Saturday 2 July 2011

ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့သူများ သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်

ရန်ကုန်၊ ဇွန် ၁၈- ပြည်ပတွင် သုံးလ အထက်နေထိုင်ခဲ့သူများအနေဖြင့် သက် ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာ ခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်မှ နိုင်ငံ ကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ် သည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှဌာနခွဲမှူး ဦးစိုးထွန်းအောင်က ပြောသည်။

သုံးလအထက် နေထိုင်သော် လည်း ပညာသင်ကြားရေးသို့ ကျန်းမာရေး ကြောင့် ယင်းကဲ့သို့နေထိုင်ရကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံချက် ရှိပါက အမြတ်ခွန်ပေးဆောင်ရန်မလိုဟု ယင်းက ထပ်မံပြောသည်။ ''သုံးလအထက်ဆိုပေမယ့် ရက် ပိုင်းလောက်ကိုတော့ မဆိုလိုပါဘူး။ ကျွန် တော်တို့ မနလရုံးအနေနဲ့ နိုင်ငံသား တစ် ယောက်ဟာ ပြည်ပမှာ သုံးလအထက်နေ ရင် အလုပ်လုပ်နေတယ်လို့ ယူဆတယ်''ဟု ပြောသည်။

နိုင်ငံသားတစ်ဦးသည် ပြည်ပ တွင် သုံးလအထက်နေထိုင်ခဲ့ပါက သွား ရောက်ခဲ့သော ပြည်ပနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာအမြတ်ခွန်ရုံးများတွင်လည်း ကောင်း ပေးဆောင်ရမည်ဖြစ်ကာ မနလ သက်တမ်းတိုးရာတွင် ပြည်ပရှိမြန်မာသံရုံး တွင် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အခွန် ပြေစာပါရမည်ဖြစ်သည်။

''အခွန်မဆောင်ချင်လို့ အကြောင်း အမျိုးမျိုးပြတဲ့သူတွေရှိတယ်။အလုပ်လုပ် တာ မဟုတ်ဘူး။ သားသမီး နေမကောင်း လို့၊ ကျန်းမာရေးမကောင်းလို့ နေရတာပါ လို့ မနလသက်တမ်းတိုးတဲ့အခါ ပြောပေ မယ့် ကျွန်တော်တို့အနေနဲ့က မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လေ။ အဲဒီ လိုဖြစ်လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆို တဲ့အကြောင်းကို ပြည်ပနိုင်ငံရဲ့သက်ဆိုင် ရာ မြန်မာသံရုံးက ဟုတ်မှန်ပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံစာပါမှအခွန်မဆောင် ရမှာလေ။ ထောက်ခံစာမပါရင်တော့ အခွန် ဆောင်ရမှာပဲ''ဟု ယင်းက ထပ်လောင်းပြော သည်။

''ကျွန်တော့်တုန်းက စင်ကာပူ မှာ ကျန်းမာရေးအခြေအနေကြောင့် လေးလ ကျော်နေခဲ့ရတယ်။ ဒီရောက်တော့ မနလ သက်တမ်းတိုးမယ်လုပ်တဲ့အချိန်မှာ မကျန်းမာ လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း စင်ကာပူနိုင်ငံက မြန်မာသံရုံးရဲ့ ထောက်ခံစာတောင်းတယ်။ မပြနိုင်ရင် အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ မနလ သက်တမ်းတိုးဖို့ အမြတ်ခွန်ဆောင်ရမယ် ဆိုလို့ ဒီနိုင်ငံမှာပဲ ဆောင်လိုက်ရတယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာသံရုံးမှာ ထောက်ခံ စာတောင်းရမယ်မှန်း တကယ်မသိခဲ့ပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်နေသူ ကိုကြည်ဝင်း က ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် နိုင်ငံကူးလက်မှတ်စတင်ပြုလုပ် ခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် ပြု လုပ်ရမည့်အချက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ဖော်ပြပေး ထားသည်။

ကျော်မြတ်ဇံ

ဤသတင်းဆောင်းပါးကို ရန်ကုန်တိုင်းမ် ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေးပင်စင်လစာများ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေး ပင်စင် လစာများကို တိုးမြှင့် သတ်မှတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ၀န်ကြီးရုံး၏ အမိန့် ကြော်ငြာစာများဖြင့်
ကြေညာခဲ့ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/ ၂၀၁၁ကို ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အကြောင်းအရာမှာ နိုင်ငံ့ ၀န်ထမ်းများ၏ ပင်စင်လစာများအား တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ၁၂/၂၀၁၁မှ အငြိမ်းစား ၀န်ထမ်းများ၏ စားဝတ်နေရေး သက်သာမှု ရှိစေရန် အတွက် အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစားလစာ ခံစားလျက် ရှိသည့် ပင်စင်စားများ၏ ပင်စင် ခံစားခွင့်ကို လက်ရှိ တာဝန်
ထမ်းဆောင်လျက် ရှိသော ၀န်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့် အတိုင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ပင်စင်လစာမှ စပြီး တိုးမြှင့် ခံစားခွင့် ပြုလိုက်ကြောင်း သိရသည်။
တိုးမြှင့် ပင်စင်လစာအား ပင်စင်စား၏ အငြိမ်းစား ယူခဲ့သော နောက်ဆုံး ရာထူးချိန် လစာနှင့် ကိုက်ညီသည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့စွဲပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/၂၀၀၉ အရ သတ်မှတ်သော လစာနှုန်းထားများ အပေါ်မှာ အခြေပြုပြီး ပင်စင် နည်းဥပဒေနှင့် အညီ တွက်ချက် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာ စာအမှတ်  ၁၀၇/၂၀၁၁ ကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး
အကြောင်းအရာမှာ နိုင်ငံရေး ပင်စင်လစာများ တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ၁၂/၂၀၁၁မှ နိုင်ငံရေး ပင်စင်စားများ၏ စားဝတ်နေရေး သက်သာမှု ရှိစေရန် အတွက်
နိုင်ငံရေးပင်စင် လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံရေးတာဝန် ထမ်းဆောင်ခဲ့ကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်ကြသည့် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီက နိုင်ငံရေး ပင်စင်စားများ၏ ပင်စင် လစာများအား ၂၀၀၉ ခုနှစ်
ဒီဇင်ဘာလ ၃၁ ရက် နေ့စွဲပါ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/၂၀၀၉ ဖြင့် သတ်မှတ်သော မြို့ပြလစာ နှုန်းထားနှင့် ညှိနှိုင်းတွက်ချက် ရရှိမည့် နိုင်ငံရေး ပင်စင်လစာသို့ ၂၀၁၁ ခုနှစ် ဇူလိုင်လ လစာမှစပြီး တိုးမြှင့် ခံစားခွင့် ပြုလိုက်ကြောင်း သိရသည်။
လက်ရှိ ရရှိနေသော နိုင်ငံရေး ပင်စင်လစာသည် ကျပ်တစ်သိန်းတစ်သောင်းထက် ပိုများနေပါက လက်ရှိ အတိုင်းသာ ခံစားသွားရန် ဖြစ်ကြောင်း သိရသည်။နိုင်ငံ့ဝန်ထမ်း ပင်စင်စားများသည် တိုးမြှင့်ပင်စင်လစာ ထုတ်ယူခွင့် ရရှိရေး အတွက် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ ပုံစံများအား သက်ဆိုင်ရာ မိခင်ဌာနများနှင့် နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချုပ်/ ရုံးခွဲများမှာ ရယူ ဖြည့်စွက်ပြီး ပင်စင်လစာ စာအုပ်နှင့် ယခင် ပင်စင်လစာ ခွင့်ပြုခဲ့သည့် အမိန့်စာများ ယူဆောင်ပြီး မိမိတို့၏ မိခင်ဌာန ရုံးချုပ်/ရုံးခွဲများသို့ ကိုယ်တိုင် အမြန်ဆုံး သွားရောက် သတင်းပို့ကြရမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး ပင်စင်စားများမှာမူ တိုးမြှင့်ပင်စင်လစာ ထုတ်ယူခွင့် ရရှိရေး အတွက် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ ပုံစံများအား သက်ဆိုင်ရာ မိခင်ဌာနများနှင့် နီးစပ်ရာ ပင်စင် ဦးစီးဌာန ရုံးချုပ်/ရုံးခွဲများမှာ ရယူ ဖြည့်စွက်ပြီး
ပင်စင်လစာ စာအုပ်နှင့် ယခင် ပင်စင်လစာ ခွင့်ပြုခဲ့သည့် အမိန့်စာများ ယူဆောင်ပြီး
(က) ရက်ကွက်ကျေးရွာ/မြို့နယ်အဆင့် - မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
(ခ) ပြည်နယ်/တိုင်းဒေသကြီး အဆင့် - တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် - လွှတ်တော်ရုံး
(ဃ) ဗဟိုအာဏာပိုင် အဆင့် - သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ရုံးများ (နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းရုံးများ)သို့ ကိုယ်တိုင် အမြန်ဆုံး သွားရောက် သတင်းပို့ကြရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန် နှိုးဆော်ထားကြောင်း သိရပါသည်။
Source : Eleven 

နယ်စပ် မြ၀တီမြို့တွင် အထည်ချုပ်စက်ရုံများ ဖွင့်လှစ်လာနိုင်ပါက မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟုဆို

b41313
သောင်ရင်း တစ်ဖက်ကမ်းရှိ အထည်ချုပ် စက်ရုံများတွင် ၀င်ရောက် လုပ်ကိုင်နေကြသည့် ထောင်ပေါင်း များစွာသော မြန်မာ ရွှေ့ပြောင်းလုပ်သားများသည် လွန်ခဲ့သော ငါးနှစ်ခန့် ကကဲ့သို့ မြ၀တီမြို့တွင် စက်ရုံခွဲများ ပြန်လည် ဖွင့်လှစ်လာရန် မျှော်လင့်နေကြကြောင်း၊ သို့ဖြစ်လျှင် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းခွင် ၀င်နိုင်သည့် အခြေခံ မော်တာစက်ချုပ် သင်တန်းကို မြ၀တီမြို့တွင် တက်ရောက် သင်ယူ နေကြရကြောင်းလည်း သိရသည်။

မြ၀တီမြို့တွင် လွန်ခဲ့သော ငါးနှစ်ခန့်က တစ်နိုင်တစ်ပိုင် အထည်ချုပ် စက်ရုံများ (မဲဆောက်ရုံခွဲ) တည်ရှိခဲ့ကြောင်း၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို တစ်ဖက်ကမ်း စက်ရုံများထက် လုပ်အားခ လျော့ပြီး ခေါ်ယူနိုင်ခဲ့သော်လည်း၊ အဆိုပါ စက်ရုံခွဲများမှာ ခြောက်လ၊ တစ်နှစ် အတွင်း လုပ်ငန်း ရပ်ဆိုင်းခဲ့ရကြောင်း၊ သောင်ရင်း တစ်ဖက်ကမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။
''မြ၀တီမှာ စက်ရုံဖွင့်တုန်းက လုပ်အားခကိုလည်း ဟိုဘက်မှာထက် (အနည်းငယ်) လျော့ပေးလို့ ရတယ်။ လိုအပ်တဲ့ လုပ်သားကိုလည်း အချိန်တိုအတွင်း ခေါ်ယူလို့ ရပါတယ်။ သူတို့ (အမျိုးသမီးလေးတွေ) ဟိုဘက်ကို မသွားချင်ကြပါဘူး။ ဘ၀လုံခြုံမှု အတွက် ကိုယ့်နိုင်ငံမှာပဲ နေချင်ကြပါတယ်။ ပြောရရင် အဖမ်းခံရမလား ကြောက်နေရတယ်''ဟု မြ၀တီမြို့မှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
''အရင်က အဓိဋ္ဌာန်အောင်ဘုရား အနီးက အထည်ချုပ်စက်ရုံမှာ ၀င်လုပ်ခဲ့ပါတယ်။ လုပ်အားခ အနေနဲ့ ဟိုဘက်ကမ်းထက် အနည်းငယ် လျော့ပေမယ့် မိသားစုတွေနဲ့ အတူနေရတော့ ဘ၀လုံခြုံမှု ရှိပါတယ်။ ခုတော့ ကမ်းနဖူး စက်ရုံမှာ ၀င်လုပ်နေပါတယ်''ဟု အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသူ အမျိုးသမီး တစ်ဦးကပြောသည်။
သောင်ရင်းမြစ် ခြံစည်းရိုး အတွင်း မြ၀တီဘက်ကမ်းတွင် လွန်ခဲ့သော ငါးနှစ်ခန့်က အထည်ချုပ် စက်ရုံခွဲများ ရှိခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ပြန်လည် ပိတ်သွားခဲ့ရကြောင်း၊ ဈေးကွက်ချိတ်ဆက်မှု ရှိသော မြ၀တီမြို့တွင် အလုပ်ရုံ စက်ရုံများ တည်ဆောက် ဖွင့်လှစ်လာနိုင်ခဲ့ပါက မြ၀တီမြို့သို့ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသော မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။
Source : Eleven 

အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သူ လေးဦးကို အရေးယူခဲ့ပြီး သိမ်းဆည်း ရရှိငွေကို ရောင်းစားခံရသူအား နစ်နာကြေး အဖြစ် ပေးအပ်

အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး အမှုမှ သက်သေပစ္စည်း အဖြစ် သိမ်းဆည်းရရှိသည့် ငွေကျပ် ၅၀၀၀၀ ကို ရောင်းစားခံရသူအား နစ်နာကြေး အဖြစ် ပေးရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ အမျိုးသမီး တစ်ဦးအား အသိမိတ်ဆွေ ဖြစ်သူ အမျိုးသားတစ်ဦးက ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် လစာကောင်းနှင့် အလုပ်ရရှိမည်ဟု ပြောဆို ခေါ်ဆောင်သွားရာ ရက်ပေါင်း ၂၀ တိုင် အဆက် အသွယ် မရရှိသဖြင့် မိခင်ဖြစ်သူက ၂၀၁၀ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လူပျောက် တိုင်ကြားရာမှ စစ်ဆေး ပေါ်ပေါက်ခဲ့သော အမှု ဖြစ်သည်။

အမျိုးသမီးအား အလုပ် ရရှိမည်ဟု စည်းရုံး ခေါ်ဆောင်သွားသည့် အမျိုးသားအား အင်းစိန်မြို့နယ် ကွက်သစ် ရပ်ကွက် (၄၈)ကားဂိတ် အနီးတွင် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် ပါရှိသည့် အထုပ်တစ်ထုပ်နှင့်အတူ ဖမ်းဆီးရမိသဖြင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ ၎င်းသည် အင်းစိန်မြို့နယ်နေ အသိအကျွမ်း အမျိုးသမီးအား အခြား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပူးပေါင်းကာ ရန်ကုန်မှတစ်ဆင့် မန္တလေး၊ လားရှိုး၊ ချင်းရွှေဟော် တို့ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ ပြီး တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် တရုတ် အမျိုးသား တစ်ဦးအား ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းစားခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည့် အမှု ဖြစ်သည်။ တရားခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်းက (ပ)၅၂၉/၂၀၁၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈(က)ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည့် အမှု ဖြစ်ကြောင်း သိရသည်။
Source : Eleven 

ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရာနှင့်ချီ လိမ်လည်ခံခဲ့ရပြီး လိမ်လည်သူများမှာ ဂျပန် နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည် အထင်ဖြင့် ဂျပန်နိုင်ငံသားများထံသို့ ငွေကြေးများ ပေးအပ်ခဲ့ရာ လိမ်လည်ခံရသူ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိပြီး ငွေကြေး ပမာဏအားဖြင့် မြန်မာကျပ်ငွေ သိန်းထောင်ကျော် ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ အလုပ်အကိုင်နှင့် ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံတာဝန်ခံ Mr. Aikawa Daiki တို့ နှစ်ဦးသည်  ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် မရှိဘဲ ဒေါ်--- ပါ ဆွေမျိုး ကိုးဦးထံမှ စရန်ငွေ အဖြစ် တစ်ဦးလျှင် ငွေကျပ်ငါးသိန်းစီ၊ ဒေါက်တာ-- ၏ လွိုင်ကော်ဒေသမှ ဆွေမျိုးသားချင်း မိတ်ဆွေတပည့် ၁၀၈ ဦးထံမှ စရန်ငွေ ကျပ်သိန်း ၅၄၀ နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနေ မ--ပါ ကိုးဦးထံမှ ငွေကျပ် သိန်း ၂၆၀ ရယူခဲ့ကြောင်း သိရသည်။
ထို့ပြင် စမ်းချောင်းမြို့နယ်နေ ဦး-- သည် ပြည်ပ အလုပ်အကိုင် ဆိုင်ရာ အကျိုးဆောင် လိုင်စင် မရှိဘဲ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဟု ပြောဆို၍ ဒေါ်--ပါ ၁၆ ဦးထံမှ ငွေကျပ် ၁၇၆ သိန်း ရယူခဲ့ကြောင်းကို ပြည်ထဲရေး ၀န်ကြီးဌာနက စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa သည် ဂျပန်နိုင်ငံသို့ တစ်လအတွင်း သွားရောက်ရမည် ဆိုကာ စိုင်း-- ထံမှ ကျပ် ၃၇ သိန်းကျော်ကို လိမ်လည်ရယူပြီး ငွေများကို ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ အလားတူ မနန်း--နှင့် ၎င်း၏အစ်ကို စိုင်း--တို့ နှစ်ဦးကိုလည်း မူလ နှုတ်ကတိအတိုင်း ဂျပန်နိုင်ငံသို့ ထပ်မံပို့မပေးနိုင်သည့် အပြင် ပြန်အမ်းရမည့်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိသဖြင့် အရေးယူပေးပါရန် တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်တစ်ခုမှာ ဂျပန် နိုင်ငံသား Mr. Kobayashi Shoichi သည် ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန၌ အလုပ်ပါမစ် ရရှိအောင် လျှောက်ထား ဆောင်ရွက်ပေးမည်ဟု ပြောဆို၍ မြန်မာကျပ်ငွေ ၂၅ သိန်းကျော်ကို စရန်ငွေ အဖြစ် ရယူခဲ့သော်လည်း အလုပ်ပါမစ် ရရှိအောင် ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ပေးအပ်ထားသော စရန်ငွေများကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများ ဖြစ်ကြသည့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ Mr.Aikawa Daiki ၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs.Shiho Nishikawa နှင့် ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi တို့အား  သက်ဆိုင်ရာက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Koeki Shoji Co, Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ  Mr. Aikawa Daiki တို့ နှစ်ဦးအား အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း အရေးယူခဲ့သည်။

Source : Eleven

Friday 1 July 2011

ထိုင်း-မြန်မာ နယ်စပ် တံတားသစ် တည်ဆောက်ရေး ဆွေးနွေး

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်တွင် မကြာမီ အသစ်ထပ်မံ တည်ဆောက်မည့် တံတားနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။
IMG_8100400
တံတားသစ်တည်ဆောက်ရေး ဆွေးနွေးပွဲ တက်ရောက်ကြသည့် ထိုင်းနှင့် မြန်မာ ကိုယ်စားလှယ်များ (ဓာတ်ပုံ - ဧရာဝတီ)


ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ လမ်းတံတားနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး နိုင်ကစိမ်စိဝပ်နော တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။

ထိုင်းညွန်ကြားရေးမှူးက “ဒီနေ့ ကျနော်တို့ နှစ်ဘက်တာဝန်ရှိသူတွေ မကြာခင်အချိန်မှာ ဒုတိယမြောက် တံတားကို မဲဆောက်မြို့နယ်ဘက်မှာရှိတဲ့ ၀မ်တခင်းရမ်းရွာနဲ့ မြ၀တီမြို့နယ်ဘက်မှာရှိတဲ့ ရေပူရွာဘက်ကို တံတားတစင်း ထပ်ဆောက်မှာ ဖြစ်တယ်။ ဒီကိစ္စကို ကျနော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြတာပါ။ ဒီကိစ္စကို မြန်မာဘက်ကလည်း သဘောတူထားပြီးဖြစ်တယ်” ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် တံတားတည်ဆောက်မည့် နေရာများဖြစ်သည့် ထိုင်းနှင့် မြန်မာ နှစ်ဘက်နယ်စပ်မြို့များနှင့် နယ်ခြားသောင်ရင်းမြစ်ကြောင်းကို သွားရောက်ကြည့်ရှုခဲ့ကြပြီး တံတားဆောက်လုပ်မည့် အပြီးသတ် အနေအထားများနှင့် ပတ်သက်၍ ထိုင်းဘက်က မြန်မာဘက်သို့ အကြောင်းကြားရမည်ဟု သိရသည်။

ထပ်မံဆောက်လုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အခြေအနေများနှင့် ပတ်သက်၍ သတင်းဌာနများက မေးမြန်းလိုသည်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဖြေဆိုရန် ငြင်းပယ်ခဲ့သည်ဟု ထိုင်းသတင်းထောက်တဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံ၍ တည်ဆောက်ပေးမည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတား၏ ထိုင်းဘက်ခြမ်းတွင် ထိုင်းက စီးပွားရေးဇုန် တည်ဆောက်မည်ဖြစ်ပြီး တံတား တည်ဆောက်မှုသည် လာမည့်နှစ်ဆန်းတွင် ဖြစ်နိုင်ကြောင်း ထိုင်းတာဝန်ရှိသူတဦးက ခန့်မှန်းပြောဆိုသည်။

လက်ရှိအသုံးပြုနေသည့်မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားသည် သောင်ရင်းမြစ် ရေစီးအားပြင်းထန်မှုကြောင့် ၂၀၀၆ ခုနှစ်ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းဘက် တံတားပိုင်တိုင်အမှတ် ၈ နှင့် မြန်မာဘက်ပိုင်တိုင်အမှတ် ၆ တို့ ၉ လက်မခန့် ရွဲ့စောင်းခဲ့ပြီး မြောက်ဘက်သို့ ၂ လက်မခန့် နိမ့်ကျခဲ့သည်။ ထို့နောက်ပိုင်း တံတားကြံ့ခိုင်မှု မရှိတော့သဖြင့် ၁၀ ဘီးတပ် ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိတော့ဘဲ ၁၂ တန်အောက် ကုန်တင်ကားများကိုသာ သွားလာခွင့်ပြုခဲ့သည်။

တံတားကြံ့ခိုင်မှုမရှိသဖြင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် ထိုင်းကုန်ပစ္စည်းအများစုကို ချစ်ကြည်ရေးတံတား ဘေးဝဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့ရသောကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ပြောသည်။

ယခု ထပ်မံတည်ဆောက်မည့် တံတားသည် အနည်းဆုံး တန်ချိန် ၆၀ ကျော်ဖြတ်သန်း သွားလာနိုင်မည့် တံတားအမျိုးအစားဖြစ်သည်ဟု ထိုင်းဘက်က ပြောသည်။

လက်ရှိ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်က ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ် ၂၀ ကျော်ကို ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။

ချစ်ကြည်ရေးတံတား မပိတ်မီက မဲဆောက်-မြ၀တီ တရားဝင် နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းကုန်ပစ္စည်းများ တင်ပို့မှုမှာ တလလျှင် ဘတ်သန်း ၃၀၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန်ပမာဏမှာ ဘတ်သန်း ၁၅၀၀ ခန့်ရှိသည်ဟု ထိုင်းနှင့်မြန်မာ ကုန်သည်ကြီးများက ခန့်မှန်းကြသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

မြန်မာဘက်က နယ်စပ်ပိတ်လိုက်သောကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြသည့် ကုန်သည်ကြီးများသည် ထိုင်းနယ်စပ် မယ်ဆိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်း စသည့် ကုန်းလမ်းရေလမ်းများမှတဆင့် ကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်ပို့နေရသည်ဟု မဲဆောက်ရှိ အထည်အလိပ် ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားလက်မှတ်အသစ်လုပ်မှု ယခုအချိန်ထိ ၄သိန်းနီးပါရှိနေပြီ

ဇွန်လ၁၅ရက်နေ့မှဇူလိုင်လ၁၄ရက်နေ့အတွင်းထိုင်းအစိုးရက တရားမ၀င်ဝင်ရောက်လာသောရွှေ့ပြောင်း အလုပ်သမားများကို လက်မှတ်ပြုလုပ်ခွင့်ပေးထားရာတွင်  ဇွန်လ၁၅ရက်နေ့မှဇွန်လ၂၉ရက်နေ့ အထိ လာရောက်မှတ်ပုံတင်သူများ ၄သိန်းနီးပါးခန့်ရှိသွားပြီဖြစ်သည်။ ချင်းရိုင်ခရိုင်မဲ့ကျန်းမြို့တွင် အလုပ်သမား မှတ်ပုံတင်မှုကိုလာရောက်စစ်ဆေးနေသော အလုပ်သမားဝန်ကြီးဌာနအတွင်းဝန် နိုင်စုမ်းကီယတ် ချာယာ့စီဝုန် က ယမန်နေ့ကပြောကြားရာတွင် ထိုင်းတစ်နိုင်ငံလုံး၌ အလုပ်ရှင်ပေါင်း ၆၂ ၃၀၀ ဦးက အလုပ်သမားအရေအတွက် ၃၉၆၉၃၆ဦးကို လက်မှတ်လုပ်ရန်စာရင်းတင်ထားပြီး ထိုအထဲ
တွင် မြန်မာနိုင်ငံသား၂၈၆ ၅၄၂ဦး၊ လောနိုင်ငံသား၃၆ ၅၁၄ဦး၊ ကမ်ပူးချားနိုင်ငံသား၇၃ ၈၈၀ဦး ဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်  ယခုအကြိမ်လက်မှတ်လုပ်ပေးရာတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁သန်းခန့် လာရောက်လက်မှတ်လုပ်ကြမည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောကြားသွားခဲ့သည်။ ထို့အပြင် ယခုလက်မှတ်လုပ်နေစဉ်ကာလအတွင်း ဖမ်းဆီးမှုများဆိုင်းငံ့ထားပေးရန် နိုင်ငံတော်ရဲတပ်ဖွဲ့ရုံးသို့ စာပို့ပေးထားကြောင်း၊ ယခုအခါ အလုပ်ရှင်များက လက်မှတ်လုပ်ဆောင်ခြင်းကို ကိုယ်တိုင်မပြုလုပ်ပဲ ပွဲစားများနှင့်ပြုလုပ်ခိုင်းမှုကြောင့် သတ်မှတ်ဈေးနှုန်းထက်ပိုပေးနေရခြင်းများရှိကြောင်းကိုလည်း ပြောကြား ခဲ့သည်။ 

ရည်ညွှန်း။           ။ http://thainews.prd.go.th

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes