Tuesday 27 September 2011

အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် ဆောင်ရွက်နေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိ ဟု ဦးကျော်ဆန်း ပြောကြား

712
အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေကြားစဉ်
အမျိုးသားပြန်လည် စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထောင်စု အစိုးရကိုယ်စား ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့ အစီအစဉ်တွင် ရခိုင်ပြည်နယ် မဲဆန္ဒ နယ် အမှတ်(၁၀) အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးအုန်းတင်၏ ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်တွင် စတင်နိုင်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိဘူး ဆိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသား ပြန်လည်စည်းလုံးရေးနဲ့ ပတ်သက်ပြီး ကနေ့အခါမှာ နိုင်ငံတော် အစိုးရအနေနဲ့ နည်းလမ်းသုံးခု နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နံပါတ်(၁) နည်းလမ်းကတော့ မိမိတို့နဲ့ အမြင်သဘောထား မတူတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ အနေနဲ့ အမြင်သဘောထား တူတာတွေကို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ကမ်းလှမ်းဖိတ်ခေါ် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ ကနေ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ပြောရေးဆို ခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
‘‘အဲဒီလို နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနဲ့ သဘောထား တူညီတာတွေကို ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ရဲ့ စွမ်းအားနဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ဖော်ဆောင်နိုင်မှာ ဖြစ်သလို အဲဒီ နှစ်ဦးနှစ်ဖက် အတွင်းမှာလည်း နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုမြင့်မားရရှိအောင် ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဲဒီလို အမြင်သဘောတူတာတွေ ပူးပေါင်းဆောင်ရွက်လို့ နှစ်ဖက်နားလည်မှုနဲ့ ယုံကြည်မှုတွေ တိုးမြှင့်လာတာနဲ့ အမြင်မတူသေးတဲ့ အကြောင်းအရာတွေကိုလည်းပဲ တစ်ဆင့်တက်ပြီးတော့ ဖြေရှင်းဆောင်ရွက်နိုင်ကြပြီး နှစ်ဦးနှစ်ဖက်စလုံး အတွက် win-win situation ကို ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်’’ဟု ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။
‘‘ဒုတိယ ဆောင်ရွက်နေတဲ့ နည်းလမ်းကတော့ ၁၇-၈-၂၀၁၁ ရက်နေ့မှာ MICC ခန်းမမှာ ကျင်း ပခဲ့တဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ်က တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ နိုင်ငံတော် သမ္မတကြီးက အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိပါက အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော် တို့ စဉ်းစားပေးမှာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင်  တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာ ဖြစ်ကြောင်းလို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။  အဲဒီလမ်းညွှန်မှာကြားချက်အတိုင်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား များကို ကိုယ့်နိုင်ငံကို ပြန်လာဖို့ ကမ်းလှမ်းပြီး အမျိုးသားပြန်လည် စည်းလုံးရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ကနေ့အခါ ပြန်လာသူများနဲ့ ပြန်လာဖို့ ပြင်ဆင်နေသူများရှိနေတာကို ၀မ်းမြောက်ဖွယ် တွေ့ရှိကြရမှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
‘‘နံပါတ် (၃) နည်းလမ်း ကတော့ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ၊ အခြေခံဥပဒေနဲ့အညီ အသွင်ပြောင်းလဲမှုကို မဆောင်ရွက်နိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသားပြန်လည် စည်းလုံးရေးကိုတည်ဆောက်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး ကမ်းလှမ်း ချက် ၁/၂၀၁၁ ကို ထုတ်ပြန်ဆောင် ရွက်လျက်ရှိတာလည်း ကိုယ်စားလှယ်ကြီးများ အားလုံးအသိ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန် ဆောင်ရွက်မှုကြောင့် ယခုအခါ ‘၀’  အထူးဒေသ(၂) တိုင်းရင်းသား လက်နက်ကိုင်များနဲ့ လည်းကောင်း၊ မိုင်းလား အထူးဒေသ(၄)  တိုင်းရင်းသား လက်နက်ကိုင်များနဲ့ လည်းကောင်း ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး တည်ဆောက်မှုအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီး ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတဲ့အခါမှာ ပြည်ထောင်စုအစိုးရကဖွဲ့စည်းပေးတဲ့ ငြိမ်းချမ်း ရေးတည်ဆောက်မှုအဖွဲ့နဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးပြီးတဲ့အခါမှာ ငြိမ်းချမ်းရေး(သို့မဟုတ်) အမျိုးသား ပြန်လည်စည်းလုံးရေးကို အောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။ အလားတူပါပဲ အခြားသော လက်နက်ကိုင်များနဲ့ ထိတွေ့ဆွေးနွေးမှုများ စတင်နိုင်အောင် လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်’’ ဟု ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။
Source: Eleven Media Group 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes