Friday 9 September 2011

ယာဉ်ကြောပိတ်မှုများသည့်ဘန်ကောက်တွင် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး

တနင်္လာနေ့က ဘန်ကောက်ရဲများ အရေးပေါ် သားဖွားမှုတွင် အစွမ်းပြနေပုံ (မန်နေဂျာအွန်လိုင်း ဓာတ်ပုံ)

ဘန်ကောက်မြို့တွင် ဆေးရုံသွားနေသည့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးသည် လမ်းပိတ်ဆို့မှုကြောင့် ဆေးရုံသို့ အချိန်မီ မရောက်ရှိဘဲ အငှားကားပေါ်တွင်ပင် ကလေးမွေးဖွားခဲ့ရပုံကို ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားကြသည်။

တနင်္လာနေ့ နံနက်က ထိုသို့ မွေးဖွားစဉ် လမ်းပြပုလိပ်က အကူအညီပေးခဲ့သည်ဟု အသက် ၂၂ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းစန်းစန်းသိန်းက BBC မြန်မာဌာနကို ပြောပြသည်။"ဆေးရုံ မမီဘူး၊ ကားပေါ်မှာ မွေးတယ်လေ။ ရေမွှာလည်း ပေါက်ရော တက္ကစီပေါ်မှာ ခဏလေးနဲ့ မွေးတယ်။ ပုလိပ်တွေလည်း လာကူညီပေးတယ်။ အရမ်း ကျေးဇူးတင်တယ်။ ကလေးလည်း ကျန်းမာရေး ကောင်းတယ်" ဟု ဆိုသည်။

ကလေးမွေးရာတွင် ကူညီခဲ့သူ ရဲအရာခံဗိုလ်က "ကျနော်တို့အလုပ်က ကလေး မမွေးသေးဘူး ဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ရောက်အောင် ရဲကနေ ဦးဆောင်ပြီး ခေါ်သွားပေးရပါတယ်။ တကယ်လို့ ကားထဲမှာ မွေးတယ် ဆိုရင် ကလေး အသက်ရှူနိုင်အောင် သန့်ရှင်းမှုတွေ အရင်ဆုံး လုပ်ပေးရတယ်" ဟု ပြောဆိုကြောင်း BBC ၏ ထုတ်လွှင့်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့တဲ့ ၁၈ နှစ်ကစပြီး ဘန်ကောက်ရဲများက အရေးပေါ်ကလေးမွေးဖွားမှုတွင် ကူညီခဲ့ရာ ယခုအချိန်အထိ ကလေးပေါင်း ၁၀၀ နီးပါး ကူညီ မွေးဖွားပေးခဲ့သည်ဟု ရဲအရာခံဗိုလ်က ဆိုသည်။

ဘန်ကောက်မြို့ Din Daeng လမ်းဆုံ အနီးမွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တက္ကစီမောင်းသူက လမ်းပြပုလိပ်တို့ကို အကူအညီတောင်းသဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

ကလေးမွေးဖွားမည့်ရက်မှာ သောကြာနေ့ ဖြစ်မည်ဟု ဆေးရုံက ကြိုတင်တွက်ချက်ထားသော်လည်း တနင်္လာနေ့တွင် ဗိုက်နာပြီး မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြထားသည် ဘန်ကောက်တွင် နေထိုင်သော မိုးမခ ပရိသတ်တဦးက ပြောပြသည်။

ကလေး၏မိခင်သည် ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
မိုးမခအထောက်တော် အမှတ် ၀၁၂
(ဓာတ်ပုံ - dailynews co th)

(ဓာတ်ပုံ - toptenthailand.com)

ကလေးမွေးပြီး နောက်ဆုံးတွင် ဆေးရုံဝန်ထမ်းများ ရောက်လာသည် (မန်နေဂျာအွန်လိုင်း ဓာတ်ပုံ)
 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes