Friday 20 May 2011

မစိမ်းတဲ့ကမ္ဘာ

၂၀၀၅ ဇူလိုင် ၉ ရက်နေ့

အစ်မကြီးမျက်နှာလေးကို မြင်ရတာ တကယ့်ကို စိတ်ချမ်းသာစရာ။ သူ့မျက်ဝန်းမှာ အားတက်ရွှင်လန်းမှုနဲ့ ကြည်နူးဆွတ်ပျံ့တဲ့ အရိပ်ယောင်လေးတွေ အတိုင်းသားပေါ်လွင်နေတယ်။ နာတာရှည်စွဲကပ်လာတဲ့ နှလုံးရောဂါဖိစီးမှုဒဏ်ကို အံတုရင်ဆိုင်ကျော်လွှားရင်း အသက်အရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော် ညှိုးရောင်သန်းနေတဲ့ မျက်နှာထားပေါ်မှာ ကြည်လဲ့လဲ့မျက်ဝန်းအစုံနဲ့အတူ ရွှန်းလက်တဲ့ အပြုံးတစ်ပွင့်။
ဒီနေ့… အချိန်အကြာကြီး ဝေးကွာနေခဲ့တဲ့ သူ့ရဲ့ကိုယ်ပွားပုံရိပ်တစ်ခု သူ့အနားကို ပြန်ရောက်လာ တော့မှာလေ..ဖြစ်နိုင်ရင် ခုလိုအချိန်မှာ သူကိုယ်တိုင် ဟိုးအဝေးတစ်နေရာ မိုင်ထောင်ချီခရီးကိုသွားပြီး သားလေးရဲ့မျက်နှာကို အရင်ဆုံးပြေးကြိုလိုက်ချင်တာပေါ့။ သို့သော်လည်း စိတ်ဆန္ဒဇောဘယ်လိုပြင်းထန် ပေမယ့်.. ဆယ်နှစ်တာလုံးလုံး သားရှိမယ့်နေရာကို စိတ်နဲ့သာမှန်းပြီး အလွမ်းဖြေနေခဲ့ရ။ ပြန်တွေ့ရခါနီးမှာ တောင် ရောဂါက သဲသဲသန်သန် ဒုက္ခပေးလာလို့ ဆေးခန်းနဲ့အိမ် မပြတ်တမ်းသတင်းပို့နေရတာမို့ သားဖြစ်သူ အိမ်ပြန်ခရီးကို ရန်ကုန်ဘူတာကြီးမှာပင် သွားပြီးမကြိုနိုင်တဲ့အဖြစ်။
အစ်မကြီးဟာ မိသားစုအပေါ်မှာ တာဝန်ကျေပွန်သူ။ ခင်ပွန်းသည်ရှိစဉ်ကတည်းက အိမ်ရှင်မကောင်းပီပီ အသုံးနဲ့ အဖြုန်းကိုသေချာတွက်စစ်ပြီး အဆုံးရှုံးအလေအလွင့်မရှိအောင် ရတဲ့ဝင်ငွေလေးနဲ့လောက်ငှအောင် သုံးတတ်သူ။ ခင်ပွန်းသည် ငြိုငြင်ကင်းအောင်နေတတ်သူ။ ခင်ပွန်းသည်ကလည်း နာမည်နဲ့လိုက်အောင် အေးဆေးတည်ငြိမ်သူ။ အသောက်အစား အဖောက်အပြားတွေရှိဖို့မဆိုထားနဲ့ စကားကိုတောင် သိပ်များများ မပြောတတ်သူ။ နှစ်ကိုယ်တူကြည်ဖြူအေးချမ်းတဲ့ မေတ္တာဘ၀လမ်းမှာ သားသမီးနှစ်ယောက်ကို အဖော်ပြုကာ အကြင်နာတရားတွေ ယိုဖိတ်လို့မဆုံးနိုင်သေးခင်မှာပဲ ကံကြမ္မာမုန်တိုင်းရဲ့ ရိုင်းစိုင်းမှုအောက်မှာ အပျော်တွေ ပျောက်ခဲ့ရတယ်။ တစ်နေ့မှာတော့ ယန္တရားတပ်မှာ အမှုထမ်းတဲ့ ခင်ပွန်းသည်တပ်ကြပ်ကြီးဟာ ကားပြင်နေရင်း ယာဉ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ရတယ်။
အဲနောက်ပိုင်းမှာတော့ မိသားစုရဲ့ စားမှုနေမှုကိစ္စအ၀၀နဲ့ လူမမည်သားသမီးနှစ်ဦးရဲ့ဘ၀ရှေ့ရေး ပြုစုပျိုးထောင် ပေးဖို့တာဝန်ဟာ သူ့ပုခုံးပေါ်လုံးလုံးကျရောက်လာတော့တယ်။ ပင်ကိုယ်ဗီဇအရ နူးညံ့သိမ်မွေ့ပြီး အားနွဲ့သူလို့ အများကထင်မှတ်ထားတဲ့အစ်မကြီးဟာ ကြုံလာသမျှလောကဓံတရားတွေကို ကြံ့ကြံ့ခံ အံတုရုန်းကန်ခဲ့သူ တစ်ဦးပါ။ တစ်ပင်လဲမူတစ်ပင်ထူသဘောနဲ့ လွယ်လွယ်ကူကူ အားကိုးရှာတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ မုဆိုးမဘ၀ကို ကျေကျေနပ်နပ်ကြီး ခံယူပျော်ပိုက်ပြီး တတ်စွမ်းသမျှ စက်ချုပ်၊ ဇာထိုးပန်းထိုး အလုပ်လေးတွေနဲ့ မိသားစုဝင်ငွေရှာပြီး ကလေးနှစ်ယောက်ကို မငြိုမငြင်ပညာတွေ သင်ပေးခဲ့တာပါ။ သားသမီးတွေကလည်း မိကောင်းဖခင်သားသမီးပီပီ ဗိုင်းကောင်းကျောက်ဖိ စာကြိုးစားတော့ နှစ်ယောက်လုံး ပညာရေးထူးချွန်ကြ ပါတယ်။
ဒီလိုနဲ့ ၁၉၉၆ မှာ သားကြီးဖြစ်သူ မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေစဉ် နောက်ထပ်ကြမ္မာရိုင်းတစ်ခုနဲ့ ထပ်ပြီးကြုံလိုက်ရပြန်ပါတယ်။ လိမ္မာတဲ့သား အချိန်တန်အိမ်ပြန်မရောက်လို့ သောကတွေဗျာပါဝေနေချိန် သားရဲ့ကိုယ်စား စုံထောက်အချို့အိမ်ကိုရောက်လာပြီး နေရာအနှံ့လှန်လှောမွှေနှောက်ရှာဖွေသွားပါတယ်။ သားပျောက်ခါစရက်တွေမှာ အစ်မကြီးခမျာ ဘုမသိဘမသိရှက်လွန်းလို့ အိမ်ထဲကအိမ်ပြင်ကို မထွက်တော့ဘူး။ နောက်ပိုင်းမတော့ မိသားစုက၀ိုင်းဝန်းနှစ်သိမ့်၊ တစ်ရပ်တစ်ကျေးမှာနေတဲ့ ဘ၀တူညီအစ်မတစ်ဦး တကူးတက ရောက်လာပြီး အားပေးစကားတွေ ပြောတာကြောင့် တဖြည်းဖြည်းပုံမှန် ပြန်ဖြစ်သွားရတယ်။ သားဖြစ်သူဟာ လတွေနဲ့ချီပြီး ဘယ်ကိုရောက်နေမှန်းမသိအောင် ပျောက်ဆုံးနေခဲ့ရာက နောက်ဆုံးတော့ အင်းစိန်တောရ တစ်နေရာကို ခရီးရက်ရှည်အလည်ရောက်နေကြောင်း သိလိုက်ရတယ်။ ဒီတော့လည်း သူစိမ်းအရပ်မှာ အားမငယ်ရအောင် နှစ်ပတ်တစ်ခါ စားစရာလေးတွေပို့ပေးနေရင်း ခြောက်လလောက်ကြာတော့  မိုင်ပေါင်း ထောင်ချီကွာဝေးတဲ့ မြောက်အရပ်ဆီ ပြောင်းရွှေ့သွားတာကိုကြားရပြန်တယ်။
ဒီတစ်ခါတော့ အစ်မကြီးအတွက် သွားတွေ့ဖို့ ဘယ်လိုမှအခွင့်မသာခဲ့။ ချူချာလှတဲ့ ကျန်းမာရေးအခြေအနေက ဒီခရီးကို လေယာဉ်စီးဖို့လည်းမလွယ်၊ ခရီးရက်ရှည်ရထားစီးဖို့လည်းမလွယ်။ နေ့ရှိသရွေ့ အိမ်ရှေ့ပုဏ္ဏားကွယ် လေးနောက်မှာထိုင်လိုက်၊ ၀ရန်တာကျဉ်းကျဉ်းလေးကို ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်နဲ့ သားပြန်လာမယ့် ရက်ကိုမျှော် လိုက်ရတာ မဆုံးနိုင်သောမနက်ဖြန်တွေ အလီလီထပ်လို့ နှစ်ကာလတွေတောင် ဆယ်စုချီသွား တော့တယ်။ သမီးငယ်လေးကတော့ ရောဂါသည်မိခင်ကြီးအတွက် သူ့ရဲ့လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့  အချိန်လေးတွေကို လုပ်ငန်းခွင်မှာပေးဆပ်လိုက်ရတယ်။ အိမ်အတွက် စရိတ်စကနဲ့ အမေ့အတွက်ဆေးဖိုး ငွေရှာဖို့တာဝန်ကို တစ်ပြန်တစ်လှည့် သူယူလိုက်ရပြီလေ။
အစ်မကြီးတို့ရဲ့ ဖူးစာကံမျိုးက ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာမှာ ရှိတတ်ပေမယ့်ရှားပါတယ်။ ညီအစ်ကိုနှစ်ယောက်၊ ညီအစ်မနှစ်ယောက် အကြီးအကြီးချင်း၊ အငယ်အငယ်ချင်း မေတ္တာသက်ဝင်ပေါင်းဖက်ကြသူတွေ။ ညီအစ်ကို နှစ်ယောက်လုံးကစစ်သားတွေ။ အကိုကြီးမရှိတဲ့နောက် အစ်မကြီးက လက်ရှိနေတဲ့အိမ်နဲ့ခြံဝိုင်းလေးကိုရောင်း ညီမမိသားစုနေထိုင်ရာဆီပြောင်းလာပြီး တစ်ခြံတည်းနှစ်အိမ်ယှဉ်ဆောက်နေကြတယ်။ နောင်တစ်ချိန် သားကြီးပါ အိမ်မှာ မရှိတော့ရင် ဆိုတဲ့အတွေးကို သူကြိုပြီးသိထားလေရော့သလားမသိ။
ဘာပဲဖြစ်ဖြစ်လေ.. မိန်းမသားနှစ်ဦးသာ ကျန်ခဲ့တဲ့အခြေအနေမှာ ခုလိုမိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေတော့ အထီးကျန်မှုနည်းနည်းသက်သာသလို လုံခြုံမှုလည်းရတာပေါ့။ ဒီနေရာမှာ အာဏာရှင်ကြီးတွေ ၀ါဒဖြန့် မှိုင်းတိုက်မှုက နွေးထွေးခိုင်မာတဲ့ မိသားစုသံယောဇဉ်ကို ယိုင်နဲ့အောင်တိုက်စားမသွားနိုင်။ ဒါပေမယ့် ကြုံခဲ့ဖူးတဲ့လောကဓံမုန်တိုင်းက အစ်မကြီးရဲ့စိတ်ကို တအားခြောက်လှန့်ပစ်လိုက်တယ်။ သူစိမ်းတစ် ဦးဦး အိမ်ရှေ့မှာလာရပ်တာတွေ့တိုင်း သူ့ရင်မှာ ကတုန်ကယင်ဖြစ်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ အိမ်ရှေ့ခြံဝတံခါးကိုလည်း အချိန်ပြည့်ပိတ်ထားတတ်တယ်။ ICRC ကားကြီးရောက်လာချိန်မှာ သူ့ခမျာ ရင်တွေပန်းတွေတုန်လို့ ခြေမကိုင်မိလက်မကိုင်မိ။ ကျနော်သူ့ကိုသွားတွေ့တဲ့အခါတိုင်း တစ်ဖက်မှာရှိတဲ့ အစ်မငယ်တို့အိမ်ခြံတံခါးပေါက်က၀င် အစ်မငယ်တို့မိသားစုနဲ့ ခဏတစ်ဖြုတ်စကားပြောပြီး အိမ်နောက်ဖေး ကနေ အစ်မကြီးတို့အိမ်ဖက်ကို ကူးရတယ်။ သူနဲ့ပြောစရာရှိတာပြော ပေးစရာရှိတာပေးပြီးရင် အစ်မငယ် တို့အိမ်ပေါက် ကနေပြန်ထွက် ဟိုဖက်ကိုမရောက်ခဲ့သလိုလို။
ကျနော်နဲ့တွေ့တဲ့အခါ သားကြီးဆီကရောက်လာတဲ့ စာတွေ ကဗျာတွေကို ပေးဖတ်တတ်တယ်။ ပြီးတော့ ထောက်လှမ်းရေးတွေ တွေ့မသွားတဲ့ သားကြီးတို့အဖွဲ့နဲ့အန်တီစု တွဲပြီးရိုက်ထားတဲ့ဓာတ်ပုံလေးကို ထုတ်ပြတယ်။ (အဲဒီဓာတ်ပုံလေးက သားကြီးအဖမ်းခံရပြီးနောက်ပိုင်းမှာမှ စာအုပ်ပုံကြားက တွေ့ရတာ)။ သူအရဲစွန့်ပြီး အန်တီစုနဲ့သွားတွေ့ခဲ့ပုံလေးကိုလည်း တိုးတိုးလေးပြောပြလိုက်သေးတယ်။ အဲဒီအချိန်မှာ သားကြီးရဲ့ သူငယ်ချင်းတစ်ဦးက မြစ်ကြီးနားထောင်မှာတာဝန်ကျတာမို့ ဒီသူငယ်လေးခွင့်ပြန်လာချိန်မှာ သားကြီးဆီက စာတွေပါလာ၊ ခွင့်စေ့လို့ပြန်တော့ အိမ်ကစာနဲ့ စားစရာတွေထည့်ပေးလိုက်၊ တခါတလေ စာတိုက်ကရောက်လာတတ်တဲ့ စာအဆက်အသွယ်လေးရှိနေလို့သာ တော်သေးတာ။
ဒီကနေ့တော့ ကာလတာရှည်စွာ ခြောက်သွေ့ညှိုးနွမ်းနေခဲ့တဲ့ မိသားစုဘ၀လေး အရင်တုန်းကလိုပြန်ပြီး စိုစိုပြေပြေ သိုက်သိုက်ဝန်းဝန်းရှိလာတော့မှာပါ။ သမီးလေးနဲ့ညီမတို့မိသားစုက သားကိုကြိုဖို့ ဘူတာကြီး ကိုထွက်ခွာသွားကြပြီ။ အိမ်မှာ အစ်မကြီးနဲ့အတူနေပေးဖို့ ရပ်ဆွေရပ်မျိုးအချို့ရောက်လာကြတယ်။ အစ်မကြီး ကတော့အိမ်အောက်ထပ် တမံသလင်းပေါ်က ခပ်နွမ်းနွမ်းဒရင်းပတ်ကလေးပေါ် အားပြုမှီထားရင်း အိမ်ရှေ့ ဆီကို မျှော်ငေးကြည့်နေတယ်။ လမ်းထဲကိုဝင်လာတဲ့ ကားစက်သံကြားလိုက်တိုင်း သူ့မျက်လုံးတွေဝင်းပလာပြီး ခေါင်းလေးထောင်နားစွင့်လိုက်၊ ကားစက်သံဝေးဝေးသွားပြန်တော့ ဟင်း..ကနဲသက်ပြင်းတစ်ချက် ပင့်ရှိုက်လိုက်ရင်း ဒရင်းပတ်ပေါ် ပြန်မှီချလိုက်၊ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့ ခင်ပွန်းသည်ရဲ့ဓာတ်ပုံကို မော့ကြည့်နေလိုက်။ ဖအေတူသားကြီး ပြန်လာတော့မှာလေ။
သူ့အတွေးထဲမှာတော့ ..မတွေ့ရတဲ့ အချိန်တွေအတွင်း သားကြီးဘယ်လောက်ပြောင်းလဲသွားပြီလဲ။ ရုပ်ကြီးက မမှတ်မိနိုင်လောက်အောင် ရင့်ရော်နေပြီလား။ သားကြီးရဲ့မျက်နှာကို စတွေ့လိုက်ရချိန်မှာ ဘယ်လိုမျက်နှာ ထားမျိုး၊ ဘယ်လိုစကားမျိုးနဲ့ ဆီးကြိုနှုတ်ဆက်လိုက်ရင် ကောင်းမလဲ။ အိမ်ရှေ့ခြံအ၀င် သရက်ပင် ထက်မှာတော့ ရွှေကျေးလေးက သာနေပြီ။
(အစ်မကြီးနဲ့တူ၊တူမလေးတို့ ထာဝရပျော်ရွှင်နိုင်ပါစေ)
ဆက်လက်ဖော်ပြပေးပါမည်။
နေမင်းသူ
၈-၅-၂၀၁၁

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes