Thursday 26 January 2012

တရုတ်လက်ထဲ ကျရောက်တော့မယ် လက်ပတောင်းတောင် ကြေးနီစီမံကိန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ  လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)တို့ကို ရောင်းချခဲ့တာကြောင့်  အဆိုပါ ကြေးနီစီမံကိန်း အနီးတဝိုက်မှာရှိတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာအစရှိတဲ့ ရွာလေးရွာကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ အဲဒီအပြင် အနီးတဝိုက်ရှိ လယ်ယာမြေတွေကိုပါ  တပါတည်းသိမ်းယူနေပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် စတင်၍  ဝက်မှေးရွာကို ဘူဒိုဇာနဲ့ လာဖျက်မယ်ဆိုပြီး ရွာသားတွေကို  ဝက်မှေးရွာမှ နှစ်မိုင်အကွာမှာရှိတဲ့ နေရာအသစ်ကို ပြောင်းရွှေ့ခိုင်းတာကြောင့် မပြောင်းရွှေ့လိုကြတဲ့ ရွာသားတွေနဲ့ လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။

"သူတို့အစားပြန်ပေးတယ်ဆိုတာ အဖြစ်ပဲ ပေးတာ။ ကျမတို့ သွားနေမယ်ဆိုရင် ဘယ်လိုမှ နေလို့မဖြစ်ဘူး။ ကျမတို့ သွားနေရမယ့်နေရာက နွား နေဖို့လဲ မရှိဘူး။ လူနေဖို့တောင် မဖြစ်ဘူး။ အိမ်တွေကလဲ အကြမ်းတွေကြီးပဲ ဆောက်ပေးထားတာ ။ ဘာတခုမှ အကောင်းမပါဘူး။ ကျမတို့ လယ်တွေကိုလဲ သူတို့က အစက ရွာသားတွေကို သီးနှံလျော်ကြေးဆိုပြီးတော့  ၁ ဧက ကို ၅ သိန်း ၃သောင်းနှုန်းနဲ့ လျော်တယ်။ အခုကျတော့ မြေလျော်ကြေးလိုလို ဘာလိုလိုနဲ့ ဥပဒေကို လက်တလုံးခြား ပြုလုပ်နေတာ" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

ဝက်မှေးရွာက ရွာသား၆၄ ဦးက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)က အစားပြန်ပေးထားတဲ့ ဝက်မှေးရွာနှင့် ၂ မိုင်အကွာမှာရှိတဲ့ နေရာသစ်ကို  ပြောင်းရွှေ့သွားကြပြီး ရွာသား ၄၈ ဦးကတော့ မပြောင်းရွှေ့လိုသောကြောင့် လက်ရှိရွာမှာပဲ ဆက်လက်နေထိုင်နေခဲ့ကြပါတယ်။

"ကျမတို့ ကျန်ခဲ့တဲ့ ၄၈ ဦးက ကျမတို့ရွာကနေပြီး လုံးဝ ဖယ်မပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျမတို့လုံးဝ မဖယ်ပေးနိုင်ဘူး။ ကျမတို့ ဘုန်းကြီးကျောင်းကိုလဲ ချိတ်ပိတ်ထားတယ်။ ကျမတို့ သမ္မတ ဦးသိန်းစိန်ဆီကို အသနားခံစာ တင်ထားပါတယ်။"ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး  ဦးခင်မောင်စန်း ၊ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇော်ဝင်းဟန် ၊ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် နှင့် ဌာနဆိုင်ရာ အသီးသီး လူကြီးတွေ ပေါင်းပြီးတော့ ဝက်မှေးရွာက ဘုန်းကြီးကျောင်းကို  တာဝန်မှအပ မဝင်ရဆိုပြီးတော့ ဘုန်းကြီးကျောင်းတဝိုက်မှာ စာတွေကပ်ကာ ချိတ်ပိတ်ထားပြီး အသက်(၈၀)ကျော်ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးကို နေရာသစ်ကို ပင့်ဆောင်သွားတယ်။ အဲဒီနောက်မှာ ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ (၁၀) ရက်က အာဏာပိုင်တွေက အတင်းဝင်ရောက်ဖျက်ဆီးတဲ့အခါမှာ ရွာသားတွေနဲ့ အချင်းများကြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ထိန်းသိမ်းတဲ့အတွက် လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေ ပြန်လှည့်သွားကြပါတယ်။

"ဒီကျောင်းကို နိုင်ငံတော်က ဆောက်ပေးထားတာ မဟုတ်ဘူး ။ ကျမတို့ရွာသားတွေက ချွေးနဲစာနဲ့ ဆောက်ပေးထားတဲ့ ကျောင်းဆိုတော့ လုံးဝ အပျက်စီး မခံနိုင်ဘူးဆိုပြီး တားဆီးတဲ့အတွက် ဌာနဆိုင်ရာတွေကို ဖုန်းဆက်ခေါ်ပြီး လူတွေ ထပ်ခေါ်ပြီး အင်အားပြတယ် ။ ကျမတို့ရွာကလဲ မကြောက်ဘူးလေ။ အင်္ဂလိပ်လက်အောက်လဲ ကျမတို့နိုင်ငံ ကျရောက်ခဲ့တယ်။ ဂျပန် လက်အောက်လဲ ကျရောက်ခဲ့တယ်။ အဲဒီ တိုင်းတပါးလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကတောင်မှ ကျမတို့ရွာကို လာရောက်ဖျက်တာမျိုး မရှိခဲ့ပဲနဲ့။ အခု မြန်မာပြည် ဒီမိုကရေစီလဲ ရတော့မယ်။ လွတ်လပ်ရေးလဲ ရနေတဲ့ခေတ်ကြီးကျမှ ကျမတို့ ရွာကို ဖျက်ပေးရမယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလေ။ လုံးဝအဖျက်မခံနိုင်ဘူး။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

အဲဒီနောက် ဝက်မှေးကျေးရွာရှိ စာသင်ကျောင်းမှ စာသင်ခုံတွေအပါအဝင်၊ ကျောက်သင်ပုန်းအစရှိတဲံ သင်ထောက်ကူပစ္စည်းတွေကို  နေရာအသစ်သို့ အကုန် ပြောင်းရွှေ့ထားပြီး  စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို ခေါ်ဆောင်သွားပါတယ်။ဝက်မှေးကျေးရွာရှိ ကျောင်းသားတွေဟာ  ကျောင်းမှာ မသင်ရတဲ့အတွက်ကြောင့် အနီးအနားတဝိုက် ကျောင်းတွေကို သွားအပ်တဲ့အခါမှာ မြို့နယ်ပညာရေးမှူးနဲ့ မယကတွေက လက်မခံခိုင်းလို့ ဆိုပြီးတော့ ကျောင်းသားတွေကို  လက်မခံခဲ့ဘူးဟု သိရပါတယ်။

"မယကမှ  ဦးဇော်ဝင်းဟန်က ကျမတို့ရွာကို မပြောင်း ပြောင်းအောင် နည်းမျိုးစုံ သုံးပြီး အကျပ်ကိုင်နေတာ၊ ကျမတို့က ကျမတို့ ကလေးတွေကို ကျောင်းအပ်ဖို့အတွက် ရွာနဲ့ နီးစပ်တဲ့ ရွာသစ်ကြီး ကျောင်းကိုသွားပြီးတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနဲ့ သွားတွေ့တယ်။ ဒေါ်နှင်းကလဲ သူမပိုင်ဘူးတဲ့ ၊ ဒီကမြို့နယ်ပညာရေးမှူးနဲ့ သွားပြောကြည့်ပါဦး လို့ ကျမတို့ကို ပြောတယ်။ အဲလိုပြောတော့ ကျမတို့က မြို့နယ် ပညာရေးမှူးနဲ့ သွားတွေ့တယ်။ သွားတွေ့တဲ့အခါကျတော့ မြို့နယ် ပညာရေးမှူးကလဲ အထက်က ခိုင်းလို့ လုပ်ရတာပေါ့ ။ မြို့နယ်က ဦးဇော်ဝင်းဟန်နဲ့ သွားတွေ့ပါလို့ ပြောပါတယ်။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
"ကျောင်းသားတွေက ကျောင်းဖွင့်ချိန်မှာ တနှစ်နီးပါး ကျောင်းမတက်ရတဲ့အတွက်ကြောင့် ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးရတယ် ။ ဒီပညာရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* ဆိုတဲ့ စာပိုဒ်ကို သူတို့ မဖတ်မိဘူးလားလို့ပဲ ယူဆတယ်။"ဟု ရှေ့နေ တဦးဖြစ်တဲ့ ဦးကျော်စိုးဝင်းက သူ့အမြင်ကို ဘားမားဗီဂျေ ကို ပြောပါတယ်။

အဆိုပါ ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို အရေးယူပေးပါရန် အသနားခံစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု တရားသူကြီးချုပ် ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ၊ အလုပ်သမားရေးရာ ဝန်ကြီး ၊ လယ်သမားရေးရာ ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့်  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆီကို ပေးပို့ဖို့ စီစဉ်နေပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* စာပိုဒ်အတွင်းတွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် အညီ -
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ)  ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊စာပေနှင့် အနုပညာခေတ်မှတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည် ဟု ဖော်ပြထားပါတယ်။


Photo Credit and Thank to http://chintwin.com
       
ကြေးနီ ထွက်ရှိသည့် လက်ပတောင်းတောင်              
Ref: သစ်ထူးလွင်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes