Friday 23 September 2011

ယာယီပတ်စ်ပို့ဖြင့်လာရောက်ကြတဲ့ မြန်မာအလုပ်သမားနှင့်အင်တာဗျူး

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရတို့ အကြား တရားဝင် အလုပ်သမား တင်ပို့တဲ့ အစီအစဉ် စတင်နေပေမယ့် မြန်မာ အလုပ်သမားတွေ အတွက်တော့ အခက်အခဲတွေ ပြီးဆုံးသွားတာ မတွေ့ရပါဘူး။ အထူးသဖြင့် ကော့သောင်းကနေ ရနောင်းဘက်သို့ အပို့ ခံခဲ့ရတဲ့ အလုပ်သမားတွေ အထဲမှာ အခက်အခဲ အမျိုးမျိုး ကြုံနေရသူတွေ ရှိနေပါတယ်။
ပွဲစားတွေရဲ့ မရေမရာ စကားတွေကို ယုံပြီး မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရတာကနေ လုပ်အားခကို အဖြတ်ခံရတာ အဆိုးဆုံး အနေနဲ့ မိမိရဲ့ ယာယီ နိုင်ငံကူး လက်မှတ် ကိုတောင် သိမ်းဆည်းခံနေရတာ စတဲ့ အဖြစ်တွေ ကြုံနေရတာပါ။
ဒီအထဲမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကနေ ထိုင်းနိုင်ငံ ရောက်လာတဲ့ အသက် (၂၀)ကျော် လူငယ် ()ယောက်လည်း ပါဝင်ပါတယ်။ သူတို့ အထဲက ကိုဇော်လင်းအောင်ကို အလွတ်သတင်းထောက် မြတ်ညိုက ဆက်သွယ် မေးမြန်း ထားပါတယ်။


မေး   ပြည်ပကို ထွက်လာဖို့ အတွက် ပြည်တွင်းမှာ ဘာတွေ လုပ်ဆောင်ခဲ့ရလဲ။


ဖြေ  ပထဦးဆုံး ကျနော်တို့  ဂျော်ဒန်ကို သွားမယ်ရမယ်ဆိုပြီး ရမ်းဗြဲက ဦးပဇင်း တစ်ပါးကို ကျပ်ငွေ ()သိန်းအရင် ပေးရပါတယ်။ ရန်ကုန် တာမွေက ဦးပဇင်းရဲ့အစ်မ ဖြစ်သူထံသို့ ကျနော်တို့ကို ပို့လိုက်ပါတယ်။ ရန်ကုန်မှာ ပတ်စ်ပို့ လျှောက်ထားပြီးတော့ ကျနော်တို့ မော်တာ အပ်ချုပ်စက်ကို (၁၅)ရက်လောက် သင်ခဲ့ရပါတယ်။ ပြီးတော ရခိုင်ကို သုံး၊လေးလလောက် ပြန်နေခဲ့ရပါတယ်။

ကျနော်တို့ စောင့်နေချိန်မှာ ဂျော်ဒန်ကို မသွားရတော့ဘူးတဲ့။ ထိုင်းကို သွားရမယ်လို့ပြောတယ်။ ရမ်းဗြဲမှာ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ တာကြောင့် ကျနော်တို့လည်း ထိုင်းကို လာမယ် ဆိုတော့ ပိုက်ဆံ ()သိန်းခွဲ ထပ်ပေး ရအုံးမယ်လို့ ရန်ကုန်က ပွဲစားမက ပြောပါတယ်။ ကျနော်တို့က ဈေးပြန်ညှိတော့ နောက်ဆုံးမှာ တစ်သိန်းခွဲ ထပ်ပေး လိုက်ရပါတယ်။ ရန်ကုန်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာခဲ့ကြတာပါ။ ရန်ကုန်မှာ (၄၅)ရက်လောက် နေပြီးတော့ ကော့သောင်းကို ပို့လိုက်ပါတယ်။


မေး    ကော့သောင်းကို ရောက်တဲ့အခါမှာ ဘာအစီအစဉ်တွေ လုပ်ကြရလဲ။


ဖြေ    ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် ဆရာစံလမ်း မှာရှိတဲ့ အဆောင် တစ်ခုမှာ ကျနော်တို့ကို ထားပါတယ်။ အမျိုးသမီးတွေလည်း အဲဒီ အဆောင်မှာ ရှိပါတယ်။ လူတွေ များပါတယ်။ ကော့သောင်း ကိုယ်စားလှယ်က ထိုင်းနိုင်ငံ ဆုံခလာမြို့မှာ ပရိဘောဂ အချောလုပ်ရမယ်။ တစ်ရက်ကို (၂၂၀)ဘတ် ရမယ်။ အချိန်ပို တစ်နာရီကို ဘတ် (၄၀)ရမယ်လို့ ပြောပါတယ်။
မြန်မာဘက်က ဗိုလ်ကြီဟောင်း စိုးနိုင်၊ ဦးစိုးလွင်နဲ့ ကော့သောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံး (မလန)ရုံးက အရာရှိ အမျိုးသမီးကြီး တစ်ယောက်  PMP ကုမ္ပဏီ ကိုယ်စားလှယ် ကိုဧရာချိန်မောင်တို့ လက်မှတ်ရေးထိုး ကြပါတယ်။


မေး    ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့အခါ  အခြေအနေက ဘယ်လိုလဲ။


ဖြေ    ထိုင်းဘက်ကို ရောက်တာနဲ့ ကျနော်တို့ ပတ်စ်ပို့ စာအုပ်ကို ကိုင်ခွင့် မရလိုက်တော့ဘူး။ ကိုသူရအောင်က ထိုင်းဘက်က PMP ကျနော်တို့ ရောက်ရောက်ခြင်း လာအိုနယ်စပ် ခေါင်ကဲန်ကို ပို့ပေးခဲ့တယ်။ အဲဒီမှာ ဆေးစစ်ပြီးတော့ work permit (အလုပ်လုပ်ကိုင်ခွင့်) လုပ်မရ တာကြောင့် ဘန်ကောက်ကို ပြန်လာခဲ့ရတယ်။ ဘန်ကောက်က တစ်ဆင့် အခု sadao (ဆာဓဟို)ကို ရောက်နေတာပါ။ နောက် အထပ်သား စက်ရုံတစ်ခုမှာ ကျနော်တို့ (၂၁)ရက် လုပ်ခဲ့ကြပါတယ်။
အလုပ်ရုံက work permit လုပ်မပေးလို့ ပြောတာကြောင့် ကျနော်တို့က ပွဲစားတွေကို ဖုန်းဆက်ပါတယ်။ ပွဲစားတွေက ဖုန်းမကိုင်ဘူး။ ကျနော်တို့ အားလုံး တိုင်ပင်ပြီးတော့ ပွဲစားတွေလာအောင် ဆိုပြီး အလုပ် တစ်ရက်မလုပ်ပဲ နားလိုက် ကြပါတယ်။ ဒါကြောင့် အလုပ်ရုံက ကျနော်တို့ကို အလုပ်က ထုတ်ပစ်လိုက် ပါတယ်။  ဒီတော့မှ ပွဲစားတွေလည်း ရောက်လာပါတယ်။


မေး   ဘယ်ကုမ္ပဏီလဲ၊ ပွဲစား နာမည်က ဘာတဲ့လဲ ပြောပြပါလား။


ဖြေ   ကော့သောင်းမှ ကိုရဲသွေးက ရနောင်းက ကိုလှဖုန်း ဆီကို လွှဲတယ် သူက တစ်ဆင့် ဘန်ကောက်က လှမင်းဆိုတဲ့ ပွဲစားဆီကို လွှဲပါတယ်။ အခုရောက်နေတဲ့ ဆာဓဟိုက ပန်းရံဆိုဒ် တစ်ခုကို လာပို့ထားပါတယ်။ ကျနော်တို့ကို ပွဲစားက တစ်ရက်ကို (၂၂၀)ရမယ်။ နေ့တိုင်း အချိန်ပို နှစ်နာရီ လုပ်ရမယ်။ ကျနော်တို့က ဘတ်(၃၀၀) ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး ဒီကို လိုက်လာ ကြပြန်တယ်။ လုပ်ငန်းခွင်ကို ရောက်လို့ လုပ်ငန်းရှင်နဲ့ ပြောကြတဲ့ အခါ အချိန်ပို နေ့တိုင်း မရှိဘူး။
အလုပ်လုပ်မယ့် တူတွေ၊ လွှတွေ အကုန်လုံး ကိုယ့်ပိုက်ဆံနဲ့ကိုဝယ်ရမယ်။ ရေကအစ ၀ယ်သုံးရမယ်ဆိုတော့ ကျနော်တို့ မလုပ်ချင်တော့ဘူး။ ဘန်ကောက်က ကိုလှမင်း ဆင်းလာပြီး ကျနော်တို့မှာ ရှိသမျှ စာရွက် စာတမ်းတွေကို သိမ်းယူ သွားတယ်။ ယာယီပတ်စ်ပို့ စာအုပ်လိုချင်ရင် ဘတ် (၁၂၀၀၀)ပေးရမယ်။ work permit ပါ ယူမယ်ဆိုရင် (၁၆၀၀၀)ပေးရမယ်လို့ ပြောပါတယ်။


မေး  ညီလေးတို့ ပြည်တွင်းမှာ  ငွေအများကြီး ကုန်ကျခံပြီး လာခဲ့တော့ ကိုယ်မှန်းခဲ့သလို မဖြစ်ဘူးလို့ ကျနော် နားလည်တယ်။ ညီလေးတို့လို ပြည်တွင်းက နြေ့ပီးတော့ ပြည်ပကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ဘာအကြံပြု ပြောချင်လဲ။


ဖြေ    ကျနော်တို့ လာမယ်လုပ်တုန်းက ပွဲစားတွေက ပြောတယ်။ ကိုယ့်ဆီမှာလို မပင်ပန်းဘူး။ တစ်လကို ကျပ်ငွေ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ရတယ်လို့ ပြောခဲ့တယ်။ တချို့ အိမ်တွေရောင်း၊ လယ်တွေကို ရောင်းပြီးတော့ လာခဲ့ကြတဲ့သူတွေ ပါတယ်။ ဒီပုံစံ အတိုင်းဆိုရင် ကျနော်တို့ ဘယ်လို လုပ်ရမလဲ မသိဖြစ်နေတယ်။  ကျနော်တို့ ဒုက္ခရောက်နေတယ်။ နောက်လူတွေ မလာပါနဲ့လို့ပဲ ပြောချင်ပါတယ်။

Source: Grassroots Human Rights

Thursday 22 September 2011

မြန်မာပြည်ပြောင်းလဲနေပြီဟု အမေရိကန်ဝန်ကြီးပြော

3400
၂၀၁၀ မေလ ၁၀ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော အမေရိကန် သံအရာရှိ လာရီဒင်ဂါ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AP)


မြန်မာပြည်တွင် အပြောင်းအလဲများ သိသိသာသာ မြင်လာရပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်တွင် မကြာမီတွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အဆင့်မြင့် အရာရှိကြီးတဦးက ယနေ့ ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ထင်ထင်ရှားရှား မြင်နေရပြီလို့ ကျနော်ထင်ပါတယ်။ အခြေအနေကတော့ သဲကွဲမှု မရှိသေးဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့သူတွေကတော့ ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတာကို သတိထားမိကြပါတယ်” ဟု  အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။
မစ္စတာကာ့တ်ကမ်းဘဲလ်ကယခုတပတ်အတွင်းအမေရိကန်အရာရှိများနှင့် မြန်မာပြည်ရေးရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။

မကြာသေးခင်က   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် မြန်မာပြည်သွားရောက်စဉ် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလွှာအသီးသီးမှ ကိုယ်စားလှယ်တို့နှင့် “စိတ်ကျေနပ်ဖွယ်ကောင်းသည့် ဆွေးနွေးပွဲများ” ပြုလုပ်နိုင်ခဲ့သည်ဟု  မစ္စတာ ကာ့တ်ကမ်းဘဲလ်က  ပြောသည်။

သို့သော်လည်း  အထူး စိုးရိမ်ဖွယ် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ရှိနေတယ်။ ပြီးတော့ ဖိနှိပ်မှုတွေလည်း နေ့တိုင်း ဆက်ဖြစ်နေတုန်းပဲ” ဟု   မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

“တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လတွေအတွင်း ကျနော်တို့ မြင်ရတာတွေဟာ ဟိုတုန်းက စဉ်းစားမထားမိတာတွေပါ။ သမ္မတသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆင့်မြင့်ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပါတယ်” ဟု မစ္စတာ  ကာ့တ်ကမ်းဘဲလ်က ပြောသည်။

ကနဦးဖြစ်ပေါ်လာသော ခြေလှမ်းများ နောက်ပြန်ဆုတ်သွားနိုင်သဖြင့် ဂရုစိုက် ကိုင်တွယ်ရန် အရေးကြီးကြောင်း၊ ထိုဖြစ်ထွန်းမှုတို့ကို လျစ်လျူရှုခြင်းမပြုရန်လည်း အရေးကြီးကြောင်း သူက ပြောသည်။

“အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အရှေ့တောင်အာရှက မိတ်ဆွေတွေ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်တို့နဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေတာတွေ ရှိပါတယ်” ဟု မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

“ကျနော်တို့ရဲ့ ဆန္ဒကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တရားမ၀င်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ တခြားအင်အားစုတို့နဲ့  အစိုးရ ပြုလုပ်ခဲ့တဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ စတာတွေအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟုလည်း မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန်၊ လက်တွေ့ဖြစ်ထွန်းတိုးတက်မှုများ ထပ်မံပေါ်ပေါက်ရေး တွန်းအားပေးရန် အမေရိကန်အစိုးရက ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ်၂၀၀၉ နိုဝင်ဘာလ၊ ၂၀၁၀ မေလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ဖူးသည်။

သက်ကြီးရွယ်အို ဘိုးဘွားအချို့ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်မှ စွန့်ခွာ၍ တစ်နေရာနှင့်တစ်နေရာ ရွေ့လျားသွားလာကာ အသက်မွေးဝမ်းကျောင်း ပြုနေရသည့်ဖြစ်ရပ် များပြား

bi2104
သက်ကြီးရွယ်အို ဘိုးဘွားအချို့ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်မှစွန့်ခွာ၍ တစ်နေရာနှင့်တစ်နေရာ လှည့်လည်သွားလာကာ အသက်မွေး ၀မ်းကျောင်း ပြုနေရသည့် ဖြစ်ရပ်များများပြားနေကြောင်း မြို့တော်နေပြည်သူ များထံမှ သိရှိရသည်။ လူစည်ကားရာ နေရာများ၊ ဘတ်စကားဂိတ်များနှင့် အစား အသောက်ရောင်းချသည့်ဆိုင်များ ၀န်းကျင်၌ ယင်းကဲ့သို့ သက်ကြီးရွယ်အို များ တောင်းရမ်းစားသောက်နေကြသည့် ဖြစ်ရပ်များကို တွေ့ရှိနေရကြောင်း သိရှိရသည်။
အချို့သောသူများမှာ သားသမီး များမရှိကြသော ဘိုးဘွားများဖြစ်ကြ သော်လည်းအချို့မှာ သားသမီးများ ရှိကြသော်လည်း အဆိုပါ သားသမီး များမှ ဆက်လက်ကျွေးမွေး စောင့်ရှောက်ရန် အခက်အခဲများ ရှိကြသဖြင့် မိမိ ဆန္ဒသဘောအလျောက် နေရပ်မှစွန့်ခွာ၍ ခြေဦးတည့်ရာလှည့်လည် တောင်း ရမ်း စားသောက်နေကြသူများ ဖြစ်နေ ကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ နေအိမ်အား စွန့်ခွာသွားကြသည့် အဘိုးအဘွားများမှာ အသက် ၆၅ နှစ်နှင့် ၇၀ နှစ်ဝန်းကျင် များဖြစ်ကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ လှိုင်သာယာမြို့နယ် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန် ရှိသူများကလည်း ယင်းကဲ့သို့ အဘိုး အဘွားများ ပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ရပ်ကွက်အတွင်း လှည့်လည်ကာ အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးကြေညာနေမှုများလည်း ရှိ နေကြောင်း သိရှိရပါသည်။
''တချို့ကျတော့လည်း ဘိုးဘွား ရိပ်သာတွေရှိလျက်နဲ့ သားသမီးတွေ မြေးတွေကို သံယောဇဉ်မဖြတ်နိုင် ကြလို့ သားသမီးတွေအိမ်မှာပဲ ပေပေ တေတေနဲ့ကပ်နေကြတဲ့ ဘိုးဘွားတွေ လည်း အများကြီးရှိနေပါတယ်''ဒဂုံ မြို့သစ်အရှေ့ပိုင်း၌ နေထိုင်သူတစ်ဦး က ပြောပြခဲ့ပါသည်။
သက်ကြီးရွယ်အို ဘိုးဘွားများ အား ပြုစုစောင့်ရှောက်မှုအပိုင်းကို ကြည့်မည်ဆိုပါက အချို့သောဂိလာန ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများ အားလက်ခံရာ၌ ကန့်သတ်ချက်များ သိပ်မရှိဘဲ အကြမ်းဖျင်းအားဖြင့် အသက် ၇၀ နှင့်အထက် ပြုစုစောင့် ရှောက်မည့်သူမရှိသော (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် ပြုစုစောင့် ရှောက်မည့်သူရှိသော်လည်း ငြိုငြင်ခြင်းခံနေရသူ ဘိုးဘွားများအား လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော ရိပ်သာ များရှိနေသကဲ့သို့ အချို့ရိပ်သာများတွင် လည်း ရိပ်သာသို့ လာရောက်နေထိုင်လိုသူ ဘိုးဘွားများအား  အသက် ၇၀ ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ အမှန်တကယ် ပြုစုစောင့်ရှောက်မည့်သူ မရှိသည့်ဘိုးဘွားများသာ လက်ခံ လျက်ရှိကြောင်း သိရှိရသည်။
bi2101
နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသော အဘိုးများအားတွေ့ရစဉ်
''ဘိုးဘွားတွေကို ပြုစုစောင့် ရှောက်မယ့် သွေးသားဆွေမျိုး၊ နေ စရာ၊ ဆေးကုစရာမရှိတဲ့သူ။ အသက် ကတော့ ၇၀ ၀န်းကျင်လို့ သတ်မှတ် ထားပါတယ်။ အဓိက ဂိလာနဖြစ်နေ တဲ့ဘိုးဘွားတွေကိုပဲ ဦးစားပေးခေါ်ယူ သွားမှာပါ။ တချို့သားသမီး၊ ဆွေမျိုး တွေရှိပေမယ့် ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေမှာမရှိဘူးဆိုရင် ကျန်းမာ ရေးနဲ့ တခြားကန့်သတ်ချက်တွေကိုပါ အမှုဆောင်အဖွဲ့ဝင်တွေ ညှိနှိုင်းပြီး လက်ခံသွားမှာဖြစ်ပါတယ်။ တချို့ရိပ်သာကို ငွေဘယ်လောက်လှူပေးမယ်။ ဒီအဘိုးအဘွားကိုဖြင့် လက်ခံပေးပါ ဆိုတာမျိုးတွေ၊ ငွေနဲ့တွဲပြီးလာရောက်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ တကယ်လိုအပ်နေတဲ့ မိအိုဖအို တွေကိုပဲ ရွေးချယ်သွားမှာပါ'' ဟု ဆည်းဆာရိပ် ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပြခဲ့ပါသည်။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ မှာမူ နေထိုင်မကောင်းဖြစ်နေသည့် ဆင်းရဲနွမ်းပါးသော ဘိုးဘွားများကို အဓိက ဦးစားပေးလက်ခံလျက်ရှိပြီး အများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများမှဆက်သွယ်လာသည့်ဘိုးဘွား များကိုလည်း အခြေအနေပေါ် မူတည်၍ လက်ခံစောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးကြောင်း သိရှိရပါသည်။
''ပြီးခဲ့တဲ့လလောက်က စံပြဈေး ဈေးသူဈေးသားတွေကနေ အသက် ၇၀ လောက်ရှိတဲ့အဘွားတစ်ဦးကို စောင့်ရှောက်ပေးဖို့ ဆက်သွယ်လာ တယ်။ အဘွားကို ဈေးဆိုင်ပေါ်မှာ ဘယ်သူ လာပစ်သွားမှန်းမသိဘူး။ လိပ်စာမေးတော့လည်း သေချာမပြော နိုင်ဘူး။ ဒါကြောင့် ဈေးသူဈေးသားတွေက ရိပ်သာကို ဆက်သွယ်လာကြ တယ်။ ဒီလိုမျိုး အများနဲ့ဆိုင်တဲ့အဖွဲ့ အစည်းက ဆက်သွယ်လာကြတာမျိုးကို ရိပ်သာအမှုဆောင်ဝင်တွေ တိုင်ပင်ပြီး ဘိုးဘွားတွေနဲ့ အခြေအနေအလိုက် လက်ခံပေးပါတယ်''ဟုရိပ်သာမှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
တစ်နိုင်ငံလုံးတွင် ဘိုးဘွားရိပ် သာ ၆၅ခုရှိပြီး ဘိုးဘွားဦးရေ ၂၀၀၀ ကျော်ကို စောင့်ရှောက်ပေးထားလျက် ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း အသိအမှတ်ပြု ဘိုး ဘွားရိပ်သာ ၁၀ ခုရှိထားပြီး ဖြစ်ကာ အသိအမှတ်ပြုတင်ရန် ဆောင်ရွက်နေ သည့် ဘိုးဘွားရိပ်သာများလည်း ရှိနေကြောင်းသိရသည်။ ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသိအမှတ်ပြု ဘိုးဘွားရိပ်သာများအနက် နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ စောင့် ရှောက်ထားသော ဘိုးဘွားဦးရေမှာ လက်ရှိအားဖြင့်အများဆုံးဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅ ဒသမ ၂၃ သန်းသည် သက်ကြီးရွယ်အို များဖြစ်ကြပြီး အဆိုပါ သက်ကြီးရွယ် အိုများထဲတွင် ခိုကိုးရာမဲ့သက်ကြီး ရွယ်အိုဦးရေမှာ ခန့်မှန်းခြေအားဖြင့် ငါးသိန်းကျော်ရှိနိုင်မည်ဟု အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း သုံးသပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များအရ သိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၆၅  ခု ရှိသော်လည်း အဆိုပါဘိုးဘွားရိပ်သာ များ၌ သက်ကြီးရွယ်အိုဦးရေ ၂၀၀၀ ကျော်ကိုသာ လက်ခံစောင့်ရှောက်ထားကြောင်းနှင့် အဆိုပါ ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများကို လက်ခံရာ၌ ကန့်သတ်ချက်များပြားစွာမရှိသော်လည်း ရိပ်သာများတွင် နေထိုင်သည့် ဘိုးဘွားအရေအတွက်မှာမူ အလွန်နည်း ပါးနေသေးကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံတချို့တွင် မြန်မာ အစိုးရဘဏ်ခွဲများ ဖွင့်မည်

အစိုးရပိုင်ဘဏ်များ ဖြစ်ကြသော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)၊ မြန်မာ့ စီးပွားရေးဘဏ် (Myanma Economic Bank) နှင့် မြန်မာ့ ရင်းနှီး မြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ် (Myanma Investment Commerce Bank) စသည့် ဘဏ်သုံးခုတို့သည် အာဆီယံ နိုင်ငံတချို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ATWsept21
နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ် (ဓာတ်ပုံ - ဧရာဝတီ)
အစိုးရက နိုင်ငံခြား ကုန်သွယ်မှု လုပ်ငန်းများ တိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးတက်လာရေးအတွက် အာဆီယံနိုင်ငံ တချို့တွင် ဘဏ်ခွဲ ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောသည်။
“ဘဏ်ခွဲတွေဖွင့်ဖို့ ၀န်ထမ်း စိစစ်ရွေးချယ်တာတွေ လုပ်နေပြီ။ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းမှာ ဖွင့်မယ်။ ဘဏ္ဍာနဲ့ အခွန်ဝန်ကြီး ဌာနက ၀န်ထမ်းတွေကိုပဲ နိုင်ငံခြားလွှတ်ပြီး ဘဏ်လုပ်ငန်းတွေ လုပ်ရမှာပါ” ဟု အမည်မဖော်လိုသော ဘဏ်အရာရှိ တဦးက ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ခွဲ၊ မလေးရှား နိုင်ငံတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ ထိုင်းနိုင်ငံတွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ပိတ်ဆို့မှုများ ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာကုမ္ပဏီ အများစုသည် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ကာ ရောင်းဝယ်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်နေရသဖြင့် အာဆီယံနိုင်ငံတချို့တွင် မြန်မာဘဏ်ခွဲများ ပေါ်ပေါက်လာခြင်းသည် မြန်မာစီးပွားရေး လုပ်ငန်းရှင် များအတွက် များစွာအဆင်ပြေလာမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀န်းက သုံးသပ်သည်။

“စင်ကာပူမှာ ဘဏ်စာရင်းဖွင့်နိုင်ဖို့ ပွဲစားခပေးပြီး လုပ်ကြရတယ်။ စီးပွားရေး ပိတ်ဆို့မှု ရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ စင်ကာပူ ဘဏ်တွေဆီကပဲ အရောင်းအ၀ယ်၊ အလွှဲအပြောင်း လုပ်ရတာ။ ဘာပဲပြောပြော အခုလို အစိုးရဘဏ်ခွဲတွေ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာ ဖွင့်ထားလိုက်ရင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အများကြီး အားသာချက် ရှိလာမယ်။ မရှိတာထက်စာရင် ရှိတာက ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘဏ်တွေနဲ့ အပြိုင်အဆိုင် လုပ်နိုင်ဖို့လိုတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် တဦးက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နီးစပ်သော အသိုင်းအ၀န်းများမှ ထွက်ရှိလာသော သတင်းများအရ လာမည့် အောက်တိုဘာလအတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အပြောင်းအလဲသစ်များကို အစိုးရက လုပ်ဆောင် သွားမည်ဟု သိရသည်။

နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်ပြု

နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့် ပြည်တွင်းဘဏ် ၆ ခုရရှိ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာဖွင့်လှစ်မည် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုတို့ကို ကိုင်ဆောင် လဲလှယ်ရောင်းဝယ်မည်ဟု သိရ 

bi2101
နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရေးကောင်တာအား ဖွင့်လှစ်ရန် နေ့ရောညပါ ပြင်ဆင်နေပုံကို စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
နိုင်ငံခြားငွေကို ပြည်တွင်း၌ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်အား ဘဏ် ၆ ခုမှ ရရှိ ထားကြောင်းနှင့် ဗဟိုဘဏ်မှ သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြား ငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာအား ရန်ကုန်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြော ကြားခဲ့ပါသည်။

နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် ရရှိသည့် ဘဏ်များမှာ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
နိုင်ငံခြားငွေ တရားဝင်ကိုင် ဆောင် ရောင်းဝယ်ခွင့်ရသည့်ဘဏ် များအနေဖြင့် နိုင်ငံခြားငွေ သုံးမျိုးနှင် FEC တစ်မျိုး စုစုပေါင်း လေးမျိုး   ကို ရောင်းဝယ်လဲလှယ်ဖောက်ကား ခွင့်ပြုထားကြောင်း၊ စက်တင်ဘာလ ကုန်နှင့် အောက်တိုဘာလဆန်း ၀န်းကျင်ကာလတွင် အစောဆုံးဖွင့်လှစ် ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
''မြ၀တီ၊ အင်းဝ၊ စီဘီ၊ ကမ္ဘော ဇ၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အား လုံး ဘဏ်ခြောက်ခုက နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ် ဖောက်ကားခွင့် ရရှိထားပါပြီ။ ဖွင့်မယ့် နေရာက သိမ်ဖြူလမ်း အောက်ဘလောက်က အရင်နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာနေရာမှာဖွင့်ပါမယ်။ဘဏ်ခြောက်ဘဏ်စလုံး ပေါင်းဖွင့်မယ်။ကိုင်ဆောင်လဲလှယ်ခွင့်ရတဲ့ နိုင်ငံခြားငွေက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ် လာနဲ့ ယူရိုငွေကြေးတွေ ဖြစ်တယ်။ ဒါ့ အပြင် FEC ကိုလည်း လဲလှယ်ခွင့် ရရှိ ပါတယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမှာပါ။နိုင်ငံ ခြားငွေသုံးမျိုးနဲ့ ပြည်တွင်းကြားခံ ငွေကြေးတစ်မျိုး စုစုပေါင်းလေးမျိုး ကိုင်ဆောင် လဲလှယ်ရောင်းဝယ်ပေးမှာပါ။ အခုဖွင့်မယ့် ကောင်တာနေရာကို ပြင်ဆင် မွမ်းမံနေပါတယ်။ ဘဏ်တွေဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ကောင်တာ ပြီးတာနဲ့ဖွင့်မှာပါ။ စက်တင်ဘာလ ကုန်နဲ့ အောက်တိုဘာလဆန်းပိုင်း လောက်မှာ ဖွင့်ဖြစ်မယ်ထင်ပါတယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
ဘဏ်ဟောင်းများသာ နိုင်ငံခြား ငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရှိပြီး ဘဏ်သစ်များနိုင်ငံခြားငွေကိုင်ဆောင် ခွင့်မရရှိသည့်အပေါ် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က''နိုင်ငံ ခြားငွေကြေးတရားဝင် ကိုင်ဆောင် လဲလှယ်ခွင့်ပေးတဲ့အခါ ပြည်ပက နိုင် ငံခြားဘဏ်တွေနဲ့ချိတ်ဆက်ရပါတယ်။ ပြည်ပက နိုင်ငံခြားဘဏ်တွေက ပြည် တွင်းကဘဏ်တွေနဲ့ချိတ်ဆက်တဲ့အခါ အဓိကကတော့ အနည်းဆုံးသက်တမ်း သုံးနှစ် သက်တမ်းရှိရမယ်လို့ သတ်မှတ်လို့ ဘဏ်သစ်တွေ မပါတာပါ။ ခိုင်မာမှု-ယုံကြည်စိတ်ချရမှု၊အကျိုးအမြတ်ရရှိမှု ကိုကြည့်ပြီး ချိတ်ဆက်ကြတာပါ''ဟု ပြောကြားခဲ့ပါသည်။

မာန်သူရှိန်၊ စည်သူအောင်

ထိုင်းသို့ အမျိုးသမီးလုပ်သားများ G to G စနစ်ဖြင့် တရားဝင်ပို့ဆောင်

ထိုင်းနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံ အစိုးရ နှစ်နိုင်ငံ သဘောတူညီချက် (G to G) စနစ်အရ အလုပ်သမားဝန်ကြီးဌာန ၏ တရားဝင် ခွင့်ပြုချက်ဖြင့် မြန်မာအမျိုးသမီး အလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားဝင်ပို့ဆောင်ခွင့်ပေးလျက်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူရာတွင် အမျိုးသား အလုပ်သမားထက် အမျိုးသမီး အလုပ်သမားများကို ပိုမိုခေါ်ယူလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များထံမှ စုံစမ်း သိရှိရသည်။

အမျိုးသား အလုပ်သမား ၃၀ ခေါ်ရင် အမျိုးသမီးအလုပ်သမား ၁၂၀ လောက်ကို ခေါ်ပါတယ် ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အသက် ၄၀ အရွယ်အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ပို့ဆောင်မည် ဆိုပါက ပထမဦးစွာ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန သို့ အလုပ်သမား၏ ကိုယ်ရေး အချက်အလက်များနှင့် ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းယူ ရကြောင်း၊ အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှ သာလျှင် မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သော ကော့သောင်း မြို့သို့ပို့၍ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ဝန်ဆောင်မှုပေးကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်များတွင် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်း အတွက်သာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ကြသော မြန်မာ အမျိုးသမီး များသည် ရော်ဘာစက်ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ၊ အထည်ချုပ် စက်ရုံ၊ စည်သွတ်ဘူး စက်ရုံ၊ အချိုရည် စက်ရုံများတွင် အဓိကလုပ် ကိုင်ကြကြောင်း၊ အခြေခံလစာအဖြစ် တစ်ရက်လျှင် နေစရိတ် အပြီးအစီး ထိုင်းဘတ် ၁၇၆ ဝန်းကျင်မှ ၂၁၅ ဝန်းကျင် အထိ (အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ဝန်းကျင်မှ ခုနစ်ဒေါ်လာဝန်းကျင်အထိ) ရရှိနိုင်မည်ဖြစ်ကြောင်း၊ အချိန်အားဖြင့် တစ်ရက်လျှင် ရှစ်နာရီလုပ်ကိုင်ရမည်ဖြစ် ပြီး တစ်ပတ်လျှင် တစ်ရက်နားခွင့်ရရှိမည်ဖြစ်ကြောင်း အေဂျင်စီဈေးကွက်အတွင်းမှ သိရှိရသည်။


ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ထိုင်းအလုပ်ရှင်များ၏ တောင်းဆိုမှုအရ ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ဝန်ဆောင်မှုပေးလျက်ရှိရာ အေဂျင်စီဝန်ဆောင်ခမှာ ကျပ်သုံးသိန်းခွဲ ဝန်းကျင်မှ လေးသိန်းခွဲ ဝန်းကျင် အထိပေးရမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရသည့် အချိန်မှစ၍ ထိုင်းနိုင်ငံသို့ သွားခွင့်ရသည်အထိ အထွေထွေ စရိတ်များကို အလုပ်သမားဘက်မှ ကျခံစရာမလိုအပ်ဘဲ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ယူ၍ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်းတွင် သွားရောက်လုပ်ကိုင်ရသောအခါ ထိုင်းအလုပ်ရှင်က အလုပ်သမားကို နယ်စပ်မှ လာခေါ်ယူသော ကုန်ကျစရိတ်နှင့် အလုပ်သမားခေါ်ယူ အသုံးပြုထားရသည့် အထွေထွေ စရိတ်အတွက်မူ အလုပ်သမားရရှိသည့်လစာမှ တစ်လလျှင် ဘတ် ၁၀ဝ၀ နှုန်းဖြင့် ၁၀ လအရစ်ကျ ဖြတ်တောက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ဝန်ဆောင်မှု ပေးနေသော အေဂျင်စီများ၏ ပြောကြားချက်အရ သိရှိရသည်။


ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ အသက် ၅၀ နှစ်အရွယ်အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးကမူ ထိုင်းကို အမျိုးသမီး တရားဝင်သွားခွင့်ပြုလိုက်တာ ကောင်းပါတယ်။ တရားဝင်ခွင့်မပြု ဘူးဆိုရင်လည်း သွားနေ ကြတာပဲလေ။ အခုလို ခွင့်ပြုလိုက်တော့ လုပ်ငန်းခွင်မှာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ရင်လည်း သက်ဆိုင်ရာဌာနကို တရားဝင် တောင်းဆိုလို့ ရတာပေါ့၊ တရားဝင်အကူအညီတောင်းလို့ရတာပေါ့။ သူတို့အတွက် ပိုလုံခြုံသွားတာပေါ့ဟု ၄င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

Tuesday 20 September 2011

သက်ရှိမြစ် - လေးဖြူ



သက်မဲအရာဝတ္ထုတွေနှင့် သက်ရှိအရာဝတ္ထုတွေအပေါ်မှာ ကျွန်တော်တို့ရဲ့သဘောထားပုံခြင်း အတူကြပါဘူး၊ သက်မဲ့အရာတွေ ပျက်စီးဆုံးရှုံးသွားလျင်လည်း၊ ကျွန်တော်တို့ကသိပ်ပြီးလွမ်းဆွတ်တမ်းတနေလေ့မရှိပါဘူး။ သက်ရှိအရာတွေ ပျက်စီးဆုံရှုံးသွားပြီဆိုလျင်တော့ မေတ္တာတရားတွေနှင့် သနားကြင်နာမှုတွေအပြည့်နှင့်ယူကြုံးမရ ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့အတွက်တော့ ဧရာဝတီဟာ သက်မဲ့အရာတစ်ခုမဟုတ်ပါဘူး။ သွေးနှင့် သားနှင့် သက်ရှိမြစ်တစ်စင်းပါ။ ကျွန်တော်တို့ပိုင်ဆိုင်သမျှအရာတွေအားလုံး သူ့ဆီမှာပါဘဲ။ နဲနဲလေးမှ အဆုံးရှုံးအထိခိုက်ခံလို့မရတဲ့ သက်ရှိဖြစ်တစ်စင်းပါ။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတွေ အတိတ်ကနေ အခုအထိ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သိရှိမှတ်သားထားတဲ့ တစ်ဦးတည်းသောအရာဟာ ဧရာဝတီပါ။ သူဟာ ပုံဝတ္ထုတွေအများကြီး ရာဇ၀င်ဇာတ်ကြောင်းတွေအများကြီးကို သိရှိကြုံတွေ့ထားသူပါ။ 
ရဲရင့်မှုနှင့် စည်းလုံးမှု၊ အောင်မြင်မှုနှင့် ပျော်ရွှင်မှုတွေအများကြီးကို ကြုံတွေ့ခဲ့ရဖူးသလို၊ 
ရက်စက်မှုနှင့် သစ္စာမဲ့မှု သွေးပျက်မှု ကြောက်ရွံ့မှုအများကြီးကိုလည်း ကြုံတွေခဲ့ရတာ ဧရာဝတီပါ။ အမှန်တရားကို ထိမ်းသိမ်စောင့်ရှောက်သူ အများကြီးကိုတွေ့ရှိခဲ့ဖူးသလို၊ အမှန်တရားကို ချိုးဖောက်ဖျက်ဆီသူ အများကြီးကိုလည်း တွေ့ခဲ့ရဖူးတာ ဧရာဝတီပါ။ သူပြောပြမယ့် ပုံပြင်ဇာတ်လမ်းတွေမှာ ဂုဏ်ယူစရာတွေရှိသလို သင်္ခန်းစာယူစရာတွေလည်း တွေကြရမှာပါ။ 
နားထောင်တတ်မယ်ဆိုလျင် သူ့ရဲ့စကားပြောသံကို သူ့ရဲ့ရစီးသည်းသံမှာ ကြားနိုင်မှာပါ။ ကြည့်မြင်တတ်မယ်ဆိုလျင်လည်း သူ့ရဲ့ရေပြင်မှာ အတိတ်ရဲ့ပုံရိပ်တွေကို တွေမြင်နိုင်မှာပါ။ ဒီနှစ်ပိုင်းတွေမှာတော့ သူ့ရဲ့စကားသံတွေမှာ သူကိုယ်တိုင်ရဲ့အကြောင်းတွေ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ရဲ့နာကျင်မှုတွေ သူကိုယ်တိုင်ရဲ့ဝေဒနာတွေ သူကိုယ်တိုင်ရဲ့ပုံပြင်ဇာတ်ကြောင်းတွေကို ကျွန်တော်တို့အားလုံး ကြားသိမြင်တွေ့နေကြရပါတယ်။ 
သက်ရှိမြင်တစ်စင်းရဲ့ငြီးတွားသံတွေကို ကျွန်တော်တို့အားလုံး ပီပီသသနှင့် ကြားနေကြရပါပြီ။

ဧရာဝတီရဲ့အနာဂါတ် ငြိမ်းချမ်း လှပပါစေ......။

(ဆရားမြင့်မိုးအောင်ရဲ့အသံဖိုင်မှ ကူးယူဖေါ်ပြပါသည်)

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂,၃၀၀ ကျော်

ချင်းမိုင် (မဇ္ဈိမ)။        ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက်လွှတ်တော်၏ငွေစာရင်းကော်မတီမှ တနင်္လာနေ့တွင် ရှင်းလင်းပြောကြားသွားသည်ဟု အမတ်များအပြောအရ သိရသည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာ ဗဟိုအစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ်ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကိုပြောသည်။

meetlotdaw2
သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ (ဓါတ်ပုံ မဇ္ဈိမ)
ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များကပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက်တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံးပေါ်နေကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက်လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှစ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။

မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက်လိုငွေ ကိစ္စက ဘာမှတင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရတာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေပြနေကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့
ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။

ကားဟောင်းနှင့်ကားသစ် လဲလှယ်ရေး အစီအစဉ် ရှင်းလင်းမှုမရှိ

နှစ် ၄၀ ကျော် သက်တမ်းရှိ ကားဟောင်းများကို ကားသစ်များနှင့် အစားထိုးမည့် အစီအစဉ်အား စက်တင်ဘာ ၁၉ ရက်နေ့က စတင်လိုက်ပြီ ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း အဆင့်များ သေချာတိကျစွာ ထုတ်ပြန်ထားခြင်း မရှိသောကြောင့် ကားဟောင်းနှင့် ကားသစ် လဲလိုသူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

MM_Old_Cars
ရန်ကုန်တိုင်း ကညန ရုံးတွင် ကားဟောင်းများအပ်နှံရန် စာရင်းသွင်းနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွင် ကားဟောင်းများ စတင် အပ်နှံနိုင်ပြီဆိုသည်နှင့် ကညနတွင် ကားကိုစစ်ဆေးကာ မင်္ဂလာဒုံရှိ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်တွင် သွားရောက် အပ်နှံရမည်ဖြစ်ကြောင်း၊ ထိုသို့ စာရင်းအရ အပ်နှံပြီးပြီဆိုပါက အဆိုပါကားကို ၃ လ စီးခွင့်ရှိမည်ဖြစ်ကြောင်း၊ ၃ လပြည့်၍ ကားသစ်ရရှိမှ ကားဟောင်းကို ပြန်အပ်၍ ဖျက်ဆီးမည်ဖြစ်ကြောင်း ဝန်ကြီးများ၏သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့သော်လည်း ယခု အမှန်တကယ် ထိုသို့ မဟုတ်ကြောင်း ယမန်နေ့က ဘီ ၆၀၀ ကားဟောင်းသွားရောက် အပ်နှံသူ တဦးက ပြောသည်။
“ကားအပ်ပြီးရင် သုံးလ စီးခွင့်ရှိမယ်၊ ကားသစ်ရောက်မှ ကားဟောင်းကို ပြန်အပ်ပြီး ဖျက်ဆီးမယ်လို့ ပြောခဲ့ပေမယ့် အခုကျတော့ မင်္ဂလာဒုံမှာ ကားအပ်ပြီးတာနဲ့ လုံးဝ ကားပြန်ယူလို့ မရတော့ဘူး၊ တခါတည်း ကားကို ထားခဲ့ရမယ်လို့ ထုတ်ပြန်ထားပြန်တယ်” ဟု သူက ဆိုသည်။

ကားအပ်ပြီးသည့်နောက် နေပြည်တော်သို့ သွားရောက်ကာ ကားသွင်းခွင့် ပါမစ်လိုင်စင် လျှောက်ထားရမည်ဟု သိရ သော်လည်း ယူဆောင်သွားရမည့် စာရွက်စာတမ်းများကို သေချာစွာ မသိရသေးကြောင်း၊ အမေရိကန်ဒေါ်လာ ၃၅၀၀ ထက် မပိုသော ကား တင်သွင်းခွင့် လိုင်စင်အတွက် နိုင်ငံခြားဘဏ် စာရင်းလိုအပ်သည်ဟု ဆိုသော်လည်း မည်သို့မည်ပုံ ဘဏ် ငွေစာရင်း ဖွင့်လှစ်ရမည်ကို မသိရှိကြောင်း၊ အခွန်ဆောင်ရာတွင်လည်း ဒေါ်လာနှင့် ဆောင်ရမည် (သို့မဟုတ်) ကျပ်ငွေနှင့် ဆောင်ရမည် ဆိုသည်ကို ရှင်းလင်းစွာ ထုတ်ပြန်ခြင်းမရှိကြောင်း ကားဟောင်းပိုင်ရှင်များက ပြောဆိုနေကြသည်။

“ကားအပ်ပြီးတာနဲ့ နေပြည်တော် လိုင်စင်သွားလျှောက်ခိုင်းတယ်။ ရန်ကုန်မှာပဲ တခါတည်း ထုတ်ပေးလို့ ရရဲ့သားနဲ့ ထုတ်မပေး တာကလည်း အတော်ကို အခက်အခဲ ဖြစ်စေပါတယ်။ နောက်ပြီး နိုင်ငံခြားဘဏ်ငွေစာရင်း ဖွင့်ထားရမယ် ဆိုတာလည်း ဘာမှ အသေအချာ မသိဘူး။ ဒေါ်လာဝယ်ပြီး ဘဏ်ထဲ ထည့်လို့ရသလား၊ နိုင်ငံခြားကနေ ကားဘယ်လို သွင်းရမလဲ ဆိုတာလည်း မသိဘူး။ အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်။ ကညနရုံးက ၀န်ထမ်းတွေကို မေးတော့လည်း ဘာမှ ရေရေရာရာ မဖြေနိုင်ကြဘူး” ဟု ရန်ကုန် လသာမြို့နယ်မှ ကားဟောင်း အပ်နှံသူတဦးက ဆိုသည်။

ကားဟောင်းများအား ကားသစ်များနှင့် အစားထိုး လဲလှယ်ရန် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီ တချို့လည်း ပေါ်ပေါက်လာပြီး ကားဟောင်းအပ်ပြီးချိန်မှ ကားသစ် လက်ထဲရောက်သည်အထိ ၀န်ဆောင်မှုပေးမည်ဟု ဆိုကာ အကျိုးဆောင်ခ ကျပ်သိန်း ဆယ်ဂဏန်းချီ တောင်းယူကြကြောင်း သိရသည်။

“ကိုယ်မလုပ်တတ်လို့ ၀န်ဆောင်မှု ပေးမယ်ဆိုတဲ့ ကုမ္ပဏီကို အပ်မလို့ သွားစုံစမ်းတာ။ ကုမ္ပဏီက ကားလက်ထဲ ရောက်မှ ၀န်ဆောင်ခ အပါအ၀င် ကုန်ကျစရိတ်တွက်ပြီး ပေးရမယ်ပြောတယ်။ ကုန်ကျစရိတ် အတိအကျ မပြောပြဘူး။ ၀န်ဆောင်ခကလည်း သိန်း ဆယ်ဂဏန်းချီ ကျမယ်ပြောတယ်” ဟု စီးပွားရေးသမားတဦးက ပြောသည်။

ကားဟောင်း အများစုသည် မူလကားပိုင်ရှင်များ လက်ထဲတွင် မရှိတော့ဘဲ ငွေကြေးတတ်နိုင်သူများက ဈေးအဆမတန်ပေး ၀ယ်ယူ ထားကြကြောင်း သိရှိရသည်။ ယခင်က ကျပ် သိန်း ၂၀ ခန့်ဈေးရှိသည့် ဘီ ၆၀၀ လေးဘီးကား တစီးလျင် ယခု ကျပ် ၆၅ သိန်းအထိ ဈေးမြင့်တက်သွားပြီး ငွေများများ လက်ဝယ်ရှိသူတို့က ကားဟောင်းများကို အစီး ၂၀၊ ၃၀ အထိပင် ဝယ်ယူ ကြကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့ သူတွေက ကားတွေလိုက်ဝယ်၊ ယာဉ်ပိုင်ရှင် အမည်ပြောင်း လုပ်ကြတယ်။ အဲဒီလို ပြောင်းတဲ့ အခါကျတော့ ကညန နဲ့ ပြည်တွင်းအခွန်များရုံးက ကားတစီးကို ကျပ် ၃ သိန်း လောက်ယူပြီး အမည်ပြောင်းပေးတယ်။ မြန်မြန် လုပ်ချင်တဲ့ သူတွေက ပွဲစားနဲ့ချိတ်ဆက်ပြီး ၀န်ထမ်းတွေကို ငွေပေး လုပ်ကြတာပဲ” ဟု လသာမြို့နယ်မှ ကားပိုင်ရှင်က ဆိုသည်။

ကညန ရုံးတွင် ၀န်ထမ်းများအား ငွေပိုမပေးရန်နှင့် လာဘ်ပေးလာဘ်ယူမှု ရှိလာပါက တိုင်းဦးစီးမှူးထံ ဖုန်းနံပါတ် ၀၁ - ၅၆၂၇၅၇ သို့ တိုင်ကြားရန် ကြေညာချက် ထုတ်ထားသည်။

“၀န်ထမ်းတွေကလည်း ပေါ်တင်ကြီး ပိုက်ဆံပေးဆိုပြီး တောင်းတာမဟုတ်ဘူး။ အပြင်မှာ ပွဲစားက မြန်မြန်လုပ်ပေးမယ် ဆိုပြီး တခါတည်းချိတ်ပြီး လုပ်ကြတာ။ တိုင်ကြားနိုင်သည်လို့ စာတန်း ကပ်ထားလည်း အလကားပဲ” ဟု အထက်ပါ ကားပိုင်ရှင်က ရှင်းပြသည်။

အစိုးရက ကားသစ်တစီးလျှင် ကညနအခွန်အဖြစ် ကားတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း၊ အကောက်ခွန် ၄၀ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကားဟောင်းများကို ကားသစ်အစားထိုးရေး အစီအစဉ်အား ၂၀၁၁ စက်တင်ဘာလ ၁၉ ရက်မှ ၂၀၁၂ မတ်လ အထိ ကားဟောင်းသက်တမ်း အလိုက် အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

မြန်မာ့အရေး အိန္ဒိယ သံအမတ်ဟောင်းများ ဆွေးနွေး

နယူးဒေလီ (မဇ္ဈိမ) ။        ။ “မြန်မာပြည် စပ်ကူးမတ်ကူး ကာလ၊ အာရှတိုက်သားများ အမြင်” Myanmar in Transition: Asian Perspectives ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ စဏကျပူရ သံတမန် ရပ်ကွက်တွင် တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့သည်။

တံခါးပိတ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် သံအမတ်ကြီးများအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူများ၊ အိန္ဒိယ နိုင်ငံခြား
ရေး အတွင်းဝန်ဟောင်းများ၊အိန္ဒိယ ကြည်းတပ်၊ ရေတပ်မှ ဗိုလ်ချုပ်ကြီးဟောင်းများ တက်ရောက်ကြသည်။ မြန်မာ
ပြည် အပေါ် ချမှတ်ထားသည့် လက်ရှိ အိန္ဒိယ အစိုးရပေါ်လစီအား ကမ္ဘာ့အခင်းအကျင်း၊ အိမ်နီးချင်း အခင်းအကျင်း များနှင့် လျော်ညီစွာ ပြောင်းလဲချမှတ်သင့်ကြောင်း အိန္ဒိယ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

“အိန္ဒိယက ဗမာပေါ်လစီကို ပြောင်းလာခဲ့တဲ့ ၁၉၉၂ ကစပြီး ကြည့်ရင် ဆယ်စုနှစ် ၂ခု ပြည့်တော့မယ်ပေါ့။ ဘယ်လောက် အကျိုးကျေးဇူး ရသလဲ ဆိုတဲ့ အချက်တွေကိုလည်း ကြည့်ကြတော့ ခုလို ဆက်ဆံရေး အနေအထား
ပေါ်လစီကို ထားရုံနဲ့တော့ မဖြစ်သေးဘူးဆိုတဲ့ကောက်ချက်ကို ချကြတာ များပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်
ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာပြည်အကြောင်း စာအုပ်များ ရေးသားပြုစုခဲ့သူ Bertil Lintner လည်း Political Reconciliation –
Reality or Chimera? စာတမ်း တင်သွင်းခဲ့ကြောင်း “သူကတော့ အခုဖြစ်နေတဲ့ အပြောင်းအလဲဆိုတာ တွေဟာ တကယ် ယုံကြည်စရာ မကောင်းသေးဘူးဆိုတဲ့ဒေါင့်က ပြောပြီးတော့၊ အခုဖြစ်ပျက် ပြောင်းလဲနေတာတွေဟာ
နောက်ကြောင်း မပြန်နိုင်စရာအကြောင်း မဟုတ်တာတွေ ဖြစ်တယ် These are not irreversible. ဆိုတာနဲ့ နိဂုံး ချုပ်ပါတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

ဆွေးနွေးပွဲအား Vivekananda International Foundation မှ ကမကထပြု စီစဉ်ခြင်း ဖြစ်ပြီး မနက်ပိုင်းတွင်
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးကြပြီး ညနေပိုင်းတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ စီစဉ်ရာတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇင်ယော်လည်း ပါဝင်ဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်မလာခဲ့ပေ။ အငြိမ်းစား သံအမတ်ကြီးများ ဖြစ်ကြသည့်
Amb Ranjit Gupta, Amb Rajiv Sikri, Amb Kanwal Sibal, Amb Rajiv Bhatia နှင့် Amb Bhaskar Mitra တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး လူ ၃ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲမှာ တံခါးပိတ် ဆွေးနွေးပွဲဖြစ်သည့် အလျောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် အငြိမ်းစား အရာရှိကြီးများ၏ ဆွေးနွေးချက်များအား တာဝန်ထမ်းဆောင်ဆဲ အိန္ဒိယ အရာရှိများက အလေးတယူ ပြုလေ့ရှိသဖြင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးအတွက် အကျိုးရှိနိုင်ကြောင်း
ဒေါက်တာတင့်ဆွေက ပြောဆိုသွားသည်။

ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ

မေမေ
ဒီနေကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပီ
ဆရာမက
မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို
ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ
မေမေရယ်

ဖေဖေ
လမ်းထိပ်က
သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ
အရမ်းစီးချင်လို
သူငယ်ချင်းကို
ပူဆာမိပါတယ်
သူကနင့်အဖေကို
ဝယ်ခိုင်းပါလားတဲ့
သမီးလည်း
ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက
အဝေးကီးမှာ
အလုပ်သွားလုပ်တာလို
ပြန်လာရင်
ကားကီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို
ဖေဖေ
လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော်
ဖေဖေနော်
မေမေ
ဒီနေကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့
အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲထွက်သွားတဲ့
ကျောင်းကားကီးကိုကြည့်ပီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး
မေမေရယ်
မေမေမပါဘဲလည်း
သမီးမသွားချင်ပါဘူး
သမီးကို
မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်

ဖေဖေ
ဒီနေဆရာမက
တိုင်းပြည်အတွက်
အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း
ပြောပြတယ်
စစ်သားဝတ်စုံနဲ
ခန်ခန်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို
ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ

မေမေ
သမီးဒီနေ
နေမကောင်းဘူး
အားရော့ပီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲတဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား
ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကီးဖြစ်မှ
မေမေနဲဖေဖေတိုကို
လိုက်ရှာနိုင်မှာလေ

ဖေဖေရေ
အခုလေ
သမီးနားမှာ
လူတွေအများကီးပဲ
ဆရာဝန်မလေးတွေနဲသမီးဆရာမနဲ
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတိုကသမီးကိုလာကြည့်ပီး
သမီးကို
ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ်
မေမေရယ် ဖေဖေရယ်
အတူတူ
လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို
မျက်ရည်တောင်ကျတယ်
ဖေဖေ
မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက
သေတော့မှာတဲ့
သမီးကဘာလိုသေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ
သူပြောတာမယုံနဲနော်
သမီးနေကောင်းသွားရင်
မြန်မာပြည်အနှံ
မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ
ဒီနေထူးဆန်းတယ်
သမီးအနားမှာ
အားလုံးက
ဝမ်းနည်းတဲ့
မျက်လုံးတွေနဲ
သမီးကိုကြည့်နေကြတယ်
ဆရာမက
သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက
သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ
ဆရာမရယ်

ဟင်
ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း
အသံတွေ ဝူးတူးဝါးတားနဲ
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး
ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်တယ်
မေမေ
ဖေဖေ
သမီးနေကောင်းသွားရင်
လာရှာမယ်နော် နော်
စောင့်စောင့်
နေနော်
……………….
………….
…….

*Snowflake*

(ရေးမယ်ရေးမယ်နဲ့
အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့
AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ
ကဗျာဆိုတာထက် ဒိုင်ယာရီတစ်ခုလိုမျို ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက
သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့်
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့် မရှိခဲ့တာကို သတိပြုမိပါကြောင်း)



Monday 19 September 2011

ကြိုးစင်ပေါ်က ဧရာဝတီ

IRRAWADDY ON THE GALLOWS
ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာအစမှ ပင်လယ်တွင်းစီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊ မည်သည့် နိုင်ငံ ကမှ အကြောင်းမဲ့လာရောက်ချယ်လှယ်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစင်း ဖြစ်ပါသည်။
လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများစီးဆင်းမှုကိုလိုက်၍ အညာနှင့်အကြေ ဆက်စပ်ဖွံ့ဖြိုး စည်ပင်လာခဲ့သည်ဖြစ်ရာ၊ ဧရာဝတီမြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံ စသည့် မြန်မာ ရတနာရှေးဟောင်း မြို့ကြီးများဖြင့် ရောင်းဝယ် ဖေါက်ကားကုန်သွယ်ခဲ့ကြကာ၊ မြန်မာနိုင်ငံ ဖြစ်တည်တိုးတက်လာခဲ့ပေသည်။ ထို့ပြင် ဧရာဝ တီမြစ်ကြီးကြောင့် လူမျိုးစုအချင်းချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလန်းများလည်း ရရှိခဲ့ပေသည်။

WWF ၏ ဆန်းစစ်ချက်အရ ကမ္ဘာပေါ်တွင် ကီလိုမီတာ ၁ဝဝဝ ထက်ရှည်သော မြစ်ကြီးပေါင်း ၁၇၇ စင်းရှိသည့်အနက်၊ ယခုအခါ ပင်မမြစ် (Main Stream) ကို ထိမ်းချုပ်ထားခြင်းမရှိဘဲ၊ လွတ်လပ်စွာ စီးဆင်းနေသော (Free-Flowing River) မြစ်ကြီးပေါင်း ၆၄ ခုသာ ကျန်ရှိနေတော့ကြောင်း ဖေါ်ပြထားရာ၊ အာရှတွင် ရှားပါးစာရင်းဝင် (၃) ခုမှာ အိန္ဒိယ နိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်နှင့် မြန်မာနိုင်ငံတွင် ဧရာဝတီနှင့် သံလွင်တို့ ဖြစ်ကြပါသည်။
ဗြဟ္မပုတ္တရမြစ်တွင်၊ လက်တက်များပေါ်၌သာ ဖွံ့ဖြိုးရေးဆည်လုပ်ငန်းများ တည်ဆောက်ရန်ရှိပြီး၊ ပင်မမြစ်ပေါ်တွင် အ လားအလာ မရှိပါ။ သို့ရာတွင် သံလွင်မြစ်ပေါ် တရုတ်နိုင်ငံဘက်ခြမ်း၌ တမံ (၁၃) ခုကို အဆင့်ဆင့် (Cascade) တည် ဆောက်ပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ဟတ်ကြီးနှင့် တာဆန်းရေကာတာများ တည်ဆောက်နေကြာင်း တွေ့ရှိရပါသည်။ ဧရာဝတီ မြစ်တွင်လည်း မြစ်မကြီးပေါ်၌ မြစ်ဆုံတမံနှင့် မေခ၊ မေလိခမြစ်တို့ပေါ်တွင် အခြားတမံ (၇) ခုကို တည်ဆောက် ရန် စီစဉ်နေသဖြင့် Free-Flowing River စာရင်းမှ ပယ်ဖျက်ရတော့မည် ဖြစ်ပေသည်။ ယခုအခါ တရုတ်နိုင်ငံ၏ စွမ်းရည် လိုအပ်မှုမှာ တဟုန်တိုးမြင့်တက်လာနေရာ ပတ်ဝန်းကျင်နိုင်ငံများ၏ မြစ်ချောင်းများပေါ်တွင် ဈေးပေါပေါနှင့် ရေအား လျှပ်စစ်ရရှိရေး မက်လုံးပေးကြိုးစားလျှက်ရှိပါသည်။
သဘာဝအားဖြင့် မြစ်ဖျားခံရာဒေသနှင့် ပင်လယ်တို့ဆက်စပ်မှုရှိသော မြစ်ကြီးများတွင် ငါးနှင့် ရေနေသတ္တဝါတို့ ပေါက် ဖွားမှုမှလည်း ဆက်စပ်လျှက်ရှိပြီး ဂေဟစနစ်ချိန်ညှိမှုအကျိုးဆက်မှာ အလွန်အရေးပါကြောင်းတွေ့ရှိရပါသည်။ WWF က ထောက်ပြထားသည်မှာ မြစ်ဝကျွန်းပေါ် (Delta) ရှိ မြစ်ချောင်းများသည် ပင်လယ်ဒေသ (estuary) နှင့် ဂေဟစနစ်ဆက် စပ်နေကြောင်း၊ တဖန် မြစ်ဝကျွန်းပေါ်သည်လည်း မြစ်ညာရှိ မြစ်စ (Source) နှင့် ဆက်စပ်မှုရှိသဖြင့် တခုနှင့် တခုဆက် စပ်မှုကို ဖြတ်တောက်လက်သည်နှင့် ဂေဟစနစ်ပျက်ပြယ်ကာ၊ ပင်လယ်ထွက်ကုန် ငါးပုဇွန်များ ထုတ်လုပ်မှုကို ဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း ဖေါ်ပြထားပါသည်။ မြစ်မတွင် ရေလှောင်တမံ တည်ဆောက်ခြင်းကြောင့်၊ လွတ်လပ်စွာ စီးဆင်းနေ မှုကို ပိတ်ပင်လိုက်သဖြင့် သဘာဝရေစီးဆင်းမှု (Natural Stream Flow) အစား လူလုပ်စီးဆင်းမှု (Man made Stream Flow) ဖြစ်သွားသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏ မူရင်းဒေသများ ထိခိုက်ကာ၊ ဌာနေတိရိစ္ဆာန် မျိုးစိတ်များ ပျောက်ကွယ်သွား နိုင်ပေသည်။
ဧရာဝတီမြစ်ဆုံတမံ၏ ရေဆင်းဧရိယာအတွင်းရှိ မေခနှင့် မေလိခမြစ်တို့၏ ရေဝေရေလဲ တောင်ကြောများမှာ ဟိမဝန္တာ တောင်ကြီး၏အရှေ့ဘက်အကျဆုံးအစွန်း (Eastern most) ဖြစ်ပြီး၊ အထူးသဖြင့် မေလိခမြစ်ဘက်ခြမ်းမှာ ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်မရှိသဖြင့် သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးခြင်း မရှိသေးသည့် ဒေသဖြစ်ပေရာ၊ ရှားပါးမျိုးစိတ် Flora နှင့် Fauna များကို တွေ့မြင်နိုင်ပေသည်။ အခြားရှားပါးသော၊ ပန်ဒါဝက်ဝံအနီ၊ ဝက်ဝံအမဲ၊ သားမင်း၊ ငှက်အမျိုး မျိုး၊ မျောက်အမျိုးမျိုး၊ သစ်ခွအမျိုးမျိုး၊ လိပ်ပြာအမျိုးမျိုး၊ ဒေသသုံးဆေးဝါးအပင် အမျိုးမျိုး၊ အဖိုးတန်သစ်ဥသစ်ဖုများ ရှားပါ စွာ ပေါက်ရောက်ကြသဖြင့် လွန်စွာအဖိုးထိုက်တန် လှပေသည်။ ထို့ပြင် ချစ်ခင်ဘွယ်ကောင်းသော ညီနောင် တိုင်း ရင်းသားများဖြစ်သည့် ကချင်၊ ရဝမ်၊ လီဆူး၊ ဂျိန်းဖော စသည်တို့၏ နေရင်းဒေသလည်း ဖြစ်ပေရာ၊ တမံ တည်ဆောက် လိုက်သဖြင့် မည်မျှထိခိုက်သွားမည်ကို တွေးကြည့်ရန်ပင် မစဉ်းစားရဲအောင် ဖြစ်ရပေသည်။ တမံကို နှစ်နှင့်ချီ၍ တည် ဆောက်ရမည်ဖြစ်ရာ၊ လူသံ၊ စက်သံ၊ တောင်ဖြိုသံ၊ မိုင်းခွဲသံ၊ လမ်းဖေါက်သံ စသည့် အသံဆိုးများကြောင့် တိုင်းရင်း သားမျိုးနွယ် စုများ၊ တောနေသတ္တဝါများနှင့် ရေနေသတ္တဝါများအားလုံး ထွက်ပြေး၊ သေဆုံး ပျောက်ကွယ်သွားကြမည် မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါသည်။
ASEAN (၁ဝ) နိုင်ငံသည် အပူပိုင်းဇုံတွင်း (Tropical) ကျရောက်သော်လည်း၊ မြန်မာနိုင်ငံတခုတည်းသာ၊ ဟိမဝန္တာ တောင်ကြီး၏ အရှေ့ဘက်အကျဆုံးအစွန်းနှင့် ထိစပ်နေသဖြင့်၊ နှင်းဖုံးသောတောင်တန်းများ (Snow-capped Mountain) ရေခဲမြစ်များ တည်ရှိပြီး လူတို့တက်ရောက်နိုင်သည့် တခုတည်းသော နိုင်ငံ ဖြစ်ပါသည်။ အခြား (၉) နိုင်ငံ တွင် မရှိပါ။ ရောက်ဖူးလို၏၊ တက်ရောက်လို၏၊ တွေ့မြင်လို၏၊ ခံစားလို၏၊ ASEAN ၏ ဆွစ်ဇာလန်နိုင်ငံ ဖြစ်ပေသည်။ တောင်ပေါ်တွင် ရေခဲပြင် လျှောစီးနိုင်၏ (Skiing)?၊ တောင်ပေါ်လမ်းများ ရှာ၍ လျှောက်နိုင်၏ (Mountain Trekking)? တောင်ကုန်းအဖုအထစ်များကြားတွင် အခက်အခဲစက်ဘီး စီးနိုင်၏ (Mountain Biking)?၊ ထို့ပြင် သဘာဝ အခြေခံခရီး သွားခြင်း ( Eco-tourism) ကိုလည်း ပြုလုပ်နိုင်၏၊ အရှေ့တောင်အာရှတွင် မည်သည့်နိုင်ငံတွင်မှ မရှိသော၊ ရင်ခုံစွန့်စား ရသည့် ရာဘာဖေါင်နှင့် ရေစီးသန်ကာ အနိမ့်အမြင့်နှင့် အလျောကောင်းသော မေလိခမြစ်အတွင်း ကျောက်ဆောင်များ အကြား မျှောချနိုင်၏ (White Water Rafting)? စွန့်စားလိုသူတို့အတွက် နိဗ္ဗာန်ဘုံပင် ဖြစ်ပေသည်။
အခြေအနေပေးပါက၊ ကမ္ဘာလှည့်ခရီးသွားများလာရောက်မည်သာဖြစ်ပြီး ငွေကိုသဲ့ယူနိုင်သည့် မြစ်အတွင်းတွင်၊ တမံအ ဆင့်ဆင့်ကို တည်ဆောက်လိုက်ခြင်းဖြင့် စွဲဆောင်နိုင်သည့် လုပ်ငန်းများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သဖြင့် ကမ္ဘာ တည်သရွေ့ ရေရှည်စဉ်ဆက်မပြတ် အကျိုးရှိနေသည့် (Sustainable) လုပ်ငန်းများကို မဖျက်ဆီးသင့်ပေ။
ရေနှင့်ပတ်သက်၍ဖွံ့ဖြိုးရေးကဏ္ဍများကို စဉ်းစားရာတွင်၊ Integrated Water Resources Management (IWRM) ဟု ခေါ်သော “ရေအရင်းမြစ်စမံမှုနှင့် ဆက်စပ်နေသော ကဏ္ဍအားလုံးကို တစုတရုံးတည်း ပေါင်းစပ်စဉ်းစားပေးခြင်း” ဖြင့်၊ နောင်သားစဉ်မြေးဆက် အဒွန့်ရှည် ခံစားနိုင်သည့် လုပ်ငန်းမျိုးဖြစ်သင့်ပေသည်။ ကဏ္ဍတခုတည်း ဖွံ့ဖြိုးတိုးတက်မှုအ တွက် အခြားကဏ္ဍများရှိပါက ထိခိုက်မှု မပြုလုပ်မိအောင် ပေါင်းစပ်စဉ်းစားတွေးခေါ်ခြင်း ဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းတွင် လုပ်ငန်း (၈) ခုပါဝင်ပြီး စုစုပေါင်း လျှပ်စစ် ထုတ်လုပ်မှုအင်အား ၁၈၄၉၉ MW ဖြစ်ရာ၊ လျှပ် စစ်ဦးစားပေးစီမံကိန်း (Power Oriented) ဖြစ်ပါသည်။
တိုးတက်နေသောခေတ်ကြီးတွင် ဆောင်ရွက်နေသောဘက်စုံစီမံကိန်း (Multi-purpose project) မျိုး မဟုတ်သည်ကို တွေ့ရှိရပါသည်။ အဖိုးတန်သော ဘက်စုံစီမံကိန်းကြီးများတွင် လျှပ်စစ်သာမက၊ စိုက်ပျိုးရေး၊ စက်ရုံသုံးနှင့် သောက်သုံး ရေ၊ သယ်ယူပို့ဆောင်ရေး၊ အပန်းဖြေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ပေါင်းစပ်ပါဝင်သဖြင့် ရေရှည်တည် တံ့သော လူမှုရေး စီးပွားရေးကဏ္ဍများ ပါဝင်ပါသည်။ မိမိ၏ အခန်းကဏ္ဍတခုတည်းကိုသာ၊ ဦးစားပေးဆောင် ရွက်မည် ဆိုပါက ဆိုးကျိုးများနှင့်ကြုံတွေ့ရန် အလားအလာများပါသည်။ ရေအရင်းအမြစ်ကို သတ်မပြစ်သင့်ပါ။
ရေသည် လွန်စွာတန်ဖိုးရှိသော စီးပွားရေးအထောက်အကူပြု ကုန်ကြမ်းပစ္စည်းဖြစ်သည်ဆိုသည်ကို ဂရုပြုရပါမည်။ ထို့ ကြောင့် ရေအရင်းအမြစ်ဖွံ့ဖြိုးရေး စီမံကိန်းကြီးများဆောင်ရွက်သည့်အခါ အလွှာအသီးသီးမှ ပါဝင်စဉ်းစားဆွေးနွေး ဆုံး ဖြတ်ကြရန် လမ်းဖွင့်ပေးရန်လိုအပ်ပါသည်။
တိုးတက်ဖွံ့ဖြိုးလျှက်ရှိသောနိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံရေးမှာ အဓိကမျှော်မှန်ချက်ဖြစ်ရာ ရေဖူလုံစွာ မရရှိပါက အ ဟန့်အတား ဖြစ်သွားနိုင်ပါသည်။ ရေအတွက် အာမခံချက်ရရှိရန်မှာ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် အဓိကသော့ ချက် ဖြစ်ပါသည်။
မြန်မာနိုင်ငံလူဦးရေ ၇ဝ% မှာ ကျေးလက်တွင် နေထိုင်ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လျှက်ရှိသော လုပ်ငန်း များတွင် ပါဝင်လုပ်ကိုင်လျှက်ရှိပါသည်။ ဆင်းရဲမှုလျော့နည်းပပျောက်ရေးအတွက် လက်ရှိအလုပ်အကိုင်များ မပပျောက် ရေးနှင့် လုပ်ငန်းအသစ်များ ဖန်တီးရှာဖွေပေးရေးမှာ လွန်စွာအရေးကြီးပါသည်။ လူဦးရေတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု ဆက်စပ် နေခြင်းကြောင့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။
“ဧရာဝတီမြစ်ဆုံ တမံပိတ်မှုကြောင့်၊ နွေရာသီမှာ ရေလှောင်တမံကနေ ရေထုတ် လွှတ်မှုကြောင့် (လျှပ်စစ်ဓါတ်ထုတ်ယူ မှုကြောင့်) နွေရာသီ ပုံမှန်မြစ်ရေစီးဆင်းမှုထက် ၁၆% ပိုများလာမယ်လို့ ဆိုပါတယ်။ ခြောက်သွေ့ရာသီကာလတွေရဲ့ ယခင် ပုံမှန်မြစ်ရေထုစီးနှုန်း ၁၈၃ဝ m3/s ကနေ ရေလှောင်တမံပြီးစီးချိန်မှာ ဖြစ်ပေါ်လာမယ့်မြစ်ရေထုစီးနှုန်းဟာ ၂၁၂ဝ m3/s အထိ တိုးတက်လာမှာ ဖြစ်ပါတယ်၊ ဒါကြောင့်တမံရဲ့ အောက်ဘက်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ မြစ်ရေ ဟာ ယခင်ပုံမှန်ထက် ၁.၅ ပေခန့် ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာသုံးသပ်ဖေါ်ထုတ်ထားပါတယ်” ဟု ရေးသား ကြော်ငြာထားသည်ကို တွေ့ရှိရပါသည်။ မြစ်ဆုံတမံမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အား၏ ၉၉% ကို တရုတ်နိုင်ငံက ရယူ မည်ဖြစ်ပြီး မြန်မာနိုင်ငံက ၁% သာ ရရှိသည်ဟု သိရှိရပါသည်။ တရုတ်နိုင်ငံ၏နွေရာသီ၌ လျှပ်စစ်ဓါတ်အား ပိုမိုလိုအပ်မှု ရှိနိုင်သည့်အလျှောက် ပိုမိုထုတ်ယူမည်သာဖြစ်ရာ ဖေါ်ပြထားသည့် နွေရာသီပုံမှန်မြစ်ရေစီးဆင်းမှု ၁၆% ကိန်းဂဏန်း ထက် ပိုမိုမည်သာ ဖြစ်ပါသည်။ အဓိကအကြောင်းရင်းမှာ ဧရာဝတီတွင် လက်ရှိ နွေရာသီသဘာဝ ရေကျဆင်းသွားသည် နှင့် ပေါ်ထွက်လာသော နုံးတင်မြေနုကျွန်းများ ဆုံးရှုံးသွားနိုင်ခြင်းပင် ဖြစ်ပါသည်။
ယာသမား၊ ကိုင်းသမားများမှာ နှစ်စဉ်ပေါ်ထွန်းလာသည့်၊ မြေနုကျွန်းများပေါ်တွင်၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်၊ ပဲအမျိုးမျိုး အပြင် အခြားဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းဖြင့် အလုပ်အကိုင်ရရှိကာ ဝင်ငွေရရှိစေပါသည်။ မြေနုကျွန်းများ ပျောက် ဆုံးသွားပါက ဧရာဝတီတနံတလျား အလုပ် လက်မဲ့ဖြစ်ကြမည့် ယာသမား၊ ကိုင်းသမားများကား၊ နည်းမည်မ ဟုတ်ပေ။
“ပိန်ညှင်း၊ ရေကြက်နှင့် ဟင်္သာငှက်တို့သည် သောင်ပြင်တွင် သက်ဆင်းနိုင်တော့မည် မဟုတ်သလို၊ ငါးကြင်းတွေဆန် ငါးတန်တွေမြူး၊ သောင်ချေဦးမှလ၊ ကိုတံငါလည်း လှေယဉ်စီး၍ ပိုက်ကြီးကိုရေချနိုင်တော့မည် မဟုတ်ပေ”။
ထို့အပြင်ခေတ် အဆက်ဆက်အသုံးချလာသော “မြေနုကျွန်းချထားရေးအက်ဥပဒေ’” ကိုလည်း၊ အသုံးမလိုတော့သဖြင့် ပြတိုက်တွင် သိမ်းဆည်းထားရန်သာရှိပါတော့သည်။
ထို့နည်းတူ မိုးရာသီတွင်လည်း ရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ပုံမှန်ရေထုထည် စီးနှုန်းထက် လျှော့နည်းသွားမည်ဖြစ် ရာ သဘာဝရေကြီးကွင်း၊ ရေနက်ကွင်းဧရိယာများလည်း လျော့နည်းကျဆင်းသွားမည် ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ သဘာဝရေနက်ကွင်းများ၊ ငဝန်မြစ်အနောက်ခြမ်းရေနက်ကွင်းများ စသည့် ဧရိယာများတွင် သဘာဝ ရေ မရောက်တော့သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့၍ အလုပ်လက်မဲ့ဖြစ်ကြပေတော့မည်။ သို့သော် မြစ်ဆုံတမံကြောင့် မိုးရာသီရေကြီးမှုအမြင့် လျော့နည်းသွားသဖြင့် မြစ်ဝကျွန်းပေါ် ရေဘေးကာကွယ်ရေး တာတမံများ အတွက် အသက်ရှုပေါက်ချောင်သွားနိုင်၏၊ ဒါပေမဲ့ သိတ်စိတ်ချ၍တော့ မဖြစ်သေး မိုးရွာခြင်း၊ ရေကြီးခြင်းစသည်တို့မှာ ကျဘမ်း ကိန်းစဉ် (Random Phenomena) များဖြစ်ကြ၏။ စာရင်းအင်းပညာ (Statistics) ဖြင့် တွက်ချက်၍ သဘာဝရေ ကြီးခြင်းကို ခန့်မှန်းနိုင်၏။
ယခုဤသို့မဟုတ်နိုင်တော့။ သဘာဝရေကြီးခြင်းမဟုတ်၊ လူကလုပ်သည် (Man-Made) ရေကြီးခြင်းဖြစ်ရာ ခန့်မှန်းရန် ခက် ခဲသွား၏။ ရေကြီးပါက ဆည်အကျိုးမခံဘဲ ရေလွှတ်ချမည်သာ ဖြစ်သည်။ ရေကြီးမှုဖြစ်စဉ်တွင် ဧရာဝတီက သုံးပုံ နှစ်ပုံ ပါဝင်၍ ချင်းတွင်းက သုံးပုံတပုံသာ ပါဝင်သည်။ မြစ်ဝကျွန်းပေါ်တာတမံများကို ခါတိုင်းထက်ပင်တိုး၍ စောင့်ကြပ်ရ မည့် သဘောရှိပေသည်။ နမူနာအားဖြင့် ထိုင်းနိုင်ငံအတွင်းရှိ “ဘူမိဘော” ရေလှောင်တမံမှ ဘာမပြောညာမပြော သူ့ ဆည် လြုံခုံရေးအတွက် ရေလွှတ်ချလိုက်ရာ မြန်မာနိုင်ငံသောင်ရင်းမြစ်အတွင်း သေလိုက်ကြတဲ့ မြန်မာတွေ…..
မြစ်ဆုံတမံရေကြီးမှုကို တရုတ်ကြီးက ချုံကင်း သို့မဟုတ် ပီကင်းမှ အဝေးထိန်းစနစ် (Remote control) နှင့် ထိန်းသိမ်း နိုင်၏။ ရေကြီးမှုသည်၊ စိုက်ပျိုးရေး၊ ရေကြောင်း၊ ဆောက်လုပ်ရေး၊ ဆည်မြောင်း၊ တာတမံ၊ စည်ပင်၊လမ်းတံတား စသည့် ကဏ္ဍအားလုံးနှင့် ဆက်စပ်နေ၏။
ရေကြီးပါက မည်သူနှင့်ညှိနှုင်းရမည်နည်း၊ တရုတ်ကြီးက “ဝ-မတိဘူးလ၊ လု၊ တို့ကိစ္စဘဲ” ဟုဆိုသော် မခက်ပါလော ၊…
“မြစ်ဆုံစီမံကိန်းရဲ့ တမံအမျိုးအစားဟာ ကွန်ကရစ်မျက်နှာဖြင့် ကျောက်ဖြည့်တမံ (Concrete Face Rock Fill Dam-CFRD) အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ CFRD အမျိုးအစားဟာ Zone Type တမံအမျိုးအစားထက်၊ ငလျှင်ဒဏ်ကို ခံနိုင် ရည် ရှိပါတယ်” ဟု ဖေါ်ပြထားပါသည်။
CFRD အမျိုးအစားတမံသည် ဖေါ်ပြပါအားသာချက်ရှိသကဲ့သို့ အခြားအားနည်းချက်များလည်း ရှိသည်ကို မမေ့သင့်ပါ။ တမံ တည်ဆောက်မည့်နေရာ မြစ်ကြမ်းပြင်အောက်ခံ ကျောက်အမျိုးအစား အလွန့်အလွန် (အလွန့်အလွန်) ကောင်းမွန် ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်နည်း၊ မြစ်ကြမ်းပြင်တွင် သပ်ကျင်းတူးပြီး ကွန်ကရစ်မျက်နှာပြင်အပြားကိုစောင်း၍ ပေ (၄၅ဝ) အမြင့်အထိ တည်ဆောက်ရမည်ဖြစ်ရာ ကုတ်အားကောင်းရန်အတွက် အောက်ခံကျောက် အထူးကောင်းမွန် ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ၎င်းကွန်ကရစ်မျက်နှာပြင်အပြား နောက်ဘက်မှ ကျောက်တုံးများစီ၍ တမံဆောက် မည်ဖြစ် ပါသည်။ ကွန်ကရစ် (ဘိလပ်မြေ) အကုန်အကျနည်းရန် အရေးကြီးသော ရှေ့ကာအပြားကိုသာ ကွန်ကရစ်ထား၍ နောက်ဘက်က ကျောက်စီခြင်း ဖြစ်ပါသည်။ ယင်းတမံမျိုးမှာ တရုတ် နိုင်ငံတွင် သုံးစွဲနေကြသော်လည်း နိုင်ငံတကာတွင် မူ ခေတ်မစားလှသေးပါ။
“အချို့စိုးရိမ်သလို တမံကျိုးတဲ့အဆင့်၊ ရေတွေဖွင့်ချရတဲ့အဆင့် ရောက်လာဖို့ဆိုတာ လုံးဝမဖြစ် နိုင်ပါဘူး” ဟု ရေးသား ဖေါ်ပြထားချက်ကို လက်ခံရန် ခက်ခဲလှပါသည်။ ရေကြီးသဖြင့် ရေလှောင်ကန်တခု ရေဖွင့်ချရသည်မှာ မဆန်းပါ။ မကြာ မီက အမေရိကန်နိုင်ငံတွင် မကြုံစဖူး မစ္စစပီမြစ်ရေကြီးရာ ရေတံခါးများ ဖွင့်ချခဲ့ရသဖြင့် မြို့ကြီးများစွာ ရေနစ်မြုပ်ခဲ့ရ သည်။ သို့သော် ကြိုတင်ကြေငြာ ထားသဖြင့် အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။ အဓိကတမံရေ ဆင်းဧရိယာအတွင်း မိုးရာသီ တွင် မိုးကြီးနိုင်၏ ရေကြီးနိုင်၏ တောင်ပြိုနိုင်၏ နွေရာသီတွင် ဟိမဝန္တာရေခဲတောင်များ အရည်ပျော်နိုင်၏ ဆည် အမျိုးအစားကောင်းကောင်း၊ ဒီဇိုင်းကောင်းကောင်း၊ ရေထုတ်အားကောင်း ကောင်း၊ Monitoring  စံနစ်ကောင်း ကောင်း လိုအပ်ပါသည်။
ကမ္ဘာပေါ်တွင် မည်သည့်ဆည် အမျိုးအစားမှ ရာနှုန်းပြည့်စိတ်ချရမှုအတွက် အာမခံချက် မရှိပါ။ ကြိုတင်သိရှိပြီး ကာ ကွယ်နိုင်ခြင်း ဖြင့်သာ၊ အခက်အခဲများ လျော့နည်းသွားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အီတလီနိုင်ငံရှိ Concrete Arch Dam ကြီးတခု၏ ရေလှောင်ကန်အတွင်း ညအချိန် တောင်ကြီးတခုလုံး ရုတ်တရက်ပြိုကျရာ၊ တမံ အောက်ဖက်ရှိ မြို့ကြီး တမြို့လုံး စိစိညက်ညက် ကြေသွားသည်ကို ယနေ့တိုင်လေ့ လာနိုင်ရန် ပြသထားပါသည်။ မြစ်ဆုံ တမံတခုခု ဖြစ်သွားပါ က ဧရာဝတီမြစ်ဖျားမှ ပင်လယ်ဝအထိ မြစ်ကိုဖြတ်၍ တည်ဆောက်ထားသော တံတားကြီးများ၊ သမိုင်းယဉ် ကျေးမှုနှစ် ပေါင်းထောင်ချီ၍ ရှိခဲ့သော မြို့ပြအိမ်ယာများသည် ဘင်္ဂလားပင်လယ်အော်အတွင်း သက်ဆင်း သွားနိုင်ပေသည်။
“ပိတ်ဆို့မှု (Sanction) ဆိုတာကြီးကြောင့်၊ ချေးငွေဆိုတာ နိတ္ထိဖြစ်၍ တရုတ်နိုင်ငံက Foreign Direct Investment (FDI) နှင့် တာဝန်ယူတည်ဆောက်ရသည်” ဟု ဖေါ်ပြထားချက်အတွက် စိတ်မကောင်းပါ။ သို့ရာတွင် တရုတ်နှင့် ချုပ် ဆိုသော စာချုပ်စာတမ်းများကို ထုတ်ပြန်ခြင်း မရှိ၍ အကျိုးအကြောင်း မသိရသော်လည်း (FDI) ဆိုခြင်း ကြောင့် ဆည် နှင့်တကွ ရေဝေရေလဲ ဧရိယာထိန်းချုပ်မှုအားလုံး တရုတ်လက်တွင်းသို့ နှစ်အကန့်အသတ်မရှိ ရောက်ရှိ သွားကြောင်း ယူဆဘွယ်ရာရှိပါသည်။ တရုတ်၏အကျင့်တခုမှာ ဥပမာသစ်ခုတ်ခွင့် သဘောတူညီမှုရစဉ်က အမြစ်ပါတူး၍ မြေလှန်ပြီး ရသမျှယူသောအကျင့် ဖြစ်ပါသည်။ ယခုလည်း မြစ်စုံစီမံကိန်းလုပ်ငန်းများ စသည်နှင့် ရွှေထွက်သော မြစ်ဆုံမြေများကို အကြောင်းအမျိုးမျိုးပြ၍ နေ့စဉ်အလုံပိတ်ကားကြီးများဖြင့် နယ်စပ်မှတဆင့် တရုတ်နိုင်ငံအတွင်း၊ အစစ်အဆေးအမေး အမြန်းမရှိ သယ်ဆောင်ပြီး ရွှေကျင်ရယူနေကြသည်။ ထို့ပြင် မြစ်ဆုံကျောက်ဟုခေါ်သော ကျောက် စိမ်းလည်းထွက်သေး ၏။
ရသမျှသယံဇာတအားလုံးကို ထုတ်ယူပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ပေတော့မည်။ သဘာဝ သယံဇာတများမှာ အဖိုး ထိုက်တန်သော ကုန်ကြမ်းပစ္စည်းများဖြစ်ရာ၊ မိမိပိုင်ပစ္စည်းများ လျော့နည်းမသွားစေရန် ထိန်းသိမ်းထားရေးမှာ နိုင်ငံ သားတိုင်း၌ တာဝန်ရှိပါသည်။
ရေအရင်းအမြစ်ကို သားစဉ်မြေးဆက်ရေရှည်တည်တံ့ခိုင်မြဲစေနိုင်သော နည်းလမ်းများဖြင့် ထိန်းသိမ်း အသုံးချသွားနိုင် ရေးသည်၊ အနာဂတ်လူအဖွဲ့အစည်းအတွက် အလွန်အရေးကြီးသော စိန်ခေါ်မှုများအနက် တခုဖြစ်ကြောင်းဖေါ်ပြရင်း၊ မြစ်ဆုံတမံ တည်ဆောက်ရေးကို စဉ်းစဉ်းစားစား လုပ်ပါဟုသာ တင်ပြလိုပါသည်။
(၂ဝ၁၁ ခုနှစ် သြဂုတ်လ (၉) နှင့် (၁ဝ) ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာပါ ဆောင်းပါးများကို ရည်ညွှန်းပါသည်)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes