Saturday 13 August 2011

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ

နယူးဒေလီ(မဇ္ဈိမ) ။       ။ ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်
ကူညီ ပူးပေါင်း ဆောင်ရွက်သွားရန် အပါအဝင် သဘောတူညီချက် ၄ ချက်ပါ ပူးတွဲကြေငြာချက်ကို  အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ သောကြာ
နေ့ တွေ့ဆုံမှု အပြီးတွင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်
တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဂေဟာ၌ နေ့လည် ၁ နာရီမှ စတင်ကာ မိနစ် ၅၀ ကြာ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲကြေငြာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရန်နှင့် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်  ကြေငြာချက်၌ ပါဝင်သည်။
2kyimet
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ် လက်ထက် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့ အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးမှုအပြီး တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
တွေ့ဆုံ ဆွေးနွေးမှု၌ တိုးတက်မှု ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို “ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့
ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ မီဒီယာ အပါအဝင်ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်ဟု ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်က “ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်အောက်တွင် အဆိုပါ ကိစ္စရပ်လည်း ပါဝင်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။



“ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ် လိုအပ်တဲ့ အဓိက ပြဿနာ တခုပါ။ ဒီကိစ္စ
ပြေလည်သွားပြီ ဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေအားလုံးကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ
ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၅ နေ့တွင်လည်း အလားတူ တွေ့ဆုံမှု
ပြုလုပ်ခဲ့သေးသည်။

ထိုစဉ်က နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း
ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ငြိမ်းချမ်းရေး အိတ်ဖွင့် ပေးစာနှင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် မတိုင်မီ ၂ ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမ၏
နယ်ခရီးစဉ် လုံခြုံရေးအတွက် အစိုးရ အာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထား တင်းမာ
ပြတ်သားသော အတိုက်အခံ အင်အားစုများကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး
နိုဘယ်ဆုရှင်နှင့် ၂၀၀၇ ခုနှစ်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။
--------------------------------------------------------------------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ဆွေးနွေးပွဲ ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ကို ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၂ရက်
ယနေ့ မွန်းလွဲ ၁ နာရီမှ  ၁နာရီ ၅ဝ အထိတွေ့ဆုံခဲ့ပါသည်။ ယနေ့တွေ့ဆုံမှုတွင်နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါသည်။

၁) ပြည်သူလူထု တရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်  နှစ်ဘက်လက်တွဲဆောင်ရွက်သွားမည်။

၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်တိုးတက် ထွန်းကား စေရေးအတွက်လည်ကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွား
မည်။

၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း
ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal basis) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

၎) တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ။

သတင်းထုတ်ပြန်ချက်ကို  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကဖတ်ကြားခဲ့ပြီးတော့ သတင်းထောက် ၃ ဦးရဲ့
မေးခွန်းတွေကို ခေါင်းဆောင် ၂ ဦးက ဖြေကြားခဲ့ပါတယ်။

ဒုတိယအကြိမ် တွေ့ဆုံမှုကနေ ဘယ်လိုကဏ္ဍမှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲ တိုးတက်လာမယ်လို့
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မျှော်လင့်ထားပါသလဲ ခင်ဗျ။

ကျမတို့ ဒိအထဲမှာ ပါတဲ့အတိုင်းပဲ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ နောက် အားလုံးပေါ့လေ၊ တိုင်းပြည်အတွက် ကောင်းမယ့်ဟာတွေ အားလုံး နေရာတကာမှာ တိုးတက်မှု ရှိမယ်လို့ မျှော်လင့် ပါတယ်။ မေးခွန်းတွေက သိပ်မရှင်းလို့ ရှင်းရှင်းမေးပေးပါ။

(မေး) အရင်တပတ်တုန်းကလည်း ဒီလိုပဲလေ ယေဘူယျသဘော ပြောသွားတယ်လို့ သိထားလို့ပါ ခင်ဗျာ ။ဥပမာ တိုင်းရင်းသား ကိစ္စတွေမှာ ဘယ်လို တိုးတက်မှုတွေ ရလာမယ်လို့ ထင်ပါသလဲ ခင်ဗျ။

ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလဲ တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှု ရှိရမှာပဲလေ။ တကယ်တော့ ကျမတို့ နိုင်ငံအကျိုးကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် မီဒီယာ အပါအဝင်ပေါ့ တိုးတက်မှုဆိုတာ ရှိရမှာပေါ့။

(မေး) ပြီးခဲ့တဲ့တခေါက် ပူးတွဲ ကြေငြာချက်ထဲမှာ သဘောထား ကွဲလွဲနေမှု စိတ်ဝမ်း ကွဲလွဲနေမှုတွေကို ဆွေးနွေး
မယ်လို့ ပြောပါတယ်။ အဲဒါဟာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားကို ပြောတာပါလား။ ဒါမှ မဟုတ်
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ အကြား ပြောတာပါလား ။ နောက်တခုက အဲဒီမှာ ပါပါတယ် တရား
ဥပဒေ စိုးမိုးရေး ကိစ္စ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို တရားမဝင်ဘူးလို့
ပြောထားတာရှိတော့ အဲဒါတွေကို ဆွေးနွေးတာပါလား။

ဦးအောင်ကြည်က ဖြေပါတယ်။ ကျွန်တော်တို့ စိတ်ဝမ်းကွဲပြားမှု လျော့ပါးဘို့ ဆိုတာက စိတ်ဝမ်းကွဲပြားမှုဆိုတာ
နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ သဘာဝအားဖြင့် ဒိုင်ဗာစတီနဲ့ ယူနတီဆိုတဲ့ သဘောပေါ့ ဘယ်လို လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်းကွဲပြားမှုဆိုတာ ရှိနိုင်ပါတယ်။ သို့ရာတွင် အခုကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်း
ဆောင်ရွက်မှုကိုတော့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(မေး) ကျနော် ဦးအောင်ကြည်ကို မေးချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုစလုပ်နေပြီလဲ၊ လုပ်နေပြီ ဆိုနေရင်လည်း ဘယ်အထိရောက်နေပြီလဲ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က အိပ်ဖွင့်ပေးစာနဲ့
ငြိမ်းချမ်းရေး ကမ်းလှမ်းချက် လည်းပြောထားပါတယ်။ အဲဒါကိုကော ဘယ်လိုဆက်လုပ်သွားမလဲ။

(ဖြေ) ဒါတွေအားလုံးဟာ ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ (main problem) အဓိကပြသနာ တခုပါ။ ဒါကြီးကို ဖြေရှင်းနေကြတာ
ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်သွားပြီဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေအားလုံးကိုလည်း main problem ကြီးရဲ့ အကျိုးဆက် တရားများ တနည်းအားဖြင့် တော့ (corollary) ကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ် လို့ ပြောရင်း နိဂုံးချုပ်ပါတယ်

Source: မဇ္ဈိမ

Thursday 11 August 2011

စင်ကာပူရောက် မြန်မာပြည်သူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကို အားကိုးရမလား၊ ပွဲစားကြီးကို အားကိုးရမလား ... (ပေးစာ)

ကျနော် စာရေးသူမှာ နိုင်ငံတော်ကို ဆန့်ကျင်နေသော နိုင်ငံသားတယောက်မဟုတ်ပါ။ ကိုယ့်ဉာဏ်စွမ်း ကိုယ် စွမ်းနှင့် ဘ၀ကိုလျှောက်လှမ်းနေသော စင်ကာပူရောက် မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော်က စင်ကာ ပူတွင် နေထိုင်ကာ ပင်နီဆူလား ဆိုင်တဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ရံဖန်ရံခါဆိုသလို သံရုံးသို့ ရောက်တတ်သူဖြစ်ပါသည်။ ကျနော် သာမန်လူတယောက်အနေနှင့် ကြားရသော မြန်မာသံရုံးနှင့် အမြတ်ကြီး စား ပွဲစားကြီးတို့ နိုင်ငံတော်အား အလွဲသုံးစားလုပ်နေပုံ သတင်းအချို့ကို အများသူငါ မျှဝေခံစားမိစေရန် ယခု ကဲ့သို့ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ကြားသိရသော သတင်းအချို့မှာ အခွန်ဆောင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး အခွန်တွက်စက်၊ ပြေစာထုတ်စက်၊ ပတ်စ်ပို့အသစ်အတွက် ဓာတ်ပုံရိုက်ခြင်းများတွင် လိုအပ်သည့် စက်ကိရိယာများအား ပွဲစားကုမ္ပဏီကြီးတခုမှ သံရုံးအား ထောက်ပံ့ပေးပြီး အခွန်တွက်ချက်ခြင်းကိုလည်း ကောင်တာထိုင်အရာရှိမှ တွက်ချက်ရန် မလိုတော့ ဘဲ ယင်းကုမ္ပဏီကြီးမှပင် တွက်ချက်ပေးကာ အရာရှိက စာရွက်စာတမ်းကိုသာ လက်ခံပေးသွားမည်၊ အခွန် ဆောင်ရန် ရက်ချိန်း စောလျင်စွာရရှိဖို့ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရန်လည်း သံအမတ်ကြီးထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်းကို ပင်နီဆူလားမှ အခြားသော အေးဂျင့်များအား ကုမ္ပဏီသဌေးမှ ပြောခဲ့ပြီး နောင်တွင် သံရုံးမှ အခြားအေးဂျင့်များနှင့် လုပ်ကိုင်ခွင့်မပြုတော့ဘဲ ယင်းကုမ္ပဏီကြီးမှသာ သံရုံးနှင့် ဆက်စပ် လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း၊ အထက်တွင် ဖော်ပြထားသော လုပ်ငန်းများအား လက်မခံသည့် ၀န်ထမ်း များအား ပြောင်းရွှေ့ပေးရန် သံအမတ်ကြီးအား ပြောကြားထားကြောင်း၊ သံအမတ်ကြီးမှလည်း ဆောင်ရွက် ပေးမည်ဟုဆိုကြောင်း ကုမ္ပဏီသူဌေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ပါသည်။

ယင်းသတင်းများ မှန်သည်၊ မမှန်သည် ကျနော်မသိပါ။ ယင်းသတင်းကြားပြီး မကြာမီမှာပင် ဓာတ်ပုံရိုက်သည့် နေရာတွင် ယင်းကုမ္ပဏီမှဝန်ထမ်းများ လုပ်ဆောင်နေသည်ကို တွေ့ရပါသည်။ ထို့နောက် အခွန်ကိစ္စအား စက် များနှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

စင်ကာပူရောက် မြန်မာပြည်သူများအားစောင့်ရှောက်ရန် နိုင်ငံတော်မှ ဖွင့်လှစ်ပေးထားသော မြန်မာသံရုံးအား ထိုသို့ ပုဂ္ဂလိကကုမ္ပဏီမှ သူ၏ ကုမ္ပဏီအသွင် ချုပ်ကိုင်ချယ်လှယ်နေခြင်းမှာ မဖြစ်သင့်သောကိစ္စရပ်ဟု မြင်မိ ပါသည်။ ထိုသို့ ကုမ္ပဏီက ချုပ်ကိုင်ချယ်လှယ်နေခြင်းကြောင့် စင်ကာပူရောက် မြန်မာပြည်သူများအနေဖြင့် မည်သူ့ကို အားကိုးအားထားပြုရမှန်း ဝေခွဲမရအောင် ဖြစ်နေပါတော့သည်။

စင်ကာပူရောက် မြန်မာပြည်သူတဦး
 

Wednesday 10 August 2011

ထိုင်း ဝန်ကြီးချုပ်သစ်ကြောင့် မြန်မာအမျိုးသမီးများ အားတက်

ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် အဖြစ် မစ္စ ယင့်လပ်ရှင်နာဝပ် အရွေးချယ် ခံခဲ့ရခြင်းသည် မြန်မာ့ နိုင်ငံရေး လောက၌ လှုပ်ရှားနေသော အမျိုးသမီးထုအတွက် အားတက်စရာ ကိစ္စတခုဖြစ်သည်ဟု နိုင်ငံရေးလောကတွင် ဦးဆောင် နေသည့် မြန်မာအမျိုးသမီးများက ဆိုသည်။



yluck400
မစ္စယင့်လပ် ရှင်နာဝပ် ဘန်ကောက်မြို့ ရှိ ထိုင်းလွှတ်တော် သို့  သြဂုတ် လ ၁၀ ရက် နေ့  နံနက် ရောက်ရှိစဉ် (ဓာတ်ပုံ - AP)

အိမ်နီးချင်း ထိုင်းနိုင်ငံ ပြည်သူများ၏ ထောက်ခံမှုဖြင့် မစ္စယင့်လပ်မှာ ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာသည်ကို ကြိုဆိုပြီး အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ကြောင်း ရန်ကုန်အခြေစိုက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။“အိမ်နီးချင်းနိုင်ငံမှာ အမျိုးသမီးဝန်ကြီးချုပ်တဦး နေရာရလာတာ နိုင်ငံရေးလောကအတွက် ဂုဏ်ယူစရာ ကောင်းပါတယ်။ ကျမတို့ နိုင်ငံမှာလည်းပဲ စစ်တပ်အစိုးရ မဟုတ်တော့တဲ့အတွက် အမျိုးသမီး ခေါင်းဆောင်တွေက ရှေ့တန်းနေရာတွေ ရလာတော့မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၄၄ နှစ်အရွယ် ကလေးတယောက် မိခင် မစ္စယင့်လပ်သည် နိုင်ငံရေးသမားတဦး မဟုတ်သော်လည်း နိုင်ငံရေး သိပ္ပံဘာ သာရပ်ဖြင့် ဘွဲ့ရထားသည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ပြီး အဂတိ လိုက်စားမှုဖြင့် ၀ရမ်းထုတ်ခံထား ရသော ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမအငယ်ဆုံးလည်းဖြစ်သည်။ သူသည် နိုင်ငံရေး လောကသို့ ၀င်လာပြီး သီတင်းပတ် ၆ ပတ် အကြာ၌ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

၁၉၉၁ ခုနှစ်တွင် စီမံခန့်ခွဲမှု မဟာဘွဲ့ကို အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ် တက္ကသိုလ်မှ ရရှိခဲ့ပြီး ရွေးကောက်ပွဲ မ၀င်ခင် ကာလအထိ ၎င်း၏ အစ်ကို တည်ထောင်ထားသော ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် Shin Co - orporation ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။

မစ္စယင့်လပ်အား အမျိုးသမီးဝန်ကြီးချုပ်တဦး အနေဖြင့် အများစုက ကြိုဆိုသော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ် ဟောင်း သက်ဆင်သည် ယခင်မြန်မာစစ်အစိုးရနှင့် စီးပွားရေးကိစ္စများကို နီးကပ်စွာ လုပ်ဆောင်ခဲ့သောကြောင့် ယခုသူသည်လည်း စီးပွားရေး ကိစ္စများကိုသာ အလေးထား လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်းကြသည်။

ဝန်ကြီးချုပ်သစ်၏ နိုင်ငံရေး လုပ်ငန်းစဉ်များ၌ မစ္စတာသက်ဆင်၏ သြဇာလွှမ်းမိုးမှုများ နောက်ကွယ်တွင် ရှိနေမည်ဟု အများက ထင်မြင်နေခြင်းသည် မစ္စယင့်လပ်အတွက် စိန်ခေါ်မှုတခု ဖြစ်နေသည်။

ဇူလိုင် ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ မစ္စယင့်လပ် ဦးဆောင်သော ဖုယာ့ထိုင်းပါတီသည် ၀န်ကြီးချုပ်ဟောင်း အဖီဆစ်ဝေ့ချာချီဝ ဦးဆောင်သော ဒီမိုကရက်တစ် ပါတီအား အပြတ်အသတ် အနိုင်ရကာ အမတ်နေရာ ၂၆၂ နေရာရခဲ့၍ ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၏ ဘုရင်ကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ် အသိအမှတ်ပြု ပေးခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မစ္စယင့်လပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာဒုက္ခသည်များကို မေတ္တာ၊ စေတနာ အပြည့်ဖြင့် စောင့်ရှောက်ပေးစေလိုကြောင်း ပြောဆိုထားသည်။

ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာအမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှားနေသူ ဒေါ်ခင်ဥမ္မာကလည်း မစ္စယင့်လပ်ကို
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခြင်းအား ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တန်ဖိုးထားမှု အတွက်လည်း ဂုဏ်ယူကြောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် ဦးဆောင်မှုပြုနိုင်သော အမျိုးသမီး နိုင်ငံရေးသမား အများအပြားရှိသော်လည်း ယနေ့အချိန်ထိ နေရာပေးခြင်းမခံရမှု အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာအမျိုးသမီးများသည် နိုင်ငံရေး အခန်းကဏ္ဍ၌ ခေတ်အဆက်ဆက်က ပါဝင်ခဲ့ကြပြီး ဦးနေ၀င်း ဦးဆောင်ခဲ့သည့် စစ်တပ်အစိုးရလက်ထက်မှ ယနေ့အချိန်အထိ အမျိုးသမီး များကို ဘေးဖယ်ထားခြင်း ခံနေရကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။

“မြန်မာ စစ်တပ်သာ ကတိတည်မယ်၊ လူ့အခွင့်အရေး၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားခဲ့မယ် ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာရတာ ၁၉၉၀ ကတည်းကပါ။ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံထက် အမျိုးသမီး နိုင်ငံရေးသမား အများအပြား ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ခိုင်မာသည့် ဥပဒေတရပ် ပြဌာန်းထားရန် လိုအပ်နေကြောင်းလည်း သူက ဆက်ပြောသည်။

“မြန်မာ့နိုင်ငံရေး နယ်ပယ်က အမျိုးသမီးတွေအတွက် ကန့်သတ်မှုတွေ များနေဆဲပေမယ့် ရတဲ့နေရာက ထိုးဖောက်ရုန်းထွက်ဖို့၊ လုပ်သင့်တာ နောက်မဆုတ်ဘဲ လုပ်ကြဖို့နဲ့ အမျိုးသမီးဆိုပြီး အားငယ်တဲ့ စိတ်တွေကို အမျိုးသမီးထု လူကြီး၊ လူငယ် အားလုံးက ဖယ်ရှားနိုင် ကြမယ်ဆိုရင် ရှေးတန်း နေရာတွေရလာမှာပါ” ဟု ရန်ကုန်ရှိ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသူ ဟောင်း မခင်မိုးအေးက ဆိုသည်။

ဒေါ်သန်းသန်းနုကလည်း နိုင်ငံရေးကိစ္စ တခုတည်းသာ လုပ်ဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာ လွှဲမပေးခဲ့ခြင်းသည် အမျိုးသမီး တဦး ဖြစ်ခြင်းကြောင့်ဟု မယူဆကြောင်း၊ စစ်တပ် အနေဖြင့် ၎င်းတို့ အာဏာလက်မဲ့ ဖြစ်မည်ကို စိုးရိမ်၍ အာဏာ လွှဲမပေး ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“လွှတ်တော်ထဲမှာ အမျိုးသမီးနိုင်ငံရေးသမား ၁၀၀ လောက်ပဲရှိသေးတယ်။ ၀န်ကြီးအဖွဲ့မှာလည်း ဒု - ၀န်ကြီး ၂ ယောက်ပဲ
ပါသေးတယ်။ ဒီတော့ အမျိုးသမီး နိုင်ငံရေးသမားတွေ များလာအောင်စည်းရုံးရေးတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအမျိုးသမီးများသည် နိုင်ငံရေးလောက၌ ရှေးတန်းနေရာ မရရှိသော်လည်း အိမ်ထောင်စုတခု၏ ကိစ္စအ၀၀ကို ဆုံးဖြတ်ချက် ချသူများသည် အမျိုးသမီးများသာ ဖြစ်ကြောင်း၊ နိုင်ငံရေးလောကတွင်လည်း အလားတူဖြစ်လာအောင် အမျိုးသမီးများက ဆက်လက် လုပ်ဆောင်သွားကြပါက သြဇာလွှမ်းမိုးနေသော အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင် လိမ့်မည် ဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ပြောသည်။

ဧရာဝတီ ကို ကာကွယ်ကြစို့




Yellow River
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။



The Bo Hai Sea
တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။
မြစ်ဝါမြစ် အထက်ပိုင်းက နာမည်ကြီး Hukou ရေတံခွန်
Xiao Lang Di Dam on the Yellow River June 19, 2008



yellow river
ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။
ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊
(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။



maka-malika 
 ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။
ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး  နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။
(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။
(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။
(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။
(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။
(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။
(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။
(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။
(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက  ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။
အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။
သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။
ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။
မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။
အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။
“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်…    တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။
“မြစ်ကော”
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။
ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။
(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html  နားထောင်နိုင်ပါတယ်။)
(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။  စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။



Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။
DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး   တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။
(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။
ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။
လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁
aungdin@uscampaignforburma.org

ကိုထုံနှင့် သူ၏ ဟာသများ



**1.**
*အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ မင်းရဲ့မွေးနေ့ ပြောပါ။*
*ကိုထုံ အောက်တိုဘာ ၁၃ပါ။*
*မန်နေဂျာ။ ဘယ် ခုနှစ်လဲ?*
*ကိုထုံ နှစ်တိုင်း...*

**2.**
*နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…*
*“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”*
*“တူပါဘူး၊ ဘာလို့ လဲ”*
*“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို*
*နိုင်ငံခြားသားလားလို့ လာမေးနေလို့”*

**3.**
*အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….*
*အမေရိကန်။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ*
*မွေးဖွားခဲ့ဘူးသလား?*
*ကိုထုံ ဟင့်အင်းဒီရွာမှာကတော့ ကလေးလေး တွေပဲမွေးတာ...*

**4.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ*
*ကိုထုံ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ*
*ကိုတော့ ကျနော် မသိပါဘူး။*

**5.**
*ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။*
*ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…*
*“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာဖယ်စမ်း ငါမောင်းမယ်၊*
*ဒီမှာလာထိုင်”*

**6.**
*အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့*
*စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါ**တော့၊ မင်းဘာဆက်လုပ်မလဲ?*
*ကိုထုံ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊*

**7.**
*ကိုထုံ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ*
*သူငယ်ချင်း ဘာလို့ လဲ?*
*ကိုထုံ ငါက သူ့ကိုချစ်တယ်လို့ပြောတာကိုသူ့က ထီးကအသစ်ကြီးနော်*
*လို့ပြန်ပြောတယ်လေ...*

**8.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ*
*ကိုထုံ မြင်းကျား*
*ဆရာ ဘာလို့လဲ?*
*ကိုထုံ သူက အဖြူအမဲ ပဲရှိသေးတယ်လေ…*

**9.**
*ကွန်ပြူတာကုမ္မဏီ အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ မင်း MS office ကို သိသလား?*
*ကိုထုံ လိပ်စာသာပေးလိုက်ပါ၊ ကျွန်တော်ရအောင်ရှာသွားလိုက်ပါ့မယ်…*

**10.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ*
*ကိုထုံ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်*
*ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။*

တွေးတွေးပြီးရယ်



()
ရထားဖြတ်သွားတိုင်း ကျွန်မတို့အိမ်က ကုတင်ကလှုပ်နေတတ်တယ်ဟု အမျိုးသမီးတစ်ဦးက အိပ်ရာကုတင် ရောင်းသောသူကို ဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား ကုတင်ပေါ်တွင် လဲလှောင်းစေပြီး ရထားလာချိန်တွင် ကုတင်လှုပ်မလှုပ် ကိုယ်တွေ့စမ်းသပ်ခိုင်းသည်။ ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ယောက်ျားပြန်အလာနှင့် တိုးသည်။
ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲဟု မေးရာ ထိုလူက
ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလားဟု ပြန်ဖြေသည်။
အမှန်ပြောသောစကားအချို့သည် လိမ်နေသည်နှင့်တူပြီး လိမ်ပြောသောစကားအချို့သည် သံသယမရှိ ယုံကြည်စေတတ်သည်။

()
တစ်ခါက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်းပြောသည်။ အမျိုးသားက သူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ စောင်ခြုံထားသော်လည်း သူမ ချမ်းနေသေးကြောင်း အမျိုးသမီးက ပြောပြန်သည်။
ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲအမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကိုနွေးစေတယ်
ဒီလိုဆို ကျွန်တော်ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား.. ကျွန်တော် ရထားပေါ်ကခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်တာ
အခြေအနေကို သိနားလည်သောယောက်ျားသည် ယောကျာ်းကောင်းဖြစ်ပြီး အခြေအနေကို မသိနားမလည်သော ယောကျာ်းသည် ယောက်ျားမြတ်ဖြစ်သည်။

()
Franklin Delano Roosevelt အမေရိကန်သမ္မတမဖြစ်ခင် နေအိမ်အခိုးခံရဖူးသည်။ သူငယ်ချင်းများက အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။ Rooseveltက ဤသို့ ပြန်ဖြေလေသည်။
လာရောက်မေးမြန်းကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်က တည်ငြိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခိုးဟာ ကျွန်တော်ရဲ့ပစ္စည်းတွေ ခိုးသွားပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး။ ပစ္စည်းတွေခိုးသွားပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး။ ကျွန်တော် ဝမ်းအသာဆုံးက သူခိုးဟာ တခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် မဟုတ်လိုပါပဲ

()
Winston Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးသည် သူ့အား စာတစ်စောင်လှမ်းပေးလေသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။ စင်အောက်တွင် သူ့အား ကန့်ကွက်မည့်သူများ သူ့ကိုအရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchill မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့်....
ကျွန်တော် စာတစ်စောင်ရလိုက်တယ်။ စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်းရေးဖို့မေ့ပြီး သူ့နာမည်ပဲရေးထားတယ်ဟုပြောသည်။
သူသည် စိတ်မဆိုးသည့်အပြင် ဟာသနှောပြီး တစ်ဖက်လူအား အလိမ္မာနည်းဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။
စာရေးစမှာ ဘာသာပြန်ထားတာလေးပါ... စာလုံးပေါင်းအမှားတွေပြင်ပြီး FB မှာ ပြန်တင်လိုက်ပါတယ်။ အခုချိန်မှာ ပြန်ဖတ်ကြည့်မှ အဲဒီတုန်းက စာလုံးပေါင်းတွေ၊ ဝါကျတွေ တော်တော်မှားခဲ့မှန်းသိရပါတယ်။ အခုထိလည်း မှားနေဆဲပါပဲ.... )

နိုင်းနိုင်းစနေ

Tuesday 9 August 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး

(ဓာတ်ပုံ - Photojournale)


စီးပွားရေး တိုးတက်ကောင်းမွန်လျက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို့ ရွှေမြန်မာများ တစ်နေ့တစ်ခြား ၀င်ရောက်လျှက်ရှိသည်မှာ ယခုအခါ အလုပ်သမားရေး လေ့လာဆောင်ရွက်သူများ အဆိုအားဖြင့် လူဦးရေ ၄ သန်းကျော် ရှိနေပြီဖြစ်သည်။ ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁ နှစ်ခံ အလုပ်လုပ်ကိုင်ခွင့် (ထိုင်းအခေါ် “ဘတ်”)၊ ပြည်နယ်ဒေသများတွင် ၁၀ နှစ်ခံ နေထိုင်ခွင့်နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပေသည်။

သို့သော်အများစုမှာ မည်သည့် စာရွက်စာတမ်းမှ မရှိဘဲ တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသူများလည်း ဖြစ်သည်။ တရားဝင် စာရွက်စာတမ်း ကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်သည်။

အဘယ့်ကြောင့် ၀င်ရောက်လာရပါသနည်းမြန်မာနိုင်ငံတွင် အခြေခံ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသော လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေး ပြေလည်စေရန် ဖြေရှင်းနိုင်မှုမရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း ၀င်ရောက်မည့် အရည်အချင်း မရှိခြင်း၊ ကောင်မွန်သော အလုပ်အကိုင်ရှာဖွေရန် ခက်ခဲသော အခြေအနေတို့ကို အခြေခံပါသည်။ မြန်မာနိုင်ငံ၏ ငွေကြေးထက် ထိုင်းငွေကြေးက ပိုမိုမာခြင်း၊ အလုပ်အကိုင် ရှာဖွေရလွယ်ကူခြင်း၊ ရရှိသော လုပ်အားလစာမှာ ပြည်တွင်းမှရရှိသော လုပ်အားလစာထက် များခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အားလျော်စွာ တရားမ၀င် ၀င်ရောက်ရန်လွယ်ကူခြင်း တို့ကြောင့် ယနေ့ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ ထူထပ်များပြားလာရခြင်းပင် ဖြစ်ပါသည်။

လာရောက်ကြသည့်နည်းလမ်းများ

ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး လူစုကာ အယောက် ၃၀ အထက်တွင် လှေတစ်စီးစာ သတ်မှတ်ကာ ကော့သောင်းမှ ညလူခြေတိတ်ချိန်တွင် လှေပေါ်၌ လှဲအိပ်စေပြီး အပေါ်မှ တာလဘတ် အမိုးဖြင့်ဖုံးအုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအား လိုင်းကြေးပေးဆောင်၍ ဝင်ပါသည်။ အသက်အန္တရာယ် အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး လမ်းခရီးတွင် ကျွန်းများ၌ နားခိုရခြင်း၊ အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ ထိုင်းနိုင်ငံတောင်ပိုင်း နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို့ သယ်ဆောင်ကာ ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်လျှက် ပို့ဆောင်ရမည့် နယ်မြေဒေသများသို့ ပို့ဆောင်ပေးလေ့ရှိသည်။

ကုန်းလမ်း (ကော့သောင်းဘက်) မှ လာလျှင်လည်း လူပွဲစားများတဆင့် (သို့) အသိမိတ်ဆွေများ အကူအညီဖြင့် ရနောင်းဘက်ကမ်းသို့ တရားဝင် (သို့) တရားမ၀င် ကူးကာ ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှတဆင့် သက်ဆိုင်ရာ သွားလိုသည့်နယ်မြေများသို့ သွားရောက်လျှက် ရှိပေသည်။ ကော့သောင်းဘက်မှ ရနောင်းဘက်သို့ ကူးရာတွင် တရားဝင် ၇ ရက် အလည်အပတ် စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက ဘတ်ငွေ ၂၀၀၀ ၀န်းကျင်၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ ၁၃၀၀ ခန့်ကုန်ကျခံပြီး ပြုလုပ်ပေးသော လှေသမား (သို့) ပွဲစား များမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးသည်။ ရနောင်းမြို့ပေါ်သို့ရောက်လျှင် စုရပ်တစ်ခုအတွင်း စုဆောင်းပြီး ကားအမျိုးစုံဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ပေးခြင်းလည်း ရှိသည်။

တချို့ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း၊ ယာဉ်တိမ်းမှောက်ပြီး သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီး အသက်ရှုကျပ်ပြီး သေဆုံးခြင်းများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

မြ၀တီမှ မဲဆောက်သို့ တရားဝင် (သို့) တရားမ၀င် သွားရောက်ပြီး ကားလမ်းမှ တဆင့် ဘန်ကောက်နှင့် တခြားသော အလုပ်အကိုင်ရှိရာ ဒေများသို့ ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော် ပေးကာ ၀င်ရောက်ကြသူများလည်း ရှိသည်။ ထိုသို့ပို့ဆောင်ရာတွင် လူပွဲစားများနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ လက်ဝါးချင်းရိုက်ကာ လုပ်ဆောင်ပေးနေသည်။ ထိုကဲ့သို့ နည်းမျိုးစုံဖြင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည်မှာ ယခုအခါ တိတိကျကျပြောရန်ပင် ခက်ခဲသော ပမာဏ ဖြစ်နေပေသည်။

နောက်ဆက်တွဲ

ထိုသို့ ဒုက္ခ ပေါင်းများစွာခံရပြီး မိမိတို့သွားလိုသော နေရပ်သို့ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား။ မပြီးသေး။ အလုပ်ခွင်သို့ရောက်ရှိပြီး မကြာခဏ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မတန်တဆသော ငွေကြေး ပေးဆောင်ပြီးမှ လွတ်မြောက်သူ၊ မပေးဆောင်နိုင်သောကြောင့် နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများမှာလည်း ဒုနဲ့ဒေးပင်။
တချို့ဆိုလျှင် အဆင့်ဆင့် ရောင်းစာခံရခြင်း၊ မိန်းကလေးများဆိုလျှင်လည်း မသမာသူလက်ထဲ ရောက်သွားပါက မကောင်းသည့် နေရာများသို့ အတင်းအကြပ် ရောင်းစားခံရခြင်းများ ရှိသည်။
သာမန် လုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင်လည်း အလုပ်ချိန်နှင့် အချိန်ပိုကြေးများ၊ လုပ်အားလစာများ ခေါင်းပုံဖြတ်ခံရခြင်း လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်များ၊ အလုပ်ရှင်များ၏ လိမ်လည်မှု ခေါင်းပုံဖြတ်မှုများလည်း ရှိသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလည်း အလုပ်ရှင်များ၏ လှည့်ဖျားမှု၊ နကလိန် ခေါ် ဓားပြများ၏ ရန်ကိုကြုံတွေ့နေရသည်။

ပြည်တွင်းမှ အခက်အခဲ အကြပ်အတည်းများကြောင့်သာ မျှော်လင့်ချက်ကြီးစွာ အန္တရာယ်ကို အမှုမထားဘဲ အလုပ်လုပ်ကိုင်နေကြခြင်းသာ။

ထို့အပြင် ၁ နှစ်စာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများအနေဖြင့် တချို့သောအလုပ်ရှင်များ၏ ချုပ်ကိုင်ခြင်း ခံရပြီး အလုပ်အကိုင်ပြောင်းလဲရန် အခက်အခဲများရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရှိသူများလည်း စာအုပ်အသိမ်းခံရခြင်းတို့ ရှိသည်။ တချို့ဆိုလျှင် တရားဝင် စာရွက်စာတမ်းရှိသော်လည်း အလုပ်ရှင်များက ချုပ်ကိုင်ထားသောကြောင့် တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပြသရန် အထောက်အထားမရှိပေ။ ထို့ကြောင့် ငွေကြေးမကုန်သင့်ပဲ ကုန်လျှက်ရှိနေကြသည်။

ထိုင်းနယ်မြေခံရဲ အများစုနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်များ၊ ယာယီနိုင်ငံကူးလက်မှတ် ပွဲစားများအပါအဝင် ပွဲစားအမျိုးမျိုးအဖို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်စရာ စားကျက်ဖြစ်နေပေသေးသည်။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားရေး ဆောင်ရွက်သည့်အဖွဲ့များ၏ ထိရောက်သော ကူညီဆောင်ရွက်ပေးနိုင်မှုမှာလည်း အနည်းငယ်မျှသာ။

ထိုင်းနိုင်ငံသို့ရောက်လျှင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရန် အခွင့်အရေးရပါက ပြုလုပ်ကြသည်။ ထိုမှတဆင့် ယာယီနိုင်ငံကူးလက်မှတ် တရားဝင် အလုပ်လုပ်ခွင့်ပါမစ် စသည်တို့ကို ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့် အကုန်အကျခံ ပြုလုပ်ကြရသည်။ ထိုကဲ့သို့ အကုန်အကျခံကာ ပြုလုပ်ထားသောလည်း အလုပ်နာမည်မတူခြင်း၊ အလုပ်ရှင်အမည် မှားယွင်းခြင်း၊ အလုပ်လုပ်သည့် နယ်နိမိတ် မမှန်ကန်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် လ၀က စာရွက်မပါရှိခြင်း၊ ရက် ၉၀ တိုင်း လဝကသို့ အကြောင်းမကြားမိဘဲ ရက်ကျော်ခြင်း၊ စစ်ဆေးသည့်အချိန်တွင် စာရွက်စာတမ်းများ လက်ဝယ်မရှိခြင်းတို့ကြောင့် စစ်ဆေးခံရသောအခါ ငွေညှစ်ခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ ကြုံနေရဆဲဖြစ်ပြီး ပလိုင်းပေါက်နှင့် ဖားကောက်နေကြသကဲ့သို့ ရှိသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေနှင့် မိမိဘက်မှ စိတ်ချရအောင် အလေးထား ဆောင်ရွက်သင့်ပေသည်။ စာရွက်စာတမ်းများအား ကိုယ်နှင့်မကွာ ထားရှိခြင်း၊ အလုပ်ရှင် အမည်မတူပါက အလုပ်သမားရုံးတွင် သွာရောက်ပြီး အမည်ပြောင်းခြင်း၊ အလုပ်အကိုင်အမျိုးအစား မှန်ကန်အောင်ဖြည့်စွက်ခြင်း၊ အလုပ်ခွင်ဒေသ တူညီအောင်ပြောင်းလဲခြင်း စသည်ဖြင့် လုပ်ဆောင်သင့်သည်။
မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်

ထိုင်းအလုပ်ရှင်မှ အောက်ခြေ အထွေထွေအလုပ်သမားများကို ခေါ်ယူရာတွင် ထိုင်းလူမျိုးများကို ခေါ်ယူပါက လုပ်ခ ဈေးကြီးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ပေးရခြင်းတို့ ရှိသည်။ ထို့ကြောင့် ဈေးပေါပြီး လုပ်သမားအခွင့်အရေး ပေးရန်မလိုဘဲ ခိုင်းစေနိုင်သော၊ လွယ်ကူစွာချုပ်ကိုင်နိုင်သော မြန်မာအလုပ်သမားများကို ခေါ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများက အလုပ်ကြိုးစားသောကြောင့်လည်း ထိုင်းအလုပ်ရှင်များက ခေါ်ယူလိုကြသည်။

မြန်မာအလုပ်သမား တချို့တလေသာ အလုပ်ရှင်အား ပေးရန်ရှိသော အကြွေးများကို မပေးဘဲ ထွက်ပြေးခြင်း၊ အလုပ်သစ်ရှာခြင်းတို့ ရှိသည်။

ကူညီဆောင်ရွက်ရန်

ထိုင်းရောက် မြန်မာအလုပ်သမားအရေးအား ဘန်ကောက်ရှိ မြန်မာသံရုံး၊ အလုပ်သမားအရေး ဆောင်ရွက်နေသော NGO အဖွဲ့အစည်းများ၊ ထိုင်းအာဏာပိုင်များက လူကုန်ကူးမှု တာဆီးရေးပညာပေးခြင်း၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနယ်မြေအလိုက် ဟောပြောပညာပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားကြားနားလည်မှု ရရှိစေရန် ထိရောက်စွာ ညှိနှိုင်းပေးခြင်း၊ ခေါင်းပုံဖြတ် ဖိနှိပ်စော်ကားခြင်းတို့ကို ပူးပေါင်းပြီး ထိရောက်စွာ အကူအညီပေးခြင်းများဖြင့် ဆောင်ရွက်သင့်ပေသည်။

နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် အလုပ်သမားများအကြား နွေးထွေးသော ဆက်ဆံရေး ရှိရန်လည်း လိုအပ်သည်။ အလုပ်သမားများအနေဖြင့်လည်း လက်လှမ်းမှီသလောက် ပတ်ဝန်ကျင်အတွင်း ထပ်ဆင့်ပြန်လည် ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများကို ၀ိုင်းဝန်ဆောင်ရွက်သင့်ပေသည်။


မင်းလွမ်းနောင်
Source : ဧရာဝတီ Blog

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes