Tuesday 20 March 2012

ဆောက်လုပ်ရေး အလုပ်သမား (၁၉)ဦး လုပ်အားခ ဘတ်သုံးသိန်းကျော် ရရှိရန် အမှုဖွင့်

20120319a 


ထိုင်းနိုင်ငံ၊ စမွန်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ ၀မ်ဖန်ထိုင်း (ဖလန်းဆောင်လမ်းမကြီး) ၀ပ်ဘန်းလှိုင် ဘုန်းတော်ကြီးကျောင်း အနီးရှိ ပန်းရံဆိုဒ်မှ မြန်မာအလုပ်သမား (၁၉)ဦးထံမှ ထိုင်းမန်နေဂျာက ဖြတ်တောက်ထားသည့် ဘတ်ငွေ သုံးသိန်းကျော် ရရှိစေရန်အတွက် အလုပ်သမား ကူညီရေးအဖွဲ့တို့က ယခုလ (၁၆)ရက်နေ့က စီစဉ်ခဲ့ကြကြောင်း သိရှိရသည်။
ယာယီပတ်စ်ပို့ လုပ်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ (၉၂၀၀)စီ ဖြတ်တောက် ထားခဲ့သည်။ ထို့အပြင် ထိုင်းအစိုးရ သတ်မှတ်ထားသည့် မဟာချိုင်နယ်မြေ တစ်နေ့လုပ်အားခ (၂၁၅)ဘတ်နှုန်း မရှင်းပေးပဲ အမျိုးသားအလုပ် သမားများအား (၁၈၅)ဘတ်နှင့် အမျိုးသမီး အလုပ်သမားများကို တစ်နေ့ (၁၇၅)ဘတ်နှုန်းသာ လုပ်အားခ ရှင်းပေးခဲ့သည်။ ထို့ကြောင့် အလုပ်သမားများ ရရှိရန် စုစုပေါင်း ဘတ်ငွေ သုံးသိန်းကျော် ဖြစ်သည်။

အလုပ်သမားအဖွဲ့ ဦးဆောင်သူ ကိုမွန်က “ယာယီပတ်စ်ပို့ လုပ်ဖို့အတွက်ဆိုပြီး အလုပ်ရှာဖွေရေး လူကြီးက ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ပြီး အမျိုးသားတစ်ဦးစီ (၃၀၀၀)စီဖြတ်တယ်။ ၀င်ငွေနဲတဲ့ အမျိုးသမီးတွေကို ဘတ်တစ်ထောင်စီ ဖြတ်ခဲ့ပါတယ်။ အလုပ်သမားထဲက ဦးမောင်မြင့်ကို ပုလိပ်ဖမ်းတော့ ပုလိပ်က ဘတ်အသစ် လုပ်ဖို့ အကြံဉာဏ် ပေးလိုက်တယ်။ ဒါကြောင့် ကျနော်တို့ ဘတ်ကိုဆက်ပေးဖို့ ပြောတဲ့အခါ မတ်လ (၈)ရက်နေ့ပေးမယ်လို့ ပြောပါတယ်။ သင်ပုန်းကြီးမှာ ဟိုဖြတ်ဒီဖြတ် (၆၂၀၀)ရှင်းပေးမယ်လို့ ရေးထားတယ်။ ဒါပေမယ့် (၁၁)ရက်နေ့အထိ ရှင်းမပေးတာကြောင့် ကျနော်တို့ BATကို အကူအညီ တောင်းခံခဲ့ပါတယ်”ဟု ပြောသည်။

အလုပ်သမားများသည် ၂၀၁၁ ခုနှစ် မေလ ကတည်းက ဤပန်းရံဆိုဒ်သို့ အလုပ်စတင် ၀င်ရောက်လုပ် ကိုင်ခဲ့သူများ ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အလုပ်သမား (၃၇)ဦးဆီမှ ငွေဖြတ်ထားခဲ့သော်လည်း အလုပ်သမား (၁၈)ဦးတို့မှာ အဆိုပါ ပန်းရံဆိုဒ်တွင် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)တာဝန်ခံ ဦးကျော်သောင်းက “ဒီအလုပ်သမားတွေ အတော်ညီညွတ်ကြတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်။ တစ်နေ့တည်း အလုပ်ဝင်ကြတဲ့ သူတွေဖြစ်တယ်။ မကျေနပ်လို့ အလုပ်ထွက်ရင်လည်း တစ်နေ့တည်း အလုပ်ထွက်ကြသူတွေ ဖြစ်နေတယ်။ ထူးခြားတာက သူတို့တွေဟာ မိမိနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးနဲ့ အလုပ်က ငွေရှင်းပေးတဲ့ စာရွက်ဟူသမျှကို စနစ်တကျ သိမ်းထားကြတယ်။ FEDက ကူညီပေးထားတဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံပြီး အလုပ်လုပ်တဲ့အခါ အချက်အလက်တွေ ပြည့်စုံတာကြောင့် ကျနော်တို့ အလုပ်သမားတွေဘက်က အားရှိတာပေါ့”ဟု ပြောသည်။
အလုပ်သမားများ ရသင့်သည့် ဘတ်ငွေ သုံးသိန်းကျော် ကိစ္စနှင့် ပတ်သက်ပြီး လာမည့် ဧပြီလဆန်း (၃)ရက်နေ့တွင် မဟာချိုင် တရားရုံးသို့ လာရောက်ခဲ့ကြရန် ရှေ့နေအဖွဲ့က အလုပ်သမားများအား ချိန်းဆိုခဲ့သည်။

Ref: GHR

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes