Saturday 31 December 2011

တိုင်းရင်းသားပညာရေး NLD ဂီတပွဲ စည်ကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကွင်းပြည့် လူတွေ လာရောက် အားပေးခဲ့ကြပါတယ်။ အစောပိုင်းတုန်းကလည်း ရန်ပုံငွေဈေးရောင်းပွဲ လုပ်ခဲ့တာမှာ တော်တော်များများ လာပြီး အားပေးကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။ ဂီတအသိုင်းအ၀ိုင်းထဲက နာမည်ကြီး တေးဂီတဝိုင်းတွေ အဆိုတော်တွေ ကူညီ တီးခတ်သီဆိုပေးကြတဲ့ ပွဲအကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ပထမဆုံးကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center MCC မှာ ကျင်းပနေတာမှာ လူတွေ တော်တော်လေး လာပြီးအားပေးနေကြတယ်လို့ ပွဲသွားကြည့်သူတွေက ပြောပါတယ်။ ဂီတဖျော်ဖြေပွဲကို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောခဲ့တာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှုရှိဖို့ ငြိမ်းချမ်းရေးနဲ့ စည်းလုံး ညီညွတ်ရေးဟာ အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဂီတတီးဝိုင်းတွေ၊ အဆိုတော်တွေ တော်တော်များများ ပါဝင်တီးခတ်သီဆိုကြတဲ့ပွဲကို သွားရေးလာရေး သိပ်မလွယ်လှတဲ့ MCC မှာကျင်းပတာဖြစ်ပေမဲ့ လာကြည့်သူတွေကတော့ ဖြစ်အောင်လာပြီး အားပေးခဲ့ကြပါတယ်။
ပွဲလာကြည့်သူတစ်ဦး။   ။ “ဒီကရတဲ့ရန်ပုံငွေတွေက ကျမတို့ ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လှူန်ဒါန်းမယ်၊ ပြီးတော့ ပညာရေးကွန်ယက်ကို ချဲ့ထွင်ပြီးလုပ်မယ့်အတွက်ကြောင့် ကျမတို့ လာရောက် အားပေးရတာပါရှင့်။”
ပွဲလာကြည့်သူတစ်ဦး။  ။ “ကျနော်တို့ ပညာရေး ရန်ပုံငွေပေါ့နော်။ ကျနော်တို့ တိုင်းရင်းသား ပညာရေးရန်ပုံငွေအတွက် ကျနော်တို့ကနေပြီးတော့ တဖက်တလမ်းက ကူညီတဲ့အနေနဲ့ လာကြည့်တာပါ။”
မစုမြတ်မွန်။  ။ ဒီပွဲမှာ အဆိုတော်တွေလည်း အများကြီး တွေ့ရမယ်ဆိုတော့ အန်ကယ်က ဘယ်သူ့ကို ကြည့်ချင်ပါသလဲ။ -
ပွဲလာကြည့်သူ။  “ကျနော်တို့ ကြည့်ချင်တာကတော့ ဆောင်းဦးလှိုင်ပေါ့။ ဦးစီးဦးဆောင်လုပ်တော့ သူတို့ကို အရမ်းကြည့်ချင်လို့။”
Emperor ၊ Metal Zone စတဲ့ နာမည်ကြီးတီးဝိုင်းတွေနဲ့အတူ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်ဝင်းထွဋ်၊ ဂျေညီညီ၊ ဂျေမောင်မောင်၊ တူးတူး၊ နွဲ့ယဉ်ဝင်း၊ ကော်နီ စတဲ့ ဝါရင့် အဆိုတော်တွေအပြင် ဆောင်ဦးလှိုင်၊ မျိုးကျော့မြိုင်၊ R ဇာနည်၊ ဝိုင်းစုခိုင်သိန်း၊ L ဆိုင်းဇီ စတဲ့ တခြားနာမည်ကြီးအဆိုတော်တွေ၊ လူငယ်ကြိုက် Hip Hop အဆိုတော်တွေ အများအပြား ရန်ပုံငွေပွဲမှာ သီဆိုဖျော်ဖြေကြပါတယ်။ ဂီတဖျော်ဖြေပွဲ မစခင် နေ့လည်ပိုင်းလောက်ကစပြီး ရန်ပုံငွေရှာ ဈေးရောင်းပွဲကို လုပ်ခဲ့တာမှာ အားပေးကြသူတွေ များပါတယ်လို့ ပွဲဖြစ်မြောက်ရေးမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ဈေးပွဲတော်မှာ ဆိုင် ၁၀၀ လောက်ရှိပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေ အတော်များများ ရောင်းပါတယ်။ လူလည်း တော်တော်လေး လာပါတယ်။”
ဆိုင်ခန်းတွေ အများကြီး ဖွင့်လှစ်ရောင်းနေတာမှာ တနေကုန်နီးပါး ရောင်းနေရတယ်လို့ ဆိုင်ခန်းတစ်ခုကို ကူရောင်းပေးနေတဲ့ မဖြူဖြူသင်းကလည်း ပြောပါတယ်။
“အခုချိန်ထိ ရောင်းနေရတုန်းပဲ။ မနက် ၉ နာရီလောက်ကတည်းကလေ။ မနက် ၉ နာရီလောက်ကစပြီးတော့ တနေကုန်ပဲ။ မိုးချုပ်တော့ လူ ပိုများလာတယ်။ အခုချိန်ထိ လူတွေ မစဲသေးဘူး။ အဆိုတော်တွေကတော့ တော်တော်လေးကို တက်ကြွကြတယ်။ အကုန်လုံးကလေ။ အန်တီ့ကို ဆုတောင်းကြတာနဲ့ နောက်ပြီးတော့ ဆိုတဲ့သီချင်းတွေလည်း တော်တော်ကောင်းတယ်။ ဒီမှာ ကြည့်တဲ့ပရိသတ်တွေကလည်း တော်တော်လေးကို အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့လေ။ ငြိမ်ငြိမ်ဆိမ်ဆိမ်လေးရှိတယ်။ အဆိုတော်တွေလည်း အများကြီးပဲ။ အယောက် ၈၀ ကျော်တယ်။ အန်တီလာတော့လည်း တော်တော်လေးကို အားပေးကြတယ်။ တော်တော်လေးကို ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။”
တကယ်တော့ တိုင်းရင်းသား ဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီးလုပ်ဖို့ ပထမ စီစဉ်ခဲ့တာက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ သုဝဏ္ဏအားကစားကွင်းမှာ ပွဲလုပ်ခွင့် မရတာကြောင့် အခု ဒီဇင်ဘာလ ၃၀ ရက်နေ့ MCC ကွင်းပြင်မှာ လုပ်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်း ရန်ကုန်မြို့တွင်း ဗုံးကွဲမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေချိန်မှာ ကျင်းပတဲ့ပွဲမို့ တချို့ကလည်း စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ ပွဲအတွက် လုံခြုံရေးအစီအမံတွေ လုပ်ထားပါတယ်လို့ NLD ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။ သက်ဆိုင်ရာဆီမှာ ပွဲမိန့်တောင်းကတည်းက ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ကို ငှားမယ်လို့ အာမခံရတာဖြစ်ပါတယ်။
“သူတို့သတ်မှတ်ထားတဲ့ လုံခြုံရေးတာဝန်ယူတဲ့ အဖွဲ့ရှိတယ်။ အဲဒါကတော့ သူတို့က အရင်ရဲဘက်က ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်မယ်။ တချို့ လုံခြုံရေးကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်မယ်။ ကုမ္ပဏီသဘောမျိုးပေါ့နော်။ စီးပွားရေးဆန်ဆန်လုပ်တဲ့ ကုမ္ပဏီမျိုးပေါ့။ သူတို့ကို ပွဲလမ်း လုပ်တဲ့အခါတိုင်း လုံခြုံရေးသဘောအရ ငှားရမ်းရတယ်ခင်ဗျ။ အဲဒီကနေပဲ ငှားရမ်းမှုလုပ်ပြီးတော့မှ အဲဒီငှားရမ်းတဲ့အပေါ်မှာ ခံဝန်ချက်ပြုပြီးတော့မှ ပွဲလမ်းသဘင် လုပ်ရတဲ့သဘော ရှိတယ်ခင်ဗျ။ အဲဒါတစ်ခု။ နောက်တစ်ခုကလည်းပဲ သက်ဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ လုပ်ကိုင်ထားတာတွေလည်း တော်တော်များများကတော့ ဖိဖိစီးစီး လုပ်ထားတာတော့ ရှိတယ်။ နောက်ပြီးတော့ အပေါ်ကနေပြီးတော့ screening ပေါ့။ စောင့်ကြည့်တဲ့ ကိရိယာတန်ဆာပလာတွေကို လမ်းတလျှောက်ကစပြီးတော့ ၀င်လာတာပြုလာတာ၊ နေရာစစ်ဆေးတာ စသဖြင့်ပေါ့။ အဲဒါတွေကိုလည်း ကျနော်တို့ ငှားရမ်းတယ်ဆိုကတည်းက အဲဒီဟာတွေ အစီအစဉ်တွေထဲမှာ ပါတယ်ခင်ဗျ။”
NLD ကဦးစီးပြီး ပထမဆုံးလုပ်တဲ့ ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲမှာ ပုဂ္ဂလိက အလှူရှင်တချို့ကလည်း တိုင်းရင်းသားဒေသ ပညာရေးရန်ပုံငွေအတွက် အလှူတွေ လာရောက် ပေးခဲ့ကြပါတယ်။

ဧပြီ ၁ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ရသော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images)
မြန်မာအစိုးရက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဧပြီ ၁ ရက်နေ့ကို သတ်မှတ်လိုက်သည်။
ရွေးကောက်ပွဲရက် မသတ်မှတ်မီကပင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD က ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။
ရွေးကောက်ပွဲ ပြုလုပ်မည့် ၄၈ နေရာအနက် အများစုမှာ အစိုးရ ၀န်ကြီးများအဖြစ် တာဝန်ပေးခံရ သော လွှတ်တော်ကိုယ်စားလှယ်တို့၏ မဲဆန္ဒနယ်များ ဖြစ်သည်။
NLD က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။. အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် ကန့်သတ်ခြင်းကဲ့သို့သော စည်းကမ်းချက်များ ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်။
အစိုးရသည် မကြာသေးမီက ကန့်သတ်ချက်အများအပြားကို ပယ်ဖျက်ပေးခဲ့သည်။

Friday 30 December 2011

မြန်မာအလုပ်သမားတွေကြားက အာဆီယံ မူးယစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ အာဆီယံ မူးယစ်ဆေး တွင်ကျယ်စွာသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဧရာဝတီမှ တွေ့ဆုံမြေးမြန်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်သံ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မီးဘေးသင့်သူများထံ သွားရောက်

မန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်မှ မီးဘေး ဒုက္ခသည်များရှိရာမဟာဝိဇယ ဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်၍ အားပေး ကူညီသည်။
မီးဘေး ဒုက္ခသည်များကို တွေ့ဆုံ အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
ဒုက္ခသည် ၁၀၀၀ ကျော်ရှိသည့်အနက် အထက ၇ မင်္ဂတောင်ညွန့်နှင့် မဟာဝိဇယ ကျောင်း အပါအ၀င် အုပ်စုများခွဲထားရာ ဒုက္ခသည် ၁၀၀ ခန့်ရှိသည့် မဟာဝိဇယ ကျောင်းတိုက်သို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက်အားပေးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေးအဖွဲ့ဝင် တဦးက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က မီးဘေးသင့်တဲ့သူတွေကို အဓိက အားပေးစကားပြောတယ်။ စိတ်ဓာတ်မကျဖို့၊ အားလုံးဝိုင်းပြီး ကူညီ မယ်ဆိုတာလည်း ပြောတယ်။ ပြန်လည်ထူထောင်ရေးအတွက် NLDကလည်း ကူညီမယ်ဆိုတာလည်း ပြောတယ်”ဟု ၎င်းက ပြော ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာချိန်တွင် ဒုက္ခသည်များက ၀မ်းသာအားရကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဒုက္ခသည်များကို တဦးချင်းစီ လိုက်လံအားပေးခဲ့သည်ဟုလည်း ဆိုသည်။
မီးဘေး ဒုက္ခသည်တဦး က“အဆိုးထဲက အကောင်း။ အမေစုလာအားပေးတာ ကျေးဇူးအရမ်းတင်တယ်။ ကျနော်တို့ကို အမေစု ပစ် မထားတာသိရတာ ၀မ်း သာ တယ်။ အားလုံးကလည်း အရမ်းကူညီကြတယ်။ ပြည်သူတွေရော၊ အဖွဲ့အစည်းပေါင်းစုံက ကူညီကြ တယ်”ဟု ပြောသည်။
မီးဘေး ဒုက္ခသည်များအတွက် NLD က ဆေးခန်းဖွင့်လှစ်ပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မီးဘေးဒုက္ခသည်အများစုက စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အကူအညီများစွာ ရရှိသော်လည်း နေအိမ်များပြန်လည် တည်ဆောက်ရေးနှင့် မူလနေရာတွင် ပြန်လည်နေရာချထား ပေး၊ မပေး စောင့်ဆိုင်းနေကြကြောင်း၊ ဒုက္ခသည်အများစုမှာ မူလ နေ အိမ် များကို ပြန်လည်ပြုပြင်ဆောက်လုပ် နေလိုကြကြောင်း ဒုက္ခသည်များက ပြောဆိုသည်။
“ပေါက်ကွဲမှုကြောင့် ခဲတွေ၊ ကွန်ကရစ်တွေလွင့်ပြီး အိမ်တွေက ပြိုကုန်တာ။ တချို့အိမ်တွေလည်း မီးလောင် ကုန်တယ်။ အားလုံးက မူလနေအိမ်လေးတွေမှာပဲ ပြန်နေချင်ကြတယ်။ ဒါပေမယ့် အစိုးရဘက်က ဘယ်လို လုပ်ပေးမလဲမသိဘူး။ နေရာရွှေ့ခိုင်းပြီး၊ မြို့စွန် ဘက်မှာ နေရာပြန်ပေးမှာလား၊ ဘာလား ရှင်းရှင်းလင်းလင်း မသိသေးဘူး။ မူလနေရာပြန်မပေးဘဲ သိမ်းလိုက်မယ်ဆိုရင်တော့ အားလုံး ပိုဒုက္ခရောက်ကြမှာ”ဟု ကူးတို့ဆိပ် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ဆိုသည်။
မီးဘေးသင့်သူ အများစုမှာ အိမ်ဂရန်ပိုင် မရှိကြသူများဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန် ၀င်း ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၁၇ ဦးသေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း ၂၁၆ စု လူဦးရေ စုစုပေါင်း ၁၀၃၈ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းတထောင်ကျော်သာ ရှိသည်ဟု ယမန်နေ့က မီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
ယနေ့ထုတ် အစိုးရ သတင်းစာများ၌ မီးလောင်ပေါက်ကွဲမှုကြောင့် ၁၇ ဦး သေဆုံး၍ ၈၃ ဦး ဒဏ်ရာရရှိကြောင်း၊ အိမ်ထောင်စု ၁၄၀ ကို ယာယီကယ်ဆယ်ရေး စခန်းများ၌ နေရာချထားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးပေး
ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေ တစ်သန်းကျော်ခန့်ရှိနေပြီး နှစ်စဉ်တိုးပွားနေ

စိုးစန္ဒာဦး

မြန်မာနိုင်ငံတွင် လူဦးရေတိုးပွားမှု ပေါ် မူတည်ပြီး နှစ်စဉ် လူဦးရေတစ်သန်း ကျော်ခန့်အထိ အလုပ်လက်မဲ့နှုန်း မြင့် တက်လျက်ရှိရာ အလုပ်အကိုင် အခွင့် အလမ်းကောင်းများ ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ် အကိုင်အေဂျင်စီများက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ် သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောသည်။
၂၀၀၉-၂၀၁၀ လူဦးရေဆိုင်ရာ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိရာ ၃၆ ဒသမ ၈၄ သန်းမှာ အလုပ်လုပ်နိုင်သော လူဦးရေဖြစ်သော်လည်း အမှန်တကယ် အလုပ်လုပ်သောဦးရေမှာ ၃၀ ဒသမ ၄၉ သန်းခန့်သာရှိကြောင်း ဒုတိယ၀န်ကြီး က ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပ သော အလုပ်အကိုင်အခွင့်အလမ်းဆိုင် ရာ ဆွေးနွေးပွဲ၌ ပြောသည်။
"အလုပ်လက်မဲ့ဦးရေက ၁ ဒသမ ၂၂ သန်းလောက် ရှိနေတယ်။ နှစ်စဉ် လူဦးရေက အမြဲတိုးနေတော့ အလုပ် လက်မဲ့က နှစ်စဉ် တစ်သန်းကျော် လောက် တိုးနေပါတယ်။ "ဒီကိစ္စကို အလုပ်သမားဌာန အလုပ် အကိုင်ရှာဖွေရေးက တာဝန်ရှိသူတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ က ပူးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲ။ ပြည်တွင်းရော ပြည်ပမှာပါရှိတဲ့ အလုပ် သမားတွေ အလုပ်အကိုင်အခွင့် အလမ်းကောင်းတွေရဖို့ ဖြေရှင်းပေး နိုင်မှ အားလုံးရဲ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်နိုင်မှာပါ" ဟု ဒုဝန်ကြီးက ပြောသည်။
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော လုပ်သားသုံး သန်းကျော်တွင် နှစ်သန်းကျော်မှာ ထိုင်းနိုင်ငံတွင် တရားမ၀င်သွားရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး ခြောက်သိန်းခွဲ ခန့်ကသာ တရားဝင် ဖြစ်သည်။
"လက်ရှိအခြေအနေအရ ပြည်တွင်း မှာ အားနည်းချက်ရှိလို့၊သာတဲ့နေရာမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ အလုပ် သမားတွေကို တရားဝင်ဖွဲ့စည်းထားတဲ့ အလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် အခကြေး ငွေ သက်သက်သာသာနဲ့ လုပ်ကိုင်ပေး နိုင်ရင် ပြည်သူတွေက ပိုပြီးအလုပ်အကိုင် အခွင့်လမ်းကောင်းတွေ ရရှိနိုင်မှာပါ" ဟု ဒုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် အလုပ်သမားရုံး ၇၇ ရုံးခန့်ကို အလုပ် သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော် လည်း နယ်ဘက်မှ ပြည်သူများမှာ အလုပ် အကိုင်လိုချင်ပါက ရန်ကုန်သို့သာ လာရောက်ရှာဖွေကြရသည်။
ထိုအခါ တရားဝင်အလုပ်အကိုင်အေဂျင်စီနှင့် မတွေ့ဘဲ ကြားပွဲစားနှင့်တွေ့ပြီး မလို လားအပ်သော ပြဿနာများစွာ ကြုံ တွေ့နေ ရကြောင်း ဒုဝန်ကြီးက ပြော ကြားသည်။
"နယ်၊ ရွာတွေမှာ တချို့က မရှိမဲ့၊ ရှိမဲ့ ဘ၀ကို အခြေဖျက်ပြီး ဒီကိစ္စတွေကို လုပ် ရတာပါ။ အေဂျင်စီတွေက ကိုယ်ချင်းစာ တဲ့စိတ်နဲ့သာ အလုပ်လုပ်ပေးရင် ကုသိုလ်လည်းရ ၀မ်းလည်းဝ ဖြစ်မှာပါ။ အခု အပြောင်းအလဲကာလမှာ ကောင်းတဲ့ဦးတည်ချက်ပေါ်မှာ ၀ိုင်းဝန်း လုပ် ဆောင်ရမယ်။ ကိုယ့်အသက်မွေးဝမ်း ကျောင်းပေါ်မှာ ဘာသာရေးနဲ့ယှဉ်ပြီး ကောင်းကျိုးပြုသင့်ပါတယ်" ဟု ၎င်းက ပြောသည်။
အချို့သော အေဂျင်စီများက အလုပ် သမားများကို နယ်ဒေသများအထိ တစ်ဆင့် ရှာဖွေမှုများပြုလုပ်ရာတွင် လူမှောင်ခြိုပုလုပ် သည်ဟု စွပ်စွဲခံရခြင်း မျိုးလည်းရှိကြောင်း၊ အလုပ်သမား ရုံးများကို ချိတ်ဆက်ပြီး ဆောင်ရွက်ပါက ထိုသို့ မလိုလားအပ်သော ပြဿနာများ ကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။
"နိုင်ငံတကာရဲ့စံနှုန်းမှာ အလုပ်ရှာတဲ့ သူဆီက အခကြေးငွေ မယူရပါဘူး။ ၀န်ကြီးဌာနတစ်ခုတည်းကလည်း ပြည်သူတွေရဲ့ အလုပ်အကိုင်အတွက် လုပ်မပေးနိုင်ကြောင်း ၀န်ခံပါတယ်။ ဒါကြောင့် အားလုံးဝိုင်းပြီးလုပ်ပေးဖို့ အကူအညီတောင်းပါတယ်"ဟု ဒုဝန်ကြီး က ပြောသည်။ 

ထိုင်း နယ်စပ် မှောင်ခိုလုပ်ငန်း ဆက်လက်ကြီးထွား

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ တံတား ပြန်ဖွင့်သည်မှာ တလနီးပါးကြာမြင့်ချိန် အထိ ရေထွက်ကုန်ပစ္စည်း တမျိုးသာ သွင်းကုန်ထုတ်ကုန် လိုင်စင်ရရှိပြီး တရားမ၀င်ကုန်သွယ်မှုဖြင့်လည်း ဆက်လက်လုပ်ကိုင် နေကြကြောင်း မြန်မာ ကုန်သည်များက ပြောသည်။
မဲဆောက်ရှိ ပွဲရုံတခုတွင် နမူနာပြသထားသည့် မြန်မာပုစွန်များ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ငါး၊ ပုစွန် ၊ ကဏန်း စသည့် မြန်မာ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် တရားဝင်နှင့် တရားမ၀င်သည့် နည်းလမ်း နှစ်မျိုးစလုံး ကုန်သွယ်မှု ပြုနေကြရသည်ဟု မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည် တဦးက ပြောဆိုသည်။
“ဒီလဆန်း ၅ ရက်နေ့ မြန်မာဘက်က တံတားပြန်ဖွင့်ပြီးတာနဲ့ မကြာဘူး ငါး၊ ပုစွန်၊ ကဏန်းတွေကို ချစ်ကြည်ရေးတံတားပေါ်ကနေ ထိုင်းဘက်ကို ပို့တယ်၊ ဒါပေမယ့် ကုန်သည်တွေကတော့ အကျိုးအမြတ်ပိုရတဲ့ တရားမ၀င်နည်းနဲ့ တွဲပြီးလုပ်နေကြရ တယ်၊ တရားဝင်ကြီးပဲ ဆိုရင်တော့ အကျိုးအမြတ်က နည်းတယ်၊ ရထားတဲ့ လုပ်ငန်းလိုင်စဉ်လေးအတွက် ထိန်းပြီးလုပ်နေ ရတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာရေထွက် ပစ္စည်းများ ထိုင်းနယ်စပ်သို့ တရားဝင် တင်ပို့သူများမှာ နယ်စပ်ကုန်သွယ်ရေးဇုန်မှ တဆင့် အခွန်ဆောင်၍ ပို့ကြရကြောင်း၊ တချို့မှာ ရန်ကုန်တွင်အခွန်ပေးဆောင်ပြီး ရန်ကုန်မှတဆင့် မြ၀တီ သို့ မျှောစာများဖြင့်သယ်၍ တင်ပို့သည်
များလည်းရှိကြောင်း၊ တရားမ၀င် တင်ပို့သူများမှာ အခွန်ဆောင်စရာမလိုသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ ပုစွန်ပို့ကုန် လုပ်ငန်းပိုင်ရှင် ကိုအောင်က ပုစွန်ထုပ်ဆိုက်ကြီး ၃-၄ အမျိုးအစားကို ထိုင်း နိုင်ငံသို့ တင်ပို့ပါက ယခင်က တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၀.၄၅၅ ဒေါ်လာ သတ်မှတ်နှုန်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန သို့ အခွန် ပေးဆောင်ရသည်ဟု ပြောပြသည်။
“အခု မြ၀တီတံတား ပြန်ဖွင့်ချိန်ကစပြီး သတ်မှတ်ချက် ပုစွန် တကီလိုရဲ့၂ ရာခိုင်နှုန်းပဲ ပေးရတော့တဲ့အတွက် အခုဆိုရင် နယ်စပ် ကုန်သွယ်ရေးမှာ ပုစွန် တကီလို ကို အမေရိကန်ဒေါ်လာ ၀.၂၀၉၁ ပဲ ပေးဆောင်ရပါတယ်”ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ လဆန်း ၁၀ ရက်ခန့်ကစ၍ မြန်မာ ရေထွက်ပစ္စည်းများကို မဲဆောက်ဘက်သို့ တရားဝင် တင်ပို့သည့် ပမာဏမှာ တရက်ခြား ၁၅ တန် ခန့်ရှိကြောင်း၊ တရားမ၀င်နည်းဖြင့် ချစ်ကြည်ရေးတံတားဘေး ၀ဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့မှု မှာ တရက်ခြား ၁၀ တန်ခန့်ရှိကြောင်း မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည်က ပြောပြသည်။ ပုစွန် တတန်လျှင် ကီလို ၁၀၀၀ အလေးချိန် ရှိသည်။
မဲဆောက်ရှိ မြန်မာ ရေထွက်ပစ္စည်း လက်ကားဖြန့်ချိသည့် ထိုင်းပွဲရုံပိုင်ရှင် နိုင်ပေါရမ်းချိုင်း ကလည်း အဆိုပါနည်းလမ်း ၂ မျိုး စလုံးဖြင့် ကုန်သွယ်မှုပြုခဲ့သည်မှာ ၁၅ နှစ်နီးပါး ရှိပြီဟု ပြောသည်။
“မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးစနစ်က ကုန်သည်တွေအတွက် တိကျတဲ့အာမခံချက်မရှိဘူး၊ ကုန်သည်တွေလည်း အခွင့် အရေး ရခိုက် လုပ်နေရတဲ့ အခြေအနေ၊ အခုတက်တဲ့ မြန်မာအစိုးရရဲ့ လုပ်နည်းလုပ်ဟန် ပြောင်းလဲသွားမယ် ဆိုရင်တော့၊ ကုန်သည်တွေရဲ့ဘ၀ တိုးတက်လာမှာဖြစ်သလို မသမာမှုနဲ့ကုန်သွယ်တဲ့နည်းလည်း အလိုအလျောက် ပျောက်သွားမှာဖြစ် တယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ နယ်စပ်ကုန်သွယ်ရေးမှာ အရင်ကလိုပဲ ထိုင်းဘက်က အသာစီး ရနေဦးမှာဖြစ်တယ်”ဟု လည်း ၎င်းက ဆိုသည်။
ထိုင်းနှင့် မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေး လုပ်သူများသည် သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်ရကြောင်း၊ ယင်း လိုင်စင် ရရှိရန်မှာ နှစ်ပတ်ခန့် ကြာမြင့်မည်ဟု မြန်မာအာဏာပိုင်များက ပြောဆိုသော်လည်း တံတားပြန်ဖွင့်ပြီးသည့်ရက်မှ ယနေ့အထိ လိုင်စင် မရကြသေးကြောင်း ကုန်သည်များက ပြောဆိုသည်။
လက်ရှိ မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေး တွင် မြန်မာဘက်မှ ရေထွက်ကုန်အပါအ၀င် လယ်ယာထွက်ကုန်၊ သစ်တော ထွက်ကုန်နှင့် ချည်ထည်အမျိုးမျိုးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နားလည်မှုယူကာ တရားမ၀င်တင်ပို့လျက် ရှိသည်။
ထိုင်းစားသောက်ကုန်များကို ယနေ့အထိ မြန်မာဘက် တရားဝင်တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်များက ကန့်သတ်ထားသည့် ထိုင်းစားသောက်ကုန်ပစ္စည်း ၁၅ မျိုးကိုလည်း နေ့စဉ်ခိုးသွင်းကာ ပြည်တွင်းဈေးကွက် အသီးသီးသို့ မြ၀တီ မှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
ပိတ်ပင်ထားသည့် ထိုင်းစားသောက်ကုန် ၁၅ မျိုးအနက် ၅ မျိုးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက အကန့်အသတ်ဖြင့် ယခုလ ၉ ရက်နေ့က စတင်၍ တင်သွင်းခွင့်ပြုမည်ဖြစ်သည့်အတွက် မြန်မာကုန်သည်များ လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်ကြောင်း ကြေညာထားသော်လည်း စိတ်ဝင်စားသူ နည်းပါးနေသည်ဟု ရန်ကုန်မြို့မှ ကုန်သည်ကြီး ဦးယူနွတ်ဘိုင် က ပြောသည်။
“လုပ်ငန်းလိုင်စင်လျှောက်ရင် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ရဲ့ထောက်ခံချက်ယူရမယ်၊ ပြီးရင်အခြား ကန့်သတ် ချက်အဆင့်တွေ အများကြီးရှိသေးတယ်ဆိုတော့၊ အခုလိုပဲ မဲဆောက်ကနေ စိတ်ကြိုက် ထိုင်းပစ္စည်းတွေကို နား လည် မှုနဲ့တင်သွင်းတာက ပိုပြီးအဆင်ပြေတယ်၊ ဒီနည်းကို မြန်မာကုန်သည်တွေ လုပ်လာတာ ၁၅ နှစ်ကျော်ပြီ”ဟု ၎င်းက ဆိုသည်။
မြန်မာဘက်မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည့် ထိုင်းစားသောက်ကုန် ၅ မျိုးမှာ အချို မှုန့်၊ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွတ်ဘူး မျိုးစုံနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေး ဖွင့်လှစ်ထားစဉ်ကာလအတွင်း ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်တင်ပို့သည့် ပမာဏမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်း၏ စာရင်းများအရ သိရှိရ သည်။
မြန်မာနိုင်ငံ၏ ၂၀၀၉-၂၀၁၀ ဘဏ္ဍရေးနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃၉.၂၂၁ သန်းဖြစ်ပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၃၅.၄၂၈ သန်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ်ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို တနှစ်ခွဲနီးပါး ပိတ်ထားခဲ့ ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
တံတားဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားဝင် ကုန်သွယ်မှုပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ဒေသအတွင်း တရားမ၀င်ကုန်သွယ်မှုများ လျှော့နည်းသွားစေ မည်ဟု ပြောခဲ့သော်လည်း လက်ရှိတွင် မြန်မာနှင့်ထိုင်း နှစ်ဘက်ကုန်သည်များ တရားမ၀င်ကုန်သွယ်မှု အပြန်အလှန်ပြုလုပ်နေသည့် ပမာဏမှာ တံတားပိတ်ထားသည့် ကာလထက် ပိုများသည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ

b39_03
ယခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအား ယာယီဖွင့်လှစ်ပြီး ဌာနေပြန်
မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသာများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ လွှဲပြောင်းလက်ခံ ကြိုဆိုစဉ်
ထိုင်းနိုင်ငံတွင် ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား စစ်တမ်းကောက်ယူရာ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ ကရင်ပြည်နယ်ဒေသခံများဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ စတင် တည်ဆောက်လျက်ရှိသော ဘားအံစက်မှုဇုန်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်၍ ရွှေ့ပြောင်းလုပ်သား အများစုအနေဖြင့် ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း စုံစမ်းသိရှိရသည်။
ဘားအံစက်မှုဇုန်ကို စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်တည် ဆောက်ပြီးလာမည့်ခြောက်လအတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကာ ပထမဆုံးလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံကို ဖွင့်လှစ်လည်ပတ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာစက်ရုံနှင့် အခြား စက်မှုလက်မှုစက်ရုံများလည်း တစ်ဆက်တည်း လုပ်ကိုင်မည်ဖြစ်သောကြောင့် ဒေသပြန်ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို စောင့်မျှော်လျက်ရှိကြောင်း သိရှိရသည်။
''ကိုယ်နေထိုင်တဲ့ ပြည်နယ်မှာ စက်မှုဇုန် ပေါ်ပေါက်လာတော့မှာမို့ မိဝေးဖဝေး ထိုင်းနိုင်ငံကို မပြန်လိုတော့ဘူးလေ။ ဒီမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ ရလာတော့မှာ။ တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်သူဌေးကလည်း ပြန်လာဖို့ ဖုန်းဆက်ခေါ်တယ်။ ထိုင်းမှာရေကြီးလို့ စက်ရုံတွေ ပိတ်ထားတယ်။ ငွေမာဈေးက မတည်ငြိမ်ဘူး။ မောင်လုပ်မောင်စား အဆင့်ပဲရှိတာမို့ ပြန်ကြတာများတယ်။ စက်မှုဇုန် အမြန်ပြီးစီးဖို့တော့လိုတယ်။ ဟိုမှာတတ်ခဲ့တဲ့ လုပ်ငန်းကျွမ်းကျင်မှုကို စက်မှုဇုန်မှာ အသုံးချခွင့် ပြုတဲ့အတွက် ဒီမှာပဲအပြီးသတ် နေထိုင်တော့မယ်လို့ ဆုံး ဖြတ်ထားပါတယ်''ဟု ဒေသခံတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။
ဘားအံစက်မှုဇုန်ကို လာမည့်ခြောက်လအတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လုပ်သားဦးရေ ၁၀၀၀၀ မှ ၂၀၀၀၀ အကြား အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဘားအံစက်မှုဇုန်အတွင်း ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်း ရှင်များမှ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း သိရသည်။ 
Ref: EMG

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

"ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
chemicalexplo11
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ပေါက်ကွဲမှုအကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှုဖြစ်နေတဲ့ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်ကမြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင်နေတဲ့ နေရာရောက်တော့ မီးသတ်သမားလေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ကြားထဲဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်းနေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့နေရာ ဝင်သွားတယ်။ ကျနော်လည်းနောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံလိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံသတင်းထောက် တော်တော်များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွားရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီးနေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
chemicalexplo12ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်းမှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျမသိနိုင်သေးချိန်မှာတော့ မီးသတ်အရာရှိတဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမားတယောက်ရဲ့ ရူးသွပ်မှုဖြစ်တတ်တဲ့အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှုဖြစ်လာနိုင်တဲ့ ဧရိယာအတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓပစ္စည်းများပါ ပါဝင်လောင်ကျွမ်းနေတယ်လို့ သံသယရှိသည့်တိုင် မီးခိုးငွေ့တွေကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူတယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာတခု ဖြစ်နေမှာ အမှန်ပဲထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါးအောက်မှာ ရှာဖွေရင်း
မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦးဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေစစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ်ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှု
ကြောင့် သေဆုံးသွားတဲ့ မီးသတ်တွေ အပျက်အစီးတွေကြားထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
chemicalexplo14
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီတွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ်ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော့်စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

ရန်ကုန် မင်္ဂလာတောင်ညွန့် မီး ၁၇ ဦးသေဆုံး

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ဘေး မေတ္တာမွန် ၀င်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံတချို့တွင် ယနေ့နံနက် ၂ နာရီ ၀န်းကျင်မှ စတင်ကာ မီးလောင်မှုနှင့်ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် သေဆုံးသူ ၁၇ ဦးရှိ၍ ဒဏ်ရာရသူ ၈၁ ဦးရှိပြီး သေဆုံးသူ အရေအတွက် ထပ်မံတိုးနိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ယနေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
လျှပ်စစ်ပစ္စည်းများသိုလှောင်သော ဂိုဒေါင်အမှတ် ၈၀ နှင့် ပရဆေးများသိုလှောင်သော ဂိုဒေါင်အမှတ် ၇၉ တွင် မီးလောင်မှုစတင်ဖြစ် ပွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားပြီး ၁၀ မိနစ်ခန့်တွင် ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာ ရရှိသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦး၊ အရပ်သား ၄၈ ဦး စုစုပေါင်း ၈၁ ဦးရှိပြီး အလွန်စိုးရိမ်ရသော အခြေအနေ ရှိသည့် လူနာများပါဝင်ကြောင်း၊ ထို့ကြောင့် သေဆုံးသူအရေအတွက် တိုးနိုင်ကြောင်း ဒေသခံများနှင့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ တာဝန် ရှိသူများက ပြောဆိုကြသည်။
“အခု မီးလောင်မှုကို စစ်လိုက်တော့ ဂိုဒေါင် အမှတ် ၇၉ မှာ ယမ်းစိမ်း၊ ကန့်၊ ဇ၀က်သာ လိုမျိုး ပရဆေးတွေ ပိဿာ ထောင်နဲ့ချီ
လှောင်ထားတယ်။ အဲဒါကြောင့် မီးလောင်သွားတဲ့အချိန်မှာ ပေါက်ကွဲမှုကြီးဖြစ်သွားတာ။ မီးလောင်မှုဘယ်လိုစဖြစ်တယ် ဆိုတာ ကတော့ ၀ါယာရှော့လား၊ ပေါ့ဆမီးလား ဆိုတာကို ခုံရုံးဖွဲ့စစ်ဆေးမယ်။ ပိုင်ရှင်တွေကို ဖမ်းဆီးထားတယ်”ဟု ရန်ကုန်တိုင်း မီးသတ် တပ်ဖွဲ့ဝင် တဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် အနက် ၁၂ ပေခန့်ရှိသော မြေကျင်းကြီးတခု ဖြစ်ပေါ်သွားခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ တငွေ့ငွေ့လောင်ကျွမ်းနေ ဆဲဖြစ်သည်ဟု သိရသည်။
“မီးကတော့ ပစ္စည်းတွေလှောင်ထားတာဆိုတော့ လှိုက်ပြီးလောင်နေတယ်၊ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်တော့ဘူး၊ မီးညွှန့်ကျိုးသွားပါပြီ၊ သေသွားတဲ့သူတွေက ပေါက်ကွဲမှုကြောင့် လွင့်သွားတဲ့ ကွန်ကရစ်တုံးတွေမှန်ပြီး သေကုန်ကြတာ၊ အလောင်းတွေကို စိစစ်နေတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး တဦးက ပြောဆိုသည်။
မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း ၂၁၆ စု လူဦးရေ စုစုပေါင်း ၁၀၃၈ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းတထောင်ကျော်သာ ရှိသည်ဟု မီးသတ် ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အလုပ်သမားအရေး စိတ်အေးရတော့မလား

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ စီစဉ်နေပြီဖြစ်ကြောင်း နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနရုံး တာဝန်ရှိတဦးက ပြောဆို။ MWRN ကော်မတီဝင်များ တက်ရောက်အကြံပေး ဆွေးနွေးခဲ့သော အစည်းအဝေး၊ ဧရာဝတီရဲ့ ရုပ်သံမှတ်တမ်း။

Tuesday 27 December 2011

ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ

ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ
မြန်မာအစိုးရက ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးဖို့ မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ အခုလိုဖွဲ့စည်းတာဟာ အမည်ခံဘဲ ရှိနေပြီး တိတိကျကျ တာဝန်ယူ လုပ်ဆောင်တာမျိုး မရှိဘူးဆိုပြီး ပြည်ပရောက် မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဝေဖန်လိုက်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအစိုးရက အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို မကြာခင်က ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့တွေလည်း အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အလုပ်သမား အကူအညီပေးရေး လုပ်ဆောင်နေသူ ဦးကျော်သောင်းက အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ရက်ကနေပြီးတော့ ကျနော်တို့ နှစ်ကြိမ်တိုင်တိုင် အစည်းအဝေးတွေ လုပ်တယ်။ လုပ်တော့ အဲဒီမှာ အဖွဲ့ ဖွဲ့ကြတယ်တဲ့။ နှုတ်အားဖြင့် ဖွဲ့တယ်။ ဆိုလိုတာကဗျာ။ ဒီနေ့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ အလုပ်သမားတွေ ကူညီစောင့်ရှောက်မှု မြန်မာအစိုးရက ဖွဲ့တယ်၊ ဟုတ်ပြီ ဘယ်သူကဖြင့် ဘာတာဝန်ယူမယ်၊ ဘယ်သူကဖြင့် ဘယ်အလုပ်ကိုလုပ်မယ်။ ဘယ်သူက စာရွက်စာတမ်း မရတဲ့အလုပ်ကိုလုပ်မယ်။ ဘယ်သူကဖြင့် ခြေလက်အင်္ဂါ ချို့တဲ့တဲ့ ကိစ္စတွေကို လုပ်မယ်၊ အစရှိတဲ့ ခေါင်းစဉ်တွေက အများကြီးရယ်။ ဒါပေမဲ့ တာဝန်နဲ့ ၀တ္တရားဆိုတာ သူတို့မှာ ပါမလာဘူး။ ဘယ်သူက ဘာလုပ်မယ်၊ ဘယ်အဖွဲ့က ဘာလုပ်မယ်။ ဥပမာ call center ဗျာ။ လိုအပ်တဲ့ အလုပ်သမားတွေအတွက် ဖြေရှင်းပေးမယ့် နေ့စဉ် မေးမြန်းလာတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့အတွက်က၊ ဘာဖြစ်လို့ရှိရင် ဘယ်လိုလုပ်မယ် ဆိုတဲ့ သေချာ ရေရာတဲ့ အစီအစဉ်မရှိတဲ့အတွက် သူတို့ပြောတဲ့ ဖွဲ့တယ်ဆိုတဲ့ဟာက အမည်ခံသာရှိပြီးတော့ ဘာမှ ဒီနေ့အထိ အကောင်အထည် မပေါ်ဘူး။”
မြန်မာအစိုးရဘက်ကတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အခွင့်အရေး ကာကွယ်ပေးဖို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာ ကလေးငယ်တွေကို နိုင်ငံသားအဖြစ် အကာအကွယ်ပေးဖို့ စတာတွေကို လုပ်ဆောင်မယ် ဆိုပြီး မြန်မာ အလုပ်သမား ၀န်ကြီးဌာနက ပြောပါတယ်။ အခုလို မြန်မာအစိုးရဘက်က နှစ်ပေါင်းများစွာ အသိအမှတ်ပြုမခံရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ် ပေးရေး လုပ်ဆောင်မယ် ဆိုတာကို အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်ဆိုပြီးလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီက ဦးမြင့်ဝေက ထောက်ပြပါတယ်။
“အခုက ရေကြီးပြီးတော့ ဒုက္ခဖြစ်တဲ့အချိန်ကျတော့ မြန်မာအလုပ်သမားတွေက သိန်းဂဏန်းလောက် ရေဘေးဒဏ် ခံရတာကိုး။ မြန်မာအစိုးရက မြန်မာပြည်ကို မှတ်ပုံတင်မရှိတဲ့သူတွေကို ပြန်သွားဖို့ စီစဉ်ပေးလိုက်တာ ၈၀ တစ်သုတ်၊ ၄၀ တစ်သုတ်လား မသိဘူး။ အဲဒီလောက်ပဲ တွေ့ရတယ်။ ဆိုတော့ အဲဒီလောက်ပဲ ကျနော်တို့ သိနေတယ်။ ဆိုတော့ မှတ်ပုံတင်မရှိတဲ့ အလုပ်သမား လူဦးရေကလည်း ၁၂၀ တော့ မကဘူး။ ဆိုတော့ ဒီလိုမျိုး အကျပ်အတည်းကြီး ဖြစ်တဲ့အချိန်မှာတောင်မှ ဟိုဘက်ကမ်းကို ချောချောချူချူနဲ့ ရောက်သွားပြီးတော့ နောက်ဆုံး နေပြည်တော် ခေါ်သွားလို့ ဒဏ်ငွေဆောင်ပြီးတော့ ပြန်လာရတဲ့လူတွေ ဘာတွေ ရှိတယ်လို့ စွပ်စွဲတာတွေ အသံထွက်လာသေးတယ် ဆိုတော့ သူတို့ရဲ့ ကူညီ ဆောင်ရွက်မှုကိုကတော့ မြန်မာပြည်နိုင်ငံရေး ပြောင်းလဲသလိုပဲ ကျနော်တို့ ပြောရရင်တော့ ဟန်ပြလောက်ပဲ ရှိနေသေးတယ်လို့တော့ ကျနော်တော့ ပြောချင်တာပေါ့။ သူတို့ ဒီထက် အများကြီးလုပ်ဖို့ လိုသေးတယ်။”
ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းလိုက်တဲ့ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်းက ထိုင်းနိုင်ငံတွင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေကို အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိရင် အကြောင်းကြားပေးပါ၊ ပြီးရင် သူတို့က ထိုင်းအာဏာပိုင်တွေဆီကို တဆင့် အကြောင်းကြားပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သောင်းက အခုလို ပြောပါတယ်။
“သူတို့ပြောတဲ့ပုံစံကိုယ်တိုင်ကိုက ဘာပြောလဲဆိုတော့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ဒီတပတ်မှာ ဥပမာ ကိုကျော်သောင်းလာမယ်၊ ဘယ်သူလာမယ် ဘယ်ဝါလာမယ် ဆိုပြီး ပြောသွားတယ်။ ဟုတ်ပြီ။ နောက်လ အစည်းအဝေးခေါ်တဲ့အခါ ကျနော်တို့မသွားရင် ကျနော်တို့က အဲဒီမှာ အဖွဲ့ဝင် မဟုတ်တော့ပြန်ဘူးတဲ့။ နောက်လာတဲ့လူကို ဖွဲ့တော့မယ်တဲ့။ ကဲ… ဘယ်လောက်ထိ မသေချာမရေရာတဲ့ ဟာလဲဗျာ ကျနော် ပြောချင်တာကတော့။ ဘာပဲပြောပြော သူတို့က မြန်မာအလုပ်သမား ကိစ္စတွေဆီကရတဲ့ သတင်းအချက်အလက်တွေကို ပို့ပါတဲ့။ သူတို့က ၀န်ကြီးတန်ရင် ၀န်ကြီး၊ ရဲချုပ်တန်ရင် ရဲချုပ်၊ အဆင့်ဆင့် ဖုန်းနဲ့ပြောမယ်။ စာနဲ့လိုအပ်ရင် စာနဲ့တင်သွင်းမယ်။ ဒါပဲဗျာ။”
မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ မြန်မာအစိုးရ အနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မကြာခဏ ဆိုသလို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကူအညီပေးရေး ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်တဲ့အထိ လုပ်ဆောင်ပေးစေချင်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ အတွက် ယာယီ နိုင်ငံကူး လက်မှတ်တွေကိုလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ထုတ်ပေး စေချင်နေကြတာပါ။ မြန်မာအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ လုပ်ဆောင်မယ် ဆိုပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် လုပ်ပေးရေး အကျိုးဆောင် ကုမ္ပဏီတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး လာဘ်ပေးလာဘ်ယူ မှုတွေ ပေါ်ထွက်မလာရေးလည်း သတိထား စောင့်ကြည့်ပေးဖို့ လိုတယ်ဆိုပြီးလည်း ဝေဖန်ပြောဆိုကြပါတယ်။
Ref:VOA

ထိုင်းဘဏ်များ မြန်မာပြည်တွင် သွားရောက်ဖွင့်လစ်မည်

ထိုင်းနိုင်ငံမှ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ချို့ဟာ မြန်မာနိုင်ငံကို သွားရောက်ဖွင့်လစ်ဖို့ စီစဉ်နေကြတယ်လို့ ဒီကနေ့ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖေါ်ပြပါတယ်။ 
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေတိုးချဲ့ဖို့ပြင်ဆင်နေတဲ့ဘဏ်တွေကတော့  Krung Thai Bank (KTB) ဘဏ်နှင့်​ Siam Commercial Bank (SCB)ဘဏ်တို့ဖြစ်ကြပါတယ်။ 
 KTB ဘဏ်ဥက္ကဌ အဖိဆတ် တန်တိဝိုရာဝေါင်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဈေးကွက်တစ်ခုဖြစ်လာပြီး ဘဏ်လုပ်ငန်းအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးမှာ အလျင်အမြန် ဖွင့်ဖြိုးတိုးတက်မယ့်အလားအလာတွေ မြင်တွေ့နေရတဲ့အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုပါဝင်ပတ်သက်ဖို့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ SCB ဘဏ်ဥက္ကဌ ကန်နီကာ ချာလီတာပွန်း ကတော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးဖွင့်လစ်ဖို့ ထိုင်းဗဟိုဘဏ်ကနေ ခွင့်ပြုချက်စောင့်နေတဲ့အကြောင်းနှင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်လစ်ခွင့် လိုင်စင်ချပေးတာနဲ့ ဘဏ်ခွဲသွားဖွင့်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ 
မြန်မာပြည်တွင်းဘဏ်တွေက အာဆီယံနိုင်ငံတစ်ချို့မှာ ဘဏ်ခွဲတွေသွားဖွင့်ဖို့ ပြင်နေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ထိုင်းဘဏ်တွေကလည်း မြန်မာပြည်ဝင်ဖို့ ပြင်နေတာပါ။ 
Ref: DVB

ကြံ့ဖွံ့ ကြားဖြတ်ရွေးကောက်ပွဲ တရားမ၀င် မဲဆွယ်ပြီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ ချထားပေးမည်ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
၂၀၁၀ သြဂုတ်လအတွင်းက ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးဖွင့်ပွဲ နှင့် တက်ရောက်လာကြသူများ (ဓာတ်ပုံ - ဧရာဝတီ)
မရမ်းကုန်းမြို့နယ် ရပ်ကွက် အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုပြီး အိမ်အရောင်းအ၀ယ်စာချုပ်၊ အိမ်ထောင်စု စာရင်း၊ အိမ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအ၀င် လိုအပ်သော အချက်အလက် စာရွက်စာတမ်းများကိုတောင်းခံကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
အိမ်ဂရန် ချပေးရန်အတွက် ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ဖွံ့ပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြသည်ဟု ဆိုသည်။
“အကုန်လုံး ဂရန်တွေရအောင်လုပ်ပေးမယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်လာတင်ဖို့၊ ပြီးတော့ အခုအာဏာရနေတဲ့ဝန်ကြီး တွေက ကြံ့ခိုင်ရေးပါတီကဖြစ်လို့ ပါတီက လုပ်ပေးလိုက်မယ်ဆိုရင် အိမ်ဂရန် မဖြစ်မနေရမယ် ဆိုပြီးပြောတယ်”ဟု မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီး စတိုးဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။
မရန်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးကလည်း ရပ်ကွက်တိုင်းတွင် အိမ်ဂရန်များရရှိရန် ပါတီက အခမဲ့အကျိုးဆောင်ပေး သွားရန်ရှိပြီး အကြိမ်ရေခွဲကာ အိမ်ဂရန်များ ချထားပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ပထမ အသုတ်၊ ဒုတိယအသုတ် အဲဒီလိုမျိုးစီစဉ်ဖို့ရှိတယ်။ ဒီစည်းရုံးရေးလုပ်ငန်းစဉ်တွေက ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးရဲ့ ပုံမှန် လမ်းညွှန်မှုနဲ့ လုပ်နေတာပါ”ဟု ရပ်ကွက်ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတဦးကမူ အိမ်ဂရန် ချထားပေးသည့် လုပ်ငန်းစဉ်သည် အစိုးရအဖွဲ့၏ အတည်ပြုချက်၊ စိစစ်မှုများနှင့် လုပ်ဆောင်ရကြောင်း၊ အိမ်ဂရန် ချထားပေးရန်လည်း သတ်မှတ်ချက်များစွာ ရှိကြောင်း၊ ရပ်ကွက်တိုင်း အိမ်ဂရန် ချထားပေးရန် မလွယ်ကူဘဲ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြောပြသည်။
“အိမ်ဂရန်ချပေးမယ်ဆိုရင် အဲဒီမြေက ကျူးကျော်မြေလား၊ ပါမစ်မြေလား၊ အရင်ပိုင်ရှင်ရှိလား၊ နိုင်ငံတော်ပိုင်လား၊ ဒါတွေကို စိစစ် ရတယ်။ မြေပုံကြည့်၊ မြေတိုင်းရမယ်၊ ဂရန်ချပေးနိုင်တဲ့ သတ်မှတ်ချက်နဲ့ ညီမညီဆိုတာလည်း စစ်ရမယ်။ အဆင့်တွေကများတယ်၊ တမြို့နယ်လုံးက ရပ်ကွက်တိုင်းကို ဂရန်တပြိုင်နက်တည်း ချပေးဖို့ဆိုတာ အတော့်ကို ဖြစ်နိုင်ခြေနည်းပါတယ်။ ကျနော့် အထင်ဒါက ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ၊ ထောက်ခံမဲတွေရဖို့ လုပ်တဲ့လုပ်ရပ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပြည်တွင်းနိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးကမူ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် အစိုးရက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီ ဥပဒေနှင့် မညီကြောင်း ပြောဆိုသည်။
“ဂရန်ချပေးမယ်ဆိုပြီး ပြည်သူတွေကို မဲဆွယ်တာက အစိုးရရဲ့အာဏာ၊ နိုင်ငံ့ရဲ့အာဏာကို အလွဲသုံးစားလုပ် မဲဆွယ်တာမျိုးပဲ၊ ဒါပေမယ့် တကယ်ပဲ ပြည်သူတွေအတွက် အိမ်ဂရန်တွေ ရမှာလား၊ တကယ် ရတယ်ဆိုရင် ပြည်သူတွေ အိမ်ဂရန်တွေရပြီး အိုးပိုင် အိမ်ပိုင် နဲ့ နေနိုင်တဲ့အတွက် ၀မ်းသာတယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူတွေ အိမ်ဂရန် တကယ်မရဘဲနဲ့ ကြံ့ခိုင်ရေးပါတီအတွက် ထောက်ခံမဲ၊ ကြိုတင်မဲရဖို့ ပြည်သူတွေကို လိမ်ညာတာဆိုရင် ဒါက မဲလိမ်၊ မဲခိုးမှုပဲ။ ကန့်ကွက်မယ်။ ကြံ့ခိုင်ရေးပါတီဖျက်သိမ်းဖို့ တောင်းဆိုမယ်”ဟု အဆိုပါနိုင်ငံရေး သမားက ရှင်းပြသည်။
နိုင်ငံရေးပါတီတရပ်သည် နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာ၊ ငွေကြေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိရလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဖော်ပြထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ်ကလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်လမ်းများတွင် လမ်းအခမဲ့ခင်းပေးမည်ဟုဆိုပြီး ကြိုတင်မဲ၊ ထောက်ခံမဲ တောင်းခံခြင်းများပြုလုပ်ခဲ့သည်။ အမှန်တကယ် လမ်းခင်းချိန်တွင် လုပ်အားခအဖြစ် ရပ်ကွက်နေပြည်သူများထံမှ တအိမ်လျှင် အနည်းဆုံး ကျပ် သုံးသောင်းမှ ရှစ်သောင်းအထိ ကောက်ခံခဲ့သည်။ ထို့နောက်၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲများနှင့် အမတ်နေရာအများစု အနိုင်ရရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အဖွဲ့ဝင် စီးပွားရေးသမားတဦးလည်း ဖြစ်သူ ကြံ့ဖွံ့ပါတီမှ ဒေါက်တာပွင့်ဆန်းရွေး
ချယ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသစ် လက်ထက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြန်မာတို့အတွက် မဲဆောက်တွင် ဆေးရုံဆောက်မည်

မြန်မာအလုပ်သမား ၂ သိန်းခန့် အလုပ် လုပ်ကိုင်နေသည့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ အတွက် သီးသန့် ဆေးရုံတခု ဆောက်လုပ်ပေးရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်း ကျန်းမာရေးဝန်ကြီးက ယနေ့ ပြောလိုက်သည်။
မဲဆောက်မြို့တွင် တွေ့ရသော ထိုင်းကျန်းမာရေးဝန်ကြီး နိုင်ဝိထယာဗူရန်ဆီရီ (ဓာတ်ပုံ - ဧရာဝတီ)
“မဲဆောက် ဆေးရုံကြီးမှာ လူနာဆောင်တွေ တိုးချဲ့ ဆောက်လုပ်နေပေမယ့် နေရာ လောက်ငှမှု မရှိဘူး။ ဒါကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် သီးသန့် ဆေးရုံ တည်ဆောက်ရေး ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသော ၀န်ကြီး နိုင်ဝိထယာဗူရန်ဆီရီက ဒေသခံ သတင်းထောက်များကို ပြောသည်။
ဆေးရုံစီမံကိန်းသည် မကြာသေးမီက သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝပ်တို့ တွေ့ဆုံအပြီး  နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမည့် လိုအပ်ချက်အရ ပေါ်ပေါက်လာသော စီမံကိန်း တခု ဖြစ်သည်ဟုလည်း ထိုင်းကျန်းမာရေးဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။
မဲဆောက်ဒေသရောက် မြန်မာပြည်သားများသည် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အများအားဖြင့် မဲဆောက်ဆေးရုံကြီး နှင့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတို့ကို ဆက်သွယ်တတ်ကြသည်။
တရားဝင် အလုပ်သမား မှတ်ပုံတင် ရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင် တကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျှင် ထိုင်းဘတ်ငွေ ၃၀ (တဒေါ်လာခန့်) သာ ပေးဆောင်ရမည် ဖြစ်သည်။ ထိုပမာဏသည် ထိုင်းနိုင်ငံသားများ၏ ကျန်းမာရေးအတွက် သတ်မှတ်ထားသော နှုန်းထား ဖြစ်သည်။
သို့သော်လည်း အလုပ်သမား အများစုမှာ တရားဝင် စာရွက်စာတမ်း မရှိပေ။ တရားမ၀င် အလုပ်သမားများ မဲဆောက်ဆေးရုံကြီးတွင် ကုသမှု ခံယူနိုင်ကြသော်လည်း ကျန်းမာရေးအတွက် ငွေကြေး ပိုမို ကုန်ကျမည်ဖြစ်သည်။
မြန်မာပြည်သားများအတွက် သီးသန့်ဆေးရုံတခု ပေါ်ပေါက်လာမည် ဆိုသော သတင်းကို မယ်တော်ဆေးခန်းက ကြိုဆိုလိုက်သည်။
“အလုပ်သမားတွေအတွက် သီးသန့်ဆေးရုံ ရှိမယ် ဆိုရင်တော့ အလုပ်သမားတွေ အတွက် ကောင်းတာပေါ့၊ လက်ရှိအခြေအနေထက် ပိုကောင်းတာပေါ့” ဟု မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။
သို့သော်လည်း ထိုဆေးရုံကြောင့် မယ်တော်ဆေးခန်းရှိ ၀န်ထုပ် ၀န်ပိုး လျော့ကျသွားဖွယ်မရှိဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
“ဆေးရုံ ဆောက်ပေးမှာတော့ ဟုတ်ပါပြီ။ လက်မှတ်ရှိသူ လူနည်းစုတွေကိုပဲ ဈေးသက်သက်သာသာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် ဆိုရင်တော့ ၀န်ထုပ်ဝန်ပိုး သက်သာလာမယ် မဟုတ်ဘူး။ ဆင်းရဲသူတွေ၊ လက်မှတ် မရှိသူတွေက ဒီဆေးခန်းကိုပဲ လာမှာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။
မယ်တော်ဆေးခန်းသို့ ကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု လာရောက်ခံယူကြသူ အရေအတွက်မှာ  တနှစ်လျှင် ၇ဝ,ဝဝဝ ခန့် ရှိသည်ဟု ဆေးခန်း မှတ်ပုံတင်ဌာန၏ မှတ်တမ်းအရ သိရသည်။
မယ်တော်ဆေးခန်းကို အားကိုးနေသူများထဲတွင်  မြန်မာအလုပ်သမားများသာမက မဲဆောက်မြို့ တဘက်ကမ်းရှိ  မြ၀တီမြို့တွင် နေထိုင်သူများလည်း ပါဝင်သည်။ မယ်တော်ဆေးခန်းက အကြီးစားခွဲစိတ်မှု လိုအပ်သော လူနာများကို မဲဆောက်ဆေးရုံကြီးသို့ တရားဝင် လွှဲပြောင်းပေးလေ့ရှိသည်။
မဲဆောက်ဆေးရုံကြီးသည် ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူများ၊ တိုက်ပွဲတွင် ဒဏ်ရာ အကြီးအကျယ်ရသူများကို လက်ခံကုသပေးသော ဆေးရုံဖြစ်သည်။
ယနေ့ မဲဆောက်ဆေးရုံကြီးတွင် တိုးချဲ့ လူနာဆောင်အသစ် ဖွင့်လှစ်ပွဲ ကျင်းပရာ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ  တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက လွှဲငွေများကို အလွဲသုံးစားပြု တိမ်းရှောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ

စင်ကာပူနိုင်ငံ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးမှ လွှဲငွေများကို အလွဲသုံးစားပြုပြီး တိမ်းရှောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပေါ်လစီချမှတ်ခြင်းနှင့် စီးပွားရေးခိုင်မာမှုတို့အတွက် စိစစ် ဆောင်ရွက်ပေးလေ့ရှိသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် Monetary Authority of Singapore (MAS) မှလည်း ပင်နီစူလာပလာဇာ အခြေ စိုက် စီပွားရေးလုပ်ငန်းများသို့ ၀င်ရောက်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း စင်္ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် များအကြားတွင် သတင်းထွက်ပေါ်လျက်ရှိပါသည်။ 
ပင်နီစူလာပလာဇာအတွင်းရှိ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများအကြားမှ ထွက်ပေါ်လာသောသတင်းအရ အဆိုပါဆိုင်ပိုင်ရှင် အမျိုးသမီးမှာ ခန့်မှန်းငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်ကို အလွဲသုံးစားပြု လုပ်သွားခြင်းဖြစ် ကြောင်းနှင့် ပင်နီစူလာရှိ အခြားလွှဲငွေလုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီအချို့မှ တစ်ဆင့်ခံ လွှဲအပ်ငွေများလည်း အပါအ၀င်ဖြစ်ကြောင်း သိရသည်။      
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပင်နီစူလာပလာဇာ တတိယထပ်တွင် မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် လုပ်ငန်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ''ဒီဖြစ်စဉ်က ကျွန်တော်တို့လို လုပ်ငန်းတူအချင်းချင်းရော စီးပွားရေးလုပ်နေတဲ့သူတွေရော မြန်မာပြည်ကို ငွေပြန်ပို့နေတဲ့အလုပ် သမားတွေပါ ထိခိုက်နစ်နာသွားတာပါ။ ဒါက စလုံးကလွှဲတဲ့ငွေတွေ တင်မဟုတ်ပါဘူး။ တရုတ်၊ မလေးရှားဘက်တွေကလာတဲ့ လွှဲငွေတွေ၊ အပ်ငွေ တွေလည်း ပါတယ်လေ။ ကျွန်တော့်အသိ လုပ်ငန်းရှင် တစ်ယောက်က ဒေါ်လာ သုံးသိန်း၊ အချို့က လေး၊ ငါးသိန်း၊ တချို့က ၁၀ သိန်းပေါင်းလိုက်တော့ သန်းချီ ဖြစ်သွားတာပေါ့ဗျာ။ သူ့လက်ထဲမှာ အချိန်တစ်ခု ရသွား လို့လည်း ငွေတွေ ဒီလောက်အထိများများ ပါသွားတာပေါ့။ အရှင်းဆုံးပြောရရင် ကျွန်တော် တို့အသိုင်းအ၀ိုင်းမှာ တော်တော်ထိခိုက်သွားတယ်ဗျ။ ကစားဝိုင်းထဲမှာ၊ ဈေးကွက်ထဲမှာ ငွေမကျန်တော့သလိုပေါ့။ သူ့ဆီ ငွေအကုန်ပါသွားတော့ လုပ်ရကိုင်ရ ခက်သွားတာပေါ့။ အတိအကျ amount တစ်ခုကို မပြောနိုင်ကြပေမယ့် လက်ကြီးသမားတွေ လက်ကားဖြန့်နေတဲ့သူတွေ အကုန်နီးပါး ဒုက္ခရောက်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ငွေပုံမှန်လွှဲနေတဲ့ လက်လီသမားတွေဆိုလည်း အယုံအကြည် ပျက်သွားတာပေါ့။ ကျွန်တော်တို့လုပ်ငန်းက ယုံကြည်မှုနဲ့လုပ်ကြတာ၊ ကျွန်တော်တို့အချင်းချင်းလည်း ယုံကြည်မှုနဲ့လုပ်ရတာ။ ပင်နီစူလာမှာရှိတဲ့ ကုမ္ပဏီ အတော်များများက ငွေတွေပါသွားမယ်လို့ ကျွန်တော်ထင်တယ်။ အခုဆိုင်ကို ဟန်မပျက်ဖွင့်နေတဲ့သူကတော့ ဘယ်လိုဆက်ရှင်းမယ် မသိသေးပါဘူး။ ဒီလုပ်ငန်းက လိုင်စင်လည်းရှိတာ မဟုတ်ဘူး။ လိုင်စင်အောက်မှာ လည်း လုပ်လို့မရဘူး။ လက်တလောမှာလည်း ယုံကြည်မှုနဲ့ အရင်လိုငွေလွှဲမယ့်သူတွေလည်း ရှားသွားပြီပေါ့။ ပင်နီစူလာမှာ ပုံမှန်အတိုင်းဖြစ်အောင် ကိုယ့်ဘာသာကိုယ်လုပ်နေ ကြရတာပေါ့။ MAS တို့လို အဖွဲ့အစည်း တွေကပါ လာစစ်မယ်၊ စုံစမ်းမယ်ဆိုတဲ့သတင်းတွေပဲ ကြားနေရလို့ ကျွန်တော်တို့လည်း စိတ်ပူနေရတာပေါ့ဗျာ''ဟု ရှင်းပြခဲ့သည်။ 
အဆိုပါဆိုင်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ ပင်နီစူလာပလာဇာတွင် အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပင်နီစူလာပလာဇာတွင် ရုံးခန်းဖွင့်လှစ်ပြီး လွှဲငွေလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှာ စုစုပေါင်းခန့်မှန်းခြေ ကုမ္ပဏီ ၃၀ ခန့်ရှိကြောင်းသိရသည်။

Monday 26 December 2011

ပုဂ္ဂလိကဘဏ် ၄ ခု နိုင်ငံခြားငွေ လွှဲခွင့်ရ

ပြည်တွင်းဘဏ် လေးခုကို ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့ကနေ ပြည်တွင်းငွေ လွှဲပို့မှု လုပ်ကိုင်ခွင့် လိုင်စင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက အခွန်မကောက်တော့ဘူး ဆိုပြီး အစိုးရက ကြေညာပြီးနောက် အခုလို ဘဏ်တွေကနေ ငွေလွှဲလို့ ရလာမယ်ဆိုတဲ့အတွက် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်း ငွေလွှဲပို့တဲ့အခါ ပိုပြီး လွယ်ကူလာနိုင်မလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က ပြည်ပမှာ အလုပ်လုပ်ကိုင် နေကြသူတွေနဲ့ မေးမြန်းထားပါတယ်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခုကို ပြည်ပကနေ ပြည်တွင်းငွေလွှဲ လုပ်ကိုင်ခွင့် ဗဟိုဘဏ်က ချထားပေး လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းစာကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံသား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကနဦး စတင် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ် ၁၁ ခုထဲကနေ အစိုးရပိုင် သမ၀ါယမဘဏ်၊ ဆရာကျောင်းလို့ လူသိများတဲ့ ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇဘဏ်၊ ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နဲ့ ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ကို ရွေးချယ်ပြီး လုပ်ပိုင်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။
ဒီဘဏ်တွေအနေနဲ့ နေ့စဉ် နိုင်ငံခြားငွေ ပေါက်ဈေးအလိုက် လဲလှယ်ပေးနိုင်မှပဲ ပြည်ပကနေ ငွေလွှဲသူတွေ အတွက် အဆင်ပြေမယ်လို့ မလေးရှား အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းထွန်းက ပြောပါတယ်။
“နေ့စဉ်ငွေလွှဲခကို အပြောင်းအလဲပေါ်မှာ အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဘဏ်တွေကနေပြီးတော့ ကိုယ့်မြို့ကိုယ့်ရပ် ဒီနိုင်ငံသားတွေရှိတဲ့ အရပ်တွေကို လွှဲပေးနိုင်အောင်ဆိုလို့ရှိရင် ဒါ အင်မတန် ကောင်းတယ်။ ဒီကလွှဲပေးတဲ့ပိုက်ဆံကို ငွေမာပေါ့နော်။ အမေရိကန်ဒေါ်လာနဲ့ပဲဖြစ်ဖြစ်၊ ဥရောပ ယူရိုငွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့ အကောင့်ဖွင့်ပြီးတော့ ထည့်ပြီးတော့ သိမ်းထားလိုက်ရင် အဲဒီအပေါ်မှာ အတိုးရမယ်ဆိုရင် အဲဒါ ပိုကောင်းတယ်။ အလုပ်သမားတွေအတွက်။”
ဘဏ်တွေအနေနဲ့ နှစ်ပေါင်းများစွာ ပြည်ပ ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လာတဲ့ တရားမ၀င် ဟွန်ဒီငွေလွှဲပို့ သူတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လတ်တလော ဟွန်ဒီတွေက ငွေလွှဲတဲ့အခါမှာ စိတ်ချရမှု ရှိပေမဲ့ ငွေလွှဲခ ဈေးကြီးတဲ့အနေအထားမှာတော့ ရှိတယ်ဆိုပြီးလည်း သူက ပြောပါတယ်။
“ဟွန်ဒီသမားက သူ့အတွက် အမြတ်ချန်ပြီးတော့ ငွေဈေးကို သတ်မှတ်တယ်။ ဒီနေ့ ရန်ကုန်မှာ ဒေါ်လာဈေး ဘယ်လောက်ပေါက်သလဲတော့ ကျနော် မသိဘူး။ ဒီနေ့ ကွာလာလမ်ပူမှာ ငွေဈေးက မလေးရှား တစ် ရစ်ဂစ်ကို ၂၂ ကျပ်ပေါက်တယ်။ ဒါက ရန်ကုန်ကို။ မော်လမြိုင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူဘက်ကို လွှဲမယ်ဆိုရင် လွှဲခဆိုပြီးတော့ ရစ်ဂစ် ၁၀ ကျနော်တို့ ထပ်ပေးရတယ်။”
မြန်မာ အလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း လစဉ် ဘတ်ငွေ သန်းနဲ့ချီ ပြန်ပို့ငွေတွေ ရှိနေတဲ့အတွက် တကယ်လို့ ပြည်တွင်း ဘဏ်တွေကသာ ထိထိရောက်ရောက် ငွေလွှဲတဲ့ လုပ်ငန်းကို လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေ စီးဝင်မှု ပိုများလာမယ့် အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့လို့ တရားမ၀င် ငွေလွှဲတဲ့ ဟွန်ဒီတွေက ကျေးရွာတွေအထိ အိမ်တိုင်ရာရောက် ငွေပို့ပေးနိုင်ပေမဲ့ ပုဂ္ဂလိက ဘဏ်တွေကတော့ မြို့ကြီးတချို့မှာပဲ ဘဏ်ခွဲတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ လတ်တလော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ငွေလွှဲပို့နေရတဲ့ အနေအထားကိုတော့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက အခုလို ပြောပါတယ်။
“မြန်မာ အလုပ်သမား တစ်ယောက်ဟာ တစ်လရက်ပေါင်း ၃၀၊ ငွေ ၆,၀၀၀ ဆိုပြီး တွက်လို့မရဘူး။ အဲဒီအတွက် ၅,၀၀၀ ပဲ ထားပါဦး။ ပုံမှန်အားဖြင့် တွက်လို့ရှိရင် ဘတ် ၃,၀၀၀ မပို့နိုင်ဘူး။ ၂,၀၀၀ လောက်ပဲ ပို့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာ မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနက အတည်ပြုတဲ့ ကိန်းဂဏန်း ၂ သန်းနဲ့ပဲ တွက်မယ်။ ကျနော်တို့ စောစောကပြောတဲ့ ဘတ် ၂,၀၀၀ မျိုး၊ ၃,၀၀၀ မျိုး ဆိုတာကို ထားလိုက်။ မြန်မာတစ်ယောက်ကို အနည်းဆုံး ဘတ် ၁,၀၀၀ လောက်ကတော့ ပို့တယ်ခင်ဗျ။ အဲဒီ ဘတ် ၁,၀၀၀ ကို လူ နှစ်သန်းနဲ့ ပို့မယ်ဆိုရင် သန်းပေါင်း နှစ်ထောင် ဆိုတော့ ဘတ် နှစ် ဘီလီယံ ဖြစ်မှာပေါ့နော်။ အဲဒါ မြန်မာငွေနဲ့ဆိုရင် အများကြီးပဲ။ ဒါဟာ အနည်းဆုံး တွက်ချက် ချက်ပဲ ဖြစ်တယ်ခင်ဗျ။ နည်းတော့ငွေကြေးတော့ မဟုတ်ဘူးနော်။”
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ပြည်ပရောက် မြန်မာတွေ ဘဏ်တွေကနေ တရားဝင်ငွေလွှဲလာရင် အမျိုးသားဝင်ငွေကို အလွယ်တကူ တွက်ချက်နိုင်မယ်၊ ဒါ့အပြင် ငွေလွှဲတာမှာလည်း လုံခြုံ စိတ်ချရမှု ရှိလာမယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဒါ့အပြင် အရင်က ကောက်ခံနေတဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်သူတွေ ပေးဆောင်ရတဲ့ ၀င်ငွေခွန်ကိုလည်း လာမယ့် ၂၀၁၂ ခုနှစ်ကစပြီး ပယ်ဖျက်မယ်လို့ ပြည်ထောင်စုအစိုးရက ကြေညာထားပါတယ်။
ဒါပေမဲ့ ပြည်ပငွေလွှဲပို့ လုပ်ဆောင်မယ့် ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ဘယ်လိုစနစ်နဲ့ ငွေလွှဲပို့ လုပ်ဆောင်မယ် ဆိုတာနဲ့ ဘယ်တော့ စပြီး လုပ်မယ်ဆိုတဲ့ အသေးစိတ်တော့ ထွက်ပေါ်မလာသေးပါဘူး။
Ref: VOA

ထိုင်းရှိ မြန်မာအလုပ်သမားများ အစိုးရ ကူညီမည်

ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ကူညီဆောင်ရွက်ရန် မြန်မာ အစိုးရ အလုပ်သမားဝန်ကြီးဌာနကစီစဉ်နေကြောင်း ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေကြသော မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော်တို့ လာမယ့် ဇန်န၀ါရီလဆန်း ၅ ရက်နေ့လောက်က စပြီး လုပ်ငန်းလုပ်နိုင်အောင် စီစဉ်နေပါတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပြသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားပြဿနာ ကူညီဖြေရှင်းရေး လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကသွားရောက်၍ မြန်မာ အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး၊ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး၊ အလုပ်သမားများ၏ သားသမီးများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ တရားဝင် မှတ်ပုံတင်နိုင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးများကို စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကမှ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသော အလုပ်သမားဒု-၀န်ကြီး ကလည်း မြန်မာ အလုပ်သမားရေး ဆိုင်ရာများကို ထိုင်းအစိုးရ အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ရာ အဆင်ပြေခဲ့ကြောင်း ဆိုသည်။
“အရင်နှစ်ပေါင်း ၂၀ ကျော်တုန်းက မြန်မာအလုပ်သမားတွေရှိနေတယ်ဆိုတာ မြန်မာအစိုးရက အသိအမှတ်မပြုခဲ့ဘူး။ အခုလို အစိုးရတရပ်က အသိအမှတ်ပြုလာပြီး အကျိုးဆောင်ပေးမယ်ဆိုတာကတော့ အပြုသဘောနဲ့ ကြိုဆိုတယ်။ ဒါ ပေ မယ့် အခု သူတို့ လုပ်နေတဲ့ အခင်းအကျင်းတွေက မလုံလောက်သေးဘူး”ဟု ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများအရေး လှုပ်ရှားသူတဦးဖြစ်သည့် ကိုကျော်သောင်းက ဧရာဝတီကိုပြောသည်။
ကိုကျော်သောင်းနှင့် အလုပ်သမားအရေးလှုပ်ရှားသူများသည် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာ ဒု အလုပ်သမား ၀န်ကြီး ဦးဆောင်သော အဖွဲ့နှင့် အလုပ်သမားများအရေး ဆွေးနွေးခဲ့ကြသည်။
မြန်မာ အလုပ်သမားများစွာရှိသည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စူရတ်ဌာနီ၊ စမွတ်ပရာကန် ၅ မြို့တွင် ရုံးထိုင် လုပ်ကိုင်မည့် အလုပ်သမားကူညီရေးတစ်ဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးစီ ပါဝင်မည် ဖြစ်ကြောင်း ၄င်းတို့ကို နေပြည်တော် တွင် သင်တန်းများပေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား တရားဝင်နှင့် တရားမ၀င်သူ စုစုပေါင်း၂ သန်းမှ ၃ သန်းခန့် ရှိသည်ဟု အလုပ်သမား အရေး လှုပ်ရှားနေသူများက ခန့်မှန်းထားကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်း၊ ဘတ်ဟု ခေါ်သည့် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်းနှင့် အဆိုပါ ၂ ခုလုံး မရှိဘဲ တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင် သူများဟူ၍ ၃ မျိုးရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာအလုပ်သမားတဦးသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မြန်မာဘက်ခြမ်းတွင် ကျပ်ငွေ ၅၀၀ မှ ၁၀၀၀၀ ကျပ်အထိ မြန်မာအစိုးရက တိုးမြှင့်လိုက်ကြောင်း၊ ထိုင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ ၄၅၀၀ မှ ၆၅၀၀ အထိ ကုမ္ပဏီများက လုပ်ဆောင်ပေးကြောင်း၊ ကုန်ကျပြီး အလုပ်သမား လက်မှတ်အတွက် ဘတ်ငွေ ၃၉၀၀ ကုန်ကျသည်။
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူသည် ထိုင်းနိုင်ငံတ၀န်း သွားလာ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကို တရားဝင် ၀င်ထွက်ခွင့်လည်းရှိသည်။ အလုပ်သမားလက်မှတ် ကိုင်ဆောင်သူသည် အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့်သာ နေ ထိုင် သွားလာခွင့်ရှိပြီး အလုပ်အပြောင်းအလဲ လုပ်လိုပါကလည်း အလုပ်ရှင်၏ ခွင့်ပြုချက် လိုအပ်သည်။
ယင်း လက်မှတ်များ၏ အမှန်တကယ် ကုန်ကျစရိတ်သည် သတ်မှတ်ထားသည့် ပမာဏ ထက်ပိုမိုများပြားမှုရှိကြောင်း ကိုကျော်သောင်း က ပြောသည်။
ယခု မစ္စ ယင့်လပ် အစိုးရ က ထိုင်းနိုင်ငံရှိ မည်သည့် အလုပ်သမားမဆို တနေ့ အလုပ်လုပ်ခ အနည်းဆုံး ဘတ် ၃၀၀ ရစေရ မည်ဟု ဆိုသော်လည်း နေရာနှင့် လုပ်ငန်းပေါ် မူတည်၍ ကွဲပြားကြပြီး အများစုမှာ တနေ့ လုပ်အားခ ၆၀ ဘတ်မှ ၂၅၀ ဘတ် အထိသာ ရကြကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ထိုင်းလုပ်ငန်းရှင်များက ယာယီ နိုင်ငံကူးလက်မှတ်ကို သိမ်းထားပြီး မိတ္တူကိုသာ လက်ဝယ်ကိုင်ခွင့်ပေးခြင်း၊ လုပ်အားခ ပုံမှန်မရရှိခြင်း၊ အပြည့်အ၀ မရရှိခြင်း၊ အချိန်ပိုကြေး မပေးခြင်းနှင့် လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရမှု နစ်နာကြေး မရခြင်း စသည့် ပြဿနာများကို အဓိက ရင်ဆိုင်နေကြရသည်ဟု သိရသည်။
မြန်မာအစိုးရ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်က“ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ သာမက ပြည်ပမှာရှိတဲ့ တရားဝင် ကော တရားမဝင်ကော အလုပ်သမားတွေ အားလုံးကို စောင့်ရှောက်ပေးဖို့ကတော့ ကျနော်တို့ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ အားလုံးကို ပြေလည်အောင် ပြီးပြတ်အောင် အခွင့်အရေး အပြည့်အဝရစေအောင် ဆက်ပြီးတော့မှ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆိုထားသည်။
မြန်မာ-ထိုင်း၂ နိုင်ငံဆွေးနွေးပွဲများတွင် မြန်မာအလုပ်သမားများအား အကာအကွယ်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ လက်ခံရေးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာ သဘောတူညီချက်အရ အစီအစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံသို့ အလုပ်သမား တသိန်း စေလွှတ်ရန် ရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် သုံးသောင်း ကျော်သာ စေလွှတ်ထားသေးကြောင်း ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
ထိုင်းအစိုးရက၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံများမှ လာရောက်သော အလုပ် သမားများကို တရားဝင် မှတ်ပုံတင် လုပ်ပေးခဲ့စဉ် မြန်မာ အလုပ်သမား ၇ သိန်းခန့် စာရင်းလာသွင်းခဲ့ကြောင်း ထိုင်း အလုပ် သမားရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အများစုသည် ဆောက်လုပ်ရေး ၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ အထည်ချုပ် စက်ရုံ၊ အိမ်အကူ စသည့် လုပ်ငန်းများ၌ လုပ်ကိုင်ကြရသည်။

Sunday 25 December 2011

လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာ နှစ်ဆန်းတစ်ရက် နေ့များတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံ လွှတ်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရ

7131


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် အစီအစဉ် ရှိကြောင်း၊ လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာနှစ်ဆန်း တစ်ရက် နေ့များတွင် စောင့်ကြည့်ပေးရန် လိုကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
ဒီဇင်ဘာလ တတိယပတ်အတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည့် မဲဆောက်မြို့တွင် ပြုလုပ်သည့်  ကရင်အမျိုးသားအစည်းအရုံး(KNU)  နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးရာတွင် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လာမယ့်ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စတဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ စောင့်ကြည့်ပေးပါ။ မကြာမီလွှတ်ပေးဖို့ စီစဉ်နေကြပါတယ်လို့ ပြောခဲ့ပါတယ်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးက “ပြည်ထောင်စု ၀န်ကြီးအနေနဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံ တော်သမ္မတကြီးအနေနဲ့ အကျဉ်း သားတွေကို ထပ်မံလွှတ်ပေးဖို့ စီစဉ် နေပါတယ်။ လွှတ်ပေးဖို့အခြေအနေ လည်းရှိပါတယ်။ လာမယ့်ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်း တစ်ရက် နေ့စတဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြုလေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ စောင့်ကြည့်ပေးပါ။ မကြာမီလွှတ်ပေးဖို့ စီစဉ်နေကြပါ တယ်လို့ပြောခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။
ဆက်လက်၍ အဆိုပါ တာဝန် ရှိသူက “ဒီ ၃ ရက်မှာ တစ်ရက်ချင်းစီ လည်း ဖြစ်နိုင်တယ်။ ၃ ရက်စလုံး လည်း ဖြစ်နိုင်တယ်။ ၃ ရက်ထက် လည်းကျော်သွားနိုင်တယ်။ ဒါတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ စိစစ်နေတဲ့ အနေအထားနဲ့ ပတ်သက်ပါတယ်။နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တိုက်ရိုက်ကိုင်တွယ်ချိန်ဆပြီး ပြုလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်တို့ ၀န်ကြီးအနေနဲ့ ပြော ကြားခဲ့ခြင်းမရှိပါဘူး”ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ် ငြိမ်းချမ်းသာခွင့် ပြုခြင်းကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွှတ်ပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု ရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက် နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ အကျဉ်းသားများကို စိစစ်ကာ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ်  မေလ ၁၇ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားဦးရေ ၆၀၀၀၀ ၀န်းကျင်ရှိသည့်အနက် ၁၄၆၀၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၉ ရက်နေ့ က ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင် ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးရန် နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် ဖြစ်စဉ်အချို့
-၁၉၅၆ ခုနှစ် မေလ ဆဋ္ဌမ သံဃာယနာတင်ပွဲနှင့် သာသနာနှစ် ၂၅၀၀ ပြည့်အဖြစ် ၀န်ကြီးချုပ် ဦးနုက အထူးလျှော့ရက်များ ထုတ်ပြန်၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခဲ့။
-၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၃ ဦး၊ သတင်းစာဆရာ ငါးဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ငါးဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ လေးဦးကို လွှတ်ပေးခဲ့။ လွတ်လာသူများတွင် သခင်စိုး၏ဇနီးဟောင်း ဒေါ်နှင်းမေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ မိုးကျော်(ခ)ကျော်နိုင် စသူတို့ ပါဝင်။
-၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇ၀တ်ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့။
-၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့။ ဘိန်းဘုရင် ဦးလော်စစ်ဟန် လွတ်မြောက်ခဲ့ပြီး တစ်နိုင်ငံလုံး အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းမှ အကျဉ်းသား ၃၉၄၄ ဦးတို့ကို လွှတ်ပေးခဲ့။
-၁၉၈၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူထုအုံကြွမှု ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့။ အရေးအခင်း ကာလနောက်ပိုင်းတွင် အာဏာ သိမ်းစစ်အစိုးရက ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း၊ ပြစ်ဒဏ်ကျခံနေရသူ များအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်းစသည်တို့ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့။
-၁၉၉၂ ခုနှစ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ဖမ်းဆီးခံရသော လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၃၀၀ ခန့် ပြန်လည်လွှတ်ပေး။ အမျိုးသားညီလာခံ တက်ရောက်စေရန်နှင့် အမျိုးသားညီလာခံက ချမှတ်မည့် အခြေခံမူများရေးဆွဲရန် ရည်ရွယ်လွှတ်ပေးခဲ့ခြင်းဖြစ်။
-၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲ လျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်၍ ကန့်သတ်လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့။
-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်သည့် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့။
-၂၀၀၅ ခုနှစ်တွင် ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့်အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုသည့်အမိန့်ကို ထုတ်ပြန်ကြေညာခဲ့။

Ref: EMG

Saturday 24 December 2011

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအတွက် ယာယီနို်င်ကူးလက်မှတ်ရုံးများဖွင့်လစ်ရန် စီစဉ်

ထိုင်းရောက် မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ယာယီနို်င်ငံကူးလက်မှတ်ထုတ်ပေးဖို့ ရုံးခွဲငါးနေရာဖွင့်ဖို့အတွက်နှင့်အလုပ်သမားရေးရာဆွေးနွေးရေးအတွက် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ထိတ်တန်းအရာရှိတွေ ထိုင်းနိုင်ငံကို ရောက်လာပါတယ်။

မြန်မာအလုပ်သမား အများစုရှိတဲ့ ဘန်ကောက်၊ ချင်းမိုင်၊ စူရတ်ဌာနီ၊ စမွတ်ပရာ့ကမ်၊ မဟာချိုင်တို့မှာ နိုင်ငံသား စီစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်း၊ ညွှတ်ကြားရေးမှူးချုပ် ဦးချစ်စိန်နှင့် သံအမတ်ကြီး ဦးအောင်သိန်းအပါအ၀င် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနှင့် ရုံးဖွင့်မယ့်နေရာတွေကို သွားရောက်လေ့လာကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်ပေးမယ့် အလုပ်သမားဝန်ကြီးဌာနက တာဝန်ခံတဦးကိုလည်း ဘန်ကောက်သံရုံးမှာ တာဝန်ချထားပြီးဖြစ်ကြောင်း ညွှန်ချုပ် ဦးချစ်စိန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ဦးဆောင်တဲ့ပြည်ပရောက် အလုပ်သမားကြီးကြပ်ရေးအဖွဲ့ကို မေလကုန်ပိုင်းက ဖွဲ့စည်းလိုက်ပြီး အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ကူညီဖြေရှင်းသွားမယ်လို့ ညွှန်ချုပ် ဦးချစ်စိန်က ဘီဘီစီကိုရှင်းပြပါတယ်။

Ref: BBC

“မြန်မာပြည်မှာ အဟောင်းတွေ သိပ်ပေါတယ်၊ အသစ်နဲ့ လဲမယ်”


(ကာတွန်းမောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်တွင်တွေ့

NLD ခေါင်းဆောင်များ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် ၎င်း၏ အဖွဲ့ဝင်များ (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ နေပြည်တော်ခရီး ဓာတ်ပုံများ ဖြစ်သည်။
ခရီးစဉ်အတွင်း အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ၃ ဦးနှင့် တွေ့ဆုံခဲ့သည်။


NLD ခေါင်းဆောင်များ အဖွဲ့ဝင်များ နေပြည်တော် ရွေးကော်မရှင် ရုံးမှ အပြန် (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း (ဓာတ်ပုံ – Getty Images)
(ဓာတ်ပုံ – Getty Images)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images)


(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – Reuters)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – AP)
(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – AP)

လွှတ်တော်ဥက္ကဌတွေ အမေစုနှင့်တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် တို့က သတင်းသမားတွေနှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။ 

ဒီနေ့ ဒေါ်စုနှင့်တွေ့ဆုံကြတဲ့အကြောင်းကဘာလဲဆိုတာကို သတင်းသမားတစ်ယောက်က ဦးရွှေမန်းကိုမေးတော့ သူက ဒေါ်စုက ကျွန်တော်နှင့်တွေ့ချင်တယ်လို့ စာရေးပြီးပြောတယ်။ ပြည်သူ့လွှတ်တော်နှင့် ပတ်သက်တာတွေမေးသွားတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို သတင်းထောက်က မေးမြန်းတဲ့အခါ ဒီနေ့နိုင်ငံတော်မှာ တွေ့ဆုံရေးက အဓိကကျပြီး ဒေါ်အောင်ဆန်းစုကြည်ပါတော့ ပိုအားရှိတာပေါ့ လို့ဖြေသွားပါတယ်။

အခုလို သူတို့ဖြေကြားသွားတဲ့ မေးခွန်းတွေရှိသလို သူတို့ဖြေကြားမသွားတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

သတင်းထောက်တစ်ယောက်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လပ်ရေးနှင့် ပြည်ထောင်စုနေ့တွေမှာ လွှမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း ပြောကြားတာနဲ့ ပတ်သက်ပြီး အတည်ပြုမေးမြန်းတဲ့အခါ သူရရွှေမန်းက မှန်မမှန် ဖြေမသွားပါဘူး။ စောင့်ကြည့်ကြပေါ့လို့ဘဲ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲ ဆိုတဲ့မေးခွန်းကို ဦးရွှေမန်းကိုရော ဦးခင်အောင်မြင့်ကိုပါ သတင်းထောက်တွေက မေးကြပါတယ်။ ဒီမေးခွန်းကိုလည်း နှစ်ယောက်စလုံး မဖြေကြပါဘူး။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ပဲ ဆိုင်တယ်လို့ ဖြေကြပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အခါမှာလည်း ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ဖြေကြားမသွားဘူးလို့ သတင်းထောက်တစ်ယောက်က ပြန်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြည်သူ့လွှတ်တော် အမတ်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီပါသလားလို့ သတင်းထောက်တစ်ယောက်က ဦးရွှေမန်းကို မေးရာမှာတော့ လောလောဆည်တော့ ကိုက်ညီတယ်လို့ တွေ့ရပါတယ်လို့ ဦးရွှေမန်းက ဖြေသွားပါတယ်။

ဒေါ်စုနဲ့ လွှတ်တော်ဥက္ကဌတွေတွေ့ရာမှ မိသားစုပုံစံရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်လို့ တက်ရောက်တဲ့ သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
Ref: BBC

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes