Friday 27 May 2011

လက်ခုပ်ပန်း (ရေးသူ - မျက်ရှု)


(၁)
လေတိုက်လိုက်တိုင်း တရှဲရှဲ မြည်လေ့ရှိသည့် သစ်ရွက်ချင်း ပွတ်တိုက်တိုးဝှေ့သံကို နွေ နှစ်ခြိုက်သည်။ ဒါကမှ သဘာဝ တေးသံအစစ်ဟုပင် ခိုင်ခိုင်မာမာကြီး ကောက်ချက်ချ လိုက်သေးသည်။ ကြည့်စမ်းပါဦးတော့။  လပြည့်ညမို့ ဘော်ငွေရောင်တလက်လက် ထနေသော ၀န်းဝန်းမောက်မောက် ဆန်းလသီတဂူက အင်နှင့် အားနှင့် ထွန်းပနေသည်မှာ မဟာပထ၀ီမြေပြင်ပေါ်သို့ပင် အိဆင်းကျလာတော့ မည့်နှယ်။ လရောင် ရွှန်းမြမြသည် ခေါင်းရင်း ပြတင်းပေါက်မှတဆင့် နွေ့အခန်းထဲသို့ ညင်ညင်သာသာ ဖြာကျနေသည်။ အကိုင်းချင်းယှက်၊ အပင်ချင်း ဆက်လုမတတ် ကြီးမားတုတ်ခိုင်လှသော သက်တမ်းရင့် မန်းကျည်းပင်ကြီး နှစ်ပင် ထီးထီးမားမားကြားမှ ဖိုးရွှေလကို မျှော်ကြည့်ရင်း ငယ်ငယ်တုန်းက အိမ်ရှေ့ကွပ်ပစ်ပေါ်တွင် ကြီးတော်ကြီး၏ ရင်ခွင်ထဲ၌ မှေးစက်ကာ “ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါ” ဟူ၍ ဖိုးလနတ်သားထံ ပူဆာဖူးခဲ့သည်ကို အမှတ်ရသည်။

ဖိုးလနတ်သားဆိုသည်မှာ တကယ်တော့ ကလေးတွေ စိတ်အာသာပြေစေရန် ဖန်တီးထားသော ပုံပြင်ထဲမှ ဇာတ်ကောင်တခုရယ်ပါ။ သို့သော် ထိုဇာတ်ကောင်သည် နွေ့အတွက်တော့ စိတ်ကူးယဉ်မှု သက်သက်အဖြစ်သာ တည်ရှိမနေခဲ့ပေ။ နွေ၏ နတ်သားသည် ထမင်းဆီဆမ်း ရွှေလင်ပန်းသာမက၊ နွေ အလိုရှိပါက ကောင်းကင်တမွတ် ကြယ်ကိုလည်း ဆွတ်ပေးမည့်သူ။ ကိုကိုသည် နွေ့အဖို့ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှသည် ယခုအချိန်တိုင် ထာဝရ သူရဲကောင်းပင် ဖြစ်နေတော့သည်။ လေတချက် အဝေ့တွင် လှိုက်ခနဲ သင်းကြူသွားသော စပယ်ပန်းရနံ့လေးကြောင့် ကိုကိုနှင့် နွေတို့၏ ဖြူစင်သော အတိတ်ကာလလေးကို အောက်မေ့ရပြန်သည်။ နွေက မိန်းကလေးပီပီ ပန်းဆိုလျှင် ဘာပန်းပဲဖြစ်ဖြစ် သည်းသည်းလှုပ်ခဲ့သည်ကိုး။
နွေတို့ တောမှာဆိုတာ ဘာပန်းရှိမှာမို့လဲ။ ခြံဝန်းထဲ ပျိုးလေ့ရှိသည့် စံပယ်၊ နှင်းဆီ၊ မြတ်လေး၊ ဆပ်သွားဖူး၊ ယုဇနပန်းဝါ၀ါလေးများနှင့် လမ်းဘေးဝဲယာ အလေ့ကျ ပေါက်လေ့ရှိသော တောပန်းလေးများသာ ပန်းရယ်လို့ ပြစရာရှိသည်။ ဒေသက ကန္တရာဆန်သော သဲမြေ၊ သဲချောင်း ပတ်လည်ဝိုင်းသော နေရာတွင် တည်ရသည့် ရွာမို့ ရေခံမြေခံ မကောင်းလှ။ နွေရာသီဆိုလျှင် တညီးညီးတောက်လောင် နေသည့် သဲပူမြေနှင့် ကွင်းခေါင်ခေါင်မှ လှိမ့်တိုက်လာသော လေပူတွေကြောင့် ယာထဲ၊ ကွင်းထဲ ဆင်းရသူများ အပူဒဏ်ကို နှစ်ဆမျှ ကျောကော့အောင် ခံစားရသည်။ တော်သေး၏။ ရွာထဲမတော့ နွေတို့ ဘိုးဘွားအစဉ်အဆက်က စိုက်ပျိုးခဲ့သည့် မန်ကျည်း၊ ကုက္ကိုလ်၊ ထနောင်း၊ စိန်ပန်း၊ တမာ အပင်များကြောင့် အရိပ်ရအပင်များ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် သာတောင့်သာယာ နေထိုင်နိုင်ပါ၏။
မြေမကောင်းလေတော့ စိုက်ပျိုးရေးလည်း မယ်မယ်ရရ လုပ်လို့ မရပေ။ တောင်သူဆိုလို့ ယာလေး တကွက်၊ နှစ်ကွက်လောက်သာ လက်ထဲပြစရာ ရှိမည်။ တောင်သူကြီးရယ်လို့ မရှိ။ ကျန်သူများက ယက္ကန်းခတ်လိုက်၊ ပဲဆွတ်ချိန် ပဲဆွတ်၊ ၀ါကောက်ချိန် ၀ါကောက်၊ သည်ရာသီအချိန်မျိုး မဟုတ်လျှင်တော့ ဖျာယိုင်ပေါ့။ ယာပိုင်သူ အများစုကလည်း ရွာအရှေ့ဘက်မှ ရှားတောကြီးကို ဖြတ်ပြီး နှစ်တိုင်ခန့်သွားရသေးသည့် ယောချောင်း တဘက်ကမ်း ရေယဉ်ရွာနားတွင်သာ ထွန်ယက်စိုက်ပျိုးကြသည်။ နွေ ကျောင်းက ပြန်လာလို့ သည်ယာတောကြီးမှ ဖြတ်ရလေတိုင်း လွတ်လပ်ပေါ့ပါးမှုကို ခံစားရသည်။ ဘယ်အချိန် ကြည့်ကြည့် ရှုမငြီးစရာ ယာတောပြင်သည် ဆောင်းအခါ၌ အလှဆုံးဟု နွေ ထင်သည်။ ကြက်သွန်ခင်းစိမ်းမြမြ၊ ပြောင်းဖူးခင်း၊ နေကြာခင်း၊ ဆေးရွက်ကြီးခင်း တမျှော်တခေါ်နှင့် မနက်ဝေလီဝေလင်း အရုဏ်ပျို့ချိန် နေရောင်မှိန်ပျပျအောက်တွင် ယောချောင်းကြီး အထက်၌ မြူတွေဆိုင်းလို့။ လွမ်းစရာကြီးရယ်ပါ။
သည်လိုရှုခင်း၊ သည်လို ရနံ့၊ သည်လို သဘာဝပုံရိပ်တွေသည် နွေ့နှလုံးသားထဲက ဘယ်အခါမှ ပျောက်ပျက်သွားလိမ့်မည် မဟုတ်ချေ။ အတိတ်ပန်းချီကားထဲတွင် နွေနှင့်အတူ တပူးပူးတတွဲတွဲ ရှိခဲ့သည့် ကိုကို့ကိုရော မေ့ပျောက်စရာလား။ မမေ့နိုင်လို့သာ  ဤနေရာ ဤဌာနကို တခါတခေါက် ပြန်ရောက်ခဲ့ရပြီပဲလေ။ သည်အကြောင်းတွေ ကိုကို့ကို သိစေချင်စမ်းလှသည်။ မိုးကျတိုင်း ရေစီးသန်လှသည့် ယောချောင်းရေ အရှိန်ကြောင့် ကမ်းပါးတွေ တဖြည်းဖြည်း တိုက်စားခံရ၊ ပြိုကျခဲ့ရသလို တရွေ့ရွေ့ ကုန်ဆုံးခဲ့သော အချိန်သည်လည်း ကိုကို့စိတ်တွေကို ပြောင်းလဲစေခဲ့ပြီလား။
ည ကိုးနာရီပင် ခွဲလုပြီ။ တကယ်ဆို မောင်ချောတယောက် ပြန်လာဖို့ သင့်ပြီ။ နွေ သည်လောက် အဖြစ်သည်းပြီး တမျှော်မျှော်ဖြစ်နေတာ နည်းနည်းပါးပါး အကြောင်းပြန်လာဖို့တော့ ကောင်းသည်ဟု အပြစ်တင် စောလိုက်မိသည်။ ဒါမှမဟုတ် ကိုကိုနှင့် မတွေ့လို့လား။ ကိုကိုကပဲ နွေ့ကို မတွေ့ချင်ပါဟူ၍ ငြင်းဆန်နေလို့ မောင်ချော ဖျောင်းဖျနေရသလား။ နွေ စိတ်မောလှပါသည်။
အနောက်တောင် ထောင့်မှ လျှပ်ပန်းနွယ်တို့ တချက်တချက် လက်သွားသည်ကို မြင်လိုက်ရသည်။ လေထဲမှ မိုးငွေ့ပါသလိုလို ခံစားမိသည်။ မိုးရွာတော့မည်ထင့်။ အညာမိုးဆိုတာ သိပ်မှန်းလို့ရတာမဟုတ်။ မရွာတော့လည်း မရွာလို့၊ ရွာပြန်တော့လဲ တအုန်းအုန်း၊ တ၀ုန်းဝုန်း။ မိုးကသည်း၊ လေကထန်ဆိုလျှင် ယောချောင်း၏ ရေစီးသံက ကြောက်စရာ သတ္တ၀ါတကောင် အော်မြည်နေသလို ထိတ်လန့်စရာ ကောင်းလှသည်။
“ဟဲ့ ရှင်နွေ ဒီခလေးမ မအိပ်သေးဘဲကိုး။ မိုးချုပ်နေပြီ။ ညည့် မောင်ချောလဲ မျှော်မနေနဲ့တော့။ ဒီအကောင် တောင်ဆို မြောက်ရောက်တာရယ်။ ဘယ်သဝေထိုးနေမှန်းမသိ။ တကတည်းတော်.. အကဲပိုလိုက်တဲ့ မိန်းမ။ သူ့မယ် ရောက်ကတည်းက အေးအေးလူလူကို မရှိဘူး။” ကြီးတော်က ထေ့သလို၊ ငေါ့သလိုနှင့် နှစ်သိမ့်ပေမယ့် နွေ နားမ၀င်နိုင်ပါ။ နွေခေါင်ခေါင် မိုးခြိမ်းသလို နွေ့ရင်ထဲမယ် ပူလောင်ထစ်ချုန်း နေရပါသည်။
“နွေ စောင့်ချင်သေးတယ် ကြီးတော်။ မိုးကလည်း ခြိမ်းရုံ ခြိမ်းတာပါ။ ရွာမယ့်ဟန် မရှိပါဘူး။”
 “မပြောတတ်ပေါင်အေ။ ဒီဘက်မယ် ဥတုရာသီ မမှန်တာ ကျောင်းထိုင်ဆရာတော် ဦးကေသရ ပျံလွန်တော်မူတဲ့ နှစ်ကတည်းပဲ။ အဲတုန်းက မိုးခေါင်လိုက်တာ လွန်ရော။ မိုးကျရမယ့် အချိန် မကျ။ အနှံသီးချိန်လဲ အောင်ရေလေးမှ မရ။ ပဲပေါ်ချိန်ကျမှ တအုန်းအုန်း ထရွာလို့။ တပေါင်း၊ တန်ခူး သူ စိတ်ရှိလို့ ရွာရင်လဲ ဒီမယ် မဆန်းတော့ပါဘူးအေ။”
ကြီးတော် စကားကြောင့် ပိုပြီး စိတ်ပင်ပန်းရပြန်သည်။ ဆယ်စုနှစ်တခုစာမျှသော ကာလအပိုင်းအခြားသည် အရာရာကို အမှန်ပဲ ပြောင်းလဲစေခဲ့သည်။ ၀တ်ရုံဟောင်းကို ခွာချ၍ ၀တ်ရုံသစ် ခြုံလွှမ်းလိုက်ခြင်းမျိုးတော့ မဟုတ်။ သည်မနက် ရွာကို ရောက်တော့ နွေ တွေ့မြင်ရသည့် အသွင်အပြင်၊ မြင်ကွင်းအဖုံဖုံသည် ဟောင်းနွမ်းမှုန်မှိုင်းလျက်။ ရုပ်ဝတ္ထုပစ္စည်းတွေသာ အသွေးအရောင် မတောက်ပြောင်တော့သည်သာမက ရွာဆွေ ရွာမျိုးတို့၏ အပြုံးအရယ်ကိုသော်တောင်မှ တိတိပပ လင်းလင်းထင်းထင်း မတွေ့မိခဲ့။ ခါတိုင်း တပေါင်း၊ တန်ခူးဆိုလျှင် တောင်သူတို့ ငွေစကြေးစ ရွှင်ချိန်မို့ သည်ရွာတွင် ဆိုင်းသံ၊ ဗုံသံ တညံညံနှင့် ထမင်းရေ ချောင်းစီး မောင်းတီးပြီး အလှူပေးနေကျ။ ခုတော့ကား တိတ်ဆိတ်ခြောက်ကပ်နေသော ရွာကလေးတွင် လင်မယား ရန်ဖြစ်၍ ဆဲဆိုသံများ၊ ကလေးငိုသံများနှင့်သာ စီညံနေတော့သည်။
“ညည်းကိုလဲ ငါ အံ့သြတယ်သိလား။ မိန်းမကြိုက်တော့ စိုက်စိုက်လာဆိုသလို ဣနြေ္ဒမရလိုက်တာ။ ဟိုကဖြင့် အိမ်ထောင် ဘယ်နှဆက်မှန်းမသိ ကျနေပေါ့ဟာ။ ဒင်းလို လူမျိုး မိုးကြိုးတင်လဲ ပစ်၊ မြေတင်လဲ မျိုမှ အေးမယ်။”
ကြီးတော် စကားသံပင် မဆုံးသေး။ နွေတို့ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး သိမ့်ကနဲ တုန်သွားလောက်သည်အထိ ကျယ်လောင် ပြင်းထန်သော မိုးခြိမ်းသံကြောင့် အသည်းငယ်သွားမိသည်။ ဒါ နိမိတ်ပြတာလား။ နွေ လက်မခံချင်။ ပိုးခနဲ ပက်ခနဲ ဟောဟောဒိုင်းဒိုင်း ပြောချလိုက်သည့် ကြီးတော်ကိုပင် စိတ်ခုချင်မိသည်။ သည်လောက်တော့ မပြောသင့်ပါဘူးလေ။ အဖြစ်အပျက်မှန်သမျှကို ကံဇာတ်ဆရာ အလိုကျဟူ၍ နွေ ပုံမချချင်သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အမှောင်ထဲကိုမှ ဇွတ်တိုး ၀င်လိုက်မိရသူများလည်း ရှိပေမည်။ ကိုကို့အပေါ် ထားရှိသော နွေ့မေတ္တာသည် ဘာအစွန်းအထင်းမှ မပါ။ အုပ်လုံးပင် မသိမ်းတတ်သေးသော အရွယ်တွင် စတင်နှောင်ဖွဲ့ခဲ့သည့် သံယောဇဉ်တွင် ဘယ်လို မျှော်ကိုးချက်တွေ ပါနေနိုင်မှာမို့လဲ။
မိုး၏ ရှေ့ပြေးအဖြစ် တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် လေကြမ်းက စတင် ဆော်သွေးပြီမို့ ပြတင်းတံခါးများ အားလုံး လိုက်ပိတ်ရပါပြီ။ တရွာလုံး အမှောင်အတိကျလျက်။ လရောင်အလင်းသည်ကား တိမ်မှောင် ဖုံး၍ ပျောက်ကွယ်ရချေပြီ။ နွေတို့ အိမ်လို ဘတ္ထရီမီးချောင်း ထွန်းနိုင်သူ အိမ် သုံး၊ လေးအိမ်သာ မှိတ်တုတ် မှိတ်တုတ် မီးရောင်ရှိနေတော့သည်။ ထိုစဉ် ခပ်ကြမ်းကြမ်း သရမ်းလိုက်သည့် လေနှင့်အတူ နွေ အနံ့တခုကို ရှုရှိုက်မိသည်။ သည်အနံ့… သည်အနံ့။ နွေ သိပ်မှတ်မိတာပေါ့။ ဘယ်လိုအနံ့ပဲ ဖြစ်ဖြစ် မွှေးပျံ့ကြိုင်သင်းလျှင်တော့ “ရနံ့” ဟုသာ သုံးနှုန်းမည်။ သို့တည်းမဟုတ် မနှစ်မြို့ဖွယ်အနံ့ဆိုလျှင်မူကား “အနံ့”၊ “နံသည်” ဟု ပြောတတ်သည်။ သို့သော် သည်လို အော်ဂလီဆန်စရာ အနံ့ကို နွေသည် ရင်းရင်းနှီးနှီး၊ လွမ်းလွမ်းဆွေးဆွေး ရှုရှိုက်နေမိသည်။ နွေ့လိုပင် သည်အနံ့ကို ဘယ်သူမှ မကြိုက်။ ကြီးတော်လည်း မကြိုက်။
“ပြတင်းပေါက်တွေ ပိတ်စမ်းပါ မြန်မြန်။ လက်ခုပ်ပန်း အနံ့တွေ နံလွန်းတယ်အေ” ဟူသော ကြီးတော်၏ ကပျာကယာ လောဆော်သံကို ကြားလိုက်ရသည်။
(၂)

“ကြီးတော် … ကြီးတော် ကိုကို မကောင်းဘူး။ ဘာပန်းကြီးမှန်း မသိဘူး။ နွေ့ကို လာပေးတယ်။ အီးစော်နံတယ်”
ကြီးတော်က ချည်မျှင်ရှင်းနေရာမှ နွေ့ကို လှမ်းကြည့်ပြီး ရယ်သည်။ ပန်းကြိုက်လှပါသည်ဆိုသော ကလေးမ၊ ဘယ်ပန်းမြင်မြင် အငမ်းမရလှသည့် ကလေးမ မှတ်စမ်းဟဲ့ဟု ဆိုတော့မယောင်။
“အဲဒါ လက်ခုပ်ပန်းလို့ ခေါ်တယ် မိနွေရဲ့။ ဒီလောက်နံတဲ့ ပန်းကို ဒီကလေးကလဲ…” ကိုကို့ဘက်သို့ လှည့်ကာ ကြိမ်းရင်း “ကိုကိုက နှမလေးကို ချစ်လို့ ပြောင်တာပါကွယ်။ ဒီပန်းက ပန်လို့မရဘူး” ဟု နွေ့ကို ချော့လေသည်။
သည်လောက် နံသည့်ပန်းကို ပန်ချင်လှပါသည်ဟူ၍ နွေ ဇွတ်အတင်း ပူဆာမှာကို ကြီးတော် စိုးရိမ်နေဟန် ရှိသည်။ နွေက ပြောရသည်မဟုတ်။ သရက်ဖူးတွေကိုတောင် ပန်မည်တကဲကဲ လုပ်တတ်သေးသည်ကိုး။ နွေတို့ ၀ိုင်းထဲက စပယ်ရုံကြီး ဖွေးဖွေးလှုပ်အောင် ပွင့်ပြီဆိုလျှင် ပွင့်သမျှ ပန်းအားလုံး နွေ့ခေါင်းပေါ်သို့ တင်ချင်သည်။ ကြီးတော်က ပန်းတချို့ကို ဘုရားသို့ ကပ်သည်။ ကျန်တာတွေကိုတော့ ကြိုးဖြင့် သီပြီး အိုမီဂါဆံပင်လို ကုပ်ပေါ် ၀ဲကျနေသော နွေ၏ ဆံနွယ်လေးများအထက်၌ ၀ိုင်းပတ်ပေးလိုက်သည်။ ပန်းပွင့်တာ နည်းလျှင်တော့ အနည်းအကျဉ်းလောက်ကိုသာ ကလစ်ဖြင့် ညှပ်ပြီး ပန်ပေးတတ်သည်။ ကိုကိုကလည်း ပန်းကြိုက်သော နွေ့အတွက် ဦးကေသရ ကျောင်းဝန်းထဲတွင် မနက်တိုင်း ခရေပန်းကောက်ပြီး ပေးတတ်လေသည်။ ခရေပန်းခြောက်များကိုတော့ ကြီးတော်က အုန်းဆီထဲတွင် ထည့်စိမ်လေသည်။ ခရေပန်းရနံ့သင်းသော အုန်းဆီဝ နေသည့် နွေ၏ ကေသာကြော့အထက်တွင် ပန်းတမျိုးမဟုတ် တမျိုး အမြဲနေရာ ယူနေတတ်လေသည်။ သည်လက်ခုပ်ပန်းက လွဲလျှင်ပေါ့။ အဆုပ်လိုက် ပွင့်သော နီညိုရောင် ခပ်ရင့်ရင့် လက်ခုပ်ပန်းပွင့်ကြီးများသည် အဝေးကပဲ ကြည့်ကြည့် အနီးကပ်ပဲ ကြည့်ကြည့် လိုချင်တပ်မက်ဖွယ်ရာ မရှိပါချေ။

“ကြီးတော်ကလဲ ဒီလောက် ရုပ်ဆိုးပြီး နံတဲ့ ပန်းကို နွေက ပန်ပါ့မလား။ ပန်းဆိုတာ လှရမယ်၊ မလှရင်တောင် အနံ့မွှေးမှ ဘုရားတင်ရင်လဲ တင်၊ ပန်ချင်လဲ ပန်လို့ ရတော့မှာပေါ့။ ဒီပန်းက ဘာသုံးလို့ ရလဲဟင်” လက်ပံပွင့်တွေလို ချဉ်ရည်ချက်လို့ရရင်လည်း ကောင်းသားဟု တွေးရင်း မေးလိုက်ခြင်း ဖြစ်သည်။
“စကားကလဲ တတ်လိုက်တာအေ။ ဘာမှ သုံးလို့မရပါဘူး။ အပွင့်လဲ သုံးမရဘူး။ အသီးလဲ သုံးမရဘူး။ သူ့အပင် ခုတ်လိုက်ရင်တောင် အသားကို ဘယ်နေရာမှ သုံးမရဘူး။ အခေါက်တော့ မပြောတတ်ပေါင်အေ။ သွေးလိမ်းရင် လေနာပျောက်သလိုလို ရှေးလူကြီးများ ပြောတာ ကြားဖူးရဲ့။ ဟုတ်မဟုတ်တော့ စမ်းမကြည့်လို့ မသိပေါင်”
“ဟင် ဒါဆိုရင် ဒီအပင်ကြီးကို ဘာလို့ စိုက်ထားတာလဲ ကြီးတော်။ နွေတို့လဲ နားခေါင်းပိတ်ထားရတယ်။ လေအောက်ဘက်ကျတဲ့ အရီးတင်တို့ အိမ်ဘက်ဆိုရင်လဲ နံလွန်းလို့တဲ့ တံခါးတွေ ပိတ်ထားကြတယ်”
“သြော်.. ဒီခလေးမနှယ် အမေးအမြန်း ထူရန်ကော။ တခြားနေရာ သုံးမရပေမယ့်အေ.. အရိပ်တော့ ရတာပဲ မှုတ်လား။ နေပူထဲကနေ လာလို့ ဒီလိုကြီးကြီးမားမား အပင်အောက်ကို ခဏပဲ ခိုလိုက်ရတယ်ပဲထားဦး။ နည်းလားအေ့ ကိုင်း..”
 နွေ့သဘောဆိုလျှင်တော့ ပန်းဖြစ်ပြီး ပန်းဂုဏ်အင် ဘာတခုမှ မရှိသည့် လက်ခုပ်ပန်းကို နည်းနည်းလေးမှ မလိုလားမိ။ နွေဦးကျလျှင် အဆုပ်လိုက် ပွင့်တတ်သည့် ပေါက်ပန်းတွေသော်တောင်မှ အချင်းမရှိသော်ငြား အဆင်းရှိ၍ အဝေးမှကြည့်လျှင် တပင်လုံး ချင်းချင်းနီနေသည့် ပေါက်ပန်းနီနှင့် တပင်လုံး ဖွေးဖွေးလွင်နေသည့် ပေါက်ပန်းဖြူတို့ကြောင့် ရှစ်ခွင်တိုင်း ပတ်လည်မှာ အလှချင်းပြိုင်လျက်ရှိတော့သည်။ သည်လိုဆိုလျှင် ပေါက်ပန်းက လက်ခုပ်ပန်းထက် တန်ဖိုး ပိုရှိတာပေါ့နော်။
ဘာပဲဖြစ်ဖြစ် လက်ခုပ်ပန်းကို အကြောင်းပြု၍ ကိုကိုနှင့် နွေတို့ ပိုရင်းနှီးခဲ့ရသည်။ ချင်းတောင်သို့ တာဝန်ဖြင့် ပြောင်းရွှေ့သွားသော ဖေဖေသည် မိတဆိုး သမီးလေး နွေ့ကို ကြီးတော်၏ အုပ်ထိန်းမှုအောက်တွင် ရှိစေလို၍ သည်ရွာသို့ ပို့ခဲ့ခြင်းဖြစ်သည်။ ဖေဖေနှင့် ခွဲရကာစက တမှိုင်မှိုင် တတွေတွေနှင့် လွမ်းနာကျနေသော နွေသည် ကိုကို့ အကြင်နာတွေကြောင့် လန်းဆန်းခဲ့ရပါသည်။ ကိုကိုသည် နေရာတကာ နွေ့ကို ညှာလွန်းသည်။ ပြီးတော့ သူ့နှမလေးကို မခံချင်အောင် စတတ်၊ နောက်တတ်သေးသည်။ နွေ စိတ်ဆိုးလို့ သူ့ ကျောပြင်ကို တဘုံးဘုံး ထုရိုက်တိုင်းလည်း စိတ်မဆိုးတတ်။ နွေ အနိုင်ကျင့်သမျှကို ခံလေသည်။
နွေပေါက်ပြီဆိုလျှင် နွေတို့ ကလေးတသိုက် လက်ပံ့ပွင့်ကောက်၊ ဇီးသီးကောက် ထွက်ကြသည့်အခါ တယောက်နှင့် တယောက် အပြိုင်အဆိုင် ယှဉ်ပြိုင်ကောက်လေတိုင်း နွေ နိုင်အောင် ကိုကိုက မသိမသာ ကူညီပေးတတ်သည်။ ဇီးသီးကောက်ရင်း တအောင့်နေလို့ ချွေးလေးစို့လာပြီဆိုလျှင် မန်းကျည်းပင်အောက် သွားထိုင်ပြီး ကိုကို ချိုးလာပေးသော ပြောင်းဖူးများကို မောမောနှင့် သည်အတိုင်း တဇိဇိ မြည်အောင် နှစ်ယောက်သား စားကြလေသည်။ ပြီးလျှင် ယောချောင်းထဲ နေကုန်နေခမ်း ဆင်းဆော့။ ချောင်းထဲတွင် ဆော့ရတာ အားရသည်ရှိမှ ကမ်းပေါ် ပြန်တက်လာပြီး သဲသောင်ပြင်တွင် တွင်းတူးကာ မြှုပ်ခဲ့သည့် နွေ့ မန်းကျည်းစေ့တွေကို ပြန်ဖော်ပြီး နှစ်ဦးသား ပြန်လည် ရေတွက်ကြလေသည်။ နွေက မန်းကျည်းစေ့တောက်တမ်း ကစားတိုင်း အနိုင်ရနေကျမို့ သည်မန်းကျည်းစေ့များနှင့် ပတ်သက်လာလျှင် အစွဲအလန်းကြီးလွန်းသည်။ သူအနိုင်ရသည့် မန်းကျည်းစေ့များကို သောင်ပြင်မှာ မြှုပ်လျှင် တိုးပွားလာတတ်သည်ဟု ကိုကိုက နောက်လိုက်သည်ကို ယုံကြည်ပြီး လာမြှုပ်ထားသည်။ ပြီးတော့ သူ့မှာ နေ့တိုင်း မန်ကျည်းစေ့ ရေရတာ အမော။ ကိုကိုက နွေမသိအောင် မန်ကျည်းစေ့များ ခိုးထည့်ပေးထားလျှင် မန်ကျည်းစေ့တွေ အမှန်တကယ် ဆပွားလာသည်ဟု ထင်ပြီး ပျော်နေတတ်လေသည်။ ကိုကိုသည် နွေ ပျော်အောင် ထိုသို့ ကြံဖန်ပေးတတ်သူရယ်ပါ။
တခါကလည်း မိုးတွင်းကြီး ကျောင်းမှ အိမ်သို့ ပြန်လာချိန်တွင် ချောင်းရေကျချိန်နှင့် တိုးသဖြင့် ကိုကိုက နွေ့ကို ကုန်းပိုးပြီး ဖြတ်ရာ ချောင်းလယ်ရောက်မှ နွေက ရုတ်တရက် သတိရပြီး ပြောတော့သည်။
“ကိုကို နွေတို့ မန်ကျည်းစေ့တွေရောဟင်။ ရေထဲ မျောကုန်ပြီ ထင်တယ်။ ဟင့်အင်း မရဘူး ပြန်ဆယ်မယ်”

“မဖြစ်ဘူး နွေရဲ့။ ခဏနေ ချောင်းရေသန်လာတော့မှာ ဟိုဘက်ရောက်အောင် မြန်မြန်ကူးထားရမယ်။ မန်ကျည်းစေ့တွေက ရေနဲ့ မမျောပါဘူး။ ရေကျသွားရင် ဒီအတိုင်း ကျန်ရစ်ခဲ့မှာ” ကိုကိုက ဘယ်လိုပဲ ချော့ချော့ နွေက ခေါင်းမာသည်။
“ကိုကို မရှာချင်ရင် ထားခဲ့။ နွေ တယောက်တည်း ဆင်းရှာမယ်” ဟူ၍ ပေကပ်နေသဖြင့် နောက်ဆုံး နှစ်ယောက်သား ချောင်းထဲတွင် ဟိုစမ်းစမ်း သည်စမ်းစမ်းနှင့် မန်ကျည်းစေ့ ရှာပုံတော် ဖွင့်နေခိုက် အိမ်ပြန်နောက်ကျ၍ စိုးရိမ်နေသော ကြီးတော်ကြီး လိုက်လာကာ တဘက်ကမ်းမှ လှမ်းအော် သတိပေးမှပင် မပြန်ချင့် ပြန်ချင်နှင့် ပြန်ခဲ့ရလေသည်။
တခါတလေ ကျောင်းသို့ တန်းတန်းမတ်မတ်မသွားဘဲ ရေယဉ်ရွာ အလွန်ရှိ စပါးခင်းများ ကြားတွင် လယ်ပိုင်ရှင်၏ ကလေးများနှင့်အတူ စာခြောက်ပေးသေးသည်။ သည်ဘက် ကလေးတသိုက်က “ဝေး” ဟု အသံကို ခပ်ကျယ်ကျယ် ဆွဲပြီး အော်လိုက်လျှင် တဘက်ကလည်း “လာလာလာလာ” ဟူ၍ အသံကိုမြှင့်၍ တလှည့်အော်ပေးသည်။ ငှက်ကလေးများကား ရည့်မှည့်စ ပြုနေသော စပါးခင်းအထက်တွင် ၀ဲကာ ပျံကာလုပ်လျက် အသံရပ်သွားသည်နှင့် တပြိုင်နက် ထိုးဆင်းလာကာ စပါးစေ့လေးများကို ဆွဲယူသည်။ နွေက ထိုသို့ ငှက်ခြောက်ရသည့် အလုပ်ကို အတော်ပျော်လေသည်။ သည်တခုတည်းကြောင့်ရယ်တော့ မဟုတ်။ လယ်ကွင်းများကို ဖြတ်သန်း တိုက်ခတ်လာသော စပါးနံ့သင်းသည့် လေကို ရှုရှိုက်ရတာကြောင့်လည်း ပါသည်။ ဘယ်လို လတ်ဆတ်မှုမျိုးနှင့်မှ မယှဉ်နိုင်သည့် သန့်စင်လှသော လေဖြစ်သည်။
တောနေ တောထိုင် သဘာဝကို နွေ အလွန်ပျော်မွေ့ပါသည်။ ကိုကို တောထဲသို့ သွားပြီး နွားစာရိတ်သွားလျှင်လည်း တကောက်ကောက် လိုက်သည်ပင်။ ကြီးတော်ကြီးက ပေါင်တွင်းကြော ဆွဲလိမ်ပြီး “မိနွေရဲ့ ညည်းက မနက်ဖြန် သန်ဘက်ခါဆိုရင် အပျိုဖြစ်တော့မှာ။ မိန်းကလေးဆိုတာ အသက်ကြီးကြီး ငယ်ငယ် ယောက်ကျဒွေ (ယောက်ျားတွေ) နဲ့ ဒွေးရောယှက်တင် နေရတာမှုတ်ဘူး။ ငါတော့ ခက်ရချည်သေးရဲ့” ဟူ၍ တဗျစ်တောက်တောက် ပြောတာကိုပင် မနာခံခဲ့ပေ။ ကိုကိုတို့ သားအဖက ကြီးတော်၏ ယာတွင် ခိုင်းဖော်ခိုင်းဖက် ဖြစ်နေခြင်းကြောင့် ကိုကိုနှင့် အပေါင်းအသင်းမလုပ်စေလို၍ ပြောခြင်းဖြစ်သည်ဟုသာ ထင်ခဲ့မိသည်။
တကယ်ပဲ နွေတို့ ခွဲခွာဖို့ အချိန်တန်ခဲ့ပြီလား။ ထိုခွဲခွာမှုသည် ကြီးတော် ပြောသလို မသင့်တော်၍ ခပ်ခွာခွာ နေရမည့် ပုဝါတကမ်း လက်တကမ်း ဝေးကွာခြင်းမျိုးမဟုတ်။ တဘ၀လုံးစာအတွက် ခွဲခွာခြင်းမျိုး ဖြစ်သည်ဟု ထိုအချိန်ကတည်းက နွေ ရိပ်မိဖို့ သင့်သည်။ ဖေဖေ ရန်ကုန်ကို ပြောင်းရွှေ့ဖို့ တာဝန်ကျသည်ဟု ကြီးတော် ပြောစဉ်က နွေ့မှာ ၀မ်းနည်းရမည်လား၊ ၀မ်းသာရမည်လား ယောင်နနနှင့်။ နွေ့ထက် ပိုပြီး ခံစားရမည့်သူက ကိုကိုပါ။

“ကိုကို နောက်နှစ် ကျောင်းဆက် မတက်တော့ဘူး နွေ။ ဒီနှစ်လဲ စာမေးပွဲ အောင်မှာ မဟုတ်ဘူး”
“ဘာလို့လဲ ကိုကို။ ပိုက်ဆံ မရှိရင် နွေ ကြီးတော်ကို ပြောပေးမှာပေါ့။ ဖေဖေ့ကိုလည်း ပြောပေးမယ်လေ။ ကြီးတော် မပေးရင်တောင် ဖေဖေက ကိုကို့ကို ပေးမှာပါ”။ ကိုကိုက ခပ်ယဲ့ယဲ့ပြုံးသည်။
ပြီးမှ နွေ့ ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း ညင်သာတိုးတိတ်သည့် အသံလေးဖြင့် ….
“မဖြစ်ဘူးလေ ညီမလေးရယ်။ ကိုကို စာလဲ ဆက်မသင်ချင်တော့ဘူး။ ခုနစ်တန်းကိုပဲ ကျတာ နှစ်ခါ ရှိနေပြီ။ အောင်ခဲ့ ရင်တောင်မှ ရှေ့လျှောက် စာသင်နိုင်ဖို့ ထည့်စဉ်းစားရမှာတွေက အများကြီး။ ကိုကို ကုသိုလ်ကံ သိပ်ထူးလို့ ဘွဲ့ရရင်တောင် ဒီရွာမှာ တောင်သူ့သား တောင်သူပဲ ပြန်ဖြစ်ရတာပါပဲ။ ကိုကိုက ထိုင်းတယ်။ အဲလောက်ထိလဲ ဖြစ်မှာမဟုတ်ဘူး”
ကိုကိုက လူကြီးဆန်ဆန် လေးလေးနက်နက် ပြောနေလေတော့ နွေ့မှာ ဘယ်လို ချေပရမည်မှန်းမသိ။ တကယ်ဆို ကိုကို ပြောသလို အလုပ်အကိုင် အခွင့်အလမ်းမရှိ၍ တောင်သူ့သား တောင်သူပဲ လုပ်ရသည်ထားဦး၊ ပညာတခု၏ တန်ဖိုးမှာ တချိန်ချိန်တွင် အသုံးဝင်လာနိုင်ကြောင်း စသဖြင့် သိုင်းသိုင်းဝိုင်းဝိုင်း နွေ ရှင်းပြသင့်ခဲ့သည်။ သို့ပေမယ့် လေးတန်းကျောင်းသူအရွယ် နွေ့မှာ ထိုသို့ ရှင်းပြဖို့ နေနေသာသာ ကိုကို ပြောသည့် ဘ၀၏ အဘိဓမ္မာများကိုပင် ရေလည်အောင် သဘောမပေါက်။
နွေတို့ ပြန်ကြမည့်နေ့က ကိုကို ပြောသည့် စကားတခွန်းကိုဖြင့် စွဲနေအောင် မှတ်ထားမိသည်။
“နွေ စာကြိုးစားနော်။ ဒါပေမဲ့ နွေက တက္ကသိုလ်ကျောင်းသူကြီးဖြစ်ရင် ကိုကိုတို့ကို မေ့သွားမှာပါ”

“ဘာလို့ မေ့ရမှာလဲ။ နွေက ကိုကို့ကို စာလာသင်ဦးမှာ၊ အဲဒီအခါကျမှ ထွက်မပြေးနဲ့”
ထိုသို့ ပြောတုန်းကတော့ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ ကလေးစိတ် မပျောက်သေးသည့် နွေမို့ ပြန်ကြဖို့ လှည်းပေါ်လည်း တက်ရော ကြူကြူပါအောင် ငိုတော့သည်။ ထိုအခါ ကိုကိုက တထွာကျော်မျှသော ပုဆိုးနံငယ်ပိုင်းလေးဖြင့် စည်းနှောင် ထုပ်ထားသည့် လက်ဆောင်ကို နွေ့အတွက် ဆိုပြီး ပေးသည်။ လမ်းကျမှ ဖွင့်ကြည့်ဟုလည်း မှာသည်။ သူ့လက်ဆောင်က ပျော့စိစိနှင့်။
ရွာနှင့် ဝေးသွားသည့်အခါကျမှ နွေ ဖွင့်ကြည့်လိုက်တော့ ခပ်နွမ်းနွမ်း လက်ခုပ်ပန်းပွင့်လေးကို တွေ့လိုက်ရသည်။ နွေဖြင့် စိတ်ဆိုးလိုက်တာ။ ကိုကိုကတော့ နွေ့ကို နောက်ဆုံးအချိန်အထိ ပျော်စေချင်၍ စနောက်ခဲ့ဟန် တူ၏။
တစတစ ကုန်ဆုံးလာခဲ့သော အချိန်သည် ကြာတော့ စကားပြောလာတော့သည်။“မေ့မှာပါ” ဟု နွေ့အား ခနဲ့ခဲ့သော ကိုကိုသည် နွေ့ကို အရင်မေ့သွားခဲ့သည်။ နွေ ပါးလိုက်သော သ၀ဏ်လွှာများသည်လည်း ဘယ်ဆီ ဘယ်ဝယ်နေသည်မသိ။ ယာတောထဲမှာလား၊ ချောင်းထဲမှာလား တနေရာရာမှာ ကျပျောက်သည်ထင့်။ စာမလာ၊ သတင်းမကြား နွေ့မှာသာ လူကြုံတိုင်း ကိုကို့အကြောင်း စနည်းနာ၍သာ နေရတော့သည်။
“တမြို့စီခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ… လေလှိုင်းကြားက ခွန့်ဆင့်ပါရဲ့ဆွေ ချစ်သူမောင်ရေ… ချစ်သူမောင်ရေ… ငယ်စဉ်ခါတုန်းကလေ တောရွာတောဓလေ့ တို့တွေအတူနေ ခုများတော့ မေ့အား… မေ့ထားနိုင်ရက်ပေ… မောင့်ကိုချစ်တာ တစ်ခုပဲသိတယ်လေ မေတ္တာအသင်္ချေ… ဝေးတမြေ ခြားသူ မောင်ရေ”  ကိုကိုသည် နွေနှင့် အတွေးရော၊ အမြင်ရော၊ ဘ၀ပါ အမှန်ပင် ကမ္ဘာခြားခဲ့ချေပြီ။
 (၃)
 တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး အသံများကြောင့် နွေ နိုးလာသည်။ နိုးနိုးချင်း ပထမဆုံး သတိရမိသည်က မောင်ချော။ မောင်ချော မနေ့ညက အိမ်ပြန်လာသေးသလား။ ကိုကိုနှင့် တွေ့ခဲ့သေးလား ဆိုသည်ကို သိချင်လှသည်။ အောက်ထပ်တွင် တယောက်နှင့် တယောက် အသံခပ်အုပ်အုပ် ပြောနေသည့်အထဲမှ တချက်တချက် ဟိန်းထွက်လာသော အသံက မောင်ချောအသံနှင့် တူသလိုလို။ သည်ကြားထဲ ကြီးတော်၏ အလန့်တကြား ရေရွတ်သံများကိုလည်း မသဲမကွဲ ကြားရသည်။
“ဘာဖြစ်နေတာလဲ ကြီးတော်” ရုတ်တရက် ကြားလိုက်ရသော နွေ့အသံကြောင့် ကြီးတော် မလုံမလဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။  ကြီးတော် မျက်ဝန်းတွေက တခုခုကို ဖုံးကွယ်ထားလိုဟန်နှင့်။ 
“အေးအေ။ ခဏ ထိုင်ဦး ငါ့တူမ” ကြီးတော်က ဘယ်က စပြောရမည်မှန်း မသိ၍သာ အချိန်ဆွဲလိုက်ခြင်းဖြစ်သည်။ ဆေးပေါ့လိပ်ဖွာလိုက်၊ သက်ပြင်းချလိုက်ဖြင့် နွေ့ကို ပြောသင့်၊ မပြောသင့် ချိန်ဆလျက် ဂနာမငြိမ် ဖြစ်နေသော ကြီးတော်ကို ကြည့်ရင်း တစုံတရာကို နွေ စိုးရိမ်မိလာသည်။
“မင်းအောင် ညက ဓားခုတ်ခံရတယ်တဲ့။ အလောင်းကို ဒီမနက် ပြောင်းခင်းထဲမှာ တွေ့တာပဲ”

ကြားလိုက်ရသော မယုံနိုင်စရာ စကားလုံးများသည် နားဝမှတဆင့် နွေ့ အသည်းနှလုံးကို အရှိန်ပြင်းပြင်း ၀င်ဆောင့်သည်။ အကွေ့အ၀ိုက်မပါသော ကြီးတော်၏ စကားလုံးများကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ကြားနေရပါလျက်  နားကြားမှာတာပါဟုသာ ထင်နေမိသည်။ “အလောင်း” တဲ့။ “ဓားခုတ်ခံရတယ်” တဲ့။ “ပြောင်းခင်းထဲမှာ” တဲ့။ အို ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ။ နွေ တွေ့ချင်လွန်းလှတဲ့ ကိုကိုက နွေ ရွာကို ရောက်သည့် ညမှာပဲ သူများ သတ်လို့ သေပြီတဲ့လေ။ အိပ်မက်တခုသာ ဖြစ်လိုက်စမ်းပါတော့။ “မဖြစ်နိုင်ဘူး” ဟု နွေ စူးစူးဝါးဝါး အော်လိုက်မိသည်။ တကိုယ်လုံးလည်း တုန်ယင်လျက်။

“မဖြစ်နိုင်တာ ကြီးတော်ရယ်၊ ဘယ်သူကများ ကိုကို့ကို ဘယ်လို အငြှိုးအတေးနဲ့ အခုလို ရက်ရက်စက်စက် သတ်ရတာလဲ။ မဟုတ်သေးဘူးထင်တယ်။ ကိုကိုရော ဟုတ်ရဲ့လားဟင်။” သည်တော့လည်း ကြီးတော်က နွေ့ရှိုက်သံကို မကြားယောင်ပြုကာ ခုနစ်သံချီ အော်တော့သည်။
“ဟုတ်လိုက်သမှအေ။ ဒီလိုအကောင် ဒီလမ်းကြောင်းပဲ သွားရမှာ။ ဒီလောက် မိုက်ရိုင်း စော်ကားနေတဲ့ အကောင်၊ ဟိုတုန်းက ကျေးဇူးတွေမှ မထောက်။ တရွာလုံးကို ဒုက္ခပေးပြီး သူများ သားပျို၊ သမီးပျိုကို ဖျက်ဆီးတဲ့အကောင်၊ သူခိုး၊ ဓားမြ။ သေသင့်တာ ကြာလှပေါ့ဟာ”
“ဒွေးလေးကလဲ တိုးတိုး ပြောပါဗျ။ ပုလိပ်တွေ ကြားသွားမှဖြင့် စစ်လား၊ ဆေးလား လုပ်နေပါဦးမယ်”  မောင်ချော သတိပေးသည်ကိုပင် ဂရုမစိုက်ဘဲ … “ကြား ကြားတော်။ အရေးစိုက်လို့။ ခုမှ ငတို့ ရွာကလူတွေလည်း ကျီးလန့်စာစားရတဲ့ ဘ၀က ကျွတ်တော့တယ်။ သတ်သွားတဲ့ မောင်မင်းကြီးသားကိုတောင် ငါက ကျေးဇူးတင်သေးတာ” ဟု ဒေါနှင့် မောနှင့် ဆိုနေသေးတော့သည်။
“ညည်း ဘာမှ ၀မ်းနည်းပက်လက် ဖြစ်နေစရာမလိုဘူး” တဲ့။ နွေ နားခါးလိုက်တာ။ ကိုကိုဟာ နွေနှင့် မတွေ့လိုက်ရသည့် ဆယ့်ငါးနှစ်အတွင်းမှာပင် သည်လောက်တောင် တရွာလုံး၏ အော့ကြောလန် ဖြစ်နေပြီတဲ့လား။ နွေ မယုံချင်။ နွေ သိခဲ့ဖူးသော စာနာညှာတာတတ်သော ကိုကိုမှ ဟုတ်ပါလေစ။ အခင်းဖြစ်ရာ ပြောင်းခင်းထဲသို့ နွေ ရောက်တော့ ကိုကို့မျက်နှာကို ဖျာဖြင့် အုပ်ထားသည်ကို တွေ့ရသည်။ ခေါင်းပြတ်ဖို့ တည်းတည်းလေးသာ လိုတော့သည်တဲ့။ မျက်နှာတခုလုံး ဓားနှင့် မွှန်းသွားသည်မှာ ရစရာမရှိတဲ့။ တရားခံခမျာ ဘယ်လောက်တောင်မှ နာကျည်းနေသလဲမသိ။
မျက်နှာကို မမြင်ရသော်လည်း ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင်၊ အသားညိုညိုနှင့် ထိုသူသည် နွေ့ ကိုကိုပါဟု ဆိုသည်ကို မည်သို့ ယုံကြည်ရပါမည်လဲ။   ညက မိုးရွာထားသဖြင့် မြေပြင်က နူးအိနေသည်မို့ တရားခံ၏ သဲလွန်စကို ရဲများက ရှာဖွေနေသည်။ အလောင်းနား မည်သူ့ကိုမှ ကပ်ခွင့်မပေး။ ရွာထဲက လူတွေကလည်း ဟိုနားတဖွဲ့ သည်နားတဖွဲ့ ရုန်းစု ရုန်းစုနှင့်။
“ကျုပ်တော့ ကိုလှသန်းကြီးများလားတောင် သံသယဖြစ်မိရဲ့။ တမြန်နှစ်က သူ့နွားလေးကို မင်းအောင် ခိုးပြီး တဘက်ရွာကို ရောင်းစားတော့လေ ခမျာမယ် ဒေါသထွက်လွန်းလို့ တုန်နေတာပဲ။ သူ့မယ် သိသိကြီးနဲ့ လက်ဆုပ်လက်ကိုင်လဲ မပြနိုင်၊ မင်းအောင်တို့ဘက်ကလဲ အုပ်စုတောင့်တော့ သည်လိုပဲ ငြိမ်ခံလိုက်ရတာ။ ကျုပ်မှာ နွားမရှိတော့ရင် ဘာနဲ့ လုပ်ကိုင်စားသောက်မလဲလို့ ငိုရှာတာ”

“မပြောတတ်ပေါင်အေ။ အဲလို ယိုးစွပ်ရမယ်ဆိုရင်ဖြင့် ကျုပ်တို့ တရွာလုံး အချုပ်ထဲ အကုန်ရောက်ကုန်ဖို့ ရှိတော့တာပဲ။ သူကြာခိုဖူးတဲ့ လှလှမြင့်ယောက်ျား ထွန်းပ သတ်တာရော မဖြစ်နိုင်ဘူးလား”

ကိုကိုသာ ယနေ့မနက်အထိ သက်ရှိထင်ရှား ရှိနေဦးမည်၊ နွေနှင့်လည်း တွေ့ခွင့်ရဦးမည်ဆိုလျှင် သည်အကြောင်းအရာများအတွက် ကိုကို့ထံမှ ဖြေရှင်းချက် တောင်းမိမှာအမှန်။ ကြီးတော်ကတော့ ရွာစဉ်တလျှောက် နွားလှည့်ခိုးပြီး ရသည့် ပိုက်ဆံဖြင့် တောင်သူတွေကို စိုက်ပျိုးငွေ ကြိုထုတ်ပေး၊ ပဲပေါ်ချိန်ကျတော့ မတန်တဆ ဈေးချပြီး အကြွေးနှင့် နှိမ်၊ တရွာလုံးမှာလည်း သူနှင့် မကင်းနိုင်သဖြင့် ဂုတ်သွေးစုပ်မှန်း သိသိရက်နှင့်ပင် ဆက်ဆံနေရသည်မို့ မရဏလမ်း မြန်မြန်မြန်းတာ ကောင်းသတဲ့လေ။
ဘ၀တူချင်း စာနာရိုင်းပင်းရမည့် စိတ်တွေ ပျောက်ဆုံးကုန်လောက်အောင် ဘယ်အရာတွေကများ ကိုကို့နှလုံးသားကို ခက်ထန်စေခဲ့သလဲဆိုတာ နွေ သိချင်လွန်းလှသည်။ အခုတော့ ကိုကို့ အလောင်းနားတွင် မည်သူမှ ငိုကြွေးမည့်သူ၊ ကြေကွဲမည့်သူ မရှိ။ နွေ ရင်နာလှပါတယ် ကိုကို။ ဟိုတုန်းက အချိန်တွေနှင့် ဟိုတုန်းက ကိုကို့ကိုသာ နွေ တမ်းတမိသည်။ ယမန်နေ့ညက ဘ၀တပါးသို့ ပြောင်းသွားသော ကိုကို့ကိုတော့ အများသူကာလို နာနာကျည်းကျည်း မုန်းသင့်သည်ထင်ပါသည်။

ညက လေရော မိုးရော ပါသဖြင့် လက်ခုပ်ပန်းတချို့ ကြွေကျကုန်သည်ဟု ဦးကေသရ ကျောင်းရှေ့က ဖြတ်ခိုက် ကိုရင်လေးများ ပြောသည်ကို ကြားလိုက်ရသည်။ နွေ လှမ်းကြည့်လိုက်တော့ လက်ခုပ်ပွင့်တွေဝေေ၀ဆာဆာ ပွင့်နေဆဲပါပဲ။ နွေ ကိုကို့ကို လွမ်းရပြန်လေသည်။
မျက်ရှု
ဧပြီ ၂ ရက်၊ ၂၀၁၁ ခုနှစ်
ဤနေရာမှ တဆင့်ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes