Saturday 24 December 2011

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအတွက် ယာယီနို်င်ကူးလက်မှတ်ရုံးများဖွင့်လစ်ရန် စီစဉ်

ထိုင်းရောက် မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ယာယီနို်င်ငံကူးလက်မှတ်ထုတ်ပေးဖို့ ရုံးခွဲငါးနေရာဖွင့်ဖို့အတွက်နှင့်အလုပ်သမားရေးရာဆွေးနွေးရေးအတွက် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ထိတ်တန်းအရာရှိတွေ ထိုင်းနိုင်ငံကို ရောက်လာပါတယ်။

မြန်မာအလုပ်သမား အများစုရှိတဲ့ ဘန်ကောက်၊ ချင်းမိုင်၊ စူရတ်ဌာနီ၊ စမွတ်ပရာ့ကမ်၊ မဟာချိုင်တို့မှာ နိုင်ငံသား စီစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်း၊ ညွှတ်ကြားရေးမှူးချုပ် ဦးချစ်စိန်နှင့် သံအမတ်ကြီး ဦးအောင်သိန်းအပါအ၀င် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနှင့် ရုံးဖွင့်မယ့်နေရာတွေကို သွားရောက်လေ့လာကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်ပေးမယ့် အလုပ်သမားဝန်ကြီးဌာနက တာဝန်ခံတဦးကိုလည်း ဘန်ကောက်သံရုံးမှာ တာဝန်ချထားပြီးဖြစ်ကြောင်း ညွှန်ချုပ် ဦးချစ်စိန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ဦးဆောင်တဲ့ပြည်ပရောက် အလုပ်သမားကြီးကြပ်ရေးအဖွဲ့ကို မေလကုန်ပိုင်းက ဖွဲ့စည်းလိုက်ပြီး အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ကူညီဖြေရှင်းသွားမယ်လို့ ညွှန်ချုပ် ဦးချစ်စိန်က ဘီဘီစီကိုရှင်းပြပါတယ်။

Ref: BBC

“မြန်မာပြည်မှာ အဟောင်းတွေ သိပ်ပေါတယ်၊ အသစ်နဲ့ လဲမယ်”


(ကာတွန်းမောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်တွင်တွေ့

NLD ခေါင်းဆောင်များ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် ၎င်း၏ အဖွဲ့ဝင်များ (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ နေပြည်တော်ခရီး ဓာတ်ပုံများ ဖြစ်သည်။
ခရီးစဉ်အတွင်း အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ၃ ဦးနှင့် တွေ့ဆုံခဲ့သည်။


NLD ခေါင်းဆောင်များ အဖွဲ့ဝင်များ နေပြည်တော် ရွေးကော်မရှင် ရုံးမှ အပြန် (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း (ဓာတ်ပုံ – Getty Images)
(ဓာတ်ပုံ – Getty Images)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images)


(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – Reuters)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – AP)
(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – AP)

လွှတ်တော်ဥက္ကဌတွေ အမေစုနှင့်တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် တို့က သတင်းသမားတွေနှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။ 

ဒီနေ့ ဒေါ်စုနှင့်တွေ့ဆုံကြတဲ့အကြောင်းကဘာလဲဆိုတာကို သတင်းသမားတစ်ယောက်က ဦးရွှေမန်းကိုမေးတော့ သူက ဒေါ်စုက ကျွန်တော်နှင့်တွေ့ချင်တယ်လို့ စာရေးပြီးပြောတယ်။ ပြည်သူ့လွှတ်တော်နှင့် ပတ်သက်တာတွေမေးသွားတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို သတင်းထောက်က မေးမြန်းတဲ့အခါ ဒီနေ့နိုင်ငံတော်မှာ တွေ့ဆုံရေးက အဓိကကျပြီး ဒေါ်အောင်ဆန်းစုကြည်ပါတော့ ပိုအားရှိတာပေါ့ လို့ဖြေသွားပါတယ်။

အခုလို သူတို့ဖြေကြားသွားတဲ့ မေးခွန်းတွေရှိသလို သူတို့ဖြေကြားမသွားတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

သတင်းထောက်တစ်ယောက်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လပ်ရေးနှင့် ပြည်ထောင်စုနေ့တွေမှာ လွှမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း ပြောကြားတာနဲ့ ပတ်သက်ပြီး အတည်ပြုမေးမြန်းတဲ့အခါ သူရရွှေမန်းက မှန်မမှန် ဖြေမသွားပါဘူး။ စောင့်ကြည့်ကြပေါ့လို့ဘဲ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲ ဆိုတဲ့မေးခွန်းကို ဦးရွှေမန်းကိုရော ဦးခင်အောင်မြင့်ကိုပါ သတင်းထောက်တွေက မေးကြပါတယ်။ ဒီမေးခွန်းကိုလည်း နှစ်ယောက်စလုံး မဖြေကြပါဘူး။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ပဲ ဆိုင်တယ်လို့ ဖြေကြပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အခါမှာလည်း ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ဖြေကြားမသွားဘူးလို့ သတင်းထောက်တစ်ယောက်က ပြန်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြည်သူ့လွှတ်တော် အမတ်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီပါသလားလို့ သတင်းထောက်တစ်ယောက်က ဦးရွှေမန်းကို မေးရာမှာတော့ လောလောဆည်တော့ ကိုက်ညီတယ်လို့ တွေ့ရပါတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

ဒေါ်စုနဲ့ လွှတ်တော်ဥက္ကဌတွေတွေ့ရာမှ မိသားစုပုံစံရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်လို့ တက်ရောက်တဲ့ သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
Ref: BBC

Friday 23 December 2011

ရာဘရောင်းသူ မြန်မာ ၃ ဦး ဘန်ကောက်တွင်မိ

 မြန်မာနိုင်ငံသား ၃ ဦးကို ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၀၀၀ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းရဲများက ယူးဆစ်ဆေးဝါး ၀ယ်လိုသူအဖြစ် ဟန်ဆောင်၍ စမွတ်ပရာကန်ခရိုင်၊ ပရပ်ပဒန်းမြို့နယ်ရှိ Big C ကုန်တိုက်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားများ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် ၃ သိန်း ၅ သောင်း (ကျပ် သိန်း ၉၀ ခန့်) တန်ဖိုးရှိကြောင်း ထိုင်းသတင်းဝက်ဘ်ဆိုဒ်တခုဖြစ်သည့် Post Today တွင် ဖော်ပြထားသည်။
မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ (ဓာတ်ပုံ - Thai-blogs)
အဖမ်းခံရသူများသည် အသက် ၂၁၊ အသက် ၂၃ နှစ် နှင့် ၃၉ နှစ် အရွယ်များဖြစ်ပြီး ၎င်းတို့သည် ပရပ်ပဒန်းမြို့နယ်နှင့် ဘန်ကောက် အနီးတ၀ိုက်တွင် စိတ်ကြွဆေးပြားများကို ရောင်းချနေခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများထဲမှ တဦးက “ချင်းရိုင်မြို့နယ် အကျဉ်းထောင်မှာရှိတဲ့ မြန်မာနိုင်ငံသား တယောက်ဆီကနေ အဆက်အသွယ်ရပြီးတော့ ကျနော်တို့တွေ ဒီလိုမျိုး လုပ်နေတာ အကြိမ် မနည်းတော့ဘူး။ ဆေးတွေရောင်းလို့ ရတဲ့ငွေကို ကျနော်တို့ ၃ ယောက် ရသင့်ရထိုက်တာ ယူပြီး ကျန်တဲ့ငွေတွေကို အဲဒီလူဆီကို ပြန်လွှဲပေးရတယ်” ဟု ထွက်ဆိုကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လတွင်လည်း မြန်မာနိုင်ငံသား ၃ ဦးကို ဘတ် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၃ သန်း) ခန့် တန်ဖိုးရှိသော စိတ်ကြွဆေးပြားများဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။
ထိုင်းအခြေအစိုက် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရှမ်းပြည်နယ် ဒေသအများစုတွင် ဘိန်းစိုက်ပျိုးမှု ပို၍တိုးလာကြောင်း ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိသည့် အနက် ၄၅ မြို့နယ်တွင် ၂၀၁၀ ခုနှစ်မှစ၍ ၂ နှစ် အတွင်း စာရင်းပြုစုခဲ့ရာ အစိုးရတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဘိန်းထွက်ရှိမှု ၅ ရာခိုင်နှုန်း ပြန်လည် မြင့်တက်လာသည်ဟု ရေးသားထားသည်။

Thursday 22 December 2011

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ပုဒ်မခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော်ဝင်ငွေလျော့သွားပေမယ့်  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင်ငွေလွှဲတဲ့သူ များလာမယ်။   နိုင်ငံခြားငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ချိတ်ပြီး တိုက်ရိုက်ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ်ဆိုတာလည်း ကြားသိရတယ်ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်းဆိုရင် နိုင်ငံခြား ဘဏ်လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာဆိုတော့ ငွေလွှဲတဲ့ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည်ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။

ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင်နေသူများ၏ လစာဝင်ငွေ အပေါ်ကောက်ခံသောဝင်ငွေခွန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ထိုက်တန်သောနေရာ ပြန်ရရေးအတွက် ဆောင်ရွက်မည်

- နိုင်ငံတော်သမ္မတဦးသိန်းစိန်

စိုးသန်းလင်း
စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး၌ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ သမ္မတ ဦးသိန်းစိန်၊ထိုင်းဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တရုတ် နိုင်ငံတော်ကောင်စီဝင် တို့ကို တွေ့ရစဉ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ထိုက်တန်သောနေရာကို ပြန်လည် ရရှိ ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်၊ နေပြည်တော် MICC ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံဆောင်ရွက်ခဲ့သော စတုတ္ထအကြိမ် GMS ထိပ်သီးအစည်း အဝေး အဖွင့်မိန့်ခွန်းတွင် သမ္မတကြီးက ထည့်သွင်းပြောကြားခဲ့သည်။
"အစိုးရသစ်ဟာ မြန်မာနိုင်ငံအား ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံဖြစ်ရန် ကြိုးပမ်းနေပါတယ်။ ကဏ္ဍအသီးသီးမှာ ဒီမိုကရေစီ ကျင့်စဉ်ပေါ်ထွန်းရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူတို့ရဲ့စားဝတ်နေရေး ပိုမိုကောင်းမွန်လာစေရေးတို့ အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ခိုင်မာပြီး ရှင်းလင်းထင်ရှားစွာ မြင်တွေ့နိုင်ပါ တယ်။ "မိမိတို့အနေနဲ့ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာနဲ့ ဒေသအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မြန်မာနိုင်ငံက ထိုက်တန်သောနေရာကို ပြန်လည်ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအ၀းသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Dai Bingguo ၊ လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Thongsing Tham-mavong ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Yin Luck Shinawatra၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Nguyen Tan Dung နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
"လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်များနဲ့ အကြောင်းအရာများဟာ မိမိတို့ဒေသခွဲ ရဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သော အန္တရာယ်များဖြစ်စေနိုင်သည့် အလားအလာများ ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါကိစ္စရပ်များမှာ ရာသီဥတု ပြောင်းလဲခြင်း၊ စွမ်းအင် ဖူလုံရေးနဲ့ စားနပ်ရိက္ခာလုံခြုံမှု၊ သဘာဝအရင်း အမြစ်များ ဆက်လက်ရှင်သန်နိုင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လူသား ရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။ ပေါ်ပေါက်လာသော စိန်ခေါ်မှု နှင့် အသစ်အသစ်သော စိန်ခေါ်မှုများအရ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းပေါ်ရောက်ရန်တွက် ဂျီအမ်အက်စ် (GMS) အစီအစဉ်သည် ကောင်းမွန်သော လမ်းညွှန်မှုပေးရန် လိုအပ် လျက်ရှိပါတယ်"ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
၂၀၁၂ အလွန် မဲခေါင်ဒေသခွဲ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆယ်စုနှစ်သစ်ဆီသို့' (Beyond 2012: Towards a new Decade of GMS Strategic Development Partnership) ခေါင်းစဉ်ဖြင့် အိမ်ရှင် မြန်မာနိုင်ငံက လက်ခံကျင်းပ ခဲ့သော အဆိုပါ 4th GMS ထိပ်သီးအစည်းဝေးက ဂျီအမ်အက်စ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်များအား နေပြည်တော် ကြေညာချက်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အရ မဟာ မဲခေါင်ဒေသခွဲနိုင်ငံများအကြား အရေးပါသည့် သဘောတူညီချက်သုံးခုကို လက်မှတ်ရေးထိုးခဲ့ကြရာ ဆက်သွယ် ရေးကဏ္ဍတွင် ဂျီအမ်အက်စ်နိုင်ငံများ အကြား သတင်းအချက်အလက် အမြန် ဆက်ကြောင်း တည်ဆောက်နိုင်မှုနှင့် အသုံးချမှုအရှိန် တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ နားလည်မှု စာလွှာ၊ မဲခေါင်ဒေသခွဲ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတွင် လူဦးရေရွှေ့ပြောင်းသွားလာမှုကြောင့် အိပ်ခ်ျအိုင်ဗီကူးစက်နိုင်မှု လျှော့ချရေးတွင် ပူးတွဲလုပ်ဆောင်ရန် နားလည်မှုစာလွှာ၊ ၂၀၁၂ မှ ၂၀၁၆ အထိ ဆောင်ရွက်မည့် မဲခေါင်ဒေသခွဲအတွင်း ပင်မပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်နှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်း စောင့်ရှောက်ရေးစင်္ကြံ ဆောင်ရွက်မှု အဆင့်(၂)ကိုလည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ၂၀၁၁ မှ ၂၀၁၅ အထိ ဆောင်ရွက်မည့် ပင်မ လယ်ယာစိုက်ပျိုးရေးထောက်ပံ့မှုအစီ အစဉ်တွင် အဆင့်(၂)ကိုလည်းကောင်း၊ ခရီးသွားများလုပ်ငန်းကဏ္ဍတွင် မဟာဗျူဟာကို ပြန်လည်စူးစိုက်ဆောင်ရွက် ရေးနှင့် လမ်းပြမြေပုံ(၂၀၁၁-၂၀၁၅) တို့ကိုလည်း ကောင်း အတည်ပြုနိုင်ခဲ့ကြောင်း သမ္မတက မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
"မဲခေါင်ဒေသခွဲ နိုင်ငံများ အချင်းချင်းအပြန်အလှန်နားလည်မှု၊ ချစ်ကြည်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မဲခေါင် ဒေသခွဲ၏ ရှေ့ အနာဂတ်မျှော်မှန်းချက်များကို ပိုမို ရှင်သန်ခိုင်မာလာပြီး မျိုးဆက်သစ်များ အတွက်လည်း ယုံကြည်စိတ်ချရသည့် အခြေခံကောင်းများ ရရှိနိုင်တဲ့အပြင် ဒေသခွဲရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိခြင်းအားဖြင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်ခုခံနိုင်မှာဖြစ်ပါတယ်။ စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ် အတည်းများ အပါအ၀င် စိန်ခေါ်မှုများ ကို ကြံ့ကြံ့ခံနိုင်မယ်လို့ ယုံကြည် ပါတယ်။ သို့မှသာ အနာဂတ်အတွက် ချမှတ်တဲ့ မဟာဗျူဟာပူးပေါင်း ဆောင်ရွက်မှုသည် မဲခေါင်ဒေသခွဲကို စီးပွားဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့သည့် ဒေသခွဲမှသည် ချမ်းသာကြွယ်ဝသည့် ဒေသခွဲဖြစ်စေနိုင်မှာဖြစ်ပါတယ်" ဟုလည်း သမ္မတကြီးက ဖြည့်စွက်ပြော ကြားခဲ့သည်။
မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် ထိပ်သီးအစည်းအဝေးများကို သုံးနှစ်လျှင် တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ အကြား နိုင်ငံအက္ခရာ စဉ်အလိုက် ကျင်းပခဲ့ရာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၀၂ ခုနှစ် တွင် ကမ္ဘောဒီးယားနိုင်ငံက လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၀၅ ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၀၈ ခုနှစ် တွင် လာအိုနိုင်ငံကလည်းကောင်း၊ ယခုစတုတ္ထအကြိမ်ကို မြန်မာ နိုင်ငံကလည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ဒေသခွဲ အတွင်း လူနှင့် ကုန်စည်များ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူစာချုပ်နှင့် ၎င်းနောက်ဆက်တွဲနှင့် အခြေပြစာချုပ် ငယ် ၂၀ ကို ဂျီအမ်အက်စ် ခြောက်နိုင်ငံများအကြား လက်မှတ်ရေး ထိုးခဲ့ပြီး ယခု အကောက်ခွန်နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ စာချုပ်ငယ်ခြောက်ခုကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးကြောင်း တရားဝင်စာလွှာကို ဂျီအမ်အက်စ်နိုင်ငံများသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နှင့် ပေးပို့နိုင်ခဲ့ကြောင်း သမ္မတ၏ မီဒီယာသို့ ပြောကြား ချက်အရ သိရှိရသည်။ 

ဆယ်လူလာ တယ်လီဖုန်းလိုင်းများ ပိတ်သိမ်းမည်

စည်သူလွင်

ဆယ်လူလာ တယ်လီဖုန်း DAMP စခန်းများကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်၍ဆက်သွယ်မှု ပိတ် သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဆက်သွယ်ရေးရုံးထံမှ သိရသည်။
"ဆယ်လူလာဖုန်းတွေ လဲပေးတာကတော့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လကစပြီး ဆောင်ရွက်ပေးခဲ့တယ်။ ခုလာမယ့် ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်ကစပြီး လိုင်းတွေကိုပိတ်သိမ်းမယ်။ ဖုန်းလဲပေးတာကိုတော့ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့ နောက်ဆုံး သတ်မှတ်ထား ပါတယ်။ အဲဒီနောက်ပိုင်းမှလာတဲ့ ဖုန်းတွေကို ဆောင်ရွက်ပေးမှာ မဟုတ်တော့ပါဘူး"ဟု မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဆယ်လူလာဖုန်းများ လဲလှယ်မှုတွင် ယခင်က ဂျီအက်စ်အမ်ဖုန်းများဖြင့်သာ လဲလှယ်ခွင်ပြုခဲ့သော်လည်း ယခုအခါတွင် နှစ်သက်ရာ (GSM/CDMA-450/ CDMA-800 Wall) ဖုန်းများဖြင့် အခမဲ့ လဲလှယ်နိုင်ကြောင်း သိရသည်။
ထိုသို့ ပြောင်းလဲသုံးစွဲခွင့်ပြုရာတွင် လက်ရှိသုံးစွဲသူအမည်၊ လိပ်စာသို့ ၀န်ခံချက်ဖြင့် တစ်ခါတည်း ပြောင်းလဲသုံးစွဲခွင့် ပြုမည်ဖြစ်ပြီး ရောက်ရှိသုံးစွဲမည့်ဒေသရှိ မိုဘိုင်းစနစ်ဖြင့်သာ လဲလှယ်ခွင့်ရရှိမည်ဖြစ်သည်။
"ဆယ်လူလာဖုန်းတွေကို လဲမယ်ဆို ရင်တော့ စာရွက်စာတမ်းအပြည့်အစုံ ပါရမယ်။ စာရွက်စာတမ်း မပြည့်စုံရင် ဖုန်းလိုင်းကို တစ်ပတ် ပိတ်ထားမယ်။မိုင်းရှူးနဲ့ ဖားကန့်မြို့ကနေ မန္တလေးမြို့ မှာ အခြေချနေထိုင်သူတွေအတွက် ဖုန်းလဲမယ်ဆိုရင်တော့ မန္တလေး ဆက်သွယ်ရေးရုံးမှာ ဖုန်းရဲ့အမှုတွဲ မှတ်တမ်းတွေ ရှိရမယ်။ မရှိဘူးဆိုရင် သက်ဆိုင်ရာ ဆက်သွယ်ရေးရုံးက အမှုတွဲများပေးပြီး လဲလှယ်နိုင်ပါတယ်"ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
မြန်မာပြည်အထက်ပိုင်းတွင် ဆယ်လူ လာ ဖုန်းများကို ချထားပေးခဲ့ရာမှာ မန္တလေးမြို့တွင် အလုံးရေ ၁,၈၀၀ ကျော်၊ မိုးကုတ်မြို့တွင် ၂,၅၀၀ ကျော်၊ မိုင်းရှူးမြို့တွင် ၁,၀၀၀ ကျော်နှင့် ဖားကန့် မြို့တွင် ၃,၂၀၀ ကျော်ချထား ပေးခဲ့ရာ ဆယ်လူလာဖုန်း လိုင်းပေါင်း ၈,၇၀၀ ကျော်ထိရှိပြီး မန္တလေးတိုင်းဒေသကြီး တွင် ဆယ်လူလာဖုန်း လဲလှယ်ပေးမှုမှာ လက်ရှိဖုန်း လိုင်းများ၏ လေးပုံသုံးပုံခန့် လဲလှယ်ပေးပြီး ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

မန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့် သူများကို စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်မင်းသည်အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေးအကျဉ်းသားတွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာတကြိမ် ၁၂ ရက်နေ့မှာတကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ်လို့ ကျနော်တို့ကို အလွတ်သဘောပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ်ဆွေး နွေးပြောဆိုကြရာတွင် နိုင်ငံရေးအကျဉ်းသား လွှတ်မည့်ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်းခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်းပါရှိသည်ဟု ပြောကြားသည်။
KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေးတောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်းပြောတာက ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက်အကျိုးဖြစ်မှာလားဆိုပြီးတော့မေးပါတယ်၊ ကျနော်တို့ဘက်ကပြန်ပြော တာက သူ့ကိုလွတ်ပေးရင်တော့ လက်ရှိနှစ်ဘက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို အထောက်အကူဖြစ်စေ မှာဖြစ်ပြီး ပဒိုမန်းငြိမ်းမောင်အပါအ၀င် အခြားအဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင်တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထားပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။
မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာ နိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြားသွားသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာအစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာရှိသည်ဟု သိရသည်။

ထားဝယ်စီမံကိန်း ၂၁ ရွာရွှေ့ပြောင်းပေးရမည်

ချင်းမိုင် (မဇ္ဈိမ) ။         ။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မလွတ်သဖြင့် လူဦးရေ ၃၂,၀၀၀ ရှိ ရွာပေါင်း ၂၁ ရွာ ဖယ်ရှားရမှာ ဖြစ်သည်ဟု ဒေသခံ လူမှုရေး အဖွဲ့အစည်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ DDA က ပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံမြို့နယ်အတွင်းရှိ အဆိုပါ ၂၁ ရွာမှ ရွာသားများပိုင် ဥယျာဉ်ခြံမြေ ဧကတသိန်းကျော်မှာလည်း စီမံကိန်း နယ်မြေအတွင်း ကျရောက်နေသဖြင့် ဆုံးရှုံးသွားမှာ ဖြစ်သည်။

စီမံကိန်းနယ်မြေ  ၂၅၀ စတုရန်း ကီလိုမီတာ အတွင်းမှ ပြောင်းရွှေ့ပေးရမည့်သူများပိုင် ဥယျာဉ်ခြံမြေ ဧက တသိန်းကျော်အတွက် လျော်ကြေးငွေမှာလည်း နည်းသဖြင့် လက်မခံနိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

နေရာသစ်လေးခုတွင် ပြန်လည် နေရာချထားပေးရန် ရှိနေပြီး ကျေးရွာတစုကို ရေနက်ဆိပ်ကမ်း ဆောက်မည့်
နေရာမှ မြောက်ဖက် ၁၀ မိုင်ခန့်အကွာရှိ ထွက်ဝရွာ (၁) (၂)၊ ဘွာရွာ၊ ဒူးတောင်ရွာ (၁) (၂)၊ ဝါးဇွမ်းတောရွာတို့တွင် နေရာပြန်ချရန် စီစဉ်နေသည်။ ဘွာရွာ၌ တလုံးလျင် သိန်း ၁၅၀ တန် အိမ်အလုံး ၁,၀၀၀ ကျော် ဦးစားပေး စတင်ရန် လျာထားကြောင်း သိရသည်။

ရော်ဘာ၊ သီဟို၊ အုန်းနှင့် ကွမ်းသီးပင် အများစု စိုက်ပျိုးသော ခြံမြေများ နဘုလယ်၊ မင်းဒပ်၊ သပြေဇွန်း၊ ပဂေါဇွန်း၊ မူးဒူး၊ မူးဒူးအနောက်၊ ကမြိုင်ဆွဲ၊ ဝမ်းဇဲ၊ ပိန်းရှောင်၊ ကျောက်ထောက်၊ ရေဖြူမြို့အနောက်ခြမ်း၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ကျခတ္တပင်အင်း၊ မယင်းကြီး၊ လဲရှောင်၊ ထိန်ကြီး၊ ရလိုင်၊ ကျောက်ဝှက်ကုန်း၊ ညောင်ပင်ဆိပ်၊ ဘရိန်း တို့ ပြောင်းရွေ့ရမှာ ဖြစ်သည်ဟု ဆိုသည်။
htawall1
ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ထားဝယ် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ရေရှည်စိမ်းလန်းမည့် စီမံကိန်းအဖြစ် မြင်လိုကြောင်း ဒေသခံများ၏ ဆန္ဒသဘောထားများကို သတင်းစာ ရှင်းလင်းပွဲပြုလုပ် (ဓါတ်ပုံ မဇ္ဈိမ)

DDA အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ထားဝယ် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ရေရှည်စိမ်းလန်းမည့် စီမံကိန်းအဖြစ်မြင်လိုကြောင်း ဒေသခံများ၏ ဆန္ဒသဘောထားများကို သတင်းစာ ရှင်းလင်းပွဲတရပ်ဖြင့် ဖော်ပြခဲ့သည်။

ရွာသားများပိုင် ဥယျာဉ်မြေရှိ ရော်ဘာတပင် ကျပ် ၈,၀၀၀၊ သီဟိုလ်တပင် ၅,၀၀၀ သာ အစိုးရက လျော်ကြေးပေးရန် စီစဉ်ထားရာ ကာလပေါက်ဈေးထက် သုံးဆခန့် နည်းသည်ဟုလည်း ဆိုသည်။

ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း ၁၀ နှစ်ကြာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများ ဖောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခု မေလတွင် မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရအကြား ရေးထိုးပြီး၊ ၂၀၀၈ ခု ဇွန်လတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ - ထိုင်းကုမ္ပဏီ - ITD အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးသည်။

စီမံကိန်းမူဘောင် သဘောတူ စာချုပ်ကိုမူ ၂၀၁၀ နိုဝင်ဘာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးနှင့် ITD ကုမ္ပဏီ ဥက္ကဋ္ဌတို့ စာချုပ်သည်။

ထားဝယ်မြို့မှ ကုန်းလမ်း မိုင် ၂၀ ခန့်အကွာရှိ စီမံကိန်းတခုလုံး ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားကာ ပထမအဆင့် ၂၀၁၀-၂၀၁၄ ခုတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ၊ စီးပွားရေးဇုံမြို့နယ်၊ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်ကာ ဒေါ်လာ ၈.၆ ဘီလီယံ လျာထားသည်။ နောက်ပိုင်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ကုန်ကျမှု လျော့နည်းအောင် နည်းလမ်း ရှာသွားမည်ဟု ပြောဆိုခဲ့သည်။

စီမံကိန်းနယ်မြေမှ ရေဖြူမြို့နယ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ ကီလိုမီတာ ၁၆၀ ရှည်ပြီး မီတာ ၂၂၀ (ပေ ၆၅၆) အကျယ်ရှိ ရှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်းလည်း ဖောက်လုပ်မည် ဖြစ်သည်။ လမ်းနှင့် အပြိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတို့လည်း သွယ်တန်း တည်ဆောက်ကြမည်။


သဘာဝပတ်ဝန်းကျင် စိုးရိမ်မှု

ထားဝယ်စက်မှုဇုန် စီမံကိန်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကမူ ITD ကုမ္ပဏီ အနေဖြင့် နိုင်ငံတကာအဆင့်မီ လေ့လာစမ်းစစ်မှုများ မပြုလုပ်သဖြင့် လူထုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သည်ဟု အကြောင်းပြကာ ကားလမ်းဖောက်နေမှုကို တားမြစ်ထားသည်မှာ သုံးလကြာပြီ ဖြစ်သည်။

“အာမခံချက်ပေါ့လေ Environment Impact Assessment တွေ၊ Social impact တွေ တိတိကျကျ မလုပ်ရင် ကျနော်တို့လည်း သူတို့လမ်းဖောက်ဖို့ ကိစ္စကို ဖွင့်ပေးဖို့ အခက်ခဲ ရှိတယ်လေ။” ဟု KNU တပ်မဟာ-၄ မြိတ်- ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဂွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။ လမ်းဖောက်နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ပြီး ယခုအခါ အူကြောင်းဖောက် တိုင်းထွာသည့် ပထမအဆင့် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဟု သူက ပြောသည်။

ထို့ပြင် မယင်းကြီးရွာ၊ ထိန်ကြီး၊ မူးဒူး ရွာတို့နှင့် အနီးကပ်ဆုံးရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်း နယ်မြေအတွင်း၌ လူနေအဆောက်အဦး၊ အလုပ်သမားတန်းလျား၊ ရုံး၊ အစည်းအဝေးခန်းမ အပါအဝင် အဆောက်အဦး ၂၀၀ ကျော်ဆောက်ပြီးပြီဟုလည်း ဒေသခံတဦးက ပြောသည်။

ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီခွဲ တခုဖြစ်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ ကမ်းရိုးတန်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်ဇော်ဦး၏ ညီဖြစ်သူ ဦးခင်ဇော်မင်းပိုင် Dawei Princes ကုမ္ပဏီ၊ မြန်မာအော်ရီဂျင်နယ်ဂရု၊ ကနောင်အေးရှား၊ တနင်္သာရီတိုင်းအမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီ၊ ဆန်းသစ် တို့က စီမံကိန်းတွင် စာချုပ်လက်ခွဲများ ရရှိထားကြသည်။

ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းပြီးလျင် ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တိုက်ရိုက် လမ်းပေါက် သွားမည် ဖြစ်ပြီး မလေးရှားကျွန်းဆွယ်ဘက်မှ ပတ်စရာ မလိုတော့သဖြင့် သယ်ယူစရိတ် ၂ဝ ရာခိုင်နှုန်းကျော် သက်သာသွားမည်ဟု သိရသည်။ ထို့ပြင် လာအိုနှင့် ဗီယက်နမ်တို့မှလည်း ထိုင်းနိုင်ငံကိုဖြတ်၍ အိန္ဒိယ သမုဒ္ဒရာမှ တဆင့် အနောက်နိုင်ငံများသို့ လမ်းပေါက်သွားမည်။

ထားဝယ်ဒေသခံများအတွင်း စီမံကိန်း ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ - DDA က ပညာပေး လုပ်ငန်းများကို တရားဝင် လုပ်ကိုင်နိုင်ရန် ကြိုးစားနေပြီး စိမ်းလန်း ဖွံဖြိုးမှု အပေါ် အခြေပြုသော စီမံကိန်း ဖြစ်စေလိုကြောင်း ဒေသခံ ၆၀၀ ဦးကျော်က လက်မှတ်ရေး ထိုး၍ သမ္မတ ဦးသိန်းစိန်နှင့် လူ့အခွင့်အရေးကော်မရှင်ထံ အိပ်ဖွင့်ပေးစာပို့ရန် စီစဉ်နေသည်။

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှု အခြေအနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင်လောကသားများ ခံစားနေရသည့် ဆင်ဆာဖြတ်တောက်မှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဒါရိုက်တာ ရိုက်ကူးတင်ပြလာသည့် သူတောင်းစား အခန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမှ “သူတောင်းစားက အပြင်မှာရှိချင်ရှိမယ် ရုပ်ရှင်ထဲမှာ မရှိရဘူး။ ဒါ နိုင်ငံတော်ကို သိက္ခာချနေတာ။”ဟု ဆိုကာ
ဖြတ်ပစ်သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူး တင်ပြထားသည်။

ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည်ကို သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တင်ပြရိုက်ကူး ထားသည်ကိုလည်း
ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Government လုပ်နေတဲ့အချိန်မှာ အဲဒီ
ပြကွက်တွေ ခွင့်ပြုလိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့။” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ဖြတ်တောက်မှုများကြောင့် စိတ်ထိခိုက်ရသည်ဟုလည်း ဒါရိုက်တာဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်းမသိဘဲနဲ့ ဖြတ်ခံလိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီအခါကျတော့ သရုပ်ဆောင်တွေမှာလည်း အခက်အခဲ၊ ဒီဘက်က စဉ်းစားပြီးလုပ်ထားတဲ့ ဇာတ်ညွန်းဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာမှာလည်း အခက်အခဲ Felling တွေက သွားပြီ
ပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပိုဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင်ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေ
တော်တော်များများ ခံစားဖူးပါတယ်။ အဲဒါဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲမချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာတခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့်သူကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆုပေးပွဲအခမ်းအားကို ရန်ကုန်မြို့ တော်ဝင်စင်တာ ဟိုတယ် အထပ် ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ဆုချီးမြှင့်မည်ဟုလည်း သိရသည်။ ဆုကြေးကို ကျပ်ငွေ ၁၀ သိန်း ပေးမည်ဟု သိရသည်။

Wednesday 21 December 2011

အသားအရောင် ခွဲခြားမှုကြောင့် ဆွာရက်ဇ်ကို ၈ ပွဲပယ်

လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ မန်ယူအသင်းရဲ့ လူမည်းဘောလုံးသမား ပက်ထရစ် အီဗရာကို အသားအရောင်ခွဲခြား ဆက်ဆံခဲ့တယ် ဆိုပြီး ၈ ပွဲပယ်ဖို့  အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ကအင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်တဲ့အပြင် ဒဏ်ငွေ ပေါင် လေးသောင်း ချမှတ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ ပွဲစဉ်မှာ အချင်းများနေတဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ လူမည်းဘောလုံးသမား ပက်ထရစ်အီဗရာ (ဓာတ်ပုံ - Getty Images)
ဒီဆုံးဖြတ်ချက်ကြောင့်  မယုံနိုင်အောင် ဖြစ်သွားတဲ့ လီဗာပူးအသင်းက သူတို့တိုက်စစ်မှူးဟာ ဒီလို အသားအရောင် ခွဲခြားတတ်သူ မဟုတ်ဘူးလို့ ဘောလုံးအဖွဲ့ချုပ်ကို ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့တုန်းက အန်ဖီးမှာ ကန်ခဲ့တဲ့ လီဗာပူးနဲ့ မန်ယူ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ ဆွာရက်ဇ်နဲ့ အီဗရာနဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အချင်းများခဲ့ပါတယ်။
အဲဒီတုန်းက အီဗရာရဲ့ အသားရောင် အပေါ်မှာ ရည်ညွှန်းတဲ့  စကားမျိုး ပြောဆိုမိခဲ့တယ် ဆိုတာကိုတော့  ဆွာရက်ဇ်က ဝန်ခံထားပါတယ်။
သူ့နိုင်ငံ ဥရုဂွေးမှာ ဆိုရင်တော့ ဒီစကားမျိုးဟာ လူမျိုးရေးခွဲခြားတဲ့ စကားမဟုတ်ကြောင်း ဆွာရက်ဇ်က စောဒက တက်ခဲ့ပါတယ်။
တပတ်ကြာ ကြားနာအပြီးမှာ ဘောလုံးအဖွဲ့ချုပ်က ဆွာရက်ဇ်ကို အင်္ဂလန် ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့်  ဆွာရက်ဇ်ကို  အယူခံဝင်မယ်ဆိုရင် ၀င်နိုင်ဖို့အတွက်  ၁၄ ရက် အချိန် ပေးထားပါတယ်။
ဆွာရက်ဇ်ကတော့ “ဒီနေ့ဟာ ငါနဲ့ ငါ့မိသားစုအတွက် အရမ်း ခံရခက်ပြီး  နာကျင်စရာကောင်းတဲ့နေ့ပါ။ ငါ့ကို ထောက်ခံတဲ့ လူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ဒီနေ့ပြောထားပါတယ်။
ဘီဘီစီသတင်းဌာနရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ မက်လော်ရန်ဆန်ကလည်း ဒီပြစ်ဒဏ်ဟာ အင်မတန် ပြင်းထန်တဲ့ အတွက် ဆွာရက်ဇ်ဟာ ရာသီ ပွဲစဉ် ၂၀ ရာခိုင်နှုန်းကို လွဲချော်မှာမို့  လီဗာပူးအတွက် သတင်းဆိုးပဲလို့ ကောက်ချက်ချပါတယ်။
လီဗာပူးအသင်း အင်တာနက်စာမျက်နှာမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။
၁။  ပရိသတ် ထောင်သောင်းများစွာ အော်ဟစ်နေတဲ့ ကွင်းထဲမှာ နှစ်ဘက်ကစားသမားများ၊ ပွဲကြီးကြပ်သူတွေ နဲ့ ကွင်းလယ်ဒိုင်တို့ဟာ ဆွာရက်ဇ် နဲ့ အီဗရာတို့ ပြောဆိုချက်တွေကို ဘာမှမကြားလိုက်ရပါဘဲ၊ သက်သေမရှိပါဘဲ ဆွာရက်ဇ် အပြစ်ရှိတယ်လို့ ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချခဲ့တာ ထူးဆန်းနေကြောင်း၊
၂။ အီဗရာရဲ့ ထွက်ဆိုစာမှာ  “ လူးဝစ် ဆွာရက်ဇ်သည် လူမျိုးရေးခွဲခြားသူ တယောက်ဖြစ်မည်ဟု မထင်ပါ” လို့ ၀န်ခံထားတာကလည်း ထောက်ပြစရာ ဖြစ်နေကြောင်း၊
၃။ လူးဝစ်ဆွာရက်ဇ် မိသားစုဟာ  လူမျိုးခြား နဲ့ သွေးနှော နေတဲ့ မျိုးရိုးက လာတဲ့သူ ဖြစ်သလို၊ သူရဲ့ အဘိုး တော်စပ်သူ ကိုယ်တိုင်ဟာလည်း လူမည်းတဦး ဖြစ်ကြောင်း၊
၎။ လူးဝစ်ဆွာရက်ဇ်ဟာ နိုင်ငံ လက်ရွေးစင် အဖြစ် ကစားတဲ့ ဥရုဂွေး ပွဲစဉ်တွေမှာလည်း လူမည်းတွေနဲ့ မိသားစုလို စည်းလုံးခဲ့သလို၊ အိုင်းယက် အသင်းမှာ ကန်တုန်းကလည်း လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ အသင်းကို ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း၊
၅။  အီဗရာ ကိုယ်တိုင်ကလည်း ဆွာရက်ဇ်အား ကွင်းအတွင်း စပိန်ဘာသာ စကားဖြင့် ဆဲဆိုမှု ကိစ္စအား ဆွာရက်ဇ်က မိမိ ဘာမှ မကြားခဲ့ဟု ထွက်ဆိုခဲ့ကြောင်း၊ ထိုဆဲဆိုမှုနှင့် ပတ်သက်ပြီး မည်သို့ ပြစ်ဒဏ်ပေးမည်ကို မိမိတို့ သိချင်ကြောင်း၊
၆။ လီဗာပူးအသင်း သမိုင်းကြောင်းတလျှောက် လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ခဲ့ကြောင်း၊ ဆွာရက်ဇ် ကိုယ်တိုင်လည်း ၂၀၁၀ ကမ္ဘာ့ဖလားကာလမှာ အသားအရောင် မခွဲခြားရေး ရန်ပုံငွေပွဲအတွက် လုပ်ဆောင်ခဲ့ဖူးကြောင်း၊ ယခုကိစ္စမှာလည်း အီဗရာရဲ့  ပြောကြားမှု တခုတည်းကိုသာ သက်သေ အဖြစ် တွေ့ ရှိရကြောင်း
စသဖြင့်  လူးဝစ် ဆွာရက်ဇ် အပြစ် ကျူးလွန်ခဲ့တယ်လို့ မယူဆနိုင်ပုံကို လီဗာပူးဝက်ဆိုက်မှာ ရေးသားထားပါတယ်။
ဒီရေ နှင့် ဆောင်းဦးလင်း ပူးတွဲ ရေးသားသည်။

စင်ကာပူတွင် နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် ရုပ်သိမ်းမည်ဆိုခြင်းသည် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သိရှိရ

4383
SMU (စင်ကာပူ) အား တွေ့ရစဉ်

စင်ကာပူ၏ နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် အီးပီအီးစီစနစ် ရုပ်သိမ်းမည်ဆိုခြင်းသည် စင်ကာပူရောက် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များဖြစ်လာ နိုင်ဖွယ်ရှိသည်ကို စင်ကာပူ ပညာရေး ကျွမ်းကျင်သူအချို့က မှတ်ချက်ပြု ကြသည်။
“အီးပီအီးစီစနစ် ရုပ်သိမ်းမယ် ဆိုခြင်းမှာ ဒီက ၁၀ တန်းအောင်ပြီးစ ကျောင်းဆက်တက်မယ့် ကလေးတွေ မှာ ပြဿနာရှိသွားမယ်။ ဘွဲ့မရသေးခင် စင်ကာပူမှာ အလုပ်ရှာထားဖို့ကျ ပြန်တော့လည်း စင်ကာပူမှာ Fresh Degree ရတဲ့သူတွေရဲ့နေရာကကျဉ်းတယ်။ ဒီက ဘွဲ့ရမာစတာသမားတွေ သွားမှာ ပြဿနာမရှိနိုင်ပေမယ့် ၁၀ တန်းအောင်တွေ သွားမယ်ဆိုရင်တော့ နည်းနည်းခက်ခဲသွားနိုင်တယ်”ဟု Smart Resources ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောပြခဲ့ပါသည်။
အီးပီအီးစီ နေထိုင်ခွင့်ဆိုခြင်းတွင် မြန်မာကျောင်းသား အများစုမှာ စင်ကာပူကျောင်းပြီး တစ်နှစ်နေထိုင်ခွင့် ရကာ အလုပ်အကိုင်ရှာဖွေနိုင်သည့် နေထိုင်ခွင့်မျိုးဖြစ်ရာ ယခုကဲ့သို့ ရုပ်သိမ်းခြင်းသည် စင်ကာပူသွားမည့် မြန်မာများအတွက် ကန့်သတ်ချက်တစ်ခုပင် ဖြစ်လာနိုင်ကြောင်းကို စင်ကာပူ SMU တွင် လက်ရှိမာစတာတန်း တက်ရောက်နေသူ မြန်မာကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
EmploymentPass Elibigility Certificate (EPEC) ကို စင်ကာပူ MOM(Ministry of Manpower) က ဒီဇင်ဘာလ၁ရက်နေ့မှ စတင်ကာ ရုပ်သိမ်းခဲ့ပြီး စင်ကာပူအစိုးရ အသိအမှတ်ပြုထားသည့် ကျောင်းများမှ ပြီးထားသူများ၊ အခြားသတ်မှတ် အရည်အချင်း ပြည့်မီသူများကိုသာ ပေးသည့် စင်ကာပူတွင် တစ်နှစ် အလုပ်ရှာနေထိုင်ခွင့်ပေးသည့် ပတ်စ်အမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။
အီးပီအီးစီစနစ်အစား Long Term Visit Pass (LTVP)  ကို စင်ကာပူအိုင်စီအေမှ တစ်ဆင့်ကန့်သတ်ချက်များ ပြည့်မီလျှင် လျှောက်ထားနိုင်ပြီး ယေဘုယျအားဖြင့် သုံးလသက်တမ်းသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref: EMG

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည်

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် အားလုံးတွင် ပညာသင်နှစ် တစ်နှစ်ထပ်မံတိုးချဲ့ကာ သင်ကြားသွားရမည် ဖြစ်သည် ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာလ ၁၆ ရက် နေ့က နည်းပညာတက္ကသိုလ် (လားရှိုး) တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။
စက်မှုနိုင်ငံတည်ထောင်မည်ဆိုလျှင် နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာ အခြေခံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန်နည်း ပညာရှင် အရေအတွက်များစွာ မွေးထုတ်ပေးရဦးမည် ဖြစ်ခြင်းတို့ကြောင့် လာမည့် ပညာသင်နှစ်မှစ၍သိပ္ပံ၊ ၀ိဇ္ဇာဘာသာရပ်များအား ပညာသင်နှစ်ထပ်တိုးပြီး သင်ကြားတော့မည် ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်ကာလ အလားတူ ထပ်တိုး၍ သင်ကြားစေတော့မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသည်။

အခြေခံပညာသင်နှစ်များကို မူလရှိရင်းစွဲစာသင်နှစ်များထက် တစ်နှစ် ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံအဆင့် နှင့် အညီပြုလုပ်ခြင်းအပြင်  နိုင်ငံတကာ ပညာရေးနှင့်တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည် . .

အခြေခံ ပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံ အဆင့်နှင့်အညီ ပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့ သည်။
ထို့ပြင် နည်းပညာတက္ကသိုလ် များတွင်လည်း စာသင်နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရာတွင် ယခင်နှစ်များကနှင့်မတူ ကျရှုံးသည့်ကျောင်းသား ဦးရေများစွာရှိခဲ့ကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသားအချို့ကပြော ကြားခဲ့ကြသည်။
“ဒီနှစ်သမီးတို့ civil ဘာသာ မှာဆိုလူ ၁၃၀၀ ဖြေရင် ၈၀၀ ကျော် လောက်ပဲအောင်တယ်။ ဒီနှစ်မှာ အရမ်းကျတယ်။ ဆရာမတွေက နှစ်စကတုန်းကတည်းကတော့ ပြောထားပြီးသား။ ဒီနှစ်မှာ အရေအတွက် ကို ဦးစားမပေးဘဲ အရည်အသွေးကို ဦးစားပေးစိစစ်မယ်လို့ ပြောထားတယ်” ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦးက ပြောကြားခဲ့ပါ သည်။               
Ref: EMG

မပြောချင်လို့ကြည့်နေတာကြာပြီ...

အမောပြေမယ့်သီချင်းတစ်ပုဒ်.....ကြည့်ရင်းမောတယ်ဆိုလေမလား...မေခလာခုန်နေတာကြည့်ပြီးတော့လေ။...ဒါပေမယ့်... နင့်ကိုငါချစ်တယ်....ငါ့ကိုနင်ချစ်လား သီချင်းတွေနဲ့ မှိုင်းဝနေတဲ့ဦးနှောက်ဟာ...တခါတလေ အခုလို ဘ၀သရုပ်အမှန်သီချင်းတွေကြောင့် ဘ၀ကို ယထာဘူတကျကျ နေတတ် ထိုင်တတ် ရှုမြင်တတ်သွားတာတွေလည်း ရှိပါတယ်။


ရှေ့တန်း မထွက်လိုသည့် တပ်အရာရှိများ ကိုယ်စား HIV ဝေဒနာရှင် များက အစားထိုး ဆေးခွင့်ယူပေး

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကိုယ်စားဆေးရုံတက်ခိုင်း ကာ ဆေးခွင့်များ ယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူတစ်ဦးက ပြောသည်။
“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။ ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျနော်တို့ ပိုးစတွေ့တုန်းက အတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့် ထိုသို့လုပ်ဆောင်နေကြရခြင်း ဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက ပြောသည်။

လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်အသိုင်းအ၀ိုင်း၏ဆွေမျိုးတော်စပ်သူ တစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ သည်။

သူက “ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို အဖွားတို့က ရှေ့တန်း မလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်း လိုက်တယ်။ ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက် ကုန်တယ်။”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ ၀န်ထမ်းများ၊ဆရာဝန်များ ကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့်နီးစပ်သူများကပွဲစားအဖြစ် ပြုလုပ်ကာ ရောဂါသည်လူနာများကိုရှာဖွေဆက်သွယ်လုပ်ဆောင်
ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင် ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့ လုပ်တာပေါ့။”ဟု ဆို သည်။

စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာလ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ်စား ဆေးရုံငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာသောကြောင့် ဖြစ်နိုင် ကြောင်း မြန်မာပြည်တွင်းအခြေစိုက် မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက်နေသော လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။

၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
Ref: BNI

ဒေါ်စုနှင့် တွေ့ဆုံခွင့်ရသော ပထမဆုံးသော ထိုင်းဝန်ကြီးချုပ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာသည် မြန်မာ အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်္ဂါနေ့ညနေပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ညနေ ၅ နာရီ ၄၅ မိနစ်မှစတင်၍ နာရီဝက်ကျော် တွေ့ဆုံဆွေးနွေးမှုမှာ ထိုင်းဝန်ကြီးချုပ်အဆင့်ရှိ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခြင်း ဖြစ်လာသည်။

“နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ အားလုံးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
yingluck
ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်သည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
မစ္စစ် ယင်လတ်သည် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မဲခေါင်မြစ်ဝှမ်းဒေသ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သေးသည်။ မစ္စစ်ယင်လတ်နှင့် အသက် ၆၆ နှစ်ရှိ နိုဘယ်လ်ဆုရှင် မြန်မာ အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံခွင့်ရရန် ကြားဝင်ကူညီခဲ့သူမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် မစ္စယင်လတ်၏ အကိုရင်းဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာနှင့် အင်တာဗျူး တွင် ပြည်ပြေးဖြစ်နေသူ မစ္စတာ သက်ဆင်က ပြောကြားသွားခဲ့သည်။

ယခင်အကြိမ်များက မြန်မာစစ်အစိုးရက တားမြစ်ခဲ့၍ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခွင့် မရခဲ့ဟု မစ္စတာ သက်ဆင် က ပြောကြားထားသည်။ မစ္စတာ သက်ဆင်သည် ဒီဇင်ဘာ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သော ယခင် စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေနှင့် လက်ရှိ သမ္မတ ဦးသိန်းစိန်တို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။

နေပြည်တော် သတင်းရပ်ကွက် တခုကမူ မစ္စတာ သက်ဆင်သည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနေရာသို့ သွားရောက် လည်ပတ်ပြီး တညအိပ်သွားခဲ့သည်ဟု ဆိုသည်။ မစ္စတာသက်ဆင်က ကမ္ဘောဒီးယားနိုင်ငံမှ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟုဆိုကာ "အီတာလျံ-ထိုင်း ဥက္ကဋ္ဌရယ်၊ ထိုင်းအစိုးရဝန်ကြီး တပါးရယ်ကလေယာဉ်တစီးနဲ့ လာပြီးစောင့်တယ်။ ပြီးတော့ ရေနက်ဆိပ်ကမ်းနေရာမှာ သူတို့ တညအိပ်တယ်။ ၁၆ ရက်နေ့မှာပြန်သွားတယ်။” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ထိုင်းနိုင်ငံ အီတာလျံ-ထိုင်း ကုမ္ပဏီသည် ထားဝယ်စီးပွားရေးဇုံနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုတ်နှံခွင့် ရထားပြီး ထားဝယ်စီးပွားရေးဇုံနှင့် ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီခရိုင်သို့ လမ်းဖောက်လုပ်ရန်လည်း တိုင်းတာရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိ ကျတ်ချိုင်းကွန်ကလည်း ဇန်နာဝါရီ လ ၇ ရက်နေ့တွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ခန့်မှန်းခြေ ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျနိုင်ဖွယ်ရှိသော အဆင့်သုံးဆင့်ပါ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းမှဆောက်လုပ်ရေးနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများကို သွားရောက် စစ်ဆေးမည်ဟု ဘန်ကောက်ပို့စ် သတင်း တရပ်အရ သိရသည်။

ထိုစဉ်တွင် ထားဝယ် အထူးစီမံကိန်းမြေနှင့် မလွတ်သဖြင့် ပြောင်းရွှေ့ရမည်ဟု အမည်ပေါက်နေသည့် ရေဖြူမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် အိမ်ပိုင်ရှင် စစ်မှန်ကြောင်း အိမ်နံပတ်ကို ကိုင်ဆောင်၍ ဓာတ်ပုံရိုက် မှတ်တမ်း တင်ယူမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

Tuesday 20 December 2011

သက်ဆင်ရဲ့ မြန်မာခရီး ဝေဖန်ခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းသည်ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်းနိုင်ငံရေးသမားတဦးက ပြောကြားလိုက်သည်။
စက်တင်ဘာလက တွေ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် (ဓာတ်ပုံ - AP)
သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေး၏တို့အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်းလွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က  ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူက ဘာကြောင့် ဘာကြောင့် နာမည်ကောင်း ၀င်ယူရတာလဲ။ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ရပေးမှာပါ။ သူ ၀င်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။
သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။
“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီးအတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။
လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေးနေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။
သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့်  ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။
မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး  ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။
ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ညနေပိုင်းတွင်  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။
မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ၀န်ကြီး ပီချိုင်နာရစ်သက်ဖန်၊  နိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီမှ အမှုဆောင်များလည်း လိုက်ပါသွားကြောင်း သိရသည်။
တနင်္သာရီတိုင်း  စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ၀ယ်ယူလျက်ရှိသည်။

ကျွန်မဖတ်ဖို့ (သို့) နှစ်သစ်လက်ဆောင်မွန်.......

(၁)
လူ့ဘဝလမ်းတစ်လျှောက်မှာ ကျွန်မတို့ဟာ သင်ယူရင်းနဲ့ ကြီးပြင်းကြတယ်။
လူတစ်ယောက်ကို ချစ်တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မချစ်တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မေ့တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မမုန်းတတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို ခွင့်လွှတ်တတ်ဖို့ သင်ယူတယ်။
နောက်ဆုံး..... နောက်ဆုံးမှာတော့....
ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးတတ်ဖို့ ကျွန်မတို့ သင်ယူခဲ့ပါတယ်.....

(၂)
တစ်ယောက်တည်းရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။
ငြိမ်သက်လွန်းလို့ ကိုယ့်အသက်ရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။

အေးပြီဆို ကိုယ့်ကိုယ်ကို အနွေးထည်ထပ်ဖို့မမေ့ပါနဲ့!
ဆာပြီဆို ကိုယ့်အတွက် ပေါင်မုန့်တစ်လုံးဝယ်ဖို့မမေ့ပါနဲ့!
ဖျားပြီဆို ကိုယ့်ကိုယ်ကို ဆေးသောက်ဖို့မမေ့ပါနဲ့!
ဆုံးရှုံးပြီဆို ကိုယ့်ကိုယ်ကို အားပေးဖို့မမေ့ပါနဲ့!
စိတ်ဓာတ်ကျပြီဆို ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့မမေ့ပါနဲ့!
လဲကျပြီဆို နာကျင်မှုထဲကနေရုန်းထပြီး ကိုယ့်ကိုယ်ကို အပြုံးတစ်ပွင့်ပေးဖို့ မမေ့ပါနဲ့....!
တစ်ယောက်တည်းဆိုပေမယ့်လည်း တစ်ယောက်တည်းရဲ့လွတ်လပ်ငြိမ်းချမ်းမှုတွေရှိခဲ့ပါတယ်။

(၃)
မိုးအုံ့တယ်ဆိုတိုင်း မိုးရွာတာမဟုတ်ဘူး။
လမ်းခွဲတယ်ဆိုတိုင်း ရင်ကွဲသွားတာမဟုတ်ဘူး။
မုန်းတယ်ဆိုတိုင်း တစ်သက်လုံးအတွက်မဟုတ်ဘူး။
စိတ်ပျက်တယ်ဆိုတိုင်း မျှော်လင့်ချက်မဲ့သွားတာမဟုတ်ဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ဘူး။
ပိုင်ဆိုင်ရတယ်ဆိုတိုင်း မဆုံးရှုံးနိုင်တာမဟုတ်ဘူး။
နှုတ်ဆိတ်တယ်ဆိုတိုင်း ဥပေက္ခာပြုတာမဟုတ်ဘူး။
ဆုံးရှုံးတယ်ဆိုတိုင်း မပိုင်ဆိုင်နိုင်တော့တာမဟုတ်ဘူး။
လဲကျသွားတယ်ဆိုတိုင်း ထပ်မရပ်နိုင်တော့တာမဟုတ်ဘူး။
ရှုံးသွားတယ်ဆိုတိုင်း လက်လွတ်လိုက်တာမဟုတ်ဘူး။
ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် ထပ်မပေါ်နိုင်တာမဟုတ်ပါဘူး။
ဒီ တစ်စက္ကန့်မှာသာ အလျော့မပေးရင် နောက်တစ်စက္ကန့်မှာ မျှော်လင့်ချက်ဆိုတာရှိနိုင်ပါတယ်။

(၄)
သင့်မှာ ကံကောင်းခြင်းတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ တမင်တကာ မစောင့်မျှော်ပါနဲ့။
သင့်မှာ ကြံ့ခိုင်မှုတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ မျက်ရည်ကျဖို့ မငြင်းဆန်ပါနဲ့။
လောကမှာ သူတော်ကောင်းရှိတယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ သူတော်ကောင်းဟန်ဆောင်သူရန်က ကာကွယ်ဖို့ မမေ့ပါနဲ့။
ငွေကြေးက ပျော်ရွှင်ခြင်းတွေကို သယ်လာနိုင်တယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ တစ်ဘဝစာအတွက် မတောင့်တပါနဲ့။
ရိုးသားခြင်းကို ယုံပါ။ ဒါပေမဲ့ စေတနာကောင်းထားဟန်ဆောင်ခြင်းကို အပြစ်မဆိုပါနဲ့။
အောင်မြင်ခြင်းကို ယုံပါ။ ဒါပေမဲ့ ကျရှုံးခြင်းကို မျက်ကွယ်မပြုပါနဲ့။
ဖူးစာကို ယုံပါ။ ဒါပေမဲ့ ရူးရူးမိုက်မိုက် မစောင့်စားပါနဲ့။
အချစ်ကို ယုံပါ။ ဒါပေမဲ့ အပြစ်အနာအဆာကင်းဖို့ မတောင်းဆိုပါနဲ့။
လူ့ဘဝမှာ တန်ဖိုးအရှိဆုံးက မိမိကိုယ်ကိုယုံကြည်တာပဲဖြစ်တယ်။

(၅)
လူတိုင်းရဲ့ကိုယ်မှာ တမူထူးခြားတဲ့ ကိုယ်ပိုင်အလင်းတစ်မျိုးရှိတယ်၊ ကိုယ်ပိုင် ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ ဒါတွေဟာ တခြားလူ အတုခိုးလို့ မရနိုင်သလို တခြားလူမှာလည်း မရှိနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုယ်ကို ဂုဏ်ယူထိုက်တဲ့ အရာတွေရှိတယ်။ သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို သင်ကိုယ်တိုင်ပဲ မှတ်ချက်ပြုနိုင်တယ်။ တလောကလုံးက သင့်အပေါ် မျှော်လင့်ချက်မဲ့ခဲ့ရင်တောင် သင့်ကိုယ်သင် ယုံကြည်ရတယ်။

နာကျင်ကြေကွဲချိန်မှာ ငိုနိုင်ပါတယ်... ရှိုက်ကြီးတငင် ငိုနိုင်ပါတယ်။
ငိုပြီးခဲ့ရင် လှလှပပ ရယ်နိုင်ရမယ်၊ လှလှပပ ပြုံးနိုင်ရမယ်။
သင့်ကိုယ်သင် ယုံကြည်ပါ... သင်ဟာ သင်ကိုယ်တိုင်ပါ၊ သင်ဟာ ပြိုင်ဘက်ကင်းသူတစ်ယောက်ပါ။

(၆)
ပြဿနာအခက်အခဲဆိုတာ လူ့ဘဝမှာ တွန်းအားတစ်မျိုးပါ။ အခက်အခဲ၊ ပြဿနာကြောင့် လူဟာ ပိုသန်မာရခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆီ မရောက်မချင်း လူတိုင်းလူတိုင်းဟာ ကိုယ့်စိတ်ကူးအိပ်မက်အတွက် ရှေ့သို့လှမ်းနေကြပါတယ်။ လျှောက်လှမ်းတဲ့လမ်းမှာ ကဲ့ရဲ့ဝေဖန်မှုတွေ၊ သံသယဖြစ်မှုတွေ၊ သရော်လှောင်ပြောင်မှုတွေ ကြုံကြရတယ်။ ဒါဟာ လမ်းအပိုင်းအခြားမှာ တခဏသာ တွေ့ကြုံရတာတွေပါ။ ကိုယ်ပိုင်လမ်းတစ်ခုဆီ သင်အရောက်လှမ်းနိုင်ခဲ့ပြီဆိုရင် အဲဒီဝေဖန်လှောင်ပြောင်မှုတွေက မပြောပလောက်တော့ပါဘူး။

ဒါကြောင့် မိမိကိုယ်ကိုယ်ယုံကြည်ပါ။ ယုံကြည်မှုကို လက်ကိုင်ထားပါ။ ကိုယ့်ကိုယ်ကို အားပေးပြုံး ပြုံးပါ။ နောက်ဆုံးမှာ မျှော်လင့်ချက်ပန်းတိုင်ဆီ သင်အရောက် လှမ်းနိုင်ပါလိမ့်မယ်

(၇)
လောကမှာ အသည်းငယ်တဲ့လူတွေက အများသားလား?
ပိုးဟပ်ကိုကြောက်တဲ့လူ၊
ကြွက်ကိုကြောက်တဲ့လူ၊
အခက်အခဲကိုကြောက်တဲ့လူ၊
ဆုံးရှုံးမှာကို ကြောက်တဲ့လူ၊
ကိုယ့်အချစ်စစ်ကို တခြားအချစ်စစ်နဲ့ မတွေ့မိမှာကြောက်တဲ့လူ၊
အငြင်းခံရမှာ ကြောက်တဲ့လူ၊
သစ္စာဖောက်ခံရမှာ ကြောက်တဲ့သူ၊
အစွန့်ပစ်ခံရမှာ ကြောက်တဲ့လူ၊
ထိခိုက်နာကျင်မှာကို ကြောက်တဲ့လူ... ....


အဲဒီလို ကြောက်တတ်နေလို့ပဲလား! အစတောင်မစရသေးခင် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်မဲ့နေခဲ့ပြီ။

(၈)
ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယောက်.... ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"...

ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို့ တခြားလူကမေးတော့ အဘိုးအိုက ပြောတယ်။

"ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်တစ်နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်းကျန်ခဲ့မယ့် နောက်ဆုံးစကားက အဲဒီစကားဖြစ်နေမှာပဲ"

တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေး သေဆုံးနိုင်ပါတယ်။ မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?

အိမ်ပြင်မထွက်ခင် ဂရုစိုက်တဲ့စကား
အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား
မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား
ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို
ဘယ်သူကမှလည်း နောက်ဆုံးစကားတစ်ခွန်းကို နားဝင်မချိုတဲ့ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာမဟုတ်ပါဘူး။

(၉)
ထာဝရချစ်မယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ ထားသွားခဲ့တယ်။
အရမ်းချစ်တယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ တခြားတစ်ယောက်လက်ကို တွဲသွားခဲ့တယ်။ စောင့်နေမယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ တခြားတစ်ယောက်နဲ့ ထွက်သွားခဲ့တယ်။

"ချစ်တယ်" လို့.... လွယ်လွယ် မပြောပါနဲ့။
ကတိတစ်ခုဟာလည်း တာဝန်ယူမှုတစ်ခု ဒါမှမဟုတ် နာကျင်မှုတစ်ခုပဲ မဟုတ်ပါလား!

(၁ဝ)
တစ်ခါတလေမှာ... အဲဒီလူကို ကျွန်မတို့ခွင့်လွှတ်လိုက်ပြီဆိုပေမယ့် ကျွန်မတို့ တကယ်မပျော်ရွှင်နိုင်ခဲ့ဘူး။ အကြောင်းက ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ ကျွန်မတို့ မေ့နေခဲ့လို့ပါပဲ....


ကျွန်မဖတ်ဖို့ နိုင်းနိုင်းစနေ ဘာသာပြန်သည်။


( ရွှေ့ပြောင်းလုပ်သားတို့အတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် မနိုင်းနိုင်းစနေရဲ့ ကျွန်မဖတ်ဖို့ ဘာသာပြန်စာစုနှင့် ကျွန်တော်ချစ်တဲ့ မိုးမခတစ်ပင် ရောစပ်ပြီး အားဆေးတစ်ခွက် လက်ဆင့်ကမ်းလိုက်ပါတယ်......နှစ်သစ်မှာ ဒဏ်ရာဟောင်းတွေကျက်လို့ အိပ်မက်သစ်တွေနဲ့ ဘ၀ကို ပြန်လည်နိုးထဆန်းသစ်နိုင်ကြပါစေ...)

တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုလိုက်ပါတယ်။
မစ္စတာ တက်ဆင်က မြန်မာပြည်ကိုသွားမယ့် သူ့ရဲ့ညီမ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်ရဲ့  ခရီးစဉ် ချောမွေ့ အဆင်ပြေအောင်နဲ့ မစ္စ်ယင်းလပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေးကိစ္စတွေ အကူအညီပေးဖို့အတွက် သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်။
မစ္စ်ယင်းလပ်ရှင်န၀ပ်ဟာ စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံများ ညီလာခံကို တက်ရောက်ဖို့ အခုမြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။
မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံက ဝေဖန်သုံးသပ်သူ တချို့ကတော့ ၀န်ကြီးချုပ် ယင်းလပ်အစိုးရအနေနဲ့ ဒီခရီးစဉ်ကို အသုံးချပြီး တက်ဆင်ရှင်န၀ပ်နဲ့ အလွမ်းသင့်တဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးအမြတ်ရရှိအောင် ပြုလုပ်သွားနိုင်တဲ့အတွက် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။
Ref: VOA

KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး

ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်ထောင်စုအဆင့် 'နိုင်ငံရေး ဆွေးနွေးရန်' ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းထားကြောင်း အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို ယမန်နေ့က လက်ခံ ရရှိကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်စာကို KIO ကို ယမန်နေ့က အီးမေးလ်မှတဆင့် တရားဝင် အသိပေးလာခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အကြောင်းကြားခြင်းဆိုကာ ဦးအောင်သောင်း၏ လက်မှတ်
ရေးထိုးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း”ဟု ဦးလနန်က ပြောသည်။
kiomettgoverment
မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ် Photo:: KIO။
အစိုးရဘက်မှ တရားဝင်အကြောင်းကြားလာသဖြင့် KIO အဖွဲ့အနေဖြင့်လည်း ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် အစိုးရထံ တရားဝင် ထပ်မံစာပို့မည်ဟု ဦးလနန်က ပြောသည်။

လက်ရှိ ရှေ့တန်းနေရာများတွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးရဘက်မှ လက်နက်နှင့် စစ်အင်အား များကို ဆက်လက် ပို့တောင်နေသည်ဟု ဦးလနန်က ပြောသည်။

“အင်အားလျော့သွားတာ မရှိဘူး။ နဂိုရှိပြီးသား အခြေစိုက်နေတဲ့နေရာကို လက်နက်တွေ ရိက္ခာတွေ ယာဉ်တန်းနဲ့ ပို့နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က ပြီးခဲ့သည့် သောကြာနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့ပြီး မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း၊ ထို့ကြောင့် ယခုအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မည်ဖြစ်ကြောင်းပြောဆိုသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးအောင်သောင်းက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ စစ်ရေးသဘောအရ ဖြစ်နေခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်လိုဟာမျိုးလဲဆိုတော့ ဥပမာ ဝေးလံတဲ့နေရာမှာ သူက ရိက္ခာ ခုနစ်ရက်စာလောက် ရှိတယ်။ ခုနစ်ရက် စာ ကုန်ပြီဆိုရင် ကျနော်တို့က ရိက္ခာကို ငါးရက်မြောက်တဲ့နေ့မှာ စပို့တယ်။ အဲဒီပို့တဲ့အခါမှာ လမ်းခရီးမှာ သူကလည်း မသိဘူး၊ ကိုယ်ကလည်း မသိဘူး ဒီအမိန့်တွေ ထုတ်ပြန်တာ။ အဲဒီအခါမှာတော့ မှားယွင်း ပစ်ခတ်မှု ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်နေလို့ အမိန့်ပေးတာက တမျိုး၊ ဒီလို ပစ်ခတ်မှုက ရှိနေပါသေးတယ်ဆိုတာ သူတို့ ဝေဖန်လို့၊ အပြစ်တင် လို့ မရပါဘူး။ စစ်ရေးစစ်ရာသဘောမှာ ဒီလို ရှိပါတယ်”ဟု ဦးအောင်သောင်းက သတင်းထောက်များကို ပြောခဲ့ သည်။

“ကိုယ်က သိသော်ငြားလည်းပဲ သူက မသိရင် ခက်တယ်။ အဲဒီတော့ ဒီလို အနေအထားလေးတွေ ရှိတယ်။ ဒီလိုလုပ် လို့ သမ္မတ အမိန့်ပေးပါလျက်နဲ့ ဒီလိုချည်း လုပ်နေတယ်၊ ဒါ မုန့်တမျိုး တုတ်တမျိုးဖြစ်နေတယ်လို့ ဒီလို ပြောလို့မရ ဘူး၊ ဒီလို ဝေဖန်လို့ မရဘူး။ ဒါက သဘာဝရဲ့၊ စစ်ရေးစစ်ရာသဘောဝနဲ့ စစ်ဆင်ရေး နယ်မြေရဲ့ သဘော သဘာဝလေးကို သိဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာ ဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောလိုပါတယ်”ဟု ဆက်ပြောသည်။

ငြိမ်းချမ်းရေးအရ တဆင့်ချင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအရ ခန့်မှန်းခြေ ၃ နှစ်၊ ၄ နှစ် ကြာမြင့်နိုင်မည်ဟု ဦးအောင်သောင်းက ပြောဆိုသွားသည်။

သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင် ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ပါဝင်ခြင်း မရှိခဲ့ပေ။

KIO နှင့်အစိုးရခေါင်းဆောင်များ ယခင်လ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့စဉ် KIO ဘက်က အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့်မြို့နယ်များအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၆ဝဝဝ ကျော်ရှိနေသည်ဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စသည့်မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ခဲ့ သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းမှ သိန်းပေါင်း ၂ဝဝ ကူညီခဲ့မှုခြင်း အား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက် ကူညီမည်ဆိုပါက ကြိုဆိုကြောင်းလည်း KIO ဒုက္ခသည်များ ကူညီရေး ကော်မတီက ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

စဉ် ငြိမ်းချမ်းရေးအဖွဲ့ဝင် နာမည်များ ရာဝူး
ဦးအောင်သောင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အဖွဲ့ခေါင်းဆောင်
ဦးအောင်မင်း (မီးရထားဝန်ကြီး) ဒု - အဖွဲ့ခေါင်းဆောင်
ဦးသိန်းဇော် (တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ) ဒု - ခေါင်းဆောင်
ဦးအုန်းမြင့် (သမဝါယမနှင့် မွေးမြူရေးဝန်ကြီးဌာန) အဖွဲ့ဝင်
ဦးဝင်းထွန်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး) အဖွဲ့ဝင်
ဦးလဂျွန်ငံဆိုင်း (ကချင်ပြည်နယ် ဝန်ကြီးချုပ်) အဖွဲ့ဝင်
ဗိုလ်ချုပ် ဇေယျအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) အဖွဲ့ဝင်
ဗိုလ်ချုပ် ဇော်ဝင်း (ဒု - ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန) အဖွဲ့ဝင်
ဦးထွန်းသိန်း (ခ) ဦးထွန်းထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန်စီ) အဖွဲ့ဝင်
၁၀ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြစ်ကြီးနား) အဖွဲ့ဝင်
၁၁ ဗိုလ်မှူးကြီး ကျော်စိုးဝင်း (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အဖွဲ့ဝင်) အဖွဲ့ဝင်

Monday 19 December 2011

ရွှေည၀ါ ဆရာတော် သတင်း ဆင်ဆာဖြတ်

ရွှေညဝါ ဆရာတော်
ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အရေးယူမည့်စာ ပို့သော သတင်းနှင့် ပတ် သက်ပြီး ပြည်တွင်း သတင်း ဂျာနယ်များတွင်ဖော်ပြခွင့်မရကြောင်း သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောသည်။

“စာပေစိစစ်ရေးက အဲဒီသတင်းကိုလုံးဝ မဖော်ပြဖို့ တားတယ်။ ခွင့်ပြုချက်မရှိဘဲ ဖော်ပြရင်တော့ ထိထိရောက်ရောက် အရေးယူ ရ လိမ့်မယ်လို့ ပြောတယ်”ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး က ပြောပြသည်။

ယင်းသတင်းသည် ပြည်သူအများက စိတ်ဝင်စားသောကြောင့် ပြည်တွင်း သတင်းမီဒီယာ အများစုက ဖော်ပြရန် ကြိုးစားကြသော် လည်း စိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ ဂျာနယ် အယ်ဒီတာ တဦးကလည်း“ဆရာတော် ကျောင်းမှာလုပ်တဲ့ အခမ်းအနားသတင်းတွေ ကျနော်တို့ ရေးပြီး တင် ဖူးတယ်၊ မပေးဘူး၊ ညွှန်ကြားထားတာမျိုးတော့ မရှိဘူး၊ သွားတင်တော့မှ မပေးတာ၊ ဆရာတော် ဘွဲ့အမည်ပါရင်ကို စိစစ်ရေးက အရင်ကတည်းက ခွင့်မပြုခဲ့ဘူး၊ တခြားဟာတွေ ခွင့်ပြုတာတော့ ရှိတယ်”ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့(မဟန)၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက် အကြောင်းကြား စာ ကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မဟန ၏ စာတွင် တရားဟောခွင့် ပိတ်ပင်ထားသည်ကို မလိုက်နာဘဲ တရားဟောခဲ့သောကြောင့် လက်ရှိ သီတင်း သုံးနေသော ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်(သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ)အဖြစ် သတ်မှတ်ရန်နှင့် ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်သည်။

တရားဟောခွင့် ပိတ်ပင်ထား၍ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးတွင် သြ၀ါဒ ဆုံးမစကားကိုသာ ပြောခဲ့ခြင်း ကို တရားဟောပါသည်ဟု မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)သို့ မှားယွင်းစွာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က ဧရာဝတီသို့ မိန့်ကြားထားသည်။

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံး၌၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် ကျင်းပစဉ် ရွှေည၀ါ ဆရာတော်က သြ၀ါဒ ဆုံးမစကား ပြောကြားခြင်းဖြစ်သည်။

ရွှေည၀ါ ဆရာတော်သည် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား များကိုလည်း သာဓု ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွှေည၀ါဆရာတော်ကို အရေးယူသော သတင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရဟန်း သံဃာများ၊ ပြည်သူများထံသို့ ပျံ့နှံ့သွားပြီး အများစုက စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိကြောင်း သိရသည်။

“ဆရာတော်အတွက် အရမ်းကို စိတ်ပူတယ်။ ဆရာတော်ကတော့ သူ့အတွက် မပူဖို့ အမြဲပြောတယ်။ ဒါပေမယ့် ဆရာတော်လို သီလ၊ သမာဓိပြည့်စုံတဲ့ ရဟန်းတော် တပါး ဒုက္ခကြုံမှာကို မလိုလား ပါဘူး”ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင် တိုက်မှ စာသင်သား ရဟန်းပျိုတဦးက ပြောသည်။

ရွှေည၀ါ ဆရာတော်က ၎င်းအား အရေးယူမှုကို ပြင်ဆင်ပေးရန်အတွက် ရဟန်းနှင့်ပြည်သူ တသောင်းကျော်၏ လက်မှတ်များနှင့် အသနားခံစာကို နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ ဒီဇင်ဘာ ၁၆ ရက်က တင်ပြထားသည်။

ထို ရွှေည၀ါဆရာတော်၏ သတင်းသာမက အစိုးရအရာရှိကြီးများ၏ လာဘ်ပေးလာဘ်ယူမှုများအား စုံစမ်း ရေးသားထားသော သတင်းများကိုလည်း သတင်းမီဒီယာများတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်သည်ဟုလည်း ရန်ကုန် သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဂျာနယ် သတင်းထောက် တဦးက“သတင်း လွတ်လပ်ခွင့်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြောပါ၊ လက်တွေ့မှာတကယ်မရဘူး။ သတင်းတွေကို ဖြတ်တောက်တယ်။ စိစစ်တယ်။ မနာခံရင် အရေးယူမယ့်ပုံစံပြတယ်”ဟု ပြောသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes