Friday 20 January 2012

ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးပြီ

ပြည်ထောင်စုလွှတ်တော်မှ ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ စုပေါင်းတင်သွင်းရန် ကြိုးပမ်းနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ယခင်နှစ်များက ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် ကျန်းမာရေး အသုံးစရိတ်အနေဖြင့် စုစုပေါင်း အမျိုးသားဝင်ငွေ (GDP) ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိသာ သုံးစွဲနေရာမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ ယင်းသို့ အသုံးစရိတ် တိုးမြှင့်လိုက်ခြင်း အစီအစဉ်ကို ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူခွင့်ပြုချက်ဖြင့် တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲရန်ရှိသော ဘတ်ဂျက်များမှ ခွဲဝေတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ ယခုတိုးမြှင့် ချထားပေးခဲ့သော ဘတ်ဂျက်အခြေအနေများကို ခွဲဝေသုံးစွဲရေးဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ညှိနှိုင်း တိုင်ပင်ပြီးမှသာ မည်သည့်နေရာများတွင် သုံးစွဲကြမည်ကို ပြောနိုင်မည်ဟု ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေစိုးမောင်က ဆိုသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနသည် ဝန်ထမ်းအင်အား တောင့်တင်းသော ဌာနတစ်ခု ဖြစ်သော်လည်း ကျေးလက်ကျန်းမာရေး စောင့်ရှောက်ပေးရေး လုပ်ငန်း လုပ်ကိုင်နေသူများ လိုအပ်နေသေးကြောင်း၊ ထို့အပြင် လူထုအခြေပြု ကျေးလက်ဆေးပေးခန်းများ၊ ဒေသန္တရ ကျန်းမာရေးဌာနများကိုလည်း ယခုထက် တိုးမြှင့်ရန် လိုအပ်နေပြီး ပြုပြင်စရာများလည်း ရှိနေသေးကြောင်း ၄င်းက ပြောကြားသည်။ ယခုကဲ့သို့ စရိတ်များ တိုးမြှင့်ချထားပေးလိုက်သည့်အတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရသော်လည်း ယခုပမာဏနှင့် မလုံလောက်သေးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပြည့်စုံကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အသုံးစရိတ်များ ၅ ရာခိုင်နှုန်း အနည်းဆုံးရှိမှသာလျှင် လုံလောက်နိုင်ကြောင်း၊ တိုင်းပြည်ဝင်ငွေ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအစိုးရမှ တိုးမြှင့်ချထားပေးမည် မျှော်လင့်ကြောင်း ကျန်းမာရေးလောကမှ သြဇာရှိ ဆရာဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

 Ref: သစ်ထူးလွင်

တည်ဆဲဥပဒေများ၏ သုံးဆယ်ရာနှုန်းခန့် ဖျက်သိမ်းဖို့လိုအပ်ဟု ဥပဒေကြမ်းစိစစ်ရေးကော်မတီဝင်က ပြောဆိုလိုက်ပြီ

လက်ရှိကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေများအနက် သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ပြည်သူအတွက် လုံးဝအသုံးမ၀င်ဘဲ ဖျက်သိမ်းရန်လိုအပ်လျက်ရှိကာ ထက်ဝက်ခန့်မှာ ပြင်ဆင်ရန်လိုအပ်သော ဥပဒေများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းစိစစ်ရေး ကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။

လက်ရှိကျင့်သုံးနေသည့် တည်ဆဲဥပဒေ စုစုပေါင်း ၂၁၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ ၆၀ ကျော်မှာ ဖျက်သိမ်းရန်လိုအပ်ကာ၊ အခြားဥပဒေ ၉၀ ကျော်မှာလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်လျှက်ရှိကြောင်း၊ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေကြမ်း ၆ ခုကိုလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ တင်သွင်းအဆိုပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ တည်ဆဲဥပဒေတွေကို လေ့လာတဲ့အခါမှာ၊ ဆက်ကျင့်သုံးသင့်တဲ့ဥပဒေ၊ ဖျက်သိမ်းရမယ့်ဥပဒေ၊ ပြင်ဆင်ဖို့လိုအပ်တဲ့ဥပဒေနဲ့ အသစ်ရေးဆွဲသင့်တဲ့ ဥပဒေဆိုပြီး အုပ်စုလေးခုတွေ့ရတယ်။ အများဆုံးကတော့ ပြင်ဆင်သင့်တဲ့ ဥပဒေပါ ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဥပဒေပညာရှင်ရှေ့နေ ဦးအောင်သိန်းက “ပြင်စရာ၊ ဖျက်စရာတွေကတော့ ပြောရရင်အများကြီးပဲဗျ။ ဥပမာ အီလက်ထရောနစ် ဥပဒေက ဖျက်သင့်တယ်၊ ပြင်ရုံတင်မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်၊ အီးမေးလ်ကို သုံးတဲ့သူတိုင်းက ဒီဥပဒေနဲ့ ငြိနိုင်တယ်။ အဲလို အသုံးမ၀င်တဲ့ ဥပဒေမျိုးတွေ၊ နောက် အရေးပေါ်အက်ဥပဒေ ဆိုတာတွေကို ဖျက်ကို ဖျက်သင့်နေပြီ” ဟု ၀ိုင်ပီအိုင်သို့ ပြောကြားသည်။

ဒေါက်တာမြတ်ဥာဏစိုးကလည်း ၎င်းတို့ဥပဒေကြမ်းစိစစ်ရေးကော်မတီအနေဖြင့် ဖျက်သိမ်းရန် ပြန်ဆင်ရန်ရှိသော ဥပဒေများကို ဖျက်သိမ်းပြင်ဆင်နိုင်ရန်ကြိုးပမ်းလျက်ရှိသကဲ့သို့ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေများကိုလည်း ရေးဆွဲနိုင်ရန်အတွက် အစိုးရအဖွဲသို့တင်ပြထားကြောင်း၊ ထိုဥပဒေများ၏ အကောင်အထည်ဖော်မှု အခြေအနေကို လာမည့်လွှတ်တော်တွင် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်စောင့်ကြည့်ရေးကော်မတီမှ စိစစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်များ စောင့်ကြည့်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “ ကျွန်တော်တို့ကော်မတီမှာ လုပ်ပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်တို့ကော်မတီကမေးရင် အစိုးရက လက်ရှိရောက်နေတဲ့ အနေအထားနဲ့ ပြီးစီးနိုင်မယ့် အချိန်ကိုပါ အတိအကျပြောဖို့ တာဝန်ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အသစ်ရေးဆွဲရန်အတွက် အစိုးရအဖွဲ့သို့ တိုက်တွန်းထားသော ဥပဒေများမှာ ကျန်းမာရေးအာမခံဥပဒေ၊ ကျန်းမာရေး သုတေသနကျင့်ဝတ်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဥပဒေ၊ မူကြိုကျောင်းဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဥပဒေတို့ ဖြစ်သည်။

လာမည့်ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်တတိယ ပုံမှန်အစည်းအဝေးတွင် လယ်ယာမြေဥပဒေကြမ်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေကြမ်း၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေကြမ်းနှင့် မီဒီယာဥပဒေကြမ်း များကို ဆွေးနွေးသွားမည်ဖြစ်သည်။     ။

ဇန်န၀ါရီ ၂၀၊ ၂၀၁၂ (YPI)
Ref: သစ်ထူးလွင်

ကယမ်းတိုင်းရင်းသားတို့ရဲ့ ကြေးခွေပတ် ဓလေ့ ပျောက်ကွယ်သွားတော့မလား

ဇွန်ပန်းပွင့်
ကြေးခွေပတ်ထားတဲ့ ကယမ်းအမျိုးသမီးကြီးတစ်ဦး။
ဓာတ်ပုံ - ကောင်းထက်
ဒီနေ့ခေတ်မှာ တိုင်းရင်းသားလူငယ်တွေဟာ ခေတ်ပညာဗဟုသုတ ကြွယ်ဝ လာတာနဲ့အမျှ၊ သူတို့ဘိုးဘေးတွေ အစဉ်အဆက် လိုက်နာ ခဲ့ကြတဲ့ ရှေးရိုးရာ အစဉ်အလာဓလေ့တွေက ခေတ်နဲ့ လိုက်လျော ညီထွေရှိရဲ့လားလို့ စဉ်းစား သုံးသပ်လာကြပါတယ်။
အဲဒီလိုပဲ၊ ကယမ်းတိုင်းရင်းသားလူငယ်တွေကလည်း သူတို့ရိုးရာ တစ်မျိုးဖြစ်တဲ့ကြေးခွေပတ်တဲ့အစဉ်အလာကို "ငါတို့ ဒါကို ဆက်ဝတ် သင့်သလား။ ဒီရိုးရာဓလေ့ကို၊ဆက်ပြီးထိန်းသိမ်းသင့်သလား" ဆိုတဲ့ မေးခွန်းတွေ ထုတ်လာကြပါတယ်။
"တချို့ယဉ်ကျေးမှုတွေက ထိန်းသိမ်းရအရမ်းခက်တော့ ပျောက်မယ့် အလားအလာရှိတယ်။ လူကြီးတွေက လူမျိုး မပျောက်အောင်၊ ယဉ် ကျေးမှုမပျောက်အောင်၊ထိန်းသိမ်းဖို့ ပြောနေပေမယ့် ကြေးခွေပတ်တဲ့ အလေ့အထကတော့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ 'ဒါက ဘာဖြစ်လို့ ငါတို့ ထိန်းသိမ်းသင့်သလဲ။ ဆွဲဆောင်မှုလည်း မရှိဘူး။ လှလည်း မလှ ဘူး။ ဒါဝတ်ထားလို့ ငါ့ကို ဘယ်ယောက်ျားတွေ ကြိုက်မလဲ' ဆိုပြီး အမျိုး သမီးတွေအတွက်လည်း မေးခွန်းထုတ် စရာတွေဖြစ်လာတယ်"လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တစ်ခုမှာ ပရိုဂရမ်အရာရှိအဖြစ် အလုပ်လုပ်ကိုင်နေတဲ့၊ကယမ်းတိုင်းရင်းသား ကိုခူးကျော်ဆန်းက ကယမ်းတိုင်းရင်းသားတွေရဲ့ ကြေးခွေပတ်တဲ့ ဓလေ့နဲ့ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။
"ဒါကြောင့် နောက်ပိုင်းလူငယ်တွေက ဖက်ရှင်လို့ပဲ ပြောလို့ရမလား၊ globalization လို့ပဲ ပြောလို့ရမလား။ ဒီရိုးရာကို သိပ်မလိုက် တော့ဘူး"လို့ သူက ထပ်ဆိုတယ်။
ကယမ်းအမျိုးသမီးတွေဟာ လေးလံတဲ့ကြေးကွင်းကို နှစ်ပေါင်းများစွာ ၀တ်ဆင်တဲ့အခါ ပခုံးရိုးနုနိမ့်ဆင်းသွားစေပြီး ရေရှည်မှာ ကျန်းမာရေးအတွက်လည်း မကောင်းဘူးလို့လည်း သူက ယေဘုယျကျကျ ထောက်ပြပြောဆိုပါတယ်။
"ကျန်းမာရေးရှုထောင့်ကလည်း ကြည့်စရာဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကြည့်ရင်လည်း အမျိုးသမီးတွေက လှချင်ပါတယ် ဆိုမှ အဲဒီကြေးခွေက ကိုယ့်ကိုအလှတိုးစေတာမဟုတ်ဘဲ ပိုပြီးအလှလျော့သွားစေတော့ အဲဒါကြီး ၀တ်ပြီး မြို့ပေါ်ကလူတွေကြားထဲ သွားရဲမယ်လို့တော့ မထင်ပါဘူး"လို့ ....ဇာတိသား ဖြစ်တဲ့ ကိုခူးကျော်ဆန်းက ပြောပါတယ်။
ဧည့်လမ်းညွှန်အဖြစ် အသက်မွေးတဲ့ ကယမ်းတိုင်းရင်းသား ကိုမာတင်ကလည်း သူ့အတွေ့အကြုံအရ တချို့ရွာတွေမှာ ပညာတတ် အသိုင်းအ၀ိုင်းမိသားစုတွေဟာ သူတို့ကလေးတွေ ရေရှည် ပညာရေးအတွက်နဲ့ ကျန်းမာရေးအတွက်ကြောင့် လည်ပင်းကြေးခွေပတ်ဖို့ အား မပေးကြတော့ဘူးလို့ ဆိုပါတယ်။
"ဘယ်လောက်ပဲ လှတယ်ပြောပြော ကြည့်ရတာ အဆင်မပြေဘူး။ ကလေးတွေ မြို့မှာကျောင်းသွားတက်တဲ့အခါ တခြားကလေးတွေ လှောင်တာခံရတာ မျိုးရှိတယ်။ သူများကလေးတွေလိုလည်း လွတ်လွတ်လပ်လပ် ဆော့ကစားလို့မရ၊ ရေချိုးတာတောင် ခေါင်းငုံ့လို့ မရနဲ့ ကိုယ်လက်လှုပ်ရှားဖို့တောင် အခက်အခဲရှိတယ်။ အဲဒီတော့ ကလေးတွေ စိတ်ညစ်ပြီး ကျောင်းမတက်ချင်တဲ့အခါ ပညာရေးမှာ နောက်ကျတာမျိုးရှိတယ်" လို့ ဆိုပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့တဲ့ အသက် ၆၇ အရွယ် အငြိမ်းစားကျောင်း ဆရာမ ကယမ်းအမျိုး သမီးကြီး ဒေါ်ရို့စ်မူဘန် ကလည်း သူ့အမေဖြစ်သူ ကြေးကွင်းပတ်တာကို လှတယ်လို့မြင်ပြီး သဘောကျပေမယ့် ကိုယ်တိုင်ကျတော့ မပတ်ချင်သလို တစ်ခါမှလည်း မ၀တ်ခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို သူကြေးခွေမပတ် ချင်တဲ့အကြောင်းရင်းက ဘာများဖြစ်လိမ့်မလဲ ...။
"ကျွန်မ ရန်ကုန်သွားမယ်ဆိုတော့ ဦးလေးက ကျွန်မကို လူတွေက ကယမ်း အမျိုးသမီးမှန်းသိအောင် ကြေးခွေပတ် သွားဖို့ပြောတယ်။ ကျွန်မကလည်း ကြေးခွေပတ်သွားရင် ရန်ကုန်မှာမကဘဲ ကမ္ဘာပါကျော်မယ်လို့ နောက်ပြောင်ဖူးတယ်။ ဒါပေမယ့် ကျွန်မကြေးခွေ မပတ်ချင်ပါဘူး။ ဘာအတွက်ပတ်ရမှာလဲ။ လေးတာပဲရှိတယ်။ မြို့တက်ပြီး ပညာသင်တဲ့အခါ၊သွားရေးလာရေးဖင့်နှေးတာပေါ့"လို့ .....ဇာတိသူ ကယမ်း အမျိုးသမီးကြီးက ဆိုပါတယ်။
ကယမ်းအမျိုးသမီးတွေ၊လည်ပင်းမှာ ပတ်တဲ့ကြေးခွေဟာ အလေးချိန် နှစ်ပိဿာနဲ့ သုံးပိဿာကြားမှာ ရှိပြီး ခြေထောက်မှာပတ်တဲ့ ကြေးခွေကတော့ နှစ်ပိဿာခန့် လေးလံပါတယ်။
ငယ်စဉ် အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်မှာ စတင်ပတ်လေ့ရှိပြီး ကြေးခွေပတ်စ အချိန်မှာ နာကျင်မှုသက်သာအောင် လည်ပင်းမှာ အ၀တ်ခုထားရကာ ခြောက်ရက်၊ တစ်ပတ်လောက်ကြာ အသားကျတော့မှ အောက်ကခုထားတဲ့ အ၀တ်စကို ဖြုတ်ရပါတယ်။
ဒီလိုကယမ်းတိုင်းရင်းသားတွေ ကြေးခွေပတ်တာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီ စကားတွေ အများကြီးရှိပေမယ့် တိတိ ကျကျအဖြေမျိုး ရယ်လိုတော့ မရှိဘူးလို့ သိရပါတယ်။
ဂုဏ်သိက္ခာအတွက် ပတ်ကြတယ်လို့လည်းဆိုကြပြီး တကယ်တော့ အလှအပအတွက်ကြောင့် ကြေးခွေပတ်ကြတာလို့ သိရပါတယ်။
လက်ရာ အလွန်မြောက်တဲ့ ကြေးခွေတွေကို ကယမ်းတိုင်းရင်းသားတွေ ကိုယ်တိုင် လုပ်တာမဟုတ်ဘဲ ရှမ်းပြည်နယ်က မှာယူကြ တာဖြစ်ပါတယ်။
တပ်ဆင်ပေးတဲ့သူကလည်း တစ်ရွာမှာ တစ်ယောက်လောက်သာ ရှိတာဖြစ်ပါတယ်။
"ကျွန်တော့ရွာက အသက်ကြီးတဲ့သူတွေကို ကြေးခွေပတ်တဲ့အစဉ်အလာ ဘာကြောင့်ဖြစ်လာတာလဲလို့ မေးကြည့်တော့ ကျားကိုက်ခံ ရတာကို ကာကွယ်ဖို့တို့၊ နဂါးနဲ့တူအောင် ပတ်တယ်တို့နဲ့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ကတော့ အလှအပတရားအတွက် ကြေးခွေပတ်တယ်လို့ပဲထင်ပါတယ်။ မြန်မာအမျိုးသမီးတွေ လက်ကောက်တွေ၊ ဆွဲကြိုးတွေဝတ်ပြီး အလှနဲ့ ဂုဏ်ကို ပြိုင်သလို သူတို့လည်း ကြေးခွေပတ်တာ လှပဖို့ ရည်ရွယ်ချက်ပဲ ဖြစ်မယ်လို့ထင်ပါတယ်"လို့ ကိုမာတင်က ပြောပါတယ်။
ကယမ်းအမျိုးသမီးလေးတွေ ကြေးခွေပတ်တာတွေ နည်းပါးလာပြီဆိုပေမယ့် လုံးဝပျောက်ကွယ်သွားပြီလို့လည်း မဆိုနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီဓလေ့ကို ဆက်လက်ထိန်းသိမ်းချင်သူတွေရှိသလို ကရင်ပြည်နယ်ရှိ သံတောင်၊ ကယားပြည်နယ်ရှိ ဒီမောဆိုးနဲ့ လွိုင်ကော်၊ ရှမ်းပြည်နယ်ရှိရွာတချို့တွေမှာ အမျိုးသမီးတွေဟာ ကြေးခွေပတ်တဲ့ဓလေ့ကို အစဉ်ဆက်ထိန်းသိမ်းနေဆဲ မို့ပဲ ဖြစ်ပါတယ်။
"မိန်းကလေးတွေ ကြေးခွေပတ်တာ ဂုဏ်တစ်ခုပေါ့။ ကျွန်တော်ကတော့ ဒါကို ဂုဏ်ယူတယ်။ ကျွန်တော့ တစ်ယောက်တည်း အမြင်ကတော့ ဒီရိုးရာလေးက ကျန်ခဲ့ရင် ကောင်းမှာပေါ့။ ကြေးပတ်တဲ့ ကယမ်းတိုင်းရင်း သားဆိုတာ တစ်ကမ္ဘာလုံးမှာကြည့်ရင် ကျွန်တော်တို့ တစ်နိုင်ငံတည်းမှာပဲ ရှိတာလေ။ အဲဒါလေး ကျန်ခဲ့ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် နောင်လာနောက်သား လူငယ်တွေက ဒါတွေကို ဆက်ပြီးလုပ်ချင်မလုပ်ချင်တော့ မသိဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်"လို့ ဆိုသူကတော့ ရန်ကုန်မြို့မှာ ဗီဒီယိုကင်မရာမင်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကယမ်းတိုင်းရင်းသား ကိုပီတာခူးရီပဲ ဖြစ်ပါတယ်။
"ကြေးကွင်းပတ်တာကို ၀ဋ်တစ်ခုခံနေရတယ်လို့ ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ ပြောနေတာရှိတယ်။ မိန်းကလေးတွေကလည်း ခေတ်မီလာကြပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူ တွေရှိလာကြပြီ။ သူတို့လည်း ပညာတတ်လာတော့ ဒီကြေးခွေတွေက သူတို့ အတွက် အခက်အခဲရှိမလားတော့ မသိဘူး။ ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင် အလှတရားကို တင်စားထားတဲ့ ရိုးရာတစ်ခုလို့ ခံစားမိတယ်"လို့လည်း ပြောပါတယ်။
ဒါပေမယ့် တခြားသူတွေနဲ့အမြင်တူစွာပဲ နောင်အနှစ် ၂၀ လောက်မှာ ကြေးခွေပတ်တဲ့ကယမ်းတွေ တော်တော် ရှားလာလိမ့်မယ် လို့လည်း ဆိုပါတယ်။
ကိုမာတင်ကလည်း ကယမ်းတွေ ကြေးကွင်းပတ်တာကို နောက်အနှစ် ၅၀ လောက်ဆိုရင် ပြတိုက်၊ ဒါမှမဟုတ် ပို့စကတ်ထဲက ဓာတ်ပုံတွေထဲမှာ တွေ့နိုင်တော့မယ်လို့ သူ့အမြင်ကိုဆိုပါတယ်။
ဒါပေမယ့် သူက သူတို့ကယမ်း တိုင်းရင်းသားတွေမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ အတွက် ချစ်စရာဓလေ့တွေ အများကြီး ကျန်နေ သေးတာမို့ သူတို့ရဲ့ကြေးခွေပတ်တဲ့ဓလေ့ ပျောက်ကွယ်သွားမှာကို စိတ်မပူပါဘူးတဲ့။
ကြေးခွေပတ်တဲ့ဓလေ့တစ်ခု ပျောက်ကွယ် သွားတာနဲ့ ကယမ်းတိုင်းရင်းသားတစ်စုလုံး ပျောက်ကွယ် မသွားနိုင်ပါဘူးလို့လည်း ရဲရဲဝံ့ဝံ့ ဆိုပါတယ်။
"ကယမ်းတွေရဲ့ ရိုးရာဓလေ့က ကြေးခွေပတ်တာတစ်ခု တည်းမှမဟုတ်တာ။ ရိုးရာအ၀တ်အစား၊ ဘာသာရေး အထိမ်းအမှတ်ပွဲနဲ့ တခြားစောင့်ထိန်းဖို့ဘာသာဓလေ့တွေ အများကြီးရှိသေးတယ်။ "တချို့ယဉ်ကျေးမှုတွေက ထိန်းသိမ်းလို့ကောင်းတယ်။ ထိန်းသိမ်း သင့်မှန်းလည်း သိတယ်။ ထိန်းသိမ်းဖို့အသိသွင်း ပေးလို့လည်း လွယ်တယ်။ တချို့ယဉ်ကျေးမှုတွေကျတော့ ထိန်းသိမ်းရလည်း ခက်တယ်။ အဲဒီလိုထိန်းသိမ်းရခက်တဲ့ ယဉ်ကျေးမှုတွေကျတော့ ထိန်းသိမ်းသင့်သလားဆိုတဲ့ မေးခွန်းထုတ်ဖို့ အရင်လိုအပ်တယ်"လို့ သူကဆိုပါတယ်။
ဒေါ်ရို့စ်မူဘန်ကလည်း ကြေးခွေ ပတ်သူနည်းလာတာမို့ ရေရှည်မှာ ဓလေ့ပျောက်သွားနိုင်ပေမယ့် လက်ရှိမှာ ကယမ်းတိုင်းရင်းသား အများစုဟာ ကိုယ်ပိုင်ဘာသာစကားကိုပဲ ပြောဆိုသုံးစွဲနေကြပြီး တခြားထိန်းသိမ်းစရာ ရိုးရာဓလေ့တွေလည်း အများကြီးလို့ ဆိုပါတယ်။
Ref : MMTimes

Thursday 19 January 2012

ရွှေညဝါ ဆရာတော် ကျောင်းတိုက်မှ တလအတွင်း ထွက်ရန် လက်မှတ်ထိုးရ

ချင်းမိုင် (မဇ္ဈိမ)။         ။ သာဓု ပရိယတ္တိ ကျောင်းတိုက်၏ တိုက်ကြပ် ရွှေညဝါ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာမည့်အကြောင်း ကြာသာပတေးနေ့တွင် ကတိပြုလက်မှတ် ရေးထိုးပေးလိုက်ရပြီ ဖြစ်သည်။

ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ရုံး၌ မဟန ကိုယ်တော်များနှင့် ဌာနဆိုင်ရာများ ရှေ့မှောက် လက်မှတ် ရေးထိုးခဲ့သည့် ဝန်ခံကတိတွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရမည်ဟု ဖေါ်ပြထားသည်။

ရွှေညဝါ ဆရာတော်က "သူတို့က ထွက်ပေးဖို့ လိုချင်တယ်ဆိုတော့ အဲဒီအတွက် လက်မှတ်ထိုးပေးလိုက်တယ်လေ။ တခြားနေရာတော့ သွားဖို့ လောလောဆယ်တော့ အစီအစဉ်မရှိသေးဘူး။ ခုမှ ခေါင်းအေးအေးနဲ့ ထိုင်စဉ်းစားတုန်း ရှိသေးတယ်" ဟု မဇ္ဈိမကို မိန့်သည်။

ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို တရားပွဲများအတွင်း ထည့်သွင်းဟောပြောသည်ဟူသည့် အကြောင်းပြချက်ဖြင့် ၂ဝ၁ဝ ဖေဖေါ်ဝါရီလမှစ၍ တရားပွဲ တနှစ်ပိတ်ခံခဲ့ရသည်။

ထို့အပြင် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

ထိုညွှန်ကြားစာကြောင့် ရွှေညဝါ ဆရာတော်မှ မဟနသို့ အသနားခံစာ ပြန်လည် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ယခုကဲ့သို့ ကျောင်းတိုက်မှ ထွက်ခွာရန် ကတိပြုလက်မှတ် ရေးထိုးပေးခဲ့ရခြင်း ဖြစ်သည်။

သာဓုကျောင်းတိုက်တွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ဘာသာရေး သင်တန်းများကိုလည်း ပို့ချပေးနေသည်။ အဆိုပါ ကျောင်းတိုက်အတွင်း နိုင်ငံတော် သံဃာ့မဟာ နာယက၏ ခွင့်ပြုချက် မရဘဲ သာဓုပရိယတ္တိ ကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရဟု ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် မဟန၏ ညွှန်ကြားချက်တွင်လည်း ဖေါ်ပြပါရှိသည်။

ဆရာတော် ဦးပညာသီဟမှာ ၂၀၀၈ ခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခြင်း၊ သောက်ရေသန့် ရရှိရေးနှင့် အခြားသော ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မရှင်းလင်းရသေးသည့် ရုပ်အလောင်းများကို ကိုယ်တိုင် သဂြုင်္ိဟ်ပေးခြင်းနှင့် တရားဟောခြင်းများကို ဆောင်ရွက်ပေးခဲ့သည့် ဆရာတော်လည်း ဖြစ်သည်။

ဆရာတော်က သူ၏ ဒါယကာ၊ ဒါယိကာမများကို "အမြဲတမ်း နှလုံးစိတ်ဝမ်း အေးချမ်းပါစေ စည်းကမ်းရှိရှိနဲ့ စည်းစည်းလုံးလုံး နေနိုင်ကြပါစေ" ဟု ဆန္ဒပြုခဲ့သည်။

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီ
နိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့်
နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။
ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် (ဓါတ်ပုံ FDB)

FDB တပ်ပေါင်းစု အဖွဲ့ဝင် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအင်အားစု-NDD ဒါရိုက်တာလည်း ဖြစ်သူ
ဒေါက်တာနိုင်အောင်က သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များကို အကြောင်းကြားထားပြီး ဇန်နဝါရီ တတိယပါတ် အတွင်း ဆွေးနွေးပြီးမှ တရားဝင်ပြန်ကြားမည်ဟု ဆိုသည်။

FDB တပ်ပေါင်းစုကို ၂ဝဝ၄ ခု နှစ်ဆန်းပိုင်းတွင် “ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုရရှိရေး တို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတခု ပေါ်ထွန်း လာရေး” အတွက် ၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုအား စစ်တပ်က နှိမ်နင်းပြီးနောက် နယ်စပ်သို့ ထွက်လာသူများ ပါဝင်သည့် အဖွဲ့ ၇ ဖွဲ့ဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကိုလည်း တနေ့ထဲတွင် ဖုံးဆက်ကြောင်းကြားခြင်းဖြစ်ပြီး ပါတီအစည်းအဝေး ခေါ်ရန် စီစဉ်နေသည်ဟု သိရ သည်။

ဦးအောင်မိုးဇော်က “ဝန်ကြီးဦးအောင်မင်းလာတဲ့အချိန်မှာ တွေ့ဖို့ပေါ့ဗျာ။ ရက်အတိအကျတော့ နောက်မှ အကြောင်းကြားမယ်ပြောတယ်။ တွေ့တာတော့ ကောင်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့ ဒီရက်ပိုင်း အတွင်း ဗဟိုကော်မတီ အစည်းအဝေး ထိုင်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အကျိုးဆောင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ထိုင်းအခြေစိုက် ဦးညိုအုန်းမြင့်မှ တဆင့် ဖိတ်ကြားခဲ့သေးသည်။

“အကျိုးဆောင် ဦးလှမောင်ရွှေမှတဆင့် သူတို့နှစ်ဖွဲ့ကို ဝန်ကြီးက တရားဝင် တွေ့ချင်ပါတယ်။ နောက်လဆန်း မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တွေ့ဖို့ အစီအစဉ်လုပ်ပေးပါဆိုပြီးတော့ ပြောတဲ့အတွက် ကျနော်က pass လုပ်ပေးတော့ ဦးအောင်မိုးဇော်တို့ဘာတို့ကလည်း လက်ခံပါတယ်” ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကိုပြောသည်။
Uaungmoezaw
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော် (ဓါတ်ပုံ FDB)
၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကာလအတွင်း ပြည်တွင်း၌ ပေါက်ဖွားလာသည့် DPNS သည် ၁၉၉ဝ ခု ရွေးကောက်ပွဲ ကာလတွင် ပါတီဝင် တသိန်းခန့်ရှိပြီး ၁၉၉၁ ခု ဇန်နာဝါရီလတွင် ပါတီခေါင်းဆောင်တချို့ နယ်စပ်သို့ ထွက်ခွာ လာခဲ့ပြီးနောက် ဖျက်သိမ်းခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာကြရန် ဖိတ်ခေါ်
နေသော်လည်း နိုင်ငံရေးရည်မှန်းချက်ဖြင့် ရောက်နေသူများအတွက် တိကျသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အခုဟာက ခေါ်တယ်သာပြောတာလေ။ လက်တွေ့ကျကျ ဘယ်လိုအချက်အလက်တွေ၊ တိတိကျကျ သဘောထား
ရော၊ နှစ်ခုလုံး ဆောင်ရွက်တာ ကောင်းတယ်လို့ထင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပါပဲဗျာ လမ်းကြုံလို့ ပြောတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဦးအောင်မိုးဇော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၂ ရက်နေ့ကလည်း ဦးလှမောင်ရွှေ ဆက်သွယ်ပေး၍ ဦးအောင်မင်းနှင့် မဲဆောက်မြို့တွင်
တွေ့ဆုံခဲ့ဖူးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

ထိုစဉ်က ၎င်းအနေနှင့် ဦးအောင်မင်းအား အချက် လေးချက် ဆွေးနွေးခဲ့ရာ “မြန်မာပြည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အားလုံးသဘောတူ
ဖော်ထုတ်သင့်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ကြသည့် ကရင် KNU၊ ရှမ်း SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား စသည့် လက်နက်ကိုင် ၅ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူပြီးနောက် ဒီမိုကရေစီ အင်အားစုများကို ပထမဆုံးအကြိမ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံရန် စီစဉ်နေမှုတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ မွန်ပြည်သစ် ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PPLO၊ ဝ’ အမျိုးသားအဖွဲ့ တို့နှင့်လည်း အပစ်ရပ်ရေးကိစ္စများ
လည်း သီးသန့်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ

ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်က၀န်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ်ထိုးအပြီး ရွှေညဝါ ဆရာတော်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“အခုလေးတင် တိုင်း သံဃမဟာနယက (မဟန) အဖွဲ့က ပင့်ဖိတ်လို့ ကြွပြီး ၁ နာရီမှာ ဆွေးနွေးဖြစ်တယ်။ ကျုပ်အနေနဲ့ မဟာနာယက ဆရာတော် ဘုရားကြီးတွေနဲ့ အကျိတ်အခဲတွေ ပြေစေချင်တယ်လေ။ အဲဒါကြောင့်လည်း ထွက်ပေးမယ် ဆိုပြီးတော့ အေးအေးဆေးဆေးပဲ ၀န်ခံ လက်မှတ်ထိုးခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ် နတ်စင်လမ်းရှိ သာဓု ကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေည၀ါ ဆရာတော်က ဧရာဝတီ ကို မိန့်ကြားသည်။
ယခုကဲ့သို့ ၀န်ခံလက်မှတ် ရေးထိုးပေးလိုက်ခြင်းသည် ငြိမ်းချမ်းရေးအကျိုးကို လိုလား၍ ဖြစ်ကြောင်း၊ သတ္တိရှိရှိနှင့် သာသနာ အကျိုး၊ တိုင်းပြည်အကျိုး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သို့မျှ မခံစားရကြောင်း၊ ဘ၀ အခြေ အနည်းငယ် ထိခိုက်သွားမည် ဖြစ်သော်လည်း အကောင်းဆုံး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်ကတည်းက ပေးဆပ် စွန့်လွှတ်နေကြဖြစ်ကြောင်း ဆရာတော်က ဆိုသည်။
ကျောင်းတိုက်မှ ထွက်ခွာပေးပြီးနောက် မည်သည့်နေရာတွင် သတင်းသုံး နေထိုင်မည်ကိုမူ မသိရသေးကြောင်း ဆရာတော်က မိန့်သည်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျုပ်တို့ တိုင်းသူပြည်သားတွေကို ပြောချင်တယ်။ နှုတ်က ငြိမ်းချမ်းရေးကို တဖွဖွအော်နေ၊ ပြောနေ၊ စိတ်ဆောင်နေကြတာ မျိုးထက် လက်တွေ့ကျကျ တိတိလင်းလင်း ပြောရမယ်ဆိုရင် ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်တယ် ဆိုတာ ပြောချင်ပါတယ်” ဟု ရွှေည၀ါ ဆရာတော်က ဆိုသည်။
ဆရာတော် အနေဖြင့် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်း တာဝန်ခံ ဆရာတော် များ၊ ဒေသအာဏာပိုင်များ ရှေ့မှောက် တွင် ကျောင်းတိုက်မှ မထွက်ခွာမီ မတည်ငြိမ်မှု ပြဿနာ တစုံတရာ မဖြစ်ပေါ်ရန် တာဝန်ယူပါမည်ဟုလည်း လက်မှတ် ရေးထိုးခဲ့ရကြောင်း ဆရာတော်အား ကူညီ ရပ်တည်နေသူ နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဇော်ရဲဝင်းကပြောသည်။
မဟန အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာတွင် ရွှေည၀ါ ဆရာတော်ကို သာဓုကျောင်း တိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် (သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နှင့် မဟန ၏ ခွင့်ပြုချက် မရဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်ပြီး အဆိုပါ အကြောင်းကြားစာအတွက် ရွှေည၀ါ ဆရာတော်သည် အသနားခံစာ နှစ်ကြိမ် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင် ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး၌ သြဝါဒ ပေးခဲ့ခြင်းကြောင့် မဟန အဖွဲ့က ဆရာတော်အား ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဆရာတော်လို သာသနာအတွက်၊ အမိမြန်မာပြည်အတွက်၊ အနာဂတ်အတွက် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးအတွက် ဘယ်ဘ၀ပဲ ရောက်ရောက် ထာဝရ ရပ်တည်သွားမှာပါ။ နောက်ဆုံး ဆရာတော်ရဲ့ ကျောင်းမှာ မနေရတော့ ရင်တောင် တပည့်တော်တို့ လမ်းဘေးမှာ အလှူခံပေးပြီး ဆရာတော်အတွက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ကိုမင်းကိုနိုင်က ရွှေည၀ါ ဆရာတော်ထံ ယမန်နေ့ ညနေက သွားရောက်စဉ် လျှောက်ထားခဲ့သည်။
ယနေ့ နေ့လယ်တွင် မဟန က ရွှေညဝါ ဆရာတော်နှင့် ပတ်သက်၍ ကြားနာခဲ့စဉ် တိုင်း မဟန ကျောင်းတိုက်ဝန်း အတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း အရှင် ဂမ္ဘီရ အပါအ၀င် သံဃာတချို့နှင့် စိတ်ဝင်စားသူ လူ ၅၀၀ ကျော်တို့က ရောက်ရှိ စောင့်စားခဲ့သည်။
ရွှေည၀ါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ရွှေည၀ါ သံဃာ့တက္ကသိုလ်များ စတင်ဖွင့်လှစ် ခဲ့သည်။

KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်

KIO နှင့် အစိုးရ အဖွဲ့အကြား ငြိမ်းချမ်းရေး ရရှိရန်အတွက် ပဏာမ တွေ့ဆုံမှုကို ဇန်န၀ါရီလ ၁၈ရက်နှင့် ၁၉ရက် နေ့များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့၌ ပြုလုပ် ခဲ့ပါသည်။ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီးတွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကာ ကြေညာချက်၌ အချက်လေးချက် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ အချက် လေးချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်တို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးနှင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရှေးရှု၍ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့ နှင့် ၁၉ရက်နေ့တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) နိုင်ငံတော် အစိုးရနှင့်  KIO တို့သည် နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမည်။

(၃) ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြည်သူအများ သိရှိစေရန် မှန်ကန်သော သတင်းများ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(၄) စစ်ရေး အရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက် သွားနိုင်ရန် အတွက် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်သော တပ်များ ကိစ္စအား ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
Ref: EMG

ဘ၀ဆိုတာ ဂိမ်းကစားနည်း

 ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။
ငယ်ဘ၀ဆိုတာ
လောင်းကြေးထပ်ပြီး ပြန်မရနိုင်တဲ့
ကစားနည်းတစ်ခုတဲ့..
တကယ်...!
ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။
အလျော်အစားတွေ များတယ်
အကျော်အလွှားတွေ များတယ်
အပျော်အပါးတွေ များတယ်
မရည်ရွယ်ပါပဲနဲ့ ကစားကြတယ်
ကျီစယ်တဲ့သဘောနဲ့ ကစားကြတယ်
တကယ်...!
ဘ၀ ဆိုတာ ဂိမ်း ကစားနည်း..။
လက်ထဲက အချိန်တွေကို ကစားဖြစ်ခဲ့ကြတယ်
ထွက်သွားနေတဲ့ အချိန်တွေမှာ ကစားမိလိုက်ကြတယ်
ရပ်ထားလို့ ရတဲ့ ကစားနည်းတွေမှာ ကစားဖြစ်ခဲ့မိတယ်
ပစ်သွားလို့ မရတော့တဲ့ ကစားနည်းတွေကိုလည်း ကစားလိုက်ကြရတယ်
တကယ်...!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။
စိတ်ဓါတ်တွေကို အရင်းတည်ပြီး ကစားလိုက်တယ်
မိတ်ပျက်တာကို အရင်းတည်လည်း ကစားလိုက်တယ်
ကစားရင်းနဲ့ သံယောဇဉ်တွေ ပျောက်သွားခဲ့ကြတယ်
ကစားရင်းနဲ့ သံယောဇဉ်တွေ ရောက်သွားကြရတယ်
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။
မေတ္တာကစားပွဲတွေကို ရူးသွပ်မိကြတယ်
သိက္ခာကစားပွဲတွေမှာ ဆူးစွပ်မိကြတယ်
ပါးပါးလျပ်လျပ် ကစားမိကြရင်း
ဓါးထက်ထက်မှာ သွားရပ်မိကြရင်း
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။
ရှေ့မှာ ဂိမ်းအသစ်တွေ ပေါ်ပေါ်လာနေတယ်
တစ်ကွေ့မှာ ဂိမ်းအသစ်တွေကို ကျော်ကျော်လာနေတယ်
ကစားဖော်တွေ အချိန်နဲ့အမျှ ပြောင်းပြောင်းလာရတယ်
ကစားပျော်တာတွေ အချိန်နဲ့အမျှ ညောင်းညောင်းလာကြတယ်
အသစ်အသစ် ဆိုတာတွေကို ခုံမင်လာမိတယ်
အဟောင်းသံသရာမှာ ပြန်လှန်ကြုံဝင်လာမိတယ်
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။
သေချာတာထက် သေချာတယ်
သင်လည်း ကစားနေတယ်
ကျွန်တော်လည်း ကစားနေတယ်
ဒိုင် မရှိတဲ့ ပွဲတွေမှာ
အနိုင်အရှုံးဆိုတာလည်း မရှိဖူး
လက်ဖမိုးနဲ့ လက်ဖ၀ါးလို
သူ့ဖက် ကိုယ့်ဖက် အားလုံးဟာ အမှန်ကြီးပဲ။
တကယ်..!
ဘ၀ ဆိုတာ ဂိမ်းကစားနည်း..။
ဂျွန်မိုးအိမ်
/ ၄ - မတ်လ - ၂၀၁၁
ဂျွန်မိုးအိမ် ဘလော့မှ ကူးယူဖော်ပြသည်၊
http://www.johnmoeeain.com/2011/03/blog-post.html

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းနိုင်

b42_14
ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့က ဒိန်းမတ်ပါလီမန်တွင် တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းသွားရန် ဥရောပသမဂ္ဂက စဉ်းစားနေကြောင်း ဥရောပ သံတမန်များက ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်သည် မြန်မာနိုင်ငံသို့ မကြာမီလာ ရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန်အတွက်လည်း စဉ်းစားနေကြောင်း သူ၏ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အဖွဲ့ဝင် ၂၇ နိုင်ငံရှိသော ဥရောပသမဂ္ဂသည် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဘရက်ဆဲလ်၌ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ဖေဖော်ဝါရီလတွင် ပိတ်ဆို့အရေးယူမှုများ စတင်ရုပ်သိမ်းရန် စဉ်းစားထားမှုကို ကြေညာသွားဖွယ်ရှိသည်။ ဧပြီလလယ်တွင် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ သုံးသပ်မှုများကို ဆောင်ရွက်သွားရန်ရှိသော်လည်း အချို့နိုင်ငံများက ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုကြောင်း ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် ဥရောပသမဂ္ဂအတွင်း ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ဗြိတိန်နှင့် နောဒစ်နိုင်ငံအချို့က ဧပြီလ ရွေးကောက်ပွဲများကို စောင့်ကြည့်လိုသော်လည်း  ပြင်သစ်၊ ဂျာမနီအပါအ၀င် အခြားဥရောပနိုင်ငံများက ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို အားပေးရန်အတွက် လျင်လျင်မြန်မြန် ဆောင်ရွက်လိုကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားခဲ့သည်။
ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံကို ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို ယမန်နှစ်က တစ်နှစ် သက်တမ်းတိုးထားခဲ့သော်လည်း မကြာသေးခင်က ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးထိန်းချုပ်ထားမှုများကို ဖယ်ရှားပေးခဲ့သည်။ ဥရောပ သမဂ္ဂသည် အကူအညီပေးရေးအစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးလုပ်ငန်းများတွင် ကူညီရန်အတွက် ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။ 
Ref: EMG

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့

b42_15
Add caption
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတကြီးထံ ပေးအပ်ရန် အိတ်ဖွင့်ပေးစာအား ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပေးအပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။ 
အိတ်ဖွင့်ပေးစာ၌ (၁)ယခင်အစိုးရများ လုပ်ဆောင်ခဲ့ဘူးခြင်းမရှိခဲ့ပါသော ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအရေးအား အလေးပေး စိတ်ဝင်စားစွာ ဆောင်ရွက်လာသည်ကို ကျွန်ုပ်တို့ကိုယ်တိုင် မြင်တွေ့လာခြင်း၊ (၂) ထိုင်းနိုင်ငံအတွင်း ရေဘေးဒုက္ခရောက်နေစဉ် သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ ထိုင်းနိုင်ငံမြန်မာသံရုံးမှ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအား ဆေးဝါးပစ္စည်း၊ အစားအသောက်များ ပေးပို့လှူဒါန်းခြင်းများကို ကျွန်ုပ်တို့သိရှိခံစားရခြင်း၊ (၃) မြန်မာပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိစေ့စပ်လျက်ရှိနေပါသော အဖွဲ့အစည်းများ၊ ကချင်လူမျိုးများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ပါစေရန် နှစ်ဘက်စလုံးမှ လူကြီးများအား တောင်းဆို အပ်ခြင်းအပြင် ရှမ်း၊ ကရင်၊ ချင်းများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ခြင်း၊ (၄) တဆက်တည်းမှာပင်လျှင် ယခင် အစိုးရများလက်ထက်မှ ယခုအထိ (၁၈)ကြိမ်မြောက်ရှိခဲ့ပါသော လွတ်ငြိမ်းချမ်းသာခွင့်များအတွင်း သမ္မတကြီး၏ ယခုစတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်သည် ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများနှင့်တကွ တစ်ကမ္ဘာလုံးမှ လူအပေါင်းအတွက် အထူးကိုပါပဲ ၀မ်းသာပီတိ ကြည်နူးမှုဖြစ်ရခြင်း စသည့်အကြောင်းအရာများ ပါဝင်ပြီး ကျွန်ုပ်တို့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအားလုံးအား ယခုထက်ပိုမို၍ မေတ္တာတရားထားပြီး စောင့်ရှောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ဟု ထည့်သွင်းရေးသားထားကြောင်း သိရသည်။

Wednesday 18 January 2012

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

(ဇာဂနာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။       ။ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------
ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ် ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”

artfreedom2
The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)


ဦးခင်ညွန့်က လွတ်လွတ်ချင်း မီဒီယာနဲ့တွေ့တယ်။ ပြီးတာနဲ့ ကိုသူရနဲ့ တွေ့တယ်ဆိုတော့ မထူးခြားဘူးလား။

“မထူးခြားပါဘူး။ တကယ့်တကယ်ပြောမယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်က ဘာကိစ္စနဲ့မှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူးဗျ။ ဘယ်တုန်းကမှ။ သူ အင်မတန် သြဇာတိက္ကမ ကြီးမားနေတဲ့အချိန်မှာ သူ့ရဲ့ အထောက်အပံ့ သူ့ရဲ့အကူအညီတွေ ရခဲ့ကြတဲ့ ရုပ်ရှင်သမားတွေထဲမှာ ကျနော်မပါဘူးဗျ။ ရုပ်ရှင်သမား အားလုံးလောက်နီးပါးက သူပေးလို့ တယ်လီဖုန်းရတယ်၊ မြေကွက်ရတယ်၊ မော်တော်ကား ဝယ်ခွင့်ရတယ်၊ အဲဒီထဲမှာလည်း ကျနော် မပါခဲ့ဘူးဗျ။ အဓိကပြောရရင်တော့ သူ သြဇာတိက္ကမ ကြီးတဲ့အချိန်တုန်း က ကျနော်က အဖမ်းခံရတာပဲရှိတယ်။ သူ့လက်ထက်မှာကို ကျနော် နှစ်ခါ အဖမ်းခံရတာကိုး။”

“အခု သူတင်မှ မဟုတ်ပါဘူးဗျာ။ ထောက်လှမ်းရေး-၆ ထဲမှာ ကျနော့်ကို တကယ် ဖမ်းဆီးခဲ့တဲ့ ဦးစန်းပွင့်လည်း အခုလွတ်လာတာပဲ။ ကျနော် သွားနှုတ်ဆက်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်ရမှာတုန်းဗျာ၊ ဒီစိတ်တွေ မရှိပါဘူး ကျနော့်မှာ။ အာဃာတတွေ အငြိုးအတေးတွေ မရှိပါဘူး။ ဦးစန်းပွင့် ကိုယ်တိုင်ပင်လျှင် ကျနော့်ကိုဖမ်းခဲ့တာ
ထောက်လှမ်းရေး-၆ ထဲမှာ နှစ်ခါလုံးလုံး၊ ဗိုလ်မှူးခင်မောင်ထွေးတို့ ဘာတို့။ သူတို့တွေတောင် ကျနော် နှုတ်ဆက် တာပဲ။”

“ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်အတွက် တချိန်တုန်းကတော့ လုပ်ခဲ့ကြတာပဲ။ ထိုနည်းတူ ကျနော်တို့ကို လည်း လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးတို့ အာဃာတတို့ ကျနော့်မှာ တစက်မှ မရှိပါဘူး။ အခု သူတို့ ထောင်ကလွတ်လာ တယ်၊ လွတ်လာတဲ့အတွက် ကျနော် သွားပြီးတော့ နှုတ်ဆက်တယ်၊ ထောင်ကလွတ်လာတဲ့ လူတယောက်ကို ကျနော် ကြိုဆို နှုတ်ဆက်တဲ့ သဘော ပါပဲ။ ဒီထက်ကို ဘာမှမရှိပါဘူး။”

“သို့သော် တချို့ကတော့ ထင်မှာပေါ့လေ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် ခွင့်လွှတ်နိုင်ရ တာလဲဆိုပြီး။ ခံရတာ ကျနော်ပါ။ ကျနော်ကိုယ်တိုင်တောင် ခွင့်လွှတ်နိုင်သေးတာပဲ။ ”

“ဘာဖြစ်လို့လဲ ဆိုတော့ ဦးခင်ညွန့်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ သူ့ပါးစပ်ကတောင် ပြောခဲ့တယ် အဲဒီနေ့က သူအလုပ်လုပ်ပေးနိုင်ခဲ့တဲ့အချိန်တုန်းကတဲ့ မောင်သူရနဲ့ အန်ကယ်နဲ့ တခါမှ မဆုံနိုင်ခဲ့ ဘူးနော်တဲ့ ခုလိုအချိန် ကျတော့လည်း သူဘာမှ မကူညီနိုင်ပြန်ဘူးတဲ့။ ရပါတယ် အဲဒီဟာတွေ ကျနော့်စိတ်ထဲမှာ မရှိဘူးလို့။”

ဦးစန်းပွင့်နဲ့က ဘယ်တုန်းက သွားတွေ့လိုက်လဲ။

“မနေ့က မနက်က။”


တချို့ကလည်း ဦးခင်ညွန့်က သူသြဇာရှိနေတုန်းက ဒီမိုကရေစီဘက်သားတွေကို ဖမ်းတယ်ပေါ့။ သူနဲ့ သွားတွေ့တာကို ဝေဖန်နေကြတာတွေရှိပါတယ်။

“အဲဒီလိုတွေ ပြောနေလို့လည်း ပြီးမှာလည်း မဟုတ်ပါဘူးဗျာ။ ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဦး။ အဲဒီတုန်းကဖမ်းလို့ ဆီးလို့ ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရော မပါဘူးလားလို့၊ ဦးရွှေမန်းရောမပါ ဘူးလားလို့။ ဒီလူတွေနဲ့တောင် အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲ နှုတ်ဆက်နေကြပြီ မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေ မွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပါယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူ တွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှ မခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”


ဦးခင်ညွန့်နဲ့တွေ့တော့ရော ဘာတွေများပြောဖြစ်လဲ။

“ရုပ်ရှင်အကြောင်းပေါ့ ကျနော်တို့ Freedom Film festival လုပ်တာကို သူ ဂျာနယ်တွေမှာ ဖတ်ရလို့ အရမ်း
ကျေနပ်မိတဲ့အကြောင်း။ နောက် အဲဒီဇာတ်ကားတွေ တကယ်လို့များ ကျနော်တို့ က အခွင့်ရှိတယ်ဆိုရင်တော့ သူကြည့်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ သူ့ကို ကူညီပါဆိုတဲ့အကြောင်း ပေါ့ဗျာ။ အဲဒါက တစ်ပေါ့။ နှစ်ကတော့ သူ့အနေနဲ့ကတော့ သူ ၇ နှစ်လုံးလုံး ဒီထဲမှာ နေနေရတဲ့ အချိန်မှာ ထောင်ထဲမှာ နေရတဲ့လူလိုပါပဲပေါ့။ အင်မတန် ကျဉ်းကျပ်တယ် ဆိုတဲ့အကြောင်း။ သူ့မှာ တနေ့တနေ့လည်း တရားထိုင်လိုက်၊ ဘဝနာပွားလိုက်။ အခုဆို သူ့စိတ်ထဲ မှာလည်း ဘာမှမရှိတော့ ဘူး ဆိုတဲ့အကြောင်းပေါ့ဗျာ။ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ဟာတွေထဲမှာလည်း သူ့မှာလည်း တာဝန်အရသာ လုပ်ခဲ့ရပေမယ့် သူ့မှာလည်း ဘာစိတ်မှ မရှိပါဘူးဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြောဖြစ်ကြတာပါ။”

သူလွတ်လာတော့ နိုင်ငံရေးမလုပ်ဘူးပြောတယ်။ ငြိမ်းချမ်းရေးတို့ လူမှုရေးကိစ္စတို့ စိတ်ဝင်စားမှု ပြောဖြစ်သေးလား။

“ကျနော်တို့ အဲဒီအကြောင်းတော့ မပြောဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းရေးကိစ္စတွေကတော့ သူတို့ အရင်တုန်း ကဗျာ ဗိုလ်ချုပ်မြတို့ ရှိတဲ့အချိန်တုန်းက သူကိုယ်တိုင်သွားတွေ့ခဲ့တာ ရှိခဲ့တာကိုး။ အဲဒီတုန်းက အဆင့်တဆင့်
ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ဆိုတာကိုလည်းပဲ ပြောဖြစ်ကြတာ ပေါ့ဗျာ။ အဲဒီကိစ္စမှာက ဦးစန်းပွင့်နဲ့ သူနဲ့
နှစ်ယောက် လုပ်ခဲ့ကြတာလေ။ ကျနော်တို့မှာ ဗီဒီယိုတွေ ဘာတွေ ရှိပါတယ်။ အဆင့် တဆင့်ရောက်ပေမယ့် အဲဒီအချိန်မှာ သူတို့အဖမ်းခံရပြီးတဲ့အခါ ကျတော့ အဲဒီလုပ်ငန်းစဉ်က ပျက်ခဲ့ကြရတယ်ပေါ့ဗျာ။ သူတို့ တကယ် လုပ်ခဲ့တာရှိပါတယ် ခွန်ဆာနဲ့ သွားပြီးတော့ ဦးစန်းပွင့်နဲ့ သူနဲ့ နှစ်ယောက်ထဲ သွားပြီး တွေ့ဆုံခဲ့တာလေ။ ဒါလေးတွေ
ပြောဖြစ် တာပေါ့ဗျာ။ ကျနော်က ပြန်မေးတာပေါ့ဗျာ ကျနော်သိချင်တာလေးတွေ။ ခွန်ဆာကိစ္စ သူတို့ အောင်မြင် တယ်ပေါ့။”


သူ့သား နှစ်ယောက်လုံး တွေ့ခဲ့လား။

“ကိုရဲနိုင်ဝင်းရော၊ ကိုဇော်နိုင်ဦးရောတွေ့ပါတယ်။”


ဦးစန်းပွင့်နဲ့ တွေ့တော့ရော ဘယ်သူတွေပါသေးလဲ။ ဘာတွေပြောဖြစ်ကြလဲ။

“ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်ထဲ။ ခဏတဖြုတ်ပဲ။ သွားနှုတ်ဆက်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်က ထောက်လှမ်းရေး-၆ ထဲမှာ အတူတူဖမ်းခံခဲ့ရတုန်းက ဗိုလ်မှူးစန်းပွင့်က ကျနော်တို့ကို ဖမ်းခဲ့တာလေဗျာ။ အဲဒါကြောင့် ကျနော်တို့ နှစ်ယောက်က သွားနှုတ်ဆက်တာပါ။ စကားတောင်
သေချာမပြောနိုင်ပါဘူးဗျာ။ လူတွေက သိပ်များနေလို့။”


ထောက်လှမ်းရေး-၆ မှာ ဘယ်တုန်းက အဖမ်းခံရတာလဲ။

“ရှစ်လေးလုံးပြီးပြီချင်း ဗမာပြည်မှာ ပထမဦးဆုံး ဖမ်းခံရတာ ကျနော်နဲ့ ဇင်ဝိုင်းပဲ။”

ပြည်သူ့နီတိဟောပြောပွဲ ....ဒေါက်တာနေ၀င်းမောင်





ဆရာနေရဲ့ ပထမဆုံးနဲ့ နောက်ဆုံး စာပေဟောပြောပွဲ ( မော်လမြိုင်မြို့)

ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။
နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။
“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေး ကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။
KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီးအရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်း ပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တ၀န်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။

ရွှေညဝါဆရာတော်ကို ဖယ်ရှားမယ့် ကြားနာပွဲ

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို ကျောင်းသင်္ခမ်းက ဖယ်ရှား အရေးယူ ဖို့အတွက် ဇန္နဝါရီ ၁၉ ရက် လာမယ့်ကြာသပတေးနေ့မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေက ကြားနာမယ်လို့ သတင်းရရှိပါတယ်။
(ဒီမိုဝေယံ website)
ရွှေညဝါဆရာတော် ဦးပညာသီဟ
ဒီကြားနာပွဲကို ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်း သံဃာ့ မဟာနာယကအဖွဲ့ရုံးမှာ မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး ကာယကံရှင် ရွှေညဝါဆရာတော်ကိုလည်း ပင့်ဖိတ်ထားကြောင်း ရန်ကုန်တိုင်း သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ အကျိုးတော်ဆောင် ဆရာတော် ဦးဣဒ္ဓိပါလက အာအက်ဖ်အေကို မိန့်ပါတယ်။ “အရေးတော့ မယူပါဘူး။ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးတွေက ကျောင်းကလည်း နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေ ပိုင်တဲ့ကျောင်းဖြစ်နေတော့ ဆရာတော်ကြီးတွေ ဆုံးဖြတ်ကြတာလေ။ နိုင်ငံတော် သံဃာ့မဟာနာယကက ဒါလေး ခေါ်ပြီး မေးပါဦးဆိုတော့ ခေါ်မေးဖို့ပါပဲ။ တခြားတော့ ဘာမှ အစီအစဉ်တော့ မရှိပါဘူး” ရွှေညဝါဆရာတော် ဦးပညာသီဟကတော့ ဒီကြားနာပွဲဟာ မိမိကို အရေးယူဖို့ အမိန့်ချမှာ ဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ကြားခဲ့ပါတယ်။ ရွှေညဝါဆရာတော်ဟာ မန္တလေးတိုင်း အန်အယ်လ်ဒီ ရုံးချုပ်က ဆွမ်းကပ်လှူဖို့ ပင့်ဖိတ်တဲ့ အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ “ပင်ဝါးရုံ” ဆိုတဲ့ သြဝါဒတရား ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွှေညဝါဆရာတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တစ်ကြိမ် သံဃာ့မဟာနာယက အဖွဲ့က အရေးယူဖို့ ပြင်ဆင်ခဲ့ပြီး ရွှေညဝါ ဆရာတော်က အသနားခံစာ တင်ခဲ့ပါတယ်။ အဲဒီ အသနားခံစာကို ဒီလ အစောပိုင်းမှာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ပယ်ချခဲ့ပြီးနောက် အခုလို အမိန့်ချဖို့ ဆင့်ခေါ်လိုက်တာ ဖြစ်ပါတယ်။
Ref: REA

ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA (S) လက်မှတ်ထိုး

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာအစိုးရသစ်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA (S)အဖွဲ့တို့ တနင်္လာနေ့က တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၁၁ ချက်ထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်း အချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

“ဒီ ၁၁ ချက်ကတော့ အခုပထမအကြိမ် ပြည်ထောင်စုအဆင့် မူအားဖြင့်သဘောတူညီချက်တွေပေါ့။ လိုအပ်လာတဲ့ အချက်တွေ ရှိခဲ့ရင်လည်း နောက် ဒုတိယအကြိမ်မှာ ထပ်ပြီးတင်ပြ ဆွေးနွေးကြမှာပေါ့။ အဲလိုပဲ သဘောတူထား တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။
shanpeace
ပြည်နယ်အဆင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကိုယ်စားလှယ် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ခိုလာမ်၊ ကျိုင်းထုံ၊ မိုင်းဆက်၊ တာချီလိတ်တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်နှင့် နမ့်ခမ်းတို့တွင်လည်း စီးပွားရေး ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြ သည်။ ဖွင့်လှစ်မည့် အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

သဘောတူညီချက်များအရ နှစ်ဖက်အဖွဲ့များ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာတွင် နေရာများနှင့် ပတ်သက်၍ အစိုးရတပ်ဖွဲ့များ နှင့် RCSS/SSA တပ်ဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နှစ်ဖက် ထိန်းချုပ်ရာ နယ်မြေများအတွင်း လက်နက် ကိုင်ဆောင်သွားလာမှုများအား ကြိုတင်ညှိနိုင်း အကြောင်းကြားပြီးမှ သွားလာကြရ မည် ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက်တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကြန့်ကြာစေခဲ့ပြီး နောက်တကြိမ်တွေ့ဆုံရာတွင် အဓိက ဦးတည်
ဆွေးနွေးရမည့် အချက်တခုဖြစ်ကြောင်း ဆွေးနွေးပွဲ နှစ်ဖက်နီးစပ်သူများက ပြောသည်။

ကျိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းယောင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် SSA တပ်များအား မြန်မာအစိုးရဘက်က ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးစေချင်သလို၊ ဌာနချုပ်နေရာဖွင့်ရန် တောင်းဆိုထားသည့် ဟိုမိန်းနှင့် မိုင်းထား နယ်မြေများရှိ အစိုးရတပ်များကိုလည်း ဆုတ်ခွါပေးရန် SSA ဘက်က တောင်းဆိုထားသည်။

“အဓိက ပြဿနာက တပ်ဆုတ်ပေးရေး အခြေအနေတွေပေါ့။ အဲဒါကြောင့် ဒီပြဿနာက အခြေအတင် ညှိနိုင်းရဦး မယ့် အနေအထားမှာ ရှိတယ်။ အစိုးရဘက်ကလည်း တပ်မဆုတ်ပေးချင်ဘူး။ ရှမ်းတပ်ဘက်ကလည်း ဆုတ်မပေး ချင်သေးဘူး ဖြစ်နေတယ်” ဟု SSA-S နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံကြမည့်ရက် မသိရသေးသော်လည်း ယခုတွေ့ဆုံဆွေးနွေးပွဲသို့ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးချုပ် ပေါင်ခေး တို့က ဦးဆောင်တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုဗိုလ်မှူးကြီး စိုင်းမင်း တို့အပါအဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရ ရှေ့နေချုပ် ရုံး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စပ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး
ကျော်စိုးလင်း၊ တြိဂံတိုင်း စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးမှ စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်မင်းအေးတို့ တက်ရောက်ကြသည်။

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီးအဆင့် ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော
ခေါင်းဆောင် ခွန်ဆာလက်ထက်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

11

မဲဆောက်မြန်မာရွေ့ပြောင်းအလုပ်သမားများ ရှေ့ဆက်နေထိုင်ရန်အခက်အခဲဖြစ်

မဲဆောက်မြို့ အပါအ၀င် တာခရိုင်အတွင်း မြန်မာလူမျိုး သိန်နှင့်ချီ နေထိုင်လက်ရှိရာ နေထိုင်ခွင့်လက်မှတ်ရှိသူ နှင့် မရှိသူများမှာ အရင်နှစ်များကတည်းက အရေအတွက်ကွာဟဆဲ ဖြစ်ပါတယ်။  နေထိုင်ခွင့်လက်မှတ်ရှိသူမှာ လူဦးရေ အနည်းအကျင်းသာရှိပါတယ်။ ယခုအခါ လက်မှတ်ရှိသူများကို လာမည့်နှစ်အတွက် ဘတ်သက်တန်း မတိုးပေးတော့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေငြာလိုက်ပါပြီ။ ဆက်လက်နေထိုင်လိုပါက မြန်မာပြည်ရဲ့ နိုင်ငံကူးလက်မှတ်ပတ်စပို့  အရင်ဆုံး ပြုလုပ်ကြရန် တိုက်တွန်းလိုက်ပါတယ်။
မြ၀တီတံတား ပြန်လည်းဖွင့်လှစ်သော်လည်း အရောင်းအ၀ယ်မကောင်းခြင်း၊ ဘန်ကောက်ရေကြီးသဖြင့် စီးပွားရေးထိခိုက်နေချိန်တွင်  မဲဆောက်ဒေသရှိ မြန်မာများမှာ နေစဉ် စားရေးသောက်ရေပင် အဆင်မပြေဘဲ ဖြစ်နေရာ အနိမ့်ဆုံး ဘတ် (၅၀၀၀) ကုန်ကျမည့် ပတ်စပို့ လုပ်ဆောင်နိုင်ခြင်း မရှိဟု ပြောနေကြပါတယ်။  (၂) လပိုင်း အကုန် သက်တမ်းတိုးကြသည့်အခါတွင် လူ နည်းမည် ဖြစ်ကြောင်း မြန်မာပြည်သားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
(၅၀၀၀) ဘတ်အကုန်ကျခံ ပတ်စပို့ လုပ်ဆောင်ပြီးသော်လည်း အဆိုပါပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့် ရှိမည် မဟုတ်သေးပါ။  အလုပ်လုပ်ရန်အတွက် အလုပ်သမားလက်မှတ် ဆက်လက်လျှောက်ထားရမည်သာ ဖြစ်ပါတယ်။ အလုပ်သမားလက်မှတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဆေးရုံသွေးစစ်ခ (၁၉၀၀) ဘတ် နှင့် အလုပ်သမားလက်မှတ် (၁၀၀၀) တို့ကိုလည်း အလုပ်သမားတို့က မိမိဖာသာ စိုက်ထုတ်အကုန်အကျခံရဦးမှာ ဖြစ်ပါတယ်။
  အလုပ်သမားလက်မှတ် မပြုလုပ်ဘဲ ပတ်စပို့ဖြင့်လည်း နေထိုင်၍ မရကြောင်းလည်း သိရပါတယ်။

စင်ကာပူမှ ဆောက်လုပ်ရေးအလုပ်အကိုင်များနှင့် မြန်မာများ

မောင်သာမန်
ဇန်န၀ါရီ ၁၇၊ ၂၀၁၂
နိဒါန်း
နိုင်ငံတနိုင်ငံတည်ဆောက်လျှင်၊ ဆောက်လုပ်ရေးအားဖြင့် စတင်ရသည်။ ၁၂ ထပ်တိုက်တလုံးကို လပိုင်းအတွင်း ပြီးအောင်ဆောက် နိုင် သည်။ ကုန်တိုက်ကြီးတခု၊ ကွန်ဒိုမီနီယံ အထပ် ၄၀ တိုက်ကြီးလည်း တနှစ်အတွင်း ပြီးအောင်ဆောက်နိုင်သည်။ စက်မှု Industrial Building တစ်ခုကိုလည်း တနှစ်အတွင်းပြီးအောင်ဆောက်ပြီး ငှားစားနိုင်သည်။ Developer ဆိုသူများသည် အစိုးရထံမှ ဆောက်လုပ်ခွင့်ပါမစ်များကို ရယူပြီး၊ နိုင်ငံခြားအလုပ်သမား၊ အင်ဂျင်နီယာများဖြင့် တနှစ်အတွင်းတည်ဆောက်ပြီး ရောင်းချကာ၊ အမြတ်ငွေ သန်းနှင့်ချီရရှိသွားသည်။ အလုပ်သမား၊ ကန်ထရိုက်တာများလည်း ၀ိုင်းဝန်း ပါဝင်၊ လစာရ၊ ငွေရွှင်ကြသည်။
အဆောက်အဦး၊ ရှော့ပင်စင်တာများ၊ လူနေကွန်ဒိုများ ဆောက်လုပ်ရေးသည် မခက်ခဲလှပါ။ တစ်နှစ်အတွင်း ပြီးနိုင်သည်။ သို့သော် စက်ရုံ အလုပ်ရုံများဆောက်ရာတွင် အဆောက်အဦးမှာ တနှစ်ကျော်ကျော်ဆောက်ရသည်။ Infra-structure ရေ၊ မီး၊ အဲယားကွန်း၊ ဓာတု၊ ဓာတ်ငွေ့များ၊ ရေသန့်လုပ်ငန်းများလည်း ဆောက်ရသောကြောင့် ပိုမိုကြာသည်။ စက်ရုံအပြီးတွင် စက်များကို အထဲထည့်ပြီး၊ ကုန် ထုတ်လုပ်ရေးအတွက် စမ်းသပ်ရသည်။ ထို့ကြောင့် စက်ရုံဆောက်ပြီး၊ ကုန်ထုတ်လုပ်ငန်း စနိုင်သည်အထိ အနည်းဆုံး (၃) နှစ်ခန့် လိုအပ် သည်။
စက်ရုံထက် ပိုခက်သော ဆောက်လုပ်ရေးလုပ်ငန်းမှာ အဝေးပြေးလမ်းမကြီးများ၊ လေယာဉ်ကွင်းကြီးများ၊ မီးရထားလမ်းမကြီးများ စသည် တို့ကို မြေပေါ်၊မြေအောက် ဥမင်များ၊ တံတားကြီးများကိုလည်း ဆောက်ရသောကြောင့် ၁၀ နှစ်ခန့် အချိန်ပေးရပါသည်။ ဆင်းရဲသောနိုင်ငံ များတွင် ထိုသို့အဝေးပြေးလမ်းမဆောက်ရန် ငွေအားများစွာလိုအပ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမား၊ အင်ဂျင်နီယာများ၊ မန်နေဂျာများအတွက် စင်ကာပူတွင် လစာအနည်းဆုံးဖြစ်သည်။ အ လုပ်သမားတစ်ဦး တစ်လ ဒေါ်လတစ်ထောာင်ခန့်ရပြီး၊ အင်ဂျင်နီယာတစ်ဦး လစာ ၂ ထောင်၊ မန်နေဂျာ လစာ ၄ ထောင်ခန့် ဈေးပေါက်ပါ သည်။
● စင်ကာပူဆောက်လုပ်ရေး ၂၀၀၈
ပြီးခဲ့သော ၂၀၀၈ ခုနှစ်က စီးပွားရေးကပ်ကြီးဖြစ်ချိန်တွင် စင်္ကာပူတကျွန်းလုံး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရသည်။ နိုင်ငံခြား အလုပ်သမားများ အလုပ်မရှိသောကြောင့် ပြည်တော်ပြန်ရသည့်အချိန်ကာလတွင်၊ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းကြီး (၂) ခုကို အ မြန်ဆုံးပြီးအောင် လုပ်ဆောင်စေသည်။ ထို (၂) ခုမှာ ….
၁။ ကာစီနိုဆောက်လုပ်ရေး (Marina Bay Sands – S$8 billions နှင့် Resorts World Sentosa S$6 billions) စုစုပေါင်း ဒေါ်လာ ၁၄ ဘီလျှံ ပရိုဂျက်။
၂။ ဆိုလာပင်နယ် Solar Panel – Semiconductor Manufacturing S$6 billion ပရိုဂျက်တို့ဖြစ်ကြသည်။
● ကာစီနို (၂) ခု ဆောက်လုပ်ရေး
ကာစီနိုမှာ နိုင်ငံတိုးတက်လာသည်နှင့်အမျှ အသုံးစရိတ်လည်းကြီးမားလာရာ၊ လောင်းကစားလုပ်ခွင့်ပေးခြင်းဖြင့် အခွန်ကောက်ပြီး၊ ဘတ် ဂျက်ဖြည့်တင်းရန်ဖြစ်သည်။ ထိုလုပ်ငန်းကို လေလံဆွဲရာတွင် အမေရိကန်၊ လာစ်ဗွီဂတ်ကုမ္ပဏီကြီးက Marina Bay Sands ကိုရရှိပြီး၊ မလေးရှားမှ ဂျန်တင်းဟိုက်လင်းကုမ္ပဏီကြီးက Resorts World Sentosa ကို လေလံဆွဲရရှိသွားသည်။ ဦးစားပေးအလုပ်မှာ လောင်း ကစားပွဲအမြန်စတင်ပြီး ၀င်ငွေမြန်မြန်ရရှိရေးဖြစ်သည်။
စင်ကာပူတွင် ကာစီနိုဆောက်လုပ်ရန် အခြေအနေဖြစ်လာပုံက ရယ်စရာကောင်းသည်။ တိုးတက်သောတိုင်းပြည်တွင် သုံးငွေက ပိုများ လာသောကြောင့် ၀င်ငွေပိုရရန် နည်းမျိုးစုံစဉ်းစားရသည်။ နောက်ဆုံးတွင် ရယ်စရာစကားအရ အသုံးစွဲကြီးသောအိမ်တခုတွင် ဖဲဒိုင်ခံပြီး အကောက်ကောက်ရသလို ဖြစ်သွားသည်။ ယခင်အစိုးရများက ကာစီနိုကို ကန့်ကွက်သော်လည်း၊ ယခုအခါ ကာစီနိုပရိုဂျက်ကို လွှတ် တော်တွင် မဲခွဲအနိုင်ရရန် ကြံဖန်ရသည်။ ဘာသာရေး၊ လူမှုရေးအသင်းဖွဲ့များက အပြင်းထန်ကန့်ကွက်သည်။ ပြည်သူများ လောင်းကစားပွဲ ကြောင့် မိသားစုပြဿနာ၊ ရာဇ၀တ်မှုများစွာပေါ်လာနိုင်သည်ဆိုကာ ယခင်ကဖွင့်ခွင့်မရပါ။ ယခုအခါ ပါလီမန်တွင် အချေတင်ပြောဆိုခွင့် ပေးလိုက်သည်။ ပါလီမန်နှင့် သတင်းစာလူထုအော်သံများတွင် ကာစီနိုမကောင်းကြောင်း များစွာရေးကြသည်။ ပါလီမန်တွင်လည်း မလုပ် သင့်ကြောင်း အကြောက်ကန်ဆွေးနွေးကြသည်။ နောက်ဆုံးတွင် စင်ကာပူလူမျိုးများ ကာစီနိုမသွားရေးအတွက် ၀င်ကြေး ဒေါ်လာ ၁၀၀ သတ်မှတ်မည်။ သာမန်ဆင်းရဲသားများ လာပြီး၊ ဖဲရှုံး၊ ဒုက္ခမရောက်စေရန် ၀င်ကြေးဈေးကြီးကြီး သတ်မှတ်ပေးမည်။ ကာစီနို ၂ ခုလုပ်မည်ဟု ကြေညာလိုက်သည်။ လူများစိုးရိမ်မှုအားလုံးနီးပါးကို အစိုးရကကြိုတင်ကာကွယ်နည်းများစွာလုပ်ပေးကာ ပြည်သူများ၊ ဘာသာရေး၊ လူမှု ရေးအဖွဲ့အစည်းများကို ချွေးသိပ်နိုင်ခဲ့သည်။ ၂ နှစ်အတွင်း ကာစီနို ၂ ခု အပြိုင်ဆောက်လုပ်ပြီးစီးကာ လောင်းကစားပွဲများကျင်းပပြီး ၀င်ငွေ ရရှိလာသည်။ ကာစီနိုနှင့်တပြိုင်တည်း အမျိုးသမီးကြိုက် ရှော့ပင်စင်တာများ၊ ကလေးကြိုက် ဝေါ့ဒစ်စနေ၊ ယူနီဗာဆယ်စတူဒီယိုပြခန်း စသည့် ကမ္ဘာကျော် Entertainment များစွာကို တဖြေးဖြေးဆောက်ယူရသည်။
အမေရိကန်၊ လာစ်ဗွီဂတ်ကုမ္ပဏီကြီး၏ Marina Bay Sands ကာစီနို

မလေးရှားမှ ဂျန်တင်းဟိုက်လင်းကုမ္ပဏီကြီး၏ Resorts World Sentosa ကာစီနို
● ဆိုလာဆဲ စက်ရုံ
အစိမ်းရောင်စွမ်းအင် Green Energy ခေတ်စားလာချိန် ဥရောပ၊ အမေရိကား အိမ်များသည် ဆိုလာပင်နယ်များအားဖြင့် ညမီးများထွန်းရန် ကြိုးစားလာသည်။ ထိုအချိန်တွင် နော်ဝေး (ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ) မှ REC ဆိုသောကုမ္ပဏီသည် ဆိုလာစက်ရုံကို စင်ကာပူတွင် တည် ထောင်ရန်၊ နော်ဝေပြည်သူလူထုထံမှ ရှယ်ရာရောင်းပေးသည်။ ရောင်းရငွေ US$ 6.2 billions ရရှိပြီး ပရိုဂျက်စတင်သည်။ စင်ကာပူတွင် ဆိုလာဆဲပင်နယ်များကို စီမီးကွန်ဒက်တာနည်းလမ်းဖြင့် စက်ရုံတည်ထောင်ပြီး၊ စင်ကာပူတွင် အစအဆုံး ထုတ်လုပ်မည့်ပရိုဂျက်ဖြစ်သည်။
နော်ဝေးနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံကြွယ်ဝခြင်းတွင် Human Resources & Natural Resources နှစ်မျိုးစလုံးလို သည်။ စင်ကာပူ၊ ဟောင်ကောင်း၊ ဆွဒ်ဇာလန်တို့ကဲ့သို့ Human Resources တစ်ခုတည်းနှင့် ချမ်းသာသောနိုင်ငံများမှာ ချွင်းချက်ဖြစ် သည်။ နော်ဝေးနိုင်ငံသည် ရှေးယခင်ကတည်းက အေးချမ်းစွာနေထိုင်သော စကင်ဒေနီးဗီးယန်းနိုင်ငံဖြစ်သည်။ နော်ဝေးနိုင်ငံ အော်စလိုမြို့မှ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုပေးသည်။ မူလကတည်းက စစ်စရိတ်မသုံးပဲ၊ ကြားနေနိုင်ငံဖြစ်သောကြောင့် ကြွယ်ဝအေးချမ်းသည့် နိုင်ငံသည် ၁၉၆၀ နောက်ပိုင်းတွင် ကမ်းလွန်ရေနံထွက်ပြီး တစ်နှစ်လျှင် ရေနံ၊ ဓာတ်ငွေ့ရောင်းချငွေ US $ 200 billions ရရှိလာသည်။ လူဦးရေ (၆) သန်းမျှရှိသောနိုင်ငံကလေးသည် ကမ္ဘာ့အကြွယ်ဝဆုံးနိုင်ငံဖြစ်နေသည်။ ပြည်သူများထံမှ အစိုးရထောက်ခံချက်ဖြင့် REC ကုမ္ပဏီမှ အစုရှယ်ယာတောင်းခံသောအခါ၊ မိမိတို့စုဆောင်းငွေများကို ထိုကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံကြသည်။ Solar Cell business semiconductor factory ကို စင်ကာပူတွင်တည်ဆောက်ရန် ငွေအရင်းနှီးရရှိခဲ့သည်။

ထိုလုပ်ငန်းသည် အမြတ်ထွက်ဖို့မလွယ်ကြောင်းသိသိနှင့် နော်ဝေးနှင့်စင်္ကာပူ နှစ်နိုင်ငံပေါင်းပြီး REC ပရိုဂျက်ကို အကောင်အထည်ဖော် ခဲ့သည်။ နော်ဝေးနိုင်ငံသားများ အိမ်တိုင်း သူတို့အိမ်အမိုးတွင် Solar Panel ဆိုလာပင်နယ်များတပ်ဆင်ထားပါက ဒေါ်လာ ၅၀၀၀ မျှသာ ကုန်ကျမည်။ သူတို့အတွက် ထိုငွေပမာဏမှမပြောပလောက်ပါ။ ညအချိန်တွင် ဆိုလာပင်နယ်မှ လျှပ်စစ်ဓါတ်အားဖြင့် မီးတိုင်များ လင်းနေ ပါက နော်ဝေးအိမ်ရှင်များစိတ်ပျော်ကြမည်။ အနှစ် ၃၀ ခံအောင် ဆိုလာပင်နယ်ကို စီမံပြုလုပ်ထားသည်။ တရုပ်လုပ် ဈေးသက်သာသော ဆိုလာပင်နယ်များ ဥရောပသို့မရောက်လာရေးအတွက်လည်း Certificate, Class Approval များဖြင့် ကာကွယ်ထားမည်ဖြစ်သောကြောင့် သေချာပေါက် အမြတ်ရမည်ထင်ရသည်။ စင်ကာပူသည် အနှစ် ၄၀ အတွင် စီးပွားရေး၊ ပွဲစားလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာခြင်းကိုလည်း နော်ဝေးနိုင်ငံသားများက အထင်ကြီးကြသည်။ ထို့ကြောင့် Investment S$ 6 billions မှာ REC အတွက် သိပ်မခဲယဉ်းလှပါ။ စင်ကာပူ ကလည်း သူ့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံအောင် Investors များကို လိုက်လံချဉ်းကပ်ရသည်။ REC ပရိုဂျက် (၃) နှစ်အတွက် အလုပ်သမား တသောင်းကျော်အလုပ်ရပြီး၊ စင်ကာပူလုပ်သော ဆိုလာပင်နယ်များကို နိုင်ငံခြားထုတ်ရောင်းချခြင်းဖြင့် ကမ္ဘာ့ပထမဆုံး၊ အကြီးဆုံး အမြတ်အစွန်းရသော ဆိုလာပင်နယ်စက်ရုံအဖြစ် နာမည်ကျော်မည် မျှော်မှန်းခဲ့ပါသည်။ သို့သော် မှန်းချက်၊ နှမ်းထွက်မကိုက်လှပါ။ တကယ်တော့ ဈေးချိုသော တရုတ်နိုင်ငံထုတ်ဆိုလာပင်နယ်များကိုမပြိုင်နိုင်သောကြောင့် REC ကုမ္ပဏီသည် ၂၀၁၀ နောက်ပိုင်းတွင် အကြီးအကျယ်အရှုံးပေါ်လျှက်ရှိသည်။ ကမ္ဘာ့စွမ်းအင်လောကတွင် နေရောင်စွမ်းအား၊ ဆိုလာဆဲလ်ဖြင့် လျှပ်စစ်မီးထွန်းခြင်းကို မြန်မာပြည် တွင် ကြက်ဆူဆီဖြင့် စွမ်းအင်ထုတ်ရန်အတွက် ကြက်ဆူပင်စိုက်သကဲ့သို့ပင်ဖြစ်ပေသည်။
● စင်ကာပူအစိုးရ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ခြင်း
Economic Development Board အီးဒီဘီ EDB ဆိုသောအဖွဲ့ရှိသည်။ ထိုအဖွဲ့သည် နိုင်ငံတကာကုမ္ပဏီကြီးများကို စင်ကာပူတွင် သူတို့ လုပ်ငန်းများဆောက်လုပ်ရန်၊ အကြီးအကျယ်ဆွဲဆောင်လျှက်ရှိသည်။ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများက မော်တော်ကား၊ လေယာဉ်၊ အကြီးစားစက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများတွင် စင်ကာပူထက်သာလွန်ကြသည်။ စင်ကာပူက အီလက်ထရွန်းနစ်၊ အနုဇီဝသိပ္ပံ၊ ဆေးဝါး၊ ဆက်သွယ်ရေး၊ ရေနံဓာတုလုပ်ငန်းများစသည့် နည်းပညာအခြေခံလုပ်ငန်းများတွင် အားစိုက် သည်။ စီးပွားရေး၊ ငွေကြေးလုပ်ငန်းများတွင်လည်း အလေးပေးကာ၊ ကြိုးနီစနစ်နှင့် လာဘ်ပေးမှုနည်းပါးအောင်အစိုးရက ထိမ်းသိမ်းပေး သည်။ ဤသို့ဖြင့်၂၀၀၉ စာရင်းအရ စင်ကာပူသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကမ္ဘာ့နံပါတ် (၁) တွင် ရပ်တည် နေဆဲဖြစ်သည်။ အောက်ပါဇယားများအားဖြင့် စင်ကာပူအစိုးရ၏ ကမ္ဘာ့နှင့်ယှဉ်ချက်များကို မြင်နိုင်ပေသည်။

● ဆောက်လုပ်ရေးလုပ်ငန်းသဘာဝ
၁။ အလုပ်ရှင် Clients, ကွန်ဆပ်တင့်၊ မိန်းကွန်း၊ ဆပ်ကွန်းများ
လုပ်ငန်းရှင်ကုမ္ပဏီတစ်ခု (သို့မဟုတ်) အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ပရိုဂျက်စတင်လျှင် ပထမဆုံး Consultant ကုမ္ပဏီကို ငှားရပါသည်။ လုပ်ငန်းရှင်ကုမ္ပဏီနှင့် ကွန်ဆပ်တင့် နှစ်ဦးပေါင်းပြီး ပရိုဂျက်ဆွဲရသည်။ ထိုသို့ ဘီလျှံနှင့်ချီသော ဆောက်လုပ်ရေးလုပ်ငန်းများကို World Wide လုပ်ပေးနေသည့် ကုမ္ပဏီအကြီးများက ချဉ်းကပ်လာသည်။ သင့်တော်သော ကွန်ဆပ်တင့်ကိုရွေးချယ်ပြီးနောက်မှ Civil, Mechanical, Electrical အလုပ်များအတွက် နည်းပညာကုမ္ပဏီများကို ထပ်မံရွေးချယ်ရပါသည်။ ပထမကုမ္ပဏီကို မိန်းကွန်း Main Contractor ဟုခေါ်ပြီး၊ ထိုပထမကုမ္ပဏီမှ ထပ်ငှားသောကုမ္ပဏီငယ်များကို ဆပ်ကွန်း Sub Contractor ဟု ခေါ်သည်။
အများအားဖြင့် Civil work လုပ်သည့်ကုမ္ပဏီက မိန်းကွန်းတစ်ခုတည်းယူပြီး၊ ထိုကုမ္ပဏီမှ M&E စက်မှု၊ လျှပ်စစ်လုပ်ငန်းများအတွက် Sub-con ထပ်ငှားပါသည်။ နောက်ဆုံးအဆင့်တွင် OEM Original Equipment Maker ဟုခေါ်သော ပစ္စည်းရောင်းချသူများရှိပါသည်။ ဥပမာ လျှပ်စစ်မီးခလုပ်တစ်ခုကို ဆပ်ကွန်းကုမ္ပဏီ လေးတစ်ခုက တပ်ဆင်ခဲ့ပြီး၊ အလုပ်ရှင် Client မှ မကြိုက်ပါက (သတ်မှတ်ချက်နှင့်မကိုက်ညီပါက) အသစ်ပြန်လဲခိုင်းသောအခါ အဆင့်ဆင့် ညွန်ကြားရသဖြင့် အလုပ်ရှုပ်လှပါသည်။
၂။ လုပ်ငန်းခွင်ဘေးအန္တရယ်ဌာန Safety
Safety: အနောက်နိုင်ငံများတွင် လူများ ပညာတတ်၊ အသိတရားရှိသောကြောင့် မိမိအန္တရယ်ကို မိမိဘာသာကာကွယ်နိုင်သည်။ စင်ကာ ပူတွင် နိုင်ငံတကာ တရုတ်၊ ကုလား၊ မလေးရှား၊ မြန်မာ၊ ဘင်္ဂလား၊ ဖိလိပင်း စသဖြင့် အလုပ်သမားများစွာရှိသည်။ ပညာမတတ်သူများ သောကြောင့်လည်းကောင်း၊ အင်္ဂလိပ်စကား ကောင်းကောင်းနားမလည်သောကြောင့်လည်ကောင်း လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးအတွက် Safety Course, Safety Officer များစွာ တင်းကျပ်ထားရသည်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများတွင် Safety မတင်း ကြပ်ခြင်းမှာ အလုပ်သမားထိခိုက်၊ သေဆုံးမှုများကို အစိုးရက မသိချင်ယောင်ဆောင်ပြီး၊ ကုမ္ပဏီက လျော်ကြေးမပေးကြပါ။ စင်ကာပူသည် လူ့အခွင့်အရေးနိုင်ငံကြီးများနှင့်ဆက်ဆံရသောကြောင့် လျော်ကြေးပေးရသည်။ ထိခိုက်မှုအတွက် လျော်ကြေးငွေမှာ အလွန်များလှသော ကြောင့် ကုမ္ပဏီတိုင်း အလုပ်သမားအာမခံများလုပ်ထားရသည်။ အာမခံကုမ္ပဏီများကလည်း Safety သင်တန်းအောင်ရမည် သတ်မှတ်ထား သည်။ စင်ကာပူအစိုးရကလည်း Safety သင်တန်းကို အလုပ်သမား၊ ဆူပါဗိုက်စာ၊ မန်နေဂျာ စသဖြင့် အဆင့်အမျိုးမျိုး၊ သင်တန်းအမျိုးမျိုး ရှိသည်။ ထိုသင်တန်းမအောင်ပါက ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ခွင့်မရပါ။
ဥပမာအားဖြင့် ဆပ်ကွန်းတစ်ခုက လျှပ်စစ်မီးခလုပ် ၅၀ ခန့်ကို သွားတပ်ပေးရမည့်အလုပ်ရရှိပါက
၁။ ဆောက်လုပ်ရေး လုပ်ငန်းတွင်းဝင်ရောက်အလုပ်လုပ်ခွင့်လျှောက်ရသည်။ လိုအပ်ချက်များမှာ
- ဆပ်ကွန်းကုမ္ပဏီ အာမခံနှစ်စဉ်ကြေးပေးပြီး စာရွက် (လုပ်ငန်းခွင်ထိခိုက်မှုသည် ဆပ်ကွန်းတာဝန်သာဖြစ်ကြောင်း)
- အလုပ်သမားစာရင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီ မိန်းကွန်းကျင်းပသော သီးသန့် Safety Course တက်ရန်
- လျှပ်စစ်အလုပ်ဖြစ်ပါက အထူးသင်တန်းများထပ်မံတက်ရန် (ဥပမာ ..Logout, Tagout course, Clean Room rule course ..etc)
- မည်သို့အလုပ်လုပ်မည်ကို အသေးစိတ်ဖေါ်ပြချက်များ RA (Risk Assessment) and Method of Statement
- အလုပ်သမား၊ မော်တော်ယာဉ် ၀င်ထွက်ခွင့်ပါမစ်များ
- Declare Form ယူလာသည့်ပစ္စည်းများစာရင်း
- အထူးအလုပ်ပါမစ်များ ဥပမာ ဓာတ်ငွေ့၊ ဓာတုပစ္စည်များ၊ Hot work များဖြစ်သော welding ဂဟေဆော်ခြင်း၊ ဂတ်စ်ကပ်တာ gas cutting, ဂရိုင်းဒါ grinding .. စသည်တို့ကို ပြင်ဆင်ရသည်။ မိမိကုမ္ပဏီမှ မန်နေဂျာနှင့် Government certified Safety Officer များ လက် မှတ်ထိုးရသည်။ ပြီးမှ ဆောက်လုပ်ရေး၊ လုပ်ငန်းရှင်၊ ဆပ်ကွန်းတာဝန်ရှိသူများက လက်မှတ်ထိုး၊ အတည်ပြုမှ အလုပ်စတင်လုပ်ရသည်။
၂။ အလုပ်လုပ်ခွင်ဝင်သည်နှင့် Safety PPE (Personal Protective Equipment) ဟုခေါ်သော ခါးပတ်၊ ဦးထုပ်၊ မျက်မှန်၊ သံဖိနပ်၊ နားကြပ်၊ လက်အိတ် စသည်တို့ကို ၀တ်ဆင်သွားလာ၊ လုပ်ကိုင်ရသည်။ လုပ်ငန်းခွင်အတွင်း Safety PPE ၀တ်ဆင်မှုကို လိုက်ကြည့်နေသည့် တာဝန်ရှိသူများစွာရှိသည်။ သူတို့ ဓာတ်ပုံရိုက်ခံရပြီး စစ်ဆေးမေးမြန်းခံရပါက မဖြေနိုင်၊ မဖြေတတ်လျှင် မိမိကုမ္ပဏီသို့ ချက်ချင်းအတိုင် ခံရသည်။ အချို့ စည်းကမ်းကြပ်ချိန်များတွင် ထိုသူများကို ချက်ခြင်းလုပ်ငန်းခွင်မှထုတ်ပယ်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းများ ဖြစ်သွား လေ့ရှိသည်။ တစ်ယောက်၊ နှစ်ယောက်ကို စံနမူနာအဖြစ်ထုတ်ပယ်ပြလိုက်မှ ကျန်လူများစည်းကမ်းလိုက်နာလာသည်။ No compromise for Safety .. ဟု လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးကို အထူးဂရုပြုကြသည်။
၃။ အလုပ်လုပ်နေစဉ်တွင်လည်း အလုပ်သမားများကို လာရောက်စစ်ဆေးသူများ ရောက်လာတတ်သည်။ ဥပမာ .. လျှပ်စစ်အလုပ်ဆိုပါက Work Permit, RA, Method of Statement မည်ကဲ့သို့လုပ်မည်နည်း၊ ကျွမ်းကျင်သူဟုတ်မဟုတ် စစ်ဆေးတတ်သည်။ Skilled Worker များသာလုပ်ခွင့်ပေးသောကြောင့် ကုမ္ပဏီဆပ်ကွန်းများမှာ အိန္ဒိယအလုပ်သမား၊ မလေးရှားဆာရာဝပ်မှ ပညာမတတ်သော အလုပ်သများ များကို တစ်လ ဒေါ်လာ ၆၀၀ ခန့်သာ ပေးပြီးလုပ်ခိုင်းနေရသည်။ အလုပ်သမား ၅ ယောက်ခန့်ကို အုပ်ချုပ်သော ဆူပါဗိုက်ဆာတစ်ဦး အမြဲရှိ နေရသည်။ သို့မှသာ အလုပ်ကောင်းမွန်စွာပြီးနိုင်မည်။ တခါတစ်ရံ လျှပ်စစ်အလုပ်ကို လုပ်ခွင့်အထူးလက်မှတ်များ၊ ဥပမာ.. Liew License of Electrical Work များ တောင်းကြည့်တတ်သည်။
ထို့ကြောင့် ဆောက်လုပ်ရေးအလုပ်တွင် ပါမစ်များ၊ အသေးစိတ်စစ်ဆေးခြင်း၊ လုပ်ငန်းခွင်တွင်း အသေးစိတ် စစ်ဆေးခြင်းများလုပ်လာပါက တော်တော်ခက်ခဲလာတတ်သည်။ ဆူပါဗိုက်စာများသည် မိမိအလုပ်သမားများကို ကောင်းစွာထိန်းထားပြီး၊ သက်ဆိုင်ရာအလုပ်ရှင်နှင့် Safety ၀န်ထမ်းများကိုလည်း ကောင်းစွာပေါင်းသင်းထားရပါသည်။
● ၀င်ငွေနှင့်လစာ
စင်ကာပူနိုင်ငံသေးသေးကလေးတွင် ဆောက်လုပ်ရေးလုပ်ငန်းကို တပြုံကြီးလုပ်ကြပါသည်။ လူအများမြင်သော အဆောက်အဦးဆောက်လုပ်ခြင်းများတွင် ကွန်ဒိုမီဒီယံများ၊ ရှော့ပင်စင်တာများ၊ ရုံးအဆောက်အဦများ ..စသည့်ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သည်။ တနှစ်၊ ၂ နှစ်အတွင်း ပြီးစီးသွားတတ်သည်။ ကားလမ်း၊ ရထားလမ်းဆောက်လုပ်ခြင်းများမှာ နှစ်ရှည်စီမံကိန်းများဖြစ်ကြသည်။ ထိုလုပ်ငန်းအတွက် အလုပ်သမားအများစုမှာ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်နိုင်ငံသားများဖြစ်ကြသည်။ ဆောက်လုပ်ရေးအလုပ်သမားမှာ စင်ကာပူတွင် လစာအ လွန်နည်းလှပေသည်။ နေပူထဲတွင်လုပ်ကိုင်ရသဖြင့် နိုင်ငံခြားသားများသာ လုပ်ကိုင်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းထက်လစာနည်း သော ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးရောင်း စသည့်လုပ်ငန်းများမှာ အဆောက်ဦတွင်း လေအေးစက်အခန်းများတွင်လုပ်ရသောကြောင့် စင်ကာပူနိုင်ငံသား၊ ပညာမတတ်သူများလုပ်ကိုင်ကြပါသည်။
ဆောက်လုပ်ရေးထက်ပိုပြီးဝင်ငွေများသော အလုပ်ကိုင်များမှာ၊ သင်္ဘောကျင်းအလုပ်သမား၊ စက်ရုံအလုပ်ရုံများ၊ ဘဏ်များ၊ ငွေစာရင်းအင်း အလုပ်များ၊ စီမံခန့်ခွဲရေးအလုပ်များ၊ ရေနံနှင့်ဓာတုလုပ်ငန်း၊ ကမ်းလွန်ရေနံလုပ်ငန်းတို့ဖြစ်သည်။
စင်ကာပူနိုင်ငံ၊ အလုပ်မန်မနေဂျာများလစာစာရင်းကို စာရင်းအင်း၊ အချက်အလက်များမှ ထုတ်ပြန်ချက်အရ ဟိုတယ်၊ စားသောက်ဆိုင် မန်နေဂျာများမှာ လစာ စင်ကာပူဒေါ်လာ ၃၀၀၀ ပတ်ဝန်းကျင်ရရှိကြသည်။ ဆောက်လုပ်ရေးမန်နေဂျာများမှာ လစာ ၄၀၀၀ ခန့်ရရှိကြပြီး၊ သင်္ဘောကျင်း၊ ဘဏ်၊ ရေနံလုပ်ငန်းမန်နေဂျာများမှာ လစာ ၆၀၀၀ အထက်ရရှိကြသည်။ အလုပ်သမားအဆင့်တွင်မူ လစာဒေါ်လာတစ်ထောင် ပတ်ဝန်းကျင်သာရကြသည်။ အချိန်ပိုများများလုပ်မှ လစာများများရကြသော်ကြောင့် စင်ကာပူတွင် အချိန်ပိုမရှိသောအလုပ်သမားများမှာ သိပ်အဆင်မပြေကြပါ။
● ဆောက်လုပ်ရေးလုပ်ငန်းအခေါ်အဝေါ်အချို့
အောက်ဖေါ်ပြပါအချက်များမှာ ဆောက်လုပ်ရေးလုပ်ငန်းအခေါ်ဝေါ်များဖြင့်ရေးထားသည့် အလုပ်သဘောသဘာဝ၊ ရာထူးအခေါ် အဝေါ် များဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ အသေးစိတ်အခေါ်အဝေါ်များလည်းရှိသော်လည်း အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။
Civil Work
ဂျီအော်လိုဂျစ်အလုပ်များ၊ ပိုင်ရိုက်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လုပ်ငန်း (အုတ်၊သဲ၊ကျောက်)။ ငြမ်းဆင်ခြင်းနှင့် ပစ္စည်းမတင်သည့်ကရိန်းလုပ်ငန်း
M&E လုပ်ငန်း
Electrical, Air-con, Building Security, Fire Alarm, Process Facility (Water, Chemical, Gas ..etc), Equipment Facility
အလုပ်ပြီးစီးကြောင်း စစ်ဆေးခြင်း
RTO, Subcon and Main con test & commissioning.
အလုပ်ရှင်မှ စစ်ဆေးခြင်း
Client, Consultant and Main Con
Red line drawing and final drawing,
သတ်မှတ်ချက်နှင့်မကိုက်ညီချက်များ ချက်ခြင်းပြင်ဆင်ခြင်း
Client –> Main Con
Main Con –> Sub Con
Sum Con –> OEM
Service Report
Billing and Invoice for additional works, PO, DO
Payment,
တစ်နှစ်အာမခံ Warranty Period
Client – never pay additional work
Subcon to spend money
All issues , try to hid by Main Con
Client take all responsibilities
Maintenance work (normally it is sub-con by OEM or Main Con)
● မြန်မာအလုပ်သမား၊ အင်ဂျင်နီယာ၊ စူပါဗိုင်စာများ
WP အခြေခံအလုပ်သမားများဖြစ်သည်။ အေးဂျင့်များမှတဆင့် အလုပ်ခန့်သည်။ မြန်မာပြည်တွင်အေးဂျင့်များစွာရှိပြီး၊ ပထမဆုံး အလုပ် စတင်ရှာဖွေသော မြန်မာလူငယ်များစွာ အလိမ်ခံရတတ်သည်။ မိမိကိုယ်တိုင်၊ (သို့မဟုတ်) မိမိဆွေမျိုးများ ပထမဆုံး စင်ကာပူအလုပ် လုပ် မည်ဆိုလျှင် အတွေ့အကြုံရှိသူများထံ ချဉ်းကပ်၊မေးမြန်းပြီး အေးဂျင့်ရွေးချယ်တတ်ရန်လိုသည်။ ယခု ၂၀၁၂ ဆောက်လုပ်ရေးလုပ်ငန်း အတွက် လူသစ်များကို အေးဂျင့်အခ စင်ကာပူဒေါ်လာ၂၀၀၀ ခန့် (လေယဉ်ခအပါဝင်) ဈေးပေါက်သည်။
S.pass အလုပ်သမားများကို စီမံခန့်ခွဲရန်အတွက် လစာ၂၀၀၀အထက်ပေးသော ရာထူးဖြစ်သည်။ ဘွဲ့တခု (သို့မဟုတ်) ဒီပလိုမာတခု အနည်းဆုံးရထားမှ အစိုးရက S-pass ချပေးသည်။ အချို့လည်း လစာနှင့်အိုဗာတိုင် ဒေါ်လာ၂၀၀၀ ခန့်ပေးပြီး၊ တနေ့ ၁၄ နာရီခန့် နားရက် မရှိ လုပ်နေရသူများရှိသည်။ ဆောက်လုပ်ရေးကုမ္မဏီ၏ ရုံးအလုပ်၊ စာရေး၊ စာချီ၊ ငွေစာရင်းများဌာနများတွင် လုပ်ကိုင်နေသူများစွာလည်း ရှိသည်။
PR, Citizen စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရရှိသောအဆင့်ဖြစ်သည်။ စင်ကာပူနိုင်ငံသားများနည်းတူ အခွင့်အရေးများရရှိသောကြောင် သိပ် ပင်ပန်းကြီးစွာလုပ်ရခြင်းများမရှိတော့ပဲ၊ အင်္ဂလိပ်စကားနှင့် အုပ်ချုပ်မှုများကို ကျွမ်းကျင်သူများဖြစ်သောကြောင့် လစာလည်းကောင်း ကောင်းရကြပါသည်။ မြန်မာများစွာ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူသွားကြသူများ ဆောက်လုပ်ရေး၊ အထက်တန်းရာထူးများတွင် ကျွမ်းကျင်စွာလုပ်ကိုင်နေသြသည်။ ဒီဇိုင်းဌာန၊ ကန်ထရိုက်ရရှိရေးဌာန၊ ပစ္စည်းရောင်းဝယ်ရေးဌာန စသည့်အရေးပါသောဌာနများတွင် လုပ်ကိုင်ကြသည်။ ထိုသူများသည် စင်ကာပူ ပိုလီဒီပလိုမာ၊ စင်ကာပူတက္ကသိုလ်များမှာ ဘွဲ့များ၊ မာစတာဘွဲ့များကို ရရှိထားကြသူများ ဖြစ်ကြသည်။
● မြန်မာများအတွက် အလုပ်အကိုင်အလားအလာ
ဆောက်လုပ်ရေးအလုပ်အကိုင်များမှာ အမြဲတမ်းရှိနေမည်ဖြစ်သည်။ စင်ကာပူတွင် မြေတကွက်ကို နှစ် ၃၀ ခန့်သာ အစိုးရဂရမ်ပေးထားသော ကြာင့် အားလုံးသောလုပ်ငန်းအဆောက်အဦများမှာ သက်တန်းပြည့်ပါက အစိုးရကပြန်သိမ်း၊ လေလံပစ်၊ အဆောက်အဦး ဟောင်းများကို ဖြိုဖျက်ကာ အသစ်ချက်ချွတ်များကို အဆက်မပြက်ဆောက်နေရပါသည်။ အချို့အလုပ်ရုံ၊ ရှော့ပင်စင်တာ၊ စက်ရုံများ၊ ဟိုတယ်များ၊ ကွန်ဒို လူနေအဆောက်အဦများကို သတ်မှတ်ချိန်မတိုင်မီပင် လျော်ကြေးပေးကာ ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်ဆောက်လုပ်ကြသည်။
နောင်တွင် မြန်မာပြည်တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများစွာပေါ်ပေါက်လာမည်ဖြစ်သောကြောင့် ပညာမတတ်သော၊ လယ်သမား အဆင့် မြန်မာများသာ စင်ကာပူဆောက်လုပ်ရေးအလုပ်များကို လာရောက်လုပ်ကိုင်ဖွယ်ရှိသည်။ (သို့မဟုတ်) စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမား လုံးဝမရှိတော့ပဲ၊ မြန်မာလူမျိုး အရာရှိ၊အင်ဂျင်နီယာများသာ လုပ်ကိုင်ကြမည် မျှော်လင့်ပါသည်။
အနာဂတ်အတွက် အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာများ လုပ်ချင်တော့မည်မဟုတ်ပါ။ သို့သော် ကျွမ်းကျင်မှု လိုအပ်သော စက်ရုံ၊ ရေနံဓါတု၊ ကမ်းလွန်ရေနံတူးစင်၊ ရေနံတင်သင်္ဘော၊ စသည့် အဆင့်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လစာ ကောင်းကောင်းပေးနေမည်ဖြစ်သောကြောင့် မြန်မာအလုပ်သမား၊ စူပါဗိုက်စာ၊ အင်ဂျင်နီယာများ ဆက်လက်ဈေးကောင်းနေမည်သာဖြစ် သည်။

….. ….. …… ….. ….
၁၃ ဇန္န၀ါရီ၂၀၁၂ မှာ ရှစ်လေးလုံးကျောင်းသားဟောင်းများ၊ သံယာအရေးအခင်းလှုပ်ရှားသူများနဲ့ ယုံကြည်ချက်ဖြင့်အကျဉ်းကျနေသူများစွာ၊ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီး (ပြုတ်) ဦးခင်ညွန့်တို့အပါဝင် လွတ်မြောက်လာကြပါပြီ။ သမ္မတကြီးဦးသိန်းစိန်နဲ့အစိုးရသစ်ရဲ့ စနစ်တကျပြုပြင်ပြောင်းလဲမှုများဟာအံ့သြစရာကောင်းလှအောင်စနစ်ကျလှပါတယ်။ ကျွန်တော်လည်းစစ်အာဏာရှင်စနစ်ကျဆုံးရေးလှုပ်ရား၊ရေးသားမှုများကိုရပ်ပြီး၊ ၀ိသမစီးပွားရေးသမားများကြားမှာ စစ်မှန်သောမျိုးချစ်စိတ်နဲ့စီးပွားရေးတောင့်တင်းခိုင်မာတဲ့ အမိမြန်မာပြည်သစ်ကြီးအတွက် သဲတပွင့်လောက် အထောက်ကူပြု စာများ ရေးချင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုသည်မှာ ပထမဆုံးစိးပွားရေးလုပ်ငန်းအဖြစ်မြန်မာပြည်မှာပွင့်လန်းလာတော့မှာပါ။ အာဏာရှင်ဗိုလ်ချုပ်ကြီးနဲ့ပိုင်လို့ ကန်ထရိုက်ပါမစ်ရသွားတဲ့လူ မိုးကျရွှေကိုယ်များကတော့ရှိနေဦးမှာဖြစ်ပေမဲ့ ..အနစ်နာခံ လုပ်သွားခဲ့တဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာများ (ယခုအခါ ..ဒုက္ခရောက်၊ ဆင်းရဲနေသူ များစွာ) မြန်မာပြည်တွင်းမှာ ရှိနေပါတယ်။ ၀ိသမလောဘသမားများ ကြီးစိုးထားတဲ့ မြန်မာပြည်ဆောက်လုပ်ရေးလောကကို ပြုပြင်ပြောင်းလဲအောင် သမ္မတကြီးဦးသိန်းစိန်အစိုးရ ကိုင်တွယ်နိုင်မယ်မျှော်လင့်ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes