Tuesday 11 January 2011

မြန်မာဒုက္ခသည်များကို ၎င်းတို့ဆန္ဒဖြင့် ပြန်ပို့ကြောင်း ထိုင်းကြေညာ

2011-01-10
ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း မြန်မာဖက်ကို ပြန်ပို့ခဲ့တဲ့ ဒုက္ခသည်တွေဟာ မိမိဆန္ဒ အလျောက် မြန်မာဖက်ကို ပြန်လိုသူတွေသာ သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ်ဖက်ကနေ မြန်မာနိုင်ငံ ဖက်ကို ပြန်ပို့ခဲ့တဲ့ စစ်ပြေး ဒုက္ခသည် ၁၆၆ ဦးနဲ့ ပတ်သက်လို့ ဝေဖန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Mr. Benjamin Zawacki ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် လက်မှတ်ထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာပြည် ပို့ခဲ့သူတွေဟာ နယ်မြေအေးချမ်းလာတာနဲ့ မိမိတို့ရပ်ရွာတွေက အိုးအိမ်ပစ္စည်းနဲ့ မိသားစုတွေကို ပြန်တွေ့လိုတဲ့အတွက် ပြန်လိုစိတ်ဆန္ဒ ရှိသူတွေသာ ဖြစ်ကြောင်း၊ မပြန်လိုတဲ့သူတွေကို ယာယီ ဆက်လက် နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ နေထိုင်သူတွေကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) အဖွဲ့နဲ့ အတူ ကူညီပေးနေကြောင်း၊ နိုဝင်ဘာလကတည်းက ရောက်လာတဲ့ လူ ၃ သောင်းကို ကူညီခဲ့သလိုပဲ အမိုးအကာ အကူအညီ၊ စားရေရိက္ခာ ထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ကရင်နီလူငယ်တစ်ဦး အသတ်ခံရသည့်အမှု ဖော်ထုတ်နိုင်ရန် ဆုငွေ ကြေညာ

ကို(၂) တနင်္လာနေ့, 10 ဇန်န၀ါရီလ 2011 10:14

အမေရိကန် ပြန်ထောင်စု တက်ခ်စက်ပြည်နယ်၊ ဟျူစ်တန်မြို့တွင် အမည်မသိ သေနတ်သမားနှစ်ဦးကြောင့် သေဆုံးသွားခဲ့သည့် ကရင်နီအမျိုးသား တဦးဖြစ်သည့် လှခေး၏အမှုနှင့် စပ်လျှဉ်းပြီး တရားခံဟု သံသယရှိသူကို စုံစမ်းဖမ်းဆီးနိုင်ရန် သတင်းအချက်အလက်များ မေးနိုင်သူအား အမေရိကန်ဒေါ်လာ ၅ဝဝဝ ဆုချီးမြင့်ပေးမည်ဟု ဟျူစ်တန်မြို့ ရဲဌာနက ကြေညာလိုက်ကြောင်း သိရှိရသည်။
 “လှခေးခါးရယ် အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရှိပါက ရာဇ၀တ်မှုတားဆီးရေးအဖွဲ့ထံ ဖုန်းနံပါတ်(၇၁၃ ၂၂၂ ၈၄၇၇)ဖြင့် ဆက်သွယ်အကြောင်းကြားရန် သင့်အား တိုက်တွန်းအပ်ပါသည်။ သင့်ခေါ်ဆိုမှုအား လျွို့ဝှက်ထားပေးမည်။ ဤအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တရားခံကို ဖမ်းဆည်းတရားစွဲဆိုနိုင်ရန်အတွက် ဖုန်းဆက်ခြင်း၊ www.crime-stoppers.org သို့ စာရေးအကြောင်းကြားခြင်းတို့အား၊ ရာဇ၀တ်မှုတားဆီးရေးအဖွဲ့က ဆုငွေဒေါ်လာ ၅၀၀၀အထိချီးမြင့်မည်ဟု ၂၀၁၀၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဟျူစ်တန်မြို့ရဲဌာန၏ ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်။
ထိုလူသတ်သည့် အမှုကိုဖော်ထုတ်နိုင်ရန် အလွန်ပင် ခက်ခဲမည်ဟု တက်ခ်စက်ပြည်နယ်မှာ နေထိုင်သည့် ကရင်နီအမျိုးသား တစ်ဦးဖြစ်သည့် ခူးဦးရယ်က ပြောပါသည်။
ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့က လှခေးအသတ်ခံလိုက်ရဲ့တဲ့ အချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးကင်မရာတွေ တပ်ထားတာတွေမရှိဘူး။ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိရဘူး။ လှခေးကိုယ်တိုင်က ရဲ (နိုင်းဝမ်းဝမ်း) ကိုဆက်တယ်၊ ဒါပေမယ့် သူပေးတဲ့သတင်းအချက်အလက်က မပြည့်စုံဘူး။ ကားနံပါတ်ကဘာလဲ ဆိုတာလည်း မသိရဘူး။ သူပြောတာက ကားက ရွှေဝါရောင်လို့ပဲ ပြောသွားတယ်။ ဒီလို အတိအကျမသိတာကြောင့် ရာဇ၀တ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ပါတယ်”  ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် လုံခြုံမှုမရှိသည့်နေရာတွေမှာ နေထိုင်ကြတာများပြားပြီး၊ ထိုဒေသတွေမှာမှု အိမ်ဌားခ၊ မီးခ၊ စသည့် နေရာထိုင်ခင်းအခကြေးများ ဈေးနှုန်းချိုသည့် အတွက်ကြောင့်  အနေများကြခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ကျနော်တို့လူတွေက အိမ်ဌားခတွေ နည်းနည်းလေးပေးရတဲ့ နေရာတွေမှာ နေချင်ကြတယ်။ အိမ်ကောင်းတာ မကောင်းတာ မသိတော့ဘူး။ လုံခြုံရေးအတွက်ကောင်းတာ မကောင်းတာလည်း မတွေးတော့ဘူး။ လုံခြုံရေးအပြည့်အဝရှိတဲ့ နေရာတွေမှာခါကျတော့ နေထိုင်တဲ့စရိတ်တွေ တော်တော်လေးပေးရမှာဖြစ်တယ်။ အခုလို ဈေးပေါတဲ့နေရာမှာ နေထိုင်ရတဲ့ အကျိုးဆက်က အခုလိုပဲ ဘဝလုံခြုံမှုတွေ မရှိဘူးပေါ့
အသက်၂၆ နှစ်အရွယ်ရှိ လှခေးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ဟျူစ်တန်မြို့ ၅၉၀၀ ရိုင်ချယ်စ်တန်လမ်းရှိ စန်းဗလောင်းစမ်းမောင်းတိမ်းအိမ်ရာရှေ့ ကားများဆိုက်ရာနေရာတွင် သူစိမ်းနှစ်ဦးမှ လုယက်ရန်ကြိုးစားခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

DKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ကိုပေါက် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရတပ်များအကြား ယမန်နေ့မနက်မှစကာ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်နေကြောင်း DKBA အရာရှိတဦး အဆိုအရ သိရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်မှစ၍ DKBA ကချဝါးလေးစခန်းကို စစ်အစိုးရ တပ်ရင်း ၂၃၁၊ ၃၅၅၊ ၃၅၉၊ ၅၄၈၊ ၅၄၉ အင်အား ၂ဝဝ ကျော်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ရာ၊ DKBA တပ်မဟာ (၅) လက်အောက်ခံ ၉ဝ၄၊ ၉ဝ၅ တပ်ရင်းများမှ အင်အား ၃ဝဝ ခန့် ဖြင့် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒီကနေ့လည်း မနက် ၇ နာရီ ၁ဝ မိနစ်မှ ပြန်ဖြစ်တယ်။ ညနေ ၆ နာရီမှာ ရပ်သွားတယ်။ သူတို့ စခန်းကို မရပါဘူးဟု DKBA ဖလူး၊ ဝေါလေ ဗျူဟာမှူး ဗိုလ်စောကျော်သက်က မဇ္ဈိမကို ပြောသည်။

နှစ်ရက်တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၃ဝ ကျော် ကျဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ဘက်တွင် ၂ ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သူက ဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ကရင့်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေအတွင်းရေးမှုး (၁) ပဒိုစောလှငွေက DKBA ထောင်ထားသည့် မိုင်းကွင်းများကြောင့် စစ်တပ်ဘက်က ယခုလို အကျအဆုံး များရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ဘာမှမရှိလောက်ဘူးထင်ပြီး အထင်သေးပြီးတော့ ဝင်လာတဲ့အခါ DKBA က အပိုင်တွယ်ပြီး ရှောင်သွားတဲ့အခါကျတော့ DKBA က ဘာမှ အထိအခိုက် မရှိဘူးဟု သူက ပြောသည်။

သူက ဆက်ပြီး ဒီကနေ့ တွေ့တာကတော့ မတက်ရဲတော့ဘဲနဲ့ လက်နက်ကြီးနဲ့ လှမ်းထုတဲ့ သဘောပဲ။ DKBA ရှိမယ့် နေရာတွေ၊ စောင့်မယ့်နေရာတွေ လှမ်းထုတယ်။ DKBA လက်နက်ကြီးတွေဘာတွေ ထားမယ့်နေရာတွေ မှန်းထုတယ်။ DKBA အပေါ်စီး ဗျူဟာကုန်း ယူထားတဲ့ နေရာတွေ လိုက်ပြီး ထုနေတဲ့ သဘောပဲ။ ပတ်လည်ပဲ ထုနေပုံရတယ်။ ကြည့်ရတာဟု ပြောသည်။

နအဖ ဘက်မှ ယနေ့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သေးရာ၊ လူသူထိခိုက်မှု မရှိသော်လည်း ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။

တိုက်ပွဲအခြအနေကြောင့် အုကဲထ၊ ဝမျိုးထ၊ မောကထ ရွာများမှ ဒုက္ခသည် ၃ဝဝ ကျော် ထိုင်းနိုင်ငံ ဖုတ်ဖရဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်လာကြသည်။

လုံခြုံရေးအခြေအနေကြောင့် မြန်မာပြည်နယ်နမိတ်အတွင်း စစ်ဘေးရှောင် ပုန်းခိုနေထိုင်နေကြသူများလည်း အများအပြား ရှိနေကြောင်း ဒုက္ခသည်အရေး ကူညီစောင့်ရှောက်ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။

သူတို့လုံခြုံရေးအရ ဒုက္ခသည်တွေက နီးစပ်ရာ လယ်တောခြံတောတွေမှာ ခိုလှုံနေတာတွေရှိတယ်။ UNHCR တို့၊ NGO တို့ သိအောင်နေတဲ့ အနေအထားမှာ မဟုတ်တော့ အတိအကျ မပြောချင်ဘူးဟု သူက ပြောဆိုသည်။

မယ်တော်ဆေးခန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက နီးစပ်ရာ ဒေသခံလူများနှင့် သွားတွေ့ကာ ဒုက္ခသည်များ လိုအပ်သည့် အခြေခံပံ့ပိုးမှု အကူအညီများ ပေးနေရသည်ဟု သူက ဆိုသည်။

မြဝတီ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ဒေသများတွင် နအဖ စစ်တပ်များနှင့် DKBA တပ်များ တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ၂ဝ၁ဝ ရွေးကောက်ပွဲနေ့ကတည်းက ဖြစ်သည်။


DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်

ဧရာဝတီ Monday, 10 January 2011 18:25

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီးလက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

မဲဆောက်တွင် တရားမဝင်အလုပ်သမား ၁၀၀ ကျော်အဖမ်းခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။ ဇန္နဝါရီလ ၁၀ ရက်၊ ၂၀၁၁ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေသခံထိုင်း အာဏာပိုင်တို့က တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ကျော်အား ဖမ်းဆီးခဲ့ရာ အမျိုးသမီးအများစု ပါဝင်ခဲ့သည်။

မဲဆောက်မြို့ ဌာနဆိုင်ရာ၊ အထူးရဲနှင့် လူဝင်မှုကြီးကြပ်ရေး(လဝက) အဖွဲ့များက ယမန်နေ့မှစ၍ မြို့ပေါ်ရှိ ကွမ်ရုံအထည်ချုပ် စက်ရုံတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မဲဆောက်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

မဲဆောက်မှာ မနေ့က အလုပ်သမားတွေကို အလုပ်ရုံတွေမှာ ဝင်ဖမ်းတာ။ အများစုက အမျိုးသမီးတွေပဲ။ အဖမ်းခံရတာ။ ဘန်ကောက် ပုလိပ်တွေရယ်၊ တောမော လဝကတွေရယ် ဝင်ဖမ်းတယ်။ ကွမ်ရုံ စက်ချုပ်ရုံက လူ ၁၀၀ ကျော် လောက်ပါတယ်။ နောက်ပြီး တခြားစက်ရုံတွေကလည်း ပါတယ်။ မနေ့တုန်းက ဖမ်းတာပေါ့။ ဒီနေ့တော့ အလုပ်ရုံတွေ တချို့ပိတ်တယ်။ စက်ရုံအသေးတွေပေါ့ ပိတ်တယ်လေ။

ယနေ့နံနက်ကလည်း ဖမ်းဆီမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး တရားမ၀င်အလုပ်သမားအများစုမှာ  မဲဆောက်မြို့ပြင်ရှိ လယ်ကွင်းများတွင် ပုန်းရှောင်နေကြပြီး အချို့မှာမြန်မာပြည် မြဝတီ ဘက်ခြမ်းသို့ ပြန်ကူးသွားကြကြောင်း မဲဆောက်မှ အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

ဒီမနက်လည်း ကမ်းနား အဲ့ဒီမယ်တော်ဘက်ကပေါ့လေ၊ အဲ့ဒီနားက စက်ရုံတွေ ဝင်ဖမ်းတယ်လို့ ထပ်ကြားတယ်။ ဖမ်းတာက စက်ရုံတွေအကုန်လုံးလိုက်ဖမ်းတာပဲ။ ဒီမနက်ဆိုရင် ဒီနွားရုံတို့ ဘာတို့ အားလုံးဝင်ဖမ်းနေတာလေ။ လက်မှတ်မရှိတဲ့ လူတွေအားလုံး ပုန်းနေရတာပေါ့။ မဲဆောက်မြို့ ပြင်က စက်ရုံကအလုပ်သမားတွေဆိုရင်တော့ လယ်ကွင်းတွေထဲမှာ ပုန်းနေကြတယ်တဲ့။ အဓိက ကတော့ လက်မှတ်မရှိတဲ့ လူတွေပေါ့။ လက်မှတ်မရှိတဲ့ လူတွေကိုဖမ်းတာ။ တချို့တော့ မြဝတီဖက် ကူးကုန်တယ်။ အဲ့ဒီဖက်မှာ သွားပုန်းနေကြတယ်။

ဖမ်းဆီးခံရသောအလုပ်သမားများအား မဲဆောက်မြို့ စံလောအချုပ်တွင် ထားရှိပြီး ယနေ့နံနက်ပိုင်း တွင် မဲဆောက်တရားရုံး၌ အမှုစစ်ဆေးနေဆဲဟုသိရသည်။

ယခုလ (၇) ရက်နေ့က စ၍မဲဆောက်မြို့နယ်အတွင်းရှိ တရားမဝင်အလုပ်သမားများနှင့် လက်မှတ် သက်တမ်းထပ်မံမတိုးသော အလုပ်သမားများအား စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြန်မာ အလုပ်သမားများကွန်ယက် (Burmese Workers Network)မှ တာဝန်ခံ ကိုစိုးက ယခုလို ပြောသည်။

အခုဖမ်းတာက တစ်ခုက လက်မှတ်သက်တမ်းလည်းကုန်ပြီလေ။ သက်တမ်းတွေတိုးချိန်ဆိုတော့ အဲ့ဒါတွေကို စစ်ရင်းနဲ့ ဖမ်းတာပေါ့ဗျာ။ လက်မှတ်သက်တမ်းတိုးမတိုးပေါ့။ ပုံမှန်လိုပဲပေါ့ဗျာ၊ မဲဆောက်မှာကတော့ ဒီလိုနှစ်ဆန်းပိုင်း၊ တစ်လပိုင်း၊ နှစ်လပိုင်းဆိုရင် ဖမ်းတာပဲ။ လက်မှတ်သက်တမ်း တိုးမတိုး စစ်ပြီးဖမ်းတာပေါ့ဗျာ။

မဲဆောက်မြို့တွင် စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားဦးရေ နှစ်သိန်းကျော်ရှိရာ လက်မှတ်ရှိသည့် အလုပ်သမားဦးရေမှာ (၂၀) ရာခိုင်နှုန်းပင်မရှိကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။

အတည်မပြုနိုင်သည့်သတင်းများအရ ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ မြ၀တီမြို့အထွက် တံတားကျိုး တွင်  သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခိုလှုံလာ သူများနှင့် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း အလုပ်သမားများက ခန့်မှန်းပြောဆိုသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=175&catid=5&Itemid=12

ယာယီပတ်စပို့စ်ကိုင်ဆောင်ခွင့်မရသည့်အတွက် အလုပ်သမားများအခက်အခဲဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယာယီပတ်စ်ပို့ပြုလုပ်ပြီးသော်လည်း အလုပ်ရှင်က ထိန်းသိမ်းထားသည့်အတွက် အချို့သော အလုပ်သမားများ အခက်အခဲဖြစ် နေကြသည်။

ရပ်ခ်ျဘူရီခရိုင်အတွင်း ဘန့်ဖွန်းမြို့အနီးရှိ (Thai Better Foods Co;ltd) ကြာဆံနှင့် ခေါက်ဆွဲ စက်ရုံမှ  မြန်မာအလုပ်သမားများသည် အလုပ်ချိန်နှင့် လုပ်အားခမျှတစွာ မရသည့်အပြင် အစား အသောက်ကောင်းမွန်စွာ မရသည့်အတွက် လုပ်ငန်းပြောင်းရွှေ့လိုသော်လည်း ၎င်းတို့၏
ယာယီပတ်စပို့စ်များကို အလုပ်ရှင်က ထိန်းသိမ်းထားသောကြောင့် အခက်အခဲဖြစ်နေကြသည်ဟု စက်ရုံဝန်ထမ်းတစ်ဦးက ယခုလိုပြောသည်။

တကယ်ဆိုလို့ရှိရင် ငါးနာရီကျော်လို့ရှိရင် အိုတီဆိုတာရှိတယ်လေ။ ကျနော်တို့မှာ အိုတီအတွက် မရှိဘူး။ တခါတလေ ရှစ်နာရီကျော်သွားတယ်၊ ကိုးနာရီကျော်သွားတယ်။ အဲလိုမျိုးကျော်သွား တဲ့အခါ (၁၇၀) လောက်ပဲရတယ်။ တချို့ကျတော့ ပုတ်ပြတ်အနေနဲ့ မတန်သလောက်ဘဲဖြစ်တယ်။ တခါတလေကျရင် မနက်ရှစ်နာရီကနေ ညဆယ်နာရီအထိလုပ်ရတာ (၂၀၀) တောင် မပြည့်တဲ့ ဟာတွေရှိတယ်။

ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ တနေ့အလုပ်ချိန် ရှစ်နာရီလျှင် အနိမ့်ဆုံးလုပ်အားခ ထိုင်းဘတ်ငွေ (၁၇၀) သတ်မှတ်ထားပြီး အချိန်ပိုလုပ်အားခအနေနှင့် လုပ်ငန်းအလိုက် တစ်နာရီ လျှင် ထိုင်းဘတ်(၂၅)မှ (၃၀)ခန့် သတ်မှတ်ထားသည်။

ထို့အပြင် အလုပ်သမားများ၏ ဆွေမျိုးမိဘများ နာမကျန်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသော်လည်း ပတ်စပို့စ်မထုတ်ပေးသည့်အတွက် အခက်ခဲဖြစ်နေကြသည်ဟု ဆက်ပြောသည်။
အခု အလုပ်ရုံမှာနေတဲ့သူငယ်ချင်းတွေက အဖေအမေဖျားလို့ အခွင့်အရေးတောင်းတယ်။ ပြန်ဆင်းဖို့ ပတ်စ်ပို့စ်တောင်းတာပေါ့။ အဖေအမေက အသက်ကြီးပြီလေ။ ဖျားတော့ ပြုစုမယ့်သူ မရှိလို့ အဖေအမေက သူ့ကိုဖုန်းထိုးပြီး ပြန်ခိုင်းတာပေါ့။ အဲတာ ပြန်လို့မရဘူးဖြစ်နေတယ်တဲ့။ သူဌေးက သူ့ကိုမပေးဘူးတဲ့။

ပတ်စ်ပို့လုပ်စဉ်ကကုန်ကျစားရိတ်များအား အလုပ်ရှင်မှ စိုက်ထုတ်ပေးပြီး လုပ်အားခထဲမှ အပါတ်စဉ် ပြန်လည်နုတ်ယူခဲ့သည်။ သို့သော် ပတ်စပို့စ်ကြေးမကျေဘဲ အလုပ်မှထုတ်သွား သူများကို ပတ်စပို့စ်မိတ္တူကိုသာထုတ်ပေးခဲ့သည်ဟု မကြာသေးမီက စက်ရုံမှထွက်သွားသူ
အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

ပတ်စ်ပို့စ်မပေးဘူးတဲ့၊ အတုပဲယူသွားတဲ့။ အပြင်မှာအလုပ်လုပ်လို့ ပိုက်ဆံရလာရင်ပေါ့လေ တစ်လပြည့်ရင်ဒီမှာ ပြန်လာယူတဲ့။ တကယ်လို့ အပြင်မှာအဆင်မပြေဘူးဆိုလည်း ဒီမှာ ပြန်လာလုပ်တဲ့။ သူပြောတယ် အတုနဲ့အခက်အခဲရှိရင် ဖုန်းဆက်တဲ့။ ဆက်လိုက်တော့လည်း
သူတို့ကမဟုတ်ဖူးငြင်းတယ်လေ။ အဲဒီအတုနဲ့ ပုလိပ်မိသွားလို့ရှိရင်လည်း ကိုယ်ဟာကိုယ် ပိုက်ဆံ စိုက်ပြီးတော့ပေးရတယ်။ တကယ်လို့တခုခုဖြစ်ရင်လည်း ကိုယ်ပဲခံပေါ့။

စက်ရုံအတွင်း ယာယီပတ်စပို့စ်ပြုလုပ်ပြီးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၀) ကျော်အနက် ပင်ပန်းသည့်ဒဏ်မခံနိုင်၍ စက်ရုံမှထွက်ခွာသွားသူ (၁၀)ဦးကျော်ခန့်ရှိပြီး ယာယီပတ်စပို့စ်များအား အလုပ်ရှင်မှ ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ စက်ရုံတာဝန်ခံက ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရ
သည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများ မကြာခဏခံနေရပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုင်းအလုပ်သမားရေးဌာန၏ ၂၀၁၀ ခုနှစ် စက်တင်ဘာလ တရားဝင်စာရင်းများအရ မြန်မာ ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခန့်အနက် ယာယီပတ်စပို့စ် ပြုလုပ်ပြီးသူပေါင်း နှစ်သိန်းခန့်သာ ရှိသည်ဟု သိရသည်။

ရွှေ့ပြောင်းများထံ ငွေကောက်မည့် အစီအစဉ် တနှစ်ဆိုင်း

အောင်မြတ်စိုး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်

(မဇ္ဈိမ) ။        ။ တရားမဝင် နိုင်ငံခြားသား လုပ်သားများ နေရပ်ပြန်ပို့ရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ၃ နိုင်ငံမှ တရားဝင် ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ငွေကောက်မည့် အစီအစဉ်ကို ၂ဝ၁၂ မတ်လ ၁ ရက်ကျမှသာ စတင်ကောက်ခံရန် ထိုင်းအစိုးရက ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

တဦးလျှင် ဘတ် ၄ဝဝ နှုန်းဖြင့် မြန်မာ၊ လာအို၊ ဘတ် ၃၅ဝ ဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ၁ ရက်နေ့မှစ၍ ၆ လကြာ ငွေကောက်ရေးကို ရွှေ့ဆိုင်းရန် ယခုလ ၄ ရက်နေ့လုပ် ထိုင်းဝန်ကြီး အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

၎ဝဝ သာ ပေးရတယ်ဆိုပေမယ့် သွားပေးမယ့် စရိတ်နဲ့၊ အလုပ်ပျက်ဦးမှာနဲ့၊ အလုပ်ရှင်က ညည်းညူမှာနဲ့၊ တချို့ဆို အလုပ်ရှင်ပွဲစားဆိုရင် သူတို့က လိုက်လုပ်ပေးမှာ မဟုတ်သလို သူတို့အကျိုးရှိမှ လုပ်ပေးမှာကိုး။ အနည်းဆုံး ၅ဝဝ လောက် ပေးရမယ်။ ဒီလိုဖြစ်သွားတာ အရမ်းပျော်ရွှင်မိတယ်ဟု ဘန်ကောက်မြို့ရှိ တရားဝင် မြန်မာအလုပ်သမား ကိုကျော်ကိုကိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား အလုပ်သမား ဥပဒေ အခန်း ၂၊ အပိုဒ်ခွဲ ၃ဝ နှင့် ၃၁ တွင် အဆိုပါ ရန်ပုံငွေကို လုပ်ငန်းရှင်များက မိမိလုပ်ငန်းခွင်ရှိ တရားဝင် နိုင်ငံခြားသား အလုပ်သမားများထံမှ ကောက်ရမည်ဖြစ်ကာ၊ ယင်းငွေကို တရားမဝင် အလုပ်သမားများ ပြန်ပို့ရာတွင် ယခင် အစိုးရဘတ်ဂျက်မှ အသုံးပြုနေသော ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ နေရာတွင် အစားထိုး အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်။

ယင်း ဥပဒေအရ ရန်ပုံငွေ ကောက်ခံရေး မူလအစီအစဉ်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး၊ မြန်မာနှင့် လာအိုများအတွက် တလ ဘတ် ၄ဝဝ နှုန်းဖြင့် ၆ လစာ ၂၄ဝဝ ဘတ်၊ ကမ္ဘောဒီးယား များအတွက် တလလျှင် ဘတ်ငွေ ၃၅ဝ နှုန်းဖြင့် ၂၁ဝဝ ကောက်ခံရမည်ဟု လျာထားခဲ့သည်။

သို့သော် ဥပဒေထဲတွင် တရားဝင်လုပ်သားများ နိုင်ငံရင်းသို့ အပြီးပြန်သောအခါ မည်သို့ပြန်ထုတ်ပေးမည်ကို တိကျစွာ ပြဋ္ဌာန်းမထားသဖြင့် အလုပ်သမားရေးရာအဖွဲ့များက တောင်းဆိုကန့်ကွက်ခဲ့သလို၊ တရားဝင်များထံမှ ကောက်ခံပြီး တရားမဝင်များ ပြန်ပို့ရာတွင် အသုံးပြုမည်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင်လည်း အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီး ခွန်နာယ်ချလမ်ချား စီအော်န်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်မှုလုပ်ငန်းရှင်များ၊ ကူးသန်းရောင်းဝယ်ရေးအသင်းနှင့် အစည်းအဝေး၌ ယင်းဥပေဒနှင့်ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသဖြင့် စတင်ကောက်ခံမည့် ရက်ကို ရွှေ့ဆိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်း မသီချွန်က ဖော်ပြခဲ့သေးသည်။

ထိုင်းတွင် ယခု ၃ နိုင်ငံမှ တရားဝင် လုပ်သား တသန်းကျော်ရှိပြီး မြန်မာက ၈၁၂,၉၈၄ ဦးအထိ ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ IOM ပြီးခဲ့သည့် နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားများ အပါအဝင် တရားမဝင် လုပ်ကိုင်သူပေါင်း ၂ သန်းကျော်ရှိကြောင်း နယူးဇီလန်အခြေစိုက် ပင်လယ်ရပ်ခြား အလုပ်သမား ကူညီရေးအဖွဲ့ UnionAID ကလည်း ထုတ်ပြန်ထားသည်။

အလုပ်အဆင်ပြေတဲ့ လူတွေမှာတော့ အရေးမကြီးဘူးဆိုပေမယ့် တချို့အလုပ်သမားတွေအတွက်က တအားအခက်အခဲ ရှိတယ်လေ။ ဒီကြားထဲ မြန်မာပြည်က မိသားစုအတွက်က မပို့မဖြစ်တဲ့ အခြေအနေတွေက အများကြီးပါ။ ၂ဝ၁၂ ကို ပြောင်းလိုက်တယ်ဆိုရင်၊ သူတို့အတွက် တလ ၄ဝဝ ဆိုရင်ပဲ မိသားစုနည်းတဲ့ လူတွေအတွက် ထောက်ပံပေးလို့ ရပြီပေါ့ဟု ထိုင်းတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမ မမိုးသူဇာက မဇ္ဈိမကို ပြောသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes