Wednesday 8 February 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ၁၆ ရာခိုင်နှုန်းနှင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်းဝန်းကျင် လျာထားကြောင်း သိရှိရ

4452

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ စုစုပေါင်းအသုံးစရိတ်၏ ၁၆ ရာခိုင်နှုန်းနှင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ၁၂ ရာ ခိုင်နှုန်းဝန်းကျင် လျာထားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ရသုံးမှန်း ခြေငွေစာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားခဲ့သည်။
“အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွက် လျာထားချက်က ပညာရေးအသုံးစရိတ်ကို ၅ ဒသမ ၃ရာခိုင်နှုန်းဝန်းကျင်လောက်အသုံးချဖို့ လျာထားပြီး ကျန်းမာရေးမှာတော့ အားကစားပါ ထည့်သွင်းမယ်ဆိုရင် ၆ ဒသမ ၆ ရာခိုင်နှုန်းလောက် အသုံးချသွားမယ်ဆိုတော့ ဒီနှစ်ခု ပေါင်းသွားမယ်ဆိုရင် ၁၂ ရာခိုင်နှုန်း ၀န်းကျင်လောက်ရှိပါတယ်။ ဒီပမာဏက ယခင်နှစ်ကထက် စာရင်တော့ မြင့်တက်သွားပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။
ယခင်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း ရှိသောကြောင့် ယခုနှစ်တွင် ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း လျှော့သုံးဖွယ်ရှိကြောင်း သိရှိရသည်။ “အမှန်ကတော့ ဘတ်ဂျတ်နဲ့ပတ်သက်ရင် ပြည်သူတွေ သိသင့်သိထိုက်ပါတယ်။ ဘတ်ဂျတ်ဆိုတာ ဂျီဒီပီနဲ့ရောထွေးပြီး နားလည်တတ်ကြပါတယ်။ တကယ်တော့ ဘတ်ဂျတ်ဆိုတာက ရေခဲတုံးတစ်တုံးရဲ့ ရေပေါ်မှာပေါ်နေတဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲရှိပါတယ်။ နိုင်ငံတော်ပိုင်းက ပညာရေး၊ ကျန်းမာရေး တွေမှာ ဒါထက်များများ သုံးနိုင်ဖို့လိုသလို အခွန်ထမ်း ပြည်သူတွေကလည်း အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ လိုပါတယ်။ အလားတူပဲ အခွန်ကို ကောက်ခံတဲ့နေရာမှာလည်း မျှမျှတတ အားလုံးလက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ကောက်ခံနိုင်ဖို့လိုပါတယ်။ ဥပမာတစ်ခုပြောရရင် Wealth Tax လိုဟာမျိုးလည်း လုပ်သင့်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေး၊ ပညာရေးမှာ ပြန်သုံးတဲ့အခါ မှာ စုစုပေါင်းအသုံးစရိတ်ရဲ့ ၃၅ ရာခိုင်နှုန်းလောက်အထိတောင် သုံးသင့်တယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒါက ဘယ်နိုင်ငံရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြီးတော့ ဖော်ပြတာမျိုး မဟုတ်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားအရ ဒီကဏ္ဍတွေ တိုးသုံးဖို့လိုတယ်ဆိုတဲ့ အမြင်နဲ့ပြောတာပါ။ ဥပမာ ပညာရေးမှာဆိုရင် သင်ထောက်ကူပစ္စည်း တွေရဲ့တန်ဖိုးဟာ အလွန်မြင့်ပါတယ်။ နောက်တစ်ခုက အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမ တွေရဲ့လစာဟာ ကွာဟနေပါတယ်။ ဒီနေရာမှာ အခြေခံပညာက ဆရာ၊ ဆရာမတွေရဲ့လစာကို တိုးပေးနိုင်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကာကွယ်ရေး အသုံးစရိတ်လိုဟာမျိုးဟာလည်း အရမ်းကြီးလျှော့ချလို့ မရတဲ့အပိုင်းလည်းရှိနိုင်ပါ”ဟု ၎င်းကပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းလာစေရန် နိုင်ငံတော်အစိုးရအဖွဲ့မှသည် အဆင့်ဆင့်သော အောက်ခြေအဖွဲ့များအထိ ထင်သာမြင်သာ ပွင့်လင်းမှုရှိစေရန် လက်တွေ့တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရန် ဆိုသည့် အချက်များအပေါ် မူတည်၍ ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Ref: ENG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes