Friday 18 May 2012

အမေရိကန် မြန်မာကို ပိတ်ဆို့မှု လျှော့ပေး

ကလင်တန်နှင့် ဦးဝဏ္ဏမောင်လွင် ပူးတွဲသတင်းစာ ရှင်းလင်း
မြန်မာနိုင်ငံကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ယာယီပြန်ဖွင့်ပေးလိုက်ပြီးဖြစ်တဲ့ အတွက် အမေရိကန် စီးပွားရေးကုမ္ဗဏီတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှတ်နှံနိုင်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ၀ါရှင်တန် ဒီစီမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ကလင်တန်က ဆန်ရှင်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ယာယီဖွင့်ပေးတာကို ကြေညာခဲ့ပါတယ်။

သတ္ထု တူးဖော်တဲ့ကုမ္ဗဏီတွေ၊ စွမ်းအင် ကုမ္ဗဏီတွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ဗဏီတွေအားလုံး မြန်မာနိုင်ငံမှာ စီးပွားရေးခွင်သစ် ရှာနိုင်ကြတော့မှာဖြစ်ပေမယ့် လက်နက်ရောင်းချမှုကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

မြန်မာ့အရေးလေ့လာလာသူ ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် ကတော့ မြန်မာအစိုးရအတွက် သူတို့ လိုချင်တာရသွားပဲလို့ မှတ်ချက်ပေးပါတယ်။

US Campaign for Burma ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆက်လက်ရှိနေတဲ့အတွက် ကလင်တန်ရဲ့ ကြေညာချက်ကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ထားတာကို ခေတ္တ ရုပ်သိမ်းတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာတာဖြစ်ပေမယ့် အကျိုးသက်ရောက်မှုအားဖြင့် ခေတ္တရုပ်သိမ်းတာနဲ့ လုံးဝ ရုပ်သိမ်းတာ အတူတူပဲလို့ ဆိုနိုင်ပါတယ်။

ဒဏ်ခပ်ပိတ်ဆို့မှုတွေကို ခေတ္တရုပ်သိမ်းပေးလိုက်တယ်လို့ ကြေညာလိုက်တဲ့အတွက် မြန်မာနိုင်ငံက
 ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ အချက်ကိုလည်း အသိပေးရာ ရောက်သွားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန်လှည့်သွားမှာ မဟုတ်တော့ဘူးလို့ နေပြည်တော် အစိုးရက ပြောနေပေမယ့် အီးယူနဲ့အမေရိကန်တို့လို နိုင်ငံတွေက ဒဏ်ခပ်ပိတ်ဆို့မှု လုံးဝရုပ်မပေးသေးတာမို့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန်လှည့်မသွားဘူးဆိုတဲ့ အစိုးရ ပြောစကားကို လက်မခံသေးတဲ့ နိုင်ငံတွေ ရှိနေတာကို ပြနေပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန်လှည့်မလှည့် ဘယ်လိုအချက် တွေကိုကြည့်ပြီး ပြောနိုင်မလဲဆိုတာ တိတိကျကျမပြောနိုင် ကြပေမယ့် နောက်ကြောင်း ပြန်လှည့်သွားစေနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့တော့ ဒေးဗစ်စတိုင်းဘတ်က ခုလို ပြောပြခဲ့ပါတယ်။ 

ပထမတချက်အနေနဲ့ မြန်မာအစိုးရက ပြည်ပက အကူအညီ အထောက်အပံ့တွေ ဆက်ရနေဖို့လိုတယ်၊ လောလောဆယ် သူတို့အထောက်အပံ့တွေ ရနေပုံရှိတော့ စိန်ခေါ်မှုကြီးဖြစ်မယ့်ပုံ မရှိဘူး။

နောက်တစ်ခုကတော့ အစိုးရထဲမှာနဲ့ တခြား ကဏ္ဍတွေမှာ ကျွမ်းကျင်တဲ့၊ ခေတ်နဲ့အညီ လုပ်နိုင်မယ့် လူတွေလိုအပ်နေတယ်။

ဒီတော့ ပေါ်လစီတွေက ကောင်းရင်တောင် ဖေါ်ဆောင်မှု အပိုင်းမှာ အခက်အခဲတွေရှိနိုင် တယ်၊ နောက် တတိယ တချက်ကတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ ပြင်ပက လှုံ့ဆော်လို့ဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးဝင်မသွားစေဖို့ဖြစ်တယ်လို့ ဂျော့တောင်းတက္ကသိုလ်ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က
 ပြောပါသွားပါတယ်။

Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes