Saturday 28 May 2011

ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ လများအတွင်း ခရီးထွက်၍ ပြည်သူများနှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် တွေ့ဆုံ အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။

dassk-media
မေလ ၁၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်း ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

ထိုသို့ ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ စီစဉ်ထားခြင်း မရှိသေးကြောင်းသိရသည်။၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အထက်မြန်မာပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ် အစိုးရ ကျောထောက်နောက်ခံပြုထားသူများက ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ် ချုပ် ချခဲ့သည်။
မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းသည် မြန်မာအစိုးရသစ်အနေဖြင့် လုံလောက်သော အပြောင်းအလဲများ မပြုလုပ်နိုင်သေး သည့် အတွက် ထပ်မံတိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု သတင်းထောက်များကို ပြောကြားကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်း ထောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်နှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်း သာခွင့်မဟုတ်ဘဲ လျော့ပေါ့ခွင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။

ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း အား ယခုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ၎င်း အနေဖြင့် အစိုးရနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများ၏ ပြောဆိုမှုများကို လာရောက်နားထောင်ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်ဟု သိရသည်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး မြန်မာ အစိုးရ ၏ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် လည်း ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes