Saturday 19 May 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်လ် ငြိမ်းချမ်းရေးဆု လက်ခံဖို့ နော်ဝေးနိုင်ငံသို့ ခရီးထွက်တော့မည်


DASSK in Kalaw
ကလောမြို့ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်

လာမယ့် ဇွန်လ ၁၇ ရက် နော်ဝေးနိုင်ငံမှာ ကျင်းပမယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို တက်ရောက်နိုင်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၅ ရက်မှာ နော်ဝေးနိုင်ငံ ရောက်ရှိမှာဖြစ်ကြောင်း နော်ဝေး သံတမန်သတင်းရပ်ကွက်ကတဆင့် စုံစမ်း သိရှိရပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ဇွန်လ ၁၄ ရက်နေ့တွင် စတင် ထွက်ခွာလာမှာဖြစ်ပြီး နော်ဝေးနိုင်ငံမှာ ၄ ရက်ကြာ နေထိုင်ပြီးနောက် အိုင်ယာလန်နဲ့ အင်္ဂလန်နိုင်ငံကို ခရီး ထပ် ဆက်မယ်လို့ သိရပါတယ်။
 
 “အော်စလိုကို ဇွန်လ ၁၅ ရက်နေ့ ရောက်မယ်။ သူနဲ့လိုက်ပါလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တချို့နဲ့အတူ နော်ဝေးပါလီမန်ကိုလည်း လေ့လာမယ်။ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့မယ်။ ၁၇ ရက်နေ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့်အခမ်းအနား ကျင်းပပြီး ဆု လက်ခံမယ့် မြို့တော်ခန်းမရှေ့မှာ နော်ဝေးပြည်သူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခု ထပ် လုပ်မယ့်အစီအစဉ်လည်း ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ နော်ဝေးသံတမန်တယောက်က ပြောပါတယ်။
 
 မကြာသေးခင် သီတင်းပတ်ကပဲ နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်ကို ဇွန်လ ၁၈ ရက်နေ့တွင် ခရီးဆက်ပြီး သူရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို အင်္ဂလန်နိုင်ငံတွင် ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နော်ဝေးနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန် အပါအ၀င် ၀န်ကြီးတချို့နဲ့ တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး နော်ဝေးနိုင်ငံ ခရီးစဉ်ကိစ္စ အပြီးသတ် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ 
 
မစ္စတာဘိုန်ဒယ်ဗစ်ရဲ့ ရန်ကုန်ခရီးစဉ်အတွင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားတွေ၊ အပါအ၀င် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ လူမှုရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ၁၉၉၁ ခှနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံခရီးစဉ် အသေးစိတ် ဆွေးနွေး တိုင်ပင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးခွန်သာမြင့်ဟာ ဇွန်လ ၁၁ ရက်နေ့တွင် အော်စလိုကို ရောက်ရှိမယ်လို့လည်း သိရပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ နော်ဝေးနိုင်ငံ ခရီးစဉ်အတွင်း သူ့ကို တိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့တဲ့ နော်ဝေးနိုင်ငံရဲ့ ဒုတိယမြို့တော် ဘာဂင် မြို့ကို သွားရောက်ပြီး ရပ်ဖ်တိုဖောင်ဒေးရှင်းမှ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတဲ့အပြင်၊ စတာဘန်ဂါမြို့ကိုလည်း သွားရောက်ပြီး စတာဘန်ဂါတက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု ရယူဘို့လည်း ရှိတယ်လို့ သိရပါတယ်။
 
 နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ဆက်ဆံနေသလို လွန်ခဲ့တဲ့လက စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပြီးနောက် မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တသုတ်ပြီးတသုတ် လေ့လာရေးခရီး အလည်အပတ် ရောက်လာကြတာကို တွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့အဖွဲ့၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ နော်ဝေးပါလီမန်ကို လာရောက် လေ့လာနေသလို၊ လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ စက်မှုလုပ်ငန်း ဖွံဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ ၀န်ကြီး ၉ ဦးပါ အဖွဲ့လည်း နော်ဝေးနိုင်ငံကို လာရောက်လည်ပတ်မယ့် အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်ကို ဥရောပရောက်မြန်မာများကလည်း စိတ်ဝင်စားနေပြီး နော်ဝေးနိုင်ငံတ၀ှမ်းက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အပါအ၀င် ဂျာမဏီ၊ ပြင်သစ်၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံတွေက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း နော်ဝေးနိုင်ငံကို လာရောက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ 
 
ကိုညို၊ 

Ref: BurmaToday

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes