Thursday 17 May 2012

 အတတ်ပညာနှင့် အင်္ဂလိပ်စာ အရည်အချင်း မလိုဘဲ ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဖေ့စ်ဘုတ်(facebook)မှ ခေါ်ယူနေမှုကို စိတ်ဝင်စားသူများ ရှိနေ



ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မီးဖိုချောင်အလုပ်သမားနှင့် Waitress များကို အတတ်ပညာနှင့် အင်္ဂလိပ်စာ အရည်အချင်း မလိုဘဲ Facebook မှ ခေါ်ယူမှုရှိနေပြီး စိတ်ဝင်စားသူများလည်း ရှိနေသည်ဟု သိရသည်။
အဆိုပါအလုပ်အတွက် ဖေ့စ်ဘုတ်တွင် ဖော်ပြထားရာတွင် ဆက် သွယ်ရန် အလုပ်အကိုင် ရှာဖွေပေးသော ၀က်ဘ်ဆိုက်တစ်ခု၏ လိပ်စာကို ချိတ်ဆက်ပေးထားပြီး အဆိုပါ ၀က်ဘ်ဆိုက်မှ အလုပ်ရှာဖွေနေသူ နေရာတွင် ၀င်ရောက်ဖြည့်စွက်၍ Waitress တွဲကာ တင်ပေးရမည်ဟု ရေးသားထားပြီး ဖုန်းနံပါတ်များကိုပါ ဖော်ပြထားသည်။

''ကာတာနိုင်ငံမှာရှိတဲ့ ကုမ္မဏီတစ်ခုမှာ လုပ်ရမယ်လို့ ပြောတယ်။ ၀ိတ်တာ၊ Waitress တွေကိုစုပြီး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကတစ်ဆင့် အလုပ်လိုတဲ့ ဟိုတယ်တွေမှာနေရာတွေမှာ အချိန်ပိုင်းအလုပ် သွားလုပ်ရမှာပါ။ ၀န်ဆောင်ခက မြန်မာငွေ ၈ သိန်းခွဲပါ။ စိတ်ဝင်စားလို့ မေးမြန်းထားတဲ့ မိန်းကလေးတွေ ရှိတယ်။ လက်ရှိကာတာမှာလည်း လုပ်နေတဲ့ မြန်မာတွေ ၃၀ ကျော်လောက် ရှိတယ်''ဟု မြန်မာအလုပ်သမားများ ခေါ်ယူလျက် ရှိသည့် အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။ ယင်းအလုပ်အတွက် ဟိုတယ်လုပ်ငန်းဆိုင်ရာ အောင်လက်မှတ်များလည်း မလိုအပ် သို့ လုပ်ငန်းအတွေ့အကြုံနှင့် အင်္ဂလိပ်စာ တတ်ကျွမ်း ရန်လည်း မလိုဟု သိရသည်။ ''အတွေ့အကြုံ မရှိသေးတဲ့အတွက် ကိုယ်တိုင်ဝန်ဆောင်မှု ပေးရမှာမဟုတ်ဘဲ စီနီယာတွေနဲ့တွဲပြီး အလုပ်လုပ်ရမယ်။ တိုက်ရိုက် Customer တွေနဲ့ တွေ့ရမှာမဟုတ်ဘဲ စီနီယာကတစ်ဆင့် သင်ပေးမှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အလုပ်အတွက် နိုင်ငံခြားကုမ္ပဏီမှ လာရောက် အင်တာဗျူး မည်မဟုတ်ဘဲ တစ်ကိုယ်လုံးပုံ တစ်ပုံနှင့် ပတ်စပို့ ဓာတ်ပုံငါးပုံ၊ ပတ်စပို့ လက်ကိုင်ရှိသူဖြစ်ရမည်ဖြစ်ပြီး ခေါ်ယူမည့်ကုမ္ပဏီမှ ကြိုက်နှစ်သက်ပါက သွားရောက် အလုပ်လုပ်ကိုင်နိုင် ကာလစာနှုန်းထားမှာ မြန်မာငွေ ကျပ် နှစ်သိန်းမှ သုံးသိန်းကြားရှိသည်ဟု သိရသည်။ ပြည်ပ၌ သွားရောက်လုပ်ကိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ အင်္ဂလိပ်စာဖြစ်ပြီး အင်္ဂလိပ်စာတတ်ကျွမ်းမှသာ အများနှင့် ဆက်သွယ်ပြောဆိုရန် အဆင်ပြေနိုင်မည်ဖြစ်၍ သွားရောက်လိုသူများအနေနှင့် သတိပြုသင့်ကြောင်း သိရသည်။

''ကာတာက တရားဝင်အလုပ်ခေါ်ရင် အလုပ်ခေါ်တဲ့ကုမ္ပဏီ ဒါမှမဟုတ် ဟိုတယ်က တာဝန်ရှိတဲ့သူတွေက ကိုယ်တိုင်လာပြီး အင်တာဗျူးတယ်။ အဓိက စစ်ဆေးတာက အင်္ဂလိပ်စာပဲ။ အင်္ဂလိပ်စာမရရင် အလုပ်လုပ်ရတာ အဆင်မပြေနိုင်ဘူး။ လုပ်ငန်း အတွေ့အကြုံ ရှိ၊ မရှိ၊  ကျွမ်းကျင်မှု ရှိ၊ မရှိစစ်တယ်။ ခေါ်ပြီဆိုရင် လုပ်ငန်း စာချုပ်မှာ လုပ်ရမယ့်တာဝန်နဲ့ ခံစားခွင့်တွေကို ထည့်သွင်းထားတယ်။ ဒါတောင် အမြဲခေါ်နေတဲ့ အလုပ်တွေကပဲ။ အသစ်ဆို ဟိုနိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကို အဲဒီလုပ်ငန်း ရှိ၊ မရှိ စုံစမ်းရတယ်။ ၀က်ဘ် ဆိုက်တွေကတစ်ဆင့် လေ့လာရတယ်။ သေချာမှ လွှတ်ရတယ်''ဟု Star Resources   ဟိုတယ်သင်တန်းကျောင်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နေရည်အောင်က သုံးသပ်သည်။
 
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes