Saturday 18 February 2012

ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ

ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တာရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ နိရဉ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
kuwait-desert
မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံရောက် ရခိုင်လူငယ် တစ်ဦးကို နိရဉ္စရာက မေးမြန်းရာသူက ယခုလို ပြောသည်။

" အခု သူတို့က တော်တော် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ သူတို့ကို ကူဝိတ်နိုင်ငံက စက်ရုံ တစ်ခုမှာ လက်သမား အလုပ်တွေ ရမယ်ဆိုပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကူဝိတ်နိုင်ငံကိုရောက်တော့ သဲကန္တာရ တစ်ခုကို စေလွှတ်ပြီး မြေတူးခိုင်းတယ်လို့ သိရပါတယ်။ မြေတူးရတာကလည်း အောက်ကို လူအရပ် ၂ ရပ်စာနဲ့ အနိမ့်ဆုံး ဆိုရင် တစ်ရပ် လက်တခတ်ထိ အဲသလိုမျိုး တူးရတယ်လို့ ပြောပါတယ်။ ဆောင်းတွင်းဆို ချမ်းကလည်း အရမ်းချမ်းတဲ့ သဲကန္တာရထဲမှာ တစ်နေ့မှ မအားရဘဲ နေ့တိုင်း တူးနေရတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ပေးတဲ့ လစာကလည်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀၊ ကူဝိတ်ပိုက်ဆံ ဆိုရင် (ကူဝိတ်ဒီနာ ၉၀)ရတယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

အဆိုပါ အလုပ်သမားများအား ရွှေအင်အား ကုမ္ပဏီမှ တစ်လ ကျပ် (၅) သိန်းနှင့် (၆)သိန်း အကြားရမည် ဆိုကာ ကူဝိတ်နိုင်ငံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ဒါ့ပြင် ပိုဆိုးတာက သူတို့ နေမကောင်းရင် ဆေးခန်းပြတာ၊ ဆရာဝန်ကို ခေါ်ပြတာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဗမာကောင်လေး တစ်ယောက်က ခြေထောက်ကျိုးသွားတာ ဆေးရုံပြတာ မရှိဘဲ အေးဒီ ကန္တာရထဲမှာဘဲ ဖြစ်သလိုကုနေရတယ်လို့ ပြောပါတယ်။ အခု တစ်လလောက်တောင် ရှိနေပြီး အလုပ်တောင် မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ကျောက်ဖြူက ကောင်လေး တစ်ယောက်လည်း အစာအိမ်ရောဂါ ဖြစ်ပြီး ဗိုက်အောင့်တာကို ဆေးရုံမပြဘဲထားတယ်လို့ သိရပါတယ်။ ဗိုက်အောင့်ရင် အလုပ်မဆင်းနိုင်ဘူး။ သက်သာရင် အလုပ်ဆင်းတယ်။ အလုပ်မဆင်းရင် ပိုက်ဆံကိုလည်း ဖြတ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

မြန်မာ အလုပ်သမားများအား ကူဝိတ်သို့ ပို့ဆောင်သော ကုမ္ပဏီမှာ ရန်ကုန် လှိုင်သာယာ FMI ထဲတွင် ရုံးခန်းဖွင့် ထားပြီး အဆိုပါ ကုမ္ပဏီမှ မင်းသူဟု အမည်ရသော လူယုံ တစ်ယောက်ကိုလည်း ကူဝိတ်နိုင်ငံသို့ စေလွှတ်ပြီး အလုပ်သမားများကို ကြီးကြပ်နေကြောင်း သိရသည်။

ယခုအခါ ကိုမင်းသူမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်နေပြီး မြန်မာ အလုပ်သမားများဘက်မှ မရပ်တည်ဘဲ ကုမ္ပဏီဘက်မှ ရပ်တည်ကာ မြန်မာ အချင်းချင်း ခွဲခြားဆက်ဆံမူများ ရှိနေကြောင်း သိရသည်။ မြန်မာ အလုပ်သမားများ လုပ်နေသော ကုမ္ပဏီမှာ ကူဝိတ်နိုင်ငံတွင် လာရောက် အလုပ် လုပ်နေသော ကိုးရီးယား အခြေစိုက် SAMSUNG ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမား ၁၆၀ တွင် ၃၀ ခန့်မှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ထိုအထဲမှ အများစုမှာ ကျောက်ဖြူမှ ဖြစ်ကြောင်း သိရသည်။ ရွှေအင်အားကုမ္ပဏီသည် ကျောက်ဖြူမြို့တွင် လာရောက် အလုပ် လုပ်စဉ် ကုမ္ပဏီနှင့် အလုပ် အတူတူ လုပ်ဖူးသော လက်သမားများကို ကူဝိတ်နိုင်ငံ စက်ရုံ တစ်ခုတွင် လက်သမား အလုပ်ရမည်ဆိုကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: နိရဉ္ဇရာ

ဖြစ်ပေါ်ပြောင်းလဲမှုများကို အားပေးထောက်ခံသည့်အနေဖြင့် ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံကို ပြန်လည်ကူညီမည် ၂၅နှစ်ကြာရပ်ဆိုင်းခံထားရသော ကမ္ဘာ့ဘဏ်၏အကူအညီနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၌ မကြာမီပြန်လည်စတင်နိုင်တော့မည်ဖြစ်

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ နှစ်အကြာက ရပ်ဆိုင်းသွားခဲ့သော စီးပွားရေးဆိုင်ရာ အကူအညီများ၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုများကို မြန်မာနိုင်ငံတွင် မကြာမီ ပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုနှင့် အစိုးရပိုင်းအပြောင်းအလဲများကြောင့် ယခုကဲ့သို့မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်ကြား ပြန်လည် ဆက်သွယ်ဆောင်ရွက်မှုများကို စတင်ပြုလုပ်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်မှုကို နိုင်ငံခြားမီဒီယာများ၏ သုံးသပ်မှုအရ သိရှိရသည်။
 
ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံခြင်းအားဖြင့် ရပ်ဆိုင်းထားခဲ့သော ဆက်သွယ်ဆောင်ရွက်မှုများကို ပြန်လည်ပြုလုပ်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဘဏ်စနစ်နှင့်စီးပွား ရေးလုပ်ငန်းပိုင်းများအတွက် စနစ်တကျ လေ့လာသုံးသပ်နိုင်ရန် ကျွမ်းကျင်သော ပညာရှင်များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့်ယခင်ကကမ္ဘာ့ဘဏ်အပေါ် ပေးရန်ကျန်ရှိနေသေးသော
 ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက  ချေးငွေသစ်များကိုလည်း ပြန်လည်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စပန်မလာကောက်စ်က ''ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေအပေါ် လက်ခံကြိုဆိုသလို မြန်မာနိုင်ငံ တိုးတက်ဖို့အတွက်လည်း တိုက်တွန်းအားပေးပါတယ်။ 

အပြောင်းအလဲတွေကို လုပ်နေတဲ့အစိုးရ အပေါ် ထောက်ခံတဲ့အနေနဲ့ရော မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားတိုးတက်ဖို့နဲ့ အလုပ်အကိုင်မဲ့သူတွေ၊ ဆင်းရဲတဲ့ ပြည်သူတွေအတွက်ပါရည်ရွယ်ပြီး ကျွန်မတို့ရဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုနဲ့ ကူညီမှုလုပ်ငန်းစဉ်တွေကို စတင်ဖို့ ရှိနေပါပြီ''ဟု ဆိုခဲ့သည်။
ထို့အပြင် သူမအနေဖြင့် မြန်မာနိုင်ငံအတွင်းအရေးပါသည့် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်မှုများအတွက် ထင်သာမြင်သာရှိစေရန် ကူညီမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့နှင့်ပထမဆုံးအကြိမ်ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်
 ချေးငွေသစ်များလည်း ရရှိနိုင်မည်ဖြစ်သည်။

အမေရိကန်နှင့်အီးယူမှ ယခုနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုအချို့ကို ဖယ်ရှားပေးပြီးနောက်တွင် IMF နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများအနေဖြင့် ဧပြီလ ၁ ရက် နေ့အတွင်းပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာအစိုးရမှ လွတ်လပ်ပြီး တရားမျှတအောင် ပြုလုပ်ပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုကို ပြုလုပ်နိုင်ပါက ကျန်ရှိနေ သည့် ပိတ်ဆို့အရေးယူမှုများကိုပါ ဖယ်ရှားပေးရန်ရှိကြောင်း နိုင်ငံခြားသတင်းဌာနများ၏ ဖော်ပြချက်တွင်ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လွှတ်တော်မှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာထားမှုအရ ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများသို့ပေးရန် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလျံ ခန့် ကျန်ရှိနေကြောင်း သိရှိရပါသည်။
Ref: EMG

လှိုင်သာယာဆန္ဒပြအလုပ်သမားများအား အဆောင်မှနှင်ချမည်ဟု သတင်းထွက်ပေါ်

ယခုလ ၆ ရက်နေ့မှစတင်ပြီး မိမိတို့ဆုံးရှုံးခဲ့သည့် ရပိုင်ခွင့်အတွက် စက်ရုံပိုင်ရှင်များအား ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လှိုင်သာယာမြို့နယ် တိုင်ရီ ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများအား လာမည့်စနေနေ့အထိ ဆန္ဒပြခြင်းမရပ်ပါက၎င်းတို့နေထိုင်ရာ စက်ရုံပိုင်အဆောင်မှ နှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း ဆန္ဒပြအလုပ်သမားများကဆိုသည်။
 
 ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မခိုင်ခိုင်နွယ်က “ အရင်ကတည်းက အဲဒီလိုပြောသံတွေကြားနေရတာ။ ဒါပေမယ့် ဘယ်သူပြောမှန်းမသိဘူး။ စက်ရုံတာဝန်ရှိသူတွေက တိုက်ရိုက်ပြောတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒီသတင်းကတော့ ထွက်နေတယ်” ဟု ပြေကြားသည်။
 
          တိုင်ရီဖိနပ်စက်ရုံ၏ အလုပ်သမားများ နေထိုင်ရာအဆောင်တွင် အမျိုးသမီး အလုပ်သမား ၈၀၀ ခန့်နေထိုင်လျက်ရှိသည်။
 
အခြားဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မမိုးဝေက “ ကျွန်မတို့ကိုလာပြီး တိုက်ရိုက် ချိမ်းခြောက်တာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အခုထိ စက်ရုံဝန်ထမ်းဖြစ်တဲ့အတွက် စက်ရုံ အဆောင်မှာနေပိုင်ခွင့်ရှိတယ်။ အဲဒီလိုနှင်ချလည်း ဆင်းမှာမဟုတ်ဘူး” ဟု ပြောကြားသည်။
 
           တိုင်ရီကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုသို့ထွက်ပေါ်နေသောသတင်းများမှာ မဟုတ်မှန်ကြောင်း မိမိတို့အနေဖြင့် ယခုအချိန်ထိ အလုပ်သမားများကို အဆောင်မှနှင်ချရန် မစဉ်းစားဘူးကြောင်း ပြောကြားသည်။
 
          ၎င်းက “အဲဒီအဆောင်မှာ ၀န်ထမ်းမိန်းကလေးတွေချည်းပဲနေတာကို ဘယ်သူက ဆွဲချရဲမှာလဲ။ ရဲကိုဆွဲချပါဆိုရင်တောင် ဆွဲချရဲမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကပိုဝေးတာပေါ့။ သတင်းမှားတွေပါ” ဟုYPI သို့ ပြောသည်။
 
          အလုပ်သမား အရေးကိစ္စများကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူထဲမှ တဦးဖြစ်သည့် မစုစုနွေးက ဆန္ဒပြအမျိုးသမီး အလုပ်သမားများအား နေထိုင်ရာအဆောင်မှု နှင်ချလိုက်လျင် နေစရာအခက်
အခဲကြုံမည့်အရေးကို စိုးရိမ်လျှက်ရှိကြောင်း ယခုလ ၁၅ ရက်နေ့ကပြောသည်။
 
ထို့်ပြင်၎င်းက မိမိတို့အနေဖြင့် ယနေ့အထိ အလုပ်သမားများနှင့်ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း အခြေအနေမှာမူ တည်ငြိမ်မှုမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် လာမည့် သတင်းပတ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပါ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ယနေ့နေ့လည်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။
 
ပြီးခဲ့သော တရုတ်နှစ်သစ်ကူးကာလတွင် တိုင်ရီဖိနပ်စက်ရုံအား စက်ရုံတာဝန်ရှိသူများမှ ငါးရက်တာပိတ်ခဲ့ပြီးနောက် လုပ်အားခရှင်းပေးရာတွင် ထိုပိတ်ရက်များအတွက်  လစာဖြတ်တောက်ခဲ့သည်ကို အလုပ်သမားများက မကျေမနပ်ဖြစ်ရာမှ  ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
 
          ထိုသို့ဆန္ဒပြခြင်းအား သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားအရေး ဆောင်ရွက်သူများ ၊ ဥပဒေကျွမ်းကျင်သူများက ၀င်ရောက် ညှိနှိုင်းဆောင်ရွက်ပေးသော်လည်း နှစ်ဘက်ပြေလည်မှုမရသေးဘဲ ယနေ့အထိ ဆန္ဒပြနေဆဲဖြစ်သည်။
 
ယခုလ ၁၅ ရက်နေ့ကကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။
 
          ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ယခုဥပဒေကြမ်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြားဖြစ်ပွားသည့် ပဋိပက္ခများကို ညှိနှိုင်းပေးမည့် ဥပဒေဖြစ်ကြောင်း၊ မိမိအမြင်အရဆိုလျှင် မျှတသောဥပဒေ ဖြစ်ကြောင်းပြောကြားသည်။
 
          ၎င်းက “ အဲဒီဥပဒေအရဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်ရဲ့ထုတ်ကုန်ကဏ္ဍကိုလည်း မထိခိုက်နိုင်ဘူး၊ အလုပ်သမားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးကိုလည်း ရအောင်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု သူ၏အမြင်ကိုပြောကြားသည်။         
Ref: မိုးမခ

ထိုင်းက အလုပ်သမားသက်တမ်းတိုးပေး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် တိုးပေးမည်။
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား အလုပ်သမားတွေကို အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးပေးဖို့နှင့် ရန်ကုန်ကနေ အလုပ်သမားနိုင်ငံကူး လက်မှတ်နဲ့ အလားတူသူတွေကို ပြည်ဝင်ခွင့်ဗီဇာကြေး ဘတ် ၅၀၀ ပဲကောက်ဖို့ ထိုင်းအစိုးရက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒိသူတွေကို လာမယ့် ဇွန်လ ၁၄ ရက်နေ့အထိ အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်း တိုးပေးဖို့ အစိုးရ အစည်းအဝေးက အတည်ပြုပေးလိုက်ပါပြီ။

နောက်တစ်ခုက အဲ့ဒီ အလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် မြန်မာအစိုးရ ထုပ်ပေးတဲ့ေ လျှာက်လွှာ ပုံစံအသစ်တွေ ဖြည့်ဖို့ကိုလည်း သက်ဆိုင်ရာဌာနတွေကို ပို့ထားပြီးပြီဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေအတွက် နိုင်ငံသားစီစစ်ရေးကပ်ပြားနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးတွေကို ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်၊ စမွတ်ပရာကန်၊ စူရတ်ထာနီ မြို့တွေမှာ အခုလ ၂၈ ရက်နေ့ကစ စတင်ဖွင့်လှစ် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

တခါ အလုပ်သမားတွေအတွက်ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ပြီး ရန်ကုန်ကနေ လေယာဉ်နှင့် တိုက်ရိုက်လာမည့်သူတွေကို ဗီစာကြေးဘတ် ၅၀၀ ပဲဖို့ကိုလည်း အစိုးရ အစည်းအဝေးက အတည်ပြုပေးလိုက်ပြီးဖြစ်လို့ မကြာခင် အကောင်ထည်ဖေါ်တော့မယ်လို့ ထိုင်းအလုပ်သမားညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်နဲ့လာတဲ့ လူသစ် တစ်သိန်း ထိုင်းကလက်ခံသွားမယ်လို့လည်း ထိုင်းအလုပ်သမားညွှန်ကြားရေးမှုး ပရာ့ဝစ် ခီးယန်းဖွန်က ပြောပါတယ်။

ထိုင်းနိုင်ငံက အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးထားတဲ့ အလုပ်သမားတွေထဲက နိုင်ငံကူးလက်မှတ် မလုပ်ရသေးတဲ့သူ ၁ သိန်းကျော်လောက်ရှိပါတယ်။ 
Ref: BBC

Friday 17 February 2012

ကမ္ဘာ့ဘဏ်က မြန်မာနှင့် ဆက်ဆံရေး ပြန်လုပ်မည်

မန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထောက်ခံ အားပေးသည့် အနေဖြင့် ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက မကြာသေးမီက ထုတ်ပြန်လိုက်သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီရှိ ကမ္ဘာ့ဘဏ်

ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Ms. Pamela Cox က “မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အားရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေပါပြီ။ ဆင်းရဲသားတွေ၊ ဖူလုံမှုမရှိသူတွေ အပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောထားကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက စီးပွားရေး အခြေခံအဆောက် အအုံများ၊ ဘဏ္ဍာရေး ကဏ္ဍများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ပေးနိုင်ရန်ကျွမ်းကျင်သည့်ပညာရှင်များ စေလွှတ်အကူအညီ ပေးသွားမည်
 ဖြစ်သော်လည်း ငွေကြေး ထောက်ပံ့မှုများကိုမူ ပေးအပ်ဦးမည် မဟုတ်ကြောင်း သိရသည်။

စုစုပေါင်း ဒေါ်လာသန်းရာပေါင်းများစွာနှင့်ချီနေသည်ဟုယုံကြည်ရသည့် ကြွေးကျန်များကို
မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသို့  ပေးဆပ်ရှင်းလင်းပြီးမှသာ ငွေချေးငှားရေး
 ပြန်လည်စတင်နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။

ထို့အပြင် အစိုးရအသုံးစရိတ်များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရှိ မရှိ၊  ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိ မရှိကို သုံးသပ်လေ့လာမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ လူမှုကဏ္ဍဆိုင်ရာ တာဝန်ယူမှုများ၊ လွတ်လပ်သော လူထုဆက်ဆံရေးများ မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်မည်ဟုလည်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အဓိက အဖွဲ့ဝင်တနိုင်ငံဖြစ်သည့် အမေရိကန်ကလည်း ပြီးခဲ့သည့်လမှ စတင်ကာ နည်းပညာ၊ အတတ်ပညာများ အကူအညီပေးရေး အတွက် ပိတ်ဆို့အရေးယူမှု ဥပဒေတချို့ကို ရုပ်သိမ်းပေးခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အတွက် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအား ငွေချေးငှားခြင်းကို ရပ်တန့်ခဲ့သည်။

ကမ္ဘာ့ဘဏ်က ငွေချေးငှားခြင်း ရပ်တန့်ထားသော်လည်း တခါတရံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တခြားအလှူရှင်များ၏ လုပ်ငန်းဆိုင်ရာတွင် အထောက်အပံ့ပေးခြင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နှစ်ပတ်လည် စီးပွားရေး စစ်ဆေးသုံးသပ်သည့် အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

IMFကလည်းပြီးခဲ့သည့်လအတွင်းက မြန်မာနိုင်ငံ၏လက်ရှိ နိုင်ငံခြား ငွေလဲလှယ်နှုန်းစနစ်ကို ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီများပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လာမည့် ဧပြီ ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ပြောဆိုခဲ့သေးသည်။
Ref: ဧရာဝတီ

စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်

ဗြိတိန်နိုင်ငံကနေခွဲထွက်ဖို့ စကော့တလန်က စိတ်ကူးနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တဲ့ အကြောင်း Edinburgh ကို အလည်အပတ် ရောက်သွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် (David Cameron) က ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအဖြစ် တစုတစည်းတည်းရှိနေစေဖို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က စကော့တလန်လွှတ်တော်မှာ ပြောလိုက်တာပါ။ စကော့တလန်အနေနဲ့ အင်္ဂလန်လိုပဲ ကိုယ့်ဖာသာ အုပ်ချုပ်ကောင်း အုပ်ချုပ်သွားနိုင်မှာဖြစ်ပေမဲ့ အတူတကွတည်ရှိတာက ပိုကောင်းမယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။

၂ဝ၁၆ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်မီ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလထဲ ခွဲထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲတရပ်ကျင်းပရေး တွန်းအားပေးနေတဲ့ စကော့တလန်က အမျိုးသားပါတီရဲ့ ခေါင်းဆောင် Alex Salmond နဲ့လည်း ဝန်ကြီးချုပ်ကင်မရွန်း ကြာသပတေးနေ့က တွေ့ဆုံခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ခွဲထွက်ရေးအစီအစဉ်ဟာ အန္တရာယ်များလှတဲ့ လုပ်ရပ်တခုအဖြစ် စကော့တလန် ဥပဒေပြုအမတ်တွေကို နားချနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စကော့တလန် အမျိုးသားပါတီခေါင်းဆောင် Salmond ကတော့ နှစ်ပေါင်း ၃ဝဝ ဗြိတိသျှ အုပ်ချုပ်မှုအောက်က အပြည့်အဝ လွတ်မြောက်လာမယ့် စကော့တလန်ဟာ လေအားလျှပ်စစ် ထုတ်လုပ်ရေးလို ပြန်လည် အစားထိုးနိုင်တဲ့ စွမ်းအင်ကဏ္ဍကတဆင့် ပိုပြီး သာယာဝပြောလာနိုင်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ် ကင်မရွန်း ကတော့ ဝေလနယ်၊ အင်္ဂလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ပါ ပါဝင်တဲ့ ဗြိတိန်နိုင်ငံထဲမှာ ဆက်ရှိနေတာကသာ စကော့တလန် အတွက်ပိုမို ကြွယ်ဝလုံခြုံမယ်လို့ ပြောသွားပါတယ်။
Ref: VOA

အော်တိုတယ်လီဖုန်းနှင့် မိုဘိုင်းဖုန်းများအားလုံး၏ တယ်လီဖုန်းအခွန်ပေးဆောင်မှုကို မတ်လဆန်းပိုင်းမှစ၍ Postpaid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲသွားမည်



အော်တိုတယ်လီဖုန်းများနှင့် မိုဘိုင်း ဖုန်းများအားလုံး၏ တယ်လီဖုန်းအခွန် ပေးဆောင်မှုကို မတ်လဆန်းပိုင်းတွင် Postpaid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်းနဲ့ မိုဘိုင်းဖုန်းများအား Postpaid စနစ်ကနေ ကြိုတင်ငွေပေးချေစနစ် Prepaid စနစ်ကို ပြောင်းလဲဆောင်ရွက်ရန်စတင်ဆောင်ရွက်နေပါပြီ။

 ငွေကြေးကိစ္စဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကို သေချာစေရန် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စမ်းသပ်နေတာဖြစ်ပါတယ်။ မတ်လဆန်းပိုင်းမှာ Postpaid စနစ်ကနေ ကြိုတင်ငွေပေးချေ စနစ် Prepaid စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်မှာပါ''ဟု ပြောကြားခဲ့သည်။ 

တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် တယ်လီဖုန်းအခွန်ကို ငွေလက်ခံစခန်းများတွင် သွားရောက်ပေးဆောင်ရန် လိုတော့မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။      
Ref: EMG

သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု ဦးအောင်မင်း ပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးများကို သုံးလအတွင်း ပြုလုပ် ပြီးစီးသွားမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း က ပြောသည်။

ဗုဒ္ဓဟူးနေ့က နိုင်ငံခြားသတင်းဌာနနှင့် ပထမဆုံးအကြိမ် အင်တာဗျူးရာတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်(ဟောင်း) ဦးအောင်မင်း က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၆၀ နာတာရှည်ဝေဒနာကြီးအား ယခင်အစိုးရ အဆက်ဆက်ကဆေးမမှန်၍ မကုစားနိုင်ခဲ့ကြောင်းလည်း ဦးအောင်မင်း က ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ အခြေအနေတွေ ပြောင်းနေပြီး ဒီအရေးကိစ္စဟာလည်း ပြောင်းလဲသွားပါပြီ။ ကျနော်တို့ဆေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ” ဟု ဦးအောင်မင်း က ဆိုသည်။

လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၉ ဖွဲ့နှင့် အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မကြာမီ လအနည်းငယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)အပါအ၀င် ၆ ဖွဲ့နှင့် အပစ်ရပ်နိုင်လိမ့်မည်ဟု ဦးအောင်မင်း က ပြောသည်။

မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မည်ဖြစ်ကာ လက်နက်ကိုင်အဖွဲ့ငယ် ၅ ခုကလည်း လက်နက်ချရန် အဆင် သင့်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသုံးရပ် ချမှတ်ထားသည်။ ပထမဦးစွာ အပစ်ရပ်ပြီးနောက်
နိုင်ငံရေးသဘောတူညီချက်များနှင့် နေရာပြန်ချရေးများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနောက် ပါလီမန်တွင်း အထူးညီလာခံ ကျင်းပ၍ အဖွဲ့အသီးသီးနှင့် ရေရှည်သဘောတူညီချက်များ အခိုင်အမာ ချမှတ်သွားရန်ဖြစ်သည်ဟုဆိုသည်။

ဤအစီအစဉ်အားလုံးမှာ ၂၀၀၈ အခြေခံဥပဒေအောက်မှ ဆောင်ရွက်သွားရန်ပြီး တိုင်းရင်းသားအဖွဲ့များ
တောင်းဆိုထားကြသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်။

Thursday 16 February 2012

ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး

ဝတ်မှုန် (စင်ကာပူ)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂
ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။

အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။

ဇတ်လမ်းကတော့ … အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂ ယောက်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း ပဲခူးမှာ ၁၀ တန်းအောင်၊ သူက RIT ပြီးတယ်။ ညီမက MBBS ပြီးတယ်။ မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးက သံ ဃာဝတ်ခိုင်းရာမှ ဘုန်းကြီး (၉) ဘွဲ့ရတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က သူ့ကို ပြည်ပပညာသင်ပို့တယ်။ အိန္ဒိယက M.A Buddhism, သီရိလင်္ကာက Ph.D ရခဲ့တယ်။ မြန်မာပြည်မှာမြှောက်စားခံရပြီး နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးစောမောင်သွား တဲ့နိုင်ငံတွေကို လိုက်ရတယ်။ နောက် နှလုံးကင်ဆာရောဂါရပြီး သေနေ့စောင့်နေချိန် ခရစ်ယာန်တရားကြားပြီး၊ ခရစ်ယာန်ဖြစ်တယ်။ ဘုန်းကြီးလူထွက်ပြီး၊ ကချင်ပြည်ရောက်တယ်။ ပြည်မပြန်လာပြီး ခရစ်ယာန်သာသာနာပြုချိန် အဖမ်းခံ၊ ထောင်ကျ၊ နှိပ်စက်ခံရပေမဲ့ ပန်းပန် လျှက်ပါပဲလို့ အလွန်ဘုရားရဲ့စောင့်ရှောက်မှုခံရကြောင်း ပြောပါတယ်။ မေတ္တာတရားလည်း ရရှိကြောင်းကို သူ့မိဘသတ်သွားသူ အသက် ၈၀ အရွယ်ပြန်တွေ့ပြီး၊ ခွင့်လွှတ်နိုင်ကြောင်း၊ ဘုရားမေတ္တာကြီးမားလှကြောင်း စသဖြင့်ပေါ့။ ပါဠိစကားတွေ၊ စာအုပ်တွေ ညှပ်ပြောတော့ … ကျွန်တော်နားမလည်ပေမဲ့၊ သူ့ရဲ့အသံကြားပြီး ယုံလိုက်မိပါတယ်။

အံ့သြစရာကြီးပေါ့။ ဘုရားသခင်လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုပြီး အချက်အလက် အနည်းအကျဉ်းစုံစမ်းတယ်။ RIT ဘွဲ့ရသူငယ်ချင်း များကလည်း မသိဘူး၊ ဟုတ်လားလို့ပဲ ပြောတယ်။ ဘယ်သူမှ မကန့်ကွက်ရဲဘူး။ Data မှမရှိပဲကိုး။ အဲဒီ တနာရီကြာတဲ့ YouTube ဟာ အင်တာနက်မှာ ၄ ရက်အတွင်း အကြိမ် တစ်သောင်းငါးထောင်ကျော် (15,000) count ဖြစ်သွားတယ်။ ကွန်မင့်တွေအများကြီးပေးကြပေမဲ့ သူပြောတဲ့အကြောင်းတွေကို Data နဲ့ ကန့်ကွက်မဲ့လူမရှိဘူး။

အဲဒီလူက တဆင့်တိုးပြီး ဗုဒ္ဓဘာသာတွေကို တိုက်ရိုက်ဘုန်းကြီးအသံ၊ ပါဠိစာလုံးတွေနဲ့ ခရစ်ယာန်တရား ၂ ခုထုတ်လိုက်တာ၊ နာရီပိုင်း အ တွင်း အပြင်အထန်တိုက်ခိုက်မှုကိုခံရပြီး၊ ခရစ်ယာန်အချင်းချင်းကလည်း ဒီလူလိမ်ဖြစ်တယ်ဆိုတာကို သက်သေများနဲ့ပြောလာတာကြောင့် YouTube ကနေ ဖြုတ်ချလိုက်ပါတယ်။

ကျွန်တော်တို့ RIT ကျောင်းဆင်းတဲ့။ ပဲခူးမြို့က အင်ဂျင်နီယာတွေက မဖြစ်နိုင်ဘူး။ ဒါလောက်နာမည်ကြီးတာတောင် မကြားဖူး။ ပြီးတော့ 1982 B.E Civil ဘွဲ့ရသူ ၁၆၀ ဦးမှာ သူရိန်ထွန်းဆိုတာမပါဘူး။ RIT 1980-1984 အင်ဂျင်နီယာဘွဲ့အားလုံးရသွားသူစာရင်းမှာလည်း သူရိန်ထွန်းဆိုတာ မတွေ့ဘူး။ အဲဒီလူကို ဘန်ကောက်ကမိတ်ဆွေတွေက အင်တာဗျူးတဲ့အသံဖိုင်ကို နားထောင်ပြီးချိန် ဒီလူ RIT ကျောင်းမတက်ဖူးဘူးဆိုတာ သေချာပေါက် သိသွားပါတယ်။ ဒီတချက်နဲ့ပဲ သူကို Reject လုပ်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေလည်း တခါတလေ သတင်းထူးပဲဆိုပြီး၊ ယုံလို့ အေပရယ်ဖူးနေ့များမှာ အင်တာနက်၊ ယုံချင်စရာများ တင်ပြ လေ့ရှိတယ်။ အခုကိစ္စတော့ ခရစ်ယာန်မီဒီယာလောကအတွက် အရှိုက်ကိုထိုးခံရတဲ့ လိမ်လည်မှုကြီးပါ။ ဒီလူ ဘာသာရေးဘန်းပြ လိမ်စား နေတာ အခုချိန်မသိရင် နောက်နောင်ပိုဆိုးလာမလားမသိ။ မြန်မာပြည်မှာ ၁၅ နှစ်လောက် ဘုန်းကြီးလူထွက်၊ ခရစ်ယန်ဘာသာဝင်ပြီး မြန်မာပြည်တွင်းမှာလိမ်လို့ အဆင်မပြေတော့၊ အခု ပြည်ပထွက်လာပြီး လိမ်ပြန်တယ်။ ပြည်ပကျတော့ လိမ်လို့မရတော့ဘူး။ မိသွား ရှာတယ်။

● လင်္ကာအရှင်ရဲ့ဖေ့စ်ဘုတ်
13-Feb-2012 မှာတင်ထားတဲ့ အချက်အလက်မှာ၊ သီရိလင်္ကာ ကိုလံဗုဒ္ဓတိသရဏယူနီဗာစတီက Ph.D ရသွားတာဆိုတာ
၁။ ၂၀၀၈ ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
၂။ ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ
၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါ တယ်ဆိုတာ Data ရအောင်ရှာပြီး၊ ဒီလူဟာ လူလိမ်ဖြစ်ကြောင်း ချေပနိုင်ပါတယ်။

RIT ဘွဲ့ရမဟုတ်ကြောင်း၊ Ph.D ဘွဲ့ရမဟုတ်ကြောင်း ဒီ (၂) ချက်ရဖို့ ၇ ရက်တောင် ကြာမြင့်ပါတယ်။ နောက်ပိုင်းတော့ အဲဒီခရစ်ယာန် ဘုန်းတော်အတုရဲ့ လိမ်တဲ့အချက်တွေ တခုပြီးတခုပေါ်လာတော့မှာပါ။ ဒါ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အလွန့် အလွန် အရေးကြီးပါတယ်။

အင်တာနက်ခေတ်ကြီးမှာ ခရက်တစ်ကပ်၊ အိုင်စီပျောက်လို့ ရဲ၊ ဘဏ်ကို သတင်းမပို့ခင် နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းနဲ့ ငွေထုတ်သွားနိုင် တဲ့ခေတ်ကြီးမှာ၊ ဒေတာ (အချက်အလက်) အလွယ်တကူမရနိုင်တဲ့ မြန်မာလူမျိုးများအတွက် လူလိမ်များရန် ကာကွယ်ဖို့ခက်ခဲလှပါတယ်။ ဘယ်သူ့ကိုယုံရမလဲ။ မြန်မာသံရုံးတွေကကော ..ယုံရပြီလား။

● လူလိမ်ကြီးများကြီးစိုးနေသော မြန်မာနိုင်ငံ
မြန်မာပြည် စစ်အစိုးရခေါင်းဆောင်များဟာ ဟိုးယခင်က ရိုးသား၊ အမိန့်နာခံမှုနဲ့ လုပ်သူများဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ သူတို့ မှာပညာမရှိတော့ နိုင်ငံရေးလိမ်မာပါးနပ်စွာလုပ်စားနေရင်းကနေ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ပိုင်းမှာ ပညာတတ်ရင်၊ လုပ်စားလို့မရတဲ့ အထိဖြစ်သွားပါတယ်။ ဥပဒေအားလုံးကို နှုတ်ဥပဒေ (တနည်းအားဖြင့် စစ်ဥပဒေနဲ့) တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ် ၅၀ အတွင်း ဒီလိုဖြစ်သွား တာကို အားလုံးသိပြီးဖြစ်ပါတယ်။

အခု ဒီဘာသာရေးလူလိမ်အကြောင်းကို ဆက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဘာမှယုံကြည်မှုမရှိပဲ၊ နှစ်ပေါက်တပေါက်၊ အပွကြံ၊ တနပ် စားတွေဖြစ်ပြီး၊ တရုတ်ကြီးရဲ့ဝါးမြိုမှုတွေကိုမြင်ပြီး ပြုပြင်ပြောင်းလဲရေးအစိုးရသစ် ၂၀၁၁ မှာစတင်ခဲ့တာ တနှစ်ရှိပါပြီ။ မြန်မာအစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေကတော့ တနှစ်အတွင်းမှာ အံ့သြဘွယ်လုပ်ပြခဲ့ပါတယ်။

အခုရေးလိုတာကတော့ လူလိမ်များ၊ ပြည်တွင်းမှာ ဆက်လိမ်လို့ လုံးဝမရသူများ၊ ပြည်ပထွက်ပြီးလိမ်တာတွေ များနေပါတယ်။ မြန်မာပြည်ပြု ပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်းမှာ ဆက်လိမ်လို့မရတော့သူတွေ ပြည်ပထွက်လိမ်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည် ပရောက်မြန်မာများ အထူးသတိထားစေလိုပါတယ်။ သန့်ရှင်းမြင့်မြတ်ပါတယ်ဆိုတဲ့ ဘာသာရေးလောကထဲအထိ အတုအယောင်တွေ ၀င်လာကြတာ ကိုယ့်ဘုန်းကြီးကလိမ်တော့၊ လူမသိတိတ်တိတ်ကလေး၊ ဖြေရှင်းလိုက်ကြတာများပေမဲ့ အခု အင်တာနက် ယူကျူ့အထိ တက်ပြီးလိမ်တာကတော့ အကောင်းမြင်ဖက်ကကြည့်ရင် ဒီခရစ်ယာန်ဘုန်းကြီးအတု ဆက်လိမ်လို့မရတော့ဘူး။ နောက်မြန်မာလူမျိုးတွေ လည်း သတိထားပေတော့လို့ မှတ်ယူလိုက်ပါတယ်။

● ပြည်ပငွေလိမ်သတင်းကြီး ၂ ခု
၁။ December 2012, စင်ကာပူနိုင်ငံ၊ ရွှေရတနာဆိုတဲ့ ဆိုင်ပိုင်ရှင် စင်ကာပူနိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ကအမျိုးသမီးက မြန်မာပြည်မှာအတိုးပိုရတယ်ဆိုပြီး သူ့ဆီအပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ခပ်တည်တည်နဲ့လိမ်သွားတယ်။ ဆိုင်ကို ခဲနဲ့ပေါက်မဲ့ အလုပ်သမား ငွေလွှဲသူများကိုတော့ သူတို့လွှဲတဲ့ငွေတွေ ပြန်ပေးတယ်။ ဒေါ်လာသိန်းချီပြီး အပ်ထားသူများရဲ့ ငွေကိုတော့ ပြန်မပေးပဲ ပျောက်ဆုံးနေပါတယ်။ ထို့အတူ လွိုင်ဟိန်းဆိုတဲ့ဆိုင်ကလည်း တခြားမြန်မာဆိုင်အငယ်များက အလုပ်သမားများလွှဲငွေများကို ထပ်မံလိမ်ယူ၊ ထွက်ပြေးပျောက် ဆုံးသွားပါတယ်တဲ့။ အဲဒီလူတွေလည်း မကြာခင် စင်ကာပူပြန်လာကြမလားမသိဘူး။
 ၂။January 2012, ကိုရီးယားဝမ်ငွေ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ် ကိုင်နေသော နိုင်သားလေး (ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com) ဆိုသူသည် မြန်မာပြည်သို့ငွေလွှဲရန် မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါသည်။ ၎င်းကိုင်ဆောင်သောဖုန်းနှင့် ဂျီမေးအကောင့်ကို လည်း လုံးဝပိတ်ထားလိုက်ပါသည်။ ကိုသစ်ထူးလွင်မှ သတင်းအဖြစ် နောက်ထပ် အလုပ်သမားများ ကျွန်တော်တို့လို အလိမ်မခံရရေး အတွက် အသိပေးစေလိုပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအသင်းအကြီးအကဲ ဦးဝိုင်းထံသို့မေးမြန်းနိုင်ပါသည်။ (ဖုန်း ၈၂ ၁၀၂ ၃၃၁၂၄၅၇) လို့ပါတဲ့အတွက် ဦးဝိုင်းကိုဖုန်းခေါ်ပါတယ်။ ဦးဝိုင်းဖြေကြားချက်က – အဲဒီလူငယ် ထိုင်းနိုင်ငံကနေ သူ့ဆီကိုဖုန်းဆက်တယ်။ သူကိုးရီးယားရောက်လာတာ ၆ နှစ်ရှိပြီ။ ဆိုင်ထောင်တယ်။ မကိုက်လို့ ဆိုင်ကိုသူများလွှဲလိုက်ပြီး ငွေလွှဲတာပဲလုပ်တယ်။ အကျပ်အတည်း တွေ့လို့ တခြားနိုင်ငံရှောင်သွားတယ်။ အခု ငွေပြန်လည်ပြီမို့ လွှဲငွေအားလုံးကို ပြန်ပေးပြီးတဲ့အတွက် သစ်ထူးလွှင်က ဒီသတင်းပြန်ဖြုတ်ပေးဖို့ ပြောပေးပါဆိုပဲ။

ဒီလူတွေလည်း မြန်မာပြည်ကလူလိမ်များလို ဥပဒေအရတရားစွဲလို့လဲမရနဲ့၊ လိမ်လည်မှုဖိုးတွန်တီးဆိုတော့ တော်တော်ခက်ပါတယ်။ ခပ် တည်တည် ဆိုင်ပြန်ဖွင့်နေနိုင်တာပဲ။ အံ့သြမိတယ်။

● ဆောင်းပါးနိဂုံး
ဒါကြောင့်ပဲ ပိုက်ဆံလိမ်ပြီး ပြည်ပထွက်ပြေးလာသူ မြန်မာများစွာ တတိယနိုင်ငံတွေမှာ ဒုက္ခသယ်အဖြစ်ငွေပေးပြီး၊ ရီဂျစ်စတာလုပ်လို့ အမေရိကား၊ သြစတြေးလျှားမှာ ငွေထုပ်ကြီးနဲ့ရောက်သွားသူများစွာ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့် အနားပေးလိုက်ကတည်းကပါပဲ။ အဲဒီလူများ ဟာ ဒုက္ခသည်အတုများဖြစ်ပါတယ်။ ဟိုလူ..သည်လူ .. ဒုက္ခသည်အတုလို့ပြောနေမဲ့အစား ကိုယ်တိုင်ပဲ၊ လမ်းမှားကနေ – လမ်းမှန်ကို လျှောက်ပြီး၊ မိမိ မိသားစုဂုဏ်ကို မြှင့်တင်နိုင်သူများဘ၀ ပြန်ရောက်စေဖို့ မျှော်လင့်ပါတယ်။

အကောင်းမြင်ဖက်ကကြည့်ရင် မြန်မာပြည်တွင်းမှာလိမ်မရတဲ့လူများ ပြည်ပရောက် ရိုးရိုးအေးအေးနေတဲ့၊ မြန်မာလူမျိုးတွေလည်း သတိ ထားပေတော့လို့။

Ref: မိုးမခ

မဲဆောက်ဈေးအတွင်းရှိ မြန်မာများကို ထိုင်းရဲ ဝင်ဖမ်း

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီး၌ အလုပ် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက် ၅ နာရီ ခန့်တွင်ဝင်ရောက် ဖမ်းဆီးကြောင်း သိရသည်။
စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း၌ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအား စစ်ဆေး ဖမ်းဆီးနေစဉ် (ဓာတ်ပုံ - Manager online)

ထိုင်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က လမ်းများ ပိတ်၍ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မဲဆောက်အခြေစိုက် မြန်မာ ပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။

“လမ်း ဟိုဘက် ဒီဘက် ပိတ်ပြီးတော့ အဲဒီကြားထဲမှာ လမ်းသွား လမ်းလာ အကုန်ဖမ်းတယ်။ မဲဆောက်ဈေး အတွင်းအပြင် ကျတော့ ဈေးသည်နဲ့ တွန်းလှည်းသည်တွေကို ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းသတင်းများ၏ အဆိုအရ အာဏာပိုင်များက တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို စီမံချက်အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့လယ်ခေါင်ဈေးအတွင်းရှိ မြန်မာအလုပ်သမားများအား လွန်ခဲ့သည့် ၆ လခန့်ကလည်း ဝင်ရောက် ဖမ်းဆီး ခဲ့သေးကြောင်း၊ ယခုတကြိမ် ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ဖြစ်ကြောင်း ဦးမိုးကြိုးက ဆိုသည်။

အဖမ်းခံရသူများသည် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက် ခံရမည်ကို မသိရသေးကြောင်း၊ သို့သော် ဒဏ်ငွေ ပေးဆောင်ရဖွယ် ရှိကြောင်း ၎င်းက ပြောသည်။

ဈေးကို လမ်းပိတ်၍ ဖမ်းဆီးခဲ့သောကြောင့် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များ ခေတ္တ ပိတ်ခဲ့ရကြောင်း သိရသည်။

အဖမ်းခံရသည့် လက်မှတ်ကိုင်ဆောင်ထားသူ တချို့ကို အလုပ် ပိုင်ရှင် သူဌေး၏ အာမခံနှင့် ပြန်လည်လွှတ်ပေးခဲ့ပြီး တရားမ၀င် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်သို့ ပို့ဆောင်ထားကြောင်း ဦးမိုးကြိုးက ပြောသည်။

တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာပြည်သားများသည် ရက်ပိုင်း အတွင်း မြန်မာပြည်ဘက်ကမ်းသို့ ပြန်ပို့ခံရလေ့ရှိ သည်။ မဲဆောက်မြို့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် တဖက်ကမ်းတွင် တည်ရှိပြီး ဖြစ်ပြီး မြန်မာပြည်သား အများအပြား နေထိုင်လျက်ရှိသည်။

မြန်မာ အလုပ်သမားများမှာ အဓိကအားဖြင့် သိုးမွှေးစက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီ အလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
Ref: ဧရာဝတီ

လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်

ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေက ​ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​အာဏာ အလွဲသုံး​စား​မှုနဲ့​ တရား​စွဲဆိုဖို့​ ပြင်ဆင်​နေပါတယ်။
ဇေကမ္ဘာကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ထား​ပါတယ်။
လယ်​တွေသိမ်း​ တုန်း​က အစိုး​ရသိမ်း​မှာမို့​လို့​ ​ဇေကမ္ဘာကုမ္ပဏီက ကြား​ဝင် ကရုဏာ​ကြေး​ ​ပေး​တယ်လို့​ ​ပြောပြီး​ တဧကကို သုံး​သိန်း​ပေး​လို့​ ဒီအ​ပြောကို လယ်သမား​တွေက ယုံကြည်ပြီး​ လယ်​တွေဆုံး​ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ လှည့်​ဖြား​တာခံရတယ်လို့​ လယ်သမား​တွေက ယူဆပြီး​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ကို တိုင်လို့​ စိမံကိန်း​ကို ရပ်ခိုင်း​ထား​ပါတယ်။
အခု​တော့​ လယ်သမား​တွေက မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကိုယ်စား​လှယ်လွှဲပြီး​ ဦး​ခင်​ရွှေနဲ့​ ဦး​ဘိုကြီး​ဆိုသူကို တရား​စွဲခိုင်း​တယ်လို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။
“အ​ရောင်း​ အဝယ်လည်း​ မရှိသလို လယ်သမား​တွေကို ​ငွေ​ပေး​တယ်ဆိုတာလည်း​ ဟုတ်တယ်။ ဒါ​ပေမယ့်​ အဲဒီမှာ အမှုအ​ကြောင်း​ကို ​ပေါ်​ပေါက်​အောင် လုပ်ထား​တာက ​တောင်သူလယ်သမား​တွေက မိမိတို့​လယ်ကို မလုပ်စား​ချင်​တော့​လို့​ တခြား​စီး​ပွား​ရေး​ လုပ်ငန်း​တွေကို ​ပြောင်း​လဲ လုပ်ကိုင်ချင်တဲ့​အတွက် ​ကျေး​ရွာ​မြေယာ​ကော်မတီကို သွား​ပြီး​တော့​ ​မြေအပ်နှံမယ် ဆိုတဲ့​ဟာကို လုပ်ထား​တယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့​ဝင် ဦး​ဘိုကြီး​က ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ​ခေါ်​တွေ့​ပြီး​တော့​ ​တောင်သူလယ်သမား​တွေကို နိုင်ငံ​တော်က သိမ်း​ပြီဆိုတဲ့​အ​ကြောင်း​ အကြိမ်ကြိမ် ခြိမ်း​ခြောက် ​ပြောဆို​နေတာ။ အဲဒါနဲ့​ ဦး​ခင်​ရွှေ ကိုယ်တိုင်ကလည်း​ သူက နိုင်ငံ​တော်က သိမ်း​ပြီလို့​ လိမ်လည် လှည့်​ဖြား​ပြီး​ ​ပြောတာ။ အဲ​တော့​ ဦး​ဘိုကြီး​နဲ့​ ဦး​ခင်​ရွှေတို့​ကို ကျ​နော်တို့​က တရား​စွဲမှာပါ။ နိုင်ငံ​တော် အခွင့်​အာဏာကို အလွဲသုံး​စား​ လုပ်တဲ့​အမှုနဲ့​ တရား​စွဲမယ်။ ​ရှေ့​တပတ်ထဲမှာ ဖြစ်မယ်။ ”
တရား​စွဲပြီး​ တဲ့​အခါ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ ပြန်လည်ချထား​ပေး​ဖို့​ ​ကျေး​ရွာ ​မြေယာ​ကော်မတီမှာ ​လျှောက်မယ်လို့​လည်း​ ဆိုပါတယ်။
“ရန်ကုန်တိုင်း ​ ​ဒေသကြီး​အစိုး​ရအဖွဲ့​ ကိုယ်တိုင် စာထုတ်တာ ​ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်း​ထား​တာ။ ​ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်း​တာကိုက ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက မှား​နေပြီ။ ​နောက်ပြီး​ ဒီမှာရှိတဲ့​ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ပြန်ချထား​ပေး​ရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုး​ရေး​ ဥပ​ဒေအရ၊​ ၁၉၆၂ ခုနှစ် သီး​စား​ချထား​ရေး​ ဥပ​ဒေအရ ​တောင်သူလယ်သမား​တွေက လယ်လုပ်ဖို့​ ဥပ​ဒေနဲ့​ ညီတယ်။ ဒါက​တော့​ ကျ​နော်တို့​က ဥပ​ဒေ​ကြောင်း​အရ ရင်ဆိုင်ရမှာပဲ။”
လယ် ၁၃ ဧက ပါသွား​တဲ့​ ​ဒေါ်တင်စိန်က သူတို့​ လှည့်​ဖြား​ခံခဲ့​ရတယ်လို့​ ​ပြောပါတယ်။
“လက်မှတ်ထိုး​ ခိုင်း​တာက​တော့​ သူအတင်း​ထိုး​ခိုင်း​တာ။ နိုင်ငံ​တော် သိမ်း​တယ်ဆိုပြီး​ ​ပြောတယ်။ အမှန်က​တော့​ နိုင်ငံ​တော် မဟုတ်ရင် ​ရောင်း​ကို မ​ရောင်း​ဘူး​။ အဲ့​မှာ ဦး​ခင်​ရွှေက မ​ရောင်း​ရင်လည်း​ တပြား​မှ မရဘူး​။ နိုင်ငံ​တော်က သိမ်း​တယ်ဆိုပြီး​တော့​ ​ပြောတယ်။ မင်း​တို့​ တင်တဲ့​စာလည်း​ အမှိုက်ခြင်း​ထဲ ​ရောက်သွား​မယ်ဆို​တော့​ လယ်သမား​တွေက ​ကြောက်လန့်​ပြီး​ လက်ခံရတယ်။ ”
လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်ကလည်း​ “အဲဒါဆိုရင် သူ​ဌေး​ ကျ​နော်တို့​ သား​သမီး​တွေက လယ်သမား​ဘဝနဲ့​ပဲ ပညာ​ရေး​၊​ စား​ဝတ်​နေ​ရေး​ လည်ပတ်​နေရတာ။ အခုလို အသိမ်း​ခံရမယ်ဆိုရင် ကျ​နော်တို့​ စာတင်မယ်လို့​ ​ပြော​တော့​ ဦး​ခင်​ရွှေက ခင်ဗျား​တို့​ စာတင်လည်း​ အမှိုက်ပုံး​ထဲပဲ ​ရောက်မယ်လို့​ ငြိမ်း​ခြောက်တဲ့​စကား​ ​ပြောတယ်”လို့​ ဆိုပါတယ်။
အစိုး​ရနဲ့​ နီး​စပ်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို တရား​စွဲဆိုတဲ့​ကိစ္စမှာ တရား​ရုံး​၊​ မီဒီယာ စသဖြင့်​ အချိန်ယူပြင်ဆင် ချိန်ဆ​နေတယ်လို့​ ​ပြောဆိုပါတယ်။ 
 ဒီဗွီဘီ
Ref: သစ်ထူးလွင်

ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ရောက်နေတဲ့သူတွေကို ပြန်လာ နိုင်ရေးကို လုပ်ပေးမယ်။ မြန်မာတွေ နိုင်ငံမဲ့ မဖြစ်စေရဘူးလို့ ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးတော့ sanction က အစိုးရကို ကန့်သတ်တာလား။ ပြည်သူကို ကန့်သတ်တာလားဆိုတဲ့ အချက်တွေကို အပြန်အလှန်ဆွေးနွေးဖြစ်ပါတယ်'' ဟု ဆွေး နွေးပွဲသို့ ဝင်ရောက်ခွင့် ရရှိသော ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကန့်သတ်ထား သောပိတ်ဆို့မှုများသည် မြန်မာအစိုးရထက် ပြည်သူတို့၏ စားဝတ် နေရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ပိုမိုထိခိုက်နေကြောင်း ၊ ပြည်သူများအတွက် တကယ်တမ်း ကူညီမည် ဆိုပါက မြန်မြန်ဆန်ဆန် ပြုလုပ်နိုင် ရန် အတွက် စဉ်းစားရန် လိုအပ်နေကြောင်း ၄င်းက ဆွေး နွေးပွဲ ရလဒ်ကို အကျဉ်းချုပ် ပြော ကြားသည်။

''ဒီမိုကရေစီ ပြောင်းလဲတဲ့နေ ရာမှာ နိုင်ငံရေးတစ်ခု တည်းပြောင်းလို့ မရဘူး။ လူမှုရေး၊ စီးပွားရေးပါ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် သူတို့ ကရော ဘယ်လိုကူညီနိုင်မလဲ။ အပေါ်ကချည်းပဲသွားပြီး အောက်က မလိုက်နိုင်လို့လဲ မဖြစ်ဘူးဆိုတာ တွေ ပြောဖြစ် ပါတယ်''ဟု ၄င်းက ဆိုသည်။

၎င်း၏အဆိုအရ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေး၊ သားငါးထုတ် လုပ်ရေး စသည့် အချက်များသည် ပြည်တွင်းတွင် ဖူလုံမှုအပြည့်အဝ ရှိနေပြီး ပြည်ပနိုင်ငံများသို့ ပံ့ပိုးလိုပါ က ကုလအနေဖြင့် ဝိုင်းဝန်း ကူညီ ပေးသွားရန်လိုအပ်သည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။
 
ပေါ်ပြုလာဂျာနယ် 
Ref: သစ်ထူးလွင်

 မင်းတုန်းမင်းကြီးတင်လှူပူဇော်ခဲ့သည့် ရွှေတိဂုံစေတီတော်ရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆံတော်ကြိုစေတီများရှိရာ မြို့နယ် လေးခုသို့ ယခုလ ၁၁ ရက်နေ့မှစတင်၍ လှည့်လည်အပူဇော်ခံ

ရွှေတိဂုံစေတီတော်ရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆံတော်ကြိုစေတီများရှိရာ မြို့နယ်လေးခုသို့ ယခုလ ၁၁ ရက်နေ့မှစတင်၍ လှည့်လည်အပူဇော်ခံကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါလှည့်လည် အပူဇော်ခံသည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့မှာ ရွှေတိဂုံစေတီတော်သို့ မင်းတုန်းမင်းကြီးကိုယ်တိုင် တင်လှူပူဇော်ခဲ့သည့် ပစ္စည်းများဖြစ်ကြပြီး ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့် ဆိပ်ကမ်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လှည့်လည်အပူဇော်ခံ မည်ဖြစ်သည်။ ထိုသို့အပူဇော်ခံရာတွင်လည်း ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များနှင့် ရွှေပြားသင်္ကန်းတို့ကိုပါ ပင့်ဆောင်လှည့်လည်အပူဇော်ခံခြင်းဖြစ်ပြီးညပိုင်းကိန်းဝပ်သော ဒေသများတွင် ဒေသခံများကဓမ္မဒေသနာတော်များကို အလှည့်ကျရွတ်ဆိုပူဇော်ခြင်း၊ ပန်းဆီမီးစုပေါင်းပူဇော်ခြင်း၊ ဆွမ်းတော်ကြီးပို့ခြင်းနှင့် ဆွမ်းတော်ကြီး ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

''ရွှေတိဂုံစေတီတော်မှာ ဌာပနာထားတဲ့ဆံတော်မြတ်ကို ပင့်ဆောင်တဲ့ လမ်းတစ်လျောက်မှာရှိတဲ့ ဒေသတွေမှာ ဆံတော်ကြိုစေတီတော်တွေကိုတည်ထားခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေရှိခဲ့တာကြောင့် ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့်ပွဲတော်ကို အမှီပြုပြီး အဲဒီဒေသတွေမှာ ဆံတော်ကြိုစေတီရှိတာကို ဒေသခံတွေသတိပြုမိစေဖို့ အခုလို လုပ်ဆောင်ရတာပါ။ ဒါကြောင့် ရွှေတိဂုံစေတီတော်ရဲ့အင်္ဂါရပ်တော် အစိတ်အပိုင်းတွေကို အနီးကပ် ဖူးတွေ့ပူဇော်နိုင်အောင် ရုပ်ပွားတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ရွှေသင်္ကန်းတော်တွေကို အဲဒီဒေသတွေမှာ လှည့်လည်အပူဇော်ခံတာပါ'' ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

ဆံတော်ကြိုစေတီများသည် တွံတေးတွင်နှစ်ဆူ၊ ဗိုလ်တထောင်တွင် တစ်ဆူ၊ ကော့မှူးတွင် ငါးဆူနှင့် ကွမ်းခြံကုန်းတွင် တစ်ဆူစီရှိကြောင်း သိရှိရပါသည်။  
Ref: EMG

စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး

တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။
၂၀၁၀ ပြည့် မတ်လ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ မြင်တွေ့ရသည့် တပ်မတော်သားများ (ဓာတ်ပုံ - AP)

စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာ အေးမောင် က ပြောသည်။ 

“အရပ်ဘက်ဌာနတွေရဲ့ အကြီးအကဲတွေ အားလုံးကို စစ်တပ်က အငြိမ်းစားတွေ ခန့်ထားတာ ရပ်တန့်ပေးဖို့၊ ဒီလုပ်ရပ်ဟာ အရပ်ဘက် ၀န်ထမ်းတွေရဲ့တက်လမ်းတွေကို ပိတ်ပင်ရာ ရောက်တော့ စစ်တပ်အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်နေတာတွေ ကို ပြေပျောက်သွားစေချင်တဲ့ အတွက်ပါ”ဟု ဒေါက်တာ အေးမောင် က ဆိုသည်။

မလွှဲ မရှောင်သာ ခန့်ထားရမည်ဆိုပါက ရဲ ဌာနကဲ့သို့ နေရာမျိုး၌ စစ်ယူနီဖောင်းဖြင့်သာ ခန့်ထားရေး စသည့် စစ်တပ်၏ အခန်း ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက“ရေတပ် သဘောင်္ကျင်းမှာ လုပ်ခဲ့တဲ့အင်ဂျင်နီယာကို ကုန်းပေါ်က စက်ရုံမှာ ခန့်ထားတော့ သဘောသဘာဝ လုံးဝကွာနေတဲ့ အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတယ်”ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဖြစ်၍ ပြည်သူ၏ အခွန်ငွေများဖြင့် သုံးစွဲရမည်ဖြစ်သောကြောင့် ပြည်သူ ယုံကြည်အားထားရသည့် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

“တပ်မတော်သည် အမိ၊ တပ်မတော်သည် အဘ ဆိုတဲ့ ဆောင်ပုဒ်နေရာမှာ ပြည်သူ သည်သာ အမိ၊ ပြည်သူသည်သာ အဘ ဆိုတဲ့စ ကားရပ်ကို အစားထိုး ပြောင်းပေးဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ဦးသိန်းညွှန့် က ပြောသည်။

ကလေး စစ်သား စုဆောင်းမှု ပပျောက်ရေး အပါအ၀င် တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး ကိစ္စကိုလည်း မြှင့်တင်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးသိန်းညွှန့် က ဆိုသည်။

“စီးပွားရေးကောင်းမှ တပ်မတော်အင်အားရှိမယ်၊ စီးပွားရေးကောင်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်၊ နှစ်ပေါင်း ၆၀ ကျော် ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့အတွက် ဖွံ့ဖြိုးမှု နှေးကွေးနေရတာပါ”ဟုလည်း ၎င်းကပြော သည်။

စစ်တပ်အရာရှိများ ဦးစီးသော စီပွားရေး ဦးပိုင်ကုမ္ပဏီ လီမီတက် နှင့်တပ်မတော်တို့အကြား မည်သို့ ဆက်စပ်ပတ်သက်မှု ရှိ သည်ကိုလည်း ပြည်သူများအား ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကလည်း စစ်တပ်က ပြည်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်းများ နိုင်ငံတ၀န်း ဖြစ်ပေါ်နေမှု၊ စစ်တပ်ပိုင် မြေ၌သာ တပ်ရိက္ခာ စိုက်ပျိုး မွေးမြူရေး လုပ်ရန်၊ လယ်သမားများ၏ အခွင့်အရေး အပြည့်အ၀ ရရန်နှင့်အကာအကွယ်ပေးရန်များကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောသည်။

စစ်တပ်လက်အောက်၌ စစ်တက္ကသိုလ် အပြင် တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ ဆေးဘက် ပညာသင် တက္ကသိုလ် စသည်ဖြင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သီးသန့်ထားရှိခြင်းသည် တပ်မတော်နှင့်ကျောင်းသားများအကြား အ ယူ အဆများ လွဲမှားနိုင်သည့်အတွက် အရပ်ဘက်ဘွဲ့ရကျောင်းသားများကို တပ်မတော်၏ပညာရှင်အပိုင်း၌ နေရာပေးထားခြင်း မျိုး လုပ်ဆောင်ရန် ဆွေးနွေးကြကြောင်းလည်း သိရသည်။

“ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ် တွေကိုပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့အသုံးစရိတ်တွေလည်း လျော့ကျသွားမှာပါ”ဟု
 ဒေါက်တာအေးမောင် က ဆိုသည်။

တပ်မတော်အား ပြည်ထောင်စု တပ်မတော်အဖြစ်တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုံနှင့်ပါဝင် ဖွဲ့စည်းရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဗိုလ်မှူးကြီး ဌေးနိုင်နှင့် ဗိုလ်မှူးကြီး တင့်ဆန်းတို့ က တပ်မတော် အင်အားရှိရန်လိုအပ်ကြောင်းကို အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်၍ ရှင်းလင်းပြီး အရပ်ဘက်ဌာနများတွင်လည်း တာဝန် ထမ်း ဆောင်ရန် တပ်မတော်မှ အငြိမ်းစားများအား စနစ်တကျလေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်းတို့ကို ပြန်လည်ချေပ ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

စစ်တပ်၏ အခန်းကဏ္ဍလျှော့ချရေးနှင့်ပတ်သက်၍ ဒီမိုကရက်တစ် အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်က နှစ်သက်မှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

လက်ရှိ မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားသည် ၃ သိန်း ၀န်းကျင် ရှိကြောင်း စစ်ဘက် အသိုင်းအ၀န်းက ပြော ဆိုထားပြီး စစ်တပ် အသုံး စရိတ်ကို လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် တနိုင်ငံလုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းနီးပါး လျာထားကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ဧရာဝတီ

ဘုရားသုံးဆူ လူလေးဦး ပြန်ပေးမှု

စံခလပူရီ (မဇ္ဈိမ) ။        ။လူ ၄ ဦးကိုဖမ်းဆီးပြီး ထိုင်းဘတ်ငွေ သုံးသိန်းဖြင့် ရွေးယူရန် ပြန်ပေးဆွဲ ခ်ါဆောင်သွားသည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၇ နာရီကျော်တွင် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့၌ ဖြစ်ပွားခဲ့သည်။

ပြောက်ကျားဝတ်စုံဖြင့် လက်နက်ကိုယ်စီ ကိုင်ထားသည့် ၇ ဦးပါ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ရပ်ကွက် ၁ ဓမ္မဂီရိဘုရား တောင်ခြေတွင် နေထိုင်သည့် အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဝတုတ် (ခ) ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူ အသက် ၃၅ နှစ်ရှိ မိစုတို့အပြင် ဘုရားဖူး လူငယ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“မနက်ကတည်းက ညှိနှိုင်းနေတယ်၊ ပြေလည်သွားပြီ၊ ဒါပေမယ့် အခုထိတော့ အိမ်မရောက်သေးဘူး” ဟု ဦးသိန်းမြင့်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်ပေးများက ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူကို ဘတ်ငွေ နှစ်သိန်း၊ အခြားနှစ်ဦးကို တသိန်းဖြင့် ပြန်ရွေးရန် တောင်းထား ပြီး ညှိနှိုင်းရာမှ ဦးသိန်းမြင့်တို့ကို ဘတ်ငွေတသိန်းနှင့် အခြားနှစ်ဦးကို ခြောက်သောင်းဖြင့် ပြေလည်ခဲ့သည်ဟု သူကပြောသည်။

အဖမ်းခံရသူ ဦးသိန်းမြင့်နှင့် တူမဖြစ်သူတို့မှာ သစ်ခွဲခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အသက်မွေးသူများ ဖြစ်ပြီး၊ အခြားနှစ်ဦးမှာ ဖိနပ်ချုပ်စက်ရုံ အလုပ်သမားများ ဖြစ်ကြသည်။

၂ဝ၁၁ ခုနှစ်က ဘုရားသုံးဆူမြို့နယ်အတွင်း မွန်ပြည်ပြန်လည် ထူထောင်ရေးတပ် အမည်ဖြင့် ပြန်ပေးဆွဲအဖွဲ့ တဖွဲ့ပေါ်ပေါက်ခဲ့ပြီး ရွှေဆိုင် အပါအဝင် စီးပွားရေး ချောင်လည်သူများနှင့် ရာဘာခြံရှင်များထံမှ ဆက်ကြေးကောက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့ကို ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးသည်။

ယခုပြန်ပေးဆွဲသည့်အဖွဲ့မှာ ယခင်အဖွဲ့ မဖြစ်နိုင်ကြောင်း ဘုရားသုံးဆူ မြို့နယ်အနီး ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီမှ စစ်ဘက်အရာရှိတဦးက ပြောသည်။

“အခုပြန်ပေးဆွဲတဲ့နေရာနဲ့ အရင်က ပြန်ပေးဆွဲတဲ့အဖွဲ့ လှုပ်ရှားတဲ့ဂွင်နဲ့က တော်တော် အလှမ်းဝေးတယ်။ အခုနေရာမှာ သူတို့ ပြန်ပေးဆွဲမယ်ဆိုရင် ကျနော်တို့နယ်ကို ဖြတ်၊ ထိုင်းဘက်ကို ဝင်ပြီး ကားလမ်းကို ဖြတ်ပြီးမှ အခု ပြန်ပေးဆွဲတဲ့နေရာကို ရောက်မယ်၊ စစ်ရေးအမြင်နဲ့ ကြည့်ရင် အရင်ကအဖွဲ့ လုံးဝ မဖြစ်နိုင်ဘူး” ဟု သူကပြောသည်။

ပြန်ပေးရန်ကို ကာကွယ်ရန်အတွက် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ဒေသခံ ရာဘာခြံရှင် ၆ဝ ခန့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စက်တင်ဘာ လကုန်ပိုင်းတွင် ပြန်ပေး ဆွဲလေ့ရှိသော လက်နက်ကိုင်နှင့် ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် လူ ခုနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် ဘုရားသုံးဆူသည် ကရင်အမျိုးသား အစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ လှုပ်ရှားရာ ဒေသတခု ဖြစ်သည်။

တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာစု ပါခါ ကျေးရွာရှိ မသင်္ကာဖွယ် အိမ်သုံးလုံးကို မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်လုံခြုံရေး-စရဖ အဖွဲ့များက ပူးပေါင်း စီးနင်းရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော် အပါအဝင် သေနက် ၄ လက်နှင့် ထိုဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

“သူတို့အဖွဲ့တွေထဲက တယောက်ကပဲ ဖုန်းနဲ့ လှမ်းအကြောင်းကြားတာကနေ ဝင်ရှာတာ။ ပိုင်ရှင် ၃ ဦးလုံးက အခါလူမျိုးတွေ။ ဝင်စီးတဲ့ အချိန်မှာ ပိုင်ရှင်တွေ အကုန်လုံးက ထွက်ပြေးကုန်ပြီ။ ပစ္စည်းပဲ မိတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က အခါလူမျိုးအများစုနေထိုင်သော အိမ်ခြေ ၅ဝ ခန့်ရှိ ပါခါရွာမှ မူးယစ်မသင်္ကာသူ ၃ ဦး၏ အိမ်များကို နံနက် ၇ နာရီခန့်က ဝင်ရောက်ရှာဖွေရာ ဦးအားကာ အိမ်မှ ၄,၄၆၈,၄ဝဝ၊ ဦးအားမူ အိမ်မှ ၂,၃၉၄,ဝဝဝ နှင့် ဦးအားထာ အိမ်မှ ၁,၈၅၆,ဝဝဝ တို့ ဖမ်းဆီးရမိခဲ့ပြီး ဦးအားကာ အိမ်မှ ဆေးပြားများအပြင် AK-47 တလက်၊ M-16 တလက်၊ ပွိုင့် ၃၈ ပစ္စတို တလတ်နှင့် M-22 တလက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဦးအာကာ၏ အိမ်မှပင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖိန်း အထုပ် ကီလို ၆ဝ နှင့် အခြား စက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်းသိရသည်။ ဦးအားမူ၏ အမျိုးသမီးကို တာဝန်အရ ခေါ်ယူ စစ်ဆေးမှု များ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

ပါခါးကျေးရွာသည့် ထိုင်း-မြန်မာနယ်စပ်တွင် ရှိပြီး ထိုင်းဖက်ကမ်း မယ်ပါးလွမ် မြို့နှင့် ကပ်လျက်တွင် ရှိသည်။ ဖမ်းဆီးရမိသည့် အဆိုပါ စိတ်ကြွဆေးပြားကို ထိုင်းနိုင်ငံတွင်းသို့ တင်ပို့ဖွယ်ရှိနိုင်ကြောင်း မြန်မာ မူးယစ် အာဏာပိုင်များက ယူဆနေသည်။

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမှုနှင့် ပါတ်သက်၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကလည်း အတည်ပြု ပြောဆိုခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားသည့် အိမ်ရှင်သုံးဦးအား ဖမ်းဆီးနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့ကို တရားဥပဒေအရ ဆောင်ရွက်နိုင်အောင် ဟိုဘက် (ထိုင်း) အခြမ်းက အာဏာပိုင်အဖွဲ့တွေနဲ့လည်း ကျနော် တို့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ အခုတော့ သူတို့နဲ့ ပတ်သက်သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု တာချီလိတ်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

တာချီလိတ်မြို့နယ်သည် နှစ်စဉ်တိုင်းကဲ့သို့ ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလေ့ရှိပြီး အများစုမှာ ရှမ်းပြည်နယ် အတွင်းကပင် လာကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကမ္ဘာတဝှန်း ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ၉ ခုနှစ်ထက်စာလျှင် ၂ဝ၁ဝ ခုနှစ်ထဲတွင် ၅ ရာခိုင်နှုန်း တိုးပွားလာခြင်းမှာ
မြန်မာနိုင်ငံကြောင့်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁၁ ခုနှစ်ထုတ် အစီရင်ခံစာက ဆိုသည်။ ထို့အပြင် UNODC က မြန်မာနိုင်ငံသည် အရှေ့အာရှဒေသ၌ မက်သာဖက်တမင်းခေါ် စိတ်ကြွဆေးပြား အဓိက ဖြန့်ဖြူးရာ နိုင်ငံ အဖြစ်လည်း သတိပေးထားသည်။

မြန်မာနိုင်ငံ၌ ၂ဝဝ၉ ခုတွင် ဘိန်းစိုက်ပျိုးမှု ၃၁,၇ဝဝ ဟက်တာ (၇၈၂၉၉ ဧက) ရှိပြီး၊ ၂ဝ၁ဝ ခု၌ ၂ဝ ရာခိုင်နှုန်း တိုးလာကာ ၃၈,၁ဝဝ ဟက်တာ (၉၄၁ဝ၈ ဧက) အထိ ဖြစ်လာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ် အရှေ့၊ မြောက်နှင့် တောင်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးပြီး ၂ဝဝ၉ တွင် ဟက်တာ ၃ဝဝဝဝ ရှိရာမှ ၂ဝ၁ဝ တွင် ၃၅ဝဝဝ အထိ ၁၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။

Wednesday 15 February 2012

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့



ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။

အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။

ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေ လို့မဖြစ်သေးပါဘူး ။ လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက် လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ် ။
ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။

ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။

ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင် ရှိနေဆဲပါပဲ ။

Ref: အဝေးဆီက မလေးရောက်ခရီးသည်

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလူဟာ ဘန်ကောက်မြို့က သူငှားနေတဲ့ အိမ်မှာ ပထမဗုံးတလုံးကို ဖောက်ခွဲခဲ့ပြီး ခဏအကြာမှာ Taxi အငှားယာဉ်ကို ငှားရမ်းခဲ့ရာက ရပ်မပေးလို့ဆိုပြီး နောက်ထပ်ဗုံးတလုံးကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် စာသင်ကျောင်း တကျောင်း အနီး လူစည်ကားရာ လမ်းမပေါ်က ရဲကိုလည်း လက်ပစ်ဗုံးတလုံးနဲ့ ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီ အီရန်နိုင်ငံသားရဲ့ အိမ်ကို ရှာဖွေရာမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထပ်တွေ့ခဲ့ရပြီး၊ ဘာအတွက် ဒီလို ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ သူ့ဆီမှာ အီရန်နိုင်ငံကူးလက်မှတ်စာအုပ်ကိုလည်း တွေ့ရှိခဲ့ရပြီး သူ့နေအိမ်ထဲကနေ တခြား နိုင်ငံခြားသား တယောက် ထွက်ပြေးလွတ်မြောက်သွားတာကိုလည်း ရဲတွေက တွေ့လိုက်ရပါတယ်။ ဘန်ကောက် နိုင်ငံတကာ လေဆိပ်မှာ နောက်ထပ် အီရန်နိုင်ငံသားတယောက်ကို မသင်္ကာလို့ ဖမ်းဆီးလိုက်ပေမဲ့ ဒီ အမှုနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပါဘူး။

စင်္ကာပူမှာ ရောက်နေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဘရတ်က ဘန်ကောက်ြမို့က အခု ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို အပြစ်တင်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အီရန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက အကြမ်းဖက်မှုတွေကို လုပ်ကိုင်နေကြတယ်လို့ ပြောပြီး ရှုတ်ချ လိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နဲ့ ဂျော်ဂျီယာနိုင်ငံတွေမှာ အစ္စရေးသံရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး တရက်အကြာမှာ ဘန်ကောက်မှာ ခုလို ဗုံးခွဲခံရတာဖြစ်ပါတယ်။

 Ref: VOA

လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား

လူဦးရေ သိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီး တစ်ခုကို  ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက စတင် လုပ်ဆောင်နိုင်ရန် အဆိုပြုထားပြီး ဖြစ်ကြောင်း ၈-၂-၂၀၁၂ ရက်က သိရသည်။ စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီးတွင် အထပ်မြင့် အိမ်ရာကြီးများ၊ ခြောက်ထပ်ဝန်းကျင် တိုက်ခန်းများနှင့် အခြားသော အိမ်ရာစီမံကိန်းများ ပါဝင်မည်ဟု သိရသည်။

 အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် ငါးနှစ်စာ တိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ် အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့် ပုံစံများ ပါဝင်ကြောင်း သိရသည်။

 “ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ  စတင်မယ်” ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။ “ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကလေး ထိန်းသိမ်း စောင့်ရှောက်ရေးတွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ်တစ်ခု ပုံစံမျိုး လုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ “မုဒိတာ၃” လို့ အမည်ပေးလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 “ဒီအထဲမှာ နေမယ့်သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလို နေထိုင်မယ့်သူတွေ မပါစေချင်ဘူး။ ဒီစီမံကိန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျစနစ်နဲ့ သွားမှာ၊ အရင် Down Payment တွေက ၂၀ ရာခိုင်နှုန်း ပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိက ကျောထောက်နောက်ခံ ယူပေးထားတယ်၊ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ ရှိသွားနိုင်တယ်” ဟု ဆက်လက် ပြောကြားသည်။ လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက် ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်း အရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပ်ခန်းနှစ်ခန်း ပါမယ်။ ဓာတ်လှေကားတွေလည်း ပါမယ်။ ဒီစီမံကိန်းကြီး တစ်ခုတည်းမှာပဲ ဘုရားကျောင်း၊ စေတီ၊ ပန်းခြံ၊ အားကစားကွင်း တွေ အတော်များများ ပါဝင်မယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုး သွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့် မြို့တစ်မြို့ ပုံစံ သွားမှာ” ဟု ဦးကိုကိုထွေးက ပြောကြားသည်။

 “မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာလို့ပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျ မပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းအတွက် စင်ကာပူနိုင်ငံသား ဒီဇိုင်းသမားတွေ မသုံးပါဘူး။ မြန်မာတွေပဲ ဆွဲမှာပါ။ စင်ကာပူစတိုင် ဆိုပေမယ့် မြန်မာဆွဲတဲ့ အဆင့်မီ စင်ကာပူစတိုင် အိမ်ရာစီမံကိန်း ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမို တိုးပွားလာမည်ဖြစ်ပြီး အခြေခံ လူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်မှာ ငါးနှစ် အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း ၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၎င်းက ပြောကြားသည်။

Ref: သစ်ထူးလွင်

အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည်

အင်တာနက်ဆိုင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်ကာလ နီးကပ်လာသောကြောင့် ည ၁၁ နာရီနောက်ဆုံးထား၍ အင်တာနက်ဆိုင်နှင့် ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ည ၁၁ နာရီ နောက်ဆုံးထား၍ အင်တာနက်ဆိုင်များအား ပိတ်သိမ်းခိုင်းခြင်းကြောင့် အင်တာနက်ကော်နက်ရှင် ကောင်းချိန်တွင် ဒေါင်းလုပ်ဆွဲချင်သူများကိုသာ အဓိကထိခိုက်မည်ဖြစ်ကြောင်း အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “အဓိက ဂိမ်းဆိုင်တွေပါ။ ဒါပေမဲ့ တချို့အင်တာနက်ဆိုင်တွေက ဂိမ်းရော၊ အင်တာနက်ရော တွဲထားတယ်ဆိုတော့ အင်တာနက်ဆိုင်တွေကိုပါ ပိတ်ခိုင်းရတာပါ” ဟု ဦးစီးရဲအရာရှိတစ်ဦးက ပြောကြားသည်။ အင်တာနက်ဆိုင်များ၊ ဂိမ်းဆိုင်များကို အချိန်ကန့်သတ်၍ ပိတ်ခိုင်းခြင်းအပြင် မိတ္တူကူးဆိုင်များကိုပါ တရားမ၀င်သည့် စာရွက်စာတမ်းများ ကူးယူခြင်းနှင့် စာမေးပွဲဖြေဆိုရာတွင် မသမာသောနည်းဖြင့် ဖြေဆိုခြင်းမပြုနိုင်ရန် ချုံ့ထားသည့် စာရွက်များကို ကူးယူခြင်းမပြုရန် ဒေသဆိုင်ရာ အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Ref: သစ်ထူးလွင်

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ

ချင်းမိုင်(မဇ္စျိမ) ။       ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့်
လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ခွင့် ပြုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ တင်ပြခဲ့သည်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။

ယင်းအချက်ကို SNDP ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က မေးမြန်း တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တစုံတရာ ဖြေကြားခြင်း မရှိခဲ့ဟု ဦးစိုင်းမောင်တင်က ပြန်ပြောပြသည်။

“အဲဒါကို ဖြေမသွားဘူးဗျ။ ဘာမှ မပြောဘူး။ အဲဒီမေးထားတဲ့ မေးခွန်းကို ချန်ထားတယ်။ ဖြေတဲ့အထဲမှာ မပါသွားဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း တပါတီချင်း အလိုက်ဆွေးနွေးရာတွင်၎င်းအလှည့် ရောက်သည့်အခါယင်းအချက်ကို ထောက်ခံ ဆွေးနွေးခဲ့ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌကပြန်လည် မဖြေကြားခဲ့သော်လည်း လုံးဝ ပယ်ချခဲ့ခြင်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်ကလည်း  ဒီကြားဖြတ်ရွေးကောက်ပွဲက ပြည်တွင်းပြည်ပ စောင့်ကြည့်မယ်။ နိုင်ငံတကာ မီးမောင်းထိုးမှုကိုရောက်မယ်။ အဲဒါကို ပြောတာ။ ပြန်ဖြေတဲ့အထဲမှာ အဲဒါ မပါဘူး။ သေချာပြောနိုင်တာက ငြင်းပယ်တာ မရှိဘူး” ဟု ဦးသိန်းညွန့် က ပြောသည်။

ယခင်လက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာ အစိုးရ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာခွင့်ပြုရန် တိုက်တွန်း ပြောဆိုခဲ့သည်။

အင်္ဂါနေ့တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မရှိစေရေးနှင့် ပတ်သက် ၍ တင်ပြရာတွင်မူ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တရားမျှတပြီး စစ်မှန်သည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်ရန် ကတိပေးခဲ့ကြောင်း ဦးစိုင်းမောင်တင်က ဆက်ပြောသည်။

“သူ့အနေနဲ့ ကတိပေးတယ် ပေါ့နော်။ ဒါပေမယ့် သူတို့ ရွေးကောက်ပွဲ ကော်မရှင်တရပ်ထဲ လုပ်လို့ မရဘူး။ နိုင်ငံရေး ပါတီတွေ ကနေလည်း စောင့်ကြည့်ပြီးတော့ ထိန်းညှိကြဖို့ ပြောသွားပါတယ်”ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံရေးပါတီ ၁၉ ခု ရှိခဲ့ရာတွင် မဲဆန္ဒနယ် ၃ နေရာ မပြိုင်နိုင်သဖြင့် မကြာမီက ဖျက်သိမ်းခံခဲ့ရသည့် ဒီမိုကရက်တစ် မဟာမိတ်ပါတီနှင့် ၈၈ ပြည်သူ့အင်အား ပါတီနှစ်ခု မှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပြုလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဦးစိုးဝင်းကပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် နေရာပေါင်း ၄၈ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီပေါင်း ၁၇ ပါတီရှိပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၁၅၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်းများကိုလည်း ကော်မရှင်က အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။

သို့သော် နေပြည်တော်တွင် တစုတစည်းထဲ ထုတ်ပြန်ခြင်း မဟုတ်ဘဲ ဒေသန္တရအဆင့် ရွေးကောက်ပွဲ ကော်မရှင်များ က မိမိတို့ နယ်မြေအလိုက် သီးခြားစီ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စားသုံးသူများ နားလည်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့် ပစ္စည်းတင်သွင်းမှုများ ရှိနေသောကြောင့် စနစ်တကျ စိစစ်နိုင်ရန် လိုအပ်နေ

4461
မူဆယ် ၁၀၅ မိုင်ရှိ ကုန်ပစ္စည်း စစ်ဆေးရေး စခန်းအတွင်းအား ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက တွေ့မြင်ရစဉ်
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ပစ္စည်းများတွင် လူအများ နားလည်လွယ်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့် တင်သွင်းမှုများ ရှိနေကြောင်း၊  ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကုန်စည်ထုတ်လုပ်မှု နှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အထူးသဖြင့် စားသောက်ကုန်များ၌ ရက်လွန်မည့် expire date ကိုပင် ဖော်ပြထားခြင်း မရှိသောကြောင့် ပြည်တွင်းသို့ ၀င်ရောက်လာသော ပစ္စည်းများအား စိစစ်တင်သွင်းမှုများ ပြုလုပ်နိုင်ရန် Labeling Law ပြဋ္ဌာန်းရန် လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

“လက်ရှိမှာ ကျွန်တော်တို့နိုင်ငံကို တရုတ်ကတင်သွင်းလာတဲ့ ပစ္စည်းတွေမှာ သုံးစွဲရမယ့် အညွှန်းတွေကို တရုတ်လိုပဲ ရေးထားတယ်။ ကျွန်တော်တို့ နားမလည်ဘူး။ ကျွန်တော်တို့လည်း မဖတ်တတ်ဘူး။ စားသုံးသူ အများစုကလည်း နားလည်မှာ မဟုတ်ဘူး။ ဒါတွေကို စိစစ်တင်သွင်းနိုင်ဖို့ လိုအပ်နေပါတယ်” ဟုလည်း ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက

 "ရောင်းဝယ်ရေးမှာ အဓိက ကျန်းမာရေးအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတင်သွင်းမှုက အရမ်း အရေးကြီးပါတယ်။ မကြာခင်မှာ စားသုံးသူကာကွယ်ရေး ဥပဒေ (Consumer Law) ပြဋ္ဌာန်းတော့မယ်။ စားသုံးသူအတွက် အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ မူကြမ်း ရေးဆွဲပြီးနေပါပြီ။ ကျွန်တော် ထင်တယ်။ ဒီနှစ်ထဲမှာ ဥပဒေထွက်နိုင်မယ်လို့လေ။ ဒီဥပဒေထွက်လာရင် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူလည်းရင်ဆိုင်ရမယ်။ စားသုံးသူ ဘက်ကလည်း လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ စားသုံးသူက မှန်မှန်ကန်ကန် သုံးစွဲဖို့လိုတယ်။ ပစ္စည်းမှာပါတဲ့ အညွှန်းအတိုင်း သေသေချာချာ ဖတ်ပြီးသုံးစွဲရမယ်။ တံဆိပ်တွေလည်း အရေးကြီးပါတယ်။ ဒီဥပဒေကို စီးပွားကူးသန်းက ဦးဆောင်ပြီးတော့ ပြည်သူတွေသိရှိအောင် ဆောင်ရွက်ရမယ်” ဟုလည်း ပြောကြားခဲ့သည်။ 

“ကုန်ပစ္စည်းတွေရဲ့ Packing က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က သူများ နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းတော့မယ်ဆိုရင် ကျွန်တော်တို့ကို တောင်းဆိုတာက တရုတ်ကိုပို့မယ်ဆိုရင် တရုတ်လိုဘာသာပြန်ပြီး ထုတ်ရတယ်။ ဂျပန်ကိုပို့ရင် ဂျပန်စာသားပါရမယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာနစသဖြင့် ၀န်ကြီးဌာန တွေအနေနဲ့ ညှိနှိုင်းပြီး labeling Law ပြဋ္ဌာန်းသင့်တယ်။ လက်ရှိမှာလည်း FDA  က သူတို့ဆီ လာရောက်စစ်ဆေးတဲ့ ဟာတွေမှာလည်း အညွှန်းတွေပါရမယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်”ဟု RUMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်

Ref: EMG

တောင်အာဖရိက ငွေစက္ကူသစ်များတွင် တိရစ္ဆာန်ပုံများနေရာ၌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေမည်

၁၉၉၀ ပြည့်နှစ် ကမင်ဒဲလားထောင်မှလွတ်လာစဉ်မြင်ကွင်း၊ မင်ဒဲလားပုံပါရှိသော တောင်အာဖရိကငွေစက္ကူသစ်များ(ယာပုံ)
တောင်အာဖရိက ငွေစက္ကူသစ် အားလုံးတွင် တိရစ္ဆာန်ပုံများနေရာ၌ နိုင်ငံ၏ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရသည့် သမ္မတ၊လူဖြူလူမဲ ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေသွားမည်ဖြစ်ကြောင်း တောင်အာဖရိက အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးသုခမိန်များထဲမှ တစ်ဦးအဖြစ် မှတ်ယူခံထားရသော အသက် ၉၃ နှစ် ရှိပြီဖြစ်သည့် မင်ဒဲလား၏ ဓာတ်ပုံများကို ယခင်ထုတ်ဝေသော ငွေစက္ကူများတွင်ပါဝင်သည့် အာဖရိက၏ ထင်ရှားသော တိရစ္ဆာန်ငါးမျိုးဖြစ်သည့် ကျွဲ၊ဆင်၊ကျားသစ်၊ခြင်္သေ့၊ကြံ့ ပုံများဖြင့် ၁၉၉၂ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် ငွေအကြွေများနေရာတွင် အစားထိုးမည်ဖြစ်သည်။

အစားထိုးမည့်ပုံများတွင် လူဖြူ၊လူမဲခွဲခြားမှုအဆုံးသတ်ခြင်းနှင့် ဒီမိုကရက်တစ် တောင်အာဖရိကနိုင်ငံဖြစ်ပေါ်လာခြင်းကို ကိုယ်စားပြုသော မင်ဒဲလားထောင်မှလွတ်လာသည့် သမိုင်းဝင်အခိုက်အတန့် ကာလက မင်ဒဲလား၏ပုံကို တောင်အာဖရိကရန်းငွေ ၁၀ တန်၊၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် အားလုံးတွင်၏ ရှေ့ဘက်ခြမ်း၌ ထည့်သွင်းမည်ဖြစ်သည်။

ငွေစက္ကူသစ်ကို တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၊ဘဏ္ဍာရေးဝန်ကြီး၊ဗဟိုဘဏ်ဥက္ကဋ္ဌတို့နှင့်အတူ ထုတ်ပြန်ကြေညာခဲ့ပြီး ကျန်းမာရေးယိုယွင်းနေသော မင်ဒဲလား တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

''ခွင့်လွတ်မှုနဲ့ ပြန်လည်ရင်ကြားစေ့မှုဆိုတဲ့ ခရီးရှည်ကို ဖြတ်သန်းရတဲ့ ကျွန်တော်တို့နိုင်ငံလို ဒဏ်ရာတွေနဲ့ ထောင်းထောင်းကြေနေတဲ့ နိုင်ငံတစ်ခုမှာ မာဒီဘာ(မင်ဒဲလား၏ မျိုးရိုးအမည်)လို ခေါင်းဆောင်မျိုးလိုအပ်ပါတယ်''ဟု ဇူးမားက ပြောကြားခဲ့သည်။

ငွေစက္ကူသစ်များကို ယခုနှစ်ကုန်မှစပြီး သုံးစွဲသွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Ref; EMG

မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား


cl1
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်

မြန်မာနိုင်ငံတွင်  မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။
ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

cl2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြေညာထားသော အသိပေးစာတစ်ခု

တရုတ်နိုင်ငံနှင့် ထိစပ်နေသော ပြည်နယ်များဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တရုတ်လူမျိုးများ ရွှေ့ပြောင်းရောက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများစွာ အခြေချလုပ်ကိုင်မှုတို့နှင့်အတူ ဘာသာ စကားသည်လည်း လွှမ်းမိုးမှုရှိလာကြောင်း တိုင်းရင်းသားများရေးရာ လေ့လာနေသူအချို့က ဆိုပါသည်။


သူတို့က စီးပွားရေးနဲ့ ၀င်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာရှမ်းစာနဲ့ ဖော်ပြတာလုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။

“သူတို့က စီးပွားရေးနဲ့ဝင်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာ ပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာ ရှမ်းစာနဲ့ ဖော်ပြတာ လုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။ ဆိုင်တော်တော်များများကလည်း တရုတ်စာတွေနဲ့ ဖြစ်လာတယ်။  တိုင်းရင်းသား ဘာသာစကားကတော့ ပျောက်သလောက်ပေါ့။ တိုင်းရင်းသား ဘာသာစကားသင်ရင်၊ ဖော်ပြရင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်၊ ကျဉ်းမြောင်းတယ်လို့ အမြင်ရှိကြ တယ်။ တိုင်းရင်းသားကို ကြောက်တယ်။ တရုတ်ကိုတော့ မကြောက်ဘူး။ ရှမ်းရွာတွေဆိုလည်း အရင်က ရှမ်းစာနဲ့နာမည်ရေးကြတယ်။ အခု တော့မြန်မာစာနဲ့ပဲ ရေးထားကြတယ်” ဟု ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

cl3
နိုင်ငံခြားသား ၀င်ရောက်မှုများသော ပုဂံလေဆိပ်တစ်နေရာ

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကျော် ၀န်းကျင်က နိုင်ငံခြားဘာသာ စကားသင်ယူမှုတွင် အင်္ဂလိပ်ဘာသာ ပြီးပါက ဂျပန်ဘာသာသည် ဒုတိယနေရာတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင်မူ စီးပွားရေးကူးလူးဆက်ဆံမှု၊ တွင်ကျယ်မှုများပေါ် မူတည်ကာ တရုတ်ဘာသာစကားသည် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
တိုင်းရင်းသားဒေသများတွင် လည်း တိုင်းရင်းသား လူငယ်များသည် တရုတ်ဘာသာစကားကို အလုပ်အကိုင် အခွင့်အလမ်းများအတွက် သင်ယူလာကြကြောင်း သိရှိရသည်။


မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များနေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ် ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။

“မြစ်ကြီးနားမှာတော့ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ တွင်ကျယ်လာတာကြာပြီပေါ့။ အခုဆို တော်တော်ပဲ လွှမ်းမိုးထားတဲ့သဘော ရှိတယ်။ စီးပွားရေး လုပ်ငန်းအကြီး တွေကအစ အလတ်စား၊ အငယ်စား တွေအထိပဲ။ ဆိုင်တွေမှာကတော့ ထုံးစံအတိုင်း မြန်မာစာရယ်၊ တရုတ်စာရယ်နဲ့ တင်ထားတာပေါ့။ ကချင် ဘာသာစကားနဲ့တော့ မရှိပါဘူး။ အခုဆို ဘာသာစကားပိုင်းမှာပါ တော်တော်လွှမ်းမိုးမှုရှိလာပြီ။ တရုတ် စီးပွားရေးလုပ်ငန်းတွေ ကများလာတော့ တရုတ်စာတတ်ဖို့ လိုလာတယ်လေ။ ကချင်တွေရော၊ ဗမာတွေရော လူငယ် လေးတွေ တရုတ်စကားကို သင်လာ ကြတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှ ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောပြသည်။
ပြည်နယ်ဒေသများတွင် သာမက မန္တလေးမြို့တွင်လည်း အဓိကကျသော မြို့၏အစိတ်အပိုင်းများတွင် တရုတ် လူမျိုးများ၏ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်မှုရှိလာကာ နာမည်ဖော်ပြမှုများတွင်ပင် တရုတ်ဘာသာစကား ကို တွဲဖက်ဖော်ပြမှုရှိနေသည်ဟု မြို့ခံ တစ်ဦးက ဆိုပါသည်။

မန္တလေးမြို့ရှိ စီးပွားရေးကြော်ငြာများတွင် မြန်မာစာနှင့် အင်္ဂလိပ် ဘာသာအပြင် အခြားဘာသာစကား များဖြင့် ထည့်သွင်းအသုံးပြုမှု များပြားလာခြင်းကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များအား ပြောင်းလဲရေးသားရန် ညွှန်ကြားခဲ့သည်။
ယခုအခါ မန္တလေးမြို့ပေါ်၌ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသော စီးပွားရေးလုပ်ငန်းကြော်ငြာများ တဖြည်းဖြည်း နည်းပါးသွားပြီ ဖြစ်သော်လည်း အချို့တစ်ဝက်မှာ ဆက်လက်ကြော်ငြာထားကြဆဲပင် ဖြစ်သည်။
“မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာအပြင် တခြားဘာသာစကားတွေနဲ့ ရေးထားတဲ့ စီးပွားရေး ကြော်ငြာတွေထဲကမှ အလွန်အကျူးရေး ထားတဲ့ စာသားတွေပါဝင်တဲ့ကြော်ငြာတွေ ယဉ်ကျေးမှုအရ မသင့်လျော်တဲ့ စကားလုံးတွေပါဝင်တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့သာ ရေးသားဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးပါပြီ။ နိုင်ငံတော် ဘာသာစကားဟာ မြန်မာဘာသာဖြစ်ပြီး အင်္ဂလိပ်စာကို ရုံးသုံးအနေနဲ့ အသုံးပြု တဲ့အတွက် ဒီနှစ်ဘာသာကလွဲရင် ကျန်တဲ့ဘာသာတွေကို သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ဒါဟာ ထုတ်ပြန်စရာ မလိုတဲ့ စည်းကမ်းပါ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ကျွန်တော်တို့ တရုတ်စကားပြော သင်တန်းကျောင်းနဲ့ တရုတ်စာ သင်တန်းကြော်ငြာ ဆိုင်းဘုတ်မှာ တရုတ်စာတစ်ခုတည်း အထင်အရှား ရေးထားတာမို့ စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတွေက လာပြီး မြန်မာစာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုပဲ ကြော်ငြာခွင့်ရှိတယ်ဆိုပြီး ပြောင်းလဲဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒါကြောင့် အခု မြန်မာစာ တစ်ခု နဲ့ပဲ သင်တန်းကြော်ငြာ ဆိုင်းဘုတ် တင်ထားတာပါ”ဟု မျက်ပါးရပ်ရှိ တရုတ်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

“ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ တရုတ် စာတွေနဲ့ပါ ညွှန်းထားတာ၊ ဖော်ပြထားတာ တချို့တွေ့ရပါတယ်”ဟု ခရီးသွားတစ်ဦးက ပြောပြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း က Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်း လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်းသိရပြီး အဆိုပါ ကုမ္ပဏီသည် အေးရှားဝေါလ်ကုမ္ပဏီ ၏ ဆက်စပ်လုပ်ငန်း တစ်ခုပင်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ နိုင်ငံတကာ ခရီးသွားများ ၀င်ရောက်နေရာတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း၌ တရုတ်လူမျိုး ခရီးသွားများသည် အာရှခရီးသွားများ အနက် ထိုင်းခရီးသွားများကို ကျော်လွန်ကာ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ လေကြောင်းခရီးဖြင့် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေ ၃၉၀၀၀၀ ကျော်တွင် အာရှခရီးသွား ဦးရေသည် ၂၅၉၀၀၀ ကျော် ပါဝင်ခဲ့သည်။ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်စသည့် အာရှနိုင်ငံများမှ ခရီးသွားများအနက် တရုတ် ခရီးသွားဦးရေသည် ၆၂၀၀၀ ကျော်ခဲ့ ပြီး ခရီးသွားဦးရေ စုစုပေါင်း ၏ ၁၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့သည်။

တရုတ်လူမျိုး ခရီးသွားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်မှုများပြားသော ခရီးသွားအမျိုးအစားတွင် ပါဝင်နေသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ ကြီးများတွင်ပါ ဘာသာစကားပိုင်းဆိုင်ရာ လွှမ်းမိုးမှုမြင့်တက်လာနေပြီး  ယခင်က ပုဂ္ဂလိကလုပ်ငန်းများက ၎င်းတို့၏ အမည်ဖော်ပြမှုတွင် တရုတ်စာကို မြန်မာစာနှင့် တွဲဖက်ဖော်ပြခဲ့ ကြပြီး ယခုအခါ ဌာနအဆောက်အအုံများတွင်ပါ ဖော်ပြသုံးစွဲမှုရှိလာခြင်းသည် သတိပြုရန်လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဘာသာစကားရောက်ရင် လူမျိုးရောက်တယ်။ ဘာသာစကား ပျောက်ရင် လူမျိုးပျောက်ပါတယ်။ တရုတ်ဘာသာစကားကို ပုဂ္ဂလိက နေရာတွေမှာသုံးတာ ကိစ္စမရှိပေမယ့် Official  နေရာတွေမှာပါ သုံးစွဲမယ် ဆိုရင်၊ နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားပြီးရင် တရုတ်စာ၊ တရုတ်စကားကို မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြားဘာသာစကား တစ်ခုအဖြစ် သုံးတော့မယ်ဆိုရင် လွှတ်တော်မှာ တရားဝင်ဆွေးနွေး သင့်ပါတယ်။ အခုလိုလေဆိပ်တွေမှာ သုံးစွဲနေတာက တရုတ်ခရီးသွားတွေ က တကယ်ပဲ အ၀င်များနေလို့လား။ အင်္ဂလိပ်စကား မပြောတတ်လည်း ရပြီလား။ ဒါမှမဟုတ် ဧည့်လမ်းညွှန်တွေ စကားပြန်တွေ ခေါ်စရာမလိုတော့ဘူးလား။ သူတို့ဘာသာစကား နဲ့ပါ ဒီလိုဖော်ပြပြီး အဆင်ပြေအောင်တော့ သီးသန့်လုပ်ပေးဖို့ လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး တွေ အများကြီးပါ။ ဒီလိုဆိုရင် ပြည်နယ်မြို့တော်တွေရဲ့ အဓိကနေရာတွေ မှာ တိုင်းရင်းသား ဘာသာစကားတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်ပါတယ်”ဟု Weekly Eleven News Journal ၏အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် တရားဝင်ရင်းနှီးမြှုပ်နှံထားမှုမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါးရှိပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသည့် နိုင်ငံ ၃၀ ၀န်းကျင်တွင် အများဆုံးဖြစ်သည်။ အဓိက အားဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူး ဖော်ရေးကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ကချင်ပြည် နယ်တွင် ကျောက်စိမ်း၊ သစ်၊ ရခိုင် ပြည်နယ်တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့နှင့် အခြားဒေသတို့တွင် သတ္တုတူး ဖော်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားကာ နိုင်ငံ၏ နေရာအတော်များများ တွင် ရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။

“ကျွန်တော်တို့မှာ လူမျိုးရေး မုန်းတီးမှုမရှိပါဘူး။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုလည်း မရှိပါဘူး။ အခြေအနေတွေ မဆိုးဝါးခင် တားဆီး နိုင်ဖို့တာဝန်ရှိတဲ့ မီဒီယာအနေနဲ့ ပြတ်ပြတ်သားသား ထောက်ပြတာပါ။  တရုတ်စာ၊ တရုတ်စကားကို စိတ်ဝင်စားလာကြတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များ နေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။ ဒီလိုလူမျိုးတွေ များလာတာကိုတော့ လက်ခံလို့ မဖြစ်နိုင်ပါဘူး။ မြေမျိုလို့ လူမျိုး မပျောက်ပါဘူး။ လူမျိုရင်တော့ လူမျိုးပျောက် တတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက တံခါးပေါက်တွေမှာ သေချာ စိစစ်သင့်ပါတယ်။ အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမျိုး တွေ လုပ်သင့်ပါတယ်။ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ မြန်မာစကား ဒါမှမဟုတ် တိုင်းရင်းသား ဘာသာစကားတစ်ခုခု ပြောတတ်ခြင်းရှိမရှိ သေချာစစ်ဆေးသင့် ပါတယ်။ လူငယ်ထုနဲ့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ကူညီသင့်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

Ref: EMG

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes