Friday 27 May 2011

မြို့ပြမိန်းမ …(ရေးသူ - ယုပမ်)

သူသူငါငါ  ပေါပေါပဲပဲ ရနေတဲ့ အချိန်တစ်ခုကို နံနက်ခင်းလို့ အမည်တပ်မယ်ဆိုရင် မြို့ပြက မိန်းမတစ်ယောက်ရဲ့  နံနက်ခင်းက နံနက်ခင်း တစ်ခုထက် ဘာမှမပိုဘူး။ တစ်ခါတစ်ရံ မွန်းကြပ် ပိတ်လှောင် .. သာမန်ထက် မထူးချင်တဲ့ လူများစုကြားမှာ နံနက်ဆိုတဲ့ အချိန်ခဏကို ဘုရားတပြီး ဖြတ်ပေါင်းများပြီ။ အရေထူ မျက်နှာတွေရဲ့ အရောင်မွဲအကြည့်တွေ၊  ဟန်ဆောင်မှုတွေနဲ့ လန်းလန်းတက်နေတဲ့  အာရုံ နောက်စရာ လှုပ်ရှားမှုတွေ။  မြို့ပြမိန်းမအတွက် နံနက်ခင်းမှာ ရှစ်နာရီဆိုတာ နာရီကြည့်စရာ မလိုပဲ သိရလောက်အောင် မှုန်ကုပ်ကုပ် လူတွေရဲ့ ခြေသံတွေနဲ့ ခြောက်ခြောက်ချက်ချက် မြည်နေတယ်။
ကမ္ဘာကြီးပူတာမပူတာ အသာထား၊ သက်ပြင်း အခါခါချလို့ ခြေ်လှမ်းလိုက်တိုင်း မှုတ်ထုတ်နေရတဲ့ လေပူတွေကြောင့်  မြို့ပြမိန်းမရဲ့ ဟန်လုပ်တဲ့ အပြုံးတွေက  အရည်ပျော်ကွာလုနီးပါး။ ထားပါ။ သူ ကျင်လည်ရမှာက ဒီလိုပဲ သူလိုကိုယ်လို ဆေးကွာကျနေတဲ့ အရောင်စုံလူတွေ ကြားထဲမှာပဲ မဟုတ်လား။

အဲဒီလူတွေက အပြုံးတွေ ငါးပိသိပ် ငါးချဉ်သိပ်ပြီး နေ့လည်စာကို ရင်ဘတ် မပါတဲ့ စကားပြောတွေနဲ့ မျှောချဖို့ ၀န်မလေးဘူး။ တစ်ဝိုင်းထဲ အတူထိုင် ပြီး  ကော်ဖီခွက်ကို ဂုဏ်သိက္ခာရှိရှိမော့ ချခြင်းရဲ့ နောက်ကွယ်မှာ စာနဲ့ ချရေးမထားတဲ့ သံသယတွေကို ကျောချထား တယ်။ ဒီလိုနဲ့ ရေလိုက်ငါးလိုက် အသားကျနေတဲ့ စနစ်တွေကို  အားမတန် မာန်လျော့ထားတဲ့ မြို့ပြမိန်းမက ခေတ်ကို အကောင်းမမြင်မိတာနဲ့ အဆိုးမြင် သက်သက် အထင်ခံရပြန်တယ်။
အို .. အသင်လောကဆိုပြီး ဘာညာဘာညာ တစ်ခါတစ်ခါတော့လည်း အော်မေးမိချင်သား။ခေါက်ရိုးကျိုးလွန်းလို့ စုတ်ပြဲတော့မယ့် ဘ၀ယောင်ယောင်တွေထဲမှာ ဘောလုံးကွင်းတစ်ခုကို ပတ်ပြေးရနေသလို ဘယ်လောက်အထိများ သံသရာလည်နေဦးမှာလဲလို့။ နောက်မှာ ကျန်ခဲ့တဲ့ လူတွေကြည့်တော့လည်း အားတက်စရာကမရှိ၊ ဘေးမှာ ယှဉ်ပြေးနေတဲ့သူတွေကလည်း အချိန်မရွေး ခြေထိုးပစ်ဖို့ ၀န်မလေးတဲ့သူတွေ၊ ရှေ့နားဆီက ဦးဆောင်ပြေးနေ သူတွေကျပြန်တော့လည်း ပြေးကောင်းတိုင်းသာ ပြေးနေတာ ပန်းတိုင်ဆိုတာ ဘာမှန်းမသိ။ အားလုံးကိုယ်စီ အမော ဆို့နေကြတာကလွဲရင် ဒီပြိုင်ပွဲတွေမှာ မက်လောက်စရာ ဘာများရှိလဲ။
မနက် ကိုး ည ခုနစ်၊ ပုံမှန်ဖြစ်နေတဲ့ အချိန်ဇယားတစ်ခုမှာ အသားကျပြီးသား စိတ်ဓာတ်ကိုရော ဘာနဲ့ ကုန်းကောက်ရပါ့။  ထားတော့။ မြို့ပြမိန်းမက လွယ်လွယ်နဲ့ လက်လျော့တတ်တဲ့သူ မှမဟုတ်တာ။ အိမ်အပြန်ဆို ဘေးနား မှာ ချိုချိုသာသာ တွတ်ထိုးမှီဖို့ ပခုံးတစ်ဖက်မရှိလည်း အေးစက်စက်မျက်နှာပေးနဲ့ ညဥ့်နက်နက်လည်း ရဲရဲရင့်ရင့်ပဲ။ မကြားတကြား သွေးတိုးစမ်းတဲ့ လှတယ် ဆိုတာကိုပဲ  သနားစရာအကြည့်နဲ့ သဘောထားကြီးကြီး လျစ်လျူရှုထားလိုက်တယ်။ နှုတ်ခမ်းကို တင်းတင်း ဖိကိုက် ငါဘာ များတတ်နိုင်သေးလဲလို့ မေးခွန်း ထုတ်ရမယ့်အချိန်မှ မဟုတ် တာ။ ဒါဟာ ခုခေတ်ခုခါမှာ ”ဂမ်ဆမ်း ဟမ်မီသာ” လိုပဲ ကူးစက်ရောဂါ ဖြစ်နေတာပဲ။  သိက္ခာနဲ့ မာနကိုခပ်ပါးပါး အုပ်လို့ အကာအကွယ်လုပ်ရတာတောင် လွယ်တဲ့ ကိစ္စမှတ်လို့။
ပန်းဆိုးတန်းနား ခပ်လှမ်းလှမ်းမှာ ကားကြီးကားငယ်ရဲ့ လေချွန်သံတွေနဲ့ အတူ ဘားလမ်းထောင့်နားဆီက စလင်းဘတ်ကို မြဲမြဲဆုပ်ပြီး နားသယ်စပ်က ဆံပင်တွေကို နား နောက်ဘက်ဆီ လက်နဲ့ သပ်တင်နေတဲ့ နှုတ်ခမ်းနီမလေးနဲ့ ကြားမှာ မှတ်တိုင် တစ်ခုပဲခြားပေမယ့် ခြေလှမ်းစိတ်စိတ်ပဲ ဖြတ်ရင် ထောင့်ငါးရာမပြည့်ဘူး။ မြို့ပြမိန်းမ သက်ပြင်းတွေချပါတယ်။ မမြင်ချင်တစ်ဖက်လှည့်ထားရုံပေါ့၊ ရှေ့လူ ပစ်သွားတဲ့ ငှက်ပျောခွံကြည့်ပြီး အမှိုက်ပုံးရှာတဲ့ အကျင့်တောင်မှ ပျောက်နေမှပဲ။
ငါး၊ လေး၊ သုံး.. မီသေးတယ်။ သုည မရောက်ခင်ထိတော့ ရန်ကုန် ကားတွေ ကျောက်ချထားတယ်။ မမီ လည်း လွတ်ပေါ့။ တစ်ဖက်လမ်းဆီက မီးမှိန်မှိန်ပြ ပြအောက်မှာ မြိန်ရည် ယှက်ရည်နဲ့ ၁၄ ဒေါ်လာ ထိုင်စား နေကြတဲ့ဆီ အကြည့်လွှဲထားရုံပဲ။ လမ်း လယ်တုံးပေါ်က နံရိုးပိန်ပိန်နဲ့ မောင်နှမ နှစ်ယောက်ရဲ့ နှုတ်ခမ်းတစ်သပ်သပ် အကြည့်နဲ့ ဘ၀ကိုခါးသီး နာကျဉ်ပြင်းစပ်နေတဲ့ မြို့ပြမိန်းမတစ်ယောက်ရဲ့ အကြည့်က နောက်ဆုံးတော့လည်း   အမဲသားစတိခ်မှာ ဆုံမှတ်တူတယ်။
ဖြတ်သွားဖြတ်လာရင်း ရီသံသဲ့သဲ့ ကြားလို့ လှောင်သလားဆိုပြီး ရန်မစောင်လိုက်ပါနဲ့။ ရန်ကုန်ညမှာ ကိုယ့် ဇာတ်ကိုယ်ခင်းပြီး တစ်ခန်းရပ်ဟာသ လုပ်နေတဲ့သူတွေပေါတယ်။ ဘ၀အပူ ခဏပြေဖို့ အရှက်နဲ့ ယပ်ခတ်နေကြတဲ့ ကားဘီးစောင့် လူတန်းစားတစ်ရပ်ရယ်၊ အများဆိုင်နေရာမှာ ခတ်ထားတဲ့ ခြံကိုပတ်ပြီး   ကိုယ့်ဘ၀ကိုယ်ပြန်ဟောင်နေရတဲ့ အညွန့်ကျိုး လူတန်းစား တစ်ရပ်ရယ်။ ဒီလူတွေ အမြင်အာရုံထဲဝင်လာပြီ ဆိုရင်တော့ ထိန်ထိန်အလင်းအောက် မှာ ပေါ်ပေါ်တင်တင် အရှက်မဲ့နေတဲ့ မှတ်တိုင်ကရပ်ပြီး တစ်ခုပဲဆုတောင်းတယ်။ ကားမြန်မြန် လာပါစေလို့။
ကိုယ်ကိုယ်ကိုယ် အမည် မတပ်ချင်ပေမယ့် ပတ်စီးလူတန်းစား တစ်ရပ်ထဲ မပါ့ချင့်ပါချင်စိတ်မျော၊ ဘေးနား ဘယ်သူထိုင်ထိုင် တစ်ဖက်လှည့် ငိုင်နေရုံပဲ။ တစ်ခါတစ်လေလဲ မျက်ရည်ကျဲကျဲ ခပ်ဝဲ၀ဲတော့ ဖြစ်မိပါတယ်။ တိုးတိုး ကျပ်ကျပ်လူတန်းစား တစ်ရပ်ကြားမှာ   ရီဝေေ၀ ယစ်တစ်တစ်၊ တစ်ချို့များကြတော့လည်း ချစ်သူ့ရင်ခွင်မီလို့ ခိုးခိုး ခစ်ခစ်နဲ့ ချစ်လည်းချစ်နိုင်ကြရဲ့။
မရည်ရွယ်မိပဲ မဲ့ပြုံးပြုံးမိတယ်ဆိုရင်တော့ ကိုယ့်နှလုံးသားကိုယ်ပြန် ဆောရီးတ၊ နေသာဟန်ဆောင်ရတဲ့ မြို့ပြမိန်းမဘ၀။
အခု အဲဒီမြို့ပြမိန်းမ အထီးကျန်ဆန်နေတယ်။

ယုပမ်

ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes