Tuesday 20 September 2011

မြန်မာ့အရေး အိန္ဒိယ သံအမတ်ဟောင်းများ ဆွေးနွေး

နယူးဒေလီ (မဇ္ဈိမ) ။        ။ “မြန်မာပြည် စပ်ကူးမတ်ကူး ကာလ၊ အာရှတိုက်သားများ အမြင်” Myanmar in Transition: Asian Perspectives ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ စဏကျပူရ သံတမန် ရပ်ကွက်တွင် တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့သည်။

တံခါးပိတ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် သံအမတ်ကြီးများအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူများ၊ အိန္ဒိယ နိုင်ငံခြား
ရေး အတွင်းဝန်ဟောင်းများ၊အိန္ဒိယ ကြည်းတပ်၊ ရေတပ်မှ ဗိုလ်ချုပ်ကြီးဟောင်းများ တက်ရောက်ကြသည်။ မြန်မာ
ပြည် အပေါ် ချမှတ်ထားသည့် လက်ရှိ အိန္ဒိယ အစိုးရပေါ်လစီအား ကမ္ဘာ့အခင်းအကျင်း၊ အိမ်နီးချင်း အခင်းအကျင်း များနှင့် လျော်ညီစွာ ပြောင်းလဲချမှတ်သင့်ကြောင်း အိန္ဒိယ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

“အိန္ဒိယက ဗမာပေါ်လစီကို ပြောင်းလာခဲ့တဲ့ ၁၉၉၂ ကစပြီး ကြည့်ရင် ဆယ်စုနှစ် ၂ခု ပြည့်တော့မယ်ပေါ့။ ဘယ်လောက် အကျိုးကျေးဇူး ရသလဲ ဆိုတဲ့ အချက်တွေကိုလည်း ကြည့်ကြတော့ ခုလို ဆက်ဆံရေး အနေအထား
ပေါ်လစီကို ထားရုံနဲ့တော့ မဖြစ်သေးဘူးဆိုတဲ့ကောက်ချက်ကို ချကြတာ များပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်
ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာပြည်အကြောင်း စာအုပ်များ ရေးသားပြုစုခဲ့သူ Bertil Lintner လည်း Political Reconciliation –
Reality or Chimera? စာတမ်း တင်သွင်းခဲ့ကြောင်း “သူကတော့ အခုဖြစ်နေတဲ့ အပြောင်းအလဲဆိုတာ တွေဟာ တကယ် ယုံကြည်စရာ မကောင်းသေးဘူးဆိုတဲ့ဒေါင့်က ပြောပြီးတော့၊ အခုဖြစ်ပျက် ပြောင်းလဲနေတာတွေဟာ
နောက်ကြောင်း မပြန်နိုင်စရာအကြောင်း မဟုတ်တာတွေ ဖြစ်တယ် These are not irreversible. ဆိုတာနဲ့ နိဂုံး ချုပ်ပါတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

ဆွေးနွေးပွဲအား Vivekananda International Foundation မှ ကမကထပြု စီစဉ်ခြင်း ဖြစ်ပြီး မနက်ပိုင်းတွင်
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးကြပြီး ညနေပိုင်းတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ စီစဉ်ရာတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇင်ယော်လည်း ပါဝင်ဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်မလာခဲ့ပေ။ အငြိမ်းစား သံအမတ်ကြီးများ ဖြစ်ကြသည့်
Amb Ranjit Gupta, Amb Rajiv Sikri, Amb Kanwal Sibal, Amb Rajiv Bhatia နှင့် Amb Bhaskar Mitra တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး လူ ၃ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲမှာ တံခါးပိတ် ဆွေးနွေးပွဲဖြစ်သည့် အလျောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် အငြိမ်းစား အရာရှိကြီးများ၏ ဆွေးနွေးချက်များအား တာဝန်ထမ်းဆောင်ဆဲ အိန္ဒိယ အရာရှိများက အလေးတယူ ပြုလေ့ရှိသဖြင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးအတွက် အကျိုးရှိနိုင်ကြောင်း
ဒေါက်တာတင့်ဆွေက ပြောဆိုသွားသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes