Thursday 22 September 2011

ထိုင်းသို့ အမျိုးသမီးလုပ်သားများ G to G စနစ်ဖြင့် တရားဝင်ပို့ဆောင်

ထိုင်းနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံ အစိုးရ နှစ်နိုင်ငံ သဘောတူညီချက် (G to G) စနစ်အရ အလုပ်သမားဝန်ကြီးဌာန ၏ တရားဝင် ခွင့်ပြုချက်ဖြင့် မြန်မာအမျိုးသမီး အလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားဝင်ပို့ဆောင်ခွင့်ပေးလျက်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူရာတွင် အမျိုးသား အလုပ်သမားထက် အမျိုးသမီး အလုပ်သမားများကို ပိုမိုခေါ်ယူလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များထံမှ စုံစမ်း သိရှိရသည်။

အမျိုးသား အလုပ်သမား ၃၀ ခေါ်ရင် အမျိုးသမီးအလုပ်သမား ၁၂၀ လောက်ကို ခေါ်ပါတယ် ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အသက် ၄၀ အရွယ်အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ပို့ဆောင်မည် ဆိုပါက ပထမဦးစွာ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန သို့ အလုပ်သမား၏ ကိုယ်ရေး အချက်အလက်များနှင့် ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းယူ ရကြောင်း၊ အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှ သာလျှင် မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သော ကော့သောင်း မြို့သို့ပို့၍ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ဝန်ဆောင်မှုပေးကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်များတွင် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်း အတွက်သာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ကြသော မြန်မာ အမျိုးသမီး များသည် ရော်ဘာစက်ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ၊ အထည်ချုပ် စက်ရုံ၊ စည်သွတ်ဘူး စက်ရုံ၊ အချိုရည် စက်ရုံများတွင် အဓိကလုပ် ကိုင်ကြကြောင်း၊ အခြေခံလစာအဖြစ် တစ်ရက်လျှင် နေစရိတ် အပြီးအစီး ထိုင်းဘတ် ၁၇၆ ဝန်းကျင်မှ ၂၁၅ ဝန်းကျင် အထိ (အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ဝန်းကျင်မှ ခုနစ်ဒေါ်လာဝန်းကျင်အထိ) ရရှိနိုင်မည်ဖြစ်ကြောင်း၊ အချိန်အားဖြင့် တစ်ရက်လျှင် ရှစ်နာရီလုပ်ကိုင်ရမည်ဖြစ် ပြီး တစ်ပတ်လျှင် တစ်ရက်နားခွင့်ရရှိမည်ဖြစ်ကြောင်း အေဂျင်စီဈေးကွက်အတွင်းမှ သိရှိရသည်။


ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ထိုင်းအလုပ်ရှင်များ၏ တောင်းဆိုမှုအရ ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ဝန်ဆောင်မှုပေးလျက်ရှိရာ အေဂျင်စီဝန်ဆောင်ခမှာ ကျပ်သုံးသိန်းခွဲ ဝန်းကျင်မှ လေးသိန်းခွဲ ဝန်းကျင် အထိပေးရမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရသည့် အချိန်မှစ၍ ထိုင်းနိုင်ငံသို့ သွားခွင့်ရသည်အထိ အထွေထွေ စရိတ်များကို အလုပ်သမားဘက်မှ ကျခံစရာမလိုအပ်ဘဲ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ယူ၍ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်းတွင် သွားရောက်လုပ်ကိုင်ရသောအခါ ထိုင်းအလုပ်ရှင်က အလုပ်သမားကို နယ်စပ်မှ လာခေါ်ယူသော ကုန်ကျစရိတ်နှင့် အလုပ်သမားခေါ်ယူ အသုံးပြုထားရသည့် အထွေထွေ စရိတ်အတွက်မူ အလုပ်သမားရရှိသည့်လစာမှ တစ်လလျှင် ဘတ် ၁၀ဝ၀ နှုန်းဖြင့် ၁၀ လအရစ်ကျ ဖြတ်တောက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ဝန်ဆောင်မှု ပေးနေသော အေဂျင်စီများ၏ ပြောကြားချက်အရ သိရှိရသည်။


ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ အသက် ၅၀ နှစ်အရွယ်အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးကမူ ထိုင်းကို အမျိုးသမီး တရားဝင်သွားခွင့်ပြုလိုက်တာ ကောင်းပါတယ်။ တရားဝင်ခွင့်မပြု ဘူးဆိုရင်လည်း သွားနေ ကြတာပဲလေ။ အခုလို ခွင့်ပြုလိုက်တော့ လုပ်ငန်းခွင်မှာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ရင်လည်း သက်ဆိုင်ရာဌာနကို တရားဝင် တောင်းဆိုလို့ ရတာပေါ့၊ တရားဝင်အကူအညီတောင်းလို့ရတာပေါ့။ သူတို့အတွက် ပိုလုံခြုံသွားတာပေါ့ဟု ၄င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes