Saturday 21 May 2011
အကောင်မပေါက်သော်လည်းဝပ်နေတဲ့မြို့လေး (ကြည်တင်ဦး- မဲဆောက်)
ဒီမြို့လေးဟာ
နေတတ်ရင်ကျေနပ်စရာ
အသက်ဝဝရှူခွင့်ရသောနေရာလိုလို….၊။
သို့ပေမယ့်လည်း မနေတတ်ရင်တော့ မကျေနပ်စရာ
ဒေါ်လာရှာသူဖုန်းစား အရွယ်စားစုံသောနေရာလိုလို………။
ဒီမြိုလေးမှာ နိုင်ငံရေးတက်ကြွလုပ်ရှားသူများစာရင်းကလည်း
အရင်ရောက်နှင့်သူလူဟောင်းက လူဟောင်းအခွင့်အရေးပရိုမိုးရှင်းသုံးရင်း
နောက်ထပ်လူမတိုးရဆိုတဲ့ ဥပဒေလိုလိုအာဏာတည်မယ့်
အမိန့်ကြေညာစာနဲ့ ပိတ်သိမ်းထားပြီးဖြစ်တယ်….၊
ဒီမြို့လေးမှာ
တချိန်ခါက ခေတ်စားခဲ့တဲ့ သေနတ်ပြောင်းဝရှေ့မှအာဏာ
ကာလရွေ့လျှားပြောင်းလဲသွားတယ်….၊
ဒီလိုနဲ့
ဒေါ်လာစားတို့လက်ထဲရောက်တော့
ပါးစပ်ပြောင်းဝအောက်မှာအာာဏာရောက်နေတယ်…..၊
ဒီမြို့လေးနဲ့ ဟိုမြို့လေဟာ အတူတူပါပဲလို့ထင်ရပါရဲ့
အာဏာ…… ငွေ…..
ဆွေတော်မျိုးတော်.. ကျေးတော်ကျွန်တောာ်မျိုး….
တစ်မျိုးမျိုးမှာပါဝင်သော ဒီမိုကရေစီချစ်သူအားလုံး
လူ့အခွင့်အရေးနားလည်သူအားလုံး
သူတို့ရဲ့ရန်သူလုံးလုံးဖြစ်ကုန်တယ်….။
ဒီလိုဆိုတော့ ဒီမြို့လေးရဲ့
အင်္ကြီးအကျယ်လွဲချော်မှုကြီးနဲ့ တော်သင့်ရာနေရာ
ပါးစပ်ကျည်လွတ်ရာကိုရွေး ဝပ်ကျင်းလေးထဲမှာဘဲ
ငါနေတယ်….
ဒီမြို့လေးမှာရှိတဲ့ ဝပ်ကျင်းတွေဆိုတာလည်း
စက်ရုံလိုလို……. ကျောင်းလိုလို….
လ္ဘက်ရည်ဆိုင်လိုလို….. အင်န်ဂျီအိုလိုလို…..
ရုံးလိုလို……. ထောင်လိုလို…..
ဘာလိုလိုကြီးထဲမှာ မိုလင်းမိုးချုပ်
အလုပ်……လုပ်ရင်း လုပ်ချင်ယောင်ဆောင်သူများရဲ့
ဥမကွဲသိုက်မပျက် ရှေ့ခရီးဆက်မယ့်
ခေတ္တနားခိုလို့ရတဲ့ ဇရပ်တွေသာဖြစ်တယ်…..။
ဒီဝပ်ကျင်းလေးထဲမှာ
ငါကိုယ်ငါ ငါကိုယ်တိုင်တောင်မသိနိုင်တော့တဲ့
အညတြသူရဲကောင်းတစ်ဦးရဲ့ ခွေးကလေးခုန်
ဖုံ ထ မာန်ဖီစာတွေ
အချိန်မှန်မှန် ငါရေးတယ်……။
ဒီဝပ်ကျင်းလေးထဲမှာ
ဘာတုန့်ပြန်ချက်မှမခံစားရတဲ့
ချစ်တီးခေါင်းသန်းရှာ ဒိုင်ယာလော့ကို
အာဂလုဖြစ်ဖို့အာဂုံဆောင်ရင်း
ယုတ္တိတန်သောဆင်ခြေများလည်း
အရေးပေါ်တီထွင်ထုပ်လုပ်ရသေးတယ်…..။
ဒီမြို့လေးထဲမှာ
အခါကြီးရက်ကြီးတွေရောက်ရင် ဒီမိုကရေစီနဲ့ပတ်သက်သော
ပွဲလမ်းသဘင်များကျင်းပကြတယ်….။
ဒီလိုပါပဲ ငါစောင့်စားနေတဲ့ ဒီလိုပွဲကြီးတွေမှာ ဈေးသယ်မခေါင်းပေါ်က
ရေထိဟင်းရွက်တွေလို အဲဒီအခါမှာ ငါ့ရဲ့…… ဇာတိပွတ္တိမာန်မာနများ
ရုန်းကန်လွတ်ထွက် ထောင်းထောင်းထလျှက် သောင်းကျန်းစက်တတ်တယ်……။
ဒီမှာတင်
ဒီမြို့လေးထဲမှာ
ရွေ့ရှားမှုများရဲ့နိဂုံးဖြစ်လိမ်မယ်လို့တစ်ပေးခံထားရတဲ့
အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ဟာ ငါတို့တတွေရဲ့
နောက်ဆုံးလက်ကျန်အရက်တစ်ခွက်ဖြစ်ထိုက်တယ်လို့
ဗျာဒိတ်တော်ရမဟာ ဆောာင်ကြာမြိုင် အုပ်စုကနှပ်ကြောင်းပေးနေတဲ့
ယခုလို “ အ “ ကာလမှာ…..။
ပစ်တိုင်းထောင်ကြိုးရှုပ်နေတဲ့ စစ်အုပ်စုရဲ့မျက်လှည့်ပွဲ
၂၀၀၈-ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေတွေနဲ့
ရွေးကောက်ခံသမ္မတ ချည်ခင်အူပေါက်တစ်ထွေးကို
ငါတစ်စစီမြေချရင်းတစ်ပင်ချင်းရှင်းနေတယ်….။
ငါကြိုးပမ်းနေတယ်….။
ဒီမြို့လေးထဲက ငါနဲ့ယုံကြည်ချက်ပေါ်မှာ
အကောင်မပေါ်က်သော်လည်း ငါဝပ်နေဆဲပါပဲ…။
ဒီမြို့လေးထဲမှာ တစ်ဖက်မှာလည်း
အမျိုးထိရင်မချိအောင်နာစရာ သူဖုန်းစားကလေးသူငယ်များ
ဘဝပြောင်းလဲမြှင့်တင်ရေး ငါကြိုးပမ်းနေတယ်…။
ဒီမြို့လေးထဲမှာ
ငါဝပ်နေသောဝပ်ကျင်းများက သူဖုန်းစားများကျောင်းကိုသွားပြီဆိုရင်
ကလေးသူငယ်များအခွင့်အရေးဥခွံကွဲ အကောင်ပေါက်ပွဲကထင်ရှား
လူသိရှင်ကြားဖြစ်ကြရပေလိမ့်ဦးမည်…။
ကြည်တင်ဦး (မဲဆောက်)
Black & White To Colour Photo
Black & White To Colour Photo
ထုံးစံအတိုင်းပြင်မယ့် ပုံကို Photoshop နဲ့ဖွင့် Duplicate layer လုပ်ထားပေါ့။ ပြီးရင်Polygonal Lasso tool နဲ့ အကျီကို သပ်သပ်ယပ်ယပ်လေး Select လုပ်ပေးပါ .. ။ဒီ Tutorial မှာ Select က အသက်ဖြစ်ပါတယ်။
Polygonal Lasso tool ကိုလူသိပ်မသိတာလေး တစ်ခုရှိတယ်ဗျ .. ။ အဲဒါက selection လုပ်ပြီးလို့အောက်ပါပုံအတိုင်း ပိုနေတာ တွေ လိုနေတာတွေ ရှိလာရင် အစက ပြန်မလုပ်ပဲပြင်လို့ ရတယ်ဆိုတာကိုပါ။
Polygonal Lasso tool ရဲ့ အပေါ် Attribute bar မှာ Add to selection ဆိုတာလေး နှိပ်ပေးလိုက်။
Tool မှာ + လေး ပေါ်လာတယ် .. အဲဒါဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း လိုတဲ့ နေရာလေးကို ပြန်ဖြည့်ဆွဲ ပြီး Select ပြန်လုပ်လို့ ရပါတယ်။
အဲလိုပဲ Subtract from selection ဆိုတာကို နှိပ်ကြည့်လိုက်ပါ။
Tool မှာ - ပေါ်လာပါတယ်။ ပိုသွားတာတွေ ပြန်နှုတ်လို့ ရပြီပေါ့ .. ။
ကဲ ပြန်ဆက်ကြရအောင် .. အောက်ပါအတိုင်း Selection လုပ်ပြီးသွားပါပြီ။
Image - Adjustments - Hue/Saturation (or) Ctrl+U ကိုနှိပ်ပါတယ်။ အောက်ပါတန်ဖိုး အတိုင်းရအောင် ချိန်ကြည့်လိုက်ပါ။
အောက်ပါ ပုံအတိုင်းရလာပါမယ်။
ဒီတစ်ခါဘောင်းဘီကို Select ထပ်လုပ်ပါတယ်။ နေရာတွေ ကွဲနေတာ ဖြစ်လို့ ဥာဏ်ရှိသလိုလုပ်နိုင်ပါတယ်။ ပြီးရင် ခုနက အတိုင်းပဲ Ctrl+U နှိပ်ပြီး အစိမ်းရောင်ဖြစ်အောင် ချိန်ကြည့်ပါ။
သဘောပေါက်မယ်ထင်ပါတယ်... မိမိ နှစ်သက်သလို အရောင်တွေ ပြောင်းနိုင်ပါတယ်။ အဓိက ကတော့ Selectionသပ်ယပ်ဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဖိနပ်၊ မျက်လုံး၊ နှုတ်ခမ်း၊ အသားရောင်၊ဆံပင်တွေ ကို အရောင်ဖြည့်လိုက်ပါတယ်။ အခက်အခဲတစ်ခုက အသားရောင်ပါ။အသားအရောင်အတွက် က အောက်ပါ တန်ဖိုး အတိုင်း လိုက်ဖြည့်ကြည့်ပါ။
ကျန်တာတွေက လွယ်ပါတယ် အဆင်ပြေမယ်ထင်ပါတယ် .. ။ အားလုံးပြောင်းပြီး သွားတဲ့နောက် အောက်ပါပုံအတိုင်း လှသွားပါတယ်။
အဆင်ပြေကြပါစေဗျာ .. ဒီတစ်နည်းတည်းကို Repeat နဲ့ပြောနေရမှာစိုးလို့ နည်းနည်း အကျဉ်းချုပ်လိုက်ပါတယ် ။
အဆင်ပြေကြ ပါစေဗျာ ....
AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါသုံးနိုင်မည့် ဆေးသစ်တစ်မျိုးစမ်းသပ်အောင်မြင်
စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။
ရေယုန်ရောဂါ အပါအ၀င် ရောဂါအချို့ ဖြစ်ပွားစေသော Herpes ဗိုင်းရပ်စ်မျိုးနွယ်စုဝင် Cytomegalovirus ခေါ် CMV ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ ပါဝင်သော အဆိုပါ ဆေးဝါးသည် မျောက်များ၏ ကိုယ်ထဲသို့ HIV ဗိုင်းရပ်စ် ပထမဆုံး အကြိမ် ကူးစက်ဝင်ရောက် လာပါက လျင်မြန်စွာ တိုက်ထုတ် ချေမှုန်းနိုင်ရေး ပြင်ဆင်ထားရန် ခုခံအားစနစ်အား အချက်ပေးနိုင်စွမ်း ရှိကြောင်း တွေ့ရသည်။ အဆိုပါ ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ် အသုံးပြုနိုင်ရန် သုံးနှစ်အတွင်း အဆင်သင့်ဖြစ်မည်ဟု သူထင်ကြောင်း ဤလေ့လာမှုကို ဦးဆောင်ခဲ့သူ အိုရေဂွန်ပြည်နယ် အမျိုးသား ဥာဏ်ရည်မြင့် နို့တိုက်သတ္တ၀ါများ သုတေသနစင်တာ (Oregon National Primate Research Centre)မှ ဒေါက်တာ လူးဝစ်ပစ်ကာက ပြောကြားသည်။
CMV ဗိုင်းရပ်စ်သည် HIV ပိုးနှင့် ပတ်သက်၍ ဆက်တိုက် တစ်သမတ် နိုးကြားနေမှုကို ကိုယ်တွင်း၌ ဖြစ်ပေါ် နေစေကြောင်း၊ လူသားများတွင် ကူးစက်နိုင်သော HIV ပိုးနှင့် တစ်မျိုးစိတ်တည်း ဖြစ်သည့် မျောက်များတွင် ကူးစက်သော ခုခံအားကျဆင်းမှု ဗိုင်းရပ်စ် (Simian Immunodeficiency Virus, SIV) နှင့် စမ်းသပ်ရာတွင် အထူးကျေနပ်ဖွယ်ရာ ရလဒ်ကို ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
ကမ္ဘာတစ်ဝန်း၌ လက်ရှိ အသုံးပြုနေဆဲ သာမန် HIV ပိုးသတ်ကုထုံးများ (Conventional Antiretroviral Therapies) သည် HIV ပိုး ပျံ့ပွားခြင်းကို ထိန်းချုပ်နိုင်ရုံသာ တတ်နိုင်ပြီး သွေးဖြူဥဆဲလ်များ အတွင်း၌ တွယ်ကပ်ပုန်းအောင်းနေသော ပိုးများကို အပြီးသတ် ရှင်းထုတ်သုတ်သင်နိုင်စွမ်း မရှိသေးပေ။
HIV ဗိုင်းရပ်စ်ကို အဆင့်မြင့် အဏုကြည့်မှန်ဘီလူးဖြင့် မြင်ရပုံ
သို့သော် အဆိုပါ စမ်းသပ်ဆဲ ဆေးဝါးဖြင့် ကုသအပြီး၌ အစမ်းသပ်ခံ မျောက်များ၏ တစ်ဝက်ကျော်သည် အနည်းဆုံး ပိုးပမာဏအထိ အာရုံအခံနိုင်ဆုံး စမ်းသပ်မှုများ ဖြင့်ပင် SIV ဗိုင်းရပ်စ် ကိုယ်ထဲ၌ လုံးဝ မတွေ့ရတော့ကြောင်း သိရသည်။ ထို့အပြင် ထိုမျောက်များ၏ အများစုသည် အဆိုပါ ခုခံအားကျ ရောဂါပိုးကို တစ်နှစ်ကျော် အထိ ခံနိုင်ရည် ရှိပြီး တဖြည်းဖြည်းနှင့် ၄င်းတို့သည် ဗိုင်းရပ်စ်ကုစက်ခံရမှု ခံရဖူးသော လက္ခဏာများပင် ပျောက်ကွယ်သွားသည်ကို တွေ့ရသလို လုံးဝ ကာကွယ်ဆေး ထိုးမထားသော မျောက်များ သည် ကိုယ်ခံအားစနစ် ပျက်ယွင်းကာ AIDS ရောဂါ ဆက်လက် ခံစားရကြောင်း တွေ့ရသဖြင့် ဆေး၏ အာနိသင်ကို လက်တွေ့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း၊ ဤအစွမ်းသည် လူသားခန္ဓာအတွင်းမှ HIV ပိုးကို ဖယ်ရှားပစ်နိုင်ရန် လုံလောက်သော အတိုင်းအတာ ဖြစ်သောကြောင့် ကာကွယ်ဆေး အဖြစ်သာ မက ကုသဆေးအဖြစ်ပါ သုံးနိုင်မည်ဟု သုတေသန စာတမ်း၌ ဖော်ပြပါရှိသည်။
“ဒီဆေးရဲ့ တိုးတက်မှု နောက်ခြေတစ်လှမ်း ကတော့ လူသားတွေမှာ ဆေးသုတေသန စမ်းသပ်ချက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူမှာ စမ်းမယ် ဆိုရင် CMV ဗိုင်းရပ်စ်ဟာ ရောဂါပေးနိုင်လောက်တဲ့ အထိ အစွမ်းမရှိတာမျိုးပဲ သုံးမှာပါ။ ဒါပေမဲ့ ဆေးရဲ့ HIV ပိုးကို ကာကွယ်တိုက်ခိုက်နိုင်စွမ်း ကတော့ ကျသွားမှာ မဟုတ်ပါဘူး။ ရောဂါပေးနိုင်စွမ်း အရမ်းနိမ့်တဲ့ CMV ပိုးရဲ့ မျိုးရိုးဗီဇ ဒီဇိုင်းကို ပထမဆုံး လုပ်ငန်းစဉ် အနေနဲ့ ကျွန်တော်တို့ ဖန်တီးနေကြပါပြီ” ဟု ဒေါက်တာပစ်ကာက ရှင်းပြသည်။
ထို့အတူ ယခု သုတေသနကို ရံပုံငွေ ထောက်ပံ့ပေးခဲ့သူ နိုင်ငံတကာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ဆေး ဦးဆောင်ရှာဖွေရေး အဖွဲ့ (IAVI) ၏ သိပ္ပံအရာရှိချုပ် ဒေါက်တာဝိန်းကောဖ့် ကလည်း “တိရိစ္ဆာန်တွေမှာ ရှိတဲ့ HIV ပိုးကို တိုက်နိုင်တဲ့ ဒီဆေးသာ လူသားတွေကိုယ်မှာ တူညီတဲ့ အာနိသင် ပထမဆုံး အဖြစ် ပြနိုင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်ဟာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လူသားရဲ့ ကိုယ်ခံအားစနစ်ဟာ HIV ပိုးကို ပြီးသွားတဲ့ အနေအထားမျိုး ရောက်လာဖို့ ဖြစ်နိုင်ချေတွေ အများကြီး တွေ့နေရပါပြီ။ ဒီစမ်းသပ်ချက်တွေကနေ AIDS ရောဂါ ကာကွယ်ကုသဆေးကို ဘယ်လို ဖော်စပ်ရမလဲ ဆိုတဲ့ အချက်တွေ သိရတော့မှာ ဖြစ်ပါတယ်” ဟု Daily Mail သတင်းဌာနသို့ ပြောပြခဲ့သည်။
လက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၉၀၀ ခန့်တွင် ၃၃.၃ သန်းသည် HIV ပိုးကူးစက်ခြင်းကြောင့် ဖြစ်ရသော AIDS ခေါ် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရကြောင်း နှင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၅ သန်း သေဆုံးစေခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။ အကာအကွယ်မဲ့ လိင် ဆက်ဆံ
ခြင်းမှ အများဆုံး ကူးစက်ပြီး အပ်ဝေမျှ သုံးသော မူးယစ်ဆေးစွဲသူများ၊ ရောဂါရှိသူ မိခင်၏ ရင်သွေးများ၊ သွေးနှင့် ခန္ဓာကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်စွမ်းများ စသဖြင့် ရှိနေပြီး ကာကွယ်ရန် နည်းလမ်းများ ထိရောက်မှု နည်းနေသောကြောင့် ရောဂါပိုး ရှိသူအရေအတွက် တိုးလာနေသော ယနေ့ ကမ္ဘာကြီးတွင် ကာကွယ်ဆေးသည်သာ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်သည်ဟု ပညာရှင်များက ဝေဖန်သုံးသပ်ကြ သည်။
ကမ္ဘာ့ဆေးကုမ္ပဏီကြီးများနှင့် ဆေးသိပ္ပံပညာရှင်များသည် ဤသုတေသန ရလဒ်မှ HIV ကာကွယ်ဆေး ပေါ်ထွန်းလာရေး အတွက် ပူးပေါင်း ကြိုးစားကြမည်ဟု အင်တာနက် သတင်းများ အရ ကြားသိရသည်။
ဒေါက်တာ သီဟသစ်........
Friday 20 May 2011
အမေ
  • သူမဟာ
    ဒီကမ္ဘာမှာ အလှဆုံး
    အပြုံးများရဲ့အရှင် နှလုံးသားကဖြူစင်သူ။။။
  • သူမပေါ့
    ရယူလိုခြင်းဆိုတာကိုမသိ
    ပေးဆပ်ခြင်းအတိနဲ့ ဘဝကိုရှင်သန်ခဲ့သူ။။။
    သူမလေ
    မေတ္တာတွေ စုန်စုန်စီးပြီး
    ဆန်တက်လာမယ့်ရေစီးကို မမျှော်လင့်တတ်သူ။။။
    သူမက
    သာမာန်အချိန်မှာ နူးညံ့တဲ့သမီးပျို
    သားသမီးအတွက်ဆို အစွယ်ထက်တဲ့ကျားသစ်လိုသူ။။။
    သူမကိုယ်ထက်
    သားသမီးအတွက်ကို ကြည့်တတ်လွန်းလို့
    ထမင်းဝိုင်းတိုင်းမှာ ဟင်းတစ်ခွက်ပျောက်နေတတ်ခဲ့သူ။။။
    သူမကလေ
    မီးထက်ပူတဲ့ သမီးတွေနဲ့
    ကျားထက်ဆိုးတဲ့ သားတွေကို အတိုးချပြီး ချစ်ပြတတ်သူ။။။
    သူမအတွက်
    စိန်နားကပ်တစ်ရံ ဆိုတာထက်
    သားသမီးကကန်တော့တဲ့ ပုံတော်ဖိနပ်တစ်ရံအတွက် ခေါင်းမော့ထားတတ်သူ။။။
    သူမရဲ့လက်က
    ပုခက်ကိုပဲ လွှဲတယ်
    ဒါပေမယ့် ကမ္ဘာကြီးကို အုပ်စိုးတယ်။။။
    သူမရဲ့ ကျေးဇူးဂုဏ်က
    ကောင်းကင်ထက်ကျယ်ပြီး၊ကမ္ဘာထက် ကြီးတယ်
    ဖွဲ့နွဲ့တင်ပြလို့တောင် ပြီးမယ်မထင် လောကတစ်ခွင်စာတင်သူ။။
    သူမကိုလေ
    မရှိတော့တဲ့သူတွေ သတိရကြပါ
    ရှိနေသေးသူတွေ ဂရုစိုက်ကြပါ ကမ္ဘာ့အရှားပါးဆုံးရတနာမို့။။။
    သူမပေါ့
    လူတိုင်းမှာရှိပေမယ့် လူတိုင်းနဲ့မဆိုင်
    လူတစ်ယောက်တိုင်းက တစ်ဦးတည်းသာပိုင်ဆိုင်ခွင့်ရတဲ့သူ။။။
    သြော်..သူမဟာ
    ကမ္ဘာပေါ်မှာ အလှဆုံး
    အပြုံးများရဲ့အရှင် နှလုံးသားကဖြူစင်သူ။။။
    ပုခက်လွှဲတဲ့ လက်အစုံနဲ့ ကမ္ဘာကုန်ကျယ်သရွေ့ စိုးမိုးသူ။။။။။။။
    လေးစားလျက်
    အလင်းသစ်
  • ပြုံးပါ..
    လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။
    မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။
    နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ
    ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။
    အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို လှုံ့ဆော်ပေးခြင်းတစ်မျိုးပါ။
    ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါ။
    အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါ။
    အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါ။
    စိတ်ထိခိုက်ကြွေကွဲချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းတစ်မျိုးပါ။
    ကဲ့ရဲ့လှောင်ပြောင်ခံရချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားပေးခြင်းတစ်မျိုးပါ။
    ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခက်အခဲမှာဖြစ်ဖြစ် နေ့တိုင်း ပြုံးနိုင်ဖို့ ကြိုးစားပါ။
    ဘာအခက်အခဲကြုံကြုံ အမြဲပြုံးနိုင်ဖို့
    နိုင်းနိုင်းစနေ ဘာသာပြန်သည်။
    ခင်မင်စွာဖြင့်
    ဘဝရှင်သန်နည်းများ
    သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
    သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။
    သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။
    သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။
    သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။
    (၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။
    လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။
    "ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။
    စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။
    ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။
    လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။
    (၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။
    လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။
    အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။ ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။
    နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင် ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။
    (၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ ရှုံးတာပဲရမယ်။
    လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ တခဏတွင်းမှာရတဲ့ အောင်နိုင်မှုကိုခေါ်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ ကြံ့ကြံ့ခံနိုင်သူမှ တကယ့်အောင်နိုင်သူဖြစ်တယ်။ လူ့ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကျွန်တော်တို့သတ်မှတ်လို့ မရဘူး။ ဒါကြောင့် ဘဝရဲ့ဘယ်အချိုးအဆစ်မှာဖြစ်ဖြစ် ကျွန်တော်တို့ အားမလျော့သင့်ဘူး။ မျှော်လင့်ချက်တွေနဲ့ အမြဲပြည့်နေသင့်တယ်။
    နာကျင်မှုကြောင့် သင့်ရဲ့ရွေးချယ်မှုကို လက်မလွတ်ပါနဲ့။ တကယ့်အောင်နိုင်သူဆိုတာ တခြားလူထက် ပေးဆပ်မှုများပြီး တခြားလူထက် ဆင်းရဲဒုက္ခ ပိုတွေ့ကြုံရတာလေးပါပဲ။ နာကျင်ပေမယ့် ရွေးချယ်မှုကို လက်မလွတ်တဲ့လူသာ အောင်မြင်မှုကို ရမှာဖြစ်တယ်။
    ဇာမဏီငှက်တွေဟာ ပြင်းထန်တဲ့နာကျင်ခက်ခဲမှုတွေကို တွေ့ကြုံခံစားရပြီးမှ လှပတဲ့ ခန္ဓာနဲ့အမွှေးအတောင်ကို ရခဲ့တာဖြစ်တယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုက မတော်တဆရတာမျိုး မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ ရလာတာဖြစ်တယ်။ လူတွေက သူ့ရဲ့အောင်မြင်မှုကိုသာ တွေ့တယ်။ အဲဒီအောင်မြင်မှုဆီရောက်ဖို့ သူရင်းခဲ့တဲ့ သွေးနဲ့ချွေးတွေကိုတော့ သူကိုယ်တိုင်ပဲသိပါတယ်။
    (၄) လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။
    မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလှမ်းတစ်လှမ်းရဲ့အောက်မှာ ရှိတယ်။ ခြေတစ်လှမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။ ချောင်းမြောင်းတွေ မပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာ မဟုတ်ဘူး။
    ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည် မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။
    (၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်က အကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။
    (၅) လူ့ဘဝမှာ ဒီလို ထူးဆန်းမှုတွေ အများကြီးရှိတယ်။ တိမ်ပေါ်တက်ဖို့ထက် ခက်တယ်လို့ ထင်မြင်ရတဲ့ အခက်အခဲတွေက တစ်ခါတလေမှာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်သွားနိုင်တယ်။ ဒါဟာ လွန်ကဲတဲ့ ယုံကြည်မှုကြောင့်ဖြစ်တယ်။
    ဟိုးရှေးရှေးတုန်းက ဆင်းရဲသား ဆိတ်ကျောင်းသားတစ်ဦးဟာ လူမမယ်ကလေးငယ်နှစ်ယောက်နဲ့အတူ ဆိတ်ကျောင်းရင်း အသက်မွေးဝမ်းပြုတယ်။ တစ်နေ့မှာ ဆိတ်ကျောင်းရင်း တောင်ကုန်းတစ်ကုန်းပေါ် သူတို့ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ဘဲတစ်အုပ်က အသံတစာစာနဲ့ သူတို့အပေါ်ကနေ ဖြတ်ပျံသွားတယ်။ သားငယ်က ဆိတ်ကျောင်းသားဖခင်ကို "ဖေဖေ.. ဖေဖေ.. ဒီဘဲအုပ်တွေ ဘယ်ကိုပျံသန်းကြသလဲ"လို့ မေးတယ်။ "ဆောင်းခိုဖို့ နွေးတဲ့အရပ်ဆီ ပျံသန်းသွားကြတာပါ" လို့ ဖခင်က ဖြေပါတယ်။ အဲဒီမှာ သားကြီးက အားကျတဲ့မျက်လုံးနဲ့ "ကျွန်တော်တို့လည်း ဘဲတွေလို ပျံသန်းနိုင်ရင် အရမ်းကောင်းမှာပဲ။ တကယ်လို့ ပျံသန်းနိုင်ရင် ဘဲတွေထက် ပိုမြင့်အောင် ကျွန်တော်ပျံသန်းပြီး ကောင်းကင်ထက်မှာ မေမေရှိတဲ့နေရာကို အရောက်သွားမယ်" လို့ ဆိုတယ်။ သားငယ်ကလည်း "ပျံသန်းတတ်တဲ့ ဘဲတစ်ကောင်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ဆိတ်ကျောင်းစရာမလိုတော့ဘူး။ ကိုယ်သွားချင်တဲ့နေရကို ပျံသန်းသွားလို့ရတယ်" လို့ဆိုတယ်။
    ဆိတ်ကျောင်းသားဖခင်က ခဏလောက် တိတ်ဆိတ်သွားပြီး သားနှစ်ယောက်ကို "သားတို့တကယ်ဖြစ်ချင်ရင် တကယ်ပျံနိုင်လိမ့်မယ်" လို့ဆိုတယ်။
    ဖခင်စကားအတိုင်း သားနှစ်ယောက်လုံး စမ်းပျံကြည့်ကြတယ်။ ဒါပေမဲ့ ထပျံလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကိုနှစ်ယောက်စလုံး ဖခင်ကို သံသယမျက်လုံးနဲ့ ကြည့်ခဲ့ကြတယ်။ ဖခင်က သူပျံပြမယ်ဆိုပြီး ထပျံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ "ဖေဖေက အသက်ကြီးလို့ မပျံနိုင်တော့တာပါ။ သားတို့က ငယ်သေးတယ်။ မပြတ်ကြိုးစားပြီး ပျံကြည့်ပါ။ တစ်နေ့မှာ ပျံသန်းနိုင်ပြီး သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်" လို့ ပြောခဲ့တယ်။ ဖခင်ရဲ့စကားကို သူတို့စွဲစွဲမြဲမြဲမှတ်သားပြီး မပြတ်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ပြီး သွားလိုရာကို သူတို့ရောက်ခဲ့ကြတယ်။
    လူတစ်ယောက်ရဲ့ရင်ထဲမှာ ယုံကြည်မှုဆိုတာရှိပြီး ကြံ့ကြံ့ခံ မပြတ်ကြိုးစားခဲ့ရင် အောင်မြင်မှုကို မလွဲမသွေရမှာ အမှန်ဖြစ်တယ်။
    (၆) လူ့ဘဝရဲ့ အကြီးဆုံးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်တဲ့ရှေ့ပြေးက --- အသက်ရှင်နေဖို့ပဲဖြစ်တယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ဝမ်းနည်းနေပါစေ အသက်ရှင်နေမှ အရာရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ အောင်နိုင်မှာဖြစ်တယ်။
    ဘဝဆိုတာ ကျွန်တော်တို့ကို ဘုရားသခင်ပေးတဲ့ အထူးလက်ဆောင်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့တဲ့ နွံ့အိုင်ထဲနစ်နေရင်တောင် ဘဝရဲ့အလင်းတန်းကို (အလင်းစက်လေး တစ်စက်ပဲဖြစ်နေရင်တောင်) ဖမ်းဆုပ်ပြီး လဲကျမသွားဖို့ ကိုယ့်ကိုယ်ကို အားပေးတောင့်ခံထားသင့်တယ်။ အသက်ရှင်ဖို့ကြိုးစားရမယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ လောကမှာ မျှော်လင့်ချက်မဲ့တဲ့အရာ ဆိုတာမရှိဘူး။ မျှော်လင့်ချက်မဲ့တဲ့ လူပဲရှိတယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိတယ်။ အသက်ရှင်နေမှ စိတ်ကူးအိပ်မက်ဆိုတာ ရှိတယ်။
    (၇) တကယ့်အောင်မြင်တဲ့ဘဝဆိုတာ အောင်မြင်မှုအကြီးအသေးပေါ် မမူတည်ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တကယ်ကြိုးပမ်းပြီး အားစိုက်ထုတ်ခဲ့တဲ့အပေါ် မူတည်တယ်။ ကိုယ်ပိုင်လမ်းလေးအဖြစ် လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။
    အောင်မြင်သူတွေရဲ့ အင်အားပါတဲ့တက်ကြွမှုက သာမန်လူတချို့ရဲ့ရင်ကို နေမသိထိုင်မသာတဲ့ ခံစားမှုမျိုးဖြစ်စေတယ်။ အောင်မြင်သူတွေရှုံးနိမ့်ပြီး သူတို့လို သာမန်တဲ့ဘဝကိုရောက်ဖို့ သူတို့မျှော်လင့်ကြတယ်။ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ ဒီကနေ့မှာ သင်ဟာ လူသားအားလုံးရဲ့ဇာတ်လိုက်ဖြစ်ပေမယ့် မနက်ဖြန်မှာ သင်ဟာ ကာလိုက်ကာဆွဲတဲ့ လူတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။ ဖြောင့်ဖြူးချောမွေ့တဲ့လမ်းဆိုတာ ရှိသလို သတိမမူ ဂူမမြင်တဲ့အခါလည်းရှိတယ်။ ထက်မြက်တဲ့လူက လူ့ဘဝရဲ့ အတက်အကျကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်ယူထားတယ်။ ဒါဟာ အသိဉာဏ်တစ်မျိုးဖြစ်တယ်။ စင်ပေါ်ရောက်ရောက် စင်အောက်နေနေ ကြံ့ခိုင်သင့်တယ်။ ပေါ့ပါးနေသင့်တယ်။
    ထက်မြက်တဲ့လူတွေက ကိုယ့်ဘဝကို အဆင့်အတန်းတစ်ခု သတ်မှတ်ထားတယ်။ လူတကာသတ်မှတ်လို့ လိုက်သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲ တကယ့်ရှိနေတဲ့ အဆင့်အတန်း၊ စံနှုန်းကို သတ်မှတ်တာဖြစ်တယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာကို ဇွဲနဲ့လုပ်ဆောင်တာမျိုးဖြစ်တယ်။ တခြားလူကိုလည်း မထိခိုက်၊ လောကကြီးကိုလည်း မထိခိုက်ဘဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာကို ပြောဆိုလုပ်ကိုင်တာမျိုးဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အောင်မြင်တဲ့အနှစ်သာရဖြစ်တယ်။
    (၈)ခေါင်းငုံ့တာဟာလည်း အင်အားတစ်မျိုးပါ။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး၊ ပျော့ညံ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ ခေါင်းလေးနည်းနည်းငုံ့တာက ကျွန်တော်တို့ရဲ့ လူ့ဘဝကို ပိုမိုတောင်ပြောင်စေနိုင်ပါတယ်။
    လူ... စိတ်ကောင်းရှိရတယ်၊ ရိုးသားရတယ်၊ ကြံ့ခိုင်ရတယ်။
    လူ... အောင်မြင်ချိန် စိတ်ကြီးမဝင်သင့်ဘူး။ ရှုံးနိမ့်ချိန် ရည်မှန်းချက်ကို လက်မလွတ်သင့်ဘူး။
    လူ... ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် အရှက်တရားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အရှက်တရားမရှိရင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာလည်း ရှိမှာမဟုတ်ဘူး။
    လူ... စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောဆိုပြုလုပ်ပြီဆိုရင် သူတစ်ပါးကို အကျိုးသက်ရောက်စေလား၊ မသက်ရောက်စေဘူးလား၊ ထိခိုက်လား၊ မထိခိုက်လားဆိုတာ အရင်စဉ်းစားပါ။ ဒါဟာ လူတစ်ယောက်ရဲ့အခြေခံ ကြန်အင်လက္ခဏာဖြစ်တယ်။
    ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။
    "လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"
    "၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။
    "၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"
    "ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။
    သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။
    ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။
    (၉) တချို့အချိန်မှာ မပျော်ရွှင်တာဟာ ပျော်ရွှင်ဖို့ အခြေအနေမပေးသေးလို့ မဟုတ်ဘူး။ ဘဝ မရိုးရှင်းလို့ဖြစ်တယ်။
    ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?
    ပျော်ရွှင်ခြင်းဆိုတာ အိတ်ထဲမှာ ငွေကြေးတွေပြည့်နေတာကို ဆိုလိုတာမဟုတ်ဘူး။ ရာထူးအာဏာ ကြီးမြင့်တာကို မခေါ်ဘူး။ သာမန်လူတွေမှာလည်း သာမန်တဲ့ပျော်ရွှင်ခြင်းတွေရှိတယ်။ ဘဝမှာ ဘယ်လိုရှင်သန်ရမှာဆိုတာကို နားလည်ထားရင် ဘဝရဲ့လှပတဲ့အရာတွေကို လက်မလွတ်ခဲ့ရင် ပျော်ရွှင်ခြင်းက သင့်အနားမှာအမြဲရှိနေပါလိမ့်မယ်
    ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတဲ့အရာဖြစ်တယ်။ ပျော်ရွှင်ခြင်းက လူတိုင်းရဲ့အနားမှာရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းမမြင်ကြဘူး။ ရိုးရိုးရှင်းရှင်းကြည့်မှ ကိုယ့်အနီးနားက ပျော်ရွှင်ခြင်းကို မြင်ရမှာဖြစ်တယ်။ တိုက်တာကြီးထဲနေရမှ၊ စားကောင်းသောက်ကောင်းတွေ စားရမှ၊ ရာထူးအာဏာကြီးမှ ပျော်ရွှင်တာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရှိတဲ့ ပျော်ရွှင်ခြင်း၊ အိမ်သူမိသားစုနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်လွတ်လပ်တဲ့ ပျော်ရွှင်ခြင်း.... ပျော်ရွှင်ဖို့က အဲဒီလောက် ရိုးရှင်းပါတယ်။
    ရိုးရှင်းတဲ့ဘဝဆိုတာ အရာရာကို လက်လွတ်ခိုင်းတာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ဘဝဆိုတာ သင့်ရင်ထဲက စစ်မှန်တဲ့အရာဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ ဆင်းရဲခြင်းထဲနစ်ဝင်တာကို ပြောတာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ကားတစ်စင်း မောင်းနေရင်လည်း ရိုးရှင်းတဲ့ဘဝကို ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတဲ့ အခြေခံအချက်ကို နားလည်ထားဖို့ပဲ လိုပါတယ်။
    (၁ဝ) ကျေးဇူးသိတတ်တာဟာ ပျော်ရွှင်ခြင်းကို ရတာပါပဲ။ ကျေးဇူးသိတတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေအားလုံး လှပနေတာကို တွေ့မြင်တာပဲဖြစ်တယ်။
    ရွက်ကြွေလေး လေထဲလွှင့်မြောပြီး ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို ဆိုညည်းတယ်။ ဒါဟာ ကမ္ဘာမြေကြီးကို သစ်ပင်က ကျေးဇူးတင်တာဖြစ်တယ်။ တိမ်ဖြူလေးတွေ ကောင်းကင်ယံထက်လွှင့်ဝဲပြီး လှပတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတယ်။ ဒါဟာ ကောင်းကင်ပြာကို တိမ်ဖြူက ကျေးဇူးတင်တာဖြစ်တယ်။
    ဘဝရဲ့ နေရာတိုင်းမှာ ကျေးဇူးတင်သင့်တာတွေရှိတယ်။
    လူတစ်ယောက်မှာ ကျေးဇူးသိတတ်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားရင် ဘယ်အရာဟာ ပျော်ရွှင်ခြင်းလည်းဆိုတာကို သူခံစားမိလိမ့်မယ်။ ပျော်ရွှင်ခြင်းရဲ့အရသာကို နေရာတိုင်းမှာ သူခံစားရလိမ့်မယ်။ ဒီလိုဆိုရင် ဘဝရဲ့အရာအားလုံးကို သူတန်ဖိုးထားလိမ့်မယ်။ လူ့ဘဝဟာ လှပတယ်လို့ သူခံစားမိလိမ့်မယ်။
    တကယ်လို့ လူလူချင်းကြားမှာ ကျေးဇူးသိတတ်တာတွေရှိခဲ့ရင် ပေါင်းသင်းဆက်ဆံရေးက ပိုသင့်မြတ်ပြီး၊ ပိုချစ်ခင်ရင်းနှီးကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကျေးဇူးတရားတွေ ကိန်းအောင်းနေရင် ကျွန်တော်တို့ရဲ့ခန္ဓာဟာလည်း ကျန်းမာပျော်ရွှင်လိမ့်မယ်။
    လောကမှာ တခြားလူနှိပ်စက်၊ အနိုင်ကျင့်တာထက် ပိုဆိုးတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တစ်ခါမှ အနိုင်ကျင့်၊ အနှိပ်စက် မခံရဖူးတာပဲဖြစ်တယ်။ အကြောင်းက လူတစ်ယောက်ဟာ အနှိပ်စက်၊ အနိုင်ကျင့်ခံရလေ သူ့ရဲ့တိမ်ငုပ်နေတဲ့ အရည်အချင်းတွေက ပိုပေါ်လေ၊ ပိုသတ္တိရှိလေ၊ ပိုရင်ဆိုင်ရဲလေဖြစ်တယ်။ ဒါကြောင့်......
    သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
    သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။
    သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။
    သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။
    သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
    သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။
    နိုင်းနိုင်းစနေ ဘာသာပြန်သည်။
    ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ
    2011-05-07  RFA
    အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။
    ရန်ကုန်မြို့မှာ ပွဲစားနဲ့ စာချုပ်ချုပ်စဉ် အခြေခံလစာအဖြစ် ဂျော်ဒန်နိုင်ငံသုံးငွေ JD (၁၁ဝ) ပေးမှာဖြစ်ပြီး အဲဒီနောက်ပိုင်း JD (၂ဝဝ) ကျော်အထိ တိုးမြင့် ပေးသွားမယ်လို့ ကတိပေးခဲ့ပေမယ့် ကတိအတိုင်း ဖြစ်မလာတဲ့အပြင် စားစရိတ် ဖြတ်တောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျငွေ ထုတ်မပေးတာတွေကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူ မမေမျက်ဝန်းက RFA ကို ပြောပါတယ်။
    ဂျော်ဒန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ရသင့်တဲ့ အခြေခံလစာအဖြစ် JD (၁၁ဝ) သတ်မှတ်ထားပြီး ဂျော်ဒန် နိုင်ငံသားတွေအတွက် အခြေခံလစာကတော့ JD (၁၅ဝ) ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ တခြား အထည်ချုပ် စက်ရုံတွေမှာတော့ စားစရိတ်လည်း မဖြတ်တဲ့အပြင် ကျန်းမာရေး စောင့်ရှောင့်မှုတွေလည်း ပေးပြီး လစာငွေလည်း ပိုပေးကြောင်း သိရပါတယ်။
    အခု ဆန္ဒပြနေကြတဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၂၃၅ ဦး ရှိပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြပြီး တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေက လွဲလို့ ကျန်တဲ့ နိုင်ငံသားတွေ အားလုံး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
    တစ်ထောင် ကျပ်တန် ငွေစက္ကူ အတု များ နိုင်ငံတ၀ှမ်း တွင် သိမ်းဆည်းရမိ
    May 6, 2011
    မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ ၁၉၉၈ ခုနှစ် တွင် နိုင်ငံတွင်း သုံး ငွေကြေး နှင့် နိုင်ငံခြား ငွေကြေး များ နှင့် ပါ  လဲလှယ် နိုင်ရန် ထုတ်လုပ် ခဲ့ သည့် ၁၀၀၀ ကျပ် တန် ငွေ စက္ကူ အတု များ ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီ၊  လားရှိုး၊ တာချီလိတ် ၊ မော်လမြိုင်၊ ဘားအံ၊ မြ၀တီ ၊ ပုဂံ နှင့် မြစ် ကြီး နား မြို့ များ တွင် ဧပြီ လ နှင့် မေ လ အတွင်း  ကျပ်ငွေ သိန်း တစ်သောင်း ရှစ်ထောင် ကျော် ဖိုးခန့် ဖမ်း ဆီး ရမိ သည် ဟု Freedom News Group မှ သတင်း  ရရှိသည်။
    မြန်မာ ၀ီကီလိခ် မှာ ရရှိခဲ့သော သတင်း အချက် အလက် များ အရ  ရန်ကုန် မြို့ ရှိ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန မှ တာဝန်ရှိသူများ သည် ဧပြီလ အတွင်း က သတင်းအရ ရန်ကုန် မြို့  ရှိ ဟိုတယ် နှင့် နေအိမ် အချို့ တွင် ငှားရမ်း နေထိုင်သူများ အား ၀င်ရောက် ရှာဖွေ ဖမ်းဆီးရာ ၁၀၀၀ ကျပ်တန် ငွေ စက္ကူ အတု သိန်း ၉၀၀၀ ဖိုးခန့်  နှင့် လူ ရှစ်ဦး ကို ဖမ်း ဆီး ရမိ ပြီး နှစ် ဦးမှာ ပြည်ထောင် စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ ၀င်များ ဖြစ်ပြီး ထိုသူ နှစ်ဦးမှာ ရန်ကုန် မြို့  မြို့ တော် ခန်း မရှေ့  နှင့် ဗိုလ်အောင် ကျော် လမ်း တို့ တွင် နိုင်ငံခြား လဲလှယ် ရေး လုပ်ငန်းများနှင့် ဆက် စပ် နေသောသူ များ ဖြစ်သည် ဟု သတင်း ရရှိသည်။
    မူဆယ် မြို့ တွင် ဧပြီလ ၂၃ ရက် နေ့ နှင့် ၂၄ ရက်နေ့ တွင် ဖမ်းဆီး ရမိပြီး မူဆယ် မှ ဖမ်းဆီး ရမိ သူ နှစ်ယောက် ၏  ထွက်ဆိုချက် များ ကို အခြေခံ ပြီးလိုက် လံ ဖမ်းဆီးရာ တာချီလိတ် ၊ မန္တလေး နှင့် မြ၀တီ မြို့ များ တွင် ယခု တစ် ပတ် အတွင်း ဆက် တိုက် ဖမ်း ဆီး ရမိ သည် ဟု သတင်း ရရှိသည်။
    ၁၀၀၀ ကျပ်တန် ငွေစက္ကူ အတု များ သည် တရုတ် ၊ ထိုင်း နှင့် လာအို နိုင်ငံ ဘက်များ မှ အများ ဆုံး ၀င်ရောက်  လာခြင်း ဖြစ်ပြီး နယ်စပ် ဒေသ ကုန်စည် နှင့် ငွေကြေး လဲလှယ်မှု များ တွင် ငွေစက္ကူ အတု များ က အလို အလျှောက်  ပါဝင် လာပြီး ယခု ကဲ့သို့ ငွေ စက္ကူ အတု အမြောက် အများ ဖမ်း ဆီးရမိမှု မှာ စစ်အစိုးရ သစ် လက်ထက် တွင်  ပထမ ဆုံး အကြိမ် ဖြစ် ပြီး မည်သည့် အခါ ကမျှ ပွင့်လင်းမြင်သာမှု မရှိ ခဲ့သည့် စစ်အစိုး တစ်လျှောက် လုံးတွင်  လည်း ပထမ ဆုံး အကြိမ် ဖြစ် နိုင်သည် ဟု ဆိုသည်။
    ယခင် က ငွေစက္ကူ အတုများ မှာ ရံဖန် ရံခါ ဆိုသလို ဖမ်းဆီး ရမိသော်လည်း ယခု ဖမ်းဆီး ရမိသည့် ပမာဏ  လောက် များပြား ခြင်း မရှိ ဟု သိရသည်။ တောင်ဥက္ကလာ ပ မြို့ နယ် နှင့် မြောက်ဥက္ကလာ ပ မြို့ နယ် များ တွင်  ငွေစက္ကူ အတု သိမ်းဆည်း ရမိသည့်  အိမ်များမှာ စစ်တပ် အရာရှိ ဟောင်းများ နှင့် ကြံခိုင်ရေး ပါတီဝင် များ  နှင့် ဆက်နွယ်မှု ရှိသည့် အိမ်များ ဖြစ်သည် ဟု သတင်း ရရှိသည်။
    မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ငွေစက္ကူ ပုံနှိပ် ထုတ်ဝေ ရေး ဦးစီးဌာန သည်တစ် နှစ် လျှင် ၁၀၀၀ ကျပ်တန် ရွက်  ရေ သိန်း ၈၀ ခန့်  နှစ် စဉ် ပုံနှိပ် ထုတ်ဝေသော် လည်း နိုင်ငံ တွင်း စီဆင်း နေသည့်  ပမာဏာ မှ ထိုထက် မက  များ ပြား သည် ဟု ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန မှ ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြော  သည်။
    အစိုးရ တာဝန် ရှိသူများသည် လတ်တလောဖမ်းဆီးရမိသည့် ငွေစက္ကူ အတု များ နှင့် ပတ်သက် ပြီး အများ ပြည်  သူ သိရှိရန် သတင်း ထုတ် ပြန် နိုင်ဖွယ် ရှိသည် ဟု ရန်ကုန် တိုင်း ရဲတပ် ဖွဲ့ မှုး ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။
    ၁၉၉၈ ခုနှစ် တွင် ၁၀၀၀ ကျပ်တန် ဆိုက်ကြီး ထုတ်ဝေ ပြီး ၂၀၀၄ ခုနှစ် တွင် ဆိုက်သေး ပြောင်းလဲ ထုတ်ဝေခဲ့ သည်။
    ပျော်၇ွှင်ခြင်းကိုဖမ်းဆုပ်ပါ
    အသက်ကြီးလာလေ ပျော်ရွှင်ခြင်းက ရှားပါလေပါပဲ။ ပြီးတော့ ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နဲ့ တိုက်ရိုက်ပတ်သက်နေပြီး သူပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာနဲ့ လုံးဝမဆိုင်ကြောင်းကို တဖြည်းဖြည်းသိလာခဲ့ရတယ်။
    "ပျော်ရွှင်ခြင်းက ဆုတောင်းပြီးရလာတာ မဟုတ်သလို မမျှော်လင့်ဘဲ တွေ့ဆုံပြီးရလာတာလည်း မဟုတ်ပါဘူး" ဆိုတဲ့အပြောက ဟုတ်သလိုလိုရှိခဲ့ပါတယ်။
    ပျော်ရွှင်ခြင်းဆိုတာ ရင်ထဲက စိတ်ကူးအိပ်မက်ရဲ့မျိုးစေ့လေးပါ။ ဘဝတစ်ခုလုံးရဲ့ ပြင်းပျတဲ့ဆန္ဒနဲ့ ရေလောင်းပေါင်းသင်ပေးမှ ပျော်ရွှင်တဲ့အသီးအပွင့်တွေ ဖူးပွင့်လာမှာဖြစ်တယ်။
    ဘဝပြင်းပျတဲ့ဆန္ဒ မရှိသူက ပျော်ရွှင်ခြင်းနဲ့တွေ့ဆုံဖို့ အင်အားလုံလောက်မှာ မဟုတ်ပါဘူး။
    ပျော်ရွှင်ခြင်းကို လူတိုင်းခက်ခက်ခဲခဲ ရှာဖွေကြတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ့်ရင်ခွင့်ထောင့်တစ်နေရာမှာ နဂိုကတည်းက ရှိနှင့်နေပြီးသားပါ။
    ဆင်းရဲတဲ့မိသားစုကနေ ပေါက်ပွါးလာခဲ့သူ ကျွန်တော့်အတွက် ငယ်ငယ်လေးတည်းက မိဘတွေ ဘယ်လောက်ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသလဲဆိုတာ မျက်မြင်ကိုယ်တွေ့ပါ။ ငွေကြေးမပြည့်စုံတဲ့ အိမ်ထောင်ရေးမှာ ဝမ်းနည်းခြင်းတွေပဲရှိမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါကြောင့် လုံလောက်တဲ့ငွေကြေးရှိမှ ပျော်ရွှင်ခြင်းရှိမယ်လို့ ထင်မှတ်မှားခဲ့တယ်။
    လူတစ်ယောက် ဒါမှမဟုတ် အိမ်ထောင်တစ်စုမှာ ငွေကြေးတွေ ဘယ်လောက်စုဆောင်းရမှ၊ ဥစ္စာတွေ ဘယ်လောက်ပိုင်ဆိုင်မှ လုံလောက်တယ်လို့ ထင်ပါသလဲ?
    လွန်ခဲ့တဲ့နှစ်က လခကောင်း၊ အလုပ်ကောင်းတဲ့ Micro-soft ဆော့ဝဲလ်ကုမ္ပဏီကနေ အလုပ်ထွက်ဖို့စီစဉ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုကြီးလေးတဲ့မေးခွန်းကို မေးမိတယ်။ အမေက အလွယ်တကူ ကျွန်တော့်ကိုအဖြေပေးပါတယ်။
    "အမေတို့မှာ မိသားစုသုံးယောက်ပဲရှိတာ တစ်လကို နှစ်သောင်းငါးထောင်(ထိုင်ဝမ်ငွေ)နဲ့ပဲ အသားငါးတွေ နပ်တိုင်းစားနိုင်ပါတယ်"
    ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ဖူးတဲ့အမေအတွက် ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်လင်ယောက်ျား၊ ကိုယ့်သားသမီးနဲ့အတူ သိုက်သိုက်ဝန်းဝန်း နေရဖို့ပါပဲ။ တစ်မိသားစုလုံး အသားငါးတွေနဲ့နပ်တိုင်း ဝဝလင်လင်စားနိုင်ရုံနဲ့တင် ပျော်ရွှင်ခြင်းကို အလွယ်တကူရနိုင်ခဲ့ပါတယ်။
    အမေရဲ့အဖြေက တွေဝေနေတဲ့ ကျွန်တော့်စိတ်ကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ အဲဒီနောက် ငွေကြေးရဲ့ကျေးကျွန်ဘဝကနေ ကျွန်တော်လွတ်မြောက်ခဲ့ပြီး "ကိုယ်လုပ်ချင်တာလုပ်ဖို့" အခွင့်ရခဲ့တယ်။
    ကိုယ်ပိုင်ရုံးခန်းလေးတစ်ခု ဖွင့်ပြီး နှစ်အနည်းငယ်အကြာမှာ ကျွန်တော့်စိတ်ကူးတချို့ကို အကောင်အထည် ဖော်ခဲ့တယ်။ ဒါပေမယ့် အမေရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သွားခဲ့ရလို့ သွားလာလှုပ်ရှားမှုမှာ အခက်အခဲကြုံခဲ့ရတယ်။ ပျော်ရွှင်နေတဲ့မိသားစုမှာ ကြီးမားတဲ့ထိခိုက်မှုကြုံခဲ့ရတယ်။ မိသားစုအားလုံး တက်ညီလက်ညီ ကြံ့ကြံ့ခံပြီး နောက်တစ်ကြိမ် ထရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေဘဝရဲ့ အခက်အခဲဆုံးအချိန်ကို အဖော်လုပ်ဖြတ်သန်းခဲ့ကြတယ်။
    အဖေက "နပ်စ်" နေရာမှာသရုပ်ဆောင်ပြီး အမေကိုပြုစုတယ်။ တစ်အိုးတစ်အိမ် ထူထောင်သွားကြပြီဖြစ်တဲ့ အစ်မနှစ်ယောက်လည်း မကြာခဏပြန်လာပြီး "ဆေးကျောသုတ်သင်သူ" "အဟာရစပ်သူ"အဖြစ် ရှိနေခဲ့ကြတယ်။ ကျွန်တော်က "ဒါရိုက်ဘာနဲ့ အကူ"အဖြစ် တာဝန်ယူခဲ့တယ်။
    ဒီအတွက် ပျော်ရွှင်ခြင်းက ကျွန်တော်တို့နဲ့ ဝေးမသွားတဲ့အပြင် ကျွန်တော်တို့မိသားစုအားလုံးကို တစ်စုတစ်စည်းတည်း ရှိစေခဲ့တယ်။
    ပျော်ရွှင်ဖို့အတွက် ငွေကြေးတွေ မလိုအပ်ဘူးဆိုပေမယ့် အခြေခံစားဝတ်နေရေးအတွက်တော့ ငွေတွေလိုအပ်ပါတယ်။ ဒါပေမယ့် ပိုလျံတဲ့ငွေကြေးတွေက အသုံးမတတ်ရင် အကျိုးမပေးသလို ကျန်းမာရေး၊ ပျော်ရွှင်ခြင်းတွေကိုလည်း ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။
    နှစ်အတော်ကြာ ခရီးသွားခဲ့တဲ့ အတွေ့အကြုံကြောင့် ရိုးရှင်းတဲ့ပျော်ရွှင်ခြင်းတချို့ကို ကျွန်တော်တွေ့မြင် ခံစားခွင့်ရခဲ့တယ်။
    ထိုင်းနိုင်ငံက ကလေးတွေ ဆင်စီးပြီး ဘောလုံးကန်ကြတယ်။
    တီဘက် Turpanကရွာသားတွေ သူတို့ကိုယ်တိုင် စပျစ်သီးတွေစိုက်ပြီး ကမ္ဘာပေါ်ကအမွှေးဆုံး စပျစ်ဝိုင်ကို သောက်နေကြတယ်။
    အရှေ့ဥရောပပိုလို(Polo)က ပင်လယ်မြို့တစ်မြို့ဖြစ်တဲ့ Latviaမြို့လမ်းမပေါ်မှာ အမျိုးသမီးတစ်သိုက် ပယင်းလက်ဝတ်လက်စားတွေ ဝယ်နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ တစ်ရာလောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းကို သူတို့ကြည့်ရတာ အဖိုးတန်ရတနာကို ဝယ်ယူနေရသလို ဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်။
    သူတို့ရဲ့ ရိုးသားတဲ့အပြုအမှုမှာ ပျော်ရွှင်ခြင်းတွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။
    ပျော်ရွှင်ဖို့အတွက် ဘဝရဲ့အခြေခံလိုအပ်ချက်တွေအပြင် ရောင့်ရဲတတ်ဖို့နဲ့ ကျေးဇူးသိတတ်တဲ့စိတ်လည်း လိုပါသေးတယ်။ ဒါတွေဟာ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးနိုင်တယ်။ တချို့အတွက် ငွေကြေးဥစ္စာပြည့်စုံပေမယ့် ဒါတွေကို ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။
    ပျော်ရွှင်ခြင်းဆိုတာ အတွင်းစိတ်ထဲမှာရှိတဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်စိတ်ထဲက ရှာယူရမှာဖြစ်ပြီး တစ်ခြားလူဆီကနေ ငှါးယူလို့ရတာမျိုး မဟုတ်ပါဘူး။ ရခဲ့ရင်လည်း ခဏတာပျော်ရွှင်မှုမျိုး ဖြစ်ပါလိမ့်မယ်။
    ပျော်ရွှင်ခြင်းက ကိုယ့်ကိုချစ်တဲ့လူဆီကနေ ရလာတာဖြစ်တယ်လို့ လူအများကထင်ခဲ့ကြတယ်။ ဒါက အန္တရာယ်ရှိတဲ့ ထင်မြင်ချက်မျိုးဖြစ်တယ်။
    တကယ်လို့ ကိုယ်ကိုယ်တိုင်က ပျော်ရွှင်ခြင်းကို မခံစားတတ်၊ မထိန်းချုပ်တတ်ပါဘဲ တခြားလူဆီက ပျော်ရွှင်ခြင်းကို တောင့်တတာဟာ မတရားသလို သူ့အတွက်လည်းဝန်ပိုစေပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကိုချစ်တဲ့လူကို "ငါ့ကို ပျော်ရွှင်ခြင်းတွေပေး" ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းပိုးထားစေတာနဲ့ မခြားပါဘူး။
    အချင်းချင်းချစ်ကြသူနှစ်ဦး ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာကို သူတို့နှစ်ဦးမှာ ပျော်ရွှင်ခြင်းကိုယ်စီ ရှိသလားဆိုတာနဲ့ ဆုံးဖြတ်ရလိမ့်မယ်။ ကိုယ်တိုင်က ပျော်ရွှင်နေသူဖြစ်မှ တဖက်သားအတွက် ပျော်ရွှင်ခြင်းတွေ ပေးနိုင်မှာဖြစ်တယ်။
    ပျော်ရွှင်ခြင်းကို တခြားလူစီကနေ ကျွန်တော်တို့တောင်းယူလို့ မရနိုင်ပေမယ့် ပျော်ရွှင်ခြင်းကို လူတွေနဲ့ရက်ရက်ရောရော မျှဝေခံစားနိုင်ပါတယ်။ ပြီးတော့ တခြားလူကို ပေးကမ်းနိုင်ပါတယ်။ အံ့သြစရာကောင်းတာက မျှဝေလိုက်လို့၊ ပေးကမ်းလိုက်လို့ ကျွန်တော်တို့မှာ ပျော်ရွှင်ခြင်းတွေ ဆုံးရှုံးသွားတာမျိုး မရှိခဲ့ပါဘူး။ ကိုယ်ဝေမျှလိုက်တဲ့ ပျော်ရွှင်ခြင်းကများလေ ကိုယ့်ပြန်ရတဲ့ပျော်ရွှင်ခြင်းက များလေဆိုတာကို တအံ့တသြတွေ့ပါလိမ့်မယ်။
    ပျော်ရွှင်ခြင်းဆိုတာ လူတိုင်းရဲ့ရင်ထဲက ခပ်လို့မကုန်နိုင်တဲ့ တွင်းရေလေးတစ်ခုဖြစ်တယ်။
    စီးဆင်းတာများလေ၊ ခပ်ယူတာများလေ မပြတ်လျံထွက်လေဖြစ်ပြီး လှုပ်ရှားလေးတက်ကြွလေ၊ ပေးလေများလေဖြစ်တဲ့ တွင်းရေဖြစ်တယ်။
    ဒါဟာ ဘဝကိုမယုတ်လျော့စေတဲ့ အင်အား၊ သံလိုက်စက်ကွင်းကြီးဖြစ်တယ်။ အင်အားများများသုံးပြီး ထုတ်လွတ်လေ စက်ကွင်း ကျယ်ပြန့်လေ၊ ကိုယ်နဲ့ ပျော်ရွှင်ခြင်း အသွင်အပြင်တူသူကို ဆွဲငင်ပေးလေဖြစ်တယ်။ ပျော်ရွှင်ခြင်းကို မခံစားတတ်သူအတွက် စက်ကွင်းကလည်း သေးငယ်နေမှာဖြစ်ပါတယ်။
    မူရင်း--- google search or 抓住你要的幸福
    နိုင်းနိုင်းစနေ ဘာသာပြန်သည်။
    မေမွန်ကျော်
    အဆိပ်ရှိသော သတ္တ၀ါများအကိုက်ခံရပါက သင်္ဘောသီးအကင်းအား ထိပ်မှဖြတ်၍ကပ်ပေးပါက သက်သာပျောက်ကင်းနိုင်
    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇- အဆိပ်ရှိသော သတ္တ၀ါများ အကိုက်ခံရပါက အလွယ်ဆုံး နည်းလမ်းအဖြစ် သင်္ဘောသီး အကင်းအား ထိပ်မှဖြတ်၍ ကပ်ပေးပါက သက်သာပျောက်ကင်းစေနိုင်ကြောင်း တိုင်းရင်းဆေး ပညာဦးစီးဌာန သုတေသန၊ ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ "သင်္ဘောသီးအကင်းမှာ အဆိပ်ကို သက်သာစေနိုင်တဲ့ အစွမ်းရှိတယ်။ သင်္ဘောသီး အကင်းကို ထိပ်ကနေဖြတ်ပြီး အဆိပ်ရှိတဲ့သတ္တ၀ါ အကိုက်ခံရတဲ့နေရာမှာ ခုနစ်ကြိမ်လောက် ကပ်ပေးရင် အနာသက်သာ ပျောက်ကင်းစေပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသန၊ ဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    သင်္ဘောသီးမှာ အဆိပ်ပြေစေရုံ သာမက သင်္ဘောသီးအစေ့အား ကလေးငယ် သန်ချရာတွင် လည်းကောင်း၊ သင်္ဘောသီး အစေးအား ထန်းလျက်ဖြင့် စားပေးခြင်းဖြင့် ကလေးများ သန်ကောင်၊ တုတ်ကောင် ကျစေရန်အတွက် လည်းကောင်း၊ အနာဝတွင် တို့ပေးရာတွင် လည်းကောင်း၊ အရေပြားရောဂါ များတွင် တို့ပေးခြင်းဖြင့် လည်းကောင်း အမျိုးမျိုးအသုံးချနိုင်ကြောင်းလည်း သိရသည်။ “သင်္ဘောရွက်ကို မီးမြှိုက်စားရင် လေကြေ စေတယ်။ လေထိုးလေအောင့် သက်သာစေတယ်၊ အပွင့်က အစာကြေစေပြီး သင်္ဘောသီးမှည့်ကတော့ သရက်ရွက် ကြီး တာတွေ၊ အသည်းကြီးတာတွေနဲ့ မြင်းသရိုက်ရောဂါတွေကို ပျောက်ကင်းစေပါ တယ်”ဟု တိုင်းရင်းဆေးပညာရှင်တစ်ဦးက ပြောသည်။
    Ref: Internet
    မြန်မာသတင်းရပ်ဝန်းမှ
    အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ
    မျိုးဝင်းဇော် /
    သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။
    မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို အမျိုးသမီးကြီးတယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။
    အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။
    အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
    မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည်တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်းအမျိုးသမီးကြီးကယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။
    အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။
    မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
    Copy from http://www.khitpyaing.org/
    တရားဝင် အလုပ်သမားလက်မှတ်၊ ယာယီ ပတ်စပို့များ ရှိသည့်တိုင် လိမ္မော်ရောင် အင်္ကျီများ
    ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေအသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကိုထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ၀တ်ဆင်သွားလာကြဖို့ပါ။
    life-mm-workers တရားဝင် အလုပ်သမားလက်မှတ်၊ ယာယီ ပတ်စပို့များ ရှိသည့်တိုင် လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်သွားလာနေရသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)
    ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
    လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေ ၀တ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာနိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။
    အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ်လာလုပ်ကြတဲ့သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။
    တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်းပါသေးတယ်။ ရေလုပ်သား လုပ်ကိုင်နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အညိုရောင် ၀တ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
    ဒီလို အရောင်တောက်တောက်နဲ့ အင်္ကျီတွေ မ၀တ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး အင်္ကျီတထည်ကို ဘတ်ငွေ ၂၀၀ နဲ့ မြန်မာနိုင်ငံသားတွေကို မ၀ယ်မနေရ ရောင်းချပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင်တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။
    အင်္ကျီနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင်ရှားရှား ရေးထားပါတယ်။
    အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့အတိုင်း အင်္ကျီ မ၀တ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။
    ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့အင်္ကျီ ၀တ်ရတယ်။ အင်္ကျီမ၀တ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံးခေါ်တင်သွားတယ်” လို့ ပြောပါတယ်။
    အင်္ကျီဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အင်္ကျီကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။ အင်္ကျီမဲနေရင်လည်း အင်္ကျီသန့်သန့် ရှင်းရှင်း မ၀တ်ဘူးဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမားကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အင်္ကျီ ဘာကြောင့် မ၀တ်လဲ၊ မ၀တ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။
    အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀၀ (၂၈၀၀ ကျပ်) ကနေ ၅၀၀ (၁၄၀၀၀ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀၀ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။
    ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အင်္ကျီကတော့ ၀တ်နေရတုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲဆိုတာမသိတော့ ၀တ်နေရတယ်” လို့ ပြောပါတယ်။
    တချို့အလုပ်သမားတွေက အင်္ကျီတွေကို ၀တ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့အတိုင်း အင်္ကျီတွေကို မ၀တ်ချင်ကြဘူးလို့ သိရပါတယ်။
    ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မ၀တ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအင်္ကျီ အခံကြီးနဲ့ ရှိုးပျက်တယ်ပေါ့နော်၊ အဲဒါကြောင့် မ၀တ်ချင်ကြတာ” လို့ ပြောပါတယ်။
    အင်္ကျီမ၀တ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ၀တ်စရာ မရှိကြောင်း၊ အင်္ကျီခြောက်မှပဲ ပြန်ဝတ်ပြီး အပြင်ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။
    တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
    အသက် ၄၀ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အင်္ကျီမ၀တ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကိုဝင်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကိုလက်ညိုးထိုးပြီးတော့ ရဲကပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အင်္ကျီဝတ်တဲ့၊ မ၀တ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
    အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ၀တ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အင်္ကျီအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
    ရဲတွေကတော့ အင်္ကျီဝတ်ခိုင်းတာဟာ မြန်မာအလုပ်သမားတွေ မူးယစ်ပြီး ပြဿနာတက်တဲ့အခါ ဘယ်အလုပ်ရုံမှာ လုပ်တယ်ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။ 
    ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED)  အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အင်္ကျီဝတ်ခိုင်းတာပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။
    “ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ်အလုပ်ရှင်ရဲ့ အလုပ်သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲဖြစ်စေ အဲဒါကို တခြားနည်းလမ်းတွေနဲ့ လုပ်လို့ရတာပဲ။ တိရိစ္ဆာန်တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အင်္ကျီဝတ်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။
    ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ်လုံခြုံရေး ဥပဒေအရ မြန်မာအလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန်ခဲ့ဖူးပါတယ်။
    ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။     ။
    လက်မှတ်သစ် ထုတ်ပေးမည့် သတင်းကြောင့် မြန်မာအလုပ်သမားများ ထိုင်းသို့ ပိုဝင်လာ
    အလုပ်သမား လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည် ဆိုသည့် သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် လာရောက်လျက်ရှိရာ တပတ်အတွင်း၌ လူ ၁၄၉ ဦး အဖမ်းခံရကြောင်း သိရှိရသည်။  
    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် ဘန်ကောက်မြို့သို့ အလုပ်သွားလုပ်ရန် တရားမ၀င် လာရောက်သည့် မြန်မာနိုင်ငံသား ၆၀ ကျော် ဧပြီ လကုန်ပိုင်းက ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ - Manager Online)
    အဆိုပါ မြန်မာနိုင်ငံသားများသည် အလုပ်သမား လက်မှတ် ရရှိရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှ တဆင့် ဘန်ကောက်မြို့သို့ သွားရောက်ရန် ကြိုးပမ်းခဲ့ရာတွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးမှုကိုခံခဲ့ရခြင်း ဖြစ်သည်။
    အဖမ်းခံရသူများမှာ အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား ၁၂၁ ဦးတို့ ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၁ ရက်နေ့တို့ တွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။
    မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB) အဖွဲ့မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက အလုပ် သမားများ အနေဖြင့် တရားမ၀င်နည်းလမ်းဖြင့် လာရောက်ခြင်း မဟုတ်ဘဲ မြန်မာ ပြည်တွင်းမှ နိုင်ငံကူး လက်မှတ် ပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်လာလုပ်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။ 
    “အပြင်မှာ ဘတ်ငွေ ၁၅၀၀၀ ပေးပြီးတော့ မလုပ်သင့်တော့ဘူး၊ လမ်းခရီးမှာ မလုံခြုံမှုတွေ၊ မတော်တဆထိခိုက်မှုတွေ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အမြဲတမ်း ဖြစ်နေတယ်”ဟု ဦးမြင့်ဝေက ဆက်ပြောသည်။
    အဖမ်းခံထားရသော မြန်မာနိုင်ငံသားများနှင့်ပတ်
    သက်၍ မဲဆောက်မြို့ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံသားများ ရဲစခန်းတွင် မရှိကြောင်း တာဝန်ကျ ရဲ တဦးက ပြောသည်။
    ၎င်း၏ ပြောပြချက်အရ မြန်မာနိုင်ငံသားများ အဖမ်းအဆီးခံရပါက လူဝင်မှုကြီးကြပ်ရေး(လ၀က) တာဝန်ရှိသူများထံ တိုက် ရိုက် ပို့ဆောင်ပေးလေ့ရှိပြီး လ၀က အချုပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လေ့ရှိကြောင်း သိရသည်။  
    လွန်ခဲ့သည့် ဧပြီ ၂၇ ရက်နေ့က ထိုင်းအစိုးရ ၀န်ကြီး အဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင် နေထိုင်ခွင့်လက်မှတ် မပြုလုပ်ရသေးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ တရားမဝင် အလုပ်သမားများ အတွက် အလုပ်သမား မှတ်ပုံတင် ထပ်မံပြုလုပ်ပေးမည် ဖြစ်သည်။
    ၎င်း ၀န်ကြီးအဖွဲ့ အစည်းအဝေးမှ အလုပ်သမားလက်မှတ် အသစ်များကို မည်သည့် ရက်တွင် စတင် ပြုလုပ်ပေးမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
    ယခု ခွင့်ပြုချက်တွင် အလုပ်သမားလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ပေးစဉ်က ပျက်ကွက်ခဲ့သူများနှင့် လက်မှတ် လုံးဝမပြုလုပ်ရသေးသူများ အကျုံးဝင်ကြောင်း၊ လက်မှတ်ပြုလုပ်ထားသူ မိဘများအနေဖြင့် အသက် ၁၅ နှစ် အောက် ကလေး များကို မှီခိုသူအဖြစ် ခေါ်ထားနိုင်ပြီး ၁၅ နှစ်အထက် ကလေးများအတွက် သီးခြားလက်မှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရ သည်။
    ယခုကဲ့သို့ မှတ်ပုံတင်ခွင့် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားများ တရားမ၀င် ၀င်ရောက်ပြီး နေထိုင် အလုပ် လုပ်ခြင်းမှ တားဆီးနိုင်ရန် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။
    အလုပ်သမား လက်မှတ်ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်လည်းလိုအပ်ကြောင်း၊ ယာယီ နိုင်ငံ ကူးလက်မှတ် ပြုလုပ်ရန် နိုင်ငံသား စိစစ်အတည်ပြုခြင်း(National Verification) အစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
    နိုင်ငံသား စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံ သားများအတွက် ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်း၌  စတင်လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ 
    ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိကြောင်း အလုပ်သမားအဖွဲ့များ၏ ခန့်မှန်းပြောဆိုချက် အရ သိရသည်။
    ဒဿန
    ၂၀၀၅၊ဇူလိုင်လထုတ် ရုပ်ရှင်အမြုတေမှာပဲ စာရေးဆရာ ဟိန်းဇေပြုစုတဲ့ လက်တွေ့ကျင့် ဦးနှောက် အဆင့်မြင့် ဒဿနထဲက ကြိုက်နှစ်သက်တာ လေးတွေကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
    • ကြီးကျယ် အောင်မြင်သော ပုဂ္ဂိုလ်တိုင်းတွင် ထူးခြားသော ခံယူချက် ထူးခြားသော စိတ်ဓာတ်စွမ်းရည် ရှိသည်။
    • အများနဲ့မတူတာ ထူးခြားမှုပဲ၊ ထူးခြားမှုဟာ အောင်မြင်မှုကို ရစေတယ်။
    • ငွေကို နည်းနည်းကလေးမှ စ၍ မစုနိုင်လျှင် ဘယ်လိုလုပ်ပြီး အများကြီး ရအောင်စုဆောင်းနိုင်မလဲ?
    • လူတစ်ယောက် ၄၉ နှစ်အထိ မချမ်းသာ သေးဘူး၊ မအောင်မြင်သေးဘူးဆိုရင် တစ်ခုခုတော့ အကြီးအကျယ်လွဲမှား နေပြီလို့ မှတ်ပါ။
    • ရွှေကမ္ဗလာခြုံလွှမ်းထားသော်လည်း မြည်းသည် မြင်းဖြစ်မလာပါ။
    • လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။ အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူရမယ်။
    • ခြင်္သေ့သည် ကြုံလှီသော်လည်း မြက်ကိုမစား။ အမျိုးကောင်းသားသည် ဆင်းရဲခြင်းအဖြစ်သို့ ရောက်နေသော်လည်း ယုတ်သော အမှုကိုမပြု။
    • အကြောင်းအရာ တော်တော်များများအား မစို့မပို့သိခြင်းထက် အကြောင်းအရာ တစ်ခုတည်းကို ဂဃနဏ သိခြင်းက ပို၍ကောင်းသည်။
    • ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင် ပညာတတ် ပုဂ္ဂိုလ်ပေါင်းများစွာတို့သည် တက္ကသိုလ်ပညာကို မသင်ခဲ့ကြဖူးကြောင့် တွေ့ဖူးရလိမ့်မည်။ (သြရစ်ဆင်ဆွိမာဒင်)
    • ဆင်းရဲခြင်းကြောင့် ဆုံးရှူံး၏။ ဆင်းရဲခြင်းကြောင့် အထင်မမြင်သေးခြင်းခံရ၏။ ဆင်းရဲခြင်းကြောင့် အသက်ကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်။ ဆင်းရဲဖူးသူသည် ဆင်းရဲခြင်းကို အလွန်ကြောက်၏။ ဆင်းရဲခြင်း၏ ခါးသီးမှုကို ဆင်းရဲဖူးသူမှသိသည်။(ဟိန်းဇေ)
    • လူတကာ့ချေးကျွတ်အောင် လုပ်ပေးဖို့ထက် ကိုယ့်ချေးကို အရင်ကျွတ်အောင်လုပ်ဖို့က ပိုအရေးကြီးတယ်။ (စွန်းလွန်းဆရာတော်)
    • လေအလကားရ၍ ပြောနေသူများတွင် အလုပ်လုပ်ပြနိုင်သူ တစ်ယောက်မျှ မရှိ။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်ပြနိုင်သူ ဆိုသည်မှာ အပြောသမား မဟုတ်သောကြောင့်ဖြစ်သည်။(ဟိန်းဇေ)
    • ပိုက်ဆံရှာတာကတော့ သူခိုးလည်း ရှာတာပဲ။ ပြည့်ဆန်ဆာလည်း ရှာတာပဲ။ လောကမှာ ပိုက်ဆံရှာတာ တစ်ခုတည်းနဲ့ပြီးလား။ လူစစ်ဖို့ကလည်း လိုသေးတယ်။ တန်ဖိုးရှိတဲ့လူ ဖြစ်ဖို့ကလည်း လိုသေးတယ်။ (ဟိန်းဇေ)
    (၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
    (၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
    (၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
    (၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။
    (၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
    (၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
    (၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။
    (၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
    (၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
    (၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။
    (၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။
    (၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
    (၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။
    (၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
    (၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။
    နိုင်းနိုင်းစနေ မှ ဖြစ်သည်။
    အနာဂတ်အတွက်အတွေးစများ.....
    ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
    မိသားစုဝင်နည်းနည်းနဲ့။
    အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
    ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
    ယေဘုယျအသိတွေ နည်းလာတယ်။
    ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
    ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
    ပိုများလာတယ်။
    ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
    ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
    ရယ်တာတော့ အတော်နည်းသွားပြီ။
    ကားမောင်းတာ အတော်မြန်လာကြတယ်။
    ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
    အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
    စာဖတ်တာ အတော်လေးနည်းတယ်။
    ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
    ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
    ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
    ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
    လိမ်တာညာတာတော့ မကြာခဏပဲ။
    ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
    ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
    အသုံးမချနိုင်ဘူး။
    ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
    စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
    ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
    ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
    ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
    အတော်နည်းတယ်။
    ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
    ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
    ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
    မပိုင်နိုင်ဘူး။
    ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
    အာဃါတ တရားကို မဟုတ်ဘူး။
    ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
    စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
    ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
    မပါဘူး။
    ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
    စိတ်ဓါတ်တွေနဲ့။
    ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
    ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
    ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
    ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
    နည်းနည်းနဲ့။
    အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
    လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
    အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
    အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
    နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
    လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
    ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
    ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
    နေ့ထူးနေ့မြတ်တွေပါပဲ။
    အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
    သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
    မြင်ကွင်းကို ခံစားကြည့်ပါ။
    သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
    သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
    ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
    သက်သက်မဟုတ်ပါဘူး။
    သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
    နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
    သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
    ဖယ်ရှားလိုက်ပါ။
    ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေနဲ့ ချစ်သူကို ကျွန်တော်တို့
    ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
    သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
    နောက်မကျပါစေနဲ့။
    နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
    နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
    အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
    တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
    ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
    ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။...........
    ဘယ်သူရေးထားတာတော့မသိဘူးသူငယ်ချင်းတစ်ယောက်ရဲ့pageမှာတွေ့ လို့ဝေမျှလိုက်တာပါ။။။။  
    သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်
    ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာ ရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။
    သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။
    ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
    သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
    Ref: Good Health
    အချိန်မစောင့်ဘဲ Download လုပ်မယ်
    RapidShare တို့ Megaupload တို့ကို စာဖတ်သူတို့သုံးဖူးကြမယ်ထင်တယ်။
    Free User ဆိုရင် Download မလုပ်ခင် တစ်မိနစ်လောက်စောင့်ရတယ်။
    မစောင့်ဘဲလုပ်ချင်လား။ အခုကျွန်တော်ပြောပြပါမယ်။
    ကျွန်တော်ကတော့ အခုဟာကို Browser Side Java Hacking လို့နာမည်ပေးလိုက်တယ်။
    Hacking ဆိုလို့ လန့်မသွားပါနဲ့။ ကျွန်တော်တို့က သူတို့ရဲ့ ဆိုဒ်ကို တိုက်ရိုက်ပြင်တာမဟုတ်လို့ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကို Browser က display လုပ်တာကိုသာပြင်တာပါ။
    ဘယ်လိုလုပ်မလဲ။
    1) ကိုယ် download လုပ်ချင်တဲ့ လင့်ကိုဖွင့်လိုက်ပါ။
    2) Free User ကိုရွေးလိုက်ပါ။
    3) Catchpa Code ဖြည့်ရမယ်ဆိုရင် ဖြည့်လိုက်ပါ။
    java_hacking_2
    java_hacking_3
    4) ပြင်ချင်တဲ့ဆိုဒ်နဲ့သက်ဆိုင်တဲ့ အောက်ကကုဒ်တွေကို copy ကူးပြီး notepad ထဲမှာ တစ်ကြောင်းထဲဖြစ်အောင် ပြင်ထားပါ။ (သို့) attach လုပ်ထားပေးတဲ့ notepad ထဲကနေ copy လုပ်ရင်လဲရပါတယ်။
    java_hacking_5
    java_hacking_6
    5) Download Timer စတာနဲ့ Address Bar မှာ ကုဒ်တွေကို ဖြည့်ပြီး enter ခေါက်လိုက်ပါ။
    java_hacking_4
    java_hacking_7
    ဖြည့်ရမယ့် Code က Website တစ်ခုနဲ့တစ်ခုတူမှာ မဟုတ်ပါဘူး။
    Megaupload
    javascript:document.getElementById(‘downloadlink’).style.display = ”;document.getElementById(‘downloadcounter’).style.display = ‘none’;void(0);
    File Factory
    javascript:document.getElementById(‘downloadLink’).style.display = ”;document.getElementById(‘linkContainer’).style.display = ‘none’;void(0);
    Deposit Files
    javascript:show_url(0);void(0);
    Badongo
    javascript:check_n = 1;void(0);
    Uploaded.to
    javascript:secs = 11;document.getElementById(‘download_submit’).value = “Free Download”;document.getElementById(‘download_submit’).disabled=false;void(0);
    ကျွန်တော်ရေးထားတဲ့ အထဲမှာမပါတဲ့ ဖိုင် Hosting ရှိခဲ့ရင်လဲပြောပါ။
    ကျွန်တော် တင်ပေးပါမယ်။
    Rapidshare နဲ့ Easy-Share.com ကတော့ server ဘက်မှာပါ counter ရှိပါတယ်။
    ဒါကြောင့် ကျွန်တော်တို့ဖက်က ပြင်လဲဖိုင်က Download လုပ်လို့မရပါဘူး။
    Download Attached File [Right Click and Save Target As]
    အင်တာနက် အဆ ၂၀ မြန်အောင် လုပ်နည်း
    ၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
    ၂။ Administrative Templates ကို နှိပ်ပါ။
    ၃။ Network ကိုနှိပ်ပါ။
    ၄။ QoS Packet Scheduler ကိုနှိပ်ပါ။
    ၅။ Limit reservable bandwidth ကိုနှိပ်ပါ။
    ၆။ Enabled (optional) ကိုရွေးပါ။
    ၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
    ၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။ (သူငယ်ချန်းးတစ်ယောက်ပီးတဲ့နည်းတစ်ခုကို မျှလိုက်ပါရေ. သိသူများလည်းရှိပါဖို့မသိသိမ်းသူများအတွက်ပါ။)
    မစိမ်းတဲ့ကမ္ဘာ
    ၂၀၀၅ ဇူလိုင် ၉ ရက်နေ့
    အစ်မကြီးမျက်နှာလေးကို မြင်ရတာ တကယ့်ကို စိတ်ချမ်းသာစရာ။ သူ့မျက်ဝန်းမှာ အားတက်ရွှင်လန်းမှုနဲ့ ကြည်နူးဆွတ်ပျံ့တဲ့ အရိပ်ယောင်လေးတွေ အတိုင်းသားပေါ်လွင်နေတယ်။ နာတာရှည်စွဲကပ်လာတဲ့ နှလုံးရောဂါဖိစီးမှုဒဏ်ကို အံတုရင်ဆိုင်ကျော်လွှားရင်း အသက်အရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော် ညှိုးရောင်သန်းနေတဲ့ မျက်နှာထားပေါ်မှာ ကြည်လဲ့လဲ့မျက်ဝန်းအစုံနဲ့အတူ ရွှန်းလက်တဲ့ အပြုံးတစ်ပွင့်။
    ဒီနေ့… အချိန်အကြာကြီး ဝေးကွာနေခဲ့တဲ့ သူ့ရဲ့ကိုယ်ပွားပုံရိပ်တစ်ခု သူ့အနားကို ပြန်ရောက်လာ တော့မှာလေ..ဖြစ်နိုင်ရင် ခုလိုအချိန်မှာ သူကိုယ်တိုင် ဟိုးအဝေးတစ်နေရာ မိုင်ထောင်ချီခရီးကိုသွားပြီး သားလေးရဲ့မျက်နှာကို အရင်ဆုံးပြေးကြိုလိုက်ချင်တာပေါ့။ သို့သော်လည်း စိတ်ဆန္ဒဇောဘယ်လိုပြင်းထန် ပေမယ့်.. ဆယ်နှစ်တာလုံးလုံး သားရှိမယ့်နေရာကို စိတ်နဲ့သာမှန်းပြီး အလွမ်းဖြေနေခဲ့ရ။ ပြန်တွေ့ရခါနီးမှာ တောင် ရောဂါက သဲသဲသန်သန် ဒုက္ခပေးလာလို့ ဆေးခန်းနဲ့အိမ် မပြတ်တမ်းသတင်းပို့နေရတာမို့ သားဖြစ်သူ အိမ်ပြန်ခရီးကို ရန်ကုန်ဘူတာကြီးမှာပင် သွားပြီးမကြိုနိုင်တဲ့အဖြစ်။
    အစ်မကြီးဟာ မိသားစုအပေါ်မှာ တာဝန်ကျေပွန်သူ။ ခင်ပွန်းသည်ရှိစဉ်ကတည်းက အိမ်ရှင်မကောင်းပီပီ အသုံးနဲ့ အဖြုန်းကိုသေချာတွက်စစ်ပြီး အဆုံးရှုံးအလေအလွင့်မရှိအောင် ရတဲ့ဝင်ငွေလေးနဲ့လောက်ငှအောင် သုံးတတ်သူ။ ခင်ပွန်းသည် ငြိုငြင်ကင်းအောင်နေတတ်သူ။ ခင်ပွန်းသည်ကလည်း နာမည်နဲ့လိုက်အောင် အေးဆေးတည်ငြိမ်သူ။ အသောက်အစား အဖောက်အပြားတွေရှိဖို့မဆိုထားနဲ့ စကားကိုတောင် သိပ်များများ မပြောတတ်သူ။ နှစ်ကိုယ်တူကြည်ဖြူအေးချမ်းတဲ့ မေတ္တာဘ၀လမ်းမှာ သားသမီးနှစ်ယောက်ကို အဖော်ပြုကာ အကြင်နာတရားတွေ ယိုဖိတ်လို့မဆုံးနိုင်သေးခင်မှာပဲ ကံကြမ္မာမုန်တိုင်းရဲ့ ရိုင်းစိုင်းမှုအောက်မှာ အပျော်တွေ ပျောက်ခဲ့ရတယ်။ တစ်နေ့မှာတော့ ယန္တရားတပ်မှာ အမှုထမ်းတဲ့ ခင်ပွန်းသည်တပ်ကြပ်ကြီးဟာ ကားပြင်နေရင်း ယာဉ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ရတယ်။
    အဲနောက်ပိုင်းမှာတော့ မိသားစုရဲ့ စားမှုနေမှုကိစ္စအ၀၀နဲ့ လူမမည်သားသမီးနှစ်ဦးရဲ့ဘ၀ရှေ့ရေး ပြုစုပျိုးထောင် ပေးဖို့တာဝန်ဟာ သူ့ပုခုံးပေါ်လုံးလုံးကျရောက်လာတော့တယ်။ ပင်ကိုယ်ဗီဇအရ နူးညံ့သိမ်မွေ့ပြီး အားနွဲ့သူလို့ အများကထင်မှတ်ထားတဲ့အစ်မကြီးဟာ ကြုံလာသမျှလောကဓံတရားတွေကို ကြံ့ကြံ့ခံ အံတုရုန်းကန်ခဲ့သူ တစ်ဦးပါ။ တစ်ပင်လဲမူတစ်ပင်ထူသဘောနဲ့ လွယ်လွယ်ကူကူ အားကိုးရှာတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ မုဆိုးမဘ၀ကို ကျေကျေနပ်နပ်ကြီး ခံယူပျော်ပိုက်ပြီး တတ်စွမ်းသမျှ စက်ချုပ်၊ ဇာထိုးပန်းထိုး အလုပ်လေးတွေနဲ့ မိသားစုဝင်ငွေရှာပြီး ကလေးနှစ်ယောက်ကို မငြိုမငြင်ပညာတွေ သင်ပေးခဲ့တာပါ။ သားသမီးတွေကလည်း မိကောင်းဖခင်သားသမီးပီပီ ဗိုင်းကောင်းကျောက်ဖိ စာကြိုးစားတော့ နှစ်ယောက်လုံး ပညာရေးထူးချွန်ကြ ပါတယ်။
    ဒီလိုနဲ့ ၁၉၉၆ မှာ သားကြီးဖြစ်သူ မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေစဉ် နောက်ထပ်ကြမ္မာရိုင်းတစ်ခုနဲ့ ထပ်ပြီးကြုံလိုက်ရပြန်ပါတယ်။ လိမ္မာတဲ့သား အချိန်တန်အိမ်ပြန်မရောက်လို့ သောကတွေဗျာပါဝေနေချိန် သားရဲ့ကိုယ်စား စုံထောက်အချို့အိမ်ကိုရောက်လာပြီး နေရာအနှံ့လှန်လှောမွှေနှောက်ရှာဖွေသွားပါတယ်။ သားပျောက်ခါစရက်တွေမှာ အစ်မကြီးခမျာ ဘုမသိဘမသိရှက်လွန်းလို့ အိမ်ထဲကအိမ်ပြင်ကို မထွက်တော့ဘူး။ နောက်ပိုင်းမတော့ မိသားစုက၀ိုင်းဝန်းနှစ်သိမ့်၊ တစ်ရပ်တစ်ကျေးမှာနေတဲ့ ဘ၀တူညီအစ်မတစ်ဦး တကူးတက ရောက်လာပြီး အားပေးစကားတွေ ပြောတာကြောင့် တဖြည်းဖြည်းပုံမှန် ပြန်ဖြစ်သွားရတယ်။ သားဖြစ်သူဟာ လတွေနဲ့ချီပြီး ဘယ်ကိုရောက်နေမှန်းမသိအောင် ပျောက်ဆုံးနေခဲ့ရာက နောက်ဆုံးတော့ အင်းစိန်တောရ တစ်နေရာကို ခရီးရက်ရှည်အလည်ရောက်နေကြောင်း သိလိုက်ရတယ်။ ဒီတော့လည်း သူစိမ်းအရပ်မှာ အားမငယ်ရအောင် နှစ်ပတ်တစ်ခါ စားစရာလေးတွေပို့ပေးနေရင်း ခြောက်လလောက်ကြာတော့  မိုင်ပေါင်း ထောင်ချီကွာဝေးတဲ့ မြောက်အရပ်ဆီ ပြောင်းရွှေ့သွားတာကိုကြားရပြန်တယ်။
    ဒီတစ်ခါတော့ အစ်မကြီးအတွက် သွားတွေ့ဖို့ ဘယ်လိုမှအခွင့်မသာခဲ့။ ချူချာလှတဲ့ ကျန်းမာရေးအခြေအနေက ဒီခရီးကို လေယာဉ်စီးဖို့လည်းမလွယ်၊ ခရီးရက်ရှည်ရထားစီးဖို့လည်းမလွယ်။ နေ့ရှိသရွေ့ အိမ်ရှေ့ပုဏ္ဏားကွယ် လေးနောက်မှာထိုင်လိုက်၊ ၀ရန်တာကျဉ်းကျဉ်းလေးကို ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်နဲ့ သားပြန်လာမယ့် ရက်ကိုမျှော် လိုက်ရတာ မဆုံးနိုင်သောမနက်ဖြန်တွေ အလီလီထပ်လို့ နှစ်ကာလတွေတောင် ဆယ်စုချီသွား တော့တယ်။ သမီးငယ်လေးကတော့ ရောဂါသည်မိခင်ကြီးအတွက် သူ့ရဲ့လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့  အချိန်လေးတွေကို လုပ်ငန်းခွင်မှာပေးဆပ်လိုက်ရတယ်။ အိမ်အတွက် စရိတ်စကနဲ့ အမေ့အတွက်ဆေးဖိုး ငွေရှာဖို့တာဝန်ကို တစ်ပြန်တစ်လှည့် သူယူလိုက်ရပြီလေ။
    အစ်မကြီးတို့ရဲ့ ဖူးစာကံမျိုးက ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာမှာ ရှိတတ်ပေမယ့်ရှားပါတယ်။ ညီအစ်ကိုနှစ်ယောက်၊ ညီအစ်မနှစ်ယောက် အကြီးအကြီးချင်း၊ အငယ်အငယ်ချင်း မေတ္တာသက်ဝင်ပေါင်းဖက်ကြသူတွေ။ ညီအစ်ကို နှစ်ယောက်လုံးကစစ်သားတွေ။ အကိုကြီးမရှိတဲ့နောက် အစ်မကြီးက လက်ရှိနေတဲ့အိမ်နဲ့ခြံဝိုင်းလေးကိုရောင်း ညီမမိသားစုနေထိုင်ရာဆီပြောင်းလာပြီး တစ်ခြံတည်းနှစ်အိမ်ယှဉ်ဆောက်နေကြတယ်။ နောင်တစ်ချိန် သားကြီးပါ အိမ်မှာ မရှိတော့ရင် ဆိုတဲ့အတွေးကို သူကြိုပြီးသိထားလေရော့သလားမသိ။
    ဘာပဲဖြစ်ဖြစ်လေ.. မိန်းမသားနှစ်ဦးသာ ကျန်ခဲ့တဲ့အခြေအနေမှာ ခုလိုမိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေတော့ အထီးကျန်မှုနည်းနည်းသက်သာသလို လုံခြုံမှုလည်းရတာပေါ့။ ဒီနေရာမှာ အာဏာရှင်ကြီးတွေ ၀ါဒဖြန့် မှိုင်းတိုက်မှုက နွေးထွေးခိုင်မာတဲ့ မိသားစုသံယောဇဉ်ကို ယိုင်နဲ့အောင်တိုက်စားမသွားနိုင်။ ဒါပေမယ့် ကြုံခဲ့ဖူးတဲ့လောကဓံမုန်တိုင်းက အစ်မကြီးရဲ့စိတ်ကို တအားခြောက်လှန့်ပစ်လိုက်တယ်။ သူစိမ်းတစ် ဦးဦး အိမ်ရှေ့မှာလာရပ်တာတွေ့တိုင်း သူ့ရင်မှာ ကတုန်ကယင်ဖြစ်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ အိမ်ရှေ့ခြံဝတံခါးကိုလည်း အချိန်ပြည့်ပိတ်ထားတတ်တယ်။ ICRC ကားကြီးရောက်လာချိန်မှာ သူ့ခမျာ ရင်တွေပန်းတွေတုန်လို့ ခြေမကိုင်မိလက်မကိုင်မိ။ ကျနော်သူ့ကိုသွားတွေ့တဲ့အခါတိုင်း တစ်ဖက်မှာရှိတဲ့ အစ်မငယ်တို့အိမ်ခြံတံခါးပေါက်က၀င် အစ်မငယ်တို့မိသားစုနဲ့ ခဏတစ်ဖြုတ်စကားပြောပြီး အိမ်နောက်ဖေး ကနေ အစ်မကြီးတို့အိမ်ဖက်ကို ကူးရတယ်။ သူနဲ့ပြောစရာရှိတာပြော ပေးစရာရှိတာပေးပြီးရင် အစ်မငယ် တို့အိမ်ပေါက် ကနေပြန်ထွက် ဟိုဖက်ကိုမရောက်ခဲ့သလိုလို။
    ကျနော်နဲ့တွေ့တဲ့အခါ သားကြီးဆီကရောက်လာတဲ့ စာတွေ ကဗျာတွေကို ပေးဖတ်တတ်တယ်။ ပြီးတော့ ထောက်လှမ်းရေးတွေ တွေ့မသွားတဲ့ သားကြီးတို့အဖွဲ့နဲ့အန်တီစု တွဲပြီးရိုက်ထားတဲ့ဓာတ်ပုံလေးကို ထုတ်ပြတယ်။ (အဲဒီဓာတ်ပုံလေးက သားကြီးအဖမ်းခံရပြီးနောက်ပိုင်းမှာမှ စာအုပ်ပုံကြားက တွေ့ရတာ)။ သူအရဲစွန့်ပြီး အန်တီစုနဲ့သွားတွေ့ခဲ့ပုံလေးကိုလည်း တိုးတိုးလေးပြောပြလိုက်သေးတယ်။ အဲဒီအချိန်မှာ သားကြီးရဲ့ သူငယ်ချင်းတစ်ဦးက မြစ်ကြီးနားထောင်မှာတာဝန်ကျတာမို့ ဒီသူငယ်လေးခွင့်ပြန်လာချိန်မှာ သားကြီးဆီက စာတွေပါလာ၊ ခွင့်စေ့လို့ပြန်တော့ အိမ်ကစာနဲ့ စားစရာတွေထည့်ပေးလိုက်၊ တခါတလေ စာတိုက်ကရောက်လာတတ်တဲ့ စာအဆက်အသွယ်လေးရှိနေလို့သာ တော်သေးတာ။
    ဒီကနေ့တော့ ကာလတာရှည်စွာ ခြောက်သွေ့ညှိုးနွမ်းနေခဲ့တဲ့ မိသားစုဘ၀လေး အရင်တုန်းကလိုပြန်ပြီး စိုစိုပြေပြေ သိုက်သိုက်ဝန်းဝန်းရှိလာတော့မှာပါ။ သမီးလေးနဲ့ညီမတို့မိသားစုက သားကိုကြိုဖို့ ဘူတာကြီး ကိုထွက်ခွာသွားကြပြီ။ အိမ်မှာ အစ်မကြီးနဲ့အတူနေပေးဖို့ ရပ်ဆွေရပ်မျိုးအချို့ရောက်လာကြတယ်။ အစ်မကြီး ကတော့အိမ်အောက်ထပ် တမံသလင်းပေါ်က ခပ်နွမ်းနွမ်းဒရင်းပတ်ကလေးပေါ် အားပြုမှီထားရင်း အိမ်ရှေ့ ဆီကို မျှော်ငေးကြည့်နေတယ်။ လမ်းထဲကိုဝင်လာတဲ့ ကားစက်သံကြားလိုက်တိုင်း သူ့မျက်လုံးတွေဝင်းပလာပြီး ခေါင်းလေးထောင်နားစွင့်လိုက်၊ ကားစက်သံဝေးဝေးသွားပြန်တော့ ဟင်း..ကနဲသက်ပြင်းတစ်ချက် ပင့်ရှိုက်လိုက်ရင်း ဒရင်းပတ်ပေါ် ပြန်မှီချလိုက်၊ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့ ခင်ပွန်းသည်ရဲ့ဓာတ်ပုံကို မော့ကြည့်နေလိုက်။ ဖအေတူသားကြီး ပြန်လာတော့မှာလေ။
    သူ့အတွေးထဲမှာတော့ ..မတွေ့ရတဲ့ အချိန်တွေအတွင်း သားကြီးဘယ်လောက်ပြောင်းလဲသွားပြီလဲ။ ရုပ်ကြီးက မမှတ်မိနိုင်လောက်အောင် ရင့်ရော်နေပြီလား။ သားကြီးရဲ့မျက်နှာကို စတွေ့လိုက်ရချိန်မှာ ဘယ်လိုမျက်နှာ ထားမျိုး၊ ဘယ်လိုစကားမျိုးနဲ့ ဆီးကြိုနှုတ်ဆက်လိုက်ရင် ကောင်းမလဲ။ အိမ်ရှေ့ခြံအ၀င် သရက်ပင် ထက်မှာတော့ ရွှေကျေးလေးက သာနေပြီ။
    (အစ်မကြီးနဲ့တူ၊တူမလေးတို့ ထာဝရပျော်ရွှင်နိုင်ပါစေ)
    ဆက်လက်ဖော်ပြပေးပါမည်။
    နေမင်းသူ
    ၈-၅-၂၀၁၁
    လူငယ်များအတွက်အချက်(၇)ချက်
    လူငယ်တွေအတွက် ဘဝဆိုတာ ပန်းခြံထဲက ကစားကွင်းမှာ ဆော့ရသလို မဟုတ်ပါဘူး။ အမဲလိုက်အက သီချင်းထဲကလို တောနက်ကြီး တစ်ခုလိုပါပဲ။ အဲဒီလို လူငယ်တွေရဲ့ အဖေတွေ အမေတွေ ဖြစ်ရတာလည်း ပန်းခြံထဲမှာ လမ်းလျောက်ရသလို မဟုတ်တာ သေချာသွားပြီပေါ့။ ဒီလို လူငယ်တွေနဲ့ အဖေတွေ အမေတွေအတွက် ရှောင်ကိုဗေးရဲ့ “7 habits of highly effective Teens” ဆိုတဲ့ စာအုပ်ကို ညွှန်းလိုပါတယ်။ အဲဒီ စာအုပ်ကို ဆရာကျော်ဝင်းက “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုပြီး ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်မှာ စာရေးသူက လူငယ်တွေကိုရော လူငယ်တွေရဲ့ မိဘတွေကိုပါ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ထိန်းကျောင်းမောင်းနှင်ပြီး လိုရာခရီးကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ရောက်နိုင်ဖို့ သံလိုက်အိမ်မြှောင်တစ်ခုလို အကူအညီပေးမယ်တဲ့။
    ခု လတ်တလော တွေ့ကြုံနေရတဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်မယ်၊ စိတ်ဓာတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မယ်၊ အောင်မြင်မှုနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ ဘယ်လို တုန့်ပြန်မယ် စတာတွေကို လမ်းညွှန်ပြသပေးပါတယ်။ လူငယ်တွေရဲ့ ဘဝဆိုတာ တကယ့်ကို အတိမ်းအစောင်း မခံတဲ့ လမ်းပေါ်မှာ လျောက်နေရသလိုပဲလို့ စာရေးသူက ဆိုပါတယ်။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်တွေ ချရတဲ့အချိန်မှာ မိဘတွေ အနေနဲ့ လူငယ်တွေကို အကူအညီ ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ဘယ်လို လောက နိယာမတွေကို လိုက်နာရမယ်၊ ဘယ်လို စိတ်ဓာတ် အဆင့်အတန်း မြင့်အောင် နေထိုင်ရမယ် ဆိုတာတွေကို သင်ကြားပေးနိုင်မှသာ လူငယ်တွေအနေနဲ့ အကောင်းဆုံး ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။
    လူငယ်တွေရဲ့ ဘဝမှာ ဘယ်လိုနေထိုင် ပြုမူဆောင်ရွက်ရမယ် ဆိုကို ပြောတော့မယ်ဆိုရင် အကောင်းဆုံး စကားတစ်ခု ရှိပါတယ်၊ “ငါပြောတာကို နားထောင်နေတာထက်၊ ငါလုပ်သလို လိုက်လုပ်” ဆိုတဲ့ စကားတစ်ခွန်း ပါပဲလို့ ကိုဗေးက ဆိုပါတယ်။ သြဝါဒတွေ တစ်ခုပြီး တစ်ခု ချွေနေတာထက် ရှေ့က စံနမူနာပြ လုပ်ပြပါတဲ့။ သင့်ရဲ့ သြဝါဒတွေနဲ့ လူငယ်တွေကို မလွှမ်းမိုးပါနဲ့။ သင့်ရဲ့ နမူနာကောင်းတွေနဲ့ လွှမ်းမိုးပါလို့ ဆိုပါတယ်။
    ကိုဗေးဟာ သူ့အဖေတွေ အမေတွေ ချမှတ်ခဲ့တဲ့ နမူနာကောင်းတွေကို ကောင်းကောင်းလိုက်နာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူ့အဖေ စတီဗင် ကိုဗေး ဆိုရင် အုပ်ရေ ၁၅ သန်းလောက် ရောင်းရပြီးဖြစ်တဲ့ “The 7 Habits of Highly Successful People” ကိုရေးတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ ရှောင်ရဲ့ စာအုပ်ဟာ သူ့အဖေရဲ့ စာအုပ်ကို မှီငြမ်းရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ သူ့အဖေ ချဉ်းကပ်သလို မချဉ်းကပ်ပါဘူး။ သူ့အဖေက လူကြီးတွေရဲ့ အမြင်ပိုသန်ပြီး သူကတော့ လူငယ်တွေရဲ့ ရင်ဘတ်ထဲက လာတာပါ။ သူကိုယ်တိုင် သူ့အဖေရဲ့ နမူနာကောင်းတွေကို လိုက်နာဆောင်ရွက်ပြီး ရလာတဲ့ အတွေးအမြင်တွေ၊ လူငယ်တစ်ယောက်ရဲ့ အတွေးအမြင်တွေနဲ့ 7 Habits အမြင် အသစ်ကို ချပြခဲ့ပါတယ်။ သူ့အဖေရဲ့ 7 Habits က အပင်စိုက်တာ ဆိုရင် ရှောင်ရဲ့ 7 Habits က အသီးအပွင့်တွေ ဆိုပါတော့။ ကဲ ရှောင်ရဲ့ 7 Habits ကို လေ့လာ ကြည့်ရအောင်။
    1. Be Proactive (ရွေးချယ် တုန့်ပြန်နိုင်ပါစေ)
    Be Proactive ဆိုတဲ့ စကားလုံးကို နားလည်ဖို့အတွက် Be Reactive ဆိုတဲ့ စကားကို အရင်နားလည်ဖို့ လိုမယ်ထင်ပါတယ်။ Be Reactive ဆိုတာ ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ တုန့်ပြန်မှုမျိုးပါပဲ။ သူက ဒီလို လာပြောတယ်၊ ငါကလည်း ဘယ်လိုပြန်ပြောလိုက်မယ်။ အမေက ငါ့ကို ဘယ်လို လုပ်တယ်၊ ငါက ဘယ်လို ပြန်လုပ်လိုက်မယ် ဆိုတဲ့ ရွေးချယ်မှု မပါတဲ့ တုန့်ပြန်မှုတွေပါပဲ။ ကိုယ့်ရဲ့ အမူအကျင့်တွေက တစ်ဆင့် အလိုအလျှောက် တုန့်ပြန်လိုက်တာကို Reactive Response လို့ ခေါ်ပါတယ်။ Be Proactive ကတော့ အဲဒီလို မဟုတ်ပါဘူး။ သူက ငါ့ကို လာဆဲတယ်၊ သူဘာကြောင့် ဆဲရတာလဲ။ ငါ့အပေါ် ဘယ်လို မြင်နေလို့လဲ။ သူ့မှာ ဘယ်လို စိတ်ခံစားချက်တွေ ရှိနေလို့လည်း စသည်ဖြင့် သေသေချာချာ စဉ်းစားချင့်ချိန်ပြီးမှ တုန့်ပြန်တာမျိုးကို ခေါ်ပါတယ်။ Proactive People တွေဟာ သူတို့ဘဝကို သူတို့ ကောင်းကောင်း တာဝန်ယူထားကြသလို ကောင်းကောင်းလည်း ထိန်းချုပ်နိုင်ကြပါတယ်။ သူတို့ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အားလုံးဟာ သူတို့နဲ့ပဲ ဆိုင်တယ်လို့ ကောင်းကောင်း ယုံကြည်လက်ခံ ထားကြပါတယ်။ တစ်ခြားသူတွေကို သူတို့ ဘဝတွေရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေနဲ့ ပတ်သက်ပြီး အပြစ်တင်နေမှာ မဟုတ်ပါဘူး။
    Be proactive ဆိုတာ 7 Habits ရဲ့ အစပါပဲ။ ဒီ 7 Habits ဆိုတာ တစ်ဆင့်ခြင်း တည်ဆောက်ရတာမျိုးပါ။ Be Proactive မဖြစ်ပဲ၊ Begin with the end in mind ကို ဆက်လို့ မရဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် Be Proactive ဆိုတာ အခြား Habits အားလုံးရဲ့ အဖွင့် လို့ ဆိုလို့ရပါတယ်။
    2. Begin with the end in mind (စိတ်ရှင်းရှင်းနဲ့ စပါ)
    အကယ်၍များ လူငယ်တွေအနေနဲ့ ဘဝမှာ ဘယ်လို ပန်းတိုင်တွေရှိတယ်၊ ဘယ်လို တန်ဖိုးတွေရှိတယ်၊ ဘဝကို ဘယ်လို လျောက်လှမ်းချင်တယ် စတဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင် မသိထားရင် သူများတွေရဲ့ အကြံပေးချက်တွေ၊ အမြင်တွေထဲမှာ လုံးလည်လိုက်ပြီး အချိန်ကုန် လူပန်းသာ ဖြစ်နေပါလိမ့်မယ်။ သူတစ်ပါးတွေရဲ့ အကြံအစည်၊ အမြင်တွေကို လုံးဝ နားမထောင်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီလိုသာ နားမထောင်ရဘူး ဆိုရင် ဒီစာအုပ်တောင် ဖတ်နေစရာ မလိုဘူးပေါ့။ သူ့အကြံအစည်က ကိုယ့်အကြံအစည် ဖြစ်အောင် လုပ်ရပါမယ်။ သူ့ အမြင်ဟာ ကိုယ့်အမြင် ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုး ကို သေသေချာချာ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင် ပစ္စည်း ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် လူငယ်တွေအနေနဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ စာများများ ဖတ်ဖို့ လိုလာပြီပေါ့။ ဒီနေရာမှာ မိဘတွေကလည်း အကူအညီပေးရမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ကိုယ်ပိုင် ပန်းတိုင်တွေ ချမှတ်နိုင်ဖို့ ကိုယ်ပိုင် လမ်းပြမြေပုံတွေ ရေးဆွဲနိုင်ဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အကူအညီပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ ပုံစံခွက်ထဲ အတင်းအကြပ် ထိုးထည့်တာမျိုး မဖြစ်ဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ နမူနာကောင်းတွေကတစ်ဆင့် စီးဆင်းသွားစေတာမျိုး သူ့အလိုလို နားလည် လက်ခံသွားစေတာမျိုးတွေပဲ ဖြစ်ရမှာပါ။ စိတ်ရှင်းရှင်းနဲ့ စပါဆိုတာ စိတ်ထဲမှာ ဘာမှ မရှိတဲ့ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် လွင့်ဖို့ မဆိုလိုပါဘူး။ ကိုယ့်စိတ်ထဲမှာ ငါက ဘယ်လို သွားနေတာ၊ ဘာတေလုပ်နေတာ၊ ငါဘယ်ကိုရောက်ရမယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိပြီး စဖို့ ဆိုလိုပါတယ်။
    3. Put First Things First (ပထမဦးစားပေးတွေကနေ စပါ)
    ဒီ Habit ကတော့ လူငယ်တွေကို ဦးစားပေးအဆင့်တွေ စီဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ဦးစားပေးအဆင့်တွေ စီလိုက်တာနဲ့ အချိန်ကို စီမံခန့်ခွဲပြီးသား ဖြစ်သွားနိုင်သလို ဘဝမှာ အရေးအကြီးဆုံးအရာတွေကို ဖော်ထုတ်ပြီး ဦးစားပေး လုပ်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ Put First Things First ဆိုတဲ့ Habit က အခက်အခဲတွေနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ဘယ်လို ကြံ့ကြံ့ခိုင်ခိုင်နေမယ်၊ ကြောက်ရွံ့စိတ်တွေကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတဲ့ အချက်တွေကိုလည်း အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဘဝကို ဦးစားပေးအဆင့်တွေအလိုက် တစ်ဆင့်ချင်း အောင်မြင်အောင် အကောင်အထည်ဖော်သွား တတ်ဖို့ လမ်းပြပေးမှာ ဖြစ်ပါတယ်။
    လူငယ်တွေအနေနဲ့ တစ်ခါတစ်လေမှာ လုပ်ချင်တာတွေ များနေတတ်ပါတယ်။ .NET လည်း လုပ်ချင်တယ်၊ PHP လည်း လုပ်ချင်တယ်၊ Graphic Design လည်း လုပ်ချင်တယ်၊ Web Design လည်းလုပ်ချင်တယ်၊ သူတို့ကပြောနေပြန်ပြီ Framework တဲ့ စမ်းကြည့်ဦးမှ ဆိုပြီး လုပ်ချင်တာတွေ များလာတတ်ပါတယ်။ အဲဒီလို လုပ်ချင်တာတွေ များတာအပြင် လုပ်ရမှာတွေကော၊ လုပ်သင့်တာတွေကော စုပုံကျလာတဲ့အခါ ဘယ်ကနေ စရမှန်းကို မသိတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဆိုရင် ဦးစားပေး အဆင့်တွေ စီရပါတော့မယ်။ အဲဒီလို စီတဲ့နေရာမှာလည်း ဒါက ဖြစ်ချင်တာလား၊ ဖြစ်သင့်တာလား၊ ဖြစ်နိုင်တာလား၊ မဖြစ်နိုင်တာလား၊ အခုချက်ချင်း လိုတာလား၊ နောက်နေ့မှ လိုတာလား၊ နောက် တစ်ပတ်မှ လိုတာလား၊ နောက်လလား၊ နောက်နှစ်လားစတဲ့ မေးခွန်းတွေ တတ်နိုင်သမျှ များများမေးပြီး ဦးစားပေးအဆင့်လိုက် စီရမှာ ဖြစ်ပါတယ်။ အဲဒီလို စီလိုက်တဲ့ အခါမှာ ကိုယ့်အရမ်းအရေးကြီးပါတယ်လို့ ထင်နေတာတွေဟာ နောက်ကြမှ လုပ်ရင် ရပါလားဆိုတာမျိုးတွေ တွေ့လာရပါလိမ့်မယ်။ ကိုယ်က အရေးမကြီးပါဘူး၊ နောက်မှ လုပ်မယ်ဆိုပြီး ရွေ့ထားတာတွေဟာ သေရေးရှင်ရေး လုပ်ရမှာ တွေ ဖြစ်လာတတ်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက ဘောလုံးကစားသမားတွေလိုပေါ့။ တစ်ပွဲခြင်းစီ အာရုံစိုက် ကစားဖို့လည်း လိုပါတယ်။ ကိုယ်က ဦးစားပေးတွေတော့ စီထားပါရဲ့၊ စီထားတဲ့အတိုင်းလည်း လုပ်ပါရဲ့။ နောက်လုပ်ရမယ့် အလုပ်တွေအပေါ် အာရုံရောက်နေရင်လည်း အခုလုပ်နေတဲ့ အလုပ်ကို ထိခိုက်လာပါလိမ့်မယ်။
    4. Think Win-Win (သူလည်း နိုင်၊ ကိုယ်လည်း နိုင်ဆိုတဲ့ အခြေအနေအတိုင်းပဲ စဉ်းစားပါ)
    ဒါကတော့ သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိတဲ့ လမ်းကိုပဲရွေးဖို့ တွေးဖို့ ဆိုလိုပါတယ်။ သူက နိုင်၊ ကိုယ်က ရှုံးလို့လည်း မဖြစ်ပါဘူး။ ကိုယ်က နိုင်၊ သူက ရှုံးဆိုရင်လည်း မမိုက်ဘူးပေါ။ သူနိုင် ကိုယ်နိုင် အခြေအနေက မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ခက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုနဲ့ တစ်ခု ဆွေးနွေးကြတာပဲ ဖြစ်ဖြစ်၊ အဖွဲ့တစ်ခုနဲ့ တစ်ခု ညှိနှိုင်းကြတာပဲ ဖြစ်ဖြစ် နှစ်ဖက်လုံး အကျိုးရှိတဲ့ အဖြေတစ်ခုထွက် ဖို့ဆိုတာ အင်မတန် ခက်တယ်ဆိုတာ သိကြမှာ ဖြစ်ပါတယ်။ နှစ်ယောက်ပေါင်း သုံးဖွဲ့ကွဲနေတော့ ပိုဆိုးပြီပေါ့။ Brain Storming ယဉ်ကျေးမှုကို အများကြီး အလုပ်ဖြစ်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ Win-Win ဆိုတဲ့ အခြေအနေဟာ IQ တစ်ခုတည်းနဲ့ မရတော့ပါဘူး။ EI (Emotional Intelligence) လည်း မြင့်ဖို့ လိုလာပါပြီ။ SQ လို့ခေါ်တဲ့ Spiritual Quotient လည်း မြင့်ဖို့ လိုလာပါပြီ။ ဒါတွေအတွက် အထပ်ထပ် ပြောရမယ့် အချက်ကတော့ ငယ်ကတည်းက လေ့ကျင့်ရမယ် ဆိုတာပါပဲ။ ငယ်ငယ်ကတည်းက ပြောရရင် ကျောင်းကတည်းက Activities တွေမှာ လေ့ကျင့်ရမယ် ဆိုတာပါပဲ။ Think Win-Win ဆိုတာ ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ လမ်းစလည်း ဖြစ်ပါတယ်။ တစ်ခုစတယ်၊ တစ်ဖက်က နိုင်တယ်၊ တစ်ဖက်က ရှုံးသွားတယ်ဆိုရင် နောက်တစ်ခါ ဘယ်ပေါင်းလို့ ရနိုင်ပါတော့မလဲ။
    5. Seek First to Understand, Then to be Understood (ပထမ နားလည်အောင် ကြိုးစားပါ၊ ပြီးမှ နားလည်မှုကို ခံယူပါ)
    လူတွေက နားထောင်ရမှာထက် ပြောရမှာကို ပိုအားသန်ကြပါတယ်။ သူပြောနေတာ ဘာလဲလို့ စဉ်းစားဖို့ထက် ကိုယ်ပြောချင်တာ ဘာလဲ ဆိုတာ အဓိကထား တတ်ကြပါတယ်။ ဒီတော့ လူမှုပေါင်းသင်းဆက်ဆံရေးမှာ တစ်ဖက်သတ် စီဆင်းမှုတွေ ဖြစ်လာပါတော့တယ်။ ဒီလူတစ်ယောက်က ပေါင်းသင်း ဆက်ဆံရေးကောင်းတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး အင်မတန်တော်တာပဲလို့ အပြောခံ၊ ချီးမွန်းခံရတဲ့သူတွေကို လေ့လာကြည့်ပါ။ အဲဒီလို လေ့လာလိုက်ရင် အဲဒီလူတွေဟာ နားထောင်တတ်တဲ့သူတွေပဲ ဖြစ်နေတာများပါတယ်။ သူများပြောတာကို ကိုယ်နဲ့ ထပ်တူခံစား နားထောင် တတ်ပါတယ်။ Sympathy (ကိုယ်ချင်းစာမှု) တင်မက၊ Empathy (ကိုယ်နှင့် ထပ်တူခံစား နားလည်မှု) စတာတွေနဲ့လည်း ပြည့်စုံကြပါတယ်။ သူတို့ဟာ သူတစ်ပါးကို အရင်နည်းလည်အောင် အရင်ကြိုးစားပြီး ကိုယ့်ကိုနားလည်လာအောင် ဆောင်ရွက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတွေမှာလည်း အဲဒီ Habit က မရှိမဖြစ် အရည်အချင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်။
    6. Synergize (ပူးပေါင်းဆောင်ရွက်ပါ)
    Synergy ဆိုတာက တစ်ဦးချင်းစီ မစွမ်းဆောင်နိုင်တာကို နှစ်ဦးဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့ သူတွေ စုပြီး ဆောင်ရွက်ကြတာမျိုးပါ။ အကောင်းဆုံး နားလည်အောင် ပြောရရင်တော့ ပူးပေါင်းဆောင်ရွက်တာပါပဲ။ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ကျွန်တော် နားလည်သလို ဥပမာ ပေးကြည့်ပါ့မယ်။ ကလေးဘဝမှ လမ်လျောက်သင်သလိုပေါ့၊ ကိုယ်ကိုယ်တိုင် မလျောက်နိုင်သေးတဲ့ အခါမှာ အဖေ၊ အမေတွေရဲ့ အကူအညီကို ယူရပါတယ်။ အဲဒီလို အခြေအနေကို dependent လို့ ခေါ်ပါတယ်။ အဲဒီလို dependent အဆင့်ကနေ ကိုယ်တိုင် လျောက်နိုင်တဲ့အဆင့်ကို သွားရပါတယ်။ Independent ဆိုတဲ့ အခြေအနေအထိပေါ့။ အဲဒီကနေ ပြေးနိုင်လွှားနိုင် အဆင့်ကို ရောက်လာပါလိမ့်မယ်။ ပြေးနိုင်တဲ့ အဆင့်ရောက်တော့ တစ်ခြားသူတွေနဲ့ ပူးပေါင်းပြီး ပြေးခုန်ပစ် ပြိုင်ပွဲလိုမျိုး ဝင်ပြိုင်ကြပါတယ်။ အဲဒီလို အခြေအနေကို Interdependent လို့ ခေါ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ Interdependent ဖြစ်ပါမယ်။ အပြန်အလှန် မှီခိုနေတာမျိုး မဖြစ်စေပဲ။ အပြန်အလှန် အကျိုးပြုနေတဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။ ဒီတော့မှ “မင် ရဲ့ လမ်း” “ငါ့ရဲ့ လမ်း” ဆိုပြီး ခွဲခြားပြီး လျှောက်နေတာမျိုး မဟုတ်တော့ပဲ အကောင်းဆုံးလမ်း၊ အမြင့်ဆုံးလမ်းကို အတူတူလျှောက်ကြတာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ Synergy က လူငယ်တွေရဲ့ မတူညီတဲ့ အားသာချက်တွေကို ပေါင်းစပ်ပေးနိုင်ပါတယ်။ အခြားသူတွေကိုလည်း ဝမ်းမြောက်၊ ဝမ်းသာ လက်ခံတတ်လာစေပါတယ်။
    7. Sharpen the Saw (ပြန်သွေးပါ)
    ဒါကတော့ အမြဲတမ်း သစ်နေစေဖို့ ဖြစ်ပါတယ်။ လွှကို အမြဲတမ်းသွေးပေးမှ ကိုယ်လိုရာကို ကောင်းကောင်း ဖြတ်နိုင်သလို ကိုယ့်ကိုယ်ကို အမြဲတမ်း သွေးနေမှ အဆင်ပြေပါလိမ့်မယ်။ အဲဒီလို ပြန်သွေးတယ်ဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်ကို ပြန်သတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ကိုယ်ကိုယ်ကို ပြန်သတယ်ဆိုတာ မိတ်ကပ်လိမ်းခိုင်းတာ မဟုတ်ဘူးနော်။ ကျမ်းမာရေးကောင်အောင်၊ ပျော်ရွှင် စိတ်ချမ်းမြေ့စွာနေနိုင်အောင်၊ နောင်ရှေ့ဆက်ရမယ့် လမ်းအတွက် အားအင်တွေ ခွန်အားတွေ ဖြစ်အောင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။ Body၊ Brain၊ Heart နဲ့ Soul တို့ကို အားသစ်လောင်း၊ မာန်သစ်လောင်းဖို့ပါ။
    ဒါကတော့ စာအုပ်အညွှန်မျှသာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဆရာကျော်ဝင်း ဘာသာပြန်ထားတဲ့ နှစ်ဆယ့်တစ် ရာစု သားရွှေဥကို ဖတ်တာပဲ ဖြစ်ဖြစ်၊ 7 Habits ဆိုတဲ့ စာအုပ်ကို တိုက်ရိုက်ဖတ်တာပဲ ဖြစ်ဖြစ် ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ Team Building ရဲ့ အခြေခံကျတဲ့ စာအုပ် တစ်အုပ် ဖြစ်တာနဲ့အညီ အရင်ဆုံး ညွှန်းလိုက်ရခြင်း ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ …
    Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes