Thursday 17 May 2012

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောကြား

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၁၄ ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အမေရိကန် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းက ဥရောပသမဂ္ဂကဲ့သို့ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်နက်ရောင်းဝယ်မှုမှအပ အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားရန် တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာနိုင်ငံအနေဖြင့် ကာလကြာရှည် ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်စစ်ပွဲများ အဆုံးသတ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်စရာများ အများကြီး ရှိနေသေးသော်လည်း သမ္မတဦးသိန်းစိန်နှင့် သူ၏မဟာမိတ်များသည် ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်နေကြကြောင်း ပြောကြား ခဲ့သည်။ 
အမေရိကန် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းက ၀ါရှင်တန်ဒီစီက CSIS မဟာဗျူဟာနှင့် နိုင်ငံတ ကာ လေ့လာရေးဌာနတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံသူတစ်ဦးဖြစ်သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတအိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည် ထောင်စု ရီပတ်ဘလီကန်ပါတီ၏ အထက်လွှတ်တော် အမတ်တစ်ဦးလည်း ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes