Saturday 2 July 2011

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေးပင်စင်လစာများ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေး ပင်စင် လစာများကို တိုးမြှင့် သတ်မှတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ၀န်ကြီးရုံး၏ အမိန့် ကြော်ငြာစာများဖြင့်
ကြေညာခဲ့ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/ ၂၀၁၁ကို ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အကြောင်းအရာမှာ နိုင်ငံ့ ၀န်ထမ်းများ၏ ပင်စင်လစာများအား တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ၁၂/၂၀၁၁မှ အငြိမ်းစား ၀န်ထမ်းများ၏ စားဝတ်နေရေး သက်သာမှု ရှိစေရန် အတွက် အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစားလစာ ခံစားလျက် ရှိသည့် ပင်စင်စားများ၏ ပင်စင် ခံစားခွင့်ကို လက်ရှိ တာဝန်
ထမ်းဆောင်လျက် ရှိသော ၀န်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့် အတိုင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ပင်စင်လစာမှ စပြီး တိုးမြှင့် ခံစားခွင့် ပြုလိုက်ကြောင်း သိရသည်။
တိုးမြှင့် ပင်စင်လစာအား ပင်စင်စား၏ အငြိမ်းစား ယူခဲ့သော နောက်ဆုံး ရာထူးချိန် လစာနှင့် ကိုက်ညီသည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့စွဲပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/၂၀၀၉ အရ သတ်မှတ်သော လစာနှုန်းထားများ အပေါ်မှာ အခြေပြုပြီး ပင်စင် နည်းဥပဒေနှင့် အညီ တွက်ချက် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာ စာအမှတ်  ၁၀၇/၂၀၁၁ ကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး
အကြောင်းအရာမှာ နိုင်ငံရေး ပင်စင်လစာများ တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ၁၂/၂၀၁၁မှ နိုင်ငံရေး ပင်စင်စားများ၏ စားဝတ်နေရေး သက်သာမှု ရှိစေရန် အတွက်
နိုင်ငံရေးပင်စင် လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံရေးတာဝန် ထမ်းဆောင်ခဲ့ကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်ကြသည့် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီက နိုင်ငံရေး ပင်စင်စားများ၏ ပင်စင် လစာများအား ၂၀၀၉ ခုနှစ်
ဒီဇင်ဘာလ ၃၁ ရက် နေ့စွဲပါ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/၂၀၀၉ ဖြင့် သတ်မှတ်သော မြို့ပြလစာ နှုန်းထားနှင့် ညှိနှိုင်းတွက်ချက် ရရှိမည့် နိုင်ငံရေး ပင်စင်လစာသို့ ၂၀၁၁ ခုနှစ် ဇူလိုင်လ လစာမှစပြီး တိုးမြှင့် ခံစားခွင့် ပြုလိုက်ကြောင်း သိရသည်။
လက်ရှိ ရရှိနေသော နိုင်ငံရေး ပင်စင်လစာသည် ကျပ်တစ်သိန်းတစ်သောင်းထက် ပိုများနေပါက လက်ရှိ အတိုင်းသာ ခံစားသွားရန် ဖြစ်ကြောင်း သိရသည်။နိုင်ငံ့ဝန်ထမ်း ပင်စင်စားများသည် တိုးမြှင့်ပင်စင်လစာ ထုတ်ယူခွင့် ရရှိရေး အတွက် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ ပုံစံများအား သက်ဆိုင်ရာ မိခင်ဌာနများနှင့် နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချုပ်/ ရုံးခွဲများမှာ ရယူ ဖြည့်စွက်ပြီး ပင်စင်လစာ စာအုပ်နှင့် ယခင် ပင်စင်လစာ ခွင့်ပြုခဲ့သည့် အမိန့်စာများ ယူဆောင်ပြီး မိမိတို့၏ မိခင်ဌာန ရုံးချုပ်/ရုံးခွဲများသို့ ကိုယ်တိုင် အမြန်ဆုံး သွားရောက် သတင်းပို့ကြရမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး ပင်စင်စားများမှာမူ တိုးမြှင့်ပင်စင်လစာ ထုတ်ယူခွင့် ရရှိရေး အတွက် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ ပုံစံများအား သက်ဆိုင်ရာ မိခင်ဌာနများနှင့် နီးစပ်ရာ ပင်စင် ဦးစီးဌာန ရုံးချုပ်/ရုံးခွဲများမှာ ရယူ ဖြည့်စွက်ပြီး
ပင်စင်လစာ စာအုပ်နှင့် ယခင် ပင်စင်လစာ ခွင့်ပြုခဲ့သည့် အမိန့်စာများ ယူဆောင်ပြီး
(က) ရက်ကွက်ကျေးရွာ/မြို့နယ်အဆင့် - မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
(ခ) ပြည်နယ်/တိုင်းဒေသကြီး အဆင့် - တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် - လွှတ်တော်ရုံး
(ဃ) ဗဟိုအာဏာပိုင် အဆင့် - သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ရုံးများ (နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းရုံးများ)သို့ ကိုယ်တိုင် အမြန်ဆုံး သွားရောက် သတင်းပို့ကြရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန် နှိုးဆော်ထားကြောင်း သိရပါသည်။
Source : Eleven 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes