Wednesday 15 February 2012

မလေးရှားသို့ အေဂျင်စီ ဝန်ဆောင်ခ တစ်သိန်းဖြင့် မြန်မာအမျိုးသမီး လုပ်သား တရားဝင် ပို့ဆောင်ခွင့်ပြု



မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို ပို့ဆောင် လိုသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အမျိုးသမီး အလုပ်သမားများထံမှ ဝန်ဆောင်ခအဖြစ် မြန်မာကျပ်ငွေ တစ်သိန်း ယူစေပြီး တရားဝင် ပို့ဆောင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသမီး အလုပ်သမားများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်မည် ဆိုပါက အေဂျင်စီ ဝန်ဆောင်ခအဖြစ် မြန်မာကျပ်ငွေ တစ်သိန်းနှင့် အလုပ်သမား ခေါ်ယူသောကြောင့် မလေးရှားနိုင်ငံ ဘက်တွင် ကုန်ကျမည့် စရိတ်အတွက် လစာမှ ဖြတ်တောက်မည် ဆိုလျှင် မလေးရှားရင်းဂစ် ၃၀၀ ထက်မများဘဲ ခြောက်လ ဖြတ်တောက်နိုင်ကြောင်း၊ တစ်ရက်လျှင် ပုံမှန်အလုပ်ချိန် ရှစ်နာရီအတွက် အခြေခံလစာအဖြစ် မလေးရှားရင်းဂစ် ၂၁ ရင်းဂစ် အနည်းဆုံး ရရှိရမည် ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဝန်ဆောင်ခ တစ်သိန်းဆိုတာမှာ လေယာဉ်လက်မှတ်ဖိုးတို့၊
အလုပ်သမားကတ်အတွက် နိုင်ငံတော်ကို ပေးဆောင်ရတဲ့ FEC တစ်ရာတို့ ကျန်တဲ့ အခြား ကုန်ကျစရိတ်တွေတော့ မပါဘူး။ ဝန်ဆောင်ခ သတ်သတ်အတွက်ကိုပဲ ဆိုလိုတာပါ” ဟု အလုပ်သမား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီး အလုပ်သမားများ ပို့ဆောင်လိုသည့် လိုင်စင်ရ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွေးနွေးသည့် မြန်မာအမျိုးသမီး အလုပ်သမားများ မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ယင်းသို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

အမျိုးသမီး အလုပ်သမားများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ရာတွင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်၌ အလုပ်ရှင်နှင့် အလုပ်သမား လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ ၎င်းအလုပ်သမားများ နားလည် သဘောပေါက်စေရန် မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖော်ပြပေးရမည် ဖြစ်ကြောင်း၊ အလုပ်သမားများ အနေဖြင့် စာချုပ် အချက်အလက်များကို နားလည်ပြီးမှသာ လက်မှတ် ထိုးသင့်ပြီး လက်မှတ် ရေးထိုးထားသော စာချုပ်တစ်စောင်ကို မိမိလက်ထဲတွင် သိမ်းထားရန် လိုအပ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို လိုက်နာရန် လိုအပ်ပြီး အလုပ်ရှင်က စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ပါက သက်ဆိုင်ရာ နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးနှင့် အလုပ်သမား အရာရှိများထံတွင် တိုင်ကြားနိုင်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံရှိ စက်ရုံကြီးအချို့က အလုပ်သမား ခေါ်ယူရာတွင် အလုပ်သမားအတွက် လေယာဉ် လက်မှတ်ကြေး၊ ဗီဇာကြေး၊ နိုင်ငံကူးလက်မှတ်ကြေး၊ အလုပ်သမား မှတ်ပုံတင်ရန် နိုင်ငံတော်ကို ပေးသွင်းငွေ၊ အေဂျင်စီ ဝန်ဆောင်ခကိုပါ ပေးကြောင်း၊ ယင်းသို့ပေးလျှင် ကုန်ကျစရိတ်အတွက် အလုပ်ရှင်သည် အလုပ်သမားထံမှ တစ်လလျှင် မလေးရှားရင်းဂစ် ၂၅၀ နှုန်းဖြင့် ခြောက်လ ဖြတ်ယူသဖြင့် ကုန်ကျစရိတ် သက်သာသည်ဟု Golden Win ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အလုပ်ကမ်းလှမ်းလွှာတွင် ပါရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနထံမှ သိရသည်။

“ကုမ္ပဏီက တိုက်ရိုက်ရတဲ့ Demand တွေနဲ့ အလုပ်သမား ပို့မယ်ဆိုရင် အလုပ်သမားတွေအတွက် စရိတ် သက်သာတယ်။ မလေးရှားက ကြားပွဲစားတွေနဲ့ တစ်ဆင့် လုပ်ရင်တော့ စရိတ်ပိုကြီးတယ်။ အေဂျင်စီတွေ၊ ကုမ္ပဏီတွေနဲ့ တိုက်ရိုက် ချိတ်ဆက်လို့ အလုပ်သမား ပို့နိုင်ဖို့ လိုတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက သုံးသပ်သည်။

ဝန်ဆောင်ခ ကျပ်တစ်သိန်းသာ ယူရမည် ဆိုသော်လည်း အခြားကုန်ကျသည့် စရိတ်များနှင့် တွက်လျှင် မလေးရှားနိုင်ငံသို့ အမျိုးသား အလုပ်သမားများ ပို့နေသည့် ဈေးဝန်းကျင်တွင်သာ ရှိကြောင်း ပုဇွန်တောင်မြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အလုပ်သမားတွေကို လုပ်ပေးရင်း ဟိုမှာ နည်းနည်း၊ ဒီမှာ နည်းနည်း ဝင်ပါသွားရင် တစ်ခါတလေဆို အေဂျင်စီ ဝန်ဆောင်ခ တစ်သိန်းတောင် မရလိုက်ဘူး” ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသို့ အမျိုးသား အလုပ်သမားများ သွားရောက် လုပ်ကိုင်မည်ဆိုလျှင် လေယာဉ်လက်မှတ် အပါအဝင် အပြီးအစီး ရှစ်သိန်း၊ ရှစ်သိန်းခွဲ ဝန်းကျင် ဈေးပေါက်ကြောင်း ပြည်ပအလုပ်အကိုင်
အေဂျင်စီ ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

Ref: အဝေးဆီက မလေးရောက်ခရီးသည်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes