Sunday 13 May 2012

 မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းများက သွားရောက် အကူအညီပေးနိုင်ရန် အမေရိကန်မှ တောင်းဆိုထား

မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒုက္ခသည် အမျိုးသမီးများနှင့် နေရပ် ရွှေ့ပြောင်းနေထိုင်ရသူများထံသို့ လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများမှ လိုအပ်သည့် အကူအညီများ သွားရောက်ပေးနိုင်ရန် တောင်းဆို ထားသည်ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့မှ အ မေရိကန်သံအမတ်ကြီး Melanne Verveer က အမေရိကန်သံရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ပါသည်။

''မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေက အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီနိုင်အောင် ကျွန်မတို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါမှ သူတို့တွေ လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်မှာပါ''ဟု ၎င်းက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံသို့ မေလ ၆ ရက်နေ့မှ ၁၁ရက်နေ့အထိ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သလို  အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက် ကူညီပေးနိုင်ရန် ဆွေးနွေးထား . . .

ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက်ကူညီပေးနိုင်ရန် ဆွေးနွေးထားသည်ဟုလည်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရန်ပုံငွေကိစ္စများ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးကျန်းမာရေး မြှင့်တင်ရန်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့ ၏ လုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သူမသည် မြန်မာနိုင်ငံမှ ထွက်ခွာအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားမျိုးနွယ်စုများမှ အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရပါသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes