Saturday 24 March 2012

အလုပ် လုပ်ကိုင်ခွင့် လက်မှတ်နှင့် ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အလုပ်သမား (၇၆)ဦး နယ်စပ်သို့ ပြန်ပို့ခံရနိုင်

20120322a
Add caption

ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်တွင် ပါရှိသော နေရပ်လိပ်စာနှင့် အလုပ်အကိုင် အမျိုးအစား မတူညီခြင်းကြောင့် ဖမ်းဆီး ချုပ်နှောင် ခံထားရသည့် ရေညှိမုန့် အလုပ်ရုံမှ မြန်မာအလုပ်သမား (၇၆)ယောက်မှာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခံရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ဘူထောင်မြို့ ဘတ်လပ်ယိုင်ကျေးရွှာ  ဘန်ကွေစိုင်နွိုင် ခြံအမှတ် ၄၈/၁၂၄-၁၃၁ရှိ ထောက်ကယ်နွိုင် (Tao Kae Noi) ရေညှိမုန့် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် နေထိုင်  အလုပ်လုပ်ကိုင်ခွင့် လက်မှတ် အပြည့်အစုံရှိသော မြန်မာအလုပ်သမား (၁၀၆)ဦးမှာ လက်မှတ်တွင် ပါရှိသည့် နေရပ်နှင့် အလုပ်အမျိုးအစား ကိုက်ညီမှု မရှိဟု ဆိုကာ ပြီးခဲ့သည့် မတ်လ (၉)ရက်နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထိုအထဲမှ အလုပ်သမားအချို့မှာ နည်အမျိုးမျိုးဖြင့် လွတ်မြောက်သွားခဲ့ကြပြီး ယာယီပတ်စ်ပို့ ရှိသည့် အလုပ်သမား (၆)ဦး အပါအ၀င် အမျိုးသမီး (၂၈)ဦးနှင့် အမျိုးသား (၄၈)ဦးမှာ မလွတ်မြောက်နိုင်ပဲ နွန်ထဘူရီ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရဆဲ ဖြစ်သည်။

အကျဉ်းကျ ခံနေရသည့် အလုပ်သမားများ၏ မိသားစုဝင် တချို့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) အဖွဲ့များသို့ အကူအညီ တောင်းခံခဲ့သည်။

FED၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ဒီလိုအဖြစ်မျိုးက ထိုင်းတစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။ ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတယ်လို့ မြင်တယ်။ ထိုင်းအလုပ်သမား ဥပဒေဟာ အလုပ်သမားကို အကာအကွယ် ပေးခြင်းထက် လုပ်ငန်းရှင်ကိုအကာအကွယ် ပေးထားတာပဲ ဖြစ်တယ်။  

 ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ ပေါ်လစီတွေကို ပြောင်းလဲဖို့ လိုတယ်။ ပြောင်းလဲသွားအောင် မြန်မာ အစိုးရအနေနဲ့ ဖိအားပေးဖို့ လိုပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာလုပ်ကိုင်နေကြသည့် နိုင်ငံတကာနှင့် မြန်မာ အဖွဲ့အစည်းများဖြင့် နီးနီးစပ်စပ် နေထိုင်သင့်ကြောင်း၊ မိမိကိုင်ဆောင်ထားသည့် နေထိုင်ခွင့် စာရွက်စာတမ်း၏ အချက်အလက်များနှင့် ထိုင်းတွင် ပြဌာန်းထားသည့် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဥပဒေများအား လေ့လာထားသင့်ကြောင်း အဖွဲ့အစည်းများမှ ထုတ်ဝေသည့် စာရွက်စာတမ်းမျာအား လေ့လားသင့်ကြောင်း ဦးထူးချစ်က အကြံပြု ပြောဆိုသည်။

ကိုယ်တိုင်သွားရောက် ကူညီပေးသည့် BATအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက “အလုပ်သမားတွေကို အလုပ်ခိုင်းတဲ့ လုပ်ငန်းရှင်ကတော့ ဘာမှမဖြစ်ဘူး။ အလုပ်ရှင် ပြောင်းမထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနော်တို့ မြန်မာ အလုပ်သမားတွေကို ထောင်ချတယ်။ ပြီးတော့ နယ်စပ်ကို ပြန်ပို့မယ်။ အလုပ်သမားတွေမှာ အကုန်ုအကျခံပြီး လုပ်ထားတဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေကို ရုပ်သိမ်းခံရမယ်။ ဆိုတော့ ထိုင်းအလုပ်သမား ဥပဒေက ကျနော်တို့ မြန်မာအလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ ချုပ်ကိုင်ထားတာ ဖြစ်တယ်”ဟု ပြောသည်။

စာရွက်စာတမ်းများ တရားဝင် ပြောင်းရွှေ့ခြင်းမှာ အလုပ်သမားများ ကိုယ်တိုင်လုပ်၍ ရသည့် ကိစ္စ မဟုတ်ကြောင်း၊ တရားဝင် စာရွက်စာတမ်းများ ရုတ်သိမ်းခံပြီးနောက် အလုပ်သမားများမှာ လူပွဲစားများနှင့် နိုင်ငံအတွင်းသို့ ထပ်မံ ၀င်ရောက်လာမည် ဖြစ်သဖြင့် လူကုန်ကူးမှုကို အားပေးရာ ရောက်ကြောင်း၊ ဤအဖြစ်အပျက်များအာ မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့သို့လည်း အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်လက် ပြောဆိုသည်။

Ref: GHR

ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ခိုင်ရေး ခေါင်းဆောင် ဝေဖန်

ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနှင့် လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်(ဓာတ်ပုံ - Eleven Media Group)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းက ၎င်း၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပုတ်ခတ်ပြောဆိုမှုများ လုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တရုတ်ယူနန်ဘုံကျောင်း တခုတွင် ယခုလ ၁၈ ရက်နေ့က ဒေသခံများကို မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာကို အားကိုးပြီး အမျိုးကို စောင့်ထိန်းခြင်းမရှိသူဟု ဦးအောင်သောင်း က စွပ်စွဲပြောဆိုခဲ့ကြောင်း ဒီမိုကရက်တစ်မြန်မာ့ အသံ(DVB) က ထုတ်လွှင့်သော ရုပ်သံအစီအစဉ်၌ တွေ့ရသည်။

“၉၀ ခုနှစ်က ပါတီတွေရဲ့ အခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်။ ဟိုအားကိုး၊ ဒီအားကိုးနဲ့ အမျိုးကို ပစ်ထားတဲ့။ အမျိုးကို စောင့်ထိန်းခြင်းမရှိတဲ့ အပြုအမူတွေ၊ ဆောင်ရွက်ချက်တွေ အများကြီးရှိခဲ့တယ်”ဟု ဦးအောင်သောင်း က ဒေသခံတွေကို ပြောဆိုခဲ့သည်။

ထို့အတူ လွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီကသာ အင်အားအကြီးဆုံးဖြစ်ခြင်းကြောင့် ဥပဒေကို စိတ်ကြိုက်ပြင်ဆင် နိုင်ကြောင်း တက် ရောက်လာသည့် ဒေသခံ ၈၀၀ ခန့်ကို ပြောဆိုခဲ့သည်။ ဦးအောင်သောင်း၏ မဲဆွယ်ပွဲကို ပြင်ဦးလွင်မြို့ပေါ်ရှိ ဒိုးပင်၊ ဖောင်းတော ရပ်ကွက်များမှ တရုတ်လူမျိုး အများစု တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးအောင်သောင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် အဖွဲ့တွင်ခေါင်းဆောင်တဦး အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော် မဲဆန္ဒနယ်များတွင် ရာနှုန်းပြည့် အနိုင်ရရှိမည်ဟု ယုံကြည်ထား သကဲ့သို့ အခြားလစ်လပ် မဲဆန္ဒနယ်မြေအားလုံးနီးပါးတွင်လည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြည်တွင်းဂျာနယ် တချို့ကိုလည်း ဦးအောင်သောင်း က ပြောဆိုထားသည်။

၎င်းသည် မကြာသေးမီက ရန်ကုန်အခြေစိုက် လျှပ်တပြက်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင်လည်း
 ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တွင် ဒေသခံများ တခဲနက်ကြိုဆိုနေခြင်းများနှင့်ပတ်သက်၍
 ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

“အရှေ့ အလယ်ပိုင်း ပုံသဏ္ဌာန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ်ဆိုတဲ့ ပုံပန်းကို သူက ပြနေတာ ဒါက တော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံ၊ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူ့ကိုမဲပေးမယ်လို့ ပြောလို့မရပါဘူး”ဟု လျှပ် တပြက် ဂျာနယ်တွင် ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုနေသော် လည်း ယင်းခရီးစဉ်များတွင်ပင် တရားဥပဒေကို လိုက်နာမှုရှိမရှိ ဆန်းစစ်ရန်လိုအပ်ကြောင်း ဦးအောင်သောင်းက ပြောသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောရာတွင် ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်မှုနှင့်ပတ်သက်၍မည်သည့်ကတိမှမပေးနိုင်သေးကြောင်း ပြောဆိုခြင်းများသည်၊
 ရှေ့တွင် ပြည်သူ့အကျိုးကို လုပ်ဆောင်နေသူများအား သရော်သည့် သဘောမျိုး သက်ရောက်သည်ဟု ဦးအောင်သောင်းက မှတ်ချက်ပြု ပြောဆိုသည်။

“တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့ သူတွေကို သရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့ သူတွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့သဘောလည်း ဆောင်တယ်။ တကယ်တမ်းကတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့”ဟု ဦးအောင်သောင်း က ဖြေဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ခိုင်ရေးခေါင်းဆောင်တဦးက ယင်းသို့ ဝေဖန်ပြောဆိုမှုများရှိနေသကဲသို့ NLD ပါဝင်သော မဲဆန္ဒနယ် တချို့တွင် လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းများ၊ ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုက်ခိုက်သော ဗီစီဒီနှင့် စာရွက်စာတမ်းဖြန့်ဝေမှုများလည်း ရှိနေသည်။

မကြာခင်ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးနှင့် ဒလ ဖြတ်သန်းသည့် ကားလမ်းတွင် ကော့မှူး ဒေသခံများ အလုပ် လက်မဲ့ ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိသွားလျှင် နိုင်ငံခြားတိုင်းပြည်များက ဝင်ရောက်ချယ်လှယ်မှုတွေ ရှိလာနိုင်ကြောင်း ပုတ်ခတ်ရေးသားသည့် စာများလျှို့ ဝှက်ဖြန့်ဝေမှုများ ရှိနေသည်ဟု ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးသို့ မဲဆွယ်စည်းရုံးရေး ခရီး သွားရောက်ခဲ့သေးသည်။

အလားတူ လှည်းကူးမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်သည့် မေးခွန်းများ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ် သော ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် အကြောင်းအရာများ ပါဝင်သည့် စီဒီခွေများအားလျှို့ဝှက်ဖြန့်ဝေသူ တချို့ရှိနေသကဲ့သို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် တချို့မဲဆွယ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် မဲဆွယ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မသမမှုများ များပြားနေခြင်းကြောင့်၊ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကော်မရှင် နှင့် အစိုးရတို့အနေဖြင့် တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က RFA မြန်မာပိုင်း၌ အပတ်စဉ်ထုတ်လွှင့်လျက်ရှိသော ဒီမိုကရေစီနှင့် ခရီးကြမ်း အစီအစဉ်တွင် ထည့်သွင်းပြောဆိုသွားသည်။

“မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလား မသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ်ဆိုပေမယ့် သူပစ်လိုက်တဲ့ဟာက သစ်သား အချွန်လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေးတယောက်ကို ထိသွားတယ်။ အဲဒါတွေက တော့ နည်းနည်း လွန်လာပြီလေ။ ပုပ္ပသီရိနဲ့ ဒက္ခိဏ သီရိ ထင်တယ်။ အဲဒီ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ်ဆိုတာဟာ အင်မတန်မှ အကျည်းတန်တယ်”ဟု ပြောဆိုထားသည်။

လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ နှင့် NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
Ref: ဧရာဝတီ

Friday 23 March 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ

မြန်မာ အာဏာပိုင်များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအတွက် ကာရံထားသည့် နယ်စပ် ခြံစည်းရိုး ဘတ်ဝါယာ (သံဆူးကြိုး) များမှာ မသမာသူများ၏ ဖြတ်တောက် ခိုးယူခံရပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Star)

“ကောက်စ် ဘဇားမြို့အတွင်းမှာ သံဖြူ၊ ဘိလပ်မြေ တချို့အရောင်းဆိုင်တွေမှာ ရခိုင်ပြည် ခြံစည်းရိုးတွေ ချရောင်းနေတာ မျက်မြင် ကို တွေ့နေရပါတယ်”ဟု ကောက်စ် ဘဇားမြို့ ဘာဇာဂါးဒါရှိ အရောင်းဆိုင်တဆိုင်မှ အကြီးအကဲဖြစ်သူ ဖော်ရိဒ် အာလောင်မ်က ပြောပြသည်။

ယင်း ခြံစည်းရိုးကာသည့် သံဆူးကြိုးများသည် မိုးရေထိခံရန် ဆီလူးထားသော သံဆူးကြိုးများ ဖြစ်၍ သံချေး လွယ်ကူစွာ မတက်ကြောင်း၊ သံဆူးကြိုး တကိုက်လျှင် ၇၈ တာကာဖြင့် ပြန်လည်ရောင်းချနေသော်လည်း ၀ယ်ဈေးမှာ ၃၀ – ၃၅ တာကာ သာရှိကြောင်း လည်း ၎င်းက ပြောသည်။ လက်ရှိ တာကာ ၁၀၀ လျှင် မြန်မာငွေ ၉၃၀ ကျပ်ခန့် ငွေလဲနှုန်း ရှိသည်။

“သူခိုးတွေဆီက ၀ယ်ဈေးတော့ ပုံမှန်မရှိပါဘူး၊ မျက်နှာအခြေအနေကိုကြည့်ပြီး တာကာ ၃၀-၃၅ ပေါ့ဗျာ၊ တခါတလေဆို စုဆောင်းပြီး ကားပေါ်တင် အဆက်အသွယ်ဖြင့် လာရောင်းကြတာပါ”ဟု ဖော်ရိဒ် အာလောင်မ်က ဆက်ပြောသည်။

အဆိုပါ ခြံစည်းရိုးကို၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် အမှတ်(၁)မှ စတင်၍ စနစ်တကျကာရံခြင်း ဖြစ်သော်လည်း သူခိုးများလက်တွင် အလွယ်တကူ အခိုးခံရခြင်းဖြစ်ကြောင်း တောင်ပြိုရွာမှ ကျောင်းဆရာတဦးကလည်း ပြော သည်။

“ခြံစည်းရိုးကာရံဖို့ တိုင်စိုက်တာက ခွင်ခြေထောက်ပုံစံ သုံးခွဖြစ်ပါတယ်၊ ပြီးမှ အာမခံဖြစ်အောင် အလယ်ကနေပြီး ဘားဝါယာ (သံဆူးကြိုး) ကို စနစ်တကျထားပြီး ကာရံတာဖြစ်ပါတယ်၊ ဒါပေမယ့် သူခိုးတွေရဲ့ လုံခြုံရေးကို မခံနိုင်ဘူးဆိုတာ သက်သေပြတာပါ၊ နစက (နယ်စပ်ဒေသ ကွပ်ကဲရေးဌာချုပ်)တွေက ခြံစည်းရိုးကို စောင့်တာမှ မဟုတ်တာ၊ ခြံစည်းရိုးက နစက တွေကိုစောင့်တော့ နစက တွေ အခိုးမခံရတာတောင် ကံကောင်းတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

နယ်စပ်လုံခြုံရေးအတွက် ကာရံနေသည့် ယင်းခြံစည်းရိုးမှာ ပြီးလုနီပါးဖြစ်နေကြောင်း၊ အိန္ဒိယနယ်စပ် တြိဂံ နယ်မြေအထိ ကာရံမည်ဖြစ်ကြောင်းနှင့် ကီလိုမီတာ ၃၀၀ ၀န်းကျင်အထိ အရှည်ရှိမည်ဖြစ်ကြောင်း နစက နှင့် နီးစပ်သူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည် ရေပြင်နှင့် မြေပြင်ပိုင်နက်များတွင် အခါအားလျော်စွာ ငါး၊ သစ်၊ ၀ါး၊ အုပ်ချပ် နှင့် တခြားသယံဇာတများကို မကြာခဏ ခိုးယူမှုများ ပြုလုပ်နေကြောင်း နစက သတင်းများအရ သိရသည်။

နစက များအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လာဘ်ငွေယူ၍ ရခိုင်ပြည်နယ်အတွင်း ၀င်ခွင့်ပေးခြင်းများလည်းရှိကြောင်း သတင်းများက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ယခု ကာရံနေသည့် ခြံစည်းရိုးသည် တချို့နေရာများတွင် ၎င်းတို့ဘက်သို့ ပိုက်နက်ကျူးကျော်ကာရံနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က စတင်၍ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုအငြင်းပွားမှုကို၂၀၀၉ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်တင်ပြခဲ့ရာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တရားရုံး ဆုံးဖြတ်ချက် ချခဲ့သည်။
ITLOS တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရေမိုင် ၂၀၀ ရရှိသွားပြီး စီးပွားရေးဇုန် အဖြစ် သတ်မှတ်ပိုင်ခွင့် လည်း ရရှိခဲ့သည်။

Ref: ဧရာဝတီ

၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ

မတ်လ ၂၃ ရက်နေ့ ၂၀၁၂

အခုနေပြည်တော်မှာ ကျပ်၂သိန်းတန်ဖုန်းတွေချပေးနေပါပြီ။ ဦးစီးဌာနတွေအနေနဲ့ ဝန်ထမ်းအရေအတွက် ရှိသလောက် အဲဒီ၂သိန်းတန်ဖုံးကို ဝယ်ယူရမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ မြန်မာ့ဆက်သွယ်ရေးက အတင်းအကြပ်လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ဌာနက ဝန်ထမ်းတွေဆီကငွေကောက်ပြီး ဖုန်းဖိုး သွားသွင်းတဲ့အခါ လူ ၈၀ လောက်ပဲ ဖုန်းယူတယ်ဆိုရင် မရဘူး လူ ၁၀၀ စာစလုံးယူရမယ်။ ခင်ဗျားတို့ဌာနက လူစာရင်းကို သမ္မတရုံးကိုပို့ထားတယ်။ လူ ၁၀၀ စာမပြည့်ရင် မရဘူးအရေးယူခံရမယ်စသည်ဖြင့်ပြောပါတယ်။

 အဲဒါကြောင့် ဦးစီးဌာနတွေအနေနဲ့ မိမိတို့ဌာနရန်ပုံငွေထဲကငွေစိုက်ပြီး ဆက်သွယ်ရေးက ဖုန်းကိုဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေဆီက လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက် နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

 တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ချေဝန်ထမ်းတွေအတွက် တယ်လီဖုန်းတစ်လုံး ၂ သိန်းဆိုတာများနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့ အရာရှိတွေကလည်း ဖုန်းမယူချင်ကြပါဘူး။  အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက်အမြတ်နဲ့ရောင်းရတုန်းက ဝန်ထမ်းအငယ်တွေကို လှည့်တောင်မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်းတွေကို အတင်းယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ပေါင်းပြီးလုပ်တယ်ဆိုတာထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ရေးလိုက်တာပါ အများသိအောင်ကြေငြာပေးပါပါ။ အဲဒီတော့မှ သူတို့မတရား လုပ်နေတာတွေရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံကိုညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူဖတ်လို့ကောင်းအောင်ကြိုက်သလိုစာကို ပြင်ဆင်ပြီးတင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်း လို့စာရေးလိုက်တာပါ။ လူဖတ်လို့ကောင်အောင်စာမရေးတတ်ပါဘူး။

နေပြည်တော်မှဝန်ထမ်းတဦး

Myanmar News Now မှ ပေးစာကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။ 
Ref: MNN

မြန်မာ့သယံဇာတ ကျိန်စာသင့်မှု အဆုံးသတ်ရန် AOW ပြော

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေ သော်လည်း ပြည်သူအများစု အကျိုးခံစားခွင့် မရရှိသော ကျိန်စာသင့်နေမှုကို အမြန်ဆုံး အဆုံးသတ်ရန်ရခိုင့်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch – AOW) က တိုက်တွန်းပြောဆိုလိုက်သည်။
“မြန်မာ့သယံဇာတ ကျိန်စာ”

စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ သော်လည်း ပြည်တွင်းထွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရောင်းချ၍ရသော ဘဏ္ဍာငွေစာရင်းကို အများပြည်သူ သိသာထင်ရှားစေရန် ထုတ်ပြန်ပေးခြင်း မရှိသကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်လည်း ဆောင်ရွက်ခြင်းမရှိဟု AOW က ယနေ့ထုတ်ပြန်သော “မြန်မာ့သယံဇာတ ကျိန်စာ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတည်းက ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ဘယ်မှာထားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာ မရှိဘူး။ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အချိန်မှာလည်း အခြေအနေက အဲဒီအတိုင်းပဲ၊ ပြောင်းလဲမှု မရှိဘူး။ ဒါကြောင့် ပြည်သူတွေ ဒီကျိန်စာသင့်ခံနေမှုက အဆုံးသတ်ဖို့ လိုနေပါပြီ” ဟု AOW အဖွဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က ပြောသည်။
AOW ၏ လေ့လာပြုစုထားချက်များအရ မြန်မာအစိုးရသည် ၁၉၉၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်ထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် သဘာဝသတ္တုနှင့် ကျောက်မျက်ရတနာများ ရောင်းချမှုမှရရှိသော ဘဏ္ဍာငွေများကို ရှင်းလင်းထုတ်ပြန် ပေးခြင်းမရှိဟု သိရသည်။

သယံဇာတ တူးဖော်ရေး စီမံကိန်းလုပ်ငန်းများမှ အစိုးရ ငွေစာရင်းများထဲသို့ စီးဆင်းသွားသော ဘဏ္ဍာရေးငွေကြေးများကို ပိုမိုကောင်းမွန်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများဖြင့် လုပ်ဆောင်ကြရန်၊ လူထုဖွံ့ဖြိုးရေး အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုရန် AOW အစီရင်ခံစာက မြန်မာအစိုးရကို တိုက်တွန်းထားသည်။

“နောင်နှစ်ကနေစပြီးတော့ ဝင်ငွေတွေ ပိုပြီးတော့ရလာမယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေ ပိုပြီးတော့ တိုးလာမယ်။ အဲဒါတွေ ဝင်မလာခင်မှာ မြန်မာအစိုးရအနေနဲ့ လုပ်သင့်တဲ့ဟာတွေကို ကျနော်တို့က အကြံပြု တိုက်တွန်းတာဖြစ်တယ်” ဟု ကိုကျော်ခိုင်က ပြောသည်။

စီမံကိန်းများပြုလုပ်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ တရားဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတကာမှ ကျင့်သုံးနေသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ခန့်မှန်းတွက်ချက်ခြင်းကို ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ စွမ်းအင်၊ ဓာတ်သတ္ထု တူးဖော်ရေးနှင့် မြေယာကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု စံသတ်မှတ်ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပေါလ်စိန်ထွားက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံ့ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်လာရန် လုပ်ဆောင်မှုများ ရှိနေသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ငွေကြေးကို ထုတ်ဖော်ရှင်းလင်းမှု မရှိသကဲ့သို့ ဒေါ်လာသန်းချီတန်သော စာချုပ်ပေါင်း ၄၀ ကျော်ကို ထိန်ချန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ထုတ်ထားသည်။

မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ၂၀၀၆ ခုနှစ်မှ စတင်ကာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် နှစ်စဉ်ရရှိနေသော်လည်း ငွေလဲလှယ်နှုန်း တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်းဖြင့် တွက်ချက်ဖော်ပြထားကြောင်း၊ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ ကျပ်နှုန်းအကြား ရှိသည့်အတွက် စာရင်းမဝင်သော ငွေမှာ ဘီလျံနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အသစ်ရှာဖွေတွေ့ရှိထားသော ဓာတ်ငွေ့များကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ၂၀၁၃ ခုနှစ်ကာလများမှ စတင်ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ရာ ယခုရရှိနေသည့် ဝင်ငွေပမာဏထက် ၆၀ ရာခိုင်နှုန်း မြင့်တက်သွားဦးမည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနကလည်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်ရှာဖွေရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ကမ်းလွန်လုပ်ကွက် ၂၅ ကွက်အတွက် ရင်းနှီးမြုပ်နှံရေး လတ်တလော ဖိတ်ခေါ်ထားကြောင်း၊ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက်လည်း တရုတ်နှင့်ထိုင်းတို့ ပါဝင်သော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၈ ခုကိုလည်း စိစစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီက စုံစမ်းသိရှိရသည်။

မြေပေါ်မြေအောက် သယံဇာတများမှ ဝင်ငွေများ ရရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှု ၅ နှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂၃ဝဝ ကျော်ရှိခဲ့သဖြင့် ဝန်ကြီးဌာန ၉ ခုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်များအား ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်ခဲ့သည်။

အစိုးရသည် လူထုအကျိုးပြု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ဘဏ္ဍာငွေအသုံးပြုမှု နည်းပါးပြီး ဒေသတွင်း အကြီးဆုံး စစ်တပ်အင်အားအဖြစ် ခန့်မှန်းခြေ ၄၉၂၀၀၀ ကျော် တိုးချဲ့ကာ စစ်အသုံးစရိတ်ကို အများဆုံး အသုံးပြုခဲ့ကြောင်း၊ ထိုအတွက် စစ်လက်နက်များကိုလည်း တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ ယူကရိန်းနှင့် အစ္စရေးတို့ထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို အသုံးပြုကာ ဝယ်ယူအသုံးပြုခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

AOW သည် သီးခြားလွတ်လပ်သည့် အဖွဲ့ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။

AOW အဖွဲ့သည် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့ (Oil Watch Southeast Asia) နှင့်လည်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းလုပ်ဆောင်နေသည်။
Ref: ဧရာဝတီ

Thursday 22 March 2012

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး မန္တလေး သံဃာများ တောင်းဆို

နိုင်ငံတ၀န်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ နေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဆရာတော် ၀ီရသူဦးဆောင်သည့် မန္တလေး သံဃာတော်များက တောင်းဆိုလိုက်သည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ယနေ့ ၀တ်ပြုဆုတောင်းနေသော မန္တလေး သံဃာတော်များ (ဓာတ်ပုံ - ရဲရင့်ကျော် facebook မှ)

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝီရသူနှင့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒေသခံ ၅၀၀ ကျော်တို့က ယနေ့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှု ပြုလုပ်၍ တောင်းဆိုခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဟာ ပြည်သူအတွက် အရေးကြီးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာလည်း အရေးကြီးတယ်။ အပြစ်မဲ့သူတွေကို ချုပ်မထားစေချင်ဘူး၊ အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုပါတယ်”ဟု ဦးဝီရသူက မိန့်ကြားသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဒေသခံများက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုစာများကိုလည်း ဗီနိုင်းလ် ကားချပ်များပေါ်တွင် ရေးသားထားကြောင်း သိရသည်။
ဝတ်ပြုဆုတောင်းပွဲကို ဘုရားကြီး သြ၀ါဒါ ဆရာတော်များနှင့် တိုင်း သံဃမဟာနာယက ဆရာတော်များက ခွင့်ပြုခြင်းမရှိသည့်ကြား မှ ပြုလုပ်ခဲ့သည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များအတွက်လည်း ပြင်ဆင်ထားကြောင်း ဦးဝီရသူက မိန့်သည်။

“ဆူပူမှာကြောက်တယ်ဆိုပြီး ခွင့်မပြုတာ။ အခု အေးအေးဆေးဆေး ပြီးသွားတယ်။ အရေးယူဖို့ များပါတယ်။ ဦးဂမ္ဘီရ လို ခေါ်ပြီး သတိပေးမလား၊ တရားဟောခွင့်ပိတ်မလား၊ ပြန်ဖမ်းမလား တခုခုပေါ့။ အမြဲတော့ အသင့်ပြင်ထားပါတယ်”ဟု ၎င်းက မိန့်ဆိုသည်။

ဦးဝီရသူသည်ယခုနှစ်ဆန်းပိုင်းက မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ထောင်တွင်းကျန်နေရစ်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြုမှုများ၊ ၀တ်ပြုဆုတောင်းမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော အကျဉ်းကျ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်း သား များစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့၍ ၄င်းတို့ကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း ရေးသားထားသည်။
ဦးဝီရသူက“ထောင်ဆိုတာ သူတော်ကောင်းတွေ တနေ့တရက် တမနက် တစက္ကန့်မှ နေအပ်တဲ့နေရာမဟုတ်ဘူး။ ဒါပေမယ့် ရာနဲ့ချီတဲ့ သူတော်ကောင်းတွေ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတယ်။ သူတို့ကို လွှတ်ပေးတဲ့အထိ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြုတာ တွေတော့ ဆက်လုပ်နေမှာပဲ။ မလွှတ်ပေးနိုင်ရင် ၀ီရသူကို ပြန်ဖမ်းပါ၊ သူတို့နဲ့အတူ နေပါရစေ။ ပြန်ဖမ်းရင်လိုက်မယ်”ဟု မိန့်သည်။

ဆရာတော် ဦးဝီရသူသည် ၂၀၀၃ ခုနှစ် ကျောက်ဆည်၌ဖြစ်ပွားသော အဓိကရုဏ်းအပြီးတွင် ထိန်းသိမ်းခံခဲ့ရပြီး မန္တလေး အိုးဘို ထောင်၌ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသည်။ ထို့နောက် ထောင်တွင်းသတင်းများ ပေါက်ကြားစေသည်ဟုဆိုကာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ခံခဲ့ရသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆရာတော်ဝီရသူ အပါအ၀င် သံဃာတော်တချို့နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်လာသော်လည်း အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်း၊ ထိုအကျဉ်းသားများ ထဲမှ စိစစ်အတည်ပြုပြီးသူ ၄၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းတရပ်က ဖော်ပြသည်။

ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အဆိုအရ AAPP ၏ စာရင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာရင်းများမှ စုစည်းစိစစ် အတည်ပြုပြီးသည့် ကြွင်းကျန် နိုင်ငံရေးအကျဉ်းသား ၆၁၉ ဦး ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ (ဓါတ်ပုံ-Google Images)
"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့် ကမ္ဘာသို့အသိ ပေးနိုင်မှာဖြစ်သလို နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်ကိုလည်း တိုးချဲ့ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုပါ တယ်"ဟု ၎င်းနေ့အစည်းအဝေး၌ ပြည် ထောင်စု လွှတ်တော်နာယက ဦးခင် အောင်မြင့်က ပြောကြားအပြီး လွှတ် တော်၏ ဆန္ဒသဘောထားကို မေးမြန်း ကာ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း တွေ့ရသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေ စိုက်သော နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (IPU) ၏ အတွင်းရေးမှူးချုပ်ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

နိုင်ငံတကာလွှတ်တော်များနှင့် ထိ တွေ့ဆက်ဆံမှုများ ပိုမိုတွင်ကျယ်လာ ပြီဖြစ်ရာ ပြည်ထောင်စုလွှတ်တော် နာယကသည် ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခေါင်းဆောင် များနှင့်ပါလီမန်အမတ်များ ညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။

မြန်မာ့တိုင်းမ် 
Ref: MNN

ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ရုပ်သိမ်း

ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဥပဒေအမှတ် ၃/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် ၁/၂၀၁၀  ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယခု ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၏ ပုဒ်မ ၂၀ တွင် 'ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/ ၂၀၁၀) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်'ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အလိုအလျှောက် ရုပ်သိမ်းပြီးဖြစ်သွားသည်ကို တွေ့ရသည်။သို့သော်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဤဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည် ဟုလည်း ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ  ၁၉ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ယခုဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်အချို့နှင့် ကွဲလွဲမှုရှိသွားသည်ကို တွေ့ရပြီး ယင်းကွဲလွဲချက်များထဲတွင် ကော်မရှင်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် အရည်အချင်းဆိုင်ရာ ပြဋ္ဌာန်း ချက်များ ကွဲလွဲနေသည်ကို တွေ့ရသည်။ 

ယခုပြဋ္ဌာန်းသည့် ဥပဒေပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားသည့် ကော်မရှင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်သည်ဟူသော အချက်မှာ ယခင်ဥပဒေတွင် မပါဝင်သည်ကို တွေ့ရပါသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင် ဥပဒေတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အရည်အချင်းများကို ပြဋ္ဌာန်းထားသည်မှာ ပုဒ်မ ၄ (က) အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။ (ခ) ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်။ (ဂ) သိက္ခာ သမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။ (ဃ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်။ (င) နိုင်ငံရေး ပါတီဝင် မဟုတ်သူ ဖြစ်ရမည်။ (စ) လစာ၊ စရိတ်ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူဖြစ်ရမည်ဟူ၍ ပြဋ္ဌာန်း ထားပါသည်။

ယခု ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အရည်အချင်းဆိုင်ရာများကို ပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားရာ (က) အသက် ၅၀ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။ (ခ) အသက်ကန့်သတ်ချက်မှအပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။
(ဂ) (၁) ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဖြစ်စေ၊ အလားတူ ရာထူးတာဝန်တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်၊ (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်၊ (၃) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်၊ (၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆ သူဖြစ်ရမည်၊ (ဃ) သိက္ခာ သမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။ (င) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူဖြစ်ရမည်။ 

(စ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်။ (ဆ) နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။ (ဇ) လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည်။ (ဈ) လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် ယခုပြဋ္ဌာန်းသည့် ဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားသည့် ကော်မရှင်၏ ရာထူးသက်တမ်း သည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည် ဟူသော အချက်မှာ ယခင်ဥပဒေတွင် မပါဝင်သည်ကို တွေ့ရပါသည်။

ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ယခုဥပဒေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၈ ပုဒ် မခွဲ (က) နှင့် ပုဒ်မ ၄၀၃ တို့နှင့်အညီဖြစ်ကြောင်းလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
Ref: EMG

မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေကို ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့် အညီ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်နှင့် သုံးစွဲခွင့်ရရှိမည်

မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေအရအဆိုပါ ဥပဒေနှင့် သက်ဆိုင်သူများသည် နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်နှင့် သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြချက်များနှင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

“ဥပဒေအရနိုင်ငံခြားငွေ သုံးစွဲရာမှာ နိုင်ငံတော်အတွင်း ဆောင်ရွက်မှုဆိုရင် တရားဝင် ငွေပေးချေမှုဖြစ်ဖို့ အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ သက်ဆိုင်ရာ နိုင်ငံခြားငွေကို ဗဟိုဘဏ်မှာဖြစ် ဖြစ်၊လုပ်ငန်းလိုင်စင်ရရှိသူတွေမှာ ဖြစ်ဖြစ် မြန်မာကျပ်ငွေနဲ့လဲလှယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေ နဲ့သက်ဆိုင်သူတွေ အနေနဲ့ ပြည်ပကို ထွက်ခွာတာဖြစ်ဖြစ်၊ ပြည်ပကနေ ပြည်တွင်း ၀င်လာတာဖြစ်ဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြား သုံးငွေပမာဏအထိ ယူဆောင်ခွင့်ရှိပြီး ပိုယူချင်ရင် သတ်မှတ်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ရမှာပါ။ သက်ဆိုင်သူတိုင်း ဗဟိုဘဏ်ရဲ့သတ်မှတ်မှုနဲ့ အညီ ပြည်တွင်း ပြည်ပဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်နဲ့ ငွေစာရင်းဖွင့်လှစ်သူတွေ အနေနဲ့  မိမိပိုင် နိုင်ငံခြားငွေကို အခွန်ဆောင်ပြီးတာနဲ့ လွတ်လပ်စွာ သုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်”ဟု ဘဏ်လုပ်ငန်းနှင့် ငွေရေး ကြေးရေး ပညာရှင်တစ်ဦးက ပြောကြားပါသည်။

အဆိုပါဥပဒေကြမ်းနှင့်သက်ဆိုင်သူများမှာ နိုင်ငံတော်တွင် နေထိုင်သူများနှင့် နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသူများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောဌာန၊ အဖွဲ့အစည်းများ၊ နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသော်လည်း နိုင်ငံတော် အတွင်း နိုင်ငံခြားသုံးငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို တရားဝင် လုပ်ကိုင်ဆောင်ရွက်သော နိုင်ငံခြားသားများနှင့် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြစ်သည်။

“နိုင်ငံခြားသုံးငွေဆိုတာမှာ နိုင်ငံခြားသုံး ငွေဒင်္ဂါး၊ ငွေစက္ကူ၊ နိုင်ငံတကာ အစိုးရ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ နိုင်ငံခြားရှိဘဏ် တွေ၊ ငွေတိုက်တွေနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ်တွေမှာ ထားရှိသော အပ်ငွေတွေ၊ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အစိုးရငွေရေးကြေးရေး  အဖွဲ့အစည်းတွေက ထုတ်ဝေထားတဲ့၊ အာမခံထားတဲ့ နိုင်ငံခြားငွေဖြင့် ဖော်ပြထားတဲ့ ငွေချေးသက်သေခံ လက်မှတ်တွေနဲ့ စာချုပ်စာတမ်းတွေ၊ တစ် နိုင်ငံမှ် တစ်နိုင်ငံကို ငွေလွှဲပြောင်းရာ မှာ သုံးတဲ့စာချုပ်စာတမ်းတွေ ပါဝင်ပါတယ်”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်တစ်ဦး က ဆိုပါသည်။

အဆိုပါ ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးပါက နိုင်ငံခြားသုံးငွေဆိုင်ရာ လုပ်ငန်းများကို ဗဟိုဘဏ်က အဓိက တာဝန်ယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းမူဝါဒကို အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံခြားသုံးငွေဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ ဥပဒေနှင့် သက်ဆိုင်သူများ သုံးစွဲခွင့် ပြုနိုင်သော နိုင်ငံခြားသုံးငွေပမာဏ ကိုသတ်မှတ်ခြင်း၊ နိုင်ငံခြားသုံးငွေများနှင့် စပ်လျဉ်း၍ ငွေလဲလှယ်နှုန်း အားသတ်မှတ်ခြင်း အပါအ၀င် ဥပဒေအရတရားစွဲဆိုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းလုပ်ငန်းများ ပါဝင်သည်။

အဆိုပါဥပဒေကြမ်းနှင့် သက်ဆိုင်သူများဖြစ်သော နိုင်ငံတော်တွင် နေထိုင်သူများမှာ သံရုံးဝန်ထမ်းနှင့် နိုင်ငံခြားအရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများမှအပ မည်သည့် နိုင်ငံသားမဆို နိုင်ငံတော်တွင် ၄င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများရှိပြီး နိုင်ငံတော်တွင် ရက်ပေါင်း ၁၈၃ရက်ထက်ပို၍နေထိုင်သူများ၊ နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ နိုင်ငံတော်တွင် တရားဝင် ဖွဲ့စည်းထားသော ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ရုံးများနှင့် ယင်းတို့၏ ရုံးခွဲများ၊ နိုင်ငံခြားတိုင်းပြည်က နိုင်ငံတော်တွင် တာဝန်ပေး ခန့်အပ်ထားသော ၀န်ထမ်းများဖြစ်ပြီး နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသူဆိုသည်မှာ အထက် ဖော်ပြပါ ပြဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်း မရှိသူများကို ဆိုလိုကြောင်း ဥပဒေကြမ်းအရ သိရပါသည်။ 

ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် က သဘောတူညီပါက အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ပြီး ၁၉၄၇ခုနှစ်က ပြဋ္ဌာန်းခဲ့သော The Foreign Exchange Regulation Art ကို ရုပ်သိမ်းသွားမည် ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့တွင် ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းခြင်း လုပ်ငန်း နှင့် နှုန်းရှင်ထားရှိမည်ဟု ထုတ်ပြန်ထားသည်။

Ref: EMG

ထိုင်း ထိပ်တန်း အထည်ချုပ်စက်ရုံများ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံရန် ပြင်ဆင်နေ


4515


၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ ထိပ်တန်း အထည်ချုပ် စက်ရုံများသည် ၎င်းတို့ ၏လုပ်ငန်းများကို မြန်မာနိုင်ငံ အတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်မည်ဖြစ်ရာ ပြည်တွင်းရှိ အထည်ချုပ် လုပ်သားများအတွက် အလားအလာ ကောင်းသည့် Labour Market ပေါ်ပေါက်လာနိုင်သည် ဟု အထည်ချုပ်လုပ်ငန်းရှင် အချို့ က သုံးသပ်ပြောကြားသည်။

ထိုင်းနိုင်ငံ၏ထိပ်တန်း အထည်ချုပ်စက်ရုံ အနည်းဆုံးခြောက်ခုသည် ယခုနှစ်နှောင်းပိုင်းတွင် ၎င်းတို့စက်ရုံများကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် စီစဉ်ထားပြီး စက်ရုံတစ်ခုစီအတွက် ရင်းနှီးမြှုပ်နှံငွေမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၀ သန်းရှိသဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာတွင် ဖော်ပြထားသည်။

“အခုအချိန်မှာ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ပြည်ပနိုင်ငံတွေ တော်တော်များများ စိတ်ဝင်စားကြတယ်။ ဂျပန်တို့၊ ကိုရီးယားတို့၊ ဟောင်ကောင်တို့ ကလည်း လာရောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတယ်။ ပြည်ပနိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှုများလာလေ လုပ်သားတွေ ခံစားခွင့်လည်း အရင်ထက် ပိုလာနိုင်ပါတယ်။ အဲဒီအခါကျရင် Labour Market ဖြစ်သွားပြီ။ စက်ရုံတစ်ရုံကပေးတဲ့ လစာ ကို လုပ်သားက မကြိုက်ရင်၊ တခြား စက်ရုံကပိုပေးရင် သူတို့အတွက် ရွေးချယ်စရာတွေ များသွားတာပေါ့။ ထိုင်းက လာရောက်ရင်းနှီးမြှုပ်နှံသူတွေက လက်ရှိလုပ်သားတွေကို ပေးနေတဲ့ လုပ်ခလစာနှုန်းထားထက် ပိုပေးရင် ကျွန်တော်တို့ကလည်း လုပ်သား မြဲဖို့အတွက် သူတို့လိုပဲ လိုက်တိုးပေးကြရမှာပါ”ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

အဆိုပါစက်ရုံများမှ မြန်မာ လုပ်သား ၃၀၀၀ ခန့်ကို ခန့်အပ် သွားမည်ဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လုပ်သားများ၏ အနည်းဆုံး တစ်နေ့လုပ်ခကို ဘတ်၃၀၀အဖြစ် တိုးမြှင့်မည့် အစီအစဉ်ကြောင့် နိုင်ငံ အတွင်းရှိ အထည်ချုပ် လုပ်ငန်းကြီး ၁၅ ခု အခြားဒေသတွင်း နိုင်ငံများသို့ ပြောင်းရွှေ့ရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားစေသည်ဟု ပြောကြားခဲ့ကြောင်း နေးရှင်းသတင်းစာတွင် ပါရှိသည်။
ရွှေ့ပြောင်းလာမည့် အထည်ချုပ် စက်ရုံများကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များ အနေနှင့်လည်း ပြိုင်ဆိုင်မှုများ ရှိလာနိုင်ပြီး ပြည်ပလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ရှိ၊ မရှိနှင့် ပတ်သက်၍ “ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ပူးပေါင်းဖို့က ညှိလို့ရမှ ပူးပေါင်းလုပ်လို့ရမှာပါ” ဟု ဦးမြင့်စိုးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ အထည်ချုပ် စက်ရုံများ ပြောင်းရွှေ့လာသဖြင့် အထည်ချုပ် လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါများ လာနိုင်သော်လည်း တိုက်ရိုက် အော်ဒါရရှိမှသာ လုပ်ခလစာကောင်း ကောင်းပေးနိုင်မည် ဖြစ်ကြောင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်နွယ် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် စက်ရုံများသည် အခြားဒေသတွင်း နိုင်ငံများမှ စက်ရုံများနှင့် နှိုင်းယှဉ်လျှင် အကြီးဆုံးဖြစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြည်တွင်းစား သုံးမှုဈေးကွက်လည်း ကြီးမားစွာ ရှိနေသလို တတိယနိုင်ငံများကို တင်ပို့မှုအတွက် အခြေစိုက်ရာနေရာ တစ်ခုဖြစ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနေရာ တစ်ခု ဖြစ်သည်ဟု ထိုင်းအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လတ်တလော လုပ်ခလစာများမှာ ထိုင်းနိုင်ငံ ထက်သုံးပုံတစ်ပုံခန့်လျော့နည်းနေ ပြီး လုပ်ခလစာ ဈေးသက်သာမှုကြောင့် ထိုင်းအထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာ ရခြင်းဖြစ်သည်။

Ref: EMG

Wednesday 21 March 2012

ချေးငွေကို ချဲမထိုးရန် လယ်သမားများကို သမ္မတ မှာကြား

နေပြည်တော်၊ မတ်-၁၈
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့ တွေ့ဆုံ စကားပြောခဲ့သော အခမ်းအနား တွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေး ငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က သတိပေးပြော ကြားခဲ့သည်။

''ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့သူ ရှိလား။ မရှိဘူးနော်။ ဒိုင်တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေး ရော"ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်ငွေရရှိရန်စီစဉ်ပေးခြင်းသည်ဓာတ်မြေသြဇာ ၀ယ်ယူသုံးစွဲရန်အတွက် ဖြစ်သော်လည်း အတင်း
အကျပ်မ၀ယ်ခိုင်းလိုကြောင်းသမ္မတကြီးက ထပ်မံတိုက်တွန်းပြော ကြားခဲ့သည်။

ယင်းနောက်ဆက်လက်၍လည်း "ခင်ဗျားတို့ တောင်းတာတွေအကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ 
ဘာ လဲဆိုတာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမား များကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လယ်သမားများအား ပုလဲသွယ်စပ်မျိုးစပါးတင်း ၁၀၀လျှင်ကျပ်လေးသိန်းနှုန်းဖြင့် ကြိုတင်ငွေနှစ်သိန်း စီအား ဧက ၂၀၀ အတွက် စု စုပေါင်း ကျပ်သိန်း ၄၀၀ ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းင်းကြိုတင်ချေးငွေများအား တစ်တင်းဆံ့ ပလတ်စတစ် အိတ်ဖြင့် ထည့်ကာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ရန် ပြင်ဆင်လျက်ရှိ သည့် လူရွယ်တစ်ဦးကမူ "လောလောဆယ် လက်ထဲတော့ ငွေရောက်လာပြီ။ သုံးချင်တာတွေကတော့ အများကြီးပဲ"ဟူ၍ ပြောသည်။

အောင်ချမ်းသာကျေးရွာနှင့်အနီးရှိ ရွာတစ်ရွာတွင်မူ ဘုန်းတော်ကြီးတစ်ပါးက ကူညီထုတ်ချေး လိုက်သော ငွေများကို တိုက်တိုက် ဆိုင်ဆိုင်ဖြစ်လာသော အသုဘဖဲဝိုင်းတွင် ၀င်ရောက်ဆင်နွှဲလိုက်ကြ ရာမှ အားလုံးနီးပါးရှုံးသွားကြကြောင်းလည်း ဒေသခံများက ပြောကြသည်။

 နှစ်လုံး၊ သုံးလုံး(ချဲ)ထီမှာ မြန်မာလူထုအတွင်း အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများ အဓိက ကစားလေ့ရှိပြီး သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး နောက် ၂၀၁၁ တွင် လျော့နည်း ပပျောက် အောင် ဆောင်ရွက်နေသည်။ သို့သော် ယခုနှစ်ပိုင်းအတွင်း အဆိုပါ လောင်းကစားနည်း ကစားသူ ပြန်များလာပြီဖြစ်သည်။
 7Day News Journal 
Ref:MNN

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်

မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့  မြန်မာ ဗဟိုဘဏ်က ပြင်ဆင်နေတယ်လို့ ပုဂ္ဂလိကဘဏ်က အရာရှိတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
(Photo by Ministry of Finance and Revenue)

ခုချိန်ထိ အစိုးရက သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကို ၆ ကျပ်ဖြစ်ပြီး၊ လက်တွေ့ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၈၀၀ ၀န်း ကျင် ဈေးပေါက် ပါတယ်။ ဒီအပြောင်း အလဲကြောင့် ငွေကြေးဈေးကွက် နဲ့ စီးပွားရေးကဏ္ဍမှာ ထူးထူးခြားခြား ရိုက်ခတ်မှုတွေ မရှိနိုင်ဘူး လို့ ငွေရေးကြေးရေးနဲ့ စီးပွားရေးဆိုင် ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေး ဆရာ ဦးဟန်ထွန်း (အခွန်)က သုံးသပ် ပါတယ်။
“သိပ်ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။ အပြောင်းအလဲကတော့ ဒီလိုပဲ ဖြစ်သွား မှာပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာ ၈၀၀ နဲ့ တွက်တယ်ဆိုပြီး လွှတ်တော်မှာ ပြောတာပဲ။ သင့်တော်တဲ့ ဈေးကို ပြောင်းဖို့ ရည်ရွယ်ချက် ရှိတယ်။ ဈေးကွက် ပေါက်ဈေးအတိုင်း လုပ်ဖို့ ရှိတယ်။ ဒီလိုပဲ သွားရမှာပါပဲ။ ထူးထူးထွေထွေ ရိုက်ခတ်ဖို့ မရှိဘူး။ ဒီဈေး ကပေါက်ဈေး ဖြစ်နေတာ ကို၊ လောလောဆယ်တော့ နည်းနည်းပါးပါး အလျော့ အတင်းလေး ရှိတာကလည်း သိပ်တော့ အကြောင်း မဟုတ်ဘူး။ ပုံသေချိတ်ထား တဲ့ ဈေးကနေ ပေါက်ဈေးကို ပြောင်းတဲ့နေရာမှာ ဒီလိုပဲ သွားရမှာပဲ။ ဒီအတွက်တော့ ကျနော်တို့ နိုင်ငံအနေနဲ့ ထူးခြားတဲ့ ထိခိုက်နစ်နာ စရာ အကြောင်းမရှိတာဟာ ကံကောင်းတာ တခုပဲ။ ဒီဟာက ရေရှည် တည်တန့်သွားရင် ကောင်း တာပေါ့။ နိုင်ငံခြား အရင်းအနှီးတွေ တအား ၀င်လာပြီး ကျပ်ငွေဈေးတွေ ထောင်တက်တာတို့ အဲဒီလို ရုတ်တရက် အပြောင်းအလဲကြီးတွေ မရှိရင်တော့ တည်ငြိမ်သွားမယ့် သဘော ရှိပါတယ်။”
ငွေလဲနှုန်းကို ပြုပြင်လိုက်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ငွေလဲစနစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်လာနိုင်ချေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေသလို နိုင်ငံခြားအရင်းအနှီးတွေ အလုံး အရင်းနဲ့ ၀င်လာဖို့ ကိစ္စမှာ မြန်မာပြည်က လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနဲ့ တခြား အခြေခံ အဆောက် အဦတွေ လိုအပ်နေသေးတယ် လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် နိုင်ငံခြားငွေတွေ အလုံးအရင်းနဲ့ ၀င်လာလို့ ငွေကြေးဈေးကွက် အလှုပ်အရမ်း များပြီး မမျှော်လင့်တဲ့ ပြဿနာတွေလည်း မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ် တုန်းကလည်း ကျွန်းသစ်၊ စွမ်းအင်၊ ကျောက်မျက် ရတနာတွေမှာ အ၀ယ်လိုက်ခဲ့တဲ့ အတွက် ဒေါ်လာတွေ အလုံးအရင်းနဲ့ ၀င်ခဲ့တုန်းက ၁ ဒေါ်လာကို ကျပ် ၁၀၀၀ အထိ ခုန်တက်ခဲ့ဖူးပါတယ်။
ဒီလို ဖြစ်တဲ့အတွက် အောက်ခြေ လယ်သမားတွေကနေ  ထုတ်လုပ်မှုကဏ္ဍက အလုပ်သမားတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ ဒေါ်လာနဲ့ လခစားတွေအထိ ထိခိုက်ခဲ့ဖူးပါတယ်။
ဦးဟန်ထွန်း (အခွန်)ကတော့  အခြေခံအဆောက်အဦတွေ မပြည့်စုံသေးလို့  မြန်မာပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းနဲ့ ရုတ်တရက် ၀င်လာနိုင်ချေ မရှိသေး သလို၊ မြန်မာပြည်က ဘဏ်စနစ် မှာလည်း ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်လို့ ထောက်ပြ ထားပါတယ်။
“လောလောဆယ်လိုအပ်ချက်တွေ ဖြည့်ဆည်းအောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ပြဌာန်းတာတို့ လုပ်နေတာပေါ့။ တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာနိုင် တဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေကအဆင့်နိမ့်နေသေးတယ်။ အဲဒီ ကိစ္စတွေ ကလည်း ကြီးတယ်။ ဘဏ် လုပ်ငန်းတွေရဲ့ အရည်အချင်း တိုးတက်လာဖို့လည်း လိုအပ် တယ်။ ၀န်ဆောင်မှုတွေ ကောင်းလာမှ နိုင်ငံတကာက ဘဏ်လုပ်ငန်း တွေ လာမယ် လို့တော့ ပြောတယ်။ ဘယ်လိုလာမယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီလို လာမယ် ဆိုရင် လည်း ချက်ချင်းကြီး လာလို့ မရဘူး။ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်မှာ နိုင်ငံတကာ ဘဏ်တွေ ဘယ်လို ၀င်ခွင့်ပြုမယ် ဆိုတာ ရှိသေးတာကို။ ဥပဒေတွေတော့ အတော်အသင့်တော့ ရှိတယ်။ ဒါပေမယ့် ဘဏ် လုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ကို ပြောနေကြတာကို။ အဲဒီဟာတွေ အတွက်တော့ အများကြီး လိုပါသေးတယ်။”
ကမ္ဘောဇဘဏ်ရဲ့ ဒု – ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း ငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်တာ ထက် နောက် ဆက်တွဲ စီမံခန့်ခွဲမှုတွေက ပိုပြီး အရေးကြီးတယ် လို့ ပြောပါတယ်။ ဒီအပြောင်းအလဲကို နိုင်နင်းဖို့ ဆိုရင် နိုင်ငံခြားက ကျွမ်းကျင် သူတွေရဲ့ အကူအညီ လိုအပ်တယ် လို့ ဦးသန်းလွင်က ဆိုပါတယ်။
“တသမတ်တည်း ဖြစ်အောင် လုပ်တာတော့  လွယ်တယ်။ အဲဒါကို ထိန်းကျောင်းဖို့က အရေးကြီးတယ်။ ထိန်းကျောင်းတာတော့ ထိရောက်တာပေါ့။ ဥပဒေကလည်း လောလောဆယ် ပြင်ဆင် ထားတုန်း ရှိသေးတယ်။ ပြင်လို့က မပြီးသေး ဘူး။ အဲဒီ ပြင်တဲ့ ဥပဒေကလည်း ထပ်လာဦးမယ်။ ဘဏ် ဥပဒေက ပြင်ရအုန်းမယ်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေလည်း ပြင်ရဦးမယ်။ ဒါလည်းမပြီးပြတ်သေးဘူး။ အဲဒါတွေက ပြန်လည်တားဆီးမှလည်း အဲဒါကလည်း ထိန်းကျောင်းရာမှာ လွတ်လပ်မှု ရှိလာမယ်။ အဲဒီသဘောလည်း ပါတယ်။ လုပ်တတ်ကိုင်တတ်ဖို့လည်း အရေးကြီးတယ်။ အကြံပေးထားတာတော့ ကျွမ်းကျင်သူတွေ တော်တော်များများ လိုမယ်။ ကိုယ့်ဆီမှာ မရှိလည်း နိုင်ငံခြားက ခေါ်ပြီး သေချာ စနစ်တကျ လုပ်ဖို့ လိုတယ်။
ပေါ့ပေါ့တန်တန် တွေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့က ဈေးကွက်ကို signal ပေးရမှာကို၊ ဈေးကွက်က အရေးကြီးတယ်။ ဘယ်လို signal ပေးမလဲ။ ဘယ်လို တုံ့ပြန်လာ မလဲ။ အဲဒါလည်း တော်တော် အရေးကြီးတယ်။ ဈေးကွက်က တုံ့ပြန်လာလို့ ဈေးကွက်ကို ဘယ်လို ထိန်းကျောင်းမလည်း။ လုပ်ငန်းတွေ က ပေါ်လာပြီ။ နောက်ဆက်တွဲ လုပ်ရမယ့် အရာတွေက ပညာသားပါလာပြီ။ အဲဒါ ပို အရေးကြီး တယ်။”
အရင်က ငွေလဲနှုန်းကို ၂ မျိုးဖြစ်တာကြောင့် အဓိက အကျိုးအမြတ် ရသူတွေဟာ အစိုးရ အရာရှိ မိသားစုတွေနဲ့ သူတို့ နီးစပ်တဲ့ သူဌေးတွေဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ သူတို့ဟာ ငွေလဲနှုန်းကွာဟမှုအပေါ် အမြတ်ထုတ်ပြီး ရလာတဲ့ငွေတွေကို  နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားကြတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာဘဏ်ရဲ့ စာရွက်စာတမ်းတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ဗဟိုဘဏ်က ဧပြီလက စလို့ ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင် စနစ်နဲ့ ငွေလဲနှုန်းကို ကျင့်သုံးဖို့ ပြင်ဆင်နေတယ် လို့  ဆိုပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်း နဲ့ ငွေလဲနှုန်း သစ်ဟာ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ လက်တွေ့ဖြစ်လာဖွယ် ရှိပါတယ်။ 
ဒီဗွီဘီ 
Ref:MNN

အနိုင်ရ ပင်လယ်ပြင် ပိုင်နက်သစ်တွင် ဘင်္ဂလား ရေတပ် စတင် ကင်းလှည့်ပြီ

နိုင်ငံ တကာပင်လယ်ပြင် ဆိုင်ရာ တရား ခုံရုံးမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ်ကို လွန်ခဲ့သော အပတ်က တရားစီရင် ပိုင်းခြား သတ်မှတ် ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေခ်ျ့ ရေတပ်မှ ၄င်း၏ ရေပြင်ပိုင်နက် သစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကင်းလှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ် The Daily Star သတင်းအရ သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ ရေတပ်သည် ယခုကဲ့သို့ အမေရိကန် ရေတပ်၏ စစ်ရေးသင်တန်းများကို ရရှိထားသည်။

ဘင်္ဂလားဒေခ်ျ့ ရေတပ်မှ ၄င်း၏ စစ်သင်္ဘောသုံးစီးကို စစ်တကောင်းမှ၎င်း၊ နောက်ထပ် ရေတပ် သင်္ဘော တစ်စီးကို မောင်ကလာ ရေတပ်မှ စခန်းမှ၎င်း တရားစီရင်ချက်ထွက်လာပြီး တရက်အကြာ မတ်လ (၁၅)ရက်နေ့မှ စတင် စေလွှတ်ပြီး ၄င်း၏ရေပြင်ပိုင်နက် အသစ်အတွင်း ပထမဆုံး အကြိမ် ကင်းလှည့်စေခဲ့ခြင်း ဖြစ်သည်ဟု ကင်းလှည့်ရာတွင် ပါဝင်ခဲ့သည့် ဘင်္ဂလာဒေခ်ျ့ ရေတပ်အရာရှိ တစ်ဦးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
ထိုစစ်သင်္ဘောများထဲမှ နှစ်စီးမှာ အုန်းကျွန်း ခေါ် စိန့်မာတိန်ကျွန်း၏ တောင်ဘက်စူးစူး ပင်လယ်ပြင်အတွင်း ကင်းလှည့် ခဲ့ကြသည်ဟုလည်း ၄င်းအရာရှိကပြောသည်။

"ကျွန်တော်တို့က ပင်လယ်အော်အတွင်း ၁၇၅ မိုင်ထိ ကင်းလှည့်ခဲ့ကြပါတယ်။ အရင်က အဲဒီနေရာတွေထိ တခါမှ သွားရောက်ခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ ပင်လယ်ပြင်က တိတ်ဆိတ်ငြိမ်သက်နေပြီးတော့၊ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပါဘူး" ဟု ၄င်းအရာရှိကပြောသည်။

ယခုလ (၁၄)ရက်နေ့ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာခုံရုံး၏ တရားစီရင်ချက်အရ ဘင်္ဂလားဒေခ်ျ့မှ ဘင်္ဂလား ပင်လယ်အော် အတွင်း မိုင် ၂၀၀ ထိ၊ ဧရိယာအကျယ်အ၀န်းအားဖြင့် စတုရန်းမိုင် ၁၁၁၀၀၀ ကို တနိုင်ငံတည်း မူပိုင် စီးပွါး လုပ်ပိုင်ခွင့်နှင့် နိုင်ငံပိုင်နယ်နိမိတ်အဖြစ် ရရှိအောင်မြင်ခဲ့သည်။

ထိုတရားစီရင်ချက်အပေါ်မူတည်ပြီး ဘင်္ဂလားဒေ့ရှ်မှ ၄င်း၏ရေတပ်သင်္ဘောများကို ပထမဆုံး အကြိမ်အဖြစ် မဆိုင်းမတွက် စေလွှတ်ခဲ့ပြီး ကင်းလှည့်စေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"အရင်က ကျွန်တော်တို့ အဲလောက် အဝေးကို သွားလို့မရခဲ့ပါဘူး။ ခုတော့ သူတို့ (မြန်မာ) ပိုင်နက်ကို သူတို့ သိသလို၊ ကျွန်တော်တို့ ပိုင်နက်ကို ကျွန်တော်တို့ သိပြီဖြစ်ပါတယ်" ဟု ၄င်းအရာရှိကပြောသည်။

လာမည့်ဧပြီလမှစ၍ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးဝါးလာမည် ဖြစ်သော်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများမှာ တစ်နှစ်ပတ်လုံး ၄င်း၏ရေပြင်ပိုင်နက်အတွင်း ကင်းဆက်လှည့်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

ယခင်က အငြင်းပွါးနေသည့် ရေပိုင်နက်အတွင်း ဘင်္ဂလားဒေခ်ျ့ ငါးဖမ်းလှေများကို တွေ့ရှိပါက မြန်မာရေတပ်မှ ဖမ်းဆီး အနိုင်ကျင့်လေ့ရှိသည်။ ယခုအခါ မြန်မာဘက်မှ ပိုင်ဆိုင်သည်ဟု ပြောဆိုနေခဲ့သည့် ရေပြင်အတွင်း အမေရိကန် ရေနံကုမ္မဏီ ကိုနိုကိုဖိလစ်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရှာဖွေရန် ရေပြင်တိုင်းတာမှုများကို ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါ တိုင်းတာမှုများမှာ လာမည့်လတွင် ပြီးဆုံးမည်ဖြစ်ပြီး၊ တိုင်းတာမှုများအရ ကိုနိုကိုဖိလစ်မှ ထိုရေပြင်အတွင်း ရေနံနှင့် ဓါတ်ငွေ့များ လာမည့်နှစ်တွင် စမ်းသပ် တူးဖေါ်မည်ဆိုလျှင် ဘင်္ဂလားဒေခ်ျ့ ရေတပ်အနေဖြင့် လုံခြုံရေးတာဝန် ယူပေး ရမည်ဖြစ်ကြောင်းလည်း ၄င်းအရာရှိက ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာ ၂၀၀၈ ခုနှစ်တွင် အငြင်းပွါးနေခဲ့သည့် ပင်လယ်ပြင်အတွင်း မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေရန် ကြိုးပမ်း ခဲ့မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ ရေတပ်များ အကြား တပတ်ကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါ အခင်းဖြစ်ပွါးခဲ့သည့်နေရာမှာ စိန့်မာတိန်ကျွန်းမှ ၂၂၇ ဒီဂရီ အရှေ့တောင်ဘက် ၅၅ ကီလိုလိုမီတာ အကွာတွင် ဖြစ်သည်။

ထိုတင်းမာမှုဖြစ်ပွါးခဲ့စဉ်က မြန်မာရေတပ်များမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်ဘက်မှ သတိပေးချက်ကို အလေးမထားပဲ ထိုနေရာ အတွင်း ဓါတ်ငွေ့ရှာဖွေရန် ကိုးရီးယား သင်္ဘောတစီးကို လိုက်ပို့ ပေးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်းမာမှုကို သံတမန် နည်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အချည်းအနှီးဖြစ်ခဲ့ရပြီး၊ ကိုးရီးယားကုမ္မဏီမှ ဓါတ်ငွေ့ရှာဖွေမှုကို ရပ်တန့် လိုက်မှသာ ကျေအေးခဲ့ကြသည်ဟု အဆိုပါ အရာရှိက ပြောသည်။

နိုင်ငံတကာခုံရုံးမှ နှစ်နိုင်ငံရေပြင်ပိုင်နက်ကို ပိုင်းခြားသတ်မှတ်ပေးခဲ့ပြီးနောက် အဆိုပါ ၂၀၀၈ ခုနှစ်က မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေခဲ့သည့်နေရာမှာ ယခုအခါ မြန်မာဘက်သို့ ပါသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘင်္ဂလားဒေခ်ျ့ ရေတပ်အရာရှိ၏ ပြောကြားချက်အရ ဘင်္ဂလားဒေခ်ျ့ ဘက်မှ အုန်းကျွန်းခေါ် စိန့်မာတိန်ကျွန်းမှ ၂၁၅ ဒီဂရီ အနောက်တောင်ဘက် ခြမ်းကိုသာ ပိုင်နက်အဖြစ်ရရှိခဲ့ကြောင်း သိရှိရသည်။

Ref: အဝေးဆီက မလေးရောက်ခရီးသည်

ရေပြင်ကိစ္စ မြန်မာနှင့် ဆွေးနွေးရန် မလိုတော့ဟု ဆို

နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) မှ တရားစီရင်ချက် ထုတ်ပြန်ပေးလိုက်ပြီးနောက် မိမိနိုင်ငံ၏ ရေပိုင်နက်ကို ရေးဆွဲရန် မြန်မာနိုင်ငံနှင့် ညှိနှိုင်းတိုင်ပင်နေစရာ မလိုတော့ကြောင်း ဘင်္ဂလားဒေခ်ျ့အငြိမ်းစား ရေတပ်ဗိုလ်ချုပ် တစ်ဦးက ပြောသည်။
Map-of-maritime-dispute
အဆိုပါ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းဌာန UNB က စနေနေ့က ရေးသား ဖေါ်ပြသည်။

"ဥပဒေကြောင်းအရ မြန်မာနဲ့ ထိုင်ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ နိုင်ငံတကာ ခုံရုံးကနေ ထုတ်ပြန်ပေးလိုက်တဲ့ ရေပြင် နယ်နိမိတ်ပြ ပုံစံအတိုင်း ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်ကို ကျွန်တော်တို့ ဆွဲကြရမှာသာ ဖြစ်ပါတယ်" ဟု လက်ရှိ ဘင်္ဂလားဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂဆိုင်ရာ ပင်လယ်ပြင်အဖွဲ့တွင် တွဲဘက် အတွင်းရေးမှူးလည်းဖြစ်၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်လည်းဖြစ်သူ ခါချက်အာလမ် က မတ်လ ၁၆ ရက်နေ့က ထုတ်ဖေါ် ပြောဆိုကြောင်း သတင်းက ပြောသည်။

" ရေပြင်နယ်နိမိတ်ကို တိုင်စိုက် သတ်မှတ်လို့ ရမည့် သဘောတူညီချက်မျိုး မရှိကြောင်းလည်း" သူက ပြောသည်။

နိုင်ငံတကာခုံရုံးမှ စီရင်ပေးချက်အရ ဘင်္ဂလားဒေခ်ျ့မှ တောင်းဆိုခဲ့သည့်အတိုင်း ဘင်္ဂလားပင်လယ်အော် အတွင်း မိုင် ၂၀၀ ထိ တနိုင်ငံတည်း မူပိုင်စီးပွါးလုပ်ပိုင်ခွင့်နှင့် မိုင် ၂၀၀ ကျော်အလွန်တွင်လည်း သိသိသာသာ ကြီးမားကျယ်ဝန်းသည့် ရေပြင်နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ခွင့်တို့ကို ရရှိခဲ့သည်။

ဘင်္ဂလားဒေခ်ျ့ ရေပိုင်နက် မိုင် ၂၀၀ အတွင်း မည်သည့် နိုင်ငံကမှ ၀င်ရောက်ငါးဖမ်းနိုင်တော့မည် မဟုတ်တော့ ကြောင်း ခါချက်က ပြောဆိုခဲ့ပြီး “ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ကို တိုးမြှင့်ကာကွယ်နိုင်ဖို့ ရေတပ်အင်အားကိုပဲ တိုးချဲ့ရတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေခ်ျ့နိုင်ငံအနေဖြင့် အငြင်းပွါးနေစရာ မလိုတော့ပဲ ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်နှင့် ပင်လယ် ရေအောက် ကြမ်းပြင်ပေါ်မှ သဘာဝသယံဇာတများထုတ်လုပ်နိုင်အောင် နိုင်ငံတကာခုံရုံးမှ တရားစီရင်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သူကပြောသည်။

စိန့်မာတိန် (ခေါ်) အုန်းကျွန်း ပတ်လည်တွင်လည်း မြန်မာဘက်မှ ထက်ဝက်စီ ခွဲပေးရန် တင်ပြတောင်းဆိုချက် ကို နိုင်ငံတကာ ခုံရုံးက ပယ်ချခဲ့ပြီး ဘင်္ဂလားဒေခ်ျ့သို့ ၁၂ မိုင်အပြည့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသူကပြော သည်။
 Ref: နိရဉ္စရာ သတင်းဌာန

နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်

မတ်လ ၂၀၊ ၂၀၁၂ ခုနှစ် (YPI)

အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဖူးခြင်း မရှိသူဖြစ်ရမည်ဟု  ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲမယ် ” ဟု YPI သို့ပြောသည်။

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ စည်းကမ်းချမှတ်ခြင်းသည် မလိုအပ်သော စည်းကမ်းချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေလည်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ၎င်းအနေဖြင့် သဘောမတူနိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကမူ နိုင်ငံရေးဆိုသည်မှာ
 နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်သို့ သွားနေသောနိုင်ငံဖြစ်ကြောင်း ပြောကြားနေသူများအနေဖြင့် ဒီမိုကရေစီစနစ်ကို တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း ဝေဘန်ပြောဆိုသည်။

၎င်းကထပ်မံပြီး ယခုကျင့်သုံးနေသောစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သဖြင့် မည်သူမဆို၊ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ၀င်ရောက်ခွင့် ရှိသင့်သည်ဟုလည်း ပြောဆိုလိုက်သည်။
“ အခုအခြေအနေမှာ နိုင်ငံရေးဆိုတာ ကန့်သတ်ထားလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးလို့ပြောလာရင် အဲဒီသူက ခေတ်နောက်ပြန်ဆွဲတဲ့သူပဲ ” ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ကို လာမည့် ၂၃ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးဝင်များက မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် တနှစ်တာ ကာလအတွင်း ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ၊ အသစ်ပြဋ္ဌာန်းမှုများ၊ စနစ်နှင့် မညီလျှော်သည်များကို ပယ်ဖျက်မှုများ ပြုလုပ်လျှက်ရှိရာ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့်ဥပဒေတို့ ကိုပြဋ္ဌာန်းခဲ့သည်။      ။
ဒါရိုက်တာဝိုင်း (ဓါတ်ပုံ-Google Images)
Ref: MNN

ရွေးကောက်ပွဲ လွတ်လပ်မှုရှိဖို့ သင်တန်းပေးသူ ပြည်နှင်ခံရ

မတ်လ ၂၀၊ ၂၀၁၂ (YPI)

Asia Network for Free Election အမည်ရှိသည့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ညွန်ကြားရေးမှူး ဖြစ်သူအား မြန်မာနိုင်ငံမှ ပြည်နှင်လိုက်ကြောင်း သိရှိရသည်။

၎င်းအဖွဲ့အနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အချက်အလက်များ ဆိုင်ရာ သင်တန်းပေး ဟောပြောခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းသို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့လည်း ခွင့်တောင်းသည့် စာတင်ပြထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်၊ ပြည်ပအခြေစိုက် မီဒီယာများအား ဖိတ်ခေါ်၍ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်ကျင်းပနေချိန်တွင် ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးမှု၊ စောင့်ကြည့်မှုများ ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းတခု၏ ညွှန်ကြားရေးမှူး ဖြစ်သူအား ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။ ။

YPI
Ref: MNN

Tuesday 20 March 2012

ဆောက်လုပ်ရေး အလုပ်သမား (၁၉)ဦး လုပ်အားခ ဘတ်သုံးသိန်းကျော် ရရှိရန် အမှုဖွင့်

20120319a 


ထိုင်းနိုင်ငံ၊ စမွန်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ ၀မ်ဖန်ထိုင်း (ဖလန်းဆောင်လမ်းမကြီး) ၀ပ်ဘန်းလှိုင် ဘုန်းတော်ကြီးကျောင်း အနီးရှိ ပန်းရံဆိုဒ်မှ မြန်မာအလုပ်သမား (၁၉)ဦးထံမှ ထိုင်းမန်နေဂျာက ဖြတ်တောက်ထားသည့် ဘတ်ငွေ သုံးသိန်းကျော် ရရှိစေရန်အတွက် အလုပ်သမား ကူညီရေးအဖွဲ့တို့က ယခုလ (၁၆)ရက်နေ့က စီစဉ်ခဲ့ကြကြောင်း သိရှိရသည်။
ယာယီပတ်စ်ပို့ လုပ်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ (၉၂၀၀)စီ ဖြတ်တောက် ထားခဲ့သည်။ ထို့အပြင် ထိုင်းအစိုးရ သတ်မှတ်ထားသည့် မဟာချိုင်နယ်မြေ တစ်နေ့လုပ်အားခ (၂၁၅)ဘတ်နှုန်း မရှင်းပေးပဲ အမျိုးသားအလုပ် သမားများအား (၁၈၅)ဘတ်နှင့် အမျိုးသမီး အလုပ်သမားများကို တစ်နေ့ (၁၇၅)ဘတ်နှုန်းသာ လုပ်အားခ ရှင်းပေးခဲ့သည်။ ထို့ကြောင့် အလုပ်သမားများ ရရှိရန် စုစုပေါင်း ဘတ်ငွေ သုံးသိန်းကျော် ဖြစ်သည်။

အလုပ်သမားအဖွဲ့ ဦးဆောင်သူ ကိုမွန်က “ယာယီပတ်စ်ပို့ လုပ်ဖို့အတွက်ဆိုပြီး အလုပ်ရှာဖွေရေး လူကြီးက ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ပြီး အမျိုးသားတစ်ဦးစီ (၃၀၀၀)စီဖြတ်တယ်။ ၀င်ငွေနဲတဲ့ အမျိုးသမီးတွေကို ဘတ်တစ်ထောင်စီ ဖြတ်ခဲ့ပါတယ်။ အလုပ်သမားထဲက ဦးမောင်မြင့်ကို ပုလိပ်ဖမ်းတော့ ပုလိပ်က ဘတ်အသစ် လုပ်ဖို့ အကြံဉာဏ် ပေးလိုက်တယ်။ ဒါကြောင့် ကျနော်တို့ ဘတ်ကိုဆက်ပေးဖို့ ပြောတဲ့အခါ မတ်လ (၈)ရက်နေ့ပေးမယ်လို့ ပြောပါတယ်။ သင်ပုန်းကြီးမှာ ဟိုဖြတ်ဒီဖြတ် (၆၂၀၀)ရှင်းပေးမယ်လို့ ရေးထားတယ်။ ဒါပေမယ့် (၁၁)ရက်နေ့အထိ ရှင်းမပေးတာကြောင့် ကျနော်တို့ BATကို အကူအညီ တောင်းခံခဲ့ပါတယ်”ဟု ပြောသည်။

အလုပ်သမားများသည် ၂၀၁၁ ခုနှစ် မေလ ကတည်းက ဤပန်းရံဆိုဒ်သို့ အလုပ်စတင် ၀င်ရောက်လုပ် ကိုင်ခဲ့သူများ ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အလုပ်သမား (၃၇)ဦးဆီမှ ငွေဖြတ်ထားခဲ့သော်လည်း အလုပ်သမား (၁၈)ဦးတို့မှာ အဆိုပါ ပန်းရံဆိုဒ်တွင် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)တာဝန်ခံ ဦးကျော်သောင်းက “ဒီအလုပ်သမားတွေ အတော်ညီညွတ်ကြတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်။ တစ်နေ့တည်း အလုပ်ဝင်ကြတဲ့ သူတွေဖြစ်တယ်။ မကျေနပ်လို့ အလုပ်ထွက်ရင်လည်း တစ်နေ့တည်း အလုပ်ထွက်ကြသူတွေ ဖြစ်နေတယ်။ ထူးခြားတာက သူတို့တွေဟာ မိမိနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးနဲ့ အလုပ်က ငွေရှင်းပေးတဲ့ စာရွက်ဟူသမျှကို စနစ်တကျ သိမ်းထားကြတယ်။ FEDက ကူညီပေးထားတဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံပြီး အလုပ်လုပ်တဲ့အခါ အချက်အလက်တွေ ပြည့်စုံတာကြောင့် ကျနော်တို့ အလုပ်သမားတွေဘက်က အားရှိတာပေါ့”ဟု ပြောသည်။
အလုပ်သမားများ ရသင့်သည့် ဘတ်ငွေ သုံးသိန်းကျော် ကိစ္စနှင့် ပတ်သက်ပြီး လာမည့် ဧပြီလဆန်း (၃)ရက်နေ့တွင် မဟာချိုင် တရားရုံးသို့ လာရောက်ခဲ့ကြရန် ရှေ့နေအဖွဲ့က အလုပ်သမားများအား ချိန်းဆိုခဲ့သည်။

Ref: GHR

ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်

ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့်သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ကြောင်း အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ သိရသည်။

အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) တွင် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံး စားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက် မနည်းသည့် ထောင်ဒဏ် ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထိုသို့ မည်သူမဆိုဟူသော စာသားဖြင့် ပြဋ္ဌာန်း ထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုပါက အခြားသူများနည်းတူ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါ သည်။

တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ဒေသန္တရ အာဏာပိုင်တစ်ဦးဦး၊ တည်ဆဲ တရားဥပဒေ တစ်ခုခုအရ ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့ တစ်ခုခု၊ သမ၀ါယမအသင်း တစ်ခုခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ကြေညာသော အသင်းများ၊ စသည်တို့က ပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်း တစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ထို့အပြင် မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခုနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၂၆) အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား သော အသင်းတစ်ခုခု၊ ပြည်သူတို့ ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ အခြားအဖွဲ့အစည်းတစ်ခုခု စသည် တို့ကပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန်လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်းထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်းတစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သောပစ္စည်း များဖြစ်ကြောင်းအများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ (၂) သိရသည်။

အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ဥပဒေ အမှတ် (၁) ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေသည် ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေနှင့် အလား တူသော်လည်း သီးခြားဥပဒေဖြစ် ကြောင်း အထက်တန်းရှေ့နေတစ် ဦးကဆိုပါသည်။

ပြည်သူပိုင်ပစ္စည်း၏အဓိပ္ပါယ် ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ (၂) တွင် ရှင်းလင်းဖော်ပြထားပြီး အများနှင့်သက်ဆိုင်သော ပစ္စည်း၏ အဓိပ္ပါယ်ကိုပုဒ်မ (၂) တွင် ရှင်းလင်း ဖော်ပြထားကြောင်း သိရသည်။

အဓိပ္ပါယ် ရှင်းလင်းချက်တွင် ပါရှိသော စကားရပ်များကို လေ့လာပါက ပြည်သူပိုင်ပစ္စည်းဟူသော စကားရပ်နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းဟူသော စကားရပ်သည် ကွာခြားကြောင်း သိရသည်။
ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) အရ ပေးနိုင်သောပြစ်ဒဏ်မှာ ၇ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပါဝင်ကြောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အရဆိုပါက ပေးနိုင်သောပြစ်ဒဏ် မှာ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက်မနည်းသည့်ထောင် ဒဏ်ဖြစ်စေ၊ ထို့ပြင်ငွေဒဏ်လည်း ပါဝင်သောကြောင့် ပြစ်ဒဏ်ပိုများ သည်ကိုတွေ့ရကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦးက ဆိုပါသည်။

အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ အများ နှင့်သက်ဆိုင်သော ပစ္စည်းတစ်ခုခု နှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှု ကျူးလွန် သောသူများကို ထိရောက်စွာအပြစ် ပေးနိုင်ရန်ဖြစ်ကြောင်းသိရသည်။

အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပဒေ တို့၏ ခြားနားချက်များမှာ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေက ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှုကို ရည်ညွှန်းကြောင်း ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး အက်ဥပဒေက တရားမ၀င်ဘဲ လက်ဝယ်ထားရှိမှု၊ ခိုးမှု ၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ရည်ညွှန်းကြောင်း ဥပဒေပြဋ္ဌာန်းချက်များ အရသိရသည်။

အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို ပြည်ထဲ ရေး၏ အခွင့်အမိန့်မရှိဘဲ မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။
အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခဲ့ရသည့် ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်းလည်း တရားစီရင်ထုံးများအရ သိရပါသည်။

Ref: EMG

ထိုင်း မြန်မာ ယာယီနိုင်ငံကူးလက်မှတ်

အတွင်းစာမျက်နှာ

ထိုင်းရောက် မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် အသစ်များ ထုတ်ပေးနေသည်မှာ ၇ ရက်ခန်.ရှိပြီဖြစ်ပြီး စာအုပ်အတွက် ကျသင့်ငွေကို ဆိုင်ရာ ပွဲစားများက ထိုင်းဘတ်ငွေ ၅၀၀ နှုန်း တိုးမြင့် ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့် စာရွက်ဖြင့် နေခွင့်မရှိတော့ဘဲ ယာယီနိုင်ငံကူးလက်မှတ်များကို မဖြစ်မနေ ပြုလုပ်နေရပြီး တစ်ဦးလျှင် ကုန်ကျမှု.မှာ နေရာဒေသ အလိုက် အနည်းအများ ကွာခြားမှု.ရှိကြောင်း သိရသည်။ (အလုပ်လုပ်ခွင့် စာရွက်၊ လက်မှတ်ကို ဘတ် ဟု ခေါ်ကြသည်)

ယာယီနိုင်ငံကူးလက်မှတ် အဖုံး (ပုံစံသစ်)

ယခု ထုတ်ပေးလျက်ရှိသော စာအုပ်မှာ ရေစိုခံစာရွက် အမျိုးအစားဖြစ်ပြီး စာအုပ်မှာ အရင် ကနဦး ထုတ်ပေးထားသော စာအုပ်ထက် များစွာ ကောင်းမွန်သော်လည်း မြန်မာ အလုပ်သမားများအတွက် စာအုပ်ပြုလုပ်မှု.ဈေးနှုန်းမှာ ကြီးမြင့်လျက်ရှိကြောင်း သိရှိသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရုံနှင့်လည်း မပြီးသေး။ အလုပ်လုပ်ခွင့် လက်မှတ်(၂)နှစ်စာ ထပ်မံ ပြုလုပ်ရပြီး ကုန်ကျမှု.နှုန်းမှာ မိမိ အလုပ်ရှင် ကိုယ်တိုင် လုပ်ပေးလျှင် ၂၂၀၀ ခန်. ပွဲစားဖြင့် ပြုလုပ်ပါက လူသက်သာသော်ငြားလည်း ၃၅၀၀ ခန်. ကုန်ကျလျက်ရှိသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လျှင်လဲ ၆၀၀၀/၅၀၀၀/၄၅၀၀ ဘတ် စသဖြင့် ခရီး အနီးအဝေး/ပွဲစားများ အလိုက် ဈေးနှုန်းကွာခြားသည်။

ဘတ် ၅၀၀ တိုးမြင့် ကောက်ခံလျက်ရှိခြင်းကြောင့် ငွေကြေးအခက်အခဲ ကြုံနေရပြီး စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများက ဆိုသည်။

မင်းလွမ်းနောင်(ပန်းတနော်)
Ref: Irrawaddy Blog

ရွေးကောက်ပွဲ နီးလာလေလေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အနှောက်အယှက်တွေ ပို များလာလေလေ

 ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် အချိန် ပိုပြီး နီးကပ်လာလေလေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အနှောက်အယှက်တွေ ပိုများလာ လေလေ ဆိုရလောက်အောင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းရဲ့ ပကတိ အနေအထားဟာ ပိုမို ရှုပ်ထွေးလာနေတာကို တွေ့ရပါတယ်။ မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က မဲပေးနိုင်သူ စာရင်းများ ကြေညာစဉ်ကတည်းက မှတ်ပုံတင်တခုထဲနဲ့ လူပေါင်းများစွာ ဖြစ်နေတာ၊ ကွယ်လွန်ပြီးသား လူပုဂ္ဂိုလ်များရဲ့ အမည်စာရင်းတွေ မဲစာရင်းထဲ ပါဝင်နေတာ၊ မဲပေးဖို့ အသက်ပြည့်ပြီးသော်လည်း မဲစာရင်းထဲ မပါဝင်တာ၊ အမှန်တကယ် နေထိုင်သူ မဟုတ်တာတွေ၊ အသက်မပြည့်သေးသူတွေ မဲစာရင်းထဲတွင် ပါဝင်နေတာတွေ တွေ့ကြုံခဲ့ရပါတယ်။ အခု ရွေးချယ် တင်မြှောက်မယ့် မဲဆန္ဒနယ် ၄၈ မြို့နယ်က မဲပေးမယ့်သူစာရင်းဟာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲစာရင်းအတိုင်း ဖြစ်တယ်လို့ ပြောနေကြတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲဟာ မဲလိမ်မှု၊ မသမာမှုတွေနဲ့ ကျင်းပခဲ့တယ်ဆိုတာကို အများသိအောင် ရွေးကောက်ပွဲ ကော်မရှင်က တမင်တာပဲ ဒီ စာရင်းကို ထုတ်ပြန်တာလား၊ ဒါမှမဟုတ် ဘယ်လို စာရင်းမှားတွေ ဖြစ်နေတာလဲဆိုတာက အတော့်ကို မတွေးတတ်အောင် ဖြစ်နေပါတယ်။ မဲစာရင်းထဲက မှားယွင်းမှုတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ဖြေရှင်းပေးခဲ့တယ်ဆိုတဲ့ သတင်းများ ကြားသိခဲ့ရသော်လည်း ရွေးကောက်ပွဲ ကျင်းပဖို့ ဆယ်ရက်ခန့် ကြာတဲ့အချိန်အထိ မဲစာရင်းကိစ္စ ပြေလည်အောင် မဖြေရှင်းနိုင်သေးတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ဥပဒေနဲ့ ညိစွန်းနေတဲ့ အဖြစ်အပျက်များစွာ ဖြစ်ပွားနေကြောင်း သတင်းမျိုးစုံ ပေါ်ပေါက်နေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ထိုကိစ္စများနဲ့ ပတ်သက်လို့ ဆက်လက် တင်ပြ ပြောဆိုနေဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပုတ်ခတ် ပြောဆိုတဲ့ကိစ္စ၊ ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းရဲ့ ဟောပြောပွဲ တိုက်ခိုက်ခံရတဲ့ကိစ္စ၊ သက်ဆိုင်ရာ အစိုးရ၀န်ထမ်းများက လက်အောက်ခံ ၀န်ထမ်းများကို ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီဘဲ ကြိုတင်မဲ ကောက်ခံနေတဲ့ ကိစ္စတွေဟာ လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ကိစ္စများသာ ဖြစ်နေလေတော့ လက်ရှိ ပကတိမြေပြင် အခြေအနေတွေဟာ လက်ရှိ အစိုးရတာဝန်ရှိသူများရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဂတိက၀တ်တွေနဲ့ မကိုက်ညီသလို ဖြစ်နေပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လက်ရှိ အခက်အခဲကြားထဲက ဖောက်ထွက်နိုင်တဲ့ လမ်းစအနည်းငယ် မြင်နေရသော်လည်း အချို့ အဖြစ်အပျက်များကိုတော့ ခက်ခက်ခဲခဲ ရှင်းလင်း ကျော်ဖြတ်ရကောင်း ကျော်ဖြတ်ရပါလိမ့်မယ်။ ပကတိအနေအထားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ညစ်ပတ်မှုတွေ ရှိနေတယ်ဆိုတာ သိသာ ထင်ရှားနေသော်လည်း ထို ညစ်ပတ်မှုများကို ဘယ်သူတွေက ဘယ်တရားဥပဒေနဲ့ ဖြေရှင်းကြမလဲဆိုတာ စဉ်းစားစရာ ပါ။

လက်ရှိ ဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိသလား၊ မသမာမှုတွေ ကျူးလွန်နေသူတွေအပေါ်မှာပဲ တာဝန်ရှိတာလားဆိုတာကလည်း မသဲမကွဲ ဖြစ်နေတဲ့အတွက် လက်ရှိ အာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လမ်းကြောင်းကို ဖြူဖြူစင်စင် သွားချင်တာလား၊ ညစ်တီးညစ်ပတ် သွားချင်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မျက်စေ့ကြီး၊ နားကြီး သတင်းရပ်ကွက်ကတော့ လွယ်တာကတော့ တော်တော့်ကို မလွယ်မကူ ဖြစ်နေဆဲပဲ လို့ သုံးသပ်ပြပါတယ်။

 မြင့်လှိုင်
Ref: Burma Today

နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ

မောင်တော (ကုလားတန်)။    ။ မြန်မာအစိုးရ ၏ လက်အောက်ခံ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက)  မှ နှစ်စဉ် စစ်ဆေးလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူရေး (၂၀၁၁ ခုနှစ်၊ ဆွဲတင်စစ် လုပ်ငန်း) ကို ဇန်နိုဝါရီ ၁ ရက်နေ့မှ စ၍ ယနေတိုင် ပြုလုပ်နေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး နှင့် လူမှုရေး ကဏ္ဍများတွင် များစွာ ထိခိုက် ဆုံးရှုံး နစ်နာ လျက် ရှိကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။

လူဦးရေး စာရင်း ကောက်ယူစစ်ဆေးရေး(သို) ဆွဲတင်စစ် လုပ်ငန်း သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို မြန်မာနိုင်ငံ လူဦးရေးစာရင်းမှ ဖယ်ထုတ် နိုင်သည့်ကို၎င်း၊ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို ရခိုင်ပြည်နယ်မှ လျော့နိုင်သည့်ကို၎င်း လေ့လာ စစ်ဆေးပြီး မည်သည့် စီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်သော စစ်ဆင်းရေးသာ ဖြစ်သည်ဟု ၎င်းကပင် ပြောသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် အိမ်ထောင်စု အလိုက် လူဦးရေးကို ဓါတ်ပုံတင်ထားခြင်း၊သေဆုံးသူများ နှင့် အိမ်မှ ထွက်ခွါသွားသူများ၊ စစ်ဆေးစဉ်မရှိသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ထုတ်ခြင်း၎င်း၊ တနေရာ မှ တနေရာသို့ လက်ထပ်ပြီး ပြောင်းရွေ့သော်၎င်း၊ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပြောင်းရွေ့သော်၎င်း၊ မွေးဖွါးခလေးများကို တရားမ၀င် ခလေးဟူ၍သော်၎င်း ပြောဆိုပြီး စာရင်းတင်မပေးပြီး စာရင်းမဲ့ဖြစ်အောင် ပြုလုပ်လေ့ရှိသည်ဟု မောင်တောမြို့မှ မြိုခံ လူကြီးတဦးက ပြောသည်။

ထို့အပြင် ၎င်း နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများ၏ စီးပွါးရေးမှာလည်း ပျက်စီးသွားနေသဖြင့် စာဝတ်နေရေး ခက်ခဲ့လျက်ရှိကြောင်း ပြောပြသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်နည်းများမှာ အိမ်ထောင်စု တစ်စု ကို ဓာတ်ပုံရိုက်ရန် အတွက် ရိုက်ခ ၂၅၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ အိမ်ထောင်စု စာရင်းမှ လူတစ်ဦး သေဆုံလျှင် ဖယ်ဖျက်ရန် ၁၀၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မွေးဖွားလာသောကလေးတစ်ဦး ကို အိမ်ထောင်စု စာရင်းသို့သွင်းလျှင် မွေးတိုးခ  ၅၀၀၀မှ ၇၀၀၀ကျပ်ထိ ကောက်ခံခြင်း၊ နစက နယ်မြေ တခု အတွင်းရှိ ကျေးရွာ အုပ်စု တခုမှ တခုသို့ ပြောင်းဝင်/ထွက်လျှင် အိမ်ထောင်စု တစုလျှင်- ၁၀၀၀၀ ကျပ် နှင့် နှစ်ဖက် စလုံးမှ ၂၀၀၀၀ကျပ် ကောက်ခံခြင်း၊ အိမ်ထောင်စုတခု မှ တစ်ဖက်နိုင်ငံသို့ အိမ်ထောင်စုဝင် တဦးဦး ထွက်ပြေးလျှင် ဘင်္ဂါလားပြေးအဖြစ် သတ်မှတ်ခ ၄၀၀၀ မှ ၆၀၀၀ ကျပ် ထိ ကောက်ခံခြင်း၊ ဘာသာရေး အဆောက်အအုံ တခုလျှင် ဓာတ်ပုံရိုက်ခ ၁၀၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မလိုအပ်ဘဲ အိမ်ထောင်စုစာရင်းလဲလှယ်ခ တစ်စောင်လျှင် ၅၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ မလဲလှယ်ပါက မူလ အိမ်ထောင်စု စာရင်းကို စုတ်ပြဲ၍ အမှိုက်ပုံးထဲသို့ ပစ်တည် ခြင်း၊ အိမ်ထောင်စုဝင် တဦးဦးမှာ ဖြစ်မှုတစ်ခုခုရှိပါက ဓာတ်ပုံရိုက်မပေးဘဲ ငွေ ၅၀၀၀၀ မှ ၅ သိန်းအထိ တောင်းယူရရှိမှသာ ဓာတ်ပုံရိုက်ပေးခြင်း၊ နယ်မြေမှူး၊ စခန်းမှူး၊ စစ်ဦးစီး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မသင့်သည့် အိမ်ထောင်စုအချို့ကို မိမိ ဒေသ တွင် ရှိသော်လည်း ဘင်္ဂါလား ပြေးအဖြစ် သတ်မှတ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခြင်း တို့ကို ဤ စစ်ဆေးရေးတွင် နစကများသည် ရိုဟင်ဂျာ လူမျိုးများထံမှ ငွေ အတင်းအဓမ္မ တောင်းလျှက် ရှိနေသဖြင့် ရိုဟင်ဂျားလူမျိုးများ၏ ဘ၀မှာ တဖြည်းဖြည်း ဆုတ်ဖြဲလျက်သာရှိနေကြောင်းပြောပြသည်။

၂၀၁၂ ခု မတ်လ ၁၁ ရက်နေ့တွင် အောက်ပြူးမကျေးရွာတွင် ဆွဲတင်စစ် လုပ်ငန်း ဆောင်ရွက်နေစဉ် အောက်ပြူးမကျေးရွာနေ ဦးအေဇာဟူဆိန်း (ဘ)ဦးဖွေရာမတ် ဆိုသူအား အောက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသန်းသည် ဆွဲတင်စစ် လုပ်ငန်းဆောင် ရွက်သည့်နေရာ မှ ၎င်း၏ဆိုင်ကယ်ပေါ်တင်၍ အမှတ်(၅) နယ်မြေ သို့ ခေါ်ယူ၍ ချုပ်ထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးဘသန်းနှင့် စစ်ဦးစီးအဖွဲ့တို့ပူးပေါင်းပြီး ငွေကျပ် ၈ သိန်း အတင်းတောင်းယူပြီးမှသာ အချုပ်ခန်းမှ လွှတ်မြောက်ပေးလိုက်ကြောင်း သိရှိရပါသည်။

အတည်မပြုနိုင်သော သတင်းအရ နစကများ၏ လူဦးရေး စာရင်းစစ်ဆေးရေးတွင် နှစ်စဉ် ရိုဟင်ဂျာ လူမျိုးများ ထံ မှ ငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ရရှိနေကြောင်း၊ ၎င်းငွေများသည် ပြည်ထဲရေး ၀န်ကြီးအဆင့်ထိ ရောက်ရှိ နေသဖြင့် နစက ကွက်ကဲရေးမှူး ဦးအောင်ကြီးသည် ရခိုင်ပြည်မြောက်ပိုင်း မှ ပြောင်းရွေ့ခြင်း မရှိ ရကြောင်း ဖြစ်ကြောင်း ပြောသည်။

Ref: KNP

မြန်မာအလုပ်သမား ၆၀၀ ကျော် အဖမ်းခံရ

တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ် သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။

Ref: RFA

Monday 19 March 2012

ပြင်ပငွေလဲ ဈေးကွက် ဆက်ရှိနေဦးမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင် ပြောင်းလဲကျင့်သုံးရန် အစိုးရက စီစဉ်နေသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေ၊ ကန့်သတ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ခြင်း မပြုလျှင် မှောင်ခိုဈေးကွက် ပျောက်သွားရန် မလွယ်ကူဟု ပြည်တွင်းစီးပွားရေး လေ့လာ သုံးသပ်သူများက စိုးရိမ်နေကြသည်။
CB ဘဏ်က ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသော ငွေလဲစင်တာတခု (ဓာတ်ပုံ - chhankmm.com)

အစိုးရငွေလဲနှုန်း အမေရိကန် တဒေါ်လာလျှင် ရှစ်ရာကျပ် ပြောင်းလဲမှုကို လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ဖွယ်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမှု လုပ်ဆောင်ခြင်းမရှိသေးဘဲ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ပါက ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်ဆိုသော ဥပဒေမှာ အသက်ဝင်နေဆဲဖြစ်သောကြောင့် လွတ်လပ်သည့် ဈေးကွက်အဖြစ် အကောင်အထည်ဖော်မည်ဆိုလျှင် အတားအဆီးဖြစ်နိုင်သည်ဟု ဆိုကြသည်။

“ကန့်သတ်ချက်များရင်၊ လိုအပ်တဲ့နည်းဥပဒေတွေ မပြင်ရင်တော့ ဘယ်လိုပဲ အစိုးရဘက်ကနေ ဒေါ်လာ ဈေးကို သတ်မှတ်ပြောင်း လဲပါစေ ပြင်ပဈေးကွက်က ဆက်ရှိဦးမယ်။ အရေးပါနေဦးမယ်။ ဈေးကွက်နှစ်ခု ပုံစံ နဲ့ ဆက်သွားနေရဦးမှာပဲ”ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်ဟောင်းနှင့် ဘဏ္ဍာ- အခွန်ဝန်ကြီးဌာန၏ အကြံပေး ဦးမော်သန်းက ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်တဦးကလည်းတခုတည်းသော နိုင်ငံခြားငွေကြေးဈေးကွက်ဖြစ်ပေါ်လာရေး
 ပြင်ပဈေးကွက်တွင်  ရောင်းဝယ်ဖောက်ကားနေကြသော ဒေါ်လာ ၀ယ်ရောင်း ငွေလဲဒိုင်များကို လိုင်စင်များ ချထားပေးခြင်းကဲ့သို့ မက်လုံးများပေးခြင်းအားဖြင့် စွဲဆောင်စေသင့်ကြောင်း ပြောဆို သည်။

“အခုက နိုင်ငံခြားငွေကြေး လဲလှယ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကဘဏ်တွေကိုပဲ ပေးထားတယ်။ ဘဏ်တွေကလည်း Money Changer လုပ်ငန်းကို ပီပီပြင်ပြင်မလုပ်နိုင်ဘူး။ ဥပမာ- သိမ်ဖြူနိုင်ငံခြားငွေလဲ ကောင်တာမှာ ဒေါ်လာဝယ်တာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် လူတဦးကို ဒေါ်လာ နှစ်ရာအထိပဲ အရောင်းအ၀ယ်လုပ်လို့ရတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တသောင်း အထိ ရောင်းလို့၊ ၀ယ်လို့ ရတယ်လို့ ပြောထားပေမယ့် ဘဏ်တွေက အကန့်အသတ်နဲ့ပဲ လုပ်နေကြတယ်။ အဲဒီတော့ ပြင်ပဈေးကွက် ကိုပဲ အားကိုးနေရတယ်”ဟု အဆိုပါ UMFCCI ဗဟိုအလုပ်အမှုဆောင်က ရှင်းပြသည်။

သိမ်ဖြူနိုင်ငံခြားငွေလဲကောင်တာ များတွင် ဖြစ်ပေါ်သော ငွေလဲနှုန်းနှင့် တရားမ၀င် ပြင်ပငွေဈေးကွက်တွင်ဖြစ်ပေါ်သော ငွေလဲနှုန်း မှာ ကွာခြားမှုအနည်းငယ်သာ ရှိသော်လည်း ကန့်သတ်ချက်များသော ငွေလဲကောင်တာများထက် စည်းကမ်းတင်းကြပ်မှု မရှိသော ပြင်ပငွေလွှဲကောင်တာများကို ကုန်သည်အသိုင်းအဝိုင်းက ပိုသဘောတွေ့နေဆဲဖြစ်ကြောင်း သိရသည်။

သို့ရာတွင် စိတ်ချယုံကြည်နိုင်မှုမှာ တရားဝင်ငွေလဲ ကောင်တာများက ပိုကြောင်း လေ့လာသူများက ဆိုသည်။
လတ်တလော ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းက ကျဆင်းမည့်အနေအထား များနေပြီး လက်ရှိတွင် အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၈၁၁ ကျပ်ဈေး ရှိနေသည်။

“၀န်ထမ်းတွေအားလုံး လစာသုံးသောင်းဆီ တိုးမယ်ဆိုတော့ ဒေါ်လာဈေး နည်းနည်းလေးတက် တယ်။ တဒေါ်လာကို ၈၁၈ ကျပ်လောက်အထိ တက်တယ်။ ရက်ပိုင်းလောက်ပဲ တက်တာ။ အခု ပြန်ကျသွားပြီး ၈၁၁ ကျပ်လောက်ပဲရှိတယ်။ ရက်ပိုင်းအတွင်း ထပ်ကျဖို့များတယ်”ဟု ပြင်ပ နိုင်ငံခြားငွေလဲဒိုင် တဦးက ပြောသည်။

ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး

ချင်းမိုင် (မဇ္ဈိမ) ။        ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင်နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီးချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။

ယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေသည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ “အခု နေပြည်တော်ကို သွားနေပါတယ်။ သူ့ကို အထူး ဖိတ်ကြားချက်အရ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက်ပါ။ သူနဲ့လည်း တိုင်ပင်ချင်တယ်ပေါ့နော်။ ဟိုဘက်က Idea လည်း သူတို့ သိချင်တယ်ပေါ့။” ဟု ဦညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။

အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNU သို့ ယခုလ ၂၄ ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။

တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ဒုက္ခသည်များပြော

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များ အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ရရှိမှ သာ မြန်မာနိုင်ငံသို့ ပြန်သွားမည် ဖြစ်ကြောင်း “နော်ယာပါရာ” ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဒုက္ခသည် ခေါင်းဆောင် တဦး က ပြောသည်။

“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန်  လာခြင်း  မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။

နေရပ်သို့ ပြန်သွားနိုင်ရန်  အချက် ၄ ချက်ပါဝင်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။

၎င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊  နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊  ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။

အကယ်၍ အထက်တွင် ဖော်ပြထားသော အချက်လက်များကို ဖြည့်စွက်ပေးခြင်း မရှိပဲ အတင်းအဓမ္မ နေရပ်သို့ပြန်ပို့မည် ဆိုပါက ဒုက္ခသည်များ အနေဖြစ် စခန်း မှ ထွက်ခွါ သွားရန်သာ ရှိကြောင်း ဒုက္ခသည် စခန်း မှ တာဝန်ရှိသူ တဦးကပြောသည်။

မတ်လ (၁၃) ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ စားနပ်ရိက္ခာ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ၀န်ကြီး မူဟာမတ်အဒူရာဇက်သည် ဥပရောပနိုင်ငံများဆိုင်ရာ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ EskoKentrschynshyi နှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ဝန်ကြီးမှ  ဒုက္ခသည် စခန်း ၂ ခုဖြစ်သော ကူတူးပါလောင် နှင့် နော်ယါပါရာ စခန်းနှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၂၄၀၀၀ ရှိပြီး ဒုက္ခသည် စခန်းအနီး တ၀ိုက် နှင့် ဘင်္ဂလား- မြန်မာ နယ်စပ်တလျှောက်တွင် ၄င်း၊ တခြား ဘင်္ဂလားဒေရှ့်နေရာ အနှံ့အပြားတွင် ၄င်း၊ ၃ သိန်းမှ ၄ သိန်းအထိ နေထိုင် နေကြောင်း၊ ၄င်းတို့ကြောင့် မလိုလားအပ်သော လူမှုရေး ပြသနာများ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးအရ လည်း ထိခိုက် နှစ်နာနေကြောင်း ပြောခဲ့သည်။

ဝန်ကြီး၏ မေးခွန်း နှင့် ပတ်သတ်ပြီး EU အဖွဲ့က  ဖြေကြားခဲ့သည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များ မိမိနေရပ် သို့  ပြန်သွားရန် အတွက် Euro ယူရို သန်း ၁၀၀ ကိုအကူညီပေးမည် ဖြစ်ကြောင်းပြောဆိုသည်။

မြန်မာ အစိုးရ၏ နှိပ်စက်ဖိနှိပ် မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ ထွက်ပြေးလာသည့် ဒုက္ခသည်များအား လူမှုရေး အရ ဆောင်ရွက် ပေးနေသော NGOs များကိုလည်း အကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယင်းအကူညီ ကို ဒုက္ခသည်များ၏ အခြေအနေကို လေ့လာစုံစမ်းပြီးမှသာ ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလာအစိုးရ၏ ပေါ်လစီမှာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ပြန်ရန် အားပေးကူညီသည့် NGOs များကို သာ ဒုက္ခသည်စခန်း များတွင် သွားရောက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သော်လည်း၊ ၎င်း NGO များသည် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ဆက်လက်ပြီး ဒုက္ခသည်များ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေကြောင်း ၊ NGOs များ၏ ဒုက္ခသည်စခန်းများအတွင်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမှာ နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ၀င်ရောက်ခြင်းကို အားမပေး စေလိုကြောင်း ၎င်းဝန်ကြီးကပင် ပြောပြသည်။

အစည်းအဝေး တက်ရောက်သော ဥရောပနိုင်ငံများ အဖွဲ့တွင် စုစုပေါင်းပုဂ္ဂိုလ် ၇ ဦးပါဝင်ပြီး ဥရောပနိုင်ငံများ ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် William, သံမှူး Fabrizir Senesi,လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအဖွဲ့ တာဝန်ခံ David Hill, အထူးကျွမ်းကျင်သူများ ဖြစ်ကြသော Oliver Brouant, Abdul Awal နှင့် Christopher Gadrey တို့ ပါဝင်သည်။

ဘင်္ဂါလာဒေရှ် နိုင်ငံ ၊ နေရာချထားရေး နှင့် ဒုက္ခသည်များဆိုင်ရာ ကော်မီရှင်အဖွဲ့ဝင် ဆာလာယုဒ္ဒိန် က မူ “ဒုက္ခသည်များကို ယခု နေရပ်သို့ ပြန်ပို့ရန် အစိုးရ၏ စီစဉ်နေခြင်းကို မသိရသေးကြောင်း၊ အကယ်၍ ပြန်ပို့မည်ဆိုပါက အတင်းအဓမ္မ ပို့မည်မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ ၆၀ ရာခိုင်းနှုန်းမှာ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည့် ကလေးများသာဖြစ်ကြောင်း၊ ဒုက္ခသည်များ မိမိနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ကလေးများ အတွက် ကောင်းမွန်မည်သာဖြစ်တယ်” ဟုပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၃ နှစ် ကြာသွားပြီးဖြစ်သည်။

Ref: ကုလားတန်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes