Tuesday 12 June 2012

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအပေါ် ကရင်လူထု စိုးရိမ်


ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ဒေသခံလူထုများ စိုးရိမ်မကင်း ဖြစ်နေကြောင်း ကရင်ရပ်ရွာ လူထုဆုံရပ် အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည့်နောက် ဒေသတွင်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှင်းလင်းပြတ်သားသည့် မူများ ချမှတ် လုပ်ဆောင်သင့်ကြောင်း ယင်းအဖွဲ့က ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ်စပ် တလျောက်ရှိ ကျေးရွာ (၂၃) ရွာမှ လူဦးရေ (၇၀၀၀) အား ကိုယ်စားပြုသည့် ဒေသခံ (၆၀) ကျော်တို့ ယခုလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိ ဒေသတွင်း အကြီးစား စီမံကိန်းများကြောင့် ဖြစ်ပေါ်နေသည့် ဆိုးကျိုးများအပေါ် သုံးသပ် အကြံပြုခဲ့သည်။

လောလောဆယ် သထုံ၊ ညောင်လေးပင်၊ ဖာပွန်နှင့် ဒူးပလာယာ ခရိုင်အတွင်း ခနောက်စိမ်းကျောက် တူးဖော် နေသည့်အတွက် ဒေသခံများ အနေဖြင့် ဘေးထွက် ဆိုးကျိုးများ ခံစားနေရကြောင်း လူထုဆုံရပ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောမိုးခိုက အခုလို ပြောသည်။

“သထုံခရိုင်ထဲမှာဆိုရင် ဒီကျောက်တူးခြင်းကြောင့် ရေအဆိပ်အတောက်တွေ ဖြစ်ပေါ်နေတယ်။ လူတွေဆိုရင် ကိုယ်တွေ ယားယံပြီးမှ ဆေးကုလို့ မရအောင် ဖြစ်တယ်။ ၀မ်းလျော၊ ၀မ်းပျက်တာတွေ ဖြစ်တယ်။ အားအင်တွေ ချိနဲ့ပြီးတော့ နုံးချိနေတာမျိုးတွေ၊ နွားတွေဆိုရင် အဲဒီရေကို သောက်မိပြီး သေဆုံးတာတွေ ရှိတယ်။”

ထို့အပြင် ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေသည့် အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် လာနိုင်သလို ဒေသခံတို့၏ ရိုးရာ ယဉ်ကျေးမှုများ ပျက်စီးဆုံးရှုံးနိုင်သည့်အတွက် ယင်းလုပ်ငန်းများတွင် ဒေသခံ လူထု၏ ဆန္ဒခံယူ၍ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ကြေညာချက်က ဖော်ပြသည်။

အလားတူ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းမှု ပြုနိုင်ရေးအတွက် ဒေသတွင်းမှ အစိုးရတပ်များ ပြန်လည် ထွက်ခွာပေးရန် လိုအပ်ပြီး မြေမြုတ်မိုင်းများ ရှင်းလင်းပေးရန်၊ အဓမ္မ လုပ်အား စေခိုင်းမှုများနှင့် တရားမ၀င် အခွန်ကောက်ခံမှုများ ရပ်တန့်ရန်၊ ဒုက္ခသည်များအား နေရပ်သို့ အဓမ္မ ပြန်လည်ပို့ဆောင်ခြင်း မပြုရန်နှင့် အမျိုးသမီးများနှင့် ကလေးငယ်များ ဘ၀လုံခြုံမှုရှိရေး ဆောင်ရွက်ပေးရမည်ဟုလည်း ဆိုသည်။
အထက်ပါ တောင်းဆိုချက်များ အပေါ် အလေးမထား လျစ်လျုရှုမည်ဆိုပါက အစိုးရနှင့် KNU တို့၏ အပစ်အခတ်ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် သံသယ ဖြစ်မိကြောင်း စောမိုးခိုက အခုလိုပြောသည်။

“ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို အတိအလင်း ထုတ်ဖော်တယ်။ အစိုးရကပဲဖြစ်စေ၊ KNU ကပဲဖြစ်စေ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဖော်ထုတ်လုပ်ဆောင်နေတဲ့ အချိန်နဲ့ တဆက်တည်း ဖွံ့ဖြိုးရေးကို လုပ်ဆောင်တဲ့အခါမှာ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေ အပေါ် အလေးမထားဘဲ လျစ်လျူရှုမယ်ဆိုရင် ငြိမ်းချမ်းပါတယ်၊ ဖွံ့ဖြိုးပါတယ်ဆိုတာ ကျနော်တို့ လူထုအတွက် ပါရဲ့လားဆိုတဲ့ မီးမောင်းထိုးပြချင်တာပါခင်ဗျ။”

ကရင်ရပ်ရွာလူထုဆုံရပ် (Karen People’s Forum) အဖွဲ့အား ၂၀၁၀ ခုနှစ်က တရားဝင် ဖွဲ့စည်းလိုက်ပြီး လွန်ခဲ့သည့် (၁၅) နှစ်ခန့်ကစတင်၍ အဖွဲ့ငယ်များမှ ဒေသတွင်း အချက်အလက် စုဆောင်းမှု ပြုလုပ်ခဲ့သည်။
ယနေ့ထုတ်ပြန်သည့် ကြေညာချက်အား သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

 Ref: Network Media Group

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes