Friday 27 January 2012

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအလုပ်သမားတို့ဘဝ

ကျော်ဇင်မင်း (မဲဆောက်ညဈေး)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂
ကျွန်တော်တို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကစပြီး တစ်စတစ်စ ဆိုသလို ဆင်းရဲ ကြပ်တည်းလာကြရပါတယ်။ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဘာအလုပ်မှ မလုပ်နိုင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။
ဒီလိုပြောတော့ ပြည်ပနိုင်ငံဆိုလို့ အထင်မကြီးလိုက်ပါနဲ့။ ကျွန်တော်တင်ပြမယ့်နိုင်ငံက ထိုင်းပါ။ ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် လို ဘယ်သွားနိုင်ကြမလဲ။ ဒီတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ။

တာချီလိတ်၊ မဲဆောက်၊ ဘုရားသုံးဆူဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ်လုပ်ကြတာပေါ့။ ဒီလို တရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှုဥပဒေအရ ခပ်ကြမ်းကြမ်းလေးဖမ်းပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ရွှေတွေက မခေပါဘူး။ အခက်အခဲကိုကျော်ဖြတ်ပြီး ဘန်ကောက်မှာဆိုရင် ရွှေတွေ သိန်းချီနေပါပြီ။ ဒီလိုနဲ့ နယ်စပ်ဖြစ်တဲ့ မဲဆောက် ဆိုရင်လည်း တမြို့လုံးလူဦရေရဲ့ ၃ ချိုး၂ ချိုးက ရွှေမြန်မာတွေဘဲလို့ဆိုရရင် မှန်ပါလိမ့်မယ်။ ဒါဆိုတော်တော်ကောင်းလားလို့ မေးရင်တော့ အားလုံးဟာ အလုပ်သမားပါဘဲ။ ထိုင်းသဌေးကို သဌေး သဌေးဆိုပြီး ကြောက်နေကြရတဲ့သူတွေပါဘဲ။ ဒီအထဲက အနဲစုကတော့ ကိုယ့် လူမျိုးကောင်းစားရေးအတွက် ဘ၀စွန့် အနစ်နာခံပြီးလုပ်နေတဲ့ နိုင်ငံခြားအထောက်အပံ့ခံလူကြီးတွေကတော့ လူနဲစုအနေနဲ့ နဲနဲရှိပါတယ်။ ဒါပေမယ့် သူတို့က အဆင့်အတန်းမြင့်လွန်းတော့ ကျွန်တော်တို့လို ညဈေးမှာ ကုန်တင်ကုန်ချလုပ်တဲ့သူတစ်ယောက်ကိုတော့ သိမယ် မထင်ပါဘူး။

အနဲစုကတော့ ကိုယ့် လူမျိုးကောင်းစားရေးအတွက် ဘ၀စွန့် အနစ်နာခံပြီးလုပ်နေတဲ့

နိုင်ငံခြားအထောက်အပံ့ခံလူကြီးတွေကတော့

လူနဲစုအနေနဲ့ နဲနဲရှိပါတယ်။

ဒါပေမယ့် သူတို့က အဆင့်အတန်းမြင့်လွန်းတော့

ကျွန်တော်တို့လို ညဈေးမှာ ကုန်တင်ကုန်ချလုပ်တဲ့သူတစ်ယောက်ကိုတော့ သိမယ်မထင်ပါဘူး။

ကျွန်တော်တို့အလုပ်သမားဆိုတာက တကယ်တမ်းပြောရရင် ယဉ်ကျေးစွာပြောတာပါ။ တကယ်တော့ အလုပ်သမားအခွင့်အရေးဆိုတာ ဘာမှမသိရတဲ့ “ကျွန်” လို့ပြောမှ မှန်တာပါ။ ကျွန်တော်တို့ အလုပ်လုပ်နေရင်းက ထိုင်းမှာနေလို့ရအောင်ဆိုပြီးတော့ ၁ နှစ်နေထိုင် အလုပ် လုပ်ခွင့်အတွက် ဆေးစစ်ခ ဘတ် (၁၉၀၀) နဲ့ အလုပ်သမားလုပ်ခွင့် ဘတ် (၁၀၀၀) အကုန်အကျခံပြီး လုပ်လိုက်ရပါတယ်။ တစ်ရက်မှ (၁၃၀) ဘတ်ရတဲ့ ကျွန်တော်တို့ငွေကို (၂၀) ဘတ်အတိုးနဲ့ချေးပြီး လုပ်ရတာပါ။ ဒီတော့ ဒီအကြွေးက လပေါင်းများစွာ မကြေနိုင်ပါဘူး။ ၁၃၀ နဲ့ စားရေးသောက်ရေးက ခက်ပါတယ်။ ဒီကြားထဲမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ဘ၀မို့ လကုန်ရင် အိမ်လစာကလည်း ရှာရပါသေးတယ်။ ဒီလိုနဲ့ အကြွေးသံသရာက လွတ်တယ်ဆိုတာ ရှိကို မရှိဘူး။ အခု ကျွန်တော်တို့အောက်ခြေကလူတွေမှာ ပြဿနာတက်လာပါတယ်။ ဘာ လည်းဆိုတော့ ပတ်စ်ပို့ဆိုတာပါဘဲ။

ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က

မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုတဲ့သူတွေကိုပါ။

ဒါနဲ့ အလုပ်သမားအရေးလုပ်တဲ့သူတွေကိုသွားကြည့်တော့

အစည်းအဝေးကများနေလို့ မတွေ့ရပါဘူး။ နောက်တနေရာကိုသွားတော့လည်း

လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကိုသွားတယ်ဆိုလားပါဘဲ။

ကျွန်တော်တို့ အခုကိုင်ထားတဲ့ လက်မှတ်တွေကို သက်တမ်းမတိုးပေးတော့ဘူးလို့ ကြေငြာလိုက်ပါပြီ။ သက်တမ်းတိုးချင်တယ်ဆိုရင်တော့ ပတ်စ်ပို့လုပ်ရပါမယ်တဲ့။ ပတ်စ်ပို့မရှိရင် ဆက်ပြီးနေထိုင်ဖို့ ရိုင်းရိုင်းပြောရရင် (ဆက်ကျွန်ခံဖို့ … ကျွန်တော်ရိုင်းပြတယ်ဆိုရင် တောင်းပန်ပါ တယ်) မဖြစ်နိုင်တော့ပါဘူး။ ပတ်စ်ပို့လုပ်ဖို့က ဘတ် (၅၀၀၀) ကုန်ကျမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့က ဘတ်သက်တမ်းဆက်လာတာ ၃ နှစ်ရှိပြီမို့ ဒီဈေးနဲ့ရတာလို့ပြောပါတယ်။ ကျေးဇူတင်ပါတယ် အေးဂျင့်ရယ်။ ပတ်စ်ပို့က ၂ နှစ်ရတယ်။ ၆ နှစ်ရတယ်ပြောကြတာပေါ့။ မသိ ပါဘူး။ သေချာလေ့လာကြည့်လိုက်တော့ စာအုပ်ရဲ့သက်တမ်းပါ။ စာအုပ်သက်တမ်းနဲ့ နေထိုင်ခွင့်သက်တမ်းကလည်း သေသေချာချာ ကွဲ အောင်ပြောကြဖို့ လိုသေးတယ်ဗျာ့။ ကျွန်တော်က စာအုပ်ရပြီပေါ့ဗျာ။ ထားပါတော့ ရရင်နေလို့ရပြီလားဆိုတော့ မရသေးဘူးတဲ့။ လူဟောင်း တွေဘတ်သက်တန်းတိုးတဲ့ ၂ လပိုင်း ၂၈ ရက်အတွင်းကို ဘတ်သက်တမ်းတိုးရမယ်တဲ့ ဒုက္ခပါဘဲ။ ဆေးစစ်ရမယ်။ စုစုပေါင်း ၂၉၀၀ ကုန်အုံးမယ်ပေါ့။ ဒါက တရားဝင်ဈေးနော် သူဌးခဆိုတာပါထည့်ရင် ဒီလောက်နဲ့မရဘူး။ ဒါဆို စုစုပေါင်း အောက်ထစ် (၈၀၀၀) ဘတ် ကုန်ပြီ ပေါ့။ ကျွန်တော်တို့ တစ်ရက် (၁၃၀) ရတဲ့သူတွေ ဘယ်လိုလုပ်မလဲ။ ဒီတော့ သူဌေးက ငွေစိုက်ပေးတယ်။ ပြီးတော့ လစာထဲက ဖြည်းဖြည်း ဖြတ်မယ်ဆိုတော့ ကျွန်တော်တို့အလုပ်သမားတွေ ၀မ်းသာကြရတယ်။ ဒါပေမယ့် သူဆီမှာတော့ ၂ နှစ်လောက် အလုပ်အကြွေးပြုရမယ် ဆိုတာကို ခေါင်းထဲမထည့်ချင်တော့ပါဘူး။ သူ့စိတ်မကြည်လို့ ဆဲဆဲဆိုဆို ရိုက်ရင်လည်း ခံလိုက်ရုံဘဲလေ။ ငွေတောင်စိုက်ပေးတာဆိုတော့ မဟာကျေးဇူးရှင်ကြီးပေကိုး။ ဒါက ငွေစိုက်တဲ့သူဌေးရှိလို့ ဒီလူတွေက ပတ်စ်ပို့ကို အေးဂျင့်တွေကတဆင့် တင်ပြီးကြပေမယ့် ကျွန်တော် တို့လို စိုက်ပေးမယ့်သူမရှိတဲ့အုပ်စုက မလွယ်လှဘူးလေ။ နေ့တိုး၊ လတိုး၊ ထပ်ဆင့်တို့၊ နေ့ပြန်တိုး၊ အရင်းမပေးနိုင်သ၍ သွင်းရမယ့် အတိုး၊ စသည့် အတိုးတွေတောင် ချေးလို့မရဘူး။ ကိုယ့်ထက်ဦးသူတွေက ရှိနေပြီလေ။
ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုတဲ့သူတွေကိုပါ။

ဒါနဲ့ အလုပ်သမားအရေးလုပ်တဲ့သူတွေကိုသွားကြည့်တော့ အစည်းအဝေးကများနေလို့ မတွေ့ရပါဘူး။ နောက်တနေရာကိုသွားတော့လည်း လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကိုသွားတယ်ဆိုလားပါဘဲ။ မရေရာခဲ့ပါဘူး။ ဒါနဲ့ လူကြီးနဲ့ မတွေ့ရရင် လူငယ်နဲ့တွေရပါစေတော့ဆိုပြီး တွေတဲ့သူကို ဒီလိုတွေဖြစ်နေပါတယ်ပြောပြတော့လည်း “ဒါကတော့ ထိုင်းနိုင်ငံ- မြန်မာနိုင်ငံတို့ရဲ့ဥပဒေပါ”လို့ ပြန်ပြောပါတယ်။ ကျွန်တော် နားလည်တာတခုက ဥပဒေဆိုတာကိုပါ။ ဥပဒေဆိုတာ လူကသတ်မှတ်ပြဌာန်းရတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့နေရာမှာ ဥပဒေ တစ်ခုဆိုတာ လွတ်တော်က ပြဌာန်းတာပါ။ ပြဌာန်းဖို့ဆိုတာကလည်း အများနှစ်သက်ရမယ်။ အောက်ခြေလူတန်းစားတွေ နစ်နာမှုအနည်း ဆုံးဖြစ်ရပါ့မယ်။ တကယ်လို့ ဒီဥပဒေကို ပြည်သူကသော်လည်းကောင်း၊ သို့တည်းမဟုတ် အလုပ်သမား လယ်သမားတွေကသော်လည်း ကောင်း၊ ကျောင်းသားကသော်လည်ေးကာင်း၊ တစ်ဦးဦးက အရမ်းနစ်နာတယ်ဆိုရင် ကန့်ကွက်ရမယ်၊ အရေးဆိုရမယ်။ ဒီလိုလုပ်လာရင် ဒီဥပဒေဆိုတာကို ပြန်ပြီးစဉ်းစားရမှာပါ။ ဒါကို ဒီမိုကရေစီနည်းကျတယ်လို့ပြောရင် ရမလား မရဘူးလားဆိုတာတော့ ကျွန်တော်လည်း ပြောမတတ်ပါဘူး။ ဒီလိုဘဲထင်တာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကိုသွားနေသလို ထိုင်းနိုင်ငံက လည်း ဒီမိုကရေစီနိုင်ငံတစ်ခုလို့ ကျွန်တော်ဒီရက်ပိုင်း ဂျာနယ်လေးဘာလေးဖတ်ရလို့သိထားပါတယ်။
ဘယ်လိုအကြောင်းတွေဘဲဖြစ်ပါစေ။ ကျွန်တော်တို့မြန်မာအလုပ်သမားတွေ အရမ်းဒုက္ခရောက်နေတာကတော့ အမှန်ပါဘဲ။ ဒီအတွက် စာ နာနိုင်ကြပြီး ကျွန်တော်တို့အခက်အခဲတွေကို ဖြေရှင်းပေးမယ့်၊ ဦးဆောင်ပေးမယ် အမှန်တကယ် အလုပ်လုပ်ပေးနိုင်တဲ့ မြန်မာအမျိုးသား ကောင်းအဖွဲ့တစ်ခုလောက် မဲဆောက်မှာရှိရင် အရမ်းကောင်းမှာဘဲလို့တွေးရင်းနဲ့ နောက်နေ့မိုးလင်းရင်ရောက်လာမယ့် နေပြန်တိုးသမား ကိုပေးဖို့ ညဘက်ကုန်ထမ်းအလုပ်ဆင်းဖို့ ဈေးကိုထွက်လာခဲ့ရပါတယ်။

 Ref: MoeMaKha

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes