Sunday 18 December 2011

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မီဒီယာများနှင့် တွေ့ဆုံ ကြားဖြတ်ရွေးကောက်ပွဲအား သုံးလကြိုတင်၍ အသိပေးမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပြုပြီးသားပါတီများ စည်းရုံးရေးလုပ်ဆောင်နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

ပည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ သုံးလကြိုတင်အသိပေးမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပြုပြီး သားပါတီများအားလုံး စည်းရုံးရေး လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောကြားခဲ့ပါသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံကောင်းအောင် လုပ်ဆောင်သူများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ပြင် အခြေအနေ၊ အချိန်အခါပေးပါက မီဒီယာများနှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  မည်သူ့သြဇာ လွှမ်းမိုးမှုမှမခံဘဲ လွတ်လွတ် လပ်လပ် လုပ်ဆောင်နေကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။
''ဘယ်သူ့သြဇာ လွှမ်းမိုးမှုမှ မခံဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေပါတယ်။ အဲဒါက ကျွန်တော့်ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုတည်းကိုပဲ လိုက်နာပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နေပါ တယ်''ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ''ညစ်ပြီးနိုင်တာထက် မှန်မှန်ကန်ကန်လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားသွားပါမယ်''ဟု လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
''ပါတီတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်။ ဘယ်ကိုသွားသွား မကန့်ကွက်ပါဘူး။ ပါတီတွေအနေနဲ့ စည်းရုံးမယ်ဆိုရင် ပြည် သူတွေအနေနဲ့ ယုံကြည်အားကိုးလာမယ်။ အဲဒါမှ မဲနိုင်ပြီး လွှတ်တော်ထဲ ရောက်မယ်။ လွှတ်တော်ထဲရောက်မှ တိုင်းပြည်အတွက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်''ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လတ်တလော လစ်လပ် လျက်ရှိနေသည်။
လစ်လပ်မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော်နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော် တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည်မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် ၁၂ နေရာ စုစုပေါင်း ၁၇ နေရာရှိကြောင်း သိရသည်။
သို့ရာတွင် လာမည့်ကြားဖြတ် ရွေးကောက်ပွဲ၌ အဆိုပါမဲဆန္ဒနယ် ၁၇ နေရာတွင် လုပ်နိုင်ပါက လုပ်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လက်ရှိတွင် မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီ ၁၀ ခုရှိပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမို ကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင် အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်ကြသည်။
ပါတီတည်ထောင်ခွင့် လျောက်ထားခဲ့သည့်ပါတီ ၁၀ ခုအနက် လေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီတို့ ဖြစ်ကြသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes