Tuesday 11 January 2011

မဲဆောက်တွင် တရားမဝင်အလုပ်သမား ၁၀၀ ကျော်အဖမ်းခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။ ဇန္နဝါရီလ ၁၀ ရက်၊ ၂၀၁၁ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေသခံထိုင်း အာဏာပိုင်တို့က တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ကျော်အား ဖမ်းဆီးခဲ့ရာ အမျိုးသမီးအများစု ပါဝင်ခဲ့သည်။

မဲဆောက်မြို့ ဌာနဆိုင်ရာ၊ အထူးရဲနှင့် လူဝင်မှုကြီးကြပ်ရေး(လဝက) အဖွဲ့များက ယမန်နေ့မှစ၍ မြို့ပေါ်ရှိ ကွမ်ရုံအထည်ချုပ် စက်ရုံတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မဲဆောက်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

မဲဆောက်မှာ မနေ့က အလုပ်သမားတွေကို အလုပ်ရုံတွေမှာ ဝင်ဖမ်းတာ။ အများစုက အမျိုးသမီးတွေပဲ။ အဖမ်းခံရတာ။ ဘန်ကောက် ပုလိပ်တွေရယ်၊ တောမော လဝကတွေရယ် ဝင်ဖမ်းတယ်။ ကွမ်ရုံ စက်ချုပ်ရုံက လူ ၁၀၀ ကျော် လောက်ပါတယ်။ နောက်ပြီး တခြားစက်ရုံတွေကလည်း ပါတယ်။ မနေ့တုန်းက ဖမ်းတာပေါ့။ ဒီနေ့တော့ အလုပ်ရုံတွေ တချို့ပိတ်တယ်။ စက်ရုံအသေးတွေပေါ့ ပိတ်တယ်လေ။

ယနေ့နံနက်ကလည်း ဖမ်းဆီမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး တရားမ၀င်အလုပ်သမားအများစုမှာ  မဲဆောက်မြို့ပြင်ရှိ လယ်ကွင်းများတွင် ပုန်းရှောင်နေကြပြီး အချို့မှာမြန်မာပြည် မြဝတီ ဘက်ခြမ်းသို့ ပြန်ကူးသွားကြကြောင်း မဲဆောက်မှ အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

ဒီမနက်လည်း ကမ်းနား အဲ့ဒီမယ်တော်ဘက်ကပေါ့လေ၊ အဲ့ဒီနားက စက်ရုံတွေ ဝင်ဖမ်းတယ်လို့ ထပ်ကြားတယ်။ ဖမ်းတာက စက်ရုံတွေအကုန်လုံးလိုက်ဖမ်းတာပဲ။ ဒီမနက်ဆိုရင် ဒီနွားရုံတို့ ဘာတို့ အားလုံးဝင်ဖမ်းနေတာလေ။ လက်မှတ်မရှိတဲ့ လူတွေအားလုံး ပုန်းနေရတာပေါ့။ မဲဆောက်မြို့ ပြင်က စက်ရုံကအလုပ်သမားတွေဆိုရင်တော့ လယ်ကွင်းတွေထဲမှာ ပုန်းနေကြတယ်တဲ့။ အဓိက ကတော့ လက်မှတ်မရှိတဲ့ လူတွေပေါ့။ လက်မှတ်မရှိတဲ့ လူတွေကိုဖမ်းတာ။ တချို့တော့ မြဝတီဖက် ကူးကုန်တယ်။ အဲ့ဒီဖက်မှာ သွားပုန်းနေကြတယ်။

ဖမ်းဆီးခံရသောအလုပ်သမားများအား မဲဆောက်မြို့ စံလောအချုပ်တွင် ထားရှိပြီး ယနေ့နံနက်ပိုင်း တွင် မဲဆောက်တရားရုံး၌ အမှုစစ်ဆေးနေဆဲဟုသိရသည်။

ယခုလ (၇) ရက်နေ့က စ၍မဲဆောက်မြို့နယ်အတွင်းရှိ တရားမဝင်အလုပ်သမားများနှင့် လက်မှတ် သက်တမ်းထပ်မံမတိုးသော အလုပ်သမားများအား စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြန်မာ အလုပ်သမားများကွန်ယက် (Burmese Workers Network)မှ တာဝန်ခံ ကိုစိုးက ယခုလို ပြောသည်။

အခုဖမ်းတာက တစ်ခုက လက်မှတ်သက်တမ်းလည်းကုန်ပြီလေ။ သက်တမ်းတွေတိုးချိန်ဆိုတော့ အဲ့ဒါတွေကို စစ်ရင်းနဲ့ ဖမ်းတာပေါ့ဗျာ။ လက်မှတ်သက်တမ်းတိုးမတိုးပေါ့။ ပုံမှန်လိုပဲပေါ့ဗျာ၊ မဲဆောက်မှာကတော့ ဒီလိုနှစ်ဆန်းပိုင်း၊ တစ်လပိုင်း၊ နှစ်လပိုင်းဆိုရင် ဖမ်းတာပဲ။ လက်မှတ်သက်တမ်း တိုးမတိုး စစ်ပြီးဖမ်းတာပေါ့ဗျာ။

မဲဆောက်မြို့တွင် စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားဦးရေ နှစ်သိန်းကျော်ရှိရာ လက်မှတ်ရှိသည့် အလုပ်သမားဦးရေမှာ (၂၀) ရာခိုင်နှုန်းပင်မရှိကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။

အတည်မပြုနိုင်သည့်သတင်းများအရ ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ မြ၀တီမြို့အထွက် တံတားကျိုး တွင်  သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခိုလှုံလာ သူများနှင့် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း အလုပ်သမားများက ခန့်မှန်းပြောဆိုသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=175&catid=5&Itemid=12

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes