Saturday 28 May 2011

ပျောက်ကွယ်နေသော ကြက်ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်

ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။

ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊ ကြက်ဥကိုဖောက်လိုက်သည့် အခါတွင်လည်း အနှစ်ကများပြီး အကာနည်းကာ ညှီစို့စို့အနံ့ အသက်များ ထွက်ပေါ်နေတတ် ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။
”ကြက်ဥက ပုံမှန်ထက် နည်းနည်းကြီးတဲ့အပြင် အခုကြက်ဥဈေးတွေတက်ပြီး တစ်လုံးကို ၁၄ဝ လောက် ဖြစ်နေတဲ့အချိန်မှာ တစ်လုံး ၁ဝဝ နဲ့ရတယ်ဆိုတော့ တန်တယ်ဆိုပြီး ၁၅ လုံးတောင် ဝယ်လိုက်တာ။ အ ဆောင်ရောက်တော့ သူငယ်ချင်းတွေနဲ့စားဖို့အတွက် ပြုတ်မလို့လုပ်တဲ့အချိန်မှာမှ ကြက်ဥက ပေါ့နေတာ ကို သတိထားမိတာ။ ခလောက်ကြည့်တော့လည်း ရေသံလိုကြားရတယ်။ ဒါနဲ့မသင်္ကာလို့ တစ်လုံးခွဲကြည့် လိုက်တော့ ကြက်ဥက အနှစ်နဲ့အကာနဲ့တွဲမနေဘူး။ အထဲမှာ အဝါရောင်အနှစ်တွေ ချည်းပဲ။ အကာ အကြည်လေးတွေ မပါဘူး။ ပျက်တဲ့ကြက်ဥတွေလည်း ဒီလိုဖြစ်တတ်တယ်ဆိုပြီး ၈ လုံးလောက် ပြုတ် လိုက်တာ ၁ဝမိနစ်လောက် ကြာတဲ့အခါ ညှီစို့စို့အနံ့ထွက်လာလို့ အိုးကိုဖွင့်ကြည့်လိုက်တော့ ကြက်ဥတွေအကုန်လုံးကွဲနေပြီး အကုန်လုံး ဖြူဖြူအနှစ်တွေဖြစ်သွားတယ်။ နောက်အလုံးတွေ အကုန်လုံး အဲဒီလိုတွေချည်းပဲ။ ပုပ်စော်နံတာလည်း မဟုတ်ဘူး။ ညှီစော်နံတာ စူးစူးဝါးဝါးကိုနံတာ”ဟု လှည်းတန်းဈေးမှ ကြက်ဥအတုများ ဝယ်ယူ မိခဲ့သူတစ်ဦးက ပြောသည်။

ဈေးထဲတွင် ကြက်ဥအတုများ ပေါ်နေသည်ဟု သတင်းစကားများ ပေါ်ထွက်နေသော်လည်း မိမိအနေဖြင့် မယုံကြည်ခဲ့ကြောင်း၊ အဆိုပါ ကြက်ဥအတုများကို ရောင်း သည့် ဈေးသည်သည် ကြက်ဥကိုဝယ်ယူသည့်အခါ ခလောက်ကြည့်ပြီး ဝယ်ယူသည်ကို ခွင့်မပြုကြောင်း၊ နောက်တစ်နေ့ ဈေးသွားသည့်အခါတွင်လည်း ကြက်ဥအတု သည်ကို လှည်းတန်းဈေး၏ အခြားတစ်နေရာတွင် ထပ်မံ တွေ့ရှိရကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

”ကျွန်တော်ကြုံရတုန်းက ကြက်ဥကိုခွဲလိုက်တော့ အနှစ်က အများကြီး အကာကနည်းနည်း လေးပဲပါတယ်။ ဒါ ထူးခြားတယ်ဆိုပြီး နောက်တစ်လုံးခွဲကြည့် တော့လည်း အဲဒီအတိုင်းပဲ။ အဲဒီကြက်ဥက အလုံးပိုကြီးတယ်။ အရောင်က နည်းနည်းဖျော့တယ်။ ကျန်းမာရေး ရှုထောင့်ကနေ ဘေးထွက်ဆိုးကျိုး ရှိလား၊ မရှိလားတော့ ကျွန်တော် မသိဘူး။ ကျွန်တော်သိရသလောက်တော့ အဲဒီကြက်ဥတွေ က တရုတ်ဘက်ကလာတာ။ ဒီ ကြက်ဥကို အကင်ဆိုင်တွေ အများဆုံးသုံးကြတယ်။ ကြက်ဥပေါင်း အတွက် အသုံးများတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ ဒါမျိုးတွေကို ဈေး ကွက်မှာ မရောင်းသင့်ဘူး။ တချို့ ကြက်ဥရောင်းနေတဲ့သူတွေ ကိုယ်တိုင် အတုလား၊ အစစ်လားမသိ ကြဘူး။ ဖောက်သည်ပို့တဲ့သူတွေက အများနဲ့ရောပြီးပို့ကြတာဆိုတော့ အလွယ်တကူ မသိနိုင်ဘူးပေါ့”ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

၎င်းကပင် ဆက်လက်၍ ”တရုတ်နယ်စပ်မှာ အလုပ်သွားလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောတာကတော့ ဓာတုဗေဒနည်းနဲ့စီမံထားတဲ့ ဆေးတစ်မျိုး နဲ့ ကြက်ကိုကျွေးတာတဲ့။ အဲဒီကြက်တွေကို ကြက်ခြံတွေမှာသီးသန့်မွေးထားတာ။ ကြက်တွေကို အဲဒီအစာကျွေးပြီး ၁ဝ ရက်လောက်အတွင်းမှာ ဥ,ဥနိုင်တယ်။ ဥ,ဥတဲ့အခါ မှာလည်း ကြက်မတစ်ကောင်ကို ဥ အလုံး ၂ဝလောက်အထိ ဥနိုင် တယ်”ဟု ပြောသည်။

မင်းချစ်နိုင်
http://popularmyanmar.com

တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန်လို

တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီတစ်ခုသည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက် မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန်ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊ သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။ 
 

ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ လများအတွင်း ခရီးထွက်၍ ပြည်သူများနှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် တွေ့ဆုံ အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။

dassk-media
မေလ ၁၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်း ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

ထိုသို့ ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ စီစဉ်ထားခြင်း မရှိသေးကြောင်းသိရသည်။၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အထက်မြန်မာပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ် အစိုးရ ကျောထောက်နောက်ခံပြုထားသူများက ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ် ချုပ် ချခဲ့သည်။
မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းသည် မြန်မာအစိုးရသစ်အနေဖြင့် လုံလောက်သော အပြောင်းအလဲများ မပြုလုပ်နိုင်သေး သည့် အတွက် ထပ်မံတိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု သတင်းထောက်များကို ပြောကြားကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်း ထောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်နှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်း သာခွင့်မဟုတ်ဘဲ လျော့ပေါ့ခွင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။

ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း အား ယခုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ၎င်း အနေဖြင့် အစိုးရနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများ၏ ပြောဆိုမှုများကို လာရောက်နားထောင်ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်ဟု သိရသည်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး မြန်မာ အစိုးရ ၏ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် လည်း ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။

မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး

မန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရမဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြားလိုက်သည်။

Mae_Sot_NGO_meeting01
တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေး (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။

၎င်းက“NGO တွေအနေနဲ့ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာအတိုက်အခံတွေကို အားပေးကူညီမှုလုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခုသို့ပေးပို့မည့် တပ်ဖွဲ့အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်းအစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်းပြောကြားခဲ့သည်။

ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြားပြင်ပတွင်လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ  ၆၀ ခန့်ရှိသည်ဟု သိရသည်။

သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်းခံရမည်ဟု အစည်းအဝေးအပြီး တွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။

မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ်ဆေးဝါးများရောင်း ၀ယ်သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူခံရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်စေမယ့်အနေအထားတွေကိုတော့ ဘယ်အဖွဲ့ကမှမလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြားကိစ္စတွေကို မြန်မာအတိုက်အခံအဖွဲ့တွေက ထိုင်းနယ်မြေကိုအသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကိုအရေးဆို တိုင်ကြားတာတွေရှိတယ်၊ အခုဖြစ်တဲ့ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး(လ၀က)၊ နယ်ခြား စောင့်တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ ညစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာဒုက္ခသည်စခန်းများမှ စခန်းဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီ

ဂီရိ ဒဏ်သင့် ကျေးရွာတချို့ ကချင်ကို ရွှေ့

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေးသင့်ဒေသများဖြစ်သော မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ် တို့မှ ကျေးရွာ တချို့သည် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ တနိုင်းဒေသ ရှိ ယုဇန ဦးဌေးမြင့်ပိုင်ဆိုင်သော ပီလောပီနံစိုက်ခင်းများ၌ လုပ်ကိုင်ရန် ရွာလုံးကျွတ်ပြောင်းရွှေ့ သွားကြကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့ရခြင်းမှာ ၎င်းတို့လုပ်ကိုင်စားသောက်ရာ မြစ်ချောင်း အင်းအိုင် များကို ပြည်နယ်အစိုးရသစ်က လေလံစနစ်ဖြင့် လုပ်ဆောင်လိုက်ခြင်းနှင့် ဂီရိကြောင့် ပျက်စီးသွားသည့်လယ်မြေများကို လုပ် ကိုင် နိုင်မှု မရှိတော့ခြင်းကြောင့် ဟု ဒေသခံများက ဆိုသည်။ 

ဧရာဝတီ

ထိုင်းနိုင်ငံ ဆင်ဘူရီ၌ မြန်မာ ၃ ဦး ရုပ်အလောင်းတွေ့

အသက်ရှုကျပ်ပြီး သေဆုံးသည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၃ ဦး၏ အလောင်းကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဆင်ဘူရီမြို့ နယ် ရှိ လမ်းဘေး တနေရာ၌ ယနေ့ တွေ့ရှိခဲ့ကြောင်း ထိုင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ သေဆုံးသူများသည် မြန်မာနိုင်ငံ သား အမျိုးသားများ ဖြစ်ပြီး အသက် ၃၄ နှစ်နှင့် ၂၈ နှစ် အရွယ်များဖြစ်သည်ဟု ဒေသခံ ရဲ အရာရှိ တဦးက အတည်ပြုပြောကြားသည်။ 

ဧရာဝတီ 

ရွှေ့ပြောင်းအလုပ်သမား

ကျွန်တော်ရောက်သွားတဲ့ နေရာက တခြားမဟုတ်ပါဘူး။ မလေးရှားမှ လုပ်ငန်းရှင် သူဌေးများနှင့် အလုပ်သမားများအကြား ဆက်သွယ်ပြီး အလုပ်သမားဝန်ဆောင်မှုတွေ လုပ်ပေးနေတဲ့ အလုပ်သမားရေးဆိုင်ရာ အေဂျင်စီရုံးတစ်ခုမှာပါ။

ဟိုရောက်တော့ ၀င်ဝင်ချင်း မြန်မာစကားပြန် တယောက်က မေးခွန်းတွေ တရဆက်ထုတ်လာပါတယ်။ ဘာဖြစ်လို့ ပြန်လာတာလဲ..?။ ဘာလဲ..?။ ညာလဲ..?။ မြန်မာလိုပေါ့ဗျာ။ ကျွန်တော့်မျက်နှာ တည်တည်ပဲ.. ကျွန်တော်ဘာမှမဖြစ်ဘဲ ပြန်လာတာလို့ ပြန်ပြောလိုက်တယ်။

အဲဒီ့အေဂျင်စီမှာ ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားပေါင်း များစွာရဲ့ ပြသနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းပေးခဲရပြီးပြီဆိုတော့ သူတို့ ဒီလိုမေးရင် ဒီလိုဖြေရမယ်ဆိုတာ ကျွန်တော့် ဦးနှောက်က အော်တို သိနှင့်ပြီးသားပဲလေ။ တကယ်လည်း ကျွန်တော့်မှာ အလုပ်ရှင်နဲ့ ဘာပြသနာမရှိခဲ့ပါဘူး။ တခြားလူပိုလူလျှံ အလုပ်သမားလျှော့ချခြင်း ကိစ္စများကြောင့်သာဖြစ်ကြောင်း ကျွန်တော်က အေးဂျင်စီရုံးကို ပြန်လည် ဖြေရှင်းပြခဲ့တယ်။

ဒါနဲ့ပဲ ကျွန်တော့်ကို ထုံးစံအတိုင်း ဒုတ်နဲ့ ရိုက်နှက်ခြင်း၊ ဂျပန်လို ပါးရိုက်ခြင်းများ မပြုလုပ်တော့ဘဲ လျှောလျှောရှုရှု အပေါ်ထပ်က အလုပ်သမားများ နားနေခန်းထဲမှာ သွားနေခိုင်းပါတယ်။ အပေါ်ရောက်တော့ မြန်မာလူငယ်များ ဒုက္ခကိုယ်စီ၊ ပြသနာကိုယ်စီနဲ့ အိပ်တဲ့သူက အိပ်၊ ထိုင်တဲ့သူကထိုင်လို့။ သူတို့ မျက်နှာတွေကြည့်မိကာမှ ကိုယ်တောင် စိတ်ဓါတ်တော်တော်ကျသွားတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ အားတင်းနိုင်လိုက်ပါတယ်။ လောက သဘာဝတရားကို နားလည် သဘောပေါက်နေခဲ့ပါပြီ။

လောကဓံရဲ့ ရိုက်ပုတ်ခြင်းနဲ့ အထုအထောင်းဒဏ်တွေကို ကောင်းကောင်းခံစားခဲ့ရသည်မှာ လွန်ခဲ့သောနှစ်များစွာတိုင်ကပင် ရှိခဲ့ချေပြီ။ နဘေးနားက လူများကိုလည်း တတ်နိုင်သလောက် အားပေးစကား ပြောရသေးသည်။

စိတ်မကောင်းသည်မှာ မြန်မာတွေ အတော်များများဟာ ပြည်ပမှာ ဗဟုသုတ နဲပါးခြင်းဖြစ်သည်။ လူငယ်အများစုက အတွေးအခေါ် မှားယွင်းတတ်ကြရာမှ အစပြုကာ ဒုက္ခရောက်ကြရခြင်း ဖြစ်သည်။

ပိုပြီးတော့ စိတ်မသက်မသာဖြစ်ရသည်မှာ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်ဆိုက်ချိန် မလေးရှားမှာလည်း အလုပ်သမား အခွန်ကောက်မှုနှုန်းကလည်း မြင့်တက်လာတော့မည်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာအလုပ်သမားတွေ အလုပ်ရှင်ရဲ့ မတန်တဆ ဖိနှိပ်ခံရမှု သတင်းတွေကြောင့်ပါပဲ။ အကြွေးနဲ့လာတဲ့သူတွေ ဒုက္ခအကြီးအကျယ် ရောက်ကြရသည်။ ပေးစရာငွေမရှိ ပြေးစရာမြေမရှိဆိုတာ ဒါပါပဲဗျာ။

စာရေးတဲ့ ၀ါသနာပါသူပီပီ လူမှုဘ၀ အစုံကို အပြင်ဘက်ကနေ ထွက်ပြီး အကဲခတ် သုံးသပ်နေမိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒုက္ခကို ပုခုံးထမ်းထားရတုန်းပဲ ဆိုပါတော့။

မလေးရှားရောက် မြန်မာအလုပ်သမားတွေရဲ့ ဘ၀ဟာ တယ်လည်း မသေးလှဘူးဆိုတာ အေဂျင်စီရုံးကို ရောက်ကာမှ ပိုပြီး သိလာတယ်။ အဲဒီမှာ မြန်မာ မိန်းကလေးတွေကလည်း ရှိနေသည်။ သူတို့လည်း အလုပ်ပြောင်းရန် စောင့်ဆိုင်းနေကြသည်မှာ နှစ်ပါတ်လောက်တောင် ရှိပြီလို့ သိရတယ်။ တခြား ကျန်တဲ့သူတွေကလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပင် ရှိနေကြပြီး အလုပ်အသစ်ကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေကြဆဲ။

ကျွန်တော့်ကို အဲဒီ့နေ့ရဲ့ ညနေဘက်မှာ ကားနဲ့ လာခေါ်တယ်။ ရုံးခန်းထဲရောက်တော့ အင်တာဗျူးတယ်။ မင်းအရင်လုပ်ခဲ့တဲ့ အလုပ်က အနေချောင်တယ်၊ နဲနဲ သက်သာတယ်။ ဒါပေမယ့် အခုလုပ်ရမယ့် အလုပ်က နဲနဲ ပင်ပန်းမယ်၊ ကြမ်းတမ်းမယ်လို့ အလုပ်သမား အေဂျင်စီရုံးက တရုတ်သူဌေးက ပြောတယ်။ ဟုတ်ကဲ့ ရပါတယ်ဗျာ ပြောရုံကလွဲလို့ အခြား ရွေးစရာလမ်းမရှိတော့ဘူး။ ဒါနဲ့ အလုပ်သစ်အတွက် အားမွေးနေမိတယ်။ နောက်နေ့ညနေဘက်မှာ အလုပ်သစ်နေရာကို လိုက်ပို့ပါတယ်။

အပြောင်းအလဲ သိပ်များတဲ့ ကျွန်တော့်ဘ၀ဟာ နောက်တနေ့မနက်မှာပဲ အလုပ်သစ်နဲ့ ဘ၀သစ်စခဲ့ပါပြီ။ နေရာသစ်မှာ အားလုံး အံဝင်ခွင်ကျ ဖြစ်အောင်လို့ အရင်ဆုံး ကြိုးစားရဦးမည်။ အင်တာနက်ဆိုတာကြီးနဲ့လည်း ဝေသွားပါပြီ။

ကျွန်တော့် ဘလော့ဂ်လေးကို အမှတ်တရအဖြစ် ထားရစ်ခဲ့ပါတယ်။ စာပုဒ်ရေပေါင်း(၄၀)ကျော် တင်နိုင်ခဲ့သည်။ တချို့နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရသည်။ ဘလော့ဂ်ရေးခြင်း အလုပ်ထဲမှ သော့ချက် တချို့ ရှာဖွေတွေ့ရှိခဲ့ရသည်။ ဒီလို ဘလော့ဂ်ရေးခြင်းအလုပ်ကို ကျွန်တော့်အမြင်အရ အားပေးပါတယ်။ စာရေးခြင်း ၀ါသနာပါသည့်အလျောက် ကွန်ပျူတာနဲ့ အနေနီးစပ်မှု ဓါတ်ခံရှိတဲ့ လူတွေအတွက် ဘလော့ဂ်ဂါဖြစ်ဖို့ (၉၉.၉၉)ရာခိုင်နှုန်း သေချာပါသည်။

ကိုယ်ပိုင်ကွန်ပျူတာမရှိတဲ့ (မ၀ယ်နိုင်သေးတဲ့) ကျွန်တော်ကတော့ ဗဟုသုတ၊ စာပေ၊ ရသ ပညာတွေ စုံလင်လှတဲ့ အိုင်တီလောကကြီးနဲ့ အနေဝေးသွားပါပြီ။

ဒီ့အတွက် ကျွန်တော်ဝါသနာပါတဲ့ ဘလော့ဂ်ရေးခြင်းကိုလည်း အဆက်ဖြတ်ရပေတော့မည်။ စာအုပ်အကြမ်းထဲမှာ ဖြစ်သလိုရေးခြစ်ထားတဲ့ စာတွေက (၁၆)မျက်နှာကျော်လောက်ရှိမယ်ထင်တယ်။ အဲဒီ့စာတွေ ဘလော့ဂ်ပေါ်မှာ အချိန်မှီ မတင်လိုက်နိုင်ခြင်းအတွက် စိတ်မကောင်းပါ။ အားလုံးကိုလည်း ခေတ္တခဏ နှုတ်ဆက်ခဲ့ပါတယ်။

တက်လူငယ်
မူရင်း Link


လုပ်အားခ တိုးရေး မဲဆောက် SCT အလုပ်သမားများ ဆန္ဒပြ

ယမန်နေ့က SCT စက်ရုံတွင် ဆန္ဒပြနေကြသည့် မြန်မာ အလုပ်သမားများကို ထိုင်းရဲများ စောင့်ကျပ်နေစဉ် (ဓာတ်ပုံ- ဧရာဝတီ)
လုပ်အားခ တိုးမြှင့်ပေးရန် ဆန္ဒပြသည့် မဲဆောက်မြို့SCT သိုးမွေး စက်ရုံရှိ အလုပ်သမားများသည် လုပ်အားခ (ဒါဇင်ကြေး) ၂၅၅ ဘတ် တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီချက်ဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်သည်။
သိုးမွေး စက်ရုံမှ အလုပ်သမား ၃၅၀ ခန့်က လုပ်အားခ တိုးမြှင့်ပေးရေး အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ စတင်၍ ၅ နာရီ ခန့် အကြာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“အခြား စက်ရုံတွေ ဒါဇင်ကြေးကို ၂၈၀(ဘတ်ငွေ) လောက်ပေးနေကြတယ်၊ ကျနော်တို့ စက်ရုံမှာက ၂၄၀ ပဲပေးတယ်၊ အဲဒါကို ၂၆၀ တိုးပေးဖို့ အလုပ်ရှင်ကို ပြောတာ သုံးလရှိပြီ အလုပ်ရှင်က မလုပ်နိုင်တဲ့ လူတွေထွက်ဖို့ ပြောတယ်၊ ထွက်မယ့် လူတွေကိုလည်း လုပ်အားခ မရှင်းပေးဘူး၊ ပြဿနာက ဒီကစတာပဲ”ဟု စက်ရုံအလုပ်သမား ကိုအောင်က ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြ အလုပ်သမားများနှင့် စက်ရုံအလုပ်ပိုင်ရှင်အကြား ထိုင်းအာဏာပိုင်များ ၀င်ရောက်ညှိနှိုင်းပေးခဲ့သဖြင့် အလုပ်သမားများ တောင်းဆိုထားသည့် ဘတ်ငွေ ၂၆၀ ကို ၂၅၅ ဘတ်နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ 

ဆန္ဒပြရာတွင်ပါဝင်သည့် အလုပ်သမား မအေးအေးက“ကျမတို့ အလုပ်သမားတွေ ဘက်က ဆန္ဒမပြချင်ပါဘူး၊ ဒါပေမယ့် အလုပ်ရှင်ဘက်က လုံးဝကို သဘောမတူတဲ့အပြင် ခြိမ်းခြောက်တဲ့ စကားတွေ ပါလာတယ်၊ ဒါကြောင့် ဆန္ဒပြရတာပါ၊ အခု သဘောတူညီချက်တွေ ရတာကလည်း ထိုင်းအာဏာပိုင်တွေရဲ့ ၀င်ရောက်ညှိနှိုင်းပေးလို့ပါ”ဟု ပြောသည်။

အလုပ်သမားများ ဆန္ဒပြသည့် စက်ရုံနေရာသို့ ထိုင်း အာဏာပိုင်များ ရောက်ရှိသွားသော်လည်း အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။ ဆန္ဒပြ အလုပ်သမားများကလည်း ယနေ့ ပြန်လည် အလုပ်ပြန်ဆင်းနေပြီးဟု သိရ သည်။

SCT သိုးမွေးစက်ရုံ အလုပ်သမားတဦးလျှင် လစာငွေ ဘတ်၂ ထောင်မှ ၃ ထောင် အထိသာ ရရှိကြောင်း၊ အလုပ်သမားများမှာ တရက်အလုပ်ချိန် ၈ နာရီသာမက ၁၁ နာရီ အထိ အလုပ်ဆင်းကြရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ ကိုမိုးဆွေက ပြောသည်။

“တနေ့ ၁၁ နာရီလုပ်ပြီးတော့ အခု ရနေတာက ဘတ်ငွေ ၂၀၀၀ ပတ်ဝန်းကျင်ဆိုတော့ ဒါ ရှင်းရှင်းပြောရင်တော့ အလုပ်သမား တချို့ မကျေနပ်တာတွေတော့ မကြာခဏဖြစ်တာပေါ့”ဟု ၎င်းက ဆိုသည်။

ထိုင်း အလုပ်သများဝန်ကြီးဌာနက ဒေသအလိုက်သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တာ့ခ်ခရိုင် မဲဆောက် မြို့နယ် အပါအ၀င် တနေ့ ၁၆၂ ဘတ် ဖြစ်သော်လည်း အလုပ်သမားများက သတ်မှတ်ချက်အတိုင်းမရရှိကြောင်း အလုပ်သမား ဆောင် ရွက်နေသော အဖွဲ့များက ပြောဆိုကြသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မီတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက“မဲဆောက်ဒေသမှာ တရားဝင် စက်ရုံ အလုပ်ရုံ ၂၀၀ လောက်ရှိတဲ့ အထဲက သတ်မှတ်လုပ်အားခ ၁၆၂ ဘတ် အပြည့်ပေးတဲ့ တီကေဖက်ရှင် အထည်ချုပ် စက်ရုံအပါ အ၀င် ၅ ရုံပဲ ရှိတယ်၊ ကျန်တဲ့ စက်ရုံတွေက ဘတ် ၆၀ ကနေ ၁၀၀ အောက်မှာပဲ ပေးတယ်”ဟု ပြောသည်။

မဲဆောက်တွင် တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံပေါင်း ၂၀၀ ကျော်ရှိပြီး မှတ်ပုံမတင်သည့် စက်ရုံပေါင်း ၃၀၀ ကျော်ရှိ ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

မြန်မာအလုပ်သမားများသည် မဲဆောက်မြို့နယ် အတွင်း၌ အဓိကအားဖြင့် သိုးမွေး စက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက် လုပ် ရေး လုပ်ငန်းခွင် များနှင့် ရာသီအလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အပါအ၀င် ကျပန်း လုပ်ငန်းများ တွင် လုပ်ကိုင် ကြကြောင်း သိရသည်။ 

မဲဆောက်အခြေစိုက် ဧရာဝတီ သတင်းထောက် နှင့် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။

ထိုင်းရှိ ဒုက္ခသည်စခန်း ၂ ခု လူဦးရေ စစ်ဆေး

မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခု၌ ယနေ့ နံနက်မှစတင်၍ ထိုင်းအာဏာပိုင်များက လူဦးရေစာရင်း စစ်ဆေးမှုပြုလုပ်ရာ ဒုက္ခသည် မိသားစု မှတ်တမ်းဓာတ်ပုံ ရိုက်ကူးချိန်တွင် မရှိသည့် လူစာရင်းကို ပယ်ဖျက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရ မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းနှင့် ထာ့ဆောင်ရမ်း မြို့နယ်ရှိ မယ်လ ဒုက္ခသည် စခန်းများအတွင်း အမှန်တကယ် နေထိုင်သည့် ဒုက္ခသည် ဦးရေစာရင်း အတိအကျကို သိရှိနိုင်ရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စစ်ဆေးမှုပြုလုပ်ခြင်း ဖြစ်သည်။

အုန်းဖျန် စခန်းမှ ဒုက္ခသည်စောကူးက “ဒီနေ့မနက် ၈ နာရီစတယ်၊ အသေးစိတ်တော့ မဟုတ်ဘူး၊ မိသားစုစာရင်းမှာရှိတဲ့ လူဦးရေအတိုင်း မိသားစု ဓာတ်ပုံရိုက်တယ်၊ စာရင်းရှိပြီး လူမရှိတဲ့သူတွေကိုတော့ သူတို့စာရင်းက ဖျက်လိုက်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယနေ့ စတင်သည့် စစ်ဆေးမှုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ထိုင်းလုံခြုံရေး တပ်ဖွဲ့များပါဝင်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လေ့လာသူအဖြစ် ပါရှိသည်။

အုန်းဖျန်စခန်းမှ ရပ်ကွက်မှူး တဦးက “စာရင်းရှိပြီး လူမရှိတဲ့လူတွေ အတော်များတယ်၊ စာရင်း အတိအကျတော့ မသိရသေးဘူး၊ တနေ့ကို အနည်းဆုံး ရပ်ကွက်၂ ခုကိုစစ်မယ်၊ ဒီနေ့ကစပြီး နောက်လ ၁ ရက်နေ့အထိ ဖြစ်တယ်”ဟု ပြောသည်။

မယ်လ ဒုက္ခသည်စခန်းတွင် ယနေ့စတင် ပြုလုပ်သည့် စစ်ဆေးမှု၌ မိသားစုစာရင်းရှိပြီး လူမရှိသောကြောင့် စာရင်းပယ်ဖျက် ခံရသူ အများအပြား ရှိသည်ဟု စခန်းအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပြသည်။

၎င်းက “ကျနော်တို့လည်း လူစစ်မယ် အချိန်မီ ပြန်လာကြဖို့ ပြောပါတယ်၊ တချို့ဆိုရင် ခရီးလွန်နေကြတယ်၊ မြန်မာပြည်ပြန်တဲ့ လူလည်းရှိတယ်၊ ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့ လူလည်းရှိတယ်၊ အခုစစ်တာက လူသစ်လူဟောင်း နားမလည်ဘူး၊ လူမရှိရင် လုံးဝမရဘူး”ဟု ဆိုသည်။

ဒုက္ခသည်စခန်းတွင် ၁၀ နှစ်ကျော် နေထိုင်သူ တဦးက “ထိုင်းဘက်က ဒီလိုကိုင်တွယ်တာကိုတော့ နားလည်ပေးရမှာ ဖြစ်တယ်၊ စခန်းမှာ လူစစ်မယ်ဆိုတော့ အပြင်က ၀င်လာတဲ့လူတွေက အကုန်လုံး ၀တ်ကောင်းစားလှ တွေကြီးပဲ၊ အရင်က စခန်းမှာ မတွေ့ဘူးတဲ့ လူတွေလည်း များတယ်၊ ဒီလိုလူတွေက စာရင်းရှိတယ်၊ တကယ်လာတဲ့ ဒုက္ခသည် အစစ်အမှန်တွေကိုတော့ စခန်းထဲ အ၀င်မခံဘူး၊ မြန်မာဘက် ပြန်ပို့တာတွေ ရှိတယ်၊ ထိုင်းဘက်က ဒီကိစ္စကို အသေအချာ မလုပ်နိုင်ရင်တော့ လူစစ်လည်း အလကားပဲ”ဟု ပြောသည်။

လူဦးရေ ၅၀၀၀၀ ကျော်ရှိသည့် မယ်လ စခန်းတွင် ပြုလုပ်သော လူဦးရေစစ်ဆေးရေး လုပ်ငန်းစဉ်သည် လက်ရှိလူဦးရေ အနေအထားအရ အနည်းဆုံး ၃ လခန့် ကြာမြင့်နိုင်သည်ဟု စခန်းရုံးမှ ၀န်ထမ်းတဦးက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ တောင်ဘက် ၇၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိသည့် အုန်းဖျန် ဒုက္ခသည် စခန်းတွင် ရပ်ကွက် ၁၆ ခုရှိပြီး မြန်မာ ဒုက္ခသည် ၁၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

မယ်လ ဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် ၅၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ရပ်ကွက် ၂၂ ခုရှိကာ လက်ရှိတွင် ဒုက္ခသည် ၅၀၀၀၀ ကျော်နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခသည် ကော်မတီ (KRC) ၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ကျော် နေထိုင်လျှက်ရှိသည်ဟု ထိုင်းမြန်မာ နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း (TBBC) အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ


ထိုင်း ရဲအချုပ်ကားနှင့် လိုက်ပါလာသည့် မြန်မာများ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံ တွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး လိုက်သည်။
အဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင်ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ
ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။

အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။

မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။

“မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ်  လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။

ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။


Maesot_Thai_police_car
အဖမ်းခံရသည့် ထိုင်း ရဲအချုပ်ကား (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက်မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။

ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။

မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

ရန်ကုန်မှ ထိုင်း နယ်စပ်အရောက် ပို့ပေးသည့် လူပွဲစားအလုပ် တွင်ကျယ်

ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ သွားမည့် ကော့သောင်းလှေဆိပ် (ဓာတ်ပုံ - s643.photobucket.com)
ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမ၀င် သွားရောက်လိုသူများအား ရန်ကုန်မြို့မှ ကော့သောင်း နယ်စပ်အထိ လူတဦးလျှင် ကျပ် ၃ သိန်းခွဲအထိ ယူဆောင်၍ လူပွဲစားများက ပို့ဆောင်ပေးနေကြောင်း ခရီးသည်များက ပြောသည်။
ရန်ကုန်မှတဆင့် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းနယ်စပ်သို့ သွားသူများသည် မန္တလေး၊ မကွေး၊ ရန်ကုန်၊ အညာ ဒေသများနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ တဘက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် သူများသည် ဒေသရင်း၌ အလုပ်အကိုင် ရှားပါးနေခြင်းကြောင့် ပိုင်ဆိုင်သော ပစ္စည်းများကို ထုခွဲရောင်းချ၍ သွားနေကြခြင်းဖြစ်သည်။

လူကုန်ကူးသည့် ကိစ္စများ တွင်ကျယ်လာခြင်းကြောင့် အစိုးရ တာဝန်ရှိသူများက နယ်စပ်ဒေသ သွားရောက်မည့် သူများအား စစ်ဆေးရေးဂိတ် အများအပြားတွင် စစ်ဆေးမေးမြန်းခြင်း၊ သွားမည့်အကြောင်းအရာ မခိုင်လုံသူများအား သက်ဆိုင်ရာ ဒေသသို့ ပြန်လည် ပို့ဆောင်ခြင်းတို့ကြောင့် ပွဲစားများဖြင့် သွားလာ နေကြရခြင်းဖြစ်ကြောင်း သိရသည်။

“အဖမ်းအဆီးမရှိဘဲ ကော့သောင်းရောက်ချင်ရင် ပွဲစားခ ကျပ် ၃ သိန်းခွဲပေးရတယ်။ မှတ်ပုံတင်ကတ် နည်းနည်းလေး ဟောင်းနေရင် ၄ သိန်း တောင်းတယ်။ သွားမယ့်လူက အနည်းဆုံး ၃ ယောက် ရှိရမယ်လို့ ပွဲစားတွေက ပြောတယ်” ဟု ကော့သောင်း ဒေသသို့ သွားရောက်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကိုသန်းရွှေက ဧရာဝတီကို ပြောသည်။

ရန်ကုန်မှ ကော့သောင်းအရောက် ပွဲစားခ ပေးဆောင်ရသော ငွေသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကျပ် ၁ သိန်းခွဲနှင့် ၂ သိန်း ခန့်သာ ဈေးပေါက်ခဲ့ပြီး ယခုနှစ်တွင် ကော့သောင်းဒေသသို့ သွားရောက်သူ များပြားလာ၍ လူပွဲစားဈေးကွက် တွင်ကျယ်လာရာ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက် သွားခြင်း ဖြစ်သည်ဟု ရန်ကုန်ဒေသခံများက ဆိုသည်။

“အောင်မင်္ဂလာ ကားဝန်းထဲက ကော့သောင်းသွားမယ့် ကားဂိတ်ရောက်တာနဲ့ ပွဲစားတွေက စုပြုံရောက်လာပြီး သူလုပ် ပေးမယ်၊ ငါလုပ်ပေးမယ်၊ ဈေးမများစေရဘူး ဆိုပြီး အတင်းစည်းရုံးတယ်” ဟု ကော့သောင်းသို့ သွားမည့် ကိုသန်းရွှေက ဆိုသည်။

လူပွဲစားများသည် ရန်ကုန်မြို့ ပါရမီ အဝေးပြေးကားဂိတ်နှင့် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တို့မှ တနင်္သာရီတိုင်းသို့ ပြေးဆွဲ နေကြသော ယာဉ်မောင်းများ၊ တနင်္သာရီ တိုင်းအတွင်းရှိ စစ်ဆေးရေး ဂိတ်များမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ညှိနှိုင်းကာ ပို့ဆောင်ပေးနေကြောင်း သိရသည်။

ရန်ကုန် ဆူးလေ၊ ပန်းဆိုးတန်းတို့ရှိ ကုမ္ပဏီ တချို့သည် ကော့သောင်းမြို့၌ အခြေစိုက်ကာ လူတဦးလျှင် ထိုင်းဘတ်ငွေ ၁၆၀၀၀ (ကျပ် ၄၆၀၀၀၀ ခန့်) ယူဆောင်ကာ ကော့သောင်းအရောက် ပို့ဆောင်ပေး၍ နယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရရှိရေးကိုပါ ဆောင်ရွက်ပေးနေကြောင်း ကော့သောင်းမြို့ခံတဦးဖြစ်သူ ကိုကျော်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဘတ် ၁၆၀၀၀ ပေးရင် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ် လုပ်ပေးတယ်၊ အလုပ်ပါရှာပေးတယ်။ ပိုက်ဆံအကြေ မပေးနိုင်တဲ့ လူဆိုရင် လခထဲက ဖြတ်ယူတယ်။ ရန်ကုန်က အေးဂျင့်တချို့ ဒီမှာရုံးခန်းဖွင့်ပြီး လုပ်ပေး နေတယ်” ဟုဆိုသည်။

ရန်ကုန်မှ ကော့သောင်းသို့သွားရာ လမ်းကြောင်းတလျှောက်၌ စစ်ဆေးရေး ဂိတ်အများအပြား ရှိသော်လည်း ရေးမြို့နယ်နှင့် ထားဝယ်ကြားရှိ မလွဲတောင် စစ်ဆေးရေး ဂိတ်သည် အဓိက ကျသော ဂိတ်တခု ဖြစ်ကြောင်း၊ ခရီးသည် အနေဖြင့် မိမိသွားမည့် နေရာအား သေချာစွာ မပြောပြနိုင်ပါက ထိုဂိတ်မှတဆင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ကြောင်း ကော့သောင်း ဒေသခံ တချို့ကဆိုသည်။

ရခိုင်၊ မွန်ပြည်နယ်နှင့် အညာဘက်မှ လာသူများ၏ မှတ်ပုံတင်များကို အဓိက စစ်ဆေးကြောင်း၊ ငွေ မပေးနိုင်သူများကို ဂိတ်မှ ဖြတ်သွားခွင့် မပေးကြောင်း၊ တခါတရံ ထားဝယ်မှ ကော့သောင်း သွားသည်ကိုပင် စစ်ဆေးပြီး ငွေတောင်းခံခြင်းများ ရှိကြောင်း ကိုကျော်ဝင်းက ရှင်းပြသည်။

“ပွဲစားတွေက ကားမောင်းသူတွေနဲ့ ညှိပြီး တင်တယ်။ ကားမောင်းသူတွေက သက်ဆိုင်ရာ ဂိတ်တွေရဲ့ တာဝန်ရှိသူတွေနဲ့ နားလည်မှုယူပြီး စစ်ဆေးမခံရ အောင်လုပ်ပေး ထားတယ်။ ဆရာရေ ကျနော့်ကားပေါ်မှာတော့ လူဘယ်နှဦး ပါတယ်လို့ အသိပေးလိုက်တာနဲ့ အဲဒီကားပေါ်ပါတဲ့ လူတွေကို ဘာမှတ်ပုံတင်မှ မစစ်ဆေးတော့ဘူး” ဟု ထားဝယ်-ကော့သောင်း ပြေးဆွဲနေသော အမြန်ယာဉ်လိုင်း ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံမှ လာရောက်သူ အများစုသည် အအေးခန်း၊ ငါးဖမ်းလှေ စသည့် ရေလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံနှင့် စားသောက်ဆိုင် များတို့၌ လုပ်ကိုင်ကြပြီး ၎င်းတို့၏ အနိမ့်ဆုံးလစာမှာ ထိုင်းဘတ် ၆၅၀၀ (ကျပ် ၂ သိန်းဝန်းကျင်) မှ ဘတ်ငွေ ၁၀၀၀၀ (ကျပ် ၃ သိန်းဝန်းကျင်) ရရှိကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ သာမန်လူတဦး၏ ဝင်ငွေ လစာမှာ ကျပ် ၇ သောင်း ၀န်းကျင်ရှိသည်။

ကော့သောင်း နယ်စပ်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် သွားသော လူဦးရေသည် လစဉ်ထောင်ချီ၍ ရှိပြီး အများစုမှာ မိန်းကလေးများ ဖြစ်သည်ဟု ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ ခရီးသည်များ ပို့ဆောင် ပေးနေသည့် လှေမောင်းသူ ကိုသန့်ဇင်က ဧရာဝတီကို ပြောသည်။

“လူ ၁၀၀ မှာ မိန်းကလေးက ၇၀ လောက်ရှိတယ်။ အများစုက ရန်ကုန်၊ မော်လမြိုင်နဲ့ အညာဘက်ကပါ။ မိန်းကလေးတွေ အများစုက ပြည့်တန်ဆာလုပ်ငန်းတွေ အတွက် ရောင်းစား ခံကြရတယ်၊ တချို့က စက်ရုံတွေမှာလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။

မိန်ကလေး အများစုသည် ထိုင်းနိုင်ငံအတွင်းရှိ ပြည့်တန်ဆာ လုပ်ငန်းများအတွက် လူပွဲစားများ၏ ရောင်းစားခြင်းကို ခံနေကြရပြီး ယခုနှစ်ပိုင်းအတွင်း အမျိုးသားများသည်ပင် ထိုင်း ရေလုပ်ငန်းများအတွက် ရောင်းစားခြင်းကို ခံနေကြရကြောင်း ကြားသိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းဒေသ၌ လိင်ဖျော်ဖြေရေးအလုပ် လုပ်ကိုင်နေသော မသီတာသည် လွန်ခဲ့သော ၁၀ နှစ်ခန့် ၎င်း၏ အသက် ၁၅ က ရန်ကုန် အင်းစိန်မြို့နယ်မှနေ၍ ကော့သောင်းဘက်သို့ ရောင်းစားခြင်း ခံခဲ့ရကြောင်း ပြောပြသည်။

“ကျမကို ပွဲစားက ကော့သောင်းက စားသောက်ဆိုင်မှာ အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်လာတယ်။ ကော့သောင်း ရောက်တော့ ရနောင်းဘက်ကို ခေါ်သွားပြီး အခန်းတခုထဲမှာ ၂ ရက် ပိတ်လှောင်ထားတယ်။ နောက်တနေ့မှာ အခန်းထဲကို အမျိုးသား တယောက် သွင်းပေးလိုက်ပြီး ပြည့်တန်ဆာ လုပ်ခိုင်းတော့တာပဲ” ဟု မသီတာက ရှင်းပြသည်။

ခင်ဦးသာ

Friday 27 May 2011

ရင်ကိုထိမှန်စေသော သီချင်းများ

ကိုခင်ဝမ်းကို သိကြတဲ့ လူတိုင်း “ပန်းခရမ်းပြာ” ကို သိကြပါတယ်။

အဲဒီ ပန်းခရမ်းပြာ သီချင်းကို ဖန်တီးခဲ့သူကတော့ ကိုရဲလွင် ပါပဲ။ ရတနာမြိုင် အဆောင်က မိန်းကလေးတွေကို တင်စားရည်ညွန်းပြီး “ရတနာမြိုင် သံပြိုင်တင့်ဆန်းပွင့်နေ” ဆိုတဲ့စာသားတွေ၊ “လမ်း တံတားဖြူ နေရာလေး တေးသံလွမ်းစေကွယ်” ဆိုတဲ့ သမိုင်းဝင် တံတားဖြူ နေရာအဖွဲ့အနွဲ့လေးတွေနဲ့ ချစ်စရာ၊ လွမ်းမောစရာ၊ ကြည်နှုးစရာ တမ်းတ သတိရစရာတွေ အပြည့်နဲ့ လှပစွာ တန်ဆာဆင်ထားတဲ့ သီချင်းလေး တပုဒ်ပါပဲ။

အခုတော့ အဲဒီ သီချင်းကို ရေးစပ်သူ ကိုရဲလွင်ကိုယ်တိုင် vertical vibration တီးဝိုင်းနဲ့ အတူ သီဆို ဖျော်ဖြေထားတာကို ကောင်းကင် (နိုင်ငံပြု အနုပညာ) မဂ္ဂဇင်းမှ စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်လိုက်ပါတယ်။


ပန်းခရမ်းပြာ from kaungkin on Vimeo.




“တစိတ်ထဲလား” သီချင်းကို ၁၉၈၀ လောက်က ကိုရဲလွင် ရေးစပ်ခဲ့ပြီး ၁၉၈၂ အတွင်း “မွန်းအောင်” လို့ လူသိများလာစေခဲ့တဲ့ ကိုမွန်းအောင်ရဲ့ ပထမဆုံးခွေဖြစ်တဲ့ “၈/၈၂ အင်းလျား” မှာ လူထုကြားထဲရောက်အောင် ကိုမွန်းအောင်က သီဆိုခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ကိုရဲလွင် ကိုယ်တိုင် Vertical Vibration တီးဝိုင်းနဲ့ အတူ သီဆိုထားတဲ့ “တစိတ်ထဲလား” သီချင်းကို ကောင်းကင်က တင်ဆက်လိုက်ပါတယ်။
(သရုပ်ဖေါ် ပန်းချီ-မင်းကျော်ခိုင်)
ကောင်းကင် စာတည်းအဖွဲ့





မြန်မာနိုင်ငံ ဂီတလောကရဲ့ ကိုယ်ပိုင်သံစဉ် ဂီတအနုပညာဖန်တီးမှုအတွက် အရေးပါသူတွေထဲမှာ တေးရေး ကိုရဲလွင်ရဲ့ ကဏ္ဍဟာလည်း အဓိက ကဏ္ဍတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ မဇ္ဈိမလှိုင်းတီးဝိုင်းအကြောင်းပြောမယ် ဆိုရင်လည်း တေးရေးကိုရဲလွင်ကို ချန်ထားခဲ့လို့မရပါဘူး။
သူ ဖန်တီးပြီး လူကြိုက်များတဲ့ သီချင်းတွေက အတော်များပါတယ်။ “ပန်းခရမ်းပြာ” ပန်းခရမ်းပြာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ”၊ “ဒွိဟစိတ်နဲ့ သုညမှာ” “နဒီမင်္ဂလာ” စတဲ့ သီချင်းတွေဟာ အောင်မြင်တဲ့ ဖန်တီးမှုတွေ ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ကဗျာတွေကို သီချင်းအဖြစ် သံစဉ်ရှာဖွေရာမှာ မူရင်းကဗျာ စာသားများကို ပြောင်းလဲခြင်း၊ ပြင်ပေးရခြင်း၊ ဖြုတ်ပစ်ရခြင်း မရှိဘဲ ချောမွေ့အောင် သံစဉ်ရှာဖွေနိုင်ခြင်းဖြစ်ပါတယ်။ သံစဉ်ရှာရတာ ခက်ခဲတဲ့ ပန်းချီ မောင်ဒီရဲ့ ကဗျာ တစ်ပုဒ်ဖြစ်တဲ့ “သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” ကဗျာကို သံစဉ်ရှာရာမှာ ၃ နှစ် အထိအချိန်ယူခဲ့ပြီး မူရင်းကဗျာကို စာသားများကို ပြုပြင်ပေးခဲ့ရခြင်း မရှိဘဲ သီချင်းအဖြစ် အသစ်တဖန် ဖန်တီးပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
အခုလည်း အမျိုးသားဒီမိုကရေစီပါတီဝင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်တဲ့ “ဒီချစ်မျိုး” က သူ အကျဉ်းကျစဉ် ထောင်တွင်းကာလမှာ ရေးခဲ့တဲ့ “ပန်းရဲ့လမ်း” ကဗျာကို … ကိုရဲလွင်နဲ့ တွေ့စဉ် သံစဉ်ထည့်ပေးဖို့ ကဗျာလေးကို ပေးခဲ့ပါတယ်။ သံစဉ်ထည့်ဖို့ တောင်းဆိုခဲ့ပေမယ့် ကဗျာပိုင်ရှင်ကိုယ်တိုင် မေ့မေ့ပျောက်ပျောက် ပုံစံထားခဲ့သော်လည်း ကိုရဲလွင်က အခု “ပန်းရဲ့လမ်း” သီချင်းအဖြစ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ကိုရဲလွင်ဟာ မဇ္ဈိမလှိုင်းတီးဝိုင်းကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ခဲ့သလို .. ယခု ၂၀၁၀ ခုနှစ် အတွင်းမှာတော့ မျိုးဆက်သစ် ဂီတအနုပညာရှင်တွေနဲ့ အတူ “Vertical Vibration” တီးဝိုင်းကို ပျိုးထောင်ခဲ့ပါတယ်။ “ပန်းရဲ့လမ်း” သီချင်းကိုလည်း Vertical Vibration နဲ့ တီးခတ်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်များအတွက် .... Vertical Vibration က တီးခတ်ထားပြီး ကိုရဲလွင်ကိုယ်တိုင် သံစဉ်ထည့်သွင်း သီဆိုထားတဲ့ “ပန်းရဲ့လမ်း” သီချင်းလေးကို ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ တင်ဆက်လိုက်ပါတယ်။


နာမည်ကျော် ကိုယ်ပိုင်သံစဉ် သီချင်းတွေထဲက "မောင့်လပြည့်ဝန်း"၊ "အားလုံးကို ကျော်ဖြတ်ရမယ်"၊ "ငြိမ်းချမ်းရေး တိုက်ပွဲ"၊ "နောက်ဆုံးအိပ်မက်" စတဲ့ သီချင်းတွေကြားလိုက်တာနဲ့ အဲဒီ သီချင်းတွေကို ဖန်ဆင်းခဲ့တဲ့ အနုပညာရှင် "ကိုနေဝင်း" တွဲပြီး သိကြပါတယ်။
မြန်မာ့ဂီတလောကရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် ဖန်တီးမှု သီချင်းကဏ္ဍမှာ မှတ်တိုင်စိုက်ခဲ့တဲ့ အနုပညာရှင် တစ်ဦးဆိုလည်း မမှားပါဘူး။
ကိုနေဝင်း ရေးစပ်ပြီး ကိုယ်တိုင် သီဆိုထားတဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲသီချင်းကို စာဖတ်ပရိသတ်များအတွက် ကောင်းကင်မဂ္ဂဇင်းက တင်ဆက်လိုက်ပါတယ်။
စစ်ပွဲပြီးစ ယမ်းငွေ့ မပြယ်သေးချိန်၊ ….. (၁၉၇၉ - ၁၉၈၀) ကာလများရဲ့ ရှမ်းပြည် တန့်ယန်းမြို့လေးနဲ့ မီးခိုးငွေ့တွေကြားက “ငြိမ်းချမ်းရေး တိုက်ပွဲ” သီချင်းကို မွေးဖွားခဲ့တာပါ။



Battle for Peace from kaungkin on Vimeo.







အနုပညာဆိုတာ အချိန်နှင့် အရွယ် (သို့မဟုတ်) အရာရာကိုအံတုလို့ သူ့တန်ဖိုးအတိုင်း ထာဝရ တည်ကြည်ရဲရင့် ရှင်သန်နုသစ်နေတယ်ဆိုတာ ဒီရုပ်/သံတွေက သက်သေထူနေပါတယ်။

ဆေးရုံ (ကဗျာ ရွတ်ဆိုမှု)


ရေး - တာကောဒီ / ရွတ်ဆို ကျော်အောင်လွင်  (VOA)

(၁)
ရာဇဝင်လို အိုမင်းတဲ့
တောင်ပူစာ တလုံးရဲ့ နဘေးမှာ
ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်
အဲဒိနံဘေးမှာ
အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်

မှော်သေတ္တာထဲမှာ . . .
ကြယ်ရောင်တွေကို မြှုပ်ထားတယ်
ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်
ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်
ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်
မှော်သေတ္တာထဲမှာ
ကမ္ဘာကြီးအတွက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား
ချန်ထားရစ်တဲ့
ကိုချိုကြီးကို မြှုပ်ထားတယ်
တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်
သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်
ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်
. . . .
. . . .
မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .
မှော်သေတ္တာထဲမှာ
လူသေတွေထုတ်လုပ်တဲ့
ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်

(၂)
သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ
ဆေးရုံဟာ
အစားကြူးလွန်းလှတယ်

ရှေ့တည့်တည့်က လှမ်းကြည့်ရင်
လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး
အမိုးခုံးခုံးတို့ ကုန်းရုံးထ
ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ
တံခါးမကြီးက . .
အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက်
နီရင့်ရင့် သံတိုင်တွေက
သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့

အပေါ်ထပ်က လှမ်းကြည့်ရင်
စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ်
ခြေတံရှည်တဲစု
ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား
နွားတချို့မြက်စား အေးအေးလူလူ
ဒီ . . သက်ငြိမ် ပန်းချီကားချက်
ညနေ . . ညနေ . . မှုံငေး
မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ
အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ
ရဲဘက်စခန်း မပြန်ချင်လို့
ဒီနေရာကနေ
ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ်

ခါးလျားရှည် လှေကားနှစ်စင်းဟာ
သူ့အပေါ်နင်းဖြတ်သွားသူတွေလို
အိုမင်း . . ချိနဲ့
တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ
အပေါ်ထပ်နှင့်အောက်ထပ်ကို
အလျားမှောက် ဆက်သွယ်ထားတယ်

အောက်ထပ်မှာ . .
အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက်
မာသာထရီဆာနဲ့
လူထုဒေါ်အမာ သိမသွားရှာတဲ့
ခေါင်းတလားလိုမျိုး
ရှည်မျောမျော အခန်းတစ်ခန်းရှိတယ်

အဲသမှာ . .
သေအံ့မူးမူး လူနာတွေ
တွား . . တွား . .တက်လာတဲ့
ဆင်သင်္ချိုင်းလို့ခေါ်တဲ့
ကွပ်ပျစ်တလုံးရှိတယ် . .

အဲသမှာ . .
အခင်းမရှိ . . စောင်မရှိ
ရက်စက်တဲ့ လာနီညာ ဆောင်းညများ
ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ
ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို
လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . .
နေ့စဉ် . . ညစဉ် . .
တဖြုတ်ဖြုတ်ကြွေ . . .

အဲသမှာ . .
နိုင်ငံရေးအကျဉ်းသား
ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် . .
ဆရာသင်း ဆေးကုပေးခဲ့တယ်
ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ်
ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ်
ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . .

အဲသမှာ . .
အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့
အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက်
သံကြောင်ဟစ်ကြေညာနေတုန်း
ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့
ကလေးမြို့က . .
ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”
သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ
ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့
အိမ်ခြေရာခြေမဲ့ . . သာတီဖိုက် မောင်ကို
အသက်ငင် . . နေရှာ . .
ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး
ကုလသမဂ္ဂ ရဲ့
လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . .
စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . .
မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့်
ဖျာလိပ်ခေါင်းထဲမှာ
ခြေလေးချောင်း ရှိနေမှာသေချာ . . ။

ဆေးရုံဟာ
အခင်းအကျင်းတွေ
အတင်းအဖျင်းတွေ
အတင်းအဖျင်းတွေနဲ့
အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . .

ဆေးရုံရဲ့ . .
သွေးခုန်သံတွေမှာတော့ . . .
မင်းတို့အကျဉ်းသားတွေဟာ
ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . .
မတ္တရာက . .
လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား”
မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ်
(၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့
နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား”
ထောင်ဝက်တကောင်သေရင် . . .
စာရွက် (၃)ရွက် ကုန်တယ် . .
မင်းတို့အကျဉ်းသား တယောက်သေရင်
စာရွက်တရွက်ဘဲကုန်မတဲ့ . .
ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား

ဒီ . . ငရဲကောင်တွေရဲ့ .
စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . .

ဘော်ဒါတေဝါးမယ်ဟေ့ . . .
ရေချိုးတန်းစီမယ်ဟေ့ . . .
အော်သံစူးစူးရဲ့ လက်များက
ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။

အရောင်လွင့်နေတဲ့
သူတို့ဘဝလိုမျိုး . . .
မျက်နှာတွေ . . မျက်နှာတွေ . . မှိန်ဖျော့
ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ
ခြေချော်ကျ မျက်လုံးတွေမှာ . .
ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . .
အသက်ရှူနေတဲ့ . .
လူသေကောင်တွေစီတန်း လှည့်လာကြ . . .
တချို့ဝတ်လစ်စားလစ်
တချို့အောက်ပိုင်း ဗလာ . .
ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ်
ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ်
အီသီယိုပီးယားမဟုတ်
မဟုတ် . . မဟုတ် . . မဟုတ် . .

ခပ်တဲတဲတေ့ဆက်ထားတဲ့
ဖဲထီးသံကိုင်းနံရိုးတွေ
ပုလွေရိုးပေါင်တံတွေ
ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို
လောကဓံ ပြင်းပြင်းစိမ်ထားတဲ့
အရေပြားတွေနဲ့ထုပ်ပိုး . .
သူတို့ဘဝလိုချိုငဲ့တဲ့ . .
ထမင်း တပုံစံ စားဘို့ . . .
သူတို့ဘဝလို ညစ်ထေးတဲ့
ရေ . . တပုံစံ ချိုးဘို့
ပါးလှပ်လှပ် စက္ကူလူတွေ
အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး
တရွေ့ရွေ့ လှမ်းထွက်လာကြ
ဒါ . .
ကဘော်မှာ
ကြိမ်ခရန်ခမှာ . .
နမ့်ဆန်မှာ . .
တောင်လေးလုံးမှာ . .
ထုံးဘိုမှာ . .
ရာဇဂြိုဟ်မှာ . .
ဘဝသစ်စခန်းမှာ . .
ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ

ငတ်မွတ်မှုက တတိတိ တိုက်စား
ကျောက်တုံးတွေက တအိအိဖိပြား
ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့
နွားတစ်ကောင်အဖြစ် ထွန်ယက်ရင်း . .
ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . .
ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . .
ဝါး တလုံး . .
နှီးသုံးချက်ချည် အလောင်းတလောင်းအဖြစ်
လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့
မသေလို့ကျန်ခဲ့သူတွေ . . .
ဒါမှမဟုတ် . . သေဘို့ကျန်ခဲ့သူတွေ
ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် . . .။
ကပ္ပိလဝတ် နန်းဆောင်လယ်
လရောင်ပြက် . . ည . .မှိုင်ငေး . . တွေးမော
သူအိုသူနာတွေ့ခဲ့သူ . . မင်းသားသိဒ္ဓတ္ထ
ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . .
ဒီမင်းသား . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။

(၃)
စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက်
ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက်
ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . .
သူတို့ “ပုံစံ” ထက်များတဲ့
အသားတုံးတွေကို အာသာငမ်းငမ်းလှမ်းမျှော်
လူတန်းကြီးရဲ့ . . .
ဗို့အားကျ မျက်နှာတွေမှာ . .
အရောင် နဲနဲ . . လက်လာ . . .

ငရဲသားတွေကတော့
ပုခုံးပေါ် သတ္တုကြယ်တွေထိုးချိတ်
တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ
တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ
သေလူလည်ချောင်းထဲက နို့ပေါင်မုန်ု့ကြက်ဥတွေကို
လုယက်နှိုက်စားလိုက်ကြနဲ့
“ကောင်းဗျား” ဂီတသံစဉ်ကို
မြိန်မြိန်ယှက်ယှက် စင်တင်နေတယ်

(၄)
တူတူတူတူ . .
တူတူတူတူ . . .
တတူတူနဲ့
ကြေကြေကွဲကွဲ ညည်းရှိုက်
ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့
တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း
မတ္တရာ ရထား ဖြတ်ခုတ်သွား
ဒါ . .
ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့
အနားသတ် ငရဲမျဉ်းပေါ့ . .

ဆေးရုံကတော့
ဒီလူနာတွေရဲ့ ဘဝကို တစက်စက်လောင်းငှဲ့
တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း
အကြွင်းအကျန်တွေကို
စားဖိုမီးနဲ့ လောင်ကျွမ်းပစ်
ဝိညာဉ်တွေကိုတော့
စားဖိုမီးခိုးခေါင်းတိုင်ကနေ
အန်ထုတ်ပစ်လိုက်ပါတော့တယ်

(၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅)
တာကောဒီ 

ဤနေရာမှ ကူးယူဖေါ်ပြပါသည်။

မြေအောက် မုဆိုး (ရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း)

(သရုပ်ဖေါ် ပန်းချီ ထိန်လင်း)
ဟိုးအဝေးမှ တုံးကြီးခေါက်သံ ထွက်ပေါ်လာသည်။ အမေ နိုးမည်စိုး၍ ခြေဖော့နင်းကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင် မျက်နှာသစ်သည်။ ခါတိုင်း မျက်နှာသစ်နေကျ ရေအိုးမှာ မီးဖိုထဲတွင်ရှိ၏။ ထိုနေရာသို့ အေးဆောင်၏ အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန် ဆယ်လှန်းခန့်ဝေးသည်။ အိမ်တွင်ခင်းထားသော ဝါးကြမ်းတွေက ဆွေးနေပြီ။ အကွပ်ခပ်များများလည်း ပြုတ်နေပြီ။ သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင် ခြေချညင်သာငြား အမေနိုးလိမ့်မည်။ သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှ အရ အမိဆင်း၏။ နွားစာခွက်ထဲ ထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ ခါးမှပုဆိုးဖြင့် မျက်နှာသုတ်၏။ အေးဆောင်သည် မျက်နှာသုတ်လျှက် တန်းလန်းဖြင့်ပင် နွားတင်းကုပ်အစပ်သို့ ဝင်ခဲ့၏။ ခိုင်းနွားကြီး နှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြသည်။ နွားတွေကို သူက မကြည့်အား၊ ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင် ချိတ်ဆွဲထားသော လွယ်အိတ်ကို ဖြုတ်၍လွယ်ကာ ထုတ်တန်းတွင် ထိုးထားသော သုံးခွမှိန်းနှင့် တံစက်မြိတ်တွင် ညှပ်ထားသော ဓားမတိုကို ယူ၍ တဲထဲမှ ထွက်ခဲ့သည်။ ထိုအခါကျမှ ခေါင်းကို တံစက်မြိတ်နှင့် ထိုးမိသည့်အတွက် ခေါင်းမှာ အဆောင်းအုပ် မပါသေးပါလား သတိရသည်။ ထို့ကြောင့် နှမ်းဖက်စိမ်ထားသော အိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော ခမောက်ကို အိုးဖြင်အုပ် မြဲဖြစ်သော်ငြား ယနေ့မူ မရှိ။ ထန်းပလတ် ကပ်ပြားဖုံးထားသည့်အတွက် ကြမ်းပြင်တွင် လှမ်းထားသော ပုဆိုးစုတ် တထည်ကို ဆွဲယူခဲ့သည်။ လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။

အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာ ရှိသေး၏။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည် ဆိုရုံဖြင့် အေးဆောင် ချှေးပြန်လာ၏။ ဝိုးတဝါး မြင်ကွင်အတိုင်း အေးဆောင်လျှောက်လာသည်။ လျှောက်နေကြလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော် ယာစပ်အရောက်တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင် ရေးရေးမြင်ရပြီ။ လွယ်အိတ်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။ တောင်ဖက်သွားရကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနိုး၊ မနေ့က သူလိုက်လံ လေ့လာထားခဲ့သော “ပွေးစုံ့” များကို ပြန်လည် စီစစ်လိုက်သည်။ တောင်ဖက်တွင် နံနက်ပွေး သုံးကောင်နှင့် မွန်းတည့်ပွေး လေးကောင်။ မြောက်ဖက်တွင် နံနက်ပွေး နှစ်ကောင်နှင့် မွန်းတည့်မွေး နှစ်ကောင်သာ။ သို့ဆိုလျှင် အေးဆောင် သွားရမည့်လမ်းသည် တောင်ဖက် လမ်းခွဲဖြစ်ရမည်။ လူကလည်း တောင်ဖက် လမ်းခွဲသို့ ခြေလှမ်းပြင်မိ ပြီးပြီ။ သို့တစေ ခြေတလှမ်းပင် မလှမ်းရသေး၊ ခြေတဖက် ကြွခါစတွင်ပင် အေးဆောင်၏ ခေါင်းထဲသို့ မြသွယ် ဝင်ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။ တဆက်တည်းပင် မြသွယ်၏ စူနေသောနှုတ်ခမ်း၊ ခဲထားသောမျက်လုံးအစုံကို မြင်လာသောအခါ လက်ခနဲ့ တချက်ပြုံးရင်း မြောက်ဘက် လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏။ ပွေးကောင်ရေ နည်းသော်ငြား အေးဆောင် မြောက်ဖက် လမ်းခွဲကို ရွေးရခြင်းမှာ မြသွယ်ကြောင့် ဖြစ်သည်။ မြသွယ် မျက်နှာကြော တင်းနေသောကြောင့် ဆိုက ပိုမှန်မည်။

မျက်နှာမရ ခြေကျောက်ရ
            “ဟား ငါ့လခွေးမှပဲကွာ” မြသွယ်၏အဖေ ဦးသက်မှာ စကားတလုံးမှ မပြောရသေးမီ အတိုင်းအထွာ အဆဲအရေးကလေးနှင့် ချီရမှ ရင်ချောင်သူဖြစ်သည်။ အဆဲကလေး ရှေ့က မခံရလျှင်လည်း စကားမပြောတတ်။ “ ဘာဖြစ်လို့လဲ အရီး” ဆဲပြီဆိုလျှင် တခုခု ပြောတော့မည်ကို သိလိုက်သဖြင့် အေးဆောင်က လမ်းခင်းပေးခြင်း ဖြစ်သည်။ “မိုးမရွာလို့ ပဲပင်တွေ သေကုန်မလား၊ ရင်မနေရတာက တဖက်၊ ပွေးက တမှောက်” ယာခင်းများသည် တမျှော်တခေါ်ကြီး ဖြစ်၏။ အချို့ယာများသည် ရှားစောင်းပင်များဖြင့် အကျအန ခြံရံထားစေကာမူ၊ အချို့ယာများမူ ဂျီ (ချေ)စည်းသာသာ ဆူးခက်များ ဝိုင်းအုံထားကြ၏။ ကိစ္စရှိ၍ တစ်ဦးနှင့် တစ်ဦး စကားပြောချင်လျှင် ကျယ်ဝန်းသော ယာခင်းကြီးကို ဖြတ်သန်းရသည်ကပင် တမေ့တမောကြီး၊ ယနေ့မူ ယာနီးချင်း အေးဆောင်နှင့် ဦးသက်ကို မပင်ပန်းရဘဲ ယာခရိုးစပ်တွင် ဆုံမိကြခြင်းဖြစ်၏။
            အေးဆောင်မှာ “ငါ့လခွေး” သံကြားကတည်းက ဦးသက်မှန်းသိသည့်အတွက် မော့ကြည့်ကာ အလိုက်သင့် မေးပြီးနောက် ဦးသက်တို့ ယာဘက်သို့ မျှော်ကြည့်မိသည်။ ပွေးစုံ့တွေ။ ပွေးစုံ့တွေသည် အေးဆောင်တို့ ယာခင်းထဲနည်းတူ ဦးသက်၏ ယာခင်းတွင်လည်း စီရီနေ၏။
            ပွေးသည် မြေအောက်ရန်သူ ဖြစ်၏။
            ယာခင်းအနှံ့ မြေအောက်လမ်းများ ဖောက်သည်။ စိုက်ပင် ပျိုးပင်တွေ ကောင်းသည်စိုကာ အရိပ်တကြည့်ကြည့် ရှိနေစဉ် အပင်များကို မြေအောက်သို့ သယ်ယူသွား၏။ ဝေဝေဆာဆာ ပွင့်ပြီ သီးပြီ ဆိုလျှင် သူရောက်လာပြီ။ အခင်းကြားတွင် ပွေးစုံ့ မြေပုံတွေ ထိုးကာ အပင်တွေကို ကိုက်ဖြတ်ယူငင်သွားတော့သည်။ ပွေးသည် တစ်ထောင် တထွာ မြေပဲ၊ နှစ်တောင် သုံးတောင် နှမ်း၊ တစ်လန် နှစ်လန် ဂျုံနှင့် ပြောင်း မဆိုထားဘိ နှစ်ရှည် စားပင်ကြီးတွေကိုပါ သတ်ပစ်နိုင်စွမ်းသည်။
            ကျေးငှက်တသောသောနှင့် အရိပ်အာဝါသ ကောင်းလှသော သစ်ပင်ကြီးများဖြစ်သော်ငြား၊ ရေသောက်မြစ်ကို ပွေးစားပြီဆိုလျှင် သုံးလေးရက်အတွင်း ညှိုးခြောက်ကာ အနိစ္စသဘောနှင့် ကိစ္စချောရတော့သည်။
            ယခု သည်ပွေးသည် ဦးသက်၏ မြေပဲခင်းကို မွှေပြီ။
            တည လက်တဆုပ်ကို ကိုက်ချီသွားသည်ထား၊ ပဲပင်လက်တဆုပ်သည် မိုးမှန်လေမှန်ပါက မြေပဲ တခွဲထက် မအောက်။
            တညကို မြေပဲ တခွဲနှုံး ဆုံးရှုံးပါက တစ်လ တယ်ငါးတင်း။ ယာသမား ရင်ထုရချေပြီ။
            “ကျုပ်ထဲမလဲ ပွေးစုံတွေ ရောက်လာလို့ ဘာလုပ်ရမလဲ စဉ်းစားနေတာဗျ။ ဂိုင်းနဲ့ ထောင်ရကောင်းမလားလို့”
            အေးဆောင် ထရပ်သည်။ မီးသေနေသော သူ့ဆေးလိပ်ကို အခေါင်းသိပ်လိုက်ကာ ဦးသက်ဆေးလိပ်မှ မီးကူးနေသည်။
“ဂိုင်းထောင်တာ မဟန်ပါဘူးကွာ၊ ပွေးကို သွားသတိပေးသလို ဖြစ်သွားမှာပေါ့”
ပွေးသည် အရွယ်အားဖြင့် လက်သီးနှစ်ဆုပ်စာမျှသာရှိငြား၊ မျက်စိအမြင်အားမကောင်းသော အကောင်ဖြစ်ငြား ဥာဏ်များလှ၏။ ပွေးစုံတွေ တောင်ဘက်တွင်ပြပြီး မြောက်ဘက်လာပြီး ခိုလား ခိုနေ၏။ အစုံ့တွေ လှိုင်ခေါင်းတွေ ထင်ရှားပြပြီးမှ လမ်းဖျောက်ပစ်ကာ သီးခင်းအလယ်တွင် ပုန်းနေတတ်၏။
            သို့ကြောင့် ပွေးဥာဏ်မကူစေရန် ဦးသက်က သတိပေးခြင်းဖြစ်သည်။
            “ဒါဖြင့် အရီးနဲ့ ကျုပ်နဲ့ နှစ်ဖက်ညှပ်ပြီး လိုက်ရရင် မကောင်းဘူးလား။ နှစ်ဖက်ညှပ်ရင် ဒီကောင် ဘယ်ပြေးမလဲဗျ”
သို့လျှင် နှစ်ဖက်ညှပ်ပြီး “လိုက်”ပါ ပွေးကလည်း တစ်ကောင်တည်းဖြစ်၊ လမ်းကြောင်းကလည်း တစ်ခုတည်းသာ ရှိပါမူက ပွေးသည် ထိတ်လန့်ကြောက်ရွံ့လာကာ မြေပေါ်သို့ သွေးရှုးသွေးတန်း ပြေးထွက်လာတတ်၏။
ထိုအခါ အမြင်အာရုံ ညံ့ဖျင်းလှသော ပွေးမှာ “သမင်ချိုရှက် - ပွေးတွင်းထွက်” ဆိုစကားအတိုင်း သေရန်မှတပါး အခြားလမ်း မရှိတော့ချေ။ ဤသဘောကို ၄၊ ၅ နှစ်သားမှစပြီး ပွေးလိုက်ခဲ့သော အေးဆောင်သိသလို၊ ယာလုပ်သက် နှစ်ပေါင်း ၄၀ ကျော်နေပြီဖြစ်သော ဦးသက်လည်း သိ၏။
ဦးသက်လည်း ချက်ချင်း အဖြေမပေး။ အေးဆောင်တို့ ခရိုးဘက် “ကဲ” ကြည့်လိုက်သေး၏။
“ငါ့လခွေး မင့်ဘက်က ပွေးစုံ့က အကောင်ငယ်လေးပဲကွ” 
“အဲဒါကြောင့် ညှပ်လိုက်ရအောင် ပြောတာပေါ့ အရီးရ၊ အရီးဘက်က ပွေးက အဖေနဲ့ အမေ ကျုပ်ဘက်က ပွေးက သားသမီး”
“ဟုတ်တယ်ဟေ့”
ဦးသက် သဘောကျသွား၏။
သူတို့သည် လုပ်လက်စ အလုပ်များကို ချကာ၊ ချက်ချင်းပင် ပွေးစတင် ‘လိုက်’  ကြတော့သည်။
ပွေးလိုက်သည် ဆိုခြင်းမှာ ပွေးတွင်း လှိုက်ခေါင်းတလျှောက် တူးဖေါ်ခြင်းဖြစ်၏။ သို့ဖြင့် ဦးသက်က သူ့ပဲခင်းအလယ်မှ စတင်၍ တူးသလို အေးဆောင်လည်း ပွေးစုံ့ဆုံးရာ ရှားစောင်းမြင်းနား ပင်နားမှ စတင်တူးဖေါ်လေသည်။
အေးဆောင်စတင်တူးသော ပွေးစုံ့မှာ မြောက်ဖက်သို့ ဆက်မသွားချေ။ ထိုပွေးစုံ့၏ တောင်ဘက်တွင်မူ ဆယ်ကိုက်တွင် ပွေးစုံ့တစ်ခုကျလောက် ရှိနေပေသည်။
အေးဆောင်သည် သုံးလေးချက်တူးပြီးနောက် ပွေးစုံ့ သုံးလေးခု လွန်မြောက်အောင် ပြေးသွား၏။ ပွေးစုံ့မြေစာများကို ဖယ်ပစ်ကာ တအားတူးသည်။ တချက်တူးရုံဖြင့် ပွေးတွင်းပေါ်လာသည်။ ချောမွေ့သော လှိုင်ခေါင်းကလေး။
သည်လှိုင်ခေါင်းအတိုင်း မြောက်ဖက်သို့လိုက်တူးသည်။ အေးဆောင်နောက်တွင် မြေစာများ ပြန့်ကြဲနေသော တူးမြောင်းကလေး ဖြစ်ကျန်ခဲ့၏။
ပွေးသည် အလွန်နားပါ၏။ ကိုက် နှစ်ရာခန့် အကွာအဝေးမှ လာနေသော လူ့ခြေသံကို ကောင်းကောင်းသိ၏။
သို့လျှင် သိပင်သိငြား၊ သည်ပွေးစုံ့ရှင် ပွေးမှာ ပွေးလားမမြောက်သေးသောပွေး။ အဌာရဿပညာများ မစုံသေး။ သို့ကြောင့် နောက်ဆုံး ပွေးစုံ့အောက်တွင် ငြိမ်သက်နေချင်နေမည်။ ရှေ့ဆက်ပြီး တူးမြဲ တူးနေကောင်းနေမည်တွက်ကာ၊ ပြေးလမ်းပိတ်ရန်အတွက် ပွေးစုံ့ သုံးလေးခုကျော်မှ ကျော်၍ လမ်းဖျက်ထားခြင်းဖြစ်သည်။
ထနောင်းပင် ကိုင်းကြားမှ ချိုးကူသံသည် ဆွတ်ပျံဘွယ် မြူးလွင့်လာ၏။ အေးဆောင်သည် မော့ကြည့်၏။
ဆွမ်းခံ ဝင်ချိန်လောက်ရှိပြီ။
စောသည် ခေါ်နိုင်သေးသော အချိန်ပေမယ့် နေက ပူလှသည်။ အေးဆောင် တကိုယ်လုံးတွင် ရေချိုးထားသည့်နှယ် ချွေများရွှဲနေသည်။ ရေရှာသော ပျားများသည် အေးဆောင်အပေါ်နားပြီး ချွေးသောက်ကြ၏။ ကောင်းကောင်း သောက်သူလည်းရှိ၊ တုပ်သွားသော ပျားလည်းရှိ၏။
သို့သော် ပျားကို အေးဆောင် ဂရုမထားနိုင်ချေ။ ပွေးတွင်းကို မဲပြီး တူး၏။ အိမ်မှ ထွက်လာကတည်း ဘာမျှ မစားခဲ့ရ။ ယာထဲသို့လည်း အမေထမင်းပို့ရန် မမှာမိခဲ့။ ကိစ္စပြီး၍ အိမ်ပြန်ရောက်မှသာ စားရမည်။
တစ်ဖာလုံခန့်တူးမိသောအခါ ပွေးလမ်းဆုံးသွား။ ပွေးမရှိချေ။ ထိုအခါကျမှ အေးဆောင် ချွေးသုတ်ရန် သတိရသည်။ လက်တဖက်က တူးရင်းဆွဲလျှက်၊ လက်တဖက်မှ ပုဆိုးဖြင့် မျက်နှာသုတ်လျက် ဆက်တူးမည့် နေရာသို့ ရွှေ့ခဲ့၏။
“အေးဆောင်ရေ အရေးထဲမှ အရာပေါ်လာပြီဟေ့၊ ငါ့လခွမ်း”
ဦးသက် အသံလာရာသို့ အေးဆောင် လှမ်းကြည့်လိုက်သည်။
မောလာသမျှ ပန်းလာသမျှတို့ ရုတ်ချည်းကွယ်သွားသည် ထင်၏။ ဦးသက်ကျော်ဖက်တွင် ရို့ရို့ကလေး ရပ်နေသော မြသွယ်ကို မြင်လိုက်သောကြောင့်ပင်။
 “ဘာကိစ္စတဲ့လဲ အရီး”
မြသွယ်တို့ သားအဖ အနီးသို့ အေးဆောင်လျှောက်လာခဲ့သည်။
“ဆီကိစ္စပေါ့ကွာ။ ကိုင့် ငါ့ ထမင်းထုပ်ကိုတော့ မင်းပဲ ယူထားလိုက်တော့ကွာ၊ ပွေးလဲ မင်းပဲ ဆက်လိုက် လိုက်ပေါ့။ လုံမ ဟိုဘက် ခရိုးစပ်မှာ အဘ ရှာထားတဲ့ ဂဇောင်းခါးတွေ ရှိတယ်။ အဘသွားနှင့်မယ်။”
ဦးသက်သည် မြသွယ်ကို တဆက်တည်း ပြောအပြီး၊ ခမောက်ဆွဲကာ ထွက်သွားတော့သည်။ ဦးသက် ခြေဆယ်လှမ်းခန့် လှမ်းမိချိန်တွင် အေးဆောင်က ဟီးကနဲ ရယ်လိုက်သည်။
“ဘာ ဟီး လဲ သေနာကြီး”
ပါးစပ်က သေနာကြီး ဆိုသော်ငြားလည်း မြသွယ်မျက်နှာက ပြုံးနေသည်။ မျက်လုံးကလေးတွေက ကြည်နေသည်။ အေးဆောင် မြတ်နိုးရသော အပြုံး။
“မတွေ့သေးဘူး ဟောက်တာက အရင်ကိုးဟ”
အေးဆောင် ပြုံးပြုံးကြီး ပြောလိုက်လျှင် မြသွယ် သူ့အဖေကို တချက် မျှော်ကြည့်လိုက်၏။ ဦးသက်ကား တချက်မှ ပြန်စောင်းမကြည့်။ တောနာနတ်ပင်များ ဝဲယာ ညှပ်ထားသော လမ်းကွေ့ထဲသို့ ချိုးဝင်သွားပြီ။
“တော်နဲ့ အဘနဲ့ အခု ဘာလုပ်နေကြတာလဲ”
“ပွေးလိုက်နေကြတာလေ၊ သမီးယောက္ခမ နှစ်ယောက်”
“သေနာကြီး တင်စီးအုံး”
မြသွယ် လက်သီးဆုပ်ကလေးသည် ချွေးရွှဲနစ်နေသော ရင်အုပ်ပေါ်သို့ အုန်းကနဲ့ မကျ၊ ဖုံပေနေသော အေးဆောင် လက်တွင်း ရောက်သွားသည်။ အေးဆောင်သည် ပွေးကိုသာ မိအောင် မဖမ်းနိုင်ရှိမည်။ မြသွယ်ကို ဖမ်းရာတွင် ကျင်လည်လှသည်။
မြသွယ်၏ လက်သီးဆုပ်ကို ဖမ်းမိချိန်တွင် မြေပေါ်သို့ ထိုင်ချလိုက်သည်။ ဆောင့်ဆွဲလိုက်သော အရှိန်ကြောင့် မြသွယ်ပါလာလျှင် ရင်ခွင်ထဲသို့ သွင်းပြီး ခေါင်းငုံ့ပြီး ဖြစ်တော့သည်။
တဆက်တည်းပင် အုန်းကနဲ ထုရိုက်သံ ပေါ်လာကာ မြသွယ်ရုန်းထွက်သည်။ ရှက်မျက်လုံးကလေး ဝံ့လိုက်သည်။
“သိပ်ရမ်းကားတာပဲ၊ အမြင်ကပ်တယ်”
“ချစ်တာကိုးဟ”
“ကိုင်း အဖေခိုင်းထားတာ ပြီးအောင်လုပ်”
နောက်တကြိမ် အေးဆောင် မလှုပ်ရှားမီ မြသွယ် ထသွားတော့၏။ သူ့အဖေ ထားပစ်ခဲ့သည်ဆိုသော ရှားစောင်းပင်ကလေးများရှိသည့် ဟိုဖက်ဖရိုးမှာ အတော်ဝေးသည်။ ထိုကြောင့် အေးဆောင် တူရွင်းကို ပြန်ကိုင်သည်။
ခါးဖြတ်ထားသော နေရာကို ဆက်တူးသည်။
အေးဆောင် ထင်သည့် အတိုင်းပင် ပွေးတွင်းသည် ဦးသက်ယာထဲသို့ ဆက်သွား၏။ သို့သော် ပွေးတွင်း မည်မျှ ရှည်လျားပါစေ အေးဆောင် မမောပါ၊ မြသွယ်၏ ညိုပြာညက်သော မျက်နှာကလေးကို ရှုစားလိုက်ပြီ မဟုတ်ပါလား။
နီရဲသောမြအပြင်သည် နေရင့်သည်နှင့်အမျှ တိုးဆင့်၍ ပူလာ၏။ ငြိမ်နေခဲ့သော လေသည် တညင်းညင်းတိုက်ခတ်စ ပြုလာ၏။ သို့ဖြစ်ငြား အပူ မလျော့ မသက်သာပါ။
ပွေးလမ်းကြောင်းသည် ပဲခင်းထဲသို့ ဝင်လာပြီး။
အေးဆောင် လက်တွန့်မနေပါ။ သည်ပွေးကို မမိမချင်း သည်ပဲခင်း အနှိပ်အစက် ခံနေရမည်။ ပွေးကို အရေးမယူနိုင်တိုင်း ကြိတ်မနိုင် ခဲမရနှင့် နေ့တိုင်း ဒေါသဖြစ်နေရမည်။
တောစပ်ဆီက တောကြက်ဖ တွန်သံကြားရ၏။ မောနေသော အေးဆောင်အား တောကြက်ဖသည် သာယာမှု မပေးနိုင်ပါ။ မြသွယ်တို့ ယာခရိုးနား ထနောင်းပင်ထက်မှ ချိုးတစ်ကောင် ချွဲချွဲပစ်ပစ်ကူငြား၊ အေးဆောင် ပင်ပန်းလှသည်သာ။
“ဟောတော့် ကုန်ပါဘီ၊ ကုန်ပါဘီ”
ပြောပြောဆိုဆို အနားရောက်လာသော မြသွယ်အသံကလေး ကြားရသည့်အခါတါင်ကား အမောရော အပန်းပါ ပြေသွားပြီး။
“တော့်ကို အဖေ ဆဲတော့မှာ”
“ယောက္ခမကြီးက မဆဲပါဘူးဟ၊ ပွေးလိုက်ရင် ဒီလို တူးရမယ်ဆိုတာ သူသိပြီးသားပါ”
“သေနာကျ”
မြသွယ် ဆဲသည်။ သို့သော် ပြုံးပြီး ထနောင်းရိပ်သို့ ထွက်သွားလေသည်။ အေးဆောင်အဖို့ သည်ဆဲသံသည် ပျားရည်ထက် ချို၏။ ငွေဆည်းလည်း သံထက်လည်း သာ၏။
မြေပြင်သည် မြင့်တတ်လာ၏။
ပွေးတွင်းကား မော့တတ်မလာ။ စိုက်ဆင်းသွား၏။ အေးဆောင်မှာ ပိုပြီး နက်နက်ထူးရရုံမက၊ ကုန်းဗဟိုတွင် လိုဏ်ခေါင်း ခက်လက်တွေ ဖြာနေသောကြောင့် အလိုက်ရ ခက်သွားသည်။ တခုတလေ ရေသာခိုပြီး မတူးမိ၍ ပွေးခိုကပ်ကျန်ခဲသော် လူပင်ပန်းထားသမျှ ပစ္စည်းအပျက်ခံထားသမျှ “ကော” ပါလေရော။
ခက်လက်တွေမှာ ပွေး မိသားစု နေထိုင်သောနေရာဖြစ်သည်။ သို့ရာတွင် နေရာဟောင်းသာဖြစ်သည်။ အစာဟောင်းများမှာ လတ်လတ်ဆက်ဆက် မဟုတ်ပေ။ ခက်လက်များကို ဖြိုပြီးနောက် ဆက်လက်တူးပြန်လေရာ တလန်သာသာ တူးမိပြီးမှ လမ်းဆုံးနေသဖြင့် နောက်ကြောင်းပြန်လှည့်ကာ ပွေးစုံ့အပုံ အတန်းများရှိသောဘက်နှင့် ညှိ၍ တူးရသည်။
မွန်းတည့်ချေပြီ။
မြေကြီး ပူခြစ်နေသည်။ မလှမ်းမကမ်းသို့ ကြည့်လျှင် တရှိန်ရှိန် တတ်နေသာ မြေငွေ့များကို မြင်နေရသည်။ သို့သော်ငြား အေးဆောင် မနား။
အလုပ်ကို ဇွဲကြီးသူအဖြစ် ဦးသက်မြင်စေချင်၍၊ အားကိုးထိုက်သူ အဖြစ် မြသွယ် မြင်စေချင်၍ ဖြစ်သည်။
ပွေးတွင်းသည် စိုက်ဆင်းရာမှ ပြန်မော့လာသည်။ မြေပြင်အောက် တစ်တောင် တောင်ထုပ်မှသွားနေ၏။ အေးဆောင် တူးရွင်းရိုး ထိုးသွင်းပြီး မ သည်။ တူးသည်ထက် လွယ်သော နည်းပါပေ။
ပွေးစုံ့များ ရောနှောနေသော ချေးလုံး အရွယ်အစားများကို ကြည့်ကာ အေးဆောင် ခန့်မှန်းသည်။ ပွေးတွင်း အဆုံးတွင် ပွေးကြီး နှစ်ကောင်နှင့် ပွေးကလေး အနည်းဆုံး တစ်ကောင် ရှိရမည်ဟု။
သို့သော် အေးဆောင် ကံဆိုး ရှာပါသည်။
မွန်းတိမ်း တနာရီခန့်တွင် ပွေးတွင်း လှိုင်ခေါင်းသည် ထနောင်းပင်ကြီး အရှေ့ဘက် ရှားစောင်းပြဿဒ် စည်းရိုးဘက်သို့ ထိုးဝင်သွားသည်ကို တွေ့ရသည်။
အေးဆောင် အားမလျော့ပါ။
ပွေးဟူသည် ဥာဏ်အများသား။ သည်ကို အယောင်ပြပြီး ဟိုရောက်ချင် ရောက်သွားသည် မဟုတ်လား။ သို့ကြောင့် ဆက်တူးရာ နဖူးကို ရှားစောင်းပြဿဒ်ဆူးတွေ စူးတော့မှ တံ့တော့သည်။
ခဲလေသမျှ သဲရေကျရပြီ။
ရှားစောင်း ပြဿဒ်ချုံအောက်တွင် တူးချင်လျှင် ချုံများကို ခုတ်ထွင်ရမည်။ အမြစ်တွေကို တူးရမည်။ တစ်ချုံကို တနေ့ရှင်း၍ မပြီး။
အေးဆောင် လက်လျော့သံဖြင့် တောက်ခေါက်လိုက်သည်။
“ယုတ်မာတဲ့ ပွေးကွာ၊ အခုနေ ရေတစည်လောက် လောင်းလိုက်ရရင် ဘောလောပေါ်လာမှာ”
“တော့်ပထွေး ရေတစည်က ဘယ်ကရမှာလဲ”
ကျောနားကပ်၍ ပြောလိုက်သော မြသွယ်ကို လှမ်းကြည့်သောအခါ နှုတ်ခမ်း စူနေသည်။
“ကိုင်း တော်ဖျက်ပစ်လိုက်တဲ့ ပဲပင်တွေကို ပြန်ကြည့်စမ်းပါအုံး”
များလှသည်။ လှည့်မကြည်ပဲနှင့် များပြားမှန်း အေးဆောင် သိသည်။
“ဒါကတော့ နင်တို့ အကျိုးအတွက်” အေးဆောင် စုံစေ့အောင် မပြောလိုက်ရ။ ခြေသလုံး ညိုညိုတုတ်တုတ်ကလေး ပေါ်အောင် ထဘီကို စွန်တောင်စွဲလျှက်၊ မြသွယ် ခြေစောင့်ထွက်သွားသည်ကို အေးဆောင် စိတ်ထဲတွင် မိမိရင်ဘတ်ကို ဆောင့်နင်းသွားသည်ချည်း ထင်လိုက်မိပေ။။
မကျေချမ်းသော စိတ်ဖြင့်
ထိုနေ့က မြသွယ် ထွက်သွားလျှင် ပွေးတွင်း ဆက်တူးနိုင်သောလမ်းကို အေးဆောင် ရှာဖွေသေးသည်။ ရှားစောင်း ပြဿဒ်ခြံကို လှည့်ပတ် တူးဆွကြည့်သေးသည်။
မျှော်လင့်ချက် ကုန်တော့မှ ထနောင်းပင်ရိပ်ဝင်ကာ ဦးသက်ထားခဲ့သော ထမင်းထုပ်ကို ဖြေသည်။ ထမင်းမှာ ပရွက်ဆိတ်တွေနှင့် ရဲနေသည်။ သို့တစေ ပရွက်ဆိတ်တွေ ခဲနေကာမျှနှင့် ထမင်းထုပ်ကို အေးဆောင် မပစ်နိုင်ခဲ့ပါ။ ပရွတ်ဆိတ်ကို ဖယ်ရှားပစ်ကာ ဆီနစ်နေသော အမဲခေါင်း ချဉ်ဟင်းနှင့် ဗိုက်ကားအောင်စားသည်။ စားသောထမင်းလုပ်ထဲတွင် ပါလာသော ပရွက်ဆိတ်များ ကိုက်သည့်အတွက် ထမင်းလည်း စားပြီးရော၊ အေးဆောင် နှုတ်ခမ်းလည်း ရောင်ကိုင်းနေပါလေရော။
လူလည်းပင်ပန်း ပါးစပ်လည်း ပါးရွတ်ဆိတ်ကိုက်၍ ရောင်ရမ်းနေငြား အေးဆောင် မျက်နှာကောင်း မရရှာ။ ညနေဆောင်းတွင် ထနောင်းရိပ်၌ အိပ်နေသော အေးဆောင်ထံ ဦးသက် ရောက်လာသည်။ ပွေးမရဘဲ သူ့ပဲခင်း ပျက်ရမည်လားဟု တိုင်းထွာ၏။ ဆဲရေး၏။
ထိုနေ့မှ အစပြု၍ မြသွယ်လည်း အေးဆောင်ကို မြင်တိုင်း နှုတ်ခမ်းစူနေပြီ။
သည်နေတော့ ဟင်းစားအတွက် ပွေးထိုးရန် ထွက်ခဲ့သည်။ လှမ်းလမ်းဆုံ ရောက်မှ မြသွယ်ကို သတိရကာ ဦးသက်ယာရှိသောဘက်သို့ လမ်းပြောင်းရင်း နှုတ်ခမ်းကို ယောင်ယမ်း စမ်းမိသည်။ မိမိနှုတ်ခမ်း အရောင် ပျောက်ခဲ့သလို မြသွယ်နှုတ်ခမ်းလည်း အစူပျောက်စေရန် နည်းလမ်းကို အေးဆောင် တွေးသည်။ တွေး၍ မရ။
တွေးယင်း လျှောက်ယင်းနှင့် မည်းမည်း အုပ်အုပ် အတန်းကြီး တစ်ခုကို လှမ်းမြင်ရသည်။ ဘသန်းတင်တို့ ယာဘေးနားက နာနတ်အုပ်ပေတည်း။
“ဟုတ်ပြီ ဒီနားမှာ ပွေးတစ်ကောင်ရှိတယ်၊ မနက်ပွေး”
နံနက်ပွေးဟူသည် နံနက်တွင်မှ စုံ့သော ပွေးဖြစ်သည်။
စုံ့သည် ဆိုသည်မှာ ပါးစပ်ဖြင့် ကိုက်ပြီး ဥမင်ဖေါက်သော မြေစာများကို ခေါင်းနှင့် တွန်းပြီး မြေပြင်ပေါ်သို့ ထိုးတင်တတ်ခြင်းဖြစ်သည်။
ယမန်နေ့က ကြိုတင်လေ့လာပြီး မှတ်သားထားသောအချက် ခေါင်းထဲ ဝင်လာလျှင် တုံ့ကနဲ ရပ်သည်။ ခဏကြာမှ ခြေကြွသည်ဆိုရုံမျှသာ အသာကြွ၍ ရှေ့တိုးခဲ့သည်။
တွေ့ပြီ၏ ပွေးစုံ အဟောင်းတစ်ခု။ နောက်တစ်ခု၏ နောက်ထပ်တစ်ခု။
ခြေလှမ်းကို အသံမထွက်အောင် ချုပ်တည်းကာ လှမ်းရသည့် အတွက် အေးဆောင်တကိုယ်လုံး ချွေးပြန်နေသည်။ နာနတ်ရွက်ကို တုတ်ထိုးပြီး အေးဆောင်မှတ်ထားခဲ့သော အမှတ်အသားကို လှမ်းမြင်ရလျှင် အေးဆောင် မှိန်းကို အသင့်ပြင်လိုက်သည်။ အသွားတတောင်ကျော်ရှည်သော သုံးခွမှိန်းသည် အေးဆောင်လက်ထဲတွင် တုန်နေ၏။
အမှတ်အသား လုပ်ထားသည့် နာနတ်ရွတ်အောက်၌ ပွေးစုံ့ရှိသည်။ ပွေးစုံ့ဘေးတွင် ထိုင်၍ အေးဆောင် အမောဖြေလိုက်သည်။
အမှောင်ရိပ် လျှင်မြန်စွာ ပျက်ပြယ်လာသည်။
အေးဆောင် အမောပြေစ။ ချွေးတိတ်စတွင် ပွေးစုံ့မြေမှုန်များ လှုပ်ရှားလာသည်။ တဖြည်းဖြည်းကြွတတ်လာသည်။ မြေကြီးထဲက ပွေးသည် မြေကြိးများကို ခေါင်းဖြင့်တွန်းပြီး တင်ခြင်းဖြစ်သည်။ မြေမှုန်များ လှုပ်ရှားမှုနှင့် မြင့်တတ်မှု ငြိမ်သည်နှင့် အေးဆောင် မှိန်းသွားကို ဆောင့်ချလိုက်သည်။ မှိန်းရိုး ငြိမ့်ကနဲ့ လှုပ်ရှားသွားသည်။
“ဟာ မိပြီကွ”
ပွေးသည် တချက်သာ လှုပ်ရှားနိုင်ကာ အသက်ထွက်သွားခြင်းဖြစ်သည်။ ပွထနေသော ပွေးစုံ့ကြီးကို လက်ဖြင့်ယက်ပြီး ဖယ်လိုက်သောအခါ မြေပေါ်သို့ ခေါင်းပြူနေသော ပွေးကို တွေ့ရသည်။ မှိန်းသည် ဂုတ်ဆက်၌ စူးဝင်နေ၏။
ပွဲဦးထွက် ကောင်းသည့်အတွက် အေးဆောင် ဝမ်းသာသွား၏။ ပွေးကြီးတန်းလန်းနှင့် မှိန်းကိုထမ်းကာ ခရီးဆက်ခဲ့သည်။ နောက်တွေ့ရသော ပွေးစုံ့မှာ ခြောက်သွေ့နေသော မွန်းတည့်ပွေးစုံ့ဖြစ်၏။ နောက်ထပ် နံနက်ပွေးတစ်ကောင်ရှိသော နေရာနှင့်ဝေးသောကြောင့် အေးဆေးစွာဆေးလိပ်သောက်မိသည်။
အေးဆောင် ပျော်သည်ဆိုသောအခါ ချိုးကလေးများကလည်း အလိုက်သိသည်။ မကျည်းပင်ထက်မှ သာယာစွာ ကူးပေးကြသည်။ ဒေါသကြီးမြဲဖြစ်သော ခါသည်ပင်လျှင် သည်နံနက်တွင် ကူသံသာပါဘိ။
ဦးသက် ယာစပ်သို့ အေးဆောင် ရောက်လာသည်။ သူ့ကို ရှားစောင်းပြဿဒ်အောက် မြှားခေါ်သွားပြီး ဒုက္ခပေးသော ပွေးမိသားစုကို မကျေမချမ်း၍ဖြစ်သည်။ ပွေးစုံ့ အသစ်မရှိ။
သုံးရက်လုံးလုံး သည်ပွေးမိသားစုသည် မည်သည့်အရာကို စားနေသနည်း။ ရှားစောင်းမြစ်တွေကို စားရင်း ငြိမ်နေကြဟန်တူသည်။
“နေနှင့်ကြအုံးပေါ့ကွာ” ကြုံးဝါးကာ အေးဆောင် ခရီးဆက်ခဲ့သည်။ နံနက်ပွေး တစ်စုံရှိနေသေးသည် မဟုတ်လား။
ထိုနံနက်ပွေးကို အေးဆောင်လွတ်သွားသည်။ စိတ်အေးလက်အေးဖြင့် ထိုးသော်ငြား ထိုပွေးကို မမိချေ။ သို့ဖြင့် ခဏ တဖြုတ်နားပြီး မွန်းတည့် ပွေးစုံ့များ ရှိသည့်ဘက်သို့ လှည့်ဝင်လာချိန်ဝယ် ရာသီဥတု ချက်ချင်း ပြောင်းလဲသွား၏။
မည်းချိပ်တတ်လာသော မိုးသားများ ငြိမ့်ငြိမ့်အိအိ တိုက်ခတ်လာသော မိုးသက်လေကလေး။
ရာသီဥတာ မသာယာလျှင် ပွေးသည်အေးမြသော သစ်မြစ်အောက်၌ ခိုနေတတ်၏။ အချိန်မှန် စုံ့ချင်မှ စုံ့မည်။ ပွေးထိုးသူ တွက်ခြေလွဲတတ်သည်။
ပထမ မွန်းတည့်ပွေးသည် အေးဆောင် မရောက်မှီပင် အစုံ့ နှစ်စို့ ထိုးသွားသည်။ အေးဆောင်မောသွားသည်။ ဒုတိယ တစ်ကောင်ကိုမူ သူမိလိုက်သည်။
ယာဘက်သို့ ပွေးနှစ်ကောင်ကို “ပေလက်” လျှော်ဖြင့် ဖောက်သီကာဆွဲလျှက်ပြန်လာချိန်တွင် ယာသမားတို့ တမ်းတသောမိုးကြီး ရွာချလေ၏။ တအုန်းအုန်း တဝေါဝေါဖြင့် လေရောမိုးပါဆင်ကာ ရေအိုးကြီး မှောက်ချသလို ရွာခြင်းဖြစ်သည်။
“ရွာစမ်းပါဟ၊ အမလေး ချိုလိုက်တာ”
မိုးရေထဲ၌ အေးဆောင် ခုန်ပေါက် ပြေးလွှား၏။ ပြေးရင်း ပါးစပ်ဟကာ မော့ထားလိုက်သည်။ ချိုလိုက်သည့် မိုးရေ။ အရသာရှိသည့် မိုးရေ။
ပပ်ကြားအပ်များ နူးကုန်၏။ စေ့ကုန်သည်။ ခြေသွားလမ်းများ လှည်းလမ်းကြောင်းများတွင် ရေစီးကြောင်းဖြစ်လာပြီး အမြုပ်တဖွေးဖွေးနှင့် ရေများစီးဆင်းလာ၏။
“ပွေးသားအမိ သုံးကောင်”
သည်အကြောင်းသူ့ခေါင်းထဲ ဝင်လာသောအခါ အေးဆောင် ခြေကုန်သုတ်ပြေးသည်။ ဝှက်ထားသော သံတူရွင်းကို ယူခဲ့ကာ ဦးသက်တို့ ယာထဲပြေးသည်။ လှည်းလမ်းကြောင်းမှ ရေစီးကြောင်းကို ပိတ်သည်။ ရှားစောင်းပြဿဒ်ချုံစပ် ပွေးတွင်းအဝသို့ သွယ်ယူသည်။ မိုးကား သဲကြီး မဲကြီး အော်ချနေသည်။
အေးဆောင် ထနောင်းရိပ်သို့ ပြေးခဲ့သည်။ ပွေးတွဲနှင့် လွယ်အိပ်ကို ချိတ်သည်။ ထိုအခါကျမှ ဦးသက်တို့ သားအဖကို သတိပြုမိသည်။
ဦးသက်ကမှ “နှစ်နပ်စာတော့ ဖူလုံပြန်ပြီပေါ့ကွာ” ပြောဖေါ် ရသေးသော်ငြား မြသွယ်ကား စူသောမျက်နှာဖြင့် တဖက်လှည့်သွား၏။
နာလိုက်တာ။
နုနယ်သည့် နှလုံးသားကို အဆိပ်ပြင်းသော ကျားလျှာဆူး စူးသည့်နှယ် အေးဆောင်ရင်မှာ နာကျင်လိုက်ရတာ။
သို့သော် အေးဆောင် တချက် တွေခနဲ့ ဖြစ်သွားရုံမှ အပ၊ ဦးသက်ရှေ့တွင် မည်သည့်စကားမှ မပြောနိုင်ချေ။ သို့ကြောင့် ခရိုးရှိ ရှားစောင်းပြဿဒ်ချုံသို့ ပြန်ပြေးလာ၏။
မိုးကား မလျော့သေး။
အေးဆောင် လွှဲယူထားသော ရေစီကြောင်းသည် ချုံအောက်သို့ အားနှင့် အင်နှင့် စီးဝင်နေ၏။ ရေထဲတွင် ပါလာသောအမှိုက်များကို အေးဆောင် ဖယ်ပစ်သည်။ ရေအီနေလျှင် မှိန်းဖြင့်ဆွပေးသည်။
မကြာပါချေ။
အေးဆောင် မျှော်လင့်သည့် ကိစ္စ ဖြစ်ပွားလာ၏။
ယင်းမှာ ပွေးဖြစ်သည်။
လက်သီးဆုပ်သာသာ အရွယ်ရှိ ပွေးကလေးသည် နှာခေါင်းဖေါ်လျက် ရေပေါ်သို့ ပေါလောကြီး ပေါ်လာ၏။ အေးဆောင် ဝမ်းသာသည်မှာ ပြောစရာ မရှိတော့။
မျှော်လင့်ချက် သုံးပုံ တစ်ပုံ ပြည့်သွားသော်ငြား အေးဆောင် မလှုပ်ရှားသေး။ နှစ်ခြိုက်စွာ ပြုံးရင်း ပွေးငယ်ကို ပြုံးကြည့်နေ၏။ ပွေးကလေး သည် ရေစီးကြောင်း ဘေးမှ ကပ်လျှက် မြေပေါ်သို့ တတ်လာကာ ယောင်လည်လည် ဖြစ်နေ၏။
ဤသို့ ရှိနေဆဲတွင် နောက်ထပ် ပွေးနှစ်ကောင် ရေပေါ်သို့ ပေါ်လာကြသည်။ ထနောင်းခေါက်ရောင် အမွှေးများ ရွှဲနစ်နေ၏။ သူတို့သည် ရေလွတ်ရာ ကုန်းပေါ်သို့ ပြေးတတ်သည်။ အမွှေးကို တချက် ခါလိုက်ပြီး ရှားစောင်းပြဿဒ် ဆူးချုံထဲ ပြေားဝင်လိုက်သည်။ အေးဆောင်၏ မှိန်းကြီး နှစ်ကြိမ် လှုပ်ရှားလိုက်သည်။
အသွားတစ်တောင်ခန့်ရှည်သော မှိန်းသွားတွင် ပွေးနှစ်ကောင် ထပ်လျှက် တံစို့လျှိုပြီး ဖြစ်သွားတော့လေ၏။ အေးဆောင်သည် ပွေးငယ်ကိုမူ ထနောင်းပင်အောက်သို့ ခေါ်လာ၏။
“အရီး ဟောဒီမှာ ခင်ဗျားတို့ ပဲခင်းကို ဖျက်တဲ့ကောင်တွေ”
“ဟေ ကောင်းသဟေ့”
ဦးသက်သည် တချက် ပြုံးကြည့်ပြီး ပင်စည်အကွယ်တွင် ကပ်ကာ ဆေးလိပ်မီးညှိနေ၏။
“ဟုတ်ပါ့ကော သုံးကောင်တောင်ပါကလား”
သာယာသောအသံကလေးဖြင့် သူ့ရှေ့သို့ ရောက်လာသောမြသွယ်အား အေးဆောင် လှည့်မကြည့် မသိကျိုးကျင် ပြုနေ၏။ ပဲခင်းကလေး အနည်းအပါးပျက်သည်ကို အကျယ်ချဲ့ပြီး မျက်နှာပုပ်နေသော မိန်းမ။ နှုတ်ခမ်းစူကာ မခေါ် မပြော လုပ်နေသောမိန်းမ။
သို့တစေ အေးဆောင် ကြာရှည် တင်းမခံနိုင်ပါ။
“ကိုရင် အေးဆောင်က သိပ်တော်တာပဲ ဒါကြောင့်”
စကားကို တပိုင်းတစဖြတ်ကာ မြသွယ် ညှို့မျက်လုံးကလေး တချက် ဝင့်လိုက်သောအခါ အေးဆောင် သွားကြီးတွေ ဖေါ်၍ ဟီးကနဲ့ အသံထွက်လာရတော့၏။
 ဆင်ဖြူကျွန်း အောင်သိန်း
 (သမီးရီးစား ဝတ္ထုများ စာအုပ်မှ ပြန်လည် ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်။)

ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes