Thursday 26 January 2012

ထားဝယ်စီမံကိန်း အတွက် ၁၈ ရွာ ပြောင်းရမည် သေချာ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းသို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သွားရောက် စစ်ဆေးခဲ့ပြီးနောက် စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၈ ရွာ ပြောင်းရွှေ့ ရန်မှာ သေချာသွားပြီ ဖြစ်သည်။

ဥယျာဉ်ခြံမြေများဖြင့် အခြေကျနေသဖြင့် မပြောင်းရွှေ့လိုသည့် ဒေသခံရွာသားများနှင့် ဇန်နဝါရီ ၂၂ ရက်နေ့က
တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ပြောင်းရွှေ့ပေးကြရန် ဒုသမ္မတ က အတည်ပြုပြောခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြသကဲ့သို့ ဒေသခံများကလည်း မဇ္ဈိမကို ပြောသည်။

“ကျေးရွာ ၁၈ ရွာမှ အိမ်ခြေ ၃,၉၈၄ လုံး၊ အိမ်ထောင်စု ၄,ဝ၇၅ စု၊ လူဦးရေ ၂၃,၁၂ဝ ဦးကို ပြောင်း ရွှေ့ရမည်” ဟု ထားဝယ်အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရဦးသောင်းလွင်က စီမံကိန်းနှင့် ပတ်သက်၍ ဒုသမ္မတအား ရှင်းပြခဲ့သည်။
htarwai
ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းသို့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး သွားရောက် စစ်ဆေးခဲ့ပြီးနောက် စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျေးရွာ ၁၈ ရွာ ပြောင်းရွှေ့ရန်မှာ သေချာ (ဓါတ်ပုံ ITD)
ပြောင်းရွှေ့ရလျှင် ကျန်ခဲ့မည့် ရော်ဘာ၊ သီဟို၊ အုန်းနှင့် ကွမ်းသီးပင် အများစုဖြစ်သည့် ခြံမြေ၊ ဥယျာဉ် ဧက တသိန်း
ကျော်အတွက် လျော်ကြေးကိုလည်း ယခင်က အပင်လိုက် ဈေးနှုန်း သတ်မှတ်ထားရာမှ တဧကလျှင် သိန်း ၂ဝ ထက် မပိုဘဲ ပေးချေမည်ဟု ရေနက်ဆိပ်ကမ်း အထောက်ကူပြုအဖွဲ့ တာဝန်ခံ ဦးတင်မောင်ဆွေက ပြောခဲ့ကြောင်း သိရ သည်။

ဒုသမ္မတကမူ ပြောင်းရွှေ့ရာတွင် ကာယကံရှင်များ “နစ်နာမှု မရှိစေရန်” မှာကြားခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။

ဦးတင်အောင်မြင့်ဦးနှင့်အတူ ကမ်းရိုးတန်း စစ်တိုင်းမှူး၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ စီမံကိန်းကို အဓိက စီမံခွင့်ရထား သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD ဥက္ကဋ္ဌ စသည့် အဖွဲ့ဝင် ၂ဝ ကျော် လိုက်ပါသွားခဲ့ကြသည်။

ဒေသခံများက ကျေးရွာ ၂၁ ရွာ ပြောင်းရွှေ့ရမည်ဟု ယခင်က ပြောဆိုကြသော်လည်း ယခုမူ ရွာသေးအချို့ကို စုစည်းလိုက်သဖြင့် ၁၈ ရွာသာ ကျန်သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ဒေသခံ တဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းနှင့် မလွတ်သည့် ညောင်ပင်ဆိပ်၊ မူးဒူး၊ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ ဘဝါ (အိမ်တချို့)၊ စီးပွားရေးဇုံနှင့် မလွတ်သည့် ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ ကျောက်ထောင့်၊ မင်းဒပ်၊ သပြေဇွန်း၊ ဝက်ချောင်း၊ ခမောင်းချောင်း၊  ကျခတ္တပင်အင်း၊ ရေဖြူမြို့အနောက်ခြမ်းတို့ ပြောင်းရွှေ့ရမှာဖြစ်သည်။

“ကမြိုင်ဆွဲက အိမ်နည်းတော့ ပိန်းရှောင်ကို ပေါင်းလိုက်တယ်။ ကမြိုင်ဆွဲက စာရင်းပျောက်တယ်။ ဝမ်းဇဲက ရလိုင်နဲ့
ပေါင်းလိုက်တယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ဒုသမ္မတ၏ ဇန်နဝါရီလ ၂၂ ရက်နေ့ ခရီးစဉ်တွင် ရေနက်ဆိပ်ကမ်းနှင့် မလွတ်သော ကျေးရွာ ၇ ရွာမှ သံဃာတော် များ၊ ရွာခံများကို လဲရှောင်ရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မွန်းလွဲ တနာရီမှ စ၍ နှစ်နာရီကျော်ကြာ သီးခြားစီ
တွေ့ဆုံ၍ ပြောင်းရွှေ့ရန် ပြောကြားခဲ့သေးသည်။

“ဦးတင်အောင်မြင့်ဦးက ရွာတွေပြောင်းရမယ်လို့ ပြောသွားတာပဲ ရှိပါတယ်။ ငါးပါးသီလယူတာ၊ ဘုန်းကြီးတွေကို
လျှောက်ထားတာ ရွာသားတွေကို ကောင်းအောင်လုပ်ပေးမယ်။ နိုင်ငံတော်ကြီး တိုးတက်အောင် ဒါတွေပေါ့ဗျာ” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များနှင့် နီးစပ်သည့် ကျေးရွာရပ်မိရပ်ဖ ဦးကြွယ် (လဲရှောင်)၊ ဦးမောင်လွင် (ထိန်ကြီး)၊ ဦးယုစိန် (မူးဒူး)၊ ဦးရွှေခဲ (စုံစမ်းဆဲ)၊ ဦးကြည်ဝင်း (ပရဒတ်-ဦးမောင်လွင်၏ သားမက်) တို့ကလည်း ပြောင်းရွှေ့ပါမည်ဟု တင်ပြခဲ့
ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ DDA နှင့် ဒေသခံများက ပြောသည်။

“သူရဦးသောင်းလွင်နဲ့ပတ်သက်တဲ့လူတွေပေါ့ဗျာ။ လူဦးရေလည်း ကန့်သတ်တယ်။ ဦးမောင်လွင် ဆိုတာ နဘူးလယ်မှာ နာမည်ကြီးပဲလေ ပိုက်ဆံလည်းရှိတယ် အာဏာလည်း ရှိတယ်ပေါ့ဗျာ” ဟု DDA တာဝန်ခံတဦးဖြစ်သူ ဦးစိုးသိန်းက မဇ္ဈိမကို ပြောသည်။

နေရာသစ်ဖြစ်သော ရေနက်ဆိပ်ကမ်းနေရာမှ မြောက်ဖက် ၁ဝ မိုင်ခန့်အကွာရှိ ထွက်ဝရွာ (၁) (၂)၊ ဘွာရွာ၊ ဒူးတောင်ရွာ၊ ဝါးဇွမ်းတောရွာတို့တွင် အဆင်သင့်မဖြစ်သေးသဖြင့် ရွှေ့ပြောင်းရမည့် အချိန်ကို မသိကြရသေးကြောင်း
ပြောသည်။


ရေနက်ဆိပ်ကမ်းအတွက် ရေကာတာကြောင့် ပြောင်းရမည်ကို စိုးရိမ်

ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုံ နယ်မြေ စတုရန်း ကီလိုမီတာ ၂၅ဝ အတွင်း မပါဝင်သော စီမံကိန်း အရှေ့ဘက်မှ အိမ်ခြေ ၂ဝဝ၊ လူဦးရေ ၁,ဝဝဝ ဦးကျော်ရှိ ကလုံးထာရွာမှာမူ ရေနက်ဆိပ်ကမ်းသို့ ရေချိုသွယ်ပေးရန် ကလုံးထာ
ချောင်းအား တမံပိတ်မည့် အစီအစဉ်ကြောင့် ရေအောက် နစ်မြှုပ်မည့် အရေးနှင့် ကြုံနေရသည်။

“အခုဒီမှာ ITD က ငှားထားတဲ့ ဆန်းတင့်ကုမ္ပဏီက စမ်းသပ်မှုတွေ လုပ်နေတာ တလကျော်သွားပြီ။ ကျောက်တွေ ဘာတွေ တူးပြီးတော့ ရန်ကုန်ပြန်ပို့မှာ” ဟု ရွာခံတဦးက မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း၌ အာဏာပိုင်များက ကလုံးထာ ရွာသားများကို ရွှေ့ပြောင်းပေးရန် အကြိမ်ကြိမ် လက်မှတ်ထိုးခိုင်းသော်လည်း ရွာသားများက ငြင်းဆိုထားပြီး မရွှေ့လိုကြောင်း သမ္မတထံသို့ အသနားခံစာ တင်ထား သည်ဟု ရွာခံတဦးက ပြောသည်။


ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း

အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၅ဝ (၆၁,၇၇၅ ဧက) ရှိသည့် ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းသည် ၁ဝ နှစ်ကြာမည်
ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများ ဖောက်ရေး နားလည်မှု စာချွန်လွှာကို မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့ ၂ဝဝ၈ ခု မေလတွင် ရေးထိုးပြီး၊ ၂ဝဝ၈ ခု ဇွန်လတွင် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီ - ITD အကြား အလားတူ လက်မှတ်ထိုးသည်။

စီမံကိန်းမူဘောင် သဘောတူမှုကိုမူ ၂ဝ၁ဝ နိုဝင်ဘာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးနှင့် ITD ကုမ္ပဏီ ဥက္ကဋ္ဌတို့ စာချုပ်သည်။

စီမံကိန်းတခုလုံး ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားကာ ပထမအဆင့် ၂ဝ၁ဝ-၂ဝ၁၄ ခုတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ၊ စီးပွားရေးဇုံမြို့၊ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်ကာ ဒေါ်လာ ၈.၆ ဘီလီယံ လျာထားသည်။

စီမံကိန်းနယ်မြေမှ ရေဖြူမြို့နယ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ အရှည် ကီလိုမီတာ ၁၆ဝ၊ အကျယ် မီတာ ၂၂ဝ (ပေ ၆၅၆) ရှိ ရှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်းလည်း ဖောက်မည် ဖြစ်သည်။ လမ်းနှင့်အပြိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတို့လည်း သွယ်တန်းတည်ဆောက်ကြမည်။

ITD က ကားလမ်း-ရထားလမ်းဖောက်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေး၊ ဆက်သွယ်ရေး ကွန်ယက်တို့ ဖော်ဆောင်ရန် လာမည့် ၃ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝဝဝ ရင်းနှီးမြှုပ်နှံမည့်သူများ ရှာဖွေနေပြီး တရုတ်၊ ဂျပန်နှင့်
တောင်ကိုရီးယား ကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း စီမံကိန်းအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ-DDC စီမံ ခန့်ခွဲရေးဒါရိုက်တာ ဆွန်မ်ချိ ထိနဖွန်းက ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်ကို
ပြောသည်။

ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ-DDC တွင် ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာက ၂၅ ရာခိုင်နှုန်း၊ ITD က ၅၁ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်သည်။ ကျန် ၂၄ ရာခိုင်နှုန်းကို အခြားကုမ္ပဏီများ ပါဝင်လာရန် မျှော်လင့်နေသည်။

ဇန်နဝါရီလ ၂၂ ရက် စီမံကိန်းခရီးစဉ်အတွင်း ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက စီမံကိန်းကြောင့် ထားဝယ်ဒေသတွင်း သို့ ပြည်တွင်း/ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေသတိုးတက်လာမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်လမ်းများ
ပေါ်လာမည်ဟု ပြောဆိုခဲ့သည်။

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မည်ဟု ဒေသခံများက စိုးရိမ်နေသည့် စီမံကိန်းပါ မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ဇန်နဝါရီ ၉ ရက်နေ့က ပြောခဲ့သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes