Monday 26 September 2011

ရေလုပ်သားများ အရေး အလုပ်ရုံ ဆွေးနွေးပွဲ ထိုင်းတောင်ပိုင်းတွင် ကျင်းပ

ရေလုပ်ငန်းနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ထိုင်နိုင်ငံ တောင်ပိုင်း ရနောင်းမြို့ရှိ လူထုသိပ္ပံကျောင်း အစည်းဝေး ခန်းမတွင် နှစ်ရက်ကြာ ကျင်းပလျှက် ရှိသည်။
ဆွေးနွေပွဲသို့ ထိုင်းနိုင်ငံဘက်မှ ထိုင်းအစိုးရ အာဏာပိုင် အဖွဲ့အစည်းများနှင့် ထိုင်း ရေလုပ်ငန်းရှင်များအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ထိုင်းတောင်ပိုင်း အခြေစိုက် နိုင်ငံတကာ အန်ဂျီအို တချို့အပါအ၀င် ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့လည်း တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် တက်ရောက် ဆွေးနွေးနေသော FED မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ရေလုပ်ငန်းတွင် လုပ်ကိုင် နေကြသော အလုပ်သမားများ အခြေအနေများနှင့် ပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် ရေလုပ်သားများ အတွက် နေထိုင်ခွင့် လက်မှတ်များ စဉ်ဆက်မပြတ် လုပ်ပေးသင့်ကြောင်း အကြံပြုခဲ့သည်ဟု ပြောသည်။

“ထိုင်း ရေလုပ်ငန်းရှင်တွေ အဖွဲ့က ရေလုပ်ငန်းမှာ ပြဿနာတွေ သိပ်မရှိတော့ဘူး ဆိုပြီး ပြောတယ်။ မြန်မာတွေကို နိုင်ထက်စီနင်း လုပ်မယ်ဆိုရင် ထိုင်းတွေ သေသွားမှာပေါ့တဲ့။ လှေတစ်စီမှာ ဗမာတွေ ကအနည်းဆုံး (၂၀)လောက် ပါတာဆိုပြီး ငြင်းတယ်။ ကျနော်က ပါဝါပွိုင့်နဲ့ ပြဿနာ တစ်ခုချင်းကို ရှင်းပြတယ်။ ဒီတော့မှ သူတို့က နဲနဲ လက်ခံ သွားတာ’’ဟု ပြောသည်။
ထိုင်းလုပ်ငန်းရှင်နှင့် အလုပ်သမားများ အမှု ရင်ဆိုင်ရသည့်အခါ ထိုင်းရဲ မလာခြင်း၊ သူဌေး မလာခြင်းများ အမြဲရှိ တတ်ကြသဖြင့် အချိန်ကြာ လာသည့်အခါ အလုပ်သမားများက အမှုပိတ် သွားတတ်ကြကြောင်း အမှုကိစ္စများအား ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ပေးရန်  ကိုမိုးဝေက တင်ပြခဲ့ကြောင်း ပြောဆိုသည်။
ထိုင်းအာဏာပိုင်များဘက်က  ရှင်းပြရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်ချက်များကြောင့် အရေးကြီးသည့် ကိစ္စရပ်အချို့ကိုပင် လုပ်ကိုင်နိုင်ခဲ့ကြောင်း၊ ထိုင်းအမျိုးသား လုံခြုံရေးနှင့် လူ့အခွင့်အရေးတို့ အကြား သဟာဇာတ အဖြစ်နိုင်ဆုံး ဖြစ်အောင် အကောင်အထည်ဖေါ် သွားမည်ဖြစ်ကြောင်း  တင်ပြခဲ့သည်။
အလုပ်ရုံး ဆွေးနွေးပွဲ၏ အဓိက အစီအစဉ် တစ်ခု ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေး လျှော့နည်း စေရေး လုပ်ငန်းစဉ် အတွက် လိုအပ်သည့် ငွေကြေး၊ လူအင်အားနှင့် ဘာသာစကား  အခက်အခဲများအား ထိုင်းအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီရန် လိုအပ်ကြောင်း အန်ဂျီအိုများက တင်ပြကြသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က လူကုန်ကူး ခံရသူများ အကူအညီ လိုအပ်ပါက ဟော့လိုင်း ဖုန်းနံပါတ်-1300 ကို ဖုန်းဆက်ပြီး မြန်မာ ဘာသာဖြင့် တိုင်ကြားနိုင်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ရှိသော်လည်း သန်းချီရှိသည့် ရွှေ့ပြောင်း အလုပ်သမားများမှာ အကာအကွယ် မဲ့ဆဲ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့က စတင်ပြီး ယနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
Source: Grassroots Human Rights

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes