Friday 27 January 2012

ပိတ်ဆို့အရေးယူမှုအပေါ် အစိုးရအတွင်း အငြင်းပွား

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ ယင်းပိတ်ဆို့မှုများ လျှော့ချ၊ ရုပ်သိမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ နေပြည်တော် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြင်းအထန် ဆွေးနွေးငြင်းခုန်နေကြကြောင်း နီးစပ်သည့် အသိုင်းအဝန်းများမှ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် မစ္စတာ မက်ကိန်းနှင့် အဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်မတိုင်မီနှင့် ခရီးစဉ်အပြီး ကာလနှစ်ခုစလုံးတွင် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အတွင်း အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။
NDSC တွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတများဖြစ်သော ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သည်။
ယင်းအဖွဲ့က နိုင်ငံတော်၏ ထိပ်တန်းဦးစားပေး ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ပြောင်းရေး ကိစ္စများကို အဆုံးအဖြတ်ပေးသည်။
ပိတ်ဆို့အရေးယူမှုကို ထောက်ခံခဲ့သူ မစ္စတာ မက်ကိန်းက အမေရိကန်၏ ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားမှုကို လာမည့် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိအထိ စောင့်ကြည့်ရန် မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ပိတ်ဆို့မှု ရုပ်သိမ်းရေး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြဿနာမရှိနိုင်ပါဘူး” ဟု မစ္စတာ မက်ကိန်းက ပြောဆိုခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ဒွိဟအနည်းငယ်ရှိနေကြောင်းနှင့် ဖြစ်စဉ်တလျှောက် အပြုသဘောဖြင့် စောင့်ကြည့်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမတ်နေရာ ၄၈ နေရာစလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မက်ကိန်းက ပြောသွားသည်။
မစ္စတာ မက်ကိန်းက ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရန်လည်း သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းခဲ့သည်။
“အံ့သြလောက်စရာတွေ ဖြစ်လာဖို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ လမ်းကြောင်းမှန်အတိုင်း တိုးတက်ဖြစ်ထွန်းနေဖို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ မက်ကိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က မကြာသေးမီက ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
“ပိတ်ဆို့အရေးယူမှုတွေဆိုတာ အစိုးရကို ထိသွားစေဖို့ ရည်ရွယ်တာပဲ။ တကယ်မှာကပြည်သူ့အကျိုးစီးပွားကိုသာ သွားထိတယ်။ အရင် အစိုးရအပေါ် ဘာမှ သက်ရောက်မှုမရှိခဲ့ဘူး။ လမ်းပြမြေပုံအဆင့်ဆင့်ကြောင့်သာ နိုင်ငံအတွက်ဒီမိုကရေစီစနစ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်ကဝါရှင်တန်ပို့စ်သို့ ဖြေကြားသွားသည်။
မစ္စတာ မက်ကိန်းခရီးစဉ်တွင် လိုက်ပါလာသူ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျိုးဇက် လီဘာမန်က ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ သို့သော် ယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အစစအရာရာ အလုံးစုံ ဆုံးဖြတ်ခွင့် ပေးနေသည်ဟု မဆိုလိုကြောင်း၊ မြန်မာပြည်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ဟု ၎င်းတို့ ယုံကြည်လာသောအခါ ရလဒ်အနေဖြင့် ပိတ်ဆို့မှုများကို ဖယ်ရှားပြီး မြန်မာအစိုးရနှင့် ပိုမိုနီးစပ်လာမည်ဖြစ်ကြောင်း ပြောသည်။
ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်က ချမှတ်ထားသောစီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် တောင်းဆိုထားသောအချက်အလက်များ ဖြစ်ပေါ်လာလျှင် အလိုအလျောက် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းမှတ်ချက်ပေးထားသည်။
“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။ ဒီ (သမ္မတ ဦးသိန်းစိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကြောင့် နေပြည်တော်အသိုင်းအဝန်းတွင် သံသယနှင့် စိုးရိမ်မှုများ တိုးမြင့်လာခြင်းဖြစ်ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။ NDSC အဖွဲ့ဝင်တချို့က အဆိုပါ ပြောဆိုချက်များကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်ကို အပြောင်းအလဲမရှိသူ၊ မယုံရသူဟု ဝေဖန်နေပြီး သမ္မတဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နှစ် သြဂုတ်လက နေပြည်တော်၌ တွေ့ဆုံခဲ့သည့် အပေါ် ဝေဖန်နေကြောင်း သိရရှိသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမှာမူ အမေရိကန်လောက် မတင်းကျပ်ဘဲ ယခုအခါတွင် ပထမအဆင့်အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ခရီးသွားလာခွင့် ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်တို့ကဲ့သို့သော ဥရောပသမဂ္ဂဝင် နိုင်ငံတချို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သဘောထား ပျော့ပြောင်းသည့် နိုင်ငံများဖြစ်သည်။
နေပြည်တော် အစိုးရအသိုင်းအဝန်းမှလာသော သတင်းများအရ သမ္မတ ဦးသိန်းစိန်အစိုးရသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်းမှ ရုပ်သိမ်းနိုင်မည်ဆိုသည့် မူဝါဒသဘောကို နားလည်ကြောင်း၊ သို့သော် ခရီးသွားလာခွင့် ပြန်လည်ဖွင့်ပေးခြင်းသည် ၎င်းတို့ အလိုရှိသော ဦးစားပေး ကိစ္စမျိုး မဟုတ်ကြောင်း၊ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် ကန့်သတ်ချက်များ၊ အနောက်နိုင်ငံများမှ ငွေလွှဲပြောင်းမှုများအပေါ် ထိန်းချုပ်မှုများကသာ သမ္မတဦးသိန်းစိန်အစိုးရ၏ ဦးစားပေးလိုလားသည့်ကိစ္စဖြစ်ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ၂၀၁၂ ခုနှစ် အလားအလာသုံးသပ်ချက်

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၂၆၊ ၂၀၁၂
`၈၈´ ဒီမိုကရေစီအရေးတော်ပုံကြီးကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မ ဖြိုခွင်းခဲ့ပြီးနောက် တက်လာသော န၀တ၊ နအဖ စစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲအပြတ်အသတ်အနိုင်ရရှိသော NLD ၏ရလဒ်ကိုမျက်ကွယ်ပြုကာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိသည်ဟု နအဖအစိုးရကကြေညာ၍ သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရသစ်ကို ၂၀၁၁ခု မတ်လ ၃၁ ရက်နေ့တွင် အာဏာလွှဲပြောင်း ပေးခဲ့သည်။
ဤသို့ဖြင့် နအဖစစ်အစိုးရလက်ထက်၌ ၀န်ကြီးချုပ်ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန်သည် သမ္မတဖြစ်လာသည့်နေ့၌ ပြောကြားခဲ့သော မိန့် ခွန်းထဲ၌ … “အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကိုချမှတ်ပြီး ကျွန်တော်တို့အစိုးရသစ် အနေ နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးအင်အားဆိုသည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲဖြစ် ကြောင်း၊ လူမျိုးစု ပေါင်း ၁၀၀ ကျော်နှင့် စုစည်းနေထိုင်ကြသည့် ကျွန်တော်တို့နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိပ်စိပ်အမွှာမွှာ ပြိုကွဲပျက်စီးသွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးသည့် ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများရှိနေကြပါကြောင်း၊ မတူညီသည့်သဘောထားအမြင်များရှိကြမှာဖြစ်သော်လည်း တိုင်းပြည်၏ အကျိုးစီးပွားအတွက် တူညီသည့်ကိစ္စများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမည်ဆိုလျှင် လူသာဓုခေါ် နတ်သာဓုခေါ်ကြမည်ဖြစ်သည့် အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ အစိုးရ အဖွဲ့သည် လွှတ်တော်အတွင်းရှိနိုင်ငံရေးပါတီများ၊ လွှတ်တော်ပြင်ပရှိစိတ်ရင်းစေတနာမှန်ကန်သည့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီသည်ကောင်းမွန် သော အုပ်ချုပ်မှုစနစ်နှင့်တွဲဘက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်အစတွင်တာဝန်ယူရသည့် ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာအောင် အလေးထားလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ဘ၀သာယာလှပအောင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ရေရှည်တည်တံ့ရှင်သန်အောင် ကျွန်တော်တို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသ မျှ ကြိုးပမ်းမြှင့်တင်စွမ်းဆောင်သွားပါမည်ဟု ကတိပြုပြောကြားရင်း တဖက်ကလည်း ကျွန်တော်တို့နှင့်အတူ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ကိုယ့်တိုင်းပြည်အတွက် ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြပါဟု ဖိတ်ခေါ်တိုက်တွန်းပါကြောင်း” ဟု ထည့်သွင်းပြော ကြားသွားသည်။
ထို့အပြင် သမ္မတဦးသိန်းစိန်သည် ၂၀၁၁ သြဂုတ် ၁၉ ညနေ ၄ နာရီတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိမ်တော်ရုံးခန်း၌ ပထမဆုံးတွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမှတ်ပုံတင်နိုင်ရန် ရွေးကောက်ပွဲဥပဒေအချို့ ပြင်ဆင် ပေးခဲ့ခြင်း၊ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ ဥပဒေများ ပြဌာန်းပေးခဲ့ခြင်း၊ ဧရာဝတီမြစ်စုံစီမံကိန်းရပ်ဆိုင်းလိုက်ခြင်း၊ ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့်အပါအ၀င် ပညာရေးကဏ္ဍအချို့ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် ဖြေ လျော့ပေးခဲ့ခြင်း၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော မိမိယုံကြည်ချက်ကြောင့် ဖမ်းဆီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးခဲ့ခြင်း၊ ရာစုနှစ်ဝက်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စ တာခိအိချိရိုဂင်းဘဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ် ဘာ့ဒ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် စသည့် ကမ္ဘာ့ခေါင်းဆောင်များ အလည်အပတ်ခရီးရောက်ရှိကာ မြန်မာနှင့်နိုင်ငံတကာဆက်ဆံရေးမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ်ချုပ်ဆိုနိုင်ခြင်း စသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပြောင်းလဲမှုများကြောင့် အနာဂတ်မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာဆောင်သော တိုးတက်မည့်အရိပ်အယောင်ဟု ဆိုရပေမည်။
သမ္မတဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်ကလည်း … “အပြောင်းအလဲရဲ့သဘာဝကိုသုံးသပ်ရရင် စစ်မှန်တဲ့အပြောင်း အလဲပါ။ နောက်ကြောင်းပြန်မလှည့်တဲ့အပြောင်းအလဲလို့ မြင်ပါတယ်။ အပြောင်းအလဲမှာ ရှုထောင့်တခုကကြည့်ရင် အဆင့် (၃) ဆင့်ရှိ တယ်။ ဥပမာပေးရရင် သမီးရည်းစားအဆင့်ပေါ့။ နောက်တဆင့်က စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း၊ နောက်ကြောင်းပြန်လှည့်ခွင့် သိပ်နည်း သွားပြီ။ နောက်ဆုံးတဆင့်က လက်ထပ်ပြီးစီးခြင်းပဲ။ အခုအဆင့်က အဆင့် (၂) ကို ရောက်လုနီးပြီလို့ သုံးသပ်ပါတယ်။ မကြာခင်ကာလမှာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ စေ့စပ်ကြောင်းလမ်းခြင်းအဆင့်ကို ရောက်တော့မယ်လို့ ယူဆတယ်။ ဒီပုံစံအတိုင်း ပြောင်းလဲပြီး စီမံကိန်း နဲ့ အစီအစဉ်ကောင်းတွေကို ရေးဆွဲနိုင်ရင် (၁၅) နှစ်လောက်ဆို မြန်မာနိုင်ငံဟာ အာဆီယံအသိုင်းအ၀န်းကို မီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ ဗျူရိုကရေစီယန္တရားကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ကျွန်တော်အစိုးရိမ်ဆုံးကတော့ ဗျူရိုကရက်တွေပါပဲ။” ဟူ၍ သူ့အမြင်ကို သုံးသပ်ပြခဲ့သည်။
မှန်ပေသည်။ ပွင့်လင်းမြင်သာသောဆောင်ရွက်ချက်များနှင့် ဒီမိုကရေစီအတွက် ပိုမိုမြန်ဆန်သော အပြောင်းအလဲများ ပြုလုပ်နိုင်ပါက နိုင်ငံ ၏ဂုဏ်သိက္ခာမြင့်မား၍ နိုင်ငံတကာမှ ပိတ်ဆို့ထားမှုများ ပြန်လည်ရုတ်သိမ်းကာ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်ပေသည်။ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာ၌လည်း မြန်မာ့ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု၊ ပြည်သူလူထု၏ ဘ၀လုံခြုံမှု ထိခိုက်မှုနှင့် လူတစ် ဦးစီ၏ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများ ထိခိုက်မှုမဖြစ်စေရန်အတွက် အထူးသတိထားရပေမည်။
ထို့အပြင် စနစ်ပြောင်းသည်ကို နားမလည်သေးသည့် ဒီမိုကရေစီအသိဒုန်းဝေးနေသည့် ဗျူရိုကရက်များအောက်ခြေတွင် မြောက်မြားစွာ ရှိနေသေးရာ “၀ါးရုံခုတ်ချင်လျှင် ၀ါးတက်ကို အရင်ရှင်း” ဆိုသည့်အတိုင်း ကြိုးနီစနစ်ကို ခုံခုံမင်မင်ကျင့်သုံးနေသည့် ညွှန်ချုပ်၊ ညွှန်မှူး၊ မန် နေဂျင်းဒါရိုက်တာများ စသည်တို့ကြီးစိုးနေသော ဗျူရိုကရေစီယန္တရားကိုလည်း ရိုက်ချိုးပစ်ရပေမည်။
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းကလည်း …“သိသာတဲ့အပြောင်းအလဲကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ဆုံကိစ္စ၊ ပြည်သူလူထုရဲ့ဆန္ဒကို အစိုးရက လိုက်လျောလာတယ်။ ဒါကလည်း အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲပေါ့။ ဒါပေမယ့် အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် တိုင်းပြည်မှာ ဘယ်လောက်ဒုက္ခတွေရောက်သလဲဆိုတာ လူတိုင်းသိပါတယ်။ ဒီပြည်တွင်းစစ်ရှိနေရင် တိုင်းပြည်လည်းမတိုးတက်နိုင်ဘူး။ ဒီမိုကရေစီစနစ်လည်း မအောင်မြင်နိုင်ဘူး။ အဓိကက ပြည်တွင်းစစ်လုံးဝရပ်စဲပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ဖို့ပါပဲ” ဟူ၍ မှတ်ချက်ပြုသည်။
ယခုအခါအစိုးရသစ်သက်တမ်း တစ်နှစ်ကျော်အတွင်း သိသာထင်ရှားသည့်အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် မြန်မာ့ဒီမို က ရေစီလမ်းစဉ်အတွက် တိုးတက်လာသည်ဟု အများစုက ရှုမြင်ကြသည်။ တဆက်တည်းမှာပင် နိုင်ငံတကာကလည်း လက်ခံလာသောကြောင့် အမေရိကန်နှင့် အနောက်ဥရောပမှ ခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ထားမှု တဆင့်ပြီးတဆင့် ပြန်လည်ရုတ်သိမ်းရန် စဉ်းစားနေကြပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လာ မည့် ဧပြီလ (၁) ရက်နေ့တွင် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို လက်ရှိအစိုးရအားပြုလုပ်ပေးရန် တွန်းအားပေးတိုက် တွန်းလျက်ရှိသည်။
စင်စစ် ဒီမိုကရေစီဟူသော ဝေါဟာရကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပါက နိုင်ငံရေးအရ တန်းတူအခွင့်အရေးရခြင်း၊ စီးပွားရေးအရာ တန်းတူ အခွင့်အရေးရခြင်း၊ လူမှုရေးအရ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး တန်းတူအခွင့်အရေး ရခြင်း၊ လူမျိုးရေးအရ ဖိနှိပ်မှုကင်းရှင်းခြင်း ရှိ မရှိအပေါ်တွင် တည်မီနေပေသည်။
ဒီမိုကရေစီသည် ပြဿနာများကို ငြိမ်းချမ်းစွာအဖြေရှာရန် ပြဋ္ဌာန်းပေးသည်။ မည်သည့်နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်တွင်မဆို ပြဿနာများ မပေါ်ပေါက်ရန် တားမြစ်နိုင်မည်မဟုတ်ချေ။ ပေါ်ပေါက်လာသော ပြဿနာများကို မည်သို့ဖြေရှင်းရန် ပြဋ္ဌာန်းခြင်းဟူသည့် အချက်ကသာ ထိုနိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၏ ခိုင်မာမှုကို အာမခံချက်ပေးမည်ဖြစ်သည်။ ဒီမိုကရေစီထွန်းကားရန် လူမှုရေးပဋိညာဉ်ပြုမှုသီအိုရီသဘောတရား (Social Contract Theory) အပေါ် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက လက်ခံယုံကြည်မှု အပေါ်တွင်လည်း မူတည်ပါသည်။ လူသည် တစ်ဦးတည်းရပ်တည်ခြင်းမပြုနိုင်သဖြင့် အများနှင့်စုပေါင်းနေထိုင်လာရသည်။ မိမိ၏လွတ်လပ်မှုနှင့် အခွင့်အရေး များကို ခံစားခွင့်ရှိသကဲ့သို့ လိုက်နာစောင့်ထိန်းသွားရမည့် တာဝန်များကိုလည်း မပျက်မကွက်စောင့်ထိန်းလိုက်နာပါမှ လူမှုရေးပဋိညာဉ်ပြုမှု သဘောတရားအရ အဖွဲ့အစည်းနှင့် နေထိုင်တတ်သောလူဖြစ်လာမည်။ မည်သူမဆို ရပိုင်ခွင့် အခွင့်အရေးတစ်ခုတည်းကိုသာ အဓိကထား နေလျှင် ပဋိညာဉ်ပြုထားသော လူ့အဖွဲ့အစည်း၏ ပြင်ပတွင် နေထိုင်ရန်သာဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း နေထိုင်သူတိုင်းသည် အခွင့်အရေးနှင့်တာဝန် (Rights & Obligation) သဟဇာတဖြစ်စွာ ကျင့်သုံးခြင်းဖြင့် လိုက်နာစောင့်ထိန်းခြင်း ပြုရပေမည်။ ထိုသဘောတရား အခြေခံမှ ဒီမိုကရေစီကျင့်စဉ်အတွက် ထုတ်ယူနိုင်သော သီအိုရီမှာ အများစု၏ဆန္ဒအရ အုပ်ချုပ်ခြင်း၊ အနည်းစုဆန္ဒကို လေးစားခြင်း ဆို သည့် သီအိုရီဖြစ်သည်။ လူတိုင်းသည် မိမိဆန္ဒသဘောထားကို တင်ပြခွင့်၊ ထိုအတိုင်း လုပ်ဆောင်ခွင့်ကို လိုလားကြသည်။ ဒီမိုကရေစီတွင် ဆန္ဒသဘောထားများကို တင်ပြမှု အခွင့်အရေးအပြည့်အ၀ပေးထားသည်။
သမိုင်းနောက်ခံပြန်လှန်ကြည့်ပါက ၁၉၆၂ ခုနှစ် မှ ၂၀၁၀ပြည့်နှစ်အထိ မြန်မာ့လူ့အဖွဲ့အစည်းသည် နှစ်ပေါင်း ၅၀ ခန့် ဒီမိုကရေစီမဲ့ လူမှု ပဋိညာဉ်ဖြစ်နေခဲ့ရသည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ကွယ်ပျောက်နေခဲ့ရသည်။ လူမှုပဋိညာဉ်အပြည့်အ၀မခံစားရသောကြောင့် ပြည်တွင်းစစ်မီးသည် နှစ် ၆၀ ကျော် တောက်လောင်ခဲ့ရပြီး ပြည်သူလူထုတရပ်လုံးသည် အတိဒုက္ခပင်လယ်ဝေခဲ့ရသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးတို့သည် ဆိတ်သုဉ်းခဲ့ရ သည်မှာ လူတိုင်းအသိပင်ဖြစ်သည်။
ထို့ကြောင့် အာဏာလက်ရှိအစိုးရသစ်နှင့် ဒီမိုကရေစီရေးအတွက် အတိုက်အခံဘက်မှ ဦးဆောင်နေသူများသည် အချင်းချင်း ရန်ဖြစ်ငြင်း ခုံနေကြရမည့်အချိန်၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြစ်ရှာ အပြစ်ပြောနေရမည့်အချိန် မဟုတ်တော့ချေ။ တိုင်းပြည်အနာဂတ် နိုင်ငံ ရေးကို မိမိတို့တဖက်တည်းဖြင့် ပုံဖော်ဖန်တီး၍မရနိုင်။ တဖက်လူတို့နှင့် ဆွေးနွေးညှနှိုင်းဆောင်ရွက်ကြမှသာ မိမိတို့လိုလားသော ဒီမိုက ရေစီပန်းတိုင် ရရှိနိုင်မည်ကို ယုံကြည်ဖို့လိုပေသည်။
ထို့ကြောင့် နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်မှုစနစ်အောက်၌ ခေါက်ရိုးကျိုး၍ အမြစ်စွဲနေသည့် ကြိုးနီစနစ်ဖြင့် အဂတိလိုက်စားမှု၊ ခြစားမှု၊ လာဘ်ပေးလာဘ်ယူပြုမူနေသော ဗျူရိုကရက်ယန္တရားကိုရိုက်ချိုးနိုင်မှသာ လူထုတရပ်လုံး ယုံကြည်ကိုးစားသောကောင်းသော အုပ်ချုပ်မှု စနစ် (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clear Government) ပေါ်ပေါက်လာပြီး စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဖြစ်သည်။
မည်သို့ဆိုစေ အချိန်ကန့်သတ်မှုအတွင်း “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူသောစကားအတိုင်း အစိုးရသစ်နှင့် ပြည်သူတရပ်လုံးကပူးပေါင်းဆောင်ရွက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကမ္ဘာ့အလယ် တွင် ထည်ထည်ဝါ၀ါ ဂုဏ်သိက္ခာရှိစွာဖြင့် လူတိုင်းဘ၀ကိုယ်စီ အလှကိုယ်စီ အမြန်ဆုံးပျော်ရွှင်ခံစားနိုင်စေရန် လုပ်ဆောင်ကြစို့ဟု “မိုးမခ” မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအလုပ်သမားတို့ဘဝ

ကျော်ဇင်မင်း (မဲဆောက်ညဈေး)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂
ကျွန်တော်တို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကစပြီး တစ်စတစ်စ ဆိုသလို ဆင်းရဲ ကြပ်တည်းလာကြရပါတယ်။ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဘာအလုပ်မှ မလုပ်နိုင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။
ဒီလိုပြောတော့ ပြည်ပနိုင်ငံဆိုလို့ အထင်မကြီးလိုက်ပါနဲ့။ ကျွန်တော်တင်ပြမယ့်နိုင်ငံက ထိုင်းပါ။ ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် လို ဘယ်သွားနိုင်ကြမလဲ။ ဒီတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ။

တာချီလိတ်၊ မဲဆောက်၊ ဘုရားသုံးဆူဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ်လုပ်ကြတာပေါ့။ ဒီလို တရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှုဥပဒေအရ ခပ်ကြမ်းကြမ်းလေးဖမ်းပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ရွှေတွေက မခေပါဘူး။ အခက်အခဲကိုကျော်ဖြတ်ပြီး ဘန်ကောက်မှာဆိုရင် ရွှေတွေ သိန်းချီနေပါပြီ။ ဒီလိုနဲ့ နယ်စပ်ဖြစ်တဲ့ မဲဆောက် ဆိုရင်လည်း တမြို့လုံးလူဦရေရဲ့ ၃ ချိုး၂ ချိုးက ရွှေမြန်မာတွေဘဲလို့ဆိုရရင် မှန်ပါလိမ့်မယ်။ ဒါဆိုတော်တော်ကောင်းလားလို့ မေးရင်တော့ အားလုံးဟာ အလုပ်သမားပါဘဲ။ ထိုင်းသဌေးကို သဌေး သဌေးဆိုပြီး ကြောက်နေကြရတဲ့သူတွေပါဘဲ။ ဒီအထဲက အနဲစုကတော့ ကိုယ့် လူမျိုးကောင်းစားရေးအတွက် ဘ၀စွန့် အနစ်နာခံပြီးလုပ်နေတဲ့ နိုင်ငံခြားအထောက်အပံ့ခံလူကြီးတွေကတော့ လူနဲစုအနေနဲ့ နဲနဲရှိပါတယ်။ ဒါပေမယ့် သူတို့က အဆင့်အတန်းမြင့်လွန်းတော့ ကျွန်တော်တို့လို ညဈေးမှာ ကုန်တင်ကုန်ချလုပ်တဲ့သူတစ်ယောက်ကိုတော့ သိမယ် မထင်ပါဘူး။

အနဲစုကတော့ ကိုယ့် လူမျိုးကောင်းစားရေးအတွက် ဘ၀စွန့် အနစ်နာခံပြီးလုပ်နေတဲ့

နိုင်ငံခြားအထောက်အပံ့ခံလူကြီးတွေကတော့

လူနဲစုအနေနဲ့ နဲနဲရှိပါတယ်။

ဒါပေမယ့် သူတို့က အဆင့်အတန်းမြင့်လွန်းတော့

ကျွန်တော်တို့လို ညဈေးမှာ ကုန်တင်ကုန်ချလုပ်တဲ့သူတစ်ယောက်ကိုတော့ သိမယ်မထင်ပါဘူး။

ကျွန်တော်တို့အလုပ်သမားဆိုတာက တကယ်တမ်းပြောရရင် ယဉ်ကျေးစွာပြောတာပါ။ တကယ်တော့ အလုပ်သမားအခွင့်အရေးဆိုတာ ဘာမှမသိရတဲ့ “ကျွန်” လို့ပြောမှ မှန်တာပါ။ ကျွန်တော်တို့ အလုပ်လုပ်နေရင်းက ထိုင်းမှာနေလို့ရအောင်ဆိုပြီးတော့ ၁ နှစ်နေထိုင် အလုပ် လုပ်ခွင့်အတွက် ဆေးစစ်ခ ဘတ် (၁၉၀၀) နဲ့ အလုပ်သမားလုပ်ခွင့် ဘတ် (၁၀၀၀) အကုန်အကျခံပြီး လုပ်လိုက်ရပါတယ်။ တစ်ရက်မှ (၁၃၀) ဘတ်ရတဲ့ ကျွန်တော်တို့ငွေကို (၂၀) ဘတ်အတိုးနဲ့ချေးပြီး လုပ်ရတာပါ။ ဒီတော့ ဒီအကြွေးက လပေါင်းများစွာ မကြေနိုင်ပါဘူး။ ၁၃၀ နဲ့ စားရေးသောက်ရေးက ခက်ပါတယ်။ ဒီကြားထဲမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ဘ၀မို့ လကုန်ရင် အိမ်လစာကလည်း ရှာရပါသေးတယ်။ ဒီလိုနဲ့ အကြွေးသံသရာက လွတ်တယ်ဆိုတာ ရှိကို မရှိဘူး။ အခု ကျွန်တော်တို့အောက်ခြေကလူတွေမှာ ပြဿနာတက်လာပါတယ်။ ဘာ လည်းဆိုတော့ ပတ်စ်ပို့ဆိုတာပါဘဲ။

ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က

မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုတဲ့သူတွေကိုပါ။

ဒါနဲ့ အလုပ်သမားအရေးလုပ်တဲ့သူတွေကိုသွားကြည့်တော့

အစည်းအဝေးကများနေလို့ မတွေ့ရပါဘူး။ နောက်တနေရာကိုသွားတော့လည်း

လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကိုသွားတယ်ဆိုလားပါဘဲ။

ကျွန်တော်တို့ အခုကိုင်ထားတဲ့ လက်မှတ်တွေကို သက်တမ်းမတိုးပေးတော့ဘူးလို့ ကြေငြာလိုက်ပါပြီ။ သက်တမ်းတိုးချင်တယ်ဆိုရင်တော့ ပတ်စ်ပို့လုပ်ရပါမယ်တဲ့။ ပတ်စ်ပို့မရှိရင် ဆက်ပြီးနေထိုင်ဖို့ ရိုင်းရိုင်းပြောရရင် (ဆက်ကျွန်ခံဖို့ … ကျွန်တော်ရိုင်းပြတယ်ဆိုရင် တောင်းပန်ပါ တယ်) မဖြစ်နိုင်တော့ပါဘူး။ ပတ်စ်ပို့လုပ်ဖို့က ဘတ် (၅၀၀၀) ကုန်ကျမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့က ဘတ်သက်တမ်းဆက်လာတာ ၃ နှစ်ရှိပြီမို့ ဒီဈေးနဲ့ရတာလို့ပြောပါတယ်။ ကျေးဇူတင်ပါတယ် အေးဂျင့်ရယ်။ ပတ်စ်ပို့က ၂ နှစ်ရတယ်။ ၆ နှစ်ရတယ်ပြောကြတာပေါ့။ မသိ ပါဘူး။ သေချာလေ့လာကြည့်လိုက်တော့ စာအုပ်ရဲ့သက်တမ်းပါ။ စာအုပ်သက်တမ်းနဲ့ နေထိုင်ခွင့်သက်တမ်းကလည်း သေသေချာချာ ကွဲ အောင်ပြောကြဖို့ လိုသေးတယ်ဗျာ့။ ကျွန်တော်က စာအုပ်ရပြီပေါ့ဗျာ။ ထားပါတော့ ရရင်နေလို့ရပြီလားဆိုတော့ မရသေးဘူးတဲ့။ လူဟောင်း တွေဘတ်သက်တန်းတိုးတဲ့ ၂ လပိုင်း ၂၈ ရက်အတွင်းကို ဘတ်သက်တမ်းတိုးရမယ်တဲ့ ဒုက္ခပါဘဲ။ ဆေးစစ်ရမယ်။ စုစုပေါင်း ၂၉၀၀ ကုန်အုံးမယ်ပေါ့။ ဒါက တရားဝင်ဈေးနော် သူဌးခဆိုတာပါထည့်ရင် ဒီလောက်နဲ့မရဘူး။ ဒါဆို စုစုပေါင်း အောက်ထစ် (၈၀၀၀) ဘတ် ကုန်ပြီ ပေါ့။ ကျွန်တော်တို့ တစ်ရက် (၁၃၀) ရတဲ့သူတွေ ဘယ်လိုလုပ်မလဲ။ ဒီတော့ သူဌေးက ငွေစိုက်ပေးတယ်။ ပြီးတော့ လစာထဲက ဖြည်းဖြည်း ဖြတ်မယ်ဆိုတော့ ကျွန်တော်တို့အလုပ်သမားတွေ ၀မ်းသာကြရတယ်။ ဒါပေမယ့် သူဆီမှာတော့ ၂ နှစ်လောက် အလုပ်အကြွေးပြုရမယ် ဆိုတာကို ခေါင်းထဲမထည့်ချင်တော့ပါဘူး။ သူ့စိတ်မကြည်လို့ ဆဲဆဲဆိုဆို ရိုက်ရင်လည်း ခံလိုက်ရုံဘဲလေ။ ငွေတောင်စိုက်ပေးတာဆိုတော့ မဟာကျေးဇူးရှင်ကြီးပေကိုး။ ဒါက ငွေစိုက်တဲ့သူဌေးရှိလို့ ဒီလူတွေက ပတ်စ်ပို့ကို အေးဂျင့်တွေကတဆင့် တင်ပြီးကြပေမယ့် ကျွန်တော် တို့လို စိုက်ပေးမယ့်သူမရှိတဲ့အုပ်စုက မလွယ်လှဘူးလေ။ နေ့တိုး၊ လတိုး၊ ထပ်ဆင့်တို့၊ နေ့ပြန်တိုး၊ အရင်းမပေးနိုင်သ၍ သွင်းရမယ့် အတိုး၊ စသည့် အတိုးတွေတောင် ချေးလို့မရဘူး။ ကိုယ့်ထက်ဦးသူတွေက ရှိနေပြီလေ။
ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုတဲ့သူတွေကိုပါ။

ဒါနဲ့ အလုပ်သမားအရေးလုပ်တဲ့သူတွေကိုသွားကြည့်တော့ အစည်းအဝေးကများနေလို့ မတွေ့ရပါဘူး။ နောက်တနေရာကိုသွားတော့လည်း လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကိုသွားတယ်ဆိုလားပါဘဲ။ မရေရာခဲ့ပါဘူး။ ဒါနဲ့ လူကြီးနဲ့ မတွေ့ရရင် လူငယ်နဲ့တွေရပါစေတော့ဆိုပြီး တွေတဲ့သူကို ဒီလိုတွေဖြစ်နေပါတယ်ပြောပြတော့လည်း “ဒါကတော့ ထိုင်းနိုင်ငံ- မြန်မာနိုင်ငံတို့ရဲ့ဥပဒေပါ”လို့ ပြန်ပြောပါတယ်။ ကျွန်တော် နားလည်တာတခုက ဥပဒေဆိုတာကိုပါ။ ဥပဒေဆိုတာ လူကသတ်မှတ်ပြဌာန်းရတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့နေရာမှာ ဥပဒေ တစ်ခုဆိုတာ လွတ်တော်က ပြဌာန်းတာပါ။ ပြဌာန်းဖို့ဆိုတာကလည်း အများနှစ်သက်ရမယ်။ အောက်ခြေလူတန်းစားတွေ နစ်နာမှုအနည်း ဆုံးဖြစ်ရပါ့မယ်။ တကယ်လို့ ဒီဥပဒေကို ပြည်သူကသော်လည်းကောင်း၊ သို့တည်းမဟုတ် အလုပ်သမား လယ်သမားတွေကသော်လည်း ကောင်း၊ ကျောင်းသားကသော်လည်ေးကာင်း၊ တစ်ဦးဦးက အရမ်းနစ်နာတယ်ဆိုရင် ကန့်ကွက်ရမယ်၊ အရေးဆိုရမယ်။ ဒီလိုလုပ်လာရင် ဒီဥပဒေဆိုတာကို ပြန်ပြီးစဉ်းစားရမှာပါ။ ဒါကို ဒီမိုကရေစီနည်းကျတယ်လို့ပြောရင် ရမလား မရဘူးလားဆိုတာတော့ ကျွန်တော်လည်း ပြောမတတ်ပါဘူး။ ဒီလိုဘဲထင်တာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကိုသွားနေသလို ထိုင်းနိုင်ငံက လည်း ဒီမိုကရေစီနိုင်ငံတစ်ခုလို့ ကျွန်တော်ဒီရက်ပိုင်း ဂျာနယ်လေးဘာလေးဖတ်ရလို့သိထားပါတယ်။
ဘယ်လိုအကြောင်းတွေဘဲဖြစ်ပါစေ။ ကျွန်တော်တို့မြန်မာအလုပ်သမားတွေ အရမ်းဒုက္ခရောက်နေတာကတော့ အမှန်ပါဘဲ။ ဒီအတွက် စာ နာနိုင်ကြပြီး ကျွန်တော်တို့အခက်အခဲတွေကို ဖြေရှင်းပေးမယ့်၊ ဦးဆောင်ပေးမယ် အမှန်တကယ် အလုပ်လုပ်ပေးနိုင်တဲ့ မြန်မာအမျိုးသား ကောင်းအဖွဲ့တစ်ခုလောက် မဲဆောက်မှာရှိရင် အရမ်းကောင်းမှာဘဲလို့တွေးရင်းနဲ့ နောက်နေ့မိုးလင်းရင်ရောက်လာမယ့် နေပြန်တိုးသမား ကိုပေးဖို့ ညဘက်ကုန်ထမ်းအလုပ်ဆင်းဖို့ ဈေးကိုထွက်လာခဲ့ရပါတယ်။

 Ref: MoeMaKha

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှော ဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုသဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပါပြီ။ အခုအချိန်ဟာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတာပါ။ မြန်မာနိုင်ငံအတွင်း ရွေးကောက် တင်မြှောက်မှုတွေနဲ့ တရားရေး လုပ်ငန်းစဉ်တွေအတွက် သင့်လျော်တဲ့ အင်အားစုတွေ ပါဝင်လာနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ တဖြည်းဖြည်း နီးလာတဲ့အဆင့်မှာ အခု ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်ပြင်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဒီကနေတဆင့် ကျမတို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အထူး အချက် တချက်ဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကို ဖြေရှင်းဖို့ လိုနေတာနဲ့ အမျိုးသားလွှတ်တော်မှာ ဒီမိုကရေစီ စနစ် ထွန်းကားရေးအထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ရေးအတွက် အခု ကြိုးစားနေတာဟာ တချိန်မှာ ကမ္ဘာ့ဝန်းကျင်အတွက်ပါ ဖြစ်လာစေမယ်လို့လည်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနှစ် အစည်းအဝေးရဲ့ဆောင်ပုဒ်က ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေဖို့ ပုံစံသစ်တွေ ပုံသွင်းဖို့ပါ။ ဒီဆောင်ပုဒ်ကို ပုံဖော်နေတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကြီးနေတဲ့ အချိန်မှာ ဒီနှီးနှောဖလှယ်ပွဲကို မတက်ရောက်နိုင်ဘူးလို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ တကယ့်ပြောင်းလဲချိန်ကို မရောက်သေးပေမယ့် မြန်မာစက်မှုဝန်ကြီး ဦးစိုးသိမ်း ဒီနှစ် အစည်းအဝေးကို ထူးထူးခြားခြား တက်ရောက်လာတာဟာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ လက္ခဏာကို ပြနေပါတယ်လို့ ဆိုပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ စီးပွားရေးတိုးတက် ပြောင်းလဲလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခု နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ ပေးအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာမှာတင်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ နိုင်ငံမှာ စနစ်ကျတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် တရားရေးဆိုင်ရာနဲ့ ဥပဒေပြဌာန်းမှုတွေကိုပါ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပါ”
တရားဥပဒေ စိုးမိုးရေးအပြင် မြန်မာနိုင်ငံမှာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဝန်းကျင်ကောင်း တရပ်ကိုပါ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် အနာဂတ် ကမ္ဘာမှာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင်ဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကောင်းတရပ်အတွက် ရေရှည်စံပြ စီးပွားရေစနစ်တခုကို စံနမူနာအဖြစ် မြန်မာနိုင်ငံကနေ ယူနိုင်တာမျိုးအထိပါ ဖြစ်လာစေချင်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: VOA

Thursday 26 January 2012

EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာနိုင်ငံအား ယူရိုသန်း ၁၅၀ (အမေရိကန် ဒေါ်လာ ၁၉၇ သန်း)ထောက်ပံ့ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကိုယ်စားလှယ်များ ပြောဆို၏ ဆွေးနွေးနေကြကြောင်း
အေအက်ဖ်ပီ သတင်းတရပ်၌ ဖော်ပြပါရှိသည်။

အဆိုပါ ထောက်ပံ့ငွေကို ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍများတွင် သုံးစွဲသွားရန် EU နိုင်ငံခြားရေး ဝန်ကြီးများ တနင်္လာနေ့က ဆွေးနွေးကြသည်ဟု ဆိုသည်။

ထောက်ပံ့မှုမျာကို နယ်စပ်ဒေသ တလျှောက် တိုက်ပွဲများကြောင့် ထွက်ပြေးရှောင်တိမ်းနေရသည့် ဒုက္ခသည်
လေးသောင်း ရရှိခံစားနိုင်ရန် အဓိက ရည်ရွယ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

မြန်မာအစိုးရ ခေါင်းဆောင်များအား ဥရောပနိုင်ငံတွင်း ခရီးသွားလာမှု ပိတ်ပင်ချက်အား ရုတ်သိမ်းရန် သဘောတူ ခဲ့ကြသည်။ ရိုက်တာသတင်းတရပ် အဆိုအရ အဆိုပါ ဗီဇာပိတ်ပင်ထားခံရသူပေါင်း ၅၀၀ ခန့်ရှိသည်။

၂၀၁၁ ခုနှစ်တွင်လည်း လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများအတွက် ဥရောပကော်မရှင် EC က မြန်မာနိုင်ငံအား ယူရိုငွေ ၂၂ သန်း (အမေရိကန်ဒေါ်လာ သန်း ၃ဝ) ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

ထောက်ပံ့မှုများ စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ တိုးမြှင့်လာစေရန်အတွက် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိမည်ဟု ဇန်နဝါရီလဆန်းပိုင်းတွင် EU က ပြောသည်။

ထို့ပြင် နိုင်ငံခြားရေးပေါ်လစီ ဦးဆောင်သူ Catherine Ashton အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဧပြီလအတွင်း
မြန်မာနိုင်ငံကို လာရောက်ရန် ရှိသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများအား “လပိုင်းအတွင်း” ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်လာခဲ့သော အကျဉ်းသား ၆၅၁ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသား ၃ဝ၃ ဦး ပါဝင်သဖြင့် ၃၄၈ ဦး ကျန်ရှိနေသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်များအရ သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ

သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း ထောက်ခံမှုများရရှိနေကြောင်း စစ်တပ်အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရှိစဉ်က သမ္မတ ဦးသိန်းစိန်သည် အမိန့်နာခံ၍ အကောင်အထည်ဖော်ရသူ ဖြစ်ပြီး ယခု  သမ္မတ တာဝန်ယူရသည့်အခါ သူ၏ လုပ်ဆောင်မှုများသည် တပ်မတော်၏ သမိုင်းကောင်းစေရန် ဖြစ်သည်ဟု တပ်မတော်သား အများစုက ယူဆကြောင်း စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အကြားဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း အဖုအထစ် အနည်းငယ်ရှိကြောင်း သိရသည်။
“တခါတလေ ဦးမင်းအောင်လှိုင်က ထင်ရာမြင်ရာ လုပ်ချင်တာလေးတွေကို ဟန့်တာပြုတာကလွဲပြီးရင် ဆက်ဆံရေးကောင်းတယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ယခုလအတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ရာ၌ ဒီမိုကရေစီစနစ်ကို ထူထောင်ရာတွင် မြန်မာ့တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် သတင်းစာတို့ တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် စစ်တပ်အာဏာကို ဦးစားပေးလွန်းကြောင်း၊ လက်ရှိအခြေအနေအရ သမ္မတ ဦးသိန်းစိန်မှာ နိုင်ငံဥသျှောင်ဖြစ်သော်လည်း အာဏာအပြည့်အ၀ ရှိသည်ဟု ကျိန်းသေမဆိုနိုင်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်မှ လိုအပ်သည်ဟု ယူဆလျှင် အာဏာ အလုံးစုံကို လွှဲပြောင်းရယူနိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အား တပ်မတော်မှ မည်မျှထောက်ခံသည်ကို မသိသော်လည်း စစ်သားဟောင်းတဦးဖြစ်သည့်အတွက် ထောက်ခံမှု အထိုက်အလျောက်ရှိမည်ဟု ခန့်မှန်းကြောင်း ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန်  သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင် လက်အောက်ရှိ စစ်တပ်က လိုက်နာခြင်းမရှိပေ။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လက်ထက်က ခန့်ထားခဲ့သည့် စစ်အရာရှိကြီးများကို အပြောင်းအရွှေ့များ ပြုလုပ်ခြင်း၊ နုတ်ထွက်စေခြင်းများ ပြုလုပ်၍ ၎င်း၏ သြဇာကို  တည်ဆောက်နေကြောင်း တပ်မတော် အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။
“ဦးသန်းရွှေ သမီးတွေနားက လူတွေ၊ လားရှိုးတို့ ရခိုင်တို့ဘက်က တိုင်းကာနယ် (ဗိုလ်မှူးကြီး) တွေကို ပြောင်းရင်ပြောင်း၊ မပြောင်းချင်ရင်ထွက်ဆိုပြီး လုပ်တော့ တော်တော်များများ ထွက်ကုန်တယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးမှ အနားမယူမီက တိုင်းမှူး တပ်မမှူးနေရာအတွက် လျာထားခဲ့သည့် စစ်ဘက်အရာရှိကြီး တချို့ကို ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်အတွင်း အရေးမကြီးသည့် နေရာများသို့ ပြောင်းရွေ့ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) တွင် စစ်ဦးစီးပထမတန်း (Col.GS) တာဝန်ယူခဲ့သူဖြစ်သည်။ ထို့နောက် ရန်ကုန်တိုင်း အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၄ တွင် တပ်မမှူး၊ ၁၉၉၇ ခုနှစ်တွင် ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ရေးချုပ် စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။
တပ်မတော်၏ ထုံးစံအရ အထက်အောက်စနစ်တွင် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ခု ကွာခြားသည်။
လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ တပ်မမှူး၊ ထို့နောက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂုံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/လေ) စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
Ref: ဧရာဝတီ

တရုတ်လက်ထဲ ကျရောက်တော့မယ် လက်ပတောင်းတောင် ကြေးနီစီမံကိန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ  လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)တို့ကို ရောင်းချခဲ့တာကြောင့်  အဆိုပါ ကြေးနီစီမံကိန်း အနီးတဝိုက်မှာရှိတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာအစရှိတဲ့ ရွာလေးရွာကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ အဲဒီအပြင် အနီးတဝိုက်ရှိ လယ်ယာမြေတွေကိုပါ  တပါတည်းသိမ်းယူနေပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် စတင်၍  ဝက်မှေးရွာကို ဘူဒိုဇာနဲ့ လာဖျက်မယ်ဆိုပြီး ရွာသားတွေကို  ဝက်မှေးရွာမှ နှစ်မိုင်အကွာမှာရှိတဲ့ နေရာအသစ်ကို ပြောင်းရွှေ့ခိုင်းတာကြောင့် မပြောင်းရွှေ့လိုကြတဲ့ ရွာသားတွေနဲ့ လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။

"သူတို့အစားပြန်ပေးတယ်ဆိုတာ အဖြစ်ပဲ ပေးတာ။ ကျမတို့ သွားနေမယ်ဆိုရင် ဘယ်လိုမှ နေလို့မဖြစ်ဘူး။ ကျမတို့ သွားနေရမယ့်နေရာက နွား နေဖို့လဲ မရှိဘူး။ လူနေဖို့တောင် မဖြစ်ဘူး။ အိမ်တွေကလဲ အကြမ်းတွေကြီးပဲ ဆောက်ပေးထားတာ ။ ဘာတခုမှ အကောင်းမပါဘူး။ ကျမတို့ လယ်တွေကိုလဲ သူတို့က အစက ရွာသားတွေကို သီးနှံလျော်ကြေးဆိုပြီးတော့  ၁ ဧက ကို ၅ သိန်း ၃သောင်းနှုန်းနဲ့ လျော်တယ်။ အခုကျတော့ မြေလျော်ကြေးလိုလို ဘာလိုလိုနဲ့ ဥပဒေကို လက်တလုံးခြား ပြုလုပ်နေတာ" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

ဝက်မှေးရွာက ရွာသား၆၄ ဦးက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)က အစားပြန်ပေးထားတဲ့ ဝက်မှေးရွာနှင့် ၂ မိုင်အကွာမှာရှိတဲ့ နေရာသစ်ကို  ပြောင်းရွှေ့သွားကြပြီး ရွာသား ၄၈ ဦးကတော့ မပြောင်းရွှေ့လိုသောကြောင့် လက်ရှိရွာမှာပဲ ဆက်လက်နေထိုင်နေခဲ့ကြပါတယ်။

"ကျမတို့ ကျန်ခဲ့တဲ့ ၄၈ ဦးက ကျမတို့ရွာကနေပြီး လုံးဝ ဖယ်မပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျမတို့လုံးဝ မဖယ်ပေးနိုင်ဘူး။ ကျမတို့ ဘုန်းကြီးကျောင်းကိုလဲ ချိတ်ပိတ်ထားတယ်။ ကျမတို့ သမ္မတ ဦးသိန်းစိန်ဆီကို အသနားခံစာ တင်ထားပါတယ်။"ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး  ဦးခင်မောင်စန်း ၊ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇော်ဝင်းဟန် ၊ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် နှင့် ဌာနဆိုင်ရာ အသီးသီး လူကြီးတွေ ပေါင်းပြီးတော့ ဝက်မှေးရွာက ဘုန်းကြီးကျောင်းကို  တာဝန်မှအပ မဝင်ရဆိုပြီးတော့ ဘုန်းကြီးကျောင်းတဝိုက်မှာ စာတွေကပ်ကာ ချိတ်ပိတ်ထားပြီး အသက်(၈၀)ကျော်ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးကို နေရာသစ်ကို ပင့်ဆောင်သွားတယ်။ အဲဒီနောက်မှာ ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ (၁၀) ရက်က အာဏာပိုင်တွေက အတင်းဝင်ရောက်ဖျက်ဆီးတဲ့အခါမှာ ရွာသားတွေနဲ့ အချင်းများကြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ထိန်းသိမ်းတဲ့အတွက် လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေ ပြန်လှည့်သွားကြပါတယ်။

"ဒီကျောင်းကို နိုင်ငံတော်က ဆောက်ပေးထားတာ မဟုတ်ဘူး ။ ကျမတို့ရွာသားတွေက ချွေးနဲစာနဲ့ ဆောက်ပေးထားတဲ့ ကျောင်းဆိုတော့ လုံးဝ အပျက်စီး မခံနိုင်ဘူးဆိုပြီး တားဆီးတဲ့အတွက် ဌာနဆိုင်ရာတွေကို ဖုန်းဆက်ခေါ်ပြီး လူတွေ ထပ်ခေါ်ပြီး အင်အားပြတယ် ။ ကျမတို့ရွာကလဲ မကြောက်ဘူးလေ။ အင်္ဂလိပ်လက်အောက်လဲ ကျမတို့နိုင်ငံ ကျရောက်ခဲ့တယ်။ ဂျပန် လက်အောက်လဲ ကျရောက်ခဲ့တယ်။ အဲဒီ တိုင်းတပါးလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကတောင်မှ ကျမတို့ရွာကို လာရောက်ဖျက်တာမျိုး မရှိခဲ့ပဲနဲ့။ အခု မြန်မာပြည် ဒီမိုကရေစီလဲ ရတော့မယ်။ လွတ်လပ်ရေးလဲ ရနေတဲ့ခေတ်ကြီးကျမှ ကျမတို့ ရွာကို ဖျက်ပေးရမယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလေ။ လုံးဝအဖျက်မခံနိုင်ဘူး။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

အဲဒီနောက် ဝက်မှေးကျေးရွာရှိ စာသင်ကျောင်းမှ စာသင်ခုံတွေအပါအဝင်၊ ကျောက်သင်ပုန်းအစရှိတဲံ သင်ထောက်ကူပစ္စည်းတွေကို  နေရာအသစ်သို့ အကုန် ပြောင်းရွှေ့ထားပြီး  စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို ခေါ်ဆောင်သွားပါတယ်။ဝက်မှေးကျေးရွာရှိ ကျောင်းသားတွေဟာ  ကျောင်းမှာ မသင်ရတဲ့အတွက်ကြောင့် အနီးအနားတဝိုက် ကျောင်းတွေကို သွားအပ်တဲ့အခါမှာ မြို့နယ်ပညာရေးမှူးနဲ့ မယကတွေက လက်မခံခိုင်းလို့ ဆိုပြီးတော့ ကျောင်းသားတွေကို  လက်မခံခဲ့ဘူးဟု သိရပါတယ်။

"မယကမှ  ဦးဇော်ဝင်းဟန်က ကျမတို့ရွာကို မပြောင်း ပြောင်းအောင် နည်းမျိုးစုံ သုံးပြီး အကျပ်ကိုင်နေတာ၊ ကျမတို့က ကျမတို့ ကလေးတွေကို ကျောင်းအပ်ဖို့အတွက် ရွာနဲ့ နီးစပ်တဲ့ ရွာသစ်ကြီး ကျောင်းကိုသွားပြီးတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနဲ့ သွားတွေ့တယ်။ ဒေါ်နှင်းကလဲ သူမပိုင်ဘူးတဲ့ ၊ ဒီကမြို့နယ်ပညာရေးမှူးနဲ့ သွားပြောကြည့်ပါဦး လို့ ကျမတို့ကို ပြောတယ်။ အဲလိုပြောတော့ ကျမတို့က မြို့နယ် ပညာရေးမှူးနဲ့ သွားတွေ့တယ်။ သွားတွေ့တဲ့အခါကျတော့ မြို့နယ် ပညာရေးမှူးကလဲ အထက်က ခိုင်းလို့ လုပ်ရတာပေါ့ ။ မြို့နယ်က ဦးဇော်ဝင်းဟန်နဲ့ သွားတွေ့ပါလို့ ပြောပါတယ်။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
"ကျောင်းသားတွေက ကျောင်းဖွင့်ချိန်မှာ တနှစ်နီးပါး ကျောင်းမတက်ရတဲ့အတွက်ကြောင့် ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးရတယ် ။ ဒီပညာရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* ဆိုတဲ့ စာပိုဒ်ကို သူတို့ မဖတ်မိဘူးလားလို့ပဲ ယူဆတယ်။"ဟု ရှေ့နေ တဦးဖြစ်တဲ့ ဦးကျော်စိုးဝင်းက သူ့အမြင်ကို ဘားမားဗီဂျေ ကို ပြောပါတယ်။

အဆိုပါ ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို အရေးယူပေးပါရန် အသနားခံစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု တရားသူကြီးချုပ် ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ၊ အလုပ်သမားရေးရာ ဝန်ကြီး ၊ လယ်သမားရေးရာ ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့်  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆီကို ပေးပို့ဖို့ စီစဉ်နေပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* စာပိုဒ်အတွင်းတွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် အညီ -
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ)  ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊စာပေနှင့် အနုပညာခေတ်မှတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည် ဟု ဖော်ပြထားပါတယ်။


Photo Credit and Thank to http://chintwin.com
       
ကြေးနီ ထွက်ရှိသည့် လက်ပတောင်းတောင်              
Ref: သစ်ထူးလွင်

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်

မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူးလိုက်ပြီး သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်ဖို့ စီစဉ်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်း
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သွားမယ့် ရက်အတိအကျကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
အတွင်းရေးမှူးချုပ်က မကြာသေးခင်လတွေက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှုအပါအ၀င် မြန်မာအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို အားတက်မိတဲ့အကြောင်း၊ မကြာခင်မှာ မြန်မာပြည် သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ပြောပါတယ်။
ဒါ့အပြင်  အိန္ဒိယသံမတ်ကြီးဟောင်း ဗီဂျေးနမ်ဘီယားကို သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တရားဝင် ခန့်အပ်ကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာခဲ့ပါတယ်။
မစ္စတာနမ်ဘီယားဟာ ပါကစ္စတန် တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ကုလသမဂ္ဂမှာ ၂၀၀၇ ခုနှစ်ကတည်းက ကုလသဂ္ဂ ရုံးအဖွဲ့ အရာရှိချုပ်အဖြစ် အမှုထမ်းနေတာပါ။
အခု ဒီတာဝန်ကနေ အနားယူပြီး  မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ကတော့ မစ္စတာနမ်ဘီယားဟာ ကုလသမဂ္ဂ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို မပျက်မကွက် အကြံပေး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
မစ္စတာ နန်ဘီယားဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးတဲ့  ရာဇာလီ အစ္စမေးလ်နဲ့ အီဘရာဟင် ဂန်ဘာရီတို့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံရေးကို လေးလေးနက်နက် စောင့်ကြည့်လေ့လာပြီး အချိန်ပြည့် တာဝန်ယူနိုင်မယ့် သူကို ခန့်အပ်ထားရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို တိတိကျကျ သိမှာဖြစ်တဲ့အတွက် အကြံပေးပုဂ္ဂိုလ်တဦး အမြန်ဆုံး ခန့်အပ်ဖို့ သတင်း မီဒီယာတွေကနေ တိုက်တွန်းခဲ့ဖူးပါတယ်။
ကုလသမဂ္ဂအနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ဆက်လက် ပါဝင်သွားမယ်လို့လည်း ပြောပါတယ်။
အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက  မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံရပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ တွန်းအားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ 
Ref: သစ်ထူးလွင်

မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ

မီးသတ်သမားများ၊ အရပ်သားများ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာ ရခဲ့သော ရန်ကုန် မင်္ဂလာတောင် ညွန့် ကူးတို့ဆိပ် ဂိုဒေါင် မီးလောင်ပေါက်ကွဲမှု အဓိက အကြောင်းရင်းကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက် နေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“မီးလောင်ချိန်တွင် ဂိုဒေါင် အမှတ်(၇၉)အတွင်း၌ ဓာတုဗေဒ ပစ္စည်းတန်ချိန် ၁၀၇ ဒသမ ၇၄၂ တန်၊ ပရဆေးမျိုးစုံ တန်ချိန် ၈၈ ဒသမ ၆၅၂ တန် သိုလှောင်ထားရှိကြောင်း သိရသည်။ ထိုသို့ ဓာတုဗေဒ ဆေးပစ္စည်းများ ယမ်းများအပါအ၀င် အချို့ပစ္စည်းများအား တရားမ၀င်သိုလှောင်ထားမှုကြောင့် မီးအရှိန်ဖြင့် ဓာတ်ပြုပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ် ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်”ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော ဂိုဒေါင်းများကို ပရဆေးပစ္စည်း ရောင်းချသူများက အစိုးရ ဌာနဆိုင်ရာမှ ငှားရမ်းသုံးစွဲထားခဲ့ကြခြင်းဖြစ် သည်။ ထိုဂိုဒေါင်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပိုင်ဆိုင်ပြီး အငှားချထားသည့် ဂိုဒေါင်များ ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက ဆိုသည်။
“အဲဒီ ဂိုဒေါင်တွေက ကျနော်တို့ စည်ပင်နဲ့မပတ်သက်ပါဘူး။ ကျနော်တို့လည်း စစ်ဆေးရေးအဖွဲ့ထဲမှာ မပါဘူး။ ဂိုဒေါင် တွေက စီးပွား/ကူးသန်း ၀န်ကြီးဌာနပိုင်တွေပါ။ ကျနော်တို့ ဂိုဒေါင်တွေ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။
စီးပွား/ကူသန်း ၀န်ကြီးဌာနကို အငှားချထားမှုနှင့် အန္တရာယ်ရှိ ပစ္စည်းများ တရားမ၀င်သိုလှောင်ထားမှုကို ကြိုတင်စစ်ဆေးမှု ရှိမရှိ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
ယင်းမီးလောင်မှုသည် မြန်မာနိုင်ငံ မီးလောင်မှုသမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က သတင်းသမားများကို မှတ်ချက်ပေး ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ဘေး မေတ္တာမွန် ၀င်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံတချို့တွင် ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း၂၁၆ စု၊ လူဦးရေ ၁၀၃၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ရှိကြောင်းလည်း မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။
ပြည်တွင်းပြည်ပ သတင်းဌာနများက မီးလောင်မှုနှင့် ပြင်းထန်သော ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၂၀ ခန့်ရှိ၍ ဒဏ်ရာရ သူ ၉၀ ခန့်ရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် မီးသတ်သမား ၅ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။
မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တရက်ထုတ် အစိုးရ သတင်းစာများတွင်မူ သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရသူ ၈၃ ဦး ရှိပြီး အိမ်ထောင်စု ၁၄၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းမီးလောင်ပေါက်ကွဲမှု ဒေသခံ မီးဘေးဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်၊ မဖြူဖြူသင်း အစရှိသူများနှင့်အနုပညာရှင် များအပါအ၀င် လူမှု ကူညီရေး ပြုလုပ်သူများက သွားရောက် အားပေး ကူညီခဲ့ကြသည်။
ထိုဖြစ်ရပ်သည် ရန်ကုန်နှင့် အနီးတ၀ိုက်တွင် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး ပြင်ထန်သည့် ပေါက်ကွဲမှုများ ဖြစ်ရခြင်းနှင့် မီး လောင်ကျွမ်းမှု ကြီးမားပြီး လူအများသေဆုံးခဲ့ရသည့် အကြောင်းရင်းကို အလွန်သိချင်ခဲ့ကြကြောင်းဟု ရန်ကုန်မြို့ခံများက ပြော ဆိုသည်။
ယခုကဲ့သို့ အကြောင်းရင်းမှန် စုံစမ်းသိရှိခဲ့ရပြီးနောက်ပိုင်း ဆက်လက်အရေးယူသွားမည်ဟု ယနေ့ သတင်းစာများတွင် ပါရှိသည်။
“အသေးစိတ် ထပ်မံစစ်ဆေးပြီးတဲ့အခါ ပေါ်ပေါက်လာတဲ့ ပြစ်မှုတွေအပေါ် အမှုကို ခိုင်မာစွာတည်ဆောက်ပြီး ဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲ စခန်းမှူး ရဲအုပ် မောင်မောင်အောင်(အမှုစစ်) ၏ ပြော ဆိုချက်ကိုလည်း သတင်းစာတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

မြန်မာ့ဖွံ့ဖြိုးရေးအတွက် မဟာ အခွင့်အလမ်းရှိနေဟု IMF ပြော

လူနေမှု အဆင့်အတန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တို့အတွက် တဟုန်ထိုးစတင်ရန် သမိုင်းဝင်အခွင့်အလမ်းကြီးကို မြန်မာအစိုးရသစ် ရရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်ခေါင်းဆောင်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ သိမ်ဖြူရှိ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာ
၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ထုတ်ပြန်လိုက်သည့် IMF ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသုံးသပ်ချက် စစ်တမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ IMF ကိုယ်စားလှယ်ခေါင်းဆောင် Meral Karasulu ၏ ပြောဆိုချက်ကို ဖော်ပြထားခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းက ကျဆင်းနေသော မြန်မာ့စီးပွားရေးသည် ယခုဘဏ္ဍာ ရေးနှစ် ၂၀၁၁-၂၀၁၂ တွင် ၅.၅ ရာခိုင်နှုန်း၊ လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ တွင် ၆ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်းလည်း ယင်းစစ်တမ်းက ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံအားပေးသော်လည်း စီးပွားရေး တည်ငြိမ်မှုအတွက် လုပ်ဆောင်စရာများ ရှိနေသေးကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် IMF က အလေးပေး တိုက်တွန်းထားသည်။
နိုင်ငံစီးပွားရေးတည်ငြိမ်စေရန်  ရှုပ်ထွေးနေသည် နိုင်ငံခြားငွေကြေး လဲလှယ်မှုစနစ်ကို ဦးစားပေးပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အပြင် စီမံခန့်ခွဲမှုအပိုင်းကိုလည်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိမ်းထားရန်အတွက် ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တိုးတက်မှု အလားအလာ အမြင့်ဆုံးရှိနေပြီး ကြွယ်ဝသော သဘာဝသယံဇာတများ၊ လူငယ်လုပ်အား သွင်းအားစုနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံကြီးတချို့နှင့် နီးစပ်မှုတို့၏ အားသာချက်ကို အသုံးချနိုင်ခဲ့လျှင် အာရှ၏ နောက်ထပ် စီးပွားရေးမျက်နှာစာတခု ဖြစ်လာနိုင်ကြောင်း IMF စစ်တမ်းက ဆိုသည်။
ယခုလ ဇန်နဝါရီလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း Meral Karasulu ဦးဆောင်သည့် IMF ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအာဏာပိုင်များ၊ နိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်ရန်၊ စီးပွားရေး အခန်းကဏ္ဍကို ခေတ်မီအောင်ပြုပြင်ရန်၊ ကုန်သွယ်ရေးတွင် ပိုမိုလွတ်လပ်ခွင့်ပေးရန်တို့ကို ဆွေးနွေးခဲ့သည်။
မြန်မာအစိုးရသစ်သည် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းကို ပြောင်းလဲရန် ပြီးခဲ့သည်နှစ်ကတည်းက အကူအညီတောင်းခံခဲ့ရာ IMF Article VIII 2011 Mission အဖွဲ့ရောက်ရှိလာပြီး နိုင်ငံခြားငွေကြေးဆိုင်ရာ ကန့်သတ်တားမြစ်ချက်များနှင့် အမျိုးမျိုးသော ငွေကြေးဖလှယ်မှုများ၏ ပြဿနာ ဇစ်မြစ်များကို လေ့လာခဲ့သေးသည်။
အစိုးရသည် လာမည့်ဧပြီလ ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုနှုန်းကို ယခင် သတ်မှတ်ထားသည့် ၆ ကျပ်အစား အမှန်တကယ် ပေါက်ဈေးနှင့် နီးစပ်သည့် တဒေါ်လာလျှင် ၈၀၀ ကျပ်နှုန်းသို့ ပြင်ဆင်သတ်မှတ်တော့မည်ဖြစ်ကြောင်း အစိုးရနှင့်နီးစပ်သည် ဘဏ်လုပ်ငန်းရှင်တဦးက ဆိုသည်။
ပြည်တွင်းအခြေစိုက် ပေါ်ပြူလာဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း ယခင်အစိုးရအဆက်ဆက်က သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် တရားဝင်ပယ်ဖျက်ပြီး နှုန်းရှင်ငွေလဲလှယ်နှုန်းကို ပြောင်းလဲတော့မည်ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတဦးကို ကိုးကား၍ ရေးသားထားသည်။
အစိုးရသစ်သည် သက်တမ်းကိုးလအတွင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုး ပြုလုပ်ခဲ့ရာ ဘဏ်တိုးနှုန်းများကို လျှော့ချပေးခြင်း၊ ကုန်သွယ်ခွန်များ လျော့ချပေးခြင်းတို့ ပါဝင်သည်။
ယခုနှစ် ခေါ်ယူသည့် လွှတ်တော်များတွင် ပြင်ဆင် ပြောင်းလဲ ဖြည့်စွက်ရန် လိုအပ်သည့် စီးပွားရေး၊ ငွေကြေးနှင့် ဘဏ္ဍာဆိုင်ရာ ဥပဒေစည်းမျဉ်းများကို အဓိက တင်သွင်းဆွေးနွေးမည်ဟု သမ္မတဦးသိန်းစိန် အစိုးရက ပြောဆိုထားသည်။
Ref: ဧရာဝတီ

ထားဝယ်စီမံကိန်း အတွက် ၁၈ ရွာ ပြောင်းရမည် သေချာ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းသို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သွားရောက် စစ်ဆေးခဲ့ပြီးနောက် စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၈ ရွာ ပြောင်းရွှေ့ ရန်မှာ သေချာသွားပြီ ဖြစ်သည်။

ဥယျာဉ်ခြံမြေများဖြင့် အခြေကျနေသဖြင့် မပြောင်းရွှေ့လိုသည့် ဒေသခံရွာသားများနှင့် ဇန်နဝါရီ ၂၂ ရက်နေ့က
တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ပြောင်းရွှေ့ပေးကြရန် ဒုသမ္မတ က အတည်ပြုပြောခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြသကဲ့သို့ ဒေသခံများကလည်း မဇ္ဈိမကို ပြောသည်။

“ကျေးရွာ ၁၈ ရွာမှ အိမ်ခြေ ၃,၉၈၄ လုံး၊ အိမ်ထောင်စု ၄,ဝ၇၅ စု၊ လူဦးရေ ၂၃,၁၂ဝ ဦးကို ပြောင်း ရွှေ့ရမည်” ဟု ထားဝယ်အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရဦးသောင်းလွင်က စီမံကိန်းနှင့် ပတ်သက်၍ ဒုသမ္မတအား ရှင်းပြခဲ့သည်။
htarwai
ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းသို့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး သွားရောက် စစ်ဆေးခဲ့ပြီးနောက် စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၈ ရွာ ပြောင်းရွှေ့ရန်မှာ သေချာ (ဓါတ်ပုံ ITD)
ပြောင်းရွှေ့ရလျှင် ကျန်ခဲ့မည့် ရော်ဘာ၊ သီဟို၊ အုန်းနှင့် ကွမ်းသီးပင် အများစုဖြစ်သည့် ခြံမြေ၊ ဥယျာဉ် ဧက တသိန်း
ကျော်အတွက် လျော်ကြေးကိုလည်း ယခင်က အပင်လိုက် ဈေးနှုန်း သတ်မှတ်ထားရာမှ တဧကလျှင် သိန်း ၂ဝ ထက် မပိုဘဲ ပေးချေမည်ဟု ရေနက်ဆိပ်ကမ်း အထောက်ကူပြုအဖွဲ့ တာဝန်ခံ ဦးတင်မောင်ဆွေက ပြောခဲ့ကြောင်း သိရ သည်။

ဒုသမ္မတကမူ ပြောင်းရွှေ့ရာတွင် ကာယကံရှင်များ “နစ်နာမှု မရှိစေရန်” မှာကြားခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။

ဦးတင်အောင်မြင့်ဦးနှင့်အတူ ကမ်းရိုးတန်း စစ်တိုင်းမှူး၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ စီမံကိန်းကို အဓိက စီမံခွင့်ရထား သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD ဥက္ကဋ္ဌ စသည့် အဖွဲ့ဝင် ၂ဝ ကျော် လိုက်ပါသွားခဲ့ကြသည်။

ဒေသခံများက ကျေးရွာ ၂၁ ရွာ ပြောင်းရွှေ့ရမည်ဟု ယခင်က ပြောဆိုကြသော်လည်း ယခုမူ ရွာသေးအချို့ကို စုစည်းလိုက်သဖြင့် ၁၈ ရွာသာ ကျန်သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ဒေသခံ တဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းနှင့် မလွတ်သည့် ညောင်ပင်ဆိပ်၊ မူးဒူး၊ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ ဘဝါ (အိမ်တချို့)၊ စီးပွားရေးဇုံနှင့် မလွတ်သည့် ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ ကျောက်ထောင့်၊ မင်းဒပ်၊ သပြေဇွန်း၊ ဝက်ချောင်း၊ ခမောင်းချောင်း၊  ကျခတ္တပင်အင်း၊ ရေဖြူမြို့အနောက်ခြမ်းတို့ ပြောင်းရွှေ့ရမှာဖြစ်သည်။

“ကမြိုင်ဆွဲက အိမ်နည်းတော့ ပိန်းရှောင်ကို ပေါင်းလိုက်တယ်။ ကမြိုင်ဆွဲက စာရင်းပျောက်တယ်။ ဝမ်းဇဲက ရလိုင်နဲ့
ပေါင်းလိုက်တယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ဒုသမ္မတ၏ ဇန်နဝါရီလ ၂၂ ရက်နေ့ ခရီးစဉ်တွင် ရေနက်ဆိပ်ကမ်းနှင့် မလွတ်သော ကျေးရွာ ၇ ရွာမှ သံဃာတော် များ၊ ရွာခံများကို လဲရှောင်ရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မွန်းလွဲ တနာရီမှ စ၍ နှစ်နာရီကျော်ကြာ သီးခြားစီ
တွေ့ဆုံ၍ ပြောင်းရွှေ့ရန် ပြောကြားခဲ့သေးသည်။

“ဦးတင်အောင်မြင့်ဦးက ရွာတွေပြောင်းရမယ်လို့ ပြောသွားတာပဲ ရှိပါတယ်။ ငါးပါးသီလယူတာ၊ ဘုန်းကြီးတွေကို
လျှောက်ထားတာ ရွာသားတွေကို ကောင်းအောင်လုပ်ပေးမယ်။ နိုင်ငံတော်ကြီး တိုးတက်အောင် ဒါတွေပေါ့ဗျာ” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များနှင့် နီးစပ်သည့် ကျေးရွာရပ်မိရပ်ဖ ဦးကြွယ် (လဲရှောင်)၊ ဦးမောင်လွင် (ထိန်ကြီး)၊ ဦးယုစိန် (မူးဒူး)၊ ဦးရွှေခဲ (စုံစမ်းဆဲ)၊ ဦးကြည်ဝင်း (ပရဒတ်-ဦးမောင်လွင်၏ သားမက်) တို့ကလည်း ပြောင်းရွှေ့ပါမည်ဟု တင်ပြခဲ့
ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ DDA နှင့် ဒေသခံများက ပြောသည်။

“သူရဦးသောင်းလွင်နဲ့ပတ်သက်တဲ့လူတွေပေါ့ဗျာ။ လူဦးရေလည်း ကန့်သတ်တယ်။ ဦးမောင်လွင် ဆိုတာ နဘူးလယ်မှာ နာမည်ကြီးပဲလေ ပိုက်ဆံလည်းရှိတယ် အာဏာလည်း ရှိတယ်ပေါ့ဗျာ” ဟု DDA တာဝန်ခံတဦးဖြစ်သူ ဦးစိုးသိန်းက မဇ္ဈိမကို ပြောသည်။

နေရာသစ်ဖြစ်သော ရေနက်ဆိပ်ကမ်းနေရာမှ မြောက်ဖက် ၁ဝ မိုင်ခန့်အကွာရှိ ထွက်ဝရွာ (၁) (၂)၊ ဘွာရွာ၊ ဒူးတောင်ရွာ၊ ဝါးဇွမ်းတောရွာတို့တွင် အဆင်သင့်မဖြစ်သေးသဖြင့် ရွှေ့ပြောင်းရမည့် အချိန်ကို မသိကြရသေးကြောင်း
ပြောသည်။


ရေနက်ဆိပ်ကမ်းအတွက် ရေကာတာကြောင့် ပြောင်းရမည်ကို စိုးရိမ်

ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုံ နယ်မြေ စတုရန်း ကီလိုမီတာ ၂၅ဝ အတွင်း မပါဝင်သော စီမံကိန်း အရှေ့ဘက်မှ အိမ်ခြေ ၂ဝဝ၊ လူဦးရေ ၁,ဝဝဝ ဦးကျော်ရှိ ကလုံးထာရွာမှာမူ ရေနက်ဆိပ်ကမ်းသို့ ရေချိုသွယ်ပေးရန် ကလုံးထာ
ချောင်းအား တမံပိတ်မည့် အစီအစဉ်ကြောင့် ရေအောက် နစ်မြှုပ်မည့် အရေးနှင့် ကြုံနေရသည်။

“အခုဒီမှာ ITD က ငှားထားတဲ့ ဆန်းတင့်ကုမ္ပဏီက စမ်းသပ်မှုတွေ လုပ်နေတာ တလကျော်သွားပြီ။ ကျောက်တွေ ဘာတွေ တူးပြီးတော့ ရန်ကုန်ပြန်ပို့မှာ” ဟု ရွာခံတဦးက မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း၌ အာဏာပိုင်များက ကလုံးထာ ရွာသားများကို ရွှေ့ပြောင်းပေးရန် အကြိမ်ကြိမ် လက်မှတ်ထိုးခိုင်းသော်လည်း ရွာသားများက ငြင်းဆိုထားပြီး မရွှေ့လိုကြောင်း သမ္မတထံသို့ အသနားခံစာ တင်ထား သည်ဟု ရွာခံတဦးက ပြောသည်။


ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း

အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၅ဝ (၆၁,၇၇၅ ဧက) ရှိသည့် ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းသည် ၁ဝ နှစ်ကြာမည်
ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများ ဖောက်ရေး နားလည်မှု စာချွန်လွှာကို မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့ ၂ဝဝ၈ ခု မေလတွင် ရေးထိုးပြီး၊ ၂ဝဝ၈ ခု ဇွန်လတွင် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီ - ITD အကြား အလားတူ လက်မှတ်ထိုးသည်။

စီမံကိန်းမူဘောင် သဘောတူမှုကိုမူ ၂ဝ၁ဝ နိုဝင်ဘာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးနှင့် ITD ကုမ္ပဏီ ဥက္ကဋ္ဌတို့ စာချုပ်သည်။

စီမံကိန်းတခုလုံး ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားကာ ပထမအဆင့် ၂ဝ၁ဝ-၂ဝ၁၄ ခုတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ၊ စီးပွားရေးဇုံမြို့၊ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်ကာ ဒေါ်လာ ၈.၆ ဘီလီယံ လျာထားသည်။

စီမံကိန်းနယ်မြေမှ ရေဖြူမြို့နယ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ အရှည် ကီလိုမီတာ ၁၆ဝ၊ အကျယ် မီတာ ၂၂ဝ (ပေ ၆၅၆) ရှိ ရှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်းလည်း ဖောက်မည် ဖြစ်သည်။ လမ်းနှင့်အပြိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတို့လည်း သွယ်တန်းတည်ဆောက်ကြမည်။

ITD က ကားလမ်း-ရထားလမ်းဖောက်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေး၊ ဆက်သွယ်ရေး ကွန်ယက်တို့ ဖော်ဆောင်ရန် လာမည့် ၃ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝဝဝ ရင်းနှီးမြှုပ်နှံမည့်သူများ ရှာဖွေနေပြီး တရုတ်၊ ဂျပန်နှင့်
တောင်ကိုရီးယား ကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း စီမံကိန်းအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ-DDC စီမံ ခန့်ခွဲရေးဒါရိုက်တာ ဆွန်မ်ချိ ထိနဖွန်းက ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်ကို
ပြောသည်။

ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ-DDC တွင် ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာက ၂၅ ရာခိုင်နှုန်း၊ ITD က ၅၁ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်သည်။ ကျန် ၂၄ ရာခိုင်နှုန်းကို အခြားကုမ္ပဏီများ ပါဝင်လာရန် မျှော်လင့်နေသည်။

ဇန်နဝါရီလ ၂၂ ရက် စီမံကိန်းခရီးစဉ်အတွင်း ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက စီမံကိန်းကြောင့် ထားဝယ်ဒေသတွင်း သို့ ပြည်တွင်း/ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေသတိုးတက်လာမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်လမ်းများ
ပေါ်လာမည်ဟု ပြောဆိုခဲ့သည်။

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မည်ဟု ဒေသခံများက စိုးရိမ်နေသည့် စီမံကိန်းပါ မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ဇန်နဝါရီ ၉ ရက်နေ့က ပြောခဲ့သည်။

ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ

ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။
သူတို့ဟာ Golden Arm Company ၊ အထွတ်အထိပ် နန်းတော် ကုမ္ပဏီ စတဲ့ အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက တစ်ဆင့် ဆော်ဒီအာရေဗီးယားကို ၂၀၁၀ ဒီဇင်ဘာမှာ ရောက်သွားခဲ့တာလို့ သူတို့နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီနောက် ၃ လလောက် အလုပ်မရသေးတဲ့ ကာလမှာ အရင်ရောက်နှင့် နေတဲ့ ရခိုင်ပြည်နယ်သား တချို့ရဲ့ အကူအညီနဲ့ နေထိုင် စားသောက်ရသလို အလုပ်ရတဲ့ အခါမှာလည်း သူတို့ကို ပို့ပေးတဲ့ ပွဲစား ကုမ္ပဏီတွေ ပြောထားတဲ့ လုပ်ခလစာ အတိုင်း မဟုတ်ဘဲ လုပ်ခ အတော်နည်းနည်းနဲ့ လုပ်ကြရတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခလစာနည်းလို့ သူတို့ မလုပ်နိုင်တဲ့ အကြောင်း ကုမ္ပဏီကို ပြောတဲ့အခါ အလုပ်ရှင်က ဆော်ဒီရဲဌာနကို အကြောင်းကြားပြီး ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။ အဲဒီနောက် ကုမ္ပဏီ ပိုင်ရှင်က သူတို့ကို အလုပ်သမား တန်းလျားကနေ နှင်ထုတ်လိုက်ပြီး သူတို့ရဲ့ မြန်မာနိုင်ငံ ပတ်စပို့တွေနဲ့ နေထိုင်ခွင့် လက်မှတ်တွေကိုတော့ သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာသံရုံးကို အကြောင်းကြားပြီး အကူအညီတောင်းတဲ့ အခါ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ကူညီနေတယ်လို့ ကြားသိရပေမယ့် အခုထိ ဘာမှ ထူးခြားမှု မရှိသေးဘဲ ဆော်ဒီအာရေးဗီးယားမှာပဲ သောင်တင်နေပါတယ်။ ဒီကြားထဲမှာ ဘာသာစကား အခက်အခဲ၊ တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိတဲ့ အခက်အခဲတွေကြောင့် တခြား အလုပ် ရှာမရလို့ စားဝတ်နေရေး အဆင်မပြေတဲ့ အတွက် သူတို့ကို ကူညီမယ့် အဖွဲ့အစည်း ဒါမှမဟုတ် မြန်မာနိုင်ငံ ပြန်လို့ရမယ့် နည်းလမ်း ရှာနေတယ်လို့ သိရပါတယ်။
 
Ref: RFA

Tuesday 24 January 2012

မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ

20120122a
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန် အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော်ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။


ဇန်န၀ါရီလ (၁၉)ရက်နေ့က အလုပ်ငန်းခွင် ၀င်ရန်သွားကြသည့် အလုပ်သမားများအား အလုပ်သမားလက်မှတ် (ဘတ်)နှင့် ယာယီပတ်စ်ပို့ လုပ်ရန် ပေးသွင်းထားသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ်သဖြင့် နစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ တစ်ထောင်စီ ပေးကာ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမား ကိုတာက “အလုပ်သမား (၁၂၀)လောက်ရှိတယ်၊ ကျနော်တို့က ဘတ် (အလုပ်သမား လက်မှတ်) မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရလိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”ဟု ပြောပြသည်။
အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမား ထောင်ချီရှိပြီး အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများမှာ လုပ်သက် (၆)လမှ (၂)လအတွင်း ရှိကြသူများ ဖြစ်သည်။ ပုဇွန်များ အမြောက်အများ ၀င်လာသည့်အခါ မြန်မာအလုပ်သမားများအား ရသမျှ ခေါ်သွင်းထားပြီး အလုပ်အကိုင် ပုံမှန်ဖြစ်လာသည့်အခါ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ အလုပ် ထုတ်ပစ် လိုက်ခြင်းဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုခိုင်ကြီး ကပြောပြသည်။
“မတရား အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ သတင်းကို ကျနော် ကြားကြားချင်း လိုက်သွားတယ်။ အလုပ်သမားတွေက ဘတ်မရှိတော့ ကြောက်ကြတယ်။ အလုပ်သမား တစ်ယောက်ကို အလုပ်ထုတ်ချင်တိုင်း ထုတ်လို့ မရဘူးလေ။ အလုပ်သမားကလည်း ထွက်ချင်းတိုင်း ထွက်လို့မရဘူး။ အလုပ်သမား ဥပဒေမှာ ပြဌာန်းထားတာ ရှိပါတယ်။ ပွဲစားကလည်း ကျနော် ပြောပြတာကို အလုပ်သမားတွေ နားမထောင်စေဘူး။ ဘုရားပို့မယ် ဆိုပြီး ကားပေါ်တင် သွားလိုက်တယ်”ဟု ကိုခိုင်ကြီးက ဆက်ပြောသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်သွင်းပေးခဲ့သည့် ပွဲစားက မဟာချိုင် စာဟာခွန်တွင်ရှိသော ၀တ်ဖန်ထိုင်း နော်လဆင်ဘုရားသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် နေထိုင်ရာသို့ ပြန်လာသည့်အခါ အလုပ်သမား (၆)ဦးမှာ ထိုင်ယူနစ် အလုပ်ရုံအနီးတွင် မဟာချိုင်မှ ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရဲစခန်းသို့ ရောက်ရှိပြီး စစ်ဆေးသည့် အခါ ဖမ်းဆီးခံရသူများတွင် တစ်လလျှင် ဘတ်ငွေ (၅၀၀)ပေးဆောင်ပြီး မဟာချိုင် ဒေသတွင်း ရဲအာမခံ လက်မှတ် လုပ်ထားသူများ ဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရသည်။
Ref: GHR
 

စာပေစိစစ်ရေး ပြန်လည်တင်းကြပ်

ပြည်တွင်း သတင်းဂျာနယ်အများစုက သတင်း လွတ်လပ်ခွင့် တဖြည်းဖြည်းရရှိလာသည်ဟု ထင်မှတ်နေသော်လည်း စာပေ စိစစ်ရေးက တချို့သော သတင်းများကို လုံးဝမထည့်ရန် တားမြစ်ပြီး တချို့သတင်းများအား ဖြုတ်ပယ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားခံရသည့် သတင်းကို လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက သတိပေး တားမြစ်လိုက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အကန့်အသတ် များဖြင့်သာ ဖော်ပြခွင့် ပြုကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုသည်။
ဂျာနယ် လက်ပွေ့အရောင်းသမား တဦး (ဓာတ်ပုံ - Getty Images)
ယခုအခါ စာပေစိစစ်ရေးက နိုင်ငံရေးနှင့် ပတ်သက်သော သတင်းအများစုကို ဖြုတ်ပယ်ရမည် ဆိုသည့် သတိပေးမှုများ ပြုလုပ်လာကြောင်း၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ရွှေည၀ါဆရာတော်ကို ခေါ်ယူ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားကာ သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် အရေးယူလိုက်သော သတင်းကို ဂျာနယ်များတွင် လုံးဝ ဖော်ပြခွင့်မပြုကြောင်း စာပေစိစစ်ရေး၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက သတိပေးခဲ့သည်။
“ရွှေည၀ါဆရာတော် သတင်းကို စာပေစိစစ်ရေးကို မူကြမ်း တင်ပြသည်ဖြစ်စေ၊ မတင်ဘဲ ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ထုတ်ဝေ ရိုက်နှိပ်တာမျိုး မလုပ်နဲ့ ဆိုပြီး ဗိုလ်မှူးတင့်ဆွေက ဂျာနယ်တိုင်း လိုလိုကို ပြောတာ။ တကယ်လို့များ သူတို့သတိပေးတာကို မလိုက်နာဘဲ သတင်းဖော်ပြလိုက်ရင် ဘာလုပ်မယ်လို့ မပြောပေမယ့် ပြင်းပြင်းထန်ထန် အရေးယူမယ့်ပုံရှိတော့ ဂျာနယ်တွေ အားလုံး အဲဒီ သတင်းကို လက်ရှောင်လိုက်ရတယ်။ ဒါက အတော်ကို ထူးခြားပါတယ်။ စာပေ စိစစ်ရေးက သဘောထား ပျော့ပြောင်း နေခဲ့ရာကနေ ချက်ချင်းဆိုသလို တင်းမာတဲ့ ပုံစံတွေ ပြန်တွေ့လာရတယ်။ ဒါကလည်း အထက်ကလာတဲ့ အမိန့်လို့ ထင်တယ်” ဟု သတင်းဂျာနယ်တစောင်မှ တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။
အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် တော်ဝင်စင်တာ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကို စာပေစိစစ်ရေးက ဖြုတ်ပယ်ကန့်သတ်မှုများစွာ ပြုလုပ်ပြီးမှသာ ဂျာနယ်များတွင် ဖော်ပြခွင့် ပြုကြောင်း သိရသည်။
“၈၈ မျိုးဆက်တွေရဲ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲမယ်ဆိုတဲ့ သဘောထား ကြေညာချက်ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရမယ်၊ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ရှိတယ်၊ ခွပ်ဒေါင်း အလံကို ပြန်လွှင့်မယ် စတဲ့ သူတို့ အသေးစိတ် ပြောဆိုလိုက်တာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရတာဟာ အစိုးရဘက်က စေတနာမပါ၊ မရိုးသားလို့ဆိုတဲ့ ပြောဆိုချက်တွေကို စာပေစိစစ်ရေးက ဖြုတ်တယ်၊ ဖော်ပြခွင့် မပေးဘူး” ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
ယခုအခြေအနေတွင် စာပေနှင့် သတင်းလွတ်လပ်ခွင့် ရရှိလာပြီဟု နိုင်ငံတကာအသိုင်းအ၀န်းနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက ယူဆနေကြသော်လည်း လက်တွေ့တွင်မူ စာပေစိစစ်ရေး၏ တင်းကျပ်သော မူဝါဒများ
ပြန်လည်ကျင့်သုံးလာခြင်းကို သတင်းဂျာနယ်အများစုရင်ဆိုင်နေရကြောင်း ပြည်တွင်း သတင်းသမားများက ဆိုသည်။
“အားလုံးက လွတ်လွတ်လပ်လပ်လုပ်လို့ရပြီလို့ ထင်နေကြတယ်။ အဲဒါ တကယ်တော့ မဟုတ်ပါဘူး။ တင်းကျပ်မှုတွေ အရမ်းများလာတယ်။ အခြေအနေတွေက အရင်အခြေအနေကို ပြန်လည် ဦးတည်နေသလိုကြီး ဖြစ်နေတယ်။
နိုင်ငံရေး လှုပ်ရှားမှုသတင်းတိုင်း၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတိုင်း ဂျာနယ်မှာ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ပြုလုပ်နေသည့် တရားမ၀င် မဲဆွယ်သော နည်းလမ်းများနှင့် စပ်လျဉ်းသော သတင်းများကိုလည်း စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်နေကြောင်း သတင်းရရှိသည်။
“မရမ်းကုန်းမှာ ဂရန်ချပေးမယ်ဆိုပြီး ကြံ့ဖွံ့ပါတီက စည်းရုံးတယ်၊ ကော့မှူးမှာ ငွေထုတ်ချေးပြီး မဲထည့်ရမယ် ဆိုတာမျိုး စည်းရုံးတယ်၊ မီးလင်းအောင်လုပ်ပေးမယ် မဲထည့်ဆိုပြီး စည်းရုံးတယ်။ ဒီသတင်းတွေကို သတင်းဂျာနယ်တွေက ရကြပါတယ်။ ထည့်ဖို့ စာပေစိစစ်ရေးတင်ပါတယ်။ မရပါဘူး။ စာပေစိစစ်ရေးက ခွင့်မပြုဘူး။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် မရှိဘဲ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲက သန့်ရှင်းမျှတပါမယ်လို့ ဘယ်လိုလုပ် ပြောမလဲ” ဟု စာနယ်ဇင်း သမားတဦးက ပြောသည်။
ထို့အပြင် အစိုးရအရာရှိများ၏ လာဘ်ပေးလာဘ်ယူ သတင်းများ၊ အုပ်ချုပ်ရေး အရာရှိတချို့ မမှန်မကန် လုပ်ဆောင်၍ တိုင်ကြားခံရသည့် သတင်းများအပါအ၀င် အုပ်ချုပ်ရေး ယန္တရား၏ လုပ်ဆောင်ချက် မမှန်ကန်မှု တချို့ကို စုံစမ်း ဖော်ထုတ်ထားသော သတင်းများ၊ စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့ သတင်းများကိုလည်း ဖော်ပြခွင့် မရဘဲ
စာပေစိစစ်ရေး၏ ပိတ်ပင်တားဆီးမှု ခံနေရသည်ဟု သိရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာသည့် သတင်းကိုမူ ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဂျာနယ်များက စိစစ်ရေးမတင်ဘဲ ဖော်ပြခဲ့ကြသော်လည်း မည်သည့် အရေးယူမှု တစုံတရာမျှ မရှိသေးကြောင်း၊ စာပေစိစစ်ရေး၏ မူဝါဒမှာ နားလည်ရခက်ခဲလှကြောင်း သတင်းဂျာနယ်အသိုင်းအဝန်းက ပြောဆို နေကြသည်။

စမ်းသပ်ကစားဖို့ တိုက်စစ်မှူး ကျော်ကိုကိုအား ဂျာမနီ ကမ်းလှမ်း

မြန်မာလက်ရွေးစင် တိုက်စစ်မှူးနှင့် ဇေယျာရွှေမြေ အသင်းတိုက်စစ်မှူး ကျော်ကိုကို ကို ဂျာမနီတွင် လာရောက် စမ်းသပ်ကစားကြည့်ရန် ဂျာမနီနိုင်ငံမှ Football Net Management အေဂျင်စီက ကမ်းလှမ်းထားကြောင်း ဇေယျာရွှေမြေအသင်းက ဧရာဝတီသို့ ပြောသည်။
Football Net Managament က အေးဂျင့် ဒရာဂန်မှတဆင့် ကမ်းလှမ်းခြင်း ဖြစ်ပြီး ဒရာဂန်သည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းများအတွက် ပြည်ပကစားသမားများကို ဆက်သွယ်ခေါ်ယူပေးနေသော ဆားဗီးယားလူမျိုး အေးဂျင့်တဦးဖြစ်သည်။ ဂျာမန်အေဂျင်စီမှ ကျော်ကိုကိုအား ခေါ်ယူချင်သည့် အကြောင်းကြားစာ အီးမေးလ်ကို အေးဂျင့် ဒရာဂန်မှတဆင့် ဇေယျာရွှေမြေအသင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ထားခြင်း ဖြစ်သည်။
မြန်မာလက်ရွေးစင်နှင့် ဇေယျာရွှေမြေအသင်း တိုက်စစ်မှူး ကျော်ကိုကို (ဓာတ်ပုံ - ဖီဖာ)

ဂျာမနီ အဆင့်မြင့်တန်း အသင်းတခုဖြစ်သော နုရင်ဘတ်အသင်းက ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်အထိ မည်သည့်အသင်းဟူ၍ တိတိကျကျ မပြောနိုင်သေးကြောင်း ဇေယျာရွှေမြေအသင်း မီဒီယာနှင့် မားကက်တင်းတာဝန်ခံ ကိုနေမန်းက ဧရာဝတီသို့ ပြောသည်။
“ဒရာဂန်နဲ့ ဂျာမနီက ဘောလုံးသမား ရှာဖွေရေးအေးဂျင့်နဲ့ ချိတ်မိတယ်။ အဲဒီလို ချိတ်မိတဲ့အခါမှာ ပထမဆုံး စမ်းသပ်တဲ့သဘောနဲ့ ကျော်ကိုကို ကို ဥရောပပို့ပေးမယ်ပေါ့။ ကျနော်ပြောတဲ့ထဲမှာ ဘယ်အသင်းက ခေါ်မယ်ဆိုတာ မပါသေးဘူးနော်။ ကျနော်သိသလောက်ကတော့ ဟိုဖက်က ကလပ်အသင်းအေးဂျင့်နဲ့ ဒီဖက်က အေးဂျင့်ဒရာဂန်၊ အဲဒီနှစ်ခုကြားမှာပဲ ရှိသေးတယ်” ဟု ကိုနေမန်းက ပြောသည်။
အကယ်၍ ပြောင်းရွှေ့မှု အတည်ဖြစ်လျှင် ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ “စမ်းသပ်တဲ့အခါမှာ ဂျာမနီကိုသွားမယ့် လေယာဉ်စရိတ်၊ နေထိုင် စားသောက်စရိတ်၊ လေ့ကျင့်စရိတ်က ဖရီးပေါ့ဗျာ။ တကယ်လို့ ပြောင်းရွှေ့ဖြစ်တယ်ဆိုရင် ကျော်ကိုကို အနေနဲ့ တပတ်လုပ်ခ ဒေါ်လာ ၅ ထောင်မှ ၇ ထောင်ရမယ်။ ဇေယျာရွှေမြေအနေနဲ့ ပြောင်းရွှေ့ကြေးဒေါ်လာ ၄ သိန်းမှ ၅ သိန်းရမယ်လို့ အေးဂျင့် ဒရာဂန်ရဲ့ ကမ်းလှမ်းချက် အီးမေးလ်မှာ အဲဒီလိုပါလာတယ်” ဟု ကိုနေမန်းက ဆက်လက်ပြောသည်။
ဤကမ်းလှမ်းချက်နှင့် ပတ်သက်၍ ကျော်ကိုကို သွားရောက် ကစားရန် ခွင့်ပြုပေးရေး ဇေယျာရွှေမြေအသင်းက မြန်မာဘောလုံးအဖွဲ့ချုပ်ထံ စာတင်ထားသည်ဟု သိရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “ကစားသမားကို ကျနော်တို့က ပိုင်တာမဟုတ်ဘူးလေ။ ကလပ်အသင်းက ပိုင်တယ်။ ကလပ်အသင်းက ခွင့်ပြုဖို့သာ လိုအပ်တာပါ။ တခုတော့ရှိတာပေါ့၊ ကျနော်တို့က နိုင်ငံ့လက်ရွေးစင် အသင်းအတွက်ပါ လခပေးထားရတာဆိုတော့ နိုင်ငံပွဲတွေ ကစားရမယ့်အခါမျိုးကျရင် အချိန်မီရောက်အောင် ပြန်လွှတ်ပေးဖို့ လိုတာပေါ့” ဟု ပြောသည်။
ကျော်ကိုကိုက ကိုနေမန်းမှတဆင့် “အနည်းဆုံးတော့ဗျာ၊ မြန်မာဘောလုံးသမား တယောက်အနေနဲ့သွားပြီး စမ်းသပ်ခွင့်ရရင်ကို ကျေနပ်လှပါပြီ။ ကျနော် အကောင်းဆုံး ကြိုးစားသွားမယ်။ မြန်မာတွေ မညံ့ဘူးဆိုတာ ပြချင်ပါတယ်။ တကယ်လို့ တိုင်းပြည်အတွက် ပြန်လာကစားရမယ်ဆိုလည်း အချိန်မရွေး ပြန်လာကစားလို့ ရပါတယ်။ အဆင်သင့်ပဲ” ဟု ပြောကြားသည်။
ဒီအပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာခဲ့ရင်တော့ မြန်မာဘောလုံးအတွက် တိုးတက်မှုတခုဟု ပြောနိုင်ကြောင်း ဝါရင့်အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်သည်။
ကျော်ကိုကိုအား စေလွှတ်မည် မလွှတ်မည်ဆိုသည်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ ဂျာမနီသို့ အကြောင်းပြန်ရမည်ဖြစ်သည်။
လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဂျာမနီ ဘွန်ဒက်စ်လီဂါအသင်းမှ အကြီးအကဲတဦး ရန်ကုန်သို့ လာရောက် လည်ပတ်မည့် ခရီးစဉ်တခုလည်း ရှိသည်။
“ဂျာမနီ ဘွန်ဒက်စ်လီဂါ အကြီးအကဲက အရှေ့အာရှကို ဈေးကွက်ချဲ့ထွင်နေတာ။ ထိုင်းမှာတော့ ဂျာမနီပွဲတွေ ပြလို့ရနေတာကြာပြီ။ မြန်မာနိုင်ငံမှာလည်း Skynet ကနေ ဂျာမန်ပွဲတွေ အခုပြလို့ရပြီ။ အဲဒါထိုင်းမှာ Promotion လာလုပ်ရင်းနဲ့ ရန်ကုန်မှာလည်း Announced လာလုပ်တယ်လို့ ယူဆလို့ရတယ်” ဟု ကိုနေမန်းက ဆိုသည်။
၁၉၉၈ ခုနှစ်လောက်က မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း အောင်ထွန်းထွန်းသည် ထိုင်းနှင့် ပြင်သစ်မှ  ကလပ်အသင်းများတွင် ကစားခဲ့ဖူးသည်ဟု သိရသည်။
ဦးစိုးမိုးက “အောင်ထွန်းထွန်းက ဗွေဦးဆုံး ထိုင်းမှာ ကစားတယ်လေ။ ပြီးတော့ မာဆေးလ် (ခ) အသင်းလား သွားကစားတယ်လို့ သိရတယ်။ ဒါပေမယ့် သူဘယ်လိုရောက်ပြီး သွားကစားဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိဘူး” ဟု ပြောသည်။
အကယ်၍ ကျော်ကိုကိုသာ ဂျာမနီကလပ်တွင် သွားရောက်ကစားခွင့် ရမည်ဆိုပါက ဥရောပတွင် တရားဝင် ဥပဒေနှင့်အညီ သွားကစားသော ပထမဆုံး မြန်မာဘောလုံးသမားဖြစ်လာမည် ဖြစ်သည်။
ကျော်ကိုကိုသည် အသက် ၁၃ နှစ်အရွယ်မှစ၍ မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံတွင် သင်ကြားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဇေယျာရွှေမြေအသင်းက ခေါ်ယူခဲ့သည်။ ကျော်ကိုကိုနှင့် ဇေယျာရွှေမြေအသင်းတို့၏ လက်ရှိစာချုပ်မှာ ၂၀၁၄ ခုနှစ်အထိဖြစ်ပြီး လစာငွေအဖြစ် သိန်းနှစ်ဆယ်မှ သုံးဆယ်ကြားရရှိနေသည်။
ပြီးခဲ့သည့် ဆီးဂိမ်းတွင် ကျော်ကိုကိုမှာ မြန်မာအသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၅ ဂိုးသွင်းကာ မြန်မာအသင်း ကြေးတံဆိပ်ဆုရအောင် ကြိုးပမ်းခဲ့သည်။ ထို့အပြင် Goal.com ဝက်ဘ်ဆိုဒ်မှ ရွေးချယ်သော အရှေ့တောင်အာရှ အကောင်းဆုံး ဘောလုံးသမား ၅ ဦးစာရင်းတွင်လည်း ကျော်ကိုကို ပါဝင်ခဲ့သည်။

ထိပ်တန်း အစိုးရအရာရှိတွေ အပေါ် အီးယူ ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အပြောင်းအလဲတွေ စလုပ်လာတဲ့အပေါ် တုံ့ပြန်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားမှုတစ်ခုကို စပြီး လျှော့ပေးလိုက်ပါပြီ။ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံပြီးတော့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို လျှော့ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေကိုလည်း ပိုပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲမှာ ရုံးခန်းဖွင့်နိုင်ရေးကိုလည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကိုတော့ မြန်မာအစိုးရဘက်က နောက်ထပ် အပြောင်းအလဲတွေ လုပ်လာတဲ့အပေါ်မှာ စောင့်ကြည့်ပြီးတော့ ထပ်မံ လျှော့သွားပေးဖို့ ပြင်ဆင်နေတယ်လို့ အီးယူ ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။
အခုလို ဥရောပသမဂ္ဂဘက်က မြန်မာခေါင်းဆောင်တွေအပေါ် အရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေး ဖိနှိပ်မှုတွေကြောင့် ၁၅ နှစ်ကြာ ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတွေထဲက ဒီ ခရီးသွားဗီဇာ ပိတ်ပင်ထားမှုကို ရပ်ဆိုင်းလိုက်တာကို ဥရောပသမဂ္ဂရဲ့ နိုင်ငံခြား ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ မာယာ ကိုချီယန်းညဲ့က် (Maja Kocijaneic) က အခုလို ပြောပြပါတယ်။
“ဒီကနေ့ပဲ ပထမအဆင့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုဖြစ်တဲ့ ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို မြန်မာသမ္မတ၊ ဒုသမ္မတတွေနဲ့ ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ အတွက် ရပ်ဆိုင်းပေးလိုက်ပါပြီ။”
ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲမှုတွေကို ထူးထူးခြားခြား စလုပ်လာတာမို့ နိုင်ငံ ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကလည်း ဒီအပြောင်းအလဲတွေကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ အခုလို စလျှော့ပေးဖို့ ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ၊ နိုင်ငံရေး အကျဉ်းသား အများအပြားကို မကြာခင်က လွှတ်ပေးလာတာနဲ့ တိုင်းရင်းသား နယ်မြေတွေမှာပါ စစ်ပွဲတွေရပ်ဖို့ ကြိုးစားလာနေတာဟာ အီးယူ ဥရောပသမဂ္ဂဘက်က အသိအမှတ်ပြု ထောက်ခံစရာတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အီးယူ ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ အခုလို ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ရက်ပိုင်းအတွင်း အသက်ဝင်လာမှာဖြစ်ပြီး နောက်ထပ် မြန်မာဘက်က အပြောင်းအလဲတွေ ဆက်လုပ်လာရင်လည်း တစ်ဆင်းချင်း လျှော့ပေးသွားနိုင်ဖို့ သုံးသပ်မှုနဲ့ ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်နေပြီလို့ အားတက်သရော ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာဘက်က အခုလို ပြုပြင် ပြောင်းလဲမှု စလုပ်လာတဲ့အပေါ် အီးယူဘက်က ၀ိုင်းကူပေးတဲ့အနေနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိရေးကိုလည်း ၀ိုင်းကူဖို့ရှိတယ်လို့ အခုလို ဆိုပါတယ်။
“ကျမတို့အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၀ိုင်းကူညီပေးဖို့ အသင့်ရှိနေပါပြီ။ နောက်ပြီး တိုင်းရင်းသားလူမျိုးတွေ ပြန်လည် နေရာချထားရေးအတွက် လိုအပ်တဲ့ ငွေကြေး အကူအညီတွေကိုလည်း ပေးသွားဖို့ရှိပါတယ်။”
ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ နောက်ထပ် နိုင်ငံရေး အကူအညီတွေ ပေးမှုအနေနဲ့ အစိုးရလုပ်ငန်းတွေ ထိထိရောက်ရောက် ပိုဖြစ်လာဖို့ကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ စွမ်းဆောင်ရည် မြင့်တင်ရေး ၀ိုင်းကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ စွမ်းအင်မြင့်တင်ရေးတွေ လုပ်ပေးနိုင်ဖို့၊ ဆိုလိုတာက ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာအောင်နဲ့ နေ့စဉ်ဘ၀ အုပ်ချုပ်ရေး ပုံမှန်လုပ်ငန်းတွေ ပိုမို အားကောင်းလာအောင် အကူအညီပေးမှာပါ။”
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်လာဖို့အတွက် အကြံပေး ကူညီသွားမှာအပြင် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနဲ့ အခြား လူမှုရေးကဏ္ဍ တွေကိုလည်း ကူညီသွားဖို့ ရှိတယ်လို့ ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အလိုအပ်ဆုံး နေရာတွေမှာ၊ ဥပမာ စိုက်ပျိုးရေးကဏ္ဍမှာ အသေးစားချေးငွေ ထုတ်ပေးဖို့၊ ကျန်းမာရေးကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ကူညီပေးသွားဖို့ရှိပါတယ်။”
ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ ဒီနှစ်နဲ့နောက်နှစ်အတွက် ကူညီဖို့အစပျိုးနေတဲ့ ယူရို သန်း ၁၅၀ ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ပြီး နောက်ထပ် အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံး စဖွင့်နိုင်ဖို့ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် ဧပြီလမှာ မြန်မာနိုင်ငံကို သွားလည်တဲ့အခါ ရအောင်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အီးယူ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲရဲ့ ခရီးစဉ်ထဲမှာ မြန်မာအစိုးရအရာရှိကြီးတွေနဲ့ တွေ့တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ 
ဆွေးနွေးဖို့ရှိပါတယ်။
နောက်ထပ် မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရင် အီးယူဘက်ကလည်း ထပ်လျှော့ပေးဖို့ကို ဧပြီလမကုန်ခင် နောက်နှစ်အတွက် အီးယူရဲ့ ဘုံသဘောတူညီချက် မချမှတ်ခင်မှာ အပြီး ပြင်ဆင်ရာနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာလည်း အရေးပါတယ်လို့ ပြောခွင့်ရ ကိုချီယန်းညဲ့က် က ဆက်ပြောပါတယ်။
ကိုချီယန်းညဲ့က် ကပဲ ဒီနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာအစိုးရအနေနဲ့ ရှေ့မှာ ပို အပြောင်းအလဲတွေလုပ်ဖို့ အားရလာပြီး အပြောင်းအလဲတွေ နောက်ပြန် ဆုတ်မသွားစေဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
Ref: VOA

Monday 23 January 2012

ကြွက်ထောင်ချောက်

Tuesday, November 4, 2008


ကြွက်ထောင်ချောက်

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာအားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။


ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာပါလား။

တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။ အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
-----------------------------------------

http://ngarkalay.blogspot.com/2008/11/blog-post.html မှကူးယူဖော်ပြသည်။

Poem of M.W.R.N

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes