Wednesday 25 May 2011

ကာတာရောက် မြန်မာအလုပ်သမားအချို့ အခက်တွေ့နေ

(ကာတာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသည့် အလုပ်သမားများ)
“ကျွန်တော်တို့လစာက ကာတာငွေ ၈၀၀ နဲ့ ၉၀၀ ရတယ်။ အမှန် ကျွန်တော်တို့ လစာက ၁၈၀၀ န့ဲ၁၉၀၀ ပါ။ သူတို့က အိမ်လခဆိုပြီး တစ်ယောက်ကို ၁,၀၀၀ စီနုတ်ထားတယ်။ ဒီမှာလုပ်ရတာလည်း ကျွဲလို၊ နွားလိုရုန်းပြီး လုပ်ရတယ်။ ရတဲ့လစာက ၈၀၀ နဲ့ ၉၀၀ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ ဒီမှာ ကုန်ဈေးနှုန်းကလည်းကြီးတယ်”
ကာတာနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းခွင်မဝင်မီ အင်တာဗျူးစဉ်က လခနှင့် လက်တွေ့ရသောလခ ကွာခြားကာ အခက်တွေ့နေရကြောင်း ကာတာနိုင်ငံရောက် မြန်မာအလုပ်သမားအချို့က ပြောသည်။ “ကျွန်တော်တို့လစာက ကာတာငွေ ၈၀၀ နဲ့ ၉၀၀ ရတယ်။ အမှန် ကျွန်တော်တို့ လစာက ၁၈၀၀ န့ဲ၁၉၀၀ ပါ။ သူတို့က အိမ်လခဆိုပြီး တစ်ယောက်ကို ၁,၀၀၀ စီနုတ်ထားတယ်။ ဒီမှာလုပ်ရတာလည်း ကျွဲလို၊ နွားလိုရုန်းပြီး လုပ်ရတယ်။ ရတဲ့လစာက ၈၀၀ နဲ့ ၉၀၀ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ ဒီမှာ ကုန်ဈေးနှုန်းကလည်းကြီးတယ်”ဟု ကာတာနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာတစ်ဦးက ပြောသည်။ အဆိုပါ မြန်မာတစ်ဦး လုပ်ကိုင်နေရသောအလုပ်မှာ တရုတ်စားသောက်ဆိုင်ဟု အမည်တပ်ထားသော ဖိလစ်ပိုင်-တရုတ်စားသောက်ဆိုင် ဖြစ်သည်။ ထိုဆိုင်တွင်လုပ်ကိုင်သော ဖိလစ်ပိုင်ဝန်ထမ်းများမှာ ယင်းကဲ့သို့ ခေါင်းပုံဖြတ်မှုကို မခံနိုင်၍ ပြန်ပြေးကြသဖြင့် မြန်မာများ အစားထိုးခန့်ထားကာ ခေါင်းပုံဖြတ်နေခြင်းဖြစ်သည်။ မြန်မာအများစုကို အောက်ခြေသိမ်းအလုပ်ကိုသာ စေခိုင်းကြောင်း သိရသည်။

ထို့အပြင် နောက်ရောက်လာသော မြန်မာဝန်ထမ်းအသစ်များမှာ ငွေလဲနှုန်းကို မသိသည့်အတွက်လည်း အနှိမ်ခံကြရသည်။ မြန်မာငွေဈေးနှင့် ချိန်ထိုးကြည့်ပါက ကာတာငွေ(ရီယယ်) ၄၆၇ မှာ ကျပ်တစ်သိန်းဝန်းကျင်ရှိသည်။ယင်းစားသောက်ဆိုင်မှအထွေထွေမန်နေဂျာမှာ ရှေ့လာမည့်လတွင် မြန်မာလုပ်သားများအား ရန်ကုန်သို့လာရောက်တွေ့ဆုံ၍ ခေါ်ယူရန် အစီအစဉ်ရှိကြောင်းလည်း သတင်းရရှိသည်။ ယင်းနိုင်ငံတွင် မြန်မာဆောက်လုပ်ရေးလုပ်သားများလည်း တွေ့ရပြီး အခြေအနေပိုဆိုးကာ နေ့စဉ် စားသောက်စရိတ်ပါ အကြွေးမှတ် စားသောက်ရသည်အထိရှိသည်။ ပြန်ရန် စိတ်ကူးကြသော်လည်း ၂နှစ်စာချုပ်ချုပ်ထား၍ လျော်ပေးရမည်စိုး၍ မည်သူမှ မပြန်ဝံ့ကြပေ။ ထို့အပြင် ဆောက်လုပ်ရေးဝန်ထမ်းများမှာ နေ့စဉ်ယင်းနိုင်ငံ၏ အပူချိန် ၄၀ ကျော်၅၀ ဖာရင်ဟိုက်နီးပါးရှိ၍ ဆင်းရဲစွာ အလုပ်လုပ်ကိုင်ကြရသော်လည်း နေရပ်ဒေသသို့ ငွေပြန်မပို့နိုင်ကြကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများတွင်ကာတာနှင့်ဂျော်ဒန်နိုင်ငံများသည်အခြားသောနိုင်ငံများနှင့်မတူဘဲ မြန်မာနိုင်ငံမှ လုပ်သားများအား လုပ်ခလစာနှိမ်၍ ပေးချေလေ့ရှိကြသည်။ “ဒီနိုင်ငံတွေက မလေးရှားနဲ့ တူတယ်။ Outsourcing ရှိတယ်။ မြန်မာလုပ်သားတွေအကြောင်းသိတယ်။ ဒါကြောင့်လစာကို လည်းတခြားနိုင်ငံသားတွေထက် နှိမ်ပြီးပေးကြတာ”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မကြာမီက ကာတာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းခွင် မှ ပြန်လာသူတစ်ဦးကလည်း အင်တာဗျူးစဉ်လခနှင့် အမှန်တကယ်ရသောလခမှာ ကွာခြား၍ ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ငွေမစုနိုင်၍ ပြန်လာခဲ့ကြောင်း သူ၏ အတွေ့အကြုံကို ပြောသည်။

Credit: ကျော်သီဟ၊ အောင်သူရ (7Day News Journal)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes