတဲ့ မှတ်ပုံတင်ထားတဲ့အလုပ်သမား ၁၀ သန်း ကျော်ကိုလည်း ဖြေရှင်းရမှာ ဖြစ်တယ်။ ဒီတော့ မှတ်ပုံမတင်ရတဲ့အလုပ်သမားကဏ္ဍအပြင်ဖက်မှာရှိတဲ့ လယ်သ မားတွေလို ၂၄ သန်း လောက်ရှိတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲ” လို့ သူက မေးမြန်းခဲ့ပါတယ်။
စက်တင်ဘာ ၅၊ ၂၀၁၁ (The Nation)
Source: နေ့သစ်

ကွမ်းယာဆိုးကျိုး

အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင် 

ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှု ရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင်  အမျိုးသားများသာမက ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှုရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်အများအပြား စားသုံးပါက ကြီးထွားမှုနှုန်းရပ်တန့် စေနိုင်ကြောင်း သုတေသနပြုချက် များအရ သိရှိရပါသည်။ 
 သုတေသန ပြုချက်များအရ ကွမ်းသီး၌ တိုင်နင်ဟုခေါ်သည့် အဖန် ရည်၊ အဆီ၊ လစ်ဂ်နင်၊ ဖီနောလ် လစ်ပေါ်လီမာနှင့် အယ်လ်ကလွိုက်၊ ခါးသော အော်ဂင်းနစ်ဘေ့စ် ဒြပ်ပေါင်းများပါရှိကာ တိုင်နင်ဓာတ် အဖန်ရည်သည် ချုပ်စေသည့်အရာ ဖြစ်၍ သားရေလုပ်ငန်း၊ အရောင်ဆိုး လုပ်ငန်းများ၌ အသုံးပြုကြကြောင်း၊ တိုင်နင်ဓာတ်သည်နှင်းခူ၊ ယားနာ များကိုပျောက်စေသော်လည်း တိရစ္ဆာန် များတွင် လေ့လာချက်အရကြီးထွားမှုကို ဟန့်တားစေကြောင်း၊ သွေးဖြူဥတစ်မျိုးဖြစ်သည့် ခန္ဓာကိုယ်အတွက် ခုခံအားပေးသော လင်ဖိုဆိုဒ်တိုးပွား မှုကို ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းစေကြောင်း၊ လင်ဖိုဆိုဒ်တိုးပွားမှုကို ဟန့်တားခြင်းသည် ဆဲလ်အသက်နဲ့ ဆဲလ်လုပ်ငန်း၏ အခြေခံအကျဆုံးဖြစ်သော ဒီအင်အေထုတ်လုပ်မှုကို ကမောက်ကမ ဖြစ်စေကြောင်း သိရှိရပါသည်။ 
ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကိုနေ့စဉ် အများအပြားစားသုံးပါက တိုင်နင် ဓာတ်သည်ကြီးထွားမှုကို ရပ်တန့်စေကြောင်း သုတေသနပြုချက်များအရ သိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အေဂျင်စီကကွမ်းသီးသည် ကင်ဆာဖြစ်စေသော အဓိကပစ္စည်းအဖြစ် ဆေးရွက်ကြီးနှင့် အလားတူကြောင်း သတ်မှတ်ထားသည်။ "ကျောင်းနေအရွယ် ကျောင်းသားတွေက ပါးစပ်တွေရဲနေအောင် ကွမ်းစားတာတွေ ရှိပါတယ်။ ကျောင်းသူတွေက ပါးစပ်ရဲလောက်အောင်တော့ စားတာမတွေ့ရပေမယ့် အပျော်သဘောနဲ့ စားလာတာတွေ့ရတယ်။ ကျောင်း ပရ၀ဏ်အတွင်းမှာလည်း ကွမ်းမစားဖို့ဆောင်ရွက်နေပါတယ်"​ဟု အထက်တန်းပြ ဆရာတစ်ဦးက ဆိုသည်။ ကွမ်းယာ ရောင်းချသူတစ်ဦးက "ဆယ်ကျော်သက် မိန်းကလေးတွေပါ ကွမ်းစားတာတွေ့ရတယ်။ နောက်ပြီးအိန္ဒိယက၀င်တဲ့ ကွမ်းယာထုပ်လေး တွေကိုလည်း မိန်းကလေးတွေ အစားများကြတယ်" ဟု ဆိုပါသည်။ ကွမ်းစားခြင်းကြောင့် ပါးစပ်၊ လျှာ၊ အစာမျိုပြွန်၊ လည်မျိုပြွန်ဝ (အသံအိုး)၊ ဆီးအိမ်များတွင် ကင်ဆာဖြစ်စေခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်းနှင့် လေဖြတ်ခြင်းစသည်တို့ ဖြစ်စေတတ် ကြောင်း သိရသည်။ ကွမ်းဖြတ်မည်ဆိုပါက ဆောင်ရွက်ရမည့်အချက်များ- ရေသို့မဟုတ် ဖျော်ရည်များများ သောက်ခြင်း။ (သို့သော် ဂက်စ်ပါသည့် ဖျော်ရည်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာ၊ အရက်မသောက်ရပါ)- ကြာကြာဝါးရသော အစာများဖြင့် အစားထိုးပါ။ ဥပမာ- မြေပဲ၊ ပဲကြီးလှော်၊ နေကြာစေ့၊ ပီကေ များစားသုံးပါ။ (သို့သော် အချိုဓာတ်ပါသော သကြား၊ သကြားလုံး၊ ထန်းလျက်များ ရှောင်ကြဉ်ပါ)- အချို့သည် လျက်စား သို့မဟုတ် လျှာပွတ်ဆေးဖြင့် ဖြတ်နိုင်သည်။NOTE:ABOVE PARAGRAPH IS FROM alqari@todaytimes(copied that site )- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ပေးခြင်း။- ကွမ်းဖြတ်နေစဉ် ကွမ်းစားသောမိတ်ဆွေများနှင့် မတွေ့အောင်ရှောင်ခြင်း။- မျှတသောအစားအစာ စားသုံးခြင်း။- အိပ်ရေး၀၀အိပ်ခြင်း။- စိတ်ဖိစီးမှုမဖြစ်စေရန်နှင့် စိတ်ညစ်စရာများမတွေးရန်။- ခိုင်မာသောဆုံးဖြတ်ချက်နှင့် တကယ်ဖြတ်နိုင်မည့် စိတ်ဓာတ်ရှိရမည်။- ကွမ်းဖြတ်လို၍ အခြားစွဲလန်းစရာတစ်ခုခုဖြင့် အစားထိုးပါက မသင့်လျော်ပါ။စာရေးသူ - သန်းထိုက်(ပြည်သားလေး)
Source: Forward Mail

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်း ခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော် တော်အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွား နိုင်တဲ့အမှုတစ်ခုဖြစ်တဲ့အ တွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။

Source: Forward Mail

နိုင်ငံကူး လက်မှတ်များ စနစ်တကျ ထုတ်ပေးနေသော်လည်း ပွဲစားများ ရှိနေဆဲ


ကိုရီးယားနိုင်ငံသို့ နိုင်ငံတော် အစိုးရ၏ စီစဉ်ပေးမှုဖြင့် ကိုရီးယား ဘာသာစကား သင်တန်းတက်၍ စာမေးပွဲဖြေဆိုကာ သွားရောက် အလုပ် လုပ်ကိုင်ရန် စီစဉ်နေကြသူများ၏ ပြောဆိုချက်အရ နိုင်ငံကူး လက်မှတ်ပွဲစားများ လုပ်စားနေကြဆဲဟု သိရသည်။ ကိုရီးယား ဘာသာစကား သင်တန်းတက်နေသူ တစ်ဦးမှ “ကျွန်တော်တို့ သင်တန်းမှာ နယ်ကလာတဲ့သူတွေ များတယ်။ ကျွန်တော်တို့လည်း မုံရွာဘက်က လာတာပါ။ အခုသင်တန်းထဲမှာ ပြောနေကြတာက Passport စာအုပ်အတွက် အပြီးအစီး၊ လက်မှတ်တောင် ထိုးစရာမလိုဘူး ခုနစ်သောင်းလို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ စာအုပ်ရပြီပြီ။ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ ကျွန်တော် ပုံစံ ၁၇ လုပ်တုန်းကလည်း ပိုက်ဆံမပေးရဘူး။ စာအုပ်ရပြီးတဲ့ အထိ စားစရိတ်၊ ခရီးစရိတ် အပါအဝင် ၄၅၀၀၀ ဝန်းကျင်ပဲ ကုန်တယ်”ဟု ပြောပြခဲ့သည်။

အေဂျင်စီတစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တစ်ယောက်က “၂၀၀၇-၂၀၀၈ လောက်မှာ Passport အတွက် ကျွန်တော်လုပ်ခဲ့တဲ့ ကုမ္ပဏီက တစ်သိန်းယူတယ်။ ကုန်တာက ငါးသောင်းလောက်ပဲ။ အဲဒီအချိန်တုန်းက ပွဲစားတွေ အရမ်းခြေရှုပ်တယ်။ အခုပြည်ထဲရေးရုံးကို ရောက်သွားတော့ ရုံးထဲလဲ ဝင်လို့မရကြဘူး။ တစ်ခါတလေ ပွဲစားတွေကို လိုက်ဖမ်းတယ်”။ “အမှန်တကယ်ကတော့ Passport လျှောက်ထားသူတွေရဲ့ အားနည်းချက်ပါ။ တချို့က မေးရမြန်းရမှာ ကြောက်ကြတယ်။ ရုံးထဲဝင်ရမှာ စကားပြောရမှာ မရဲကြဘူး။ အဲဒီတော့ ပွဲစားလုပ်တဲ့သူတွေက လူကြည့်ပြီး မနူးမနပ်တွေဆိုရင် ရိုက်စား လုပ်သွားတာပေါ့။ အခုက အရင်လို တစ်လလည်း စောင့်စရာမလိုဘူး။ အဲဒါကတောင် ပွဲစားအပ်ပြီး လုပ်နေကြသေးတယ်”ဟု ကိုရီးယား ဘာသာစကား သင်တန်းတက်နေသူမှ ပြောသည်။ ယခုအခါတွင် နိုင်ငံကူး လက်မှတ်များကို စနစ်တကျ ထုတ်ပေးနေရာ တိုင်းရင်းသား၊ ဒေသခံအချို့သည် ပွဲစားအပ်၍ အလိမ်ခံရမှုများ ရှိနေခြင်းသည် Passport လျှောက်ထားသူ ကာယကံရှင်များ၏ အားနည်းချက်သာ ဖြစ်ကြောင်း နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

Source: Forward Mail

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes